Ch 48
Viewers 28k

Chapter 48

GM တရုတ်ရုံးခွဲသည် အင်ပါယာမြို့တော်ရှိ ကျင်းမောင်းအဆောက်အဦး၏ ၁၆ထပ်တွင်တည်ရှိသည်။

လီယွမ်က အဆောက်အဦး၏ မိန်းဝင်ပေါက်မှ ထွက်လာသည်။ သူ ငုံ့ကြည့်လိုက်တော့ သူ့လက်ထဲတွင် ကနဦးစစ်ဆေးခြင်း အောင်မြင်ပြီးသော စာချုပ်တစ်စောင်ရှိနေပြီး သူ့ရင်ထဲရှိ စိုးရိမ်ပူပန်မှုက စိတ်သက်သာရာရသွားခဲ့သည်။


သူက အလိုအလျောက် အရောင်းစက်တစ်ခုမှ ရေသန့်တစ်ဗူးထုတ်ယူကာ အပြင်ဘက်ရှိ လေဝင်သည့် အနားယူရန်ဧရိယာမှာ တဝက်လောက် ထိုင်သောက်လိုက်သည်။


လီယွမ်၏ ခေါင်းအနောက်ဘက်ရှိ ဆံပင်ဖုလေးက လွင့်ခါသွားခဲ့သည်။ သူက သူ၏လုပ်ဖော်ကိုင်ဖက် Will နှင့် သတင်းမျှဝေဖို့ မစောင့်နိုင်တော့ပဲ ယိုထူဖိုရမ် စာမျက်နှာကို ဖွင့်လိုက်သည်။

“Will..  မင်းရှိလား? ငါအခုပဲ GM ပဲထွက်လာတာ။ ငါတို့ရဲ့ ဂိမ်းပရောဂျက်စစ်ဆေးမှုက ပထမအကျော့အောင်သွားပြီ!”


ချက်စာမျက်နှာတွင် ပြထားသည့် အခြေအနေမှာ “လော့ဂ်အင်ဝင်ထားသည်”ဖြစ်ပြီး မိနစ်ဝက်အတွင်းမှာ တစ်ဖက်လူက စာပြန်လာသည်။ “ကနဦးစစ်ဆေးခြင်း ပထမအကျော့လား? တခြားပြိုင်ဘက်တွေရော ဆန်ကာတင်စာရင်းမှာ ပါလား?”

Will ဤမေးခွန်းကို မေးလိမ့်မည်ဟု လီယွမ်က ခန့်မှန်းမိပြီးသားဖြစ်သည်။ ထို့ကြောင့် သူက အသံမက်ဆေ့ပို့၍ ဖြေလိုက်သည်။ “အင်း… သူတို့က ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ရင်းနှီးမြှုပ်နှံဖို့ ပရောဂျက်ငါးခုစီစဥ်ထားတယ်။ ငါတို့ရောက်တာနောက်ကျလို့ တစ်နေရာပဲကျန်တော့တာ။”

သူက ခေတ္တရပ်လိုက်ပြီး သူ့မျက်လုံးထဲ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ “သူတို့ရဲ့အမှုဆောင်ဒါရိုက်တာက ဒီနေ့ဒီမှာမရှိဘူး။ ငါ ပရောဂျက်စာအုပ်ကိုယူလာပြီး အတိုချုံးရှင်းပြလိုက်တယ်။”

GM က တရုတ်ဂိမ်းလောက၌ ပါဝင်လိုသောကြောင့် စီစစ်မှုအပြီးတွင် လီယွမ်နှင့် တခြားစတူဒီယိုအဖွဲ့သာ ကျန်ရစ်ခဲ့ပြီး နှစ်ဖက်လုံးက နောက်တစ်ပတ်သောကြာနေ့တွင် ဒုတိယအကျော့ ယှဥ်ပြိုင်ရမည်ဖြစ်သည်။

ထိုအချိန်တွင် အမှုဆောင်ဒရိုက်တာတင်မက ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်နှင့် နောက်ကွယ်က အကြီးတန်းအစုရှယ်ယာရှင်များကလည်း သူတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုရန် အခမ်းအနားမှာ ရှိနေကြမည်ဖြစ်၏။



တစ်နည်းဆိုရသော် လာမည့်သောကြာနေ့က သူတို့၏ “နောက်ဆုံးမြူ”က ရင်းနှီးမြှုပ်နှံမှုကို ယူလာပေးနိုင်သလား ဆုံးဖြတ်ရမည့်နေ့ဖြစ်သည်။

လီယွမ်က ၎င်းကို စောင့်မျှော်နေပြီး တစ်ချိန်တည်းမှာ စိတ်လှုပ်ရှားနေ၏။ အကယ်၍ သူသာ GM ကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး၏ အထောက်အပံ့ကို ရနိင်ပါက ၎င်းသည် အတိတ်ကရခဲ့သော ရင်းနှီးမြှုပ်နှံမှု အသေးစားလေးများထက် ပိုကောင်းပေလိမ့်မည်။

တစ်ဖက်ခြမ်းတွင် Will က အခြေအနေကို လေ့လာခဲ့ပြီး နောက်မေးခွန်းတစ်ခု မေးလိုက်သည်။ “တခြားဂိမ်းစတူဒီယိုနာမည်က ဘာလဲ? ခင်ဗျား သူတို့အကြောင်း ဘယ်လောက်သိလဲ?” 

ရှေးဆိုရိုးစကားတစ်ခုရှိသည်။ - မိမိကိုယ်တိုင်နှင့် ရန်သူ၏အင်အားကို သိရုံမျှဖြင့် တိုက်ပွဲတိုင်းကို အောင်နိုင်လိမ့်မည်။

ပြိုင်ဘက်များနှင့် ပတ်သက်လာလျှင် လီယွမ်၏အမူအရာက ရွှင်လန်းမှုအပြည့်နှင့်ပင်။ သို့သော် သူက Will ကို မရှင်းပြနိုင်ခင်မှာ သူ့ရှေ့ကနေ နှုတ်ဆက်သံတိုးတိုးလေး ထွက်ပေါ်လာသည်။

“ဟေး… မစ္စတာလီ  … အခုထိမပြန်သေးဘူးလား?” 

လီယွမ် ခေါင်းမော့လိုက်တော့ သူ့အမူအရာက အပြင်လူတွေကိုသာ ပြသည့် အေးစက်မာနကြီးသောပုံစံ ပြန်ဖြစ်သွားသည်။ “အင်း…  ဒီိတိုင်း ထိုင်နေတာပါ။ ဥက္ကဋ္ဌခယ့်နဲ့ ဒါရိုက်တာရှန်းတို့က ဆင်းလာပြီလား?”

သူ့ရှေ့တွင်ရပ်နေသော လူငယ်နှစ်ဦးမှာ ယိုမင်စတူဒီယိုမှ ခယ့်မင်နှင့် ရှန်းနန်ရှန့်တို့ဖြစ်သည်။ တစ်ယောက်ကတော့ ဂိမ်းပရောဂျက်တည်ဆောက်ပုံနှင့် စတူဒီယို၏ ပြင်ပလုပ်ငန်းဆောင်တာများအတွက် တာဝန်ယူထားပြီး နောက်တစ်ယောက်ကတော့ ဂိမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူထားသည်။

သူတို့နှစ်ယောက် ကောလိပ်တက်နေစဥ်မှာ “ယိုမင်”စတူဒီယိုကို တည်ထောင်ခဲ့ကြတာဖြစ်၏။ နှစ်များတစ်လျှောက်တွင် သူတို့က သေးငယ်သော ဂိမ်းပရိုဂရမ်ခြောက်ခု၊ ခုနှစ်ခုကို တီထွင်ခဲ့ပြီး ဤလောက၌ အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုးတက်နေသော ဂိမ်းစတူဒီယိုဟု သတ်မှတ်နိုင်လေသည်။ သူတို့က အလွန်အရည်အချင်းရှိသော ဝန်ထမ်းများကိုလည်း အောင်အောင်မြင်မြင် ခန့်အပ်ခဲ့သည်။

လီယွမ်က မူရင်းမီနီဂိမ်း အိုင်ပီကောင်းကောင်းလေးများကို ရှာဖွေနေခဲ့စဥ် ခယ့်မင်နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ သေချာသည်မှာ လုပ်ငန်းစဥ်က သိပ်ပြီးအဆင်မချောလှပေ။

တစ်ဖက်လူက လီယွမ် စိတ်ဝင်စားသော မီနီဂိမ်းပရောဂျက်များကို မြင့်မားသော စျေးနှုန်းဖြင့် နှစ်ကြိမ်တိတိ ကြားဖြတ်လုယူခဲ့သည်။

“မစ္စတာလီ…. ဒီလိုရေသန့်မျိုးကို ဘယ်လိုသောက်နိုင်ရတာလဲ?”

ခယ့်မင်က ဖိတ်ခေါ်ခြင်းကို မစောင့်ပဲ လီယွမ်၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ကာ သူ့ဘေးကလူကိုပြောလိုက်သည်။ “နန်ရှန့်.. ကော်ဖီနှစ်ခွက်သွားဝယ်ခဲ့။ မစ္စတာလီနဲ့ တွေ့ရတာရှားတယ်။ စကားပြောကြရအောင်။”

“…….”

ရှန်းနန်ရှန့်က အနက်ရောင်မျက်မှန်ကို တွန်းတင်ကာ စိတ်လိုလက်ရ ထွက်သွားခဲ့သည်။

ကျယ်ဝန်းသော အနားယူရန် နေရာတွင် လီယွမ်နှင့် ခယ့်မင်သာ ကျန်ခဲ့သည်။

ခယ့်မင်က ခြေထောက်ချိတ်ကာ ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲထိုင်နေသည်။ လီယွမ်ကို ကြည့်နေသော သူ၏မထီမဲ့မြင် အကြည့်မှာ စားပွဲပေါ်ရှိ စာချုပ်ပေါ်သို့ ပြောင်းရွှေ့သွားသည်။ “ငါ မင်းကို မတွေ့ရတာ သုံးလေးလလောက်ရှိပြီ။ မစ္စတာလီရဲ့ အရည်အချင်းက အများကြီးတိုးတက်လာတာပဲ။”

တကယ်တော့ သူက တခြားမူရင်းဂိမ်းတစ်ခုကို ဖန်တီးခဲ့ပြီး GM ကဲ့သို့ အရင်းအနှီးကြီးမားသော ဖက်စပ်လုပ်ငန်းတစ်ခုမှ စာချုပ်တစ်ခုရရန် ရည်ရွယ်ချက်ရှိခဲ့သည်။

လီယွမ်က သူ၏ဆေးလိပ်တိုနှင့် သစ်တော်သီးပုံသဏ္ဍန် သတ္ထုမီးခြစ်ကို သူ့အိတ်ကပ်ထဲမှ ထုတ်ယူကာ စာချုပ်ပေါ်ကို ရည်ရွယ်ချက်ရှိရှိ ဖိလိုက်သည်။ သူက ထိုလူနှင့် ကွေ့ဝိုက်စကားပြောနေဖို့အချိန်မရှိပေ။ “မစ္စတာခယ့်မှာ ပြောစရာရှိရင် တိုက်ရိုက်ပြောလိုက်ပါ။”

“မစ္စတာလီ… မင်းက တည့်ပြောနေမှတော့ ငါ အပိုတွေမပြောတော့ဘူး။” ခယ့်မင်က မတ်မတ်ထိုင်လိုက်ပြီး ကမ်းလှမ်းလိုက်သည်။ “ဒီပြိုင်ပွဲကို အရှုံးပေးပြီး ဒီဂိမ်းရဲ့ မူပိုင်ခွင့်ကို ငါ့ဆီရောင်းပေးမလား?”

လီယွမ်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ “မစ္စတာခယ့်.. ခင်ဗျား ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ?”

ခယ့်မင်၏မျက်လုံးများက မသိမသာ ပြောင်းလဲသွားပြီး သူက ယဥ်ကျေးမနေတော့ပေ။ “မစ္စတာလီ..ငါတို့တောင်းဆိိုချက်က မင်းကောင်းဖို့ အတွက်ပဲလေ။ မင်းရဲ့ “အရုဏ်ဦး”က ငါတို့ရဲ့ ယိုမင်ကို အနိုင်မရနိုင်ဘူး။ မင်းလက်ထဲက ပရောဂျက် ဘယ်လောက်ကောင်းကောင်း….”

သူက နှစ်စက္ကန့်လောက်ရပ်လိုက်ပြီး သူပြောလိုက်သည့် စကားမှာ ဆူးပင်မည်းများနှင့် ဝန်းရံနေခဲ့သည်။

“ရေပက်ခံရတာမျိုး ဒါမှမဟုတ် ပုပ်ဆွေးသွားလိမ့်မယ်။”


“မဟုတ်ရင် အရင်က ဂိမ်းထုတ်လုပ်သူတွေက မင်းနဲ့ ပူးပေါင်းလုပ်ဆောင်တာကို ချိုးဖျက်ပြီး ငါ့ဆီဘာလို့လာခဲ့တယ်လို့ထင်လဲ?”


လီယွမ်က ခေါင်းငုံ့ကာ စီးကရင်တစ်လိပ်ထုတ်လိုက်သည်။

.

သူက မီးခြစ်နဲ့ ကစားနေပြီး သူ့လက်ချောင်းထိပ်များနှင့် အုပ်ကာ တစ်ချက်နှိပ်၍ မီးညှိလိုက်သည်။


 ခယ့်မင်က သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး  သူ့မျက်လုံးထဲတွင် စီးပွားရေးသမားတစ်ယောက်၏ တွက်ချက်မှုနှင့် လိမ္မာပါးနပ်မှု ရှိနေခဲ့သည်။ သူက ဆက်ပြောလိုက်သည်။ “မင်း ဒီကိုတစ်ယောက်တည်းလာပြီး ကျိုးပဲ့စုတ်ပြတ်နေတဲ့ ကုမ္ပဏီသေးသေးလေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လာရှာတယ်။ ငါ မင်းကိုကြည့်ရတာ ငြီးငွေ့နေပြီ။ မင်း ဘာလို့ မင်းရဲ့အသက်မွေးဝမ်းကို ပြောင်းလဲပြီး မင်းရဲ့စွမ်းအားကို တခြားနေရာမှာ မသုံးရတာလဲ?”

“ဒီဂိမ်းကို ယိုမင်ဆီမှာ ပေးလိုက်ပါလား? ငါ မင်းကို အကောင်းဆုံးဆက်ဆံမှာပါ။”

လီယွမ်က နှာမှုတ်လိုက်သည်။

တဖြည်းဖြည်းတောက်လောင်နေသော စီးကရက်၏ မီးပွားများကိုကြည့်ကာ သူ ပြောလိုက်လေသည်။ “မစ္စတာခယ့်… ကျွန်တော့်လက်ထဲက ဂိမ်းရဲ့အနာဂတ်၊ ကျွန်တော့်ကုမ္ပဏီရဲ့ ကံတရား။ ပြီးတော့ ဒီကိုတစ်ယောက်တည်းလာပြီး ရင်းနှီးမြှုပ်နှံမှု ရှာဖွေတဲ့အချက်က ခင်ဗျားစိတ်ပူပေးဖို့မလိုပါဘူး။ ဘာလို့လဲသိလား?”

“ဘာလို့လဲဆို့တော့–”

လီယွမ်က စီးကရက်ကို ဆွဲထုတ်ကာ မတ်တပ်ထရပ်လိုက်ပြီး စာချုပ်ကို ကောက်ယူကာ ခယ့်မင်ရှေ့ရှိ စားပွဲနားကို လျှောက်သွားလိုက်သည်။ သူက အနည်းငယ်ငုံ့ကိုင်းလိုက်ပြီး တစ်ဖက်လူ၏မျက်နှာပေါ်မှာ ဆေးလိပ်ငွေ့များကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်လေသည်။

.

ထို့နောက် သူက မောက်မာသော စကားသုံးလုံးကို ထုတ်ပြောလိုက်၏။ “ခင်ဗျားနဲ့မတန်လို့။”

.

ခယ့်မင်က ဆေးလိပ်ငွေ့ကြောင့် အသက်ရှုကြပ်သွားပြီး သူ့အမူအရာက ပြောင်းလဲသွားသည်။ “မင်း!”

လီယွမ်က တစ်ဖက်လူကို ပြန်တိုက်ခွင့်မပေးပဲ လှည့်ထွက်သွားခဲ့သည်။

သူက ကော်ဖီဝယ်ပြီးပြန်လာနေသည့် ရှန်းနန်ရှန့်နှင့် ဝင်တိုးကာ သူ၏အဆိပ်ပြင်းသော လျှာဖြင့် တစ်ဖက်လူအား ထိုးနှက်ဖို့လည်းမမေ့ခဲ့ပေ။ “ဒါရိုက်တာရှန်း… မင်းရဲ့သူဌေးကို ကော်ဖီနှစ်ခွက်လုံးတိုက်ပြီး နှိုးလိုက်ပါ။ မဟုတ်ရင် သူနေ့ခင်းကြောင်တောင် အိပ်မက်မက်နေပြီး အဓိပ္ပါယ်မရှိတာတွေ ပြောနေလိမ့်မယ်။”

“…….”

ခယ့်မင်၏မျက်နှာက အစိမ်းရောင်ပြောင်းသွားပေမယ့် သူက လီယွမ်ထွက်သွားတာကိုသာ ကြည့်နေလိုက်ရသည်။


. . . . . .

“မြောင်~ဝူး~”

ကြောင်အိပ်ရာထဲမှာ အိပ်နေသော စစ်ဆေးရေးမှူးက ပက်လက်လှန်ကာ အသံသဲ့သဲ့ညည်းနေလေ၏။

ဖေးယိက “ရွှင်ပျပျစိတ်ဓာတ်” ၏ နောက်ဆုံးဂိမ်းကော်ပီကို အပြီးသတ်လိုက်သည်။ ပါတီAက ယိုထူစာမျက်နှာ၏ နောက်ခံ၌ ငွေပေးချေထားသည်ကို သူ ကြည့်လိုက်ပြီး စိတ်သက်သာရာရသွားခဲ့သည်။

“ရွှင်ပျပျစိတ်ဓာတ်နှင့် “တိမ်ကမ္ဘာ” ဂိမ်းနှစ်ခုကို တစ်ခုပြီးတစ်ခု ရောင်းချပြီးနောက်မှာ သူ့အကောင့်မှာ ငွေတိုးလာခဲ့သည်။ သို့သော် ဂိမ်းပရောဂျက်အသစ်များကို ဆက််လက်ရေးဆွဲရန် သူအဆက်မပြတ် အားထုတ်ဖို့လိုသည်။

ဖေးယိက သူ၏ရေတိုအလုပ်မှ ခဏရပ်ကာ နောက်ခံ Background ရှိ ချက်တင်စာမျက်နှာကို ပြန်ဖွင့်ကြည့်လိုက်သည်။

သူနှင့် လီယွမ်ကြားရှိ ချက်တင်မှာ လွန်ခဲ့သည့်ဆယ့်ငါးမိနစ်လောက်က ဖြတ်တောက်ခံခဲ့ရသည်။ တစ်ဖက်လူက တစ်ခုခုကြောင့် နှောင့်နှေးသွားတာလား?

“နောက်ဆုံးမြူ”၏ ရေးဆွဲသူအဖြစ် ဖေးယိက ဤပရောဂျက်ကို တန်ဖိုးထားတာကြောင့် နောက်ထပ်မက်ဆေ့တစ်စောင် ပို့လိုက်သည်။ “ခင်ဗျား ဘာလို့စာမပြန်တာလဲ? အရေးကြီးကိစ္စတစ်ခုခုရှိိလို့လား?”

သုံးမိနှစ်အကြာတွင် လီယွမ်က ပြတ်တောက်သွားသော စကားဝိုင်းကိုပြန်ဆက်လိုက်သည်။ 

“လာမယ့်သောကြာနေ့ရဲ့ ပြိုင်ဘက်က  ယိုမင်စတူဒီယိုပဲ။ ဒီစတူဒီယိုက မီနီဂိမ်းလောကမှာ အမြဲရှိနေတာဆိုပေမယ့် လူသိများတယ်။ ဒီတစ်ခေါက် ငါတို့လိုပဲ ဂိမ်းစီးရီးကြီးတွေကို ဖန်တီးဖို့ စဥ်းစားထားလောက်တယ်။”

၎င်းက ကနဦးစီစစ်မှုဖြစ်သော်လည်း လီယွမ်နှင့် ခယ့်မင်အပါအဝင် တာဝန်ရှိသူများက ပရောဂျက်၏ အဓိကအချက်ကို အတိုချုပ်ရှင်းပြရန် လိုအပ်သေးသည်။


မွန်းလွဲပိုင်းတုန်းက စီစစ်မှုလုပ်နေစဥ်မှာ ခယ့်မင်က ပထမအဆင့်ရခဲ့သည်။

သူက သူ၏ကိုယ်ပိုင်ဂိမ်းများတွင် ယုံကြည်မှုလွန်ကဲနေတာကြောင့် အားလုံးရှေ့တွင် အသေးစိတ်ပြောဆိုနိုင်ခဲ့သည်။



ဖေးယိက လီယွမ်၏ ငါးဆယ့်ကိုးစက္ကန့်ကြာသော အသံမက်ဆေ့ကို နှိပ်ပြီး တစ်ဖက်လူရရှိခဲ့သော သက်ဆိုင်ရာသတင်းကို နားထောင်လိုက်သည်။ ခယ့်မင်နှင့် ယိုမင်စတူဒီယိုဘက်က ရင်းနှီးမြှုပ်နှံမှုရဖို့ သုံးခဲ့သော ဂိမ်းပရောဂျက်မှာ “သားရဲဂြိုလ်သား”ဟု ခေါ်တွင်ပြီး သဘောတရားဆက်တင်မှာလည်း ချီးကျူးပေးဖို့ ထိုက်တန်လေသည်။

Country X ရှိ မျိုးရိုးဗီဇစမ်းသပ်မှု၏ မှားယွင်းသော လုပ်ဆောင်ချက်ကြောင့် မျိုးပြောင်းသက်ရှိ နမူနာအများပြားသည် နေရာအနှံ့ပျံ့နှံ့သွားခဲ့ပြီး အချိန်တိုအတွင်း လူသားများကို ထိခိုက်စေကာ ကမ္ဘာအနှံ့ ပျံ့သွားခဲ့လေသည်။

ဂိမ်းထဲမှာပါဝင်သော ဇာတ်လိုက်သည် ဗီဇပြောင်းလဲခြင်းမရှိပဲ ထိခိုက်မှုကို ခံစားရသည့် တစ်ဦးတည်းသော သာမန်လူဖြစ်လေသည်။


ယင်းတင်မကပဲ သူ့သွေးက ဂြိုလ်သားများ သူ့ကို အညံ့ခံလာစေရန် ဆွဲဆောင်ပေးနိုင်သည်။ ဤဆက်တင်ကို အခြေခံ၍ ဂိမ်း၏အဓိကဇာတ်လိုက်က အဆင့်တစ်ခုကို ဖြတ်ကျော်ပြီးတိုင်း သားရဲဂြိုလ်သားများကို ဖျက်စီးသတ်ဖြတ်ဖို့ လိုအပ်ခဲ့သည်။



ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းသည် မြေအောက်အကျဥ်းခန်းကို ဖြတ်ကျော်ရန် မွန်းစတားများကို တိုက်ခိုက်ရမှာဖြစ်ပြီး မျိုးရိုးဗဇပြောင်းလဲသွားခြင်း၏ အရေးအကြီးဆုံး လျှို့ဝှက်ချက်ကိုရှာရန် မူလအခြေစိုက်စခန်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ချဥ်းကပ်ရမှာဖြစ်သည်။


မကြာမီ အသံရှင်းလင်းချက် ပြီးဆုံးသွားခဲ့ပြီး ဂိမ်းဆက်တင်ကို ကြားသောအခါ ဖေးယိ၏ မျက်လုံးများ တောက်ပလာသည်။

နောက်စက္ကန့်တွင် လီယွမ်က တစ်ဖက်ခြမ်းမှ မေးလာသည်။ “Will… ဒီဂိမ်းရဲ့နောက်ခံအမျိုးအစားက ငါတို့ရဲ့ “နောက်ဆုံးမြူ”နဲ့ တူတယ်လို့ထင်လား?”

ဖေးယိက နောက်ခံဆက်တင်တူညီကြောင်း သတိထားမိသော်လည်း နောက်ပိုင်းအဆင့်များ၌ ဂိမ်းနှစ်ခုကို ကစားရာတွင် ကွာခြားချက်များ ရှိနေလိမ့်မည်။

သို့သော် GM၏ ပရောဂျက်ဋ္ဌာနခွဲသည် နှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ စဥ်းစားနေတာဖြစ်နိုင်သည်။

သို့သော် နောက်ခံဆက်တင်က ဖေးယိ ဂရုအစိုက်ဆုံးအရာမဟုတ်ပေ။ ယခုချိန်တွင် “သားရဲဂြိုလ်သား”ဂိမ်းမှာ ဖော်မပြနိုင်သော ပရိယာယ်တစ်ခုရှိနေသည်ဟု သူခံစားရသော်လည်း ဤခံစားချက်က ဘယ်ကလာသည်ကို သူရှာမတွေ့နိုင်ပေ။

ဖေးယိက ဆက်မေးလိုက်သည်။ “သူတို့ဂိမ်းရဲ့ ထူးခြားချက်က ဘာလဲ? ဖော်ပြပြီးပြီလား?”



လီယွမ်က ပြန်ဖြေလိုက်သည်။ “ဒါက တိရစ္ဆာန်ပုံသဏ္ဍန်အမျိုးမျိုးကို ပုံဖော်ထားတဲ့ ဂိမ်းဖြစ်နိုင်တယ်။ သူတို့ပြခဲ့တဲ့ ပရင့်ဓာတ်ပုံတွေကိုတော့ ငါကြည့်ပြီးပြီ။ သုံးဖက်မြင်ပုံရိပ်ရဲ့အကျိုးသက်ရောက်မှုကို မသိပေမယ့် ပရင့်ဒီဇိုင်းကတော့ အရမ်းထူးခြားတယ်။”

ဖေးယိ၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။ “အသေးစိတ်ပြောပေးပါ။”


 “ဥပမာ.. လိပ်ပြာတွေလိုမျိုး သတ္တဝါတွေရဲ့ ဒီဇိုင်းပုံစံထဲမှာ တောင်ပံပုံသဏ္ဍန်က သာမန်ထက် ပိုထူတယ်။ အစွန်းတွေဆိုရင် ချွန်ထက်တဲ့ ဓားသွားတွေလိုပဲ။ အတောင်ပံတွေရဲ့ တခြားအစိတ်အပိုင်းတွေမှာ ပါးစပ်အရွယ်အစားအမျိုးမျိုးရှိတယ်။ ဖွင့်လိုက်တာနဲ့ အစွယ်တွေထွက်လာရော”

လီယွမ်က သူသိသမျှကို အမှန်တိုင်းပြောလိုက်သည်။ “တခြားသားရဲတွေရဲ့ ဒီဇိုင်းမူကြမ်းက ရွေးချယ်စီစစ်ရေး တာဝန်ခံရဲ့ လက်ထဲမှာရှိတယ်။ ငါ သေချာမမြင်လိုက်ရဘူး။”

“…….”

ဖေးယိက လီယွမ် ပို့ပေးသော စာတန်းကို စိုက်ကြည့်ကာ သူ့စိတ်ထဲ၌ သိမ်မွေ့သော ခံစားချက်တစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။



သူ့မှတ်ဉာဏ်ကို ပြန်သုံးရင်းဖြင့် သူက သူ၏စောင့်ကြည့်စာရင်း၌ အိုင်ဒီအမည်ဝှက်တစ်ခုကို ရှာတွေ့ခဲ့သည်။– ရေဓာတ်ဆုံးရှုံးမှု….



သက်ဆိုင်ရာ အသုံးပြုသူအကောင့်ကိုယ်ပွား( user avatar) ကို ရှာတွေ့ပြီးနောက် သူက ချက်ချင်းကလစ်နှိပ်လိုက်သည်။ သူ့လက်ချောင်းများက ကီးဘုတ်ပေါ်ကို အမြန်ရောက်သွားပြီး စခရင်ရှော့ရိုက်ကာ လီယွမ်ထံပို့ပေးလိုက်လေ၏။

“ခင်ဗျားပြောတဲ့ လိပ်ပြာပုံစံက ဒါနဲ့တူလား?”


တစ်ဖက်ခြမ်းက လီယွမ်က စက္ကန့်အတော်ကြာအောင် နှေးကွေးသွားခဲ့သည်။ “ဟုတ်တယ်! တော်တော်တူတာပဲ။ မင်းဘယ်လိုသိလဲ….Will?”

ဖေးယိက လှောင်ပြောင်လိုက်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။


“လက်ရှိ ကျွန်တော်တို့မှာ ရန်ပုံငွေ လုံလုံလောက်လောက် မရှိဘူး။ မော်ဒယ်ပုံစံနဲ့ ပရိုဂရမ်နည်းပညာအပိုင်းမှာ ရေတိုအတွက် ယှဥ်ပြိုင်လို့မရဘူး။ လာမယ့်သောကြာနေ့ရဲ့ အာရုံစူးစိုက်မှုက ဇာတ်ကွက်ဖွဲ့စည်းပုံနဲ့ အနာဂတ်စီးရီးမွမ်းမံမှုကနေ ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ ပရိသတ်စျေးကွက်ပဲ။”

လီယွမ်… : “အင်း…ငါ နားလည်ပြီ။”


“ကျန်တာကို စိတ်မပူပါနဲ့ … ငါအားလုံးကို စောင့်ကြည့်ထားလိုက်မယ်။”

ဖေးယိက ရှေ့တန်းရှိ လီယွမ်ကို စိတ်ပိုင်းဆိုင်ရာ ဖိအားအများကြီး မပေးချင်ပေ။ သူက ထပ်ပြောလိုက်သည်။ “နောက်တစ်ပတ်ရဲ့ ရွေးချယ်မှုနှစ်ခု ပြိုင်ပွဲအတွက်တော့ ကျွန်တော်တို့က အကောင်းဆုံးလုပ်ဖို့ပဲ လိုတာပါ။ ရလဒ်ကောင်းရဖို့ စိတ်ဖိစီးနေဖို့ မလိုပါဘူး။”

တကယ်တော့ သူတို့က GM ကနေ ရင်းနှီးမြှုပ်နှံမှု မရနိုင်လျှင် တခြားပါတနာများကို ရှာဖွေနိုင်သေးသည်။

တိုတိုတုတ်တုတ်နှင့် အင်အားကြီးသည့် ဝါကျတစ်ကြောင်းက ပူးပေါင်းဆောင်ရွက်မည့် မဟာမိတ်များကြား၌ လုံခြုံသည့်ခံစားချက်တစ်ခုကို ထူထောင်ပေးဖို့ လုံလောက်သည်။

တစ်ဖက်ခြမ်းက လီယွမ်သည် ခယ့်မင်၏ မထီမဲ့မြင်ပြုခံရသည့် အတွေ့အကြုံကို မပြောပြသည့်အပြင် အခိုင်အမာပြန်ဖြေလိုက်လေသည်။ “ကောင်းပါပြီ။”

တိုတိုနှင့် ထိရောက်သော စကားဝိုင်းက ပြီးဆုံးသွားသည်။


ဖေးယိက “ရေဓာတ်ဆုံးရှုံးမှု”ဆိုသည့် အကောင့်စာမျက်နှာကို ကလစ်နှိပ်လိုက်ပြီး အပေါ်မှ အောက်ခြေအထိ သေချာစစ်ဆေးပြီးနောက်မှာ သူက တစ်ဖက်လူ၏ ချက်ဘောက်ကို အရင်ဖွင့်ကာ မက်ဆေ့တစ်စောင် ပို့လိုက်လေ၏။

“ကြီးမြတ်တဲ့အရှင် .. လိုင်းပေါ်ရှိလား? ခင်ဗျားနဲ့ပတ်သက်ပြီး စစ်ဆေးစရာတစ်ခုရှိလို့ပါ။”

. . . . . .