Chapter 49
ကြောင်အိပ်ရာ၌ အော်ဟစ်လှုပ်ရှားမှုတစ်ခု ရှိနေ၏။
အိပ်ရာနိုးလာသော စစ်ဆေးရေးမှူးက ဖေးယိ၏ခြေထောက်နားသို့ လျှောက်လာပြီး သက်တောင်သက်သာရှိသော အသံသဲ့သဲ့ပြုကာ ခေါက်တုံ့ခေါက်ပြန် ပွတ်သပ်ပြီး ချွဲနေသည်။
ဖေးယိက ၎င်းကို သူ့ရင်ခွင်ထဲ ကောက်ချီကာ သူ့အိမ်မွေးတိရစ္ဆာန်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ “လာ… ငါတို့အောက်ထပ်ဆင်းပြီး ခဏလောက်ကစားကြမလား?”
“မြောင်~”
ဖေးယိက သူ့ဆံပင်ကို တမင်တကာ ဖွလိုက်ပြီး စစ်ဆေးရေးမှူးကို အောက်ထပ်ခေါ်သွားလိုက်သည်။
သူ လှေကားထောင့်ကို လှည့်လိုက်တော့ ပေါ်ယွဲ့မင်နှင့် ဦးလေးခိုင်တို့ ဧည့်ခန်းထဲမှာ ရှ်ိနေသည်ကို အမှတ်မထင် တွေ့လိုက်ရသည်။
ရင်းနှီးသော ခြေလှမ်းမျာကို ကြားလိုက်ရစဥ် ပေါ်ယွဲ့မင်က လှေကားပေါ်ရှိ ဖေးယိ၏တည်နေရာကို ချိန်ကြည့်လိုက်သော်လည်း ချက်ချင်းပင် တစ်ခုခုကို သဘောပေါက်သွားပြီး တစ်ဖက်လူ၏ အကြည့်ကို ရှောင်လွှဲလိုက်လေသည်။
ခါတိုင်းလိုပင် သူက မရေမရာမေးလိုက်သည်။ “ဖေးယိလား?”
စစ်ဆေးရေးမှူးက ဖေးယိ၏ ရင်ခွင်ထဲမှ လျှောဆင်းကာ ပေါ်ယွဲ့မင်ဆီ ပြေးသွားပြီး ညုတုတု ဆက်လက်ပြုမူနေခဲ့သည်။
ပေါ်ယွဲ့မင်၏လက်က သူ့ဘေးရှိ ဆိုဖာကိုအရင်ထိကာ စမ်းကြည့်လိုက် မှားလိုက်ဖြင့် အဆုံးမှာ သူက စစ်ဆေးရေးမှူး၏ ပျော့ပျောင်းသောအမွေးကို ထိလိုက်နိုင်ပြီး ဦးလေးခိုင်အား မေးလိုက်သည်။ “ဖေးယိ ဆင်းလာတာလား?”
ဦးလေးခိုင်က လှေကားပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာသော ဖေးယိကိုကြည့်ပြီး ဘာမှနားမလည်သလို ဟန်ဆောင်လိုက်သည်။ “သခင်ငယ်လေး… ဘာလို့လှေကားပေါ်မှာ ရပ်နေသေးတာလဲ? တစ်ရေးတစ်မော အိပ်ပြီး ပင်ပန်းနေတာလား? မြန်မြန်ဆင်းလာပါ။”
ဖေးယိက ရှုပ်ပွနေသော ဆံပင်ဖြင့် ခေါင်းညိတ်လိုက်ပြီး အိပ်ရာနိုးခါစလို သမ်းဝေလိုက်ဖို့လည်း မမေ့ပေ။ သူက ငိုက်မျဥ်းနေသော အမူအရာဖြင့် ဆင်းလာခဲဲ့လေသည်။
၎င်းက သူ ဧည့်ခန်းထဲကို ရောက်လာပြီး ကော်ဖီစားပွဲပေါ်မှ လမ်းညွှန်မျက်မှန်တစ်စုံကို မတွေ့လိုက်ရခင်အထိ ဖြစ်၏။ အပြင်ဘောင်က အမြဲတမ်းလိုပင် ခေတ်ဆန်နေပေမယ့် အရောင်က လက်ဖက်နက်ရောင် ပြောင်းထားသည်။
၎င်းက အရည်အသွေး မြင့်လွန်းသော မျက်မှန်တစ်စုံနှင့်တူသည်။
ဖေးယိက မျက်မှန်အသစ်ကို အကြာကြီးစိုက်ကြည့်ရင်း သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုတစ်ခု ပေါ်လွင်နေသည်။
“သခင်ငယ်လေး…ဒုတိယသခင်လေးရဲ့ မျက်လုံးက အလင်းဒဏ်ပြင်းပြင်းကို မခံနိုင်ဘူးလို့ ဒေါက်တာကပြောခဲ့တယ်။ ဒါကြောင့် သူနောက်တစ်စုံမှာလိုက်တာ။”
ဦးလေးခိုင်က ချက်ချင်းရှင်းပြလိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “ကြည့်ကောင်းရဲ့လား?”
ဖေးယိက ပေါ်ယွဲ့မင်၏ မျက်နှာကို လေးလေးနက်နက် ကြည့်ဟန်ဆောင်လိုက်သည်။ “ကြည့်ကောင်းတယ်။”
ဒီသွေးနှောမျက်နှာနဲ့ဆိုရင် ဘယ်အပိုင်းက ကြည့်မကောင်းလို့လဲ? ဘယ်အပိုင်းကရော ဆွဲဆောင်မှုမရှိလို့လဲ?
ပေါ်ယွဲ့မင်က မျက်လွှာချကာ စစ်ဆေးရေးမှူး၏ ခေါင်းကိုပွတ်သပ်နေပြီး သူ့မျက်လုံးထဲရှိ အပြုံးတစ်ခုနှင့် ကြည်လင်ပြတ်သားမှုတစ်ခုကို ဖုံးကွယ်လိုက်သည်။
တစ်ပတ်နီးပါး လိုက်လျောညီထွေ စစ်ဆေးပြီးနောက်တွင် သူ့မျက်လုံးများက အခြေခံအားဖြင့် ပြန်ကောင်းလာသော်လည်း ရံဖန်ရံခါတွင် အရိပ်များထပ်ကာ မူးဝေလာပြီး အချိန်အကြာကြီး အသုံးပြုမိလျှင် သူ့မျက်လုံးများက နာကျင် ပင်ပန်းနွမ်းနယ်လာလေသည်။
သေချာတာက ဤသည်မှာ ကြီးမားသော ပြဿနာများတော့ မဟုတ်ချေ။ သူက အလုပ်နှင့် အနားယူခြင်းကို ပေါင်းစပ်ပြီး သူ၏အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ဖြည်းဖြည်းချင်း ချိန်ညှိဖို့သာ လိုအပ်သည်။
ပေါ်ယွဲ့မင်က ထိုလမ်းညွှန်မျက်မှန်ကို မလိုအပ်တော့ပေ။
'သူ့မျက်လုံးများက အလင်းရောင်ကို ထိလွယ်ရှလွယ်ဖြစ်၍ သူ၏ မကျန်းမာမှုကို အလွယ်တကူတိုးစေနိုင်သည်' ဟူသော အချက်မှာ အပြင်လောကအတွက် သူ၏အကြောင်းပြချက်သာဖြစ်၏။
ပေါ်ယွဲ့မင်က သူ၏ “မျက်စိရောဂါ”ကို အသုံးချကာ ပေါ်ကွမ်းချန်အပါအဝင် အားလုံးကို လုံးလုံးသတိလျော့နေစေချင်သည်။ ထို့နောက် သူခံစားခဲ့ရသော နာကျင်မှုကို ပြန်ပေးဆပ်ခိုင်းရန် အခွင့်အရေးကို စောင့်ဆိုင်းရပေမည်။
သူ နောက်ထပ်မျက်မှန်တစ်စုံကို လိုအပ်ရခြင်း အကြောင်းအရင်းမှာ သူ၏မြင်နိုင်စွမ်းသည် တခြားသူများရှေ့၌ အခါအားလျော်စွာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး သူ့လျှို့ဝှက်ချက်များကို မတော်တဆ ဖော်ထုတ်မိမှာစိုး၍ ဖြစ်သည်။ မျက်မှန်အမည်းက သူ၏အခြေအနေကို ပို၍ဖုံးကွယ်ပေးနိုင်သည်။
“ဦးလေးခိုင်… အဲ့ဒါတွေကို အရင်ချထားလိုက်ပါ။”
ဦးလေးခိုင်ကလွဲ၍ ပေါ်ယွဲ့မင်က သူ၏အမြင်အာရုံ ပြန်ကောင်းလာမှုအကြောင်း မည်သူ့ကိုမျှ မပြောပြခဲ့ပေ။
ဤသတင်းကို လူတွေပိုသိလေလေ မလိုလားအပ်သည့် ပြဿနာတွေ ဖြစ်လာနိုင်လေပင်။
ဖေးယိအတွက်ကတော့ ပေါ်ယွဲ့မင်သည် သူနဲ့အတူ လိုက်ကစားပေးချင်ပြီး တစ်ဖက်လူက အရူးဟန်ဆောင်ပြီး ဘယ်လိုဆေးမျိုး ရောင်းချင်နေသည်ကို သူသိချင်သည်။
ဦးလေးခိုင်က သူ့ရင်ထဲရှိ ဝမ်းသာပီတိကို ဖိနှိပ်ကာ ၎င်းတို့ကို ဂရုတစိုက် ချထားလိုက်သည်။
နောက်စက္ကန့်မှာ လက်ထောက်လင်းကျုံးက တက်ဘလက်တစ်လုံးနှင့် ရောက်လာသည်။
သူက ဆိုဖာဘေးမှာရပ်ပြီး နောက်အလုပ်ကိစ္စကို အလေးအနက် အစီရင်ခံလိုက်သည်။ “မစ္စတာပေါ်… ကျွန်တော် GM ဆီက ဖုန်းကောလ်တစ်ခု ရခဲ့တယ်။”
“ဂိမ်းပရောဂျက်ကို လာမယ့်သောကြာနေ့မှာ အပြီးသတ်စစ်ဆေးမယ်လို့ပြောတယ်။ အကြီးတန်းရှယ်ယာရှင်တစ်ယောက်အနေနဲ့ ခင်ဗျား မဲပေးဖို့အတွက် ပါဝင်မှာလား?”
“…….”
ဂိမ်းပရောဂျက်? နောက်ဆုံးရွေးချယ်မှု?
ဖေးယိ ၎င်းကိုကြားသောအခါ မကြည့်ပဲ မနေနိုင်တော့ချေ။
ပေါ်ယွဲ့မင်က ဤ”မူမမှန်သော” လှုပ်ရှားမှုကို သူ၏မျက်လုံးထောင့်မှ ဖမ်းမိလိုက်ပေမယ့် မဖော်ထုတ်ခဲ့ပေ။ “အင်း…ယန်စမ်းပြောပြထားတယ်။ အဲ့ဒါကို စီစဥ်လိုက်ရအောင်။”
ယခုချိန်မှာ ပေါ်ဂရု၌ သူ့ရာထူးကို ခေတ္တဆုံးရှုံးထားရတာကြောင့် သူက GM ၏ ရင်းနှီးမြှုပ်နှံမှုအပိုင်းကို ပိုအာရုံစိုက်ချင်သည်မှာ သဘာဝကျပေသည်။
လင်းကျုံးက ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပါပြီ။ ဒါဆို… ကျွန်တော် ခရီးစဥ်မှတ်စုမှာ ထည့်လိုက်မယ်။”
ထိုစကားကျလာသည်နှင့် လူတိုင်းက ဖေးယိ၏ ရုတ်တရက်ခေါ်သံကို ကြားလိုက်ရသည်။ “အာ့ကော”
ပေါ်ယွဲ့မင်က ခေါင်းစောင်းငဲ့ကာ မျက်လုံးချင်းမဆုံမိအောင် ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။ “အင်း?”
ဖေးယိက ပေါ်ယွဲ့မင်အနားသို့ ရွှေ့သွားပြီး သွယ်ဝိုက်သော မျှော်လင့်ချက်တစ်ခုနှင့်အတူ သတိချပ်၍ ပြောလိုက်သည်။ “ကျွန်တော်… ကျွန်တော်လည်းသွားမယ်။… ဂိမ်းကစားဖို့။”
“ဂိမ်းကစားဖို့?”
ပေါ်ယွဲ့မင်က စက္ကန့်အနည်းငယ်ကြာပြီးမှ အတိတ်က ဖေးယိ၏ စကားပြောဆိုပုံအတိုင်း တုံ့ပြန်လိုက်သည်။ “ငါ ကုမ္ပဏီမှာ အရေးကြီးကိစ္စသွားလုပ်မှာ။ ကစားဖို့မဟုတ်ဘူး။”
.
ထိုရှင်းပြချက်ကြောင့် ဖေးယိက နားမလည်ချင်ယောင်ဆောင်ကာ ဆက်ပြောလိုက်၏။ “ကျွန်တော်သွားမယ်! ကစားမယ်!”
ဂိမ်းပရောဂျက် “နောက်ဆုံးမြူ”က ဖေးယိအတွက် ထပ်တူထပ်မျှ အရေးကြီးသည်။ ထို့အပြင် သူတို့၏ ပြိုင်ဘက် ယိုမင်စတူဒီယိုမှာ အားသာချက်နှင့် စံနှုန်းတချို့ရှိနေသေးသည်။
ယခုချိန်မှာ ဖေးယိ၏ အတွေးများက အလွန်းရိုးရှင်းသည်။
ပေါ်ယွဲ့မင်က လာမည့်သောကြာနေ့တွင် GM ရုံးခွဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားမည်ဆိုလျှင် သူသည်လည်း သူနဲ့အတူလိုက်ကြည့်ကာ နောက်ဆုံးရလဒ်ကို အမြန်ဆုံးသိနိုင်လိမ့်မည်။
ပေါ်ယွဲ့မင်က ထပ်ပြောလိုက်သည်။ “ငါနဲ့အတူ ကုမ္ပဏီကို လိုက်ချင်တာလား?”
ဖေးယိက ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်ပြီး အရူးဖြစ်နေခြင်း ဆင်ခြေအဖြစ် “ဂိမ်းကစားမယ်”လို့သာ ဆက်တိုက်ပြောနေသည်။
“…….”
ပေါ်ယွဲ့မင်က မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။
သူ့အမြင်အာရုံ ပြန်လည်ကောင်းမွန်လာချိန်မှစ၍ သူက ဖေးယိ “အရူးဟန်ဆောင်နေတာ”ကို ပို၍ပင် သံသယဖြစ်လာသော်လည်း တစ်ဖက်လူသည် အရင်တုန်းက အတိုင်းအတာတစ်ခုအထိ အရူးလိုပြုမူခဲ့ပြီး ဤလေးနက်သော အလုပ်ကိစ္စမျိုးနှင့် ဘယ်တုန်းကမှ မရှုပ်ဖူးသည်ကို ပိုသေချာလာခဲ့သည်။
ထို့အပြင် သူက ဖေးယိအရှေ့တွင် GM အကြောင်း မပြောဖူးပေ။ ဒီတော့ တစ်ဖက်လူက ဘာလို့ရုတ်တရက် သွားချင်လာတာလဲ? ဘယ်သူ့အတွက်လဲ?
ပေါ်ယွဲ့မင်က ရုတ်တရက် အဖြေကို သဘောပေါက်သွားပြီး သူ့နှလုံးသားက ချဥ်စူးသွားပြန်သည်။ “မင်း ဂိမ်းကစားချင်တာလား? ယန်စမ်းကိုတွေ့ချင်တာလား?”
ရူးချင်ယောင်ဆန်နေသော ဖေးယိက အံ့အားသင့်သွားကာ တိုးတိုးလေးပြောလိုက်သည်။ “ဟမ်?”
ယန်စမ်းက ဘာလို့ပါလာတာလဲ?
ဦးလေးခိုင်နှင့် လင်းကျုံးက တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်ကာ သူတို့နှစ်ဦးသား သီးသန့်စကားပြောနိုင်ရန် အခန်းထဲမှထွက်သွားပေးဖို့ ရွေးချယ်လိုက်လေသည်။
ဖေးယိက ဇဝေဇဝါ ခေါင်းခါပြကာ ဆက်ပြောလိုက်သည်။ “ကျွန်တော်… ကျွန်တော်..ကစားချင်တာ။”
ပေါ်ယွဲ့မင်က ငြင်းဆန်လိုက်သည်။ “မဟုတ်တာ။”
GM က လုပ်ငန်းတစ်ခုဖြစ်လို့ သွားရှုပ်လို့ရမယ့် နေရာမဟုတ်ဘူး။
“…….”
.
ပေါ်ယွဲ့မင်၏ ဆက်တိုက်ငြင်းဆန်မှုကြောင့် ဖေးယိက စိတ်ထဲကနေ အလေးအနက် သက်ပြင်းချလိုက်လေသည်။
အရူးဟန်ဆောင်တာ အလုပ်မဖြစ်သလို လိမ္မာပြနေတာလည်း အလုပ်မဖြစ်ဘူး။
ဗီလိန်က ထိုးစစ်ဆင်ဖို့ အခက်ခဲဆုံးပဲ!
ဤရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲ၏ နောက်ဆက်တွဲကို သိရှိရန် ဖေးယိ နောက်ထပ်နည်းလမ်းတစ်ခု ရှာဖို့လိုသည်။ ၎င်းက ခက်ခဲလိမ့်မည်။
လေထုက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
ဖေးယိက စိတ်ဓာတ်ကျပြီး သူ့ကံကြမ္မာကို အရှုံးပေးလိုက်ပေမယ့် အဆုံးမှာ နည်းနည်းလေး ရုန်းကန်ကြည့်လိုက်သေးသည်။ “ကျွန်တော်…ကျွန်တော် အာ့ကောကို အဖော်ပြုပေးချင်တာ။”
“……..”
ပေါ်ယွဲ့မင်၏ ခိုင်မာသော ဆုံးဖြတ်ချက်က ရုတ်တရက် အက်ကွဲသွားပြီး တခဏချင်းပင် တစ်စစီပြိုကွဲသွားလေသည်။ သူက ဖေးယိကို တစ်ချက်ကြည့်ကာ အမြန်အကြည့်လွှဲပစ်လိုက်ပြီး သူ့နှလုံးသားက ရုတ်တရက် ဒေါသထွက်လာသလို တစ်ချိန်တည်းမှာ ယားယံလာလေသည်။
သူ့ပါးစပ်က ဝမ်းနည်းကြေကွဲပြပြီး ညုတုတု ပြောဆိုနေသော်လည်း သူ့က ကြောင်ပေါက်လေးကို ပွတ်သပ်ပေးဖို့လည်း မမေ့ချေ။
ကြည့်ရတာ သူက ပေါ်ယွဲ့မင် မမြင်နိုင်တာကို အခွင့်ကောင်းယူပြီး တတိယလူရှိမနေလို့ သူ့အတွေးများကို သတ္တိရှိရှိ ချပြရဲတာဖြစ်မည်။ သူက အရူးဟန်ဆောင်နေပေမယ့် ဘယ်လိုပြုမူရမလဲ တကယ်မသိပုံရသည်။
သူက ဘာလို့ သူ့ကို အဖော်ပြုပေးချင်တာလဲ?
ဘယ်သူက ဒီလိုလိမ်ညာတာကို ယုံမှာလဲ?
ပေါ်ယွဲ့မင်က ၎င်းကို ငြိမ်ငြိမ်လေး တွေးလိုက်ပြီးမှ တဖြည်းဖြည်း ခေါင်းငုံ့သွားသော ကြောင်စိတ်တိုလေးကို ကြည့်ကာ လေသံပြောင်းလိုက်ရသည်။ “မင်းလိုက်လို့ရတယ်။”
“ဒါပေမယ့် မင်း ငါ့ကို အဖော်ပြုပေးမယ်လို့ ပြောတယ်နော်။ ဒီတော့ တစ်ချိန်လုံး ငါ့နောက်ကို နာနာခံခံလိုက်ရမယ်..။ ပြီးတော့ ငါ့ခွင့်ပြုချက်မရှိပဲ ဘယ်မှမသွားရဘူး။ အဲ့လိုလုပ်နိုင်လား?”
“…….”
သူ ဘာလို့ ရုတ်တရက် သဘောတူလိုက်တာလဲ?
ဖေးယိ၏ ခေါင်းပေါ်မှာ မေးခွန်းသင်္ကေတလေး ပေါ်လာပြန်သည်။
သို့သော် သူစောင့်နေတာက ဤအခွင့်အရေးပင်။ စည်းမျဥ်းစည်းကမ်းများ မည်သို့ရှိစေကာမူ သူ လိုက်သွားနိုင်သရွေ့ အရေးမကြီးပေ။
ထိုအတွေးဖြင့် ဖေးယိက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးထဲက စိုးရိမ်နေမှုမှာ ချက်ချင်းပျောက်ကွယ်သွားပြီး အောင်မြင်မှု အလင်းတန်းလေး ဖျတ်ခနဲပေါ်လာခဲ့သည်။
ပေါ်ယွဲ့မင်က ဤလှပသော မြင်ကွင်းကို မြင်လိုက်ရသည်။ သူက သူ၏ကူကယ်ရာမဲ့အပြုံးကို ချုပ်တည်းထားကာ မမြင်ယောင်ဆောင်ပြီး ဘေးမှာထိုင်နေလိုက်သည်။
နှစ်ယောက်လုံးမှာ အတွေးကိုယ်စီရှိပြီး ဖုံးကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသည်။
မျက်မှန်ကို ပြန်သိမ်းထားပြီးနောက် ဦးလေးခိုင် ပြန်ရောက်လာသည်။ “သခင်ငယ်လေး… ညစာမစားခင် အချိန်ရပါသေးတယ်။ ဗိုက်ဆာနေလား? တစ်ခုခုစားချင်လား?”
အောက်ထပ်ဆင်းလာရခြင်း၏ အကြောင်းအရင်းမှာ အချိနအတော်ကြာ အလုပ်လုပ်ပြီးနောက် ဗိုက်ဆာလာသဖြင့် စားစရာတစ်ခုခု လာရှာရန်ဖြစ်သည်ကို ဖေးယိ မှတ်မိသွားခဲ့သည်။
ဦးလေးခိုင်က ဖေးယိ၏ မျှော်လင့်ချက်မျက်လုံးများကို တွေ့လိုက်ရပြီး ကမ်းလှမ်းလိုက်သည်။ “မီးဖိုချောင်ထဲမှာ လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ ပူတင်းနဲ့ ပျားရည်ကိတ်ရှိပါတယ်။ ဘယ်ဟာစားချင်လဲ?”
ဖေးယိ ၎င်းကိုကြားသောအခါ သူ့လျှာဖျားထိပ်၌ ချိုမြိန်မှုကို ခံစားလိုက်ရပြီး “လူကြီးတွေက ရွေးချယ်စရာမလိုဘူး” ဟူသော ခိုင်မာသောအတွေးဖြင့် သူက လိမ္မာချင်ယောင်ဆောင်ကာ ခေါင်းမော့ဖြေလိုက်လေသည်။
“နှစ်ခုလုံး!”
မျှော်လင့်ထားသော အဖြေထွက်ပေါ်လာသည်။
အချိုပွဲစားရမယ်ဆိုရင်တော့ ကြောင်ပေါက်လေးက နည်းနည်းလေးတောင် ဟန်မဆောင်ပေ။
ပေါ်ယွဲ့မင်က တခဏမျှ ရယ်မောလိုက်ပြီးမှ ဖေးယိ အပြစ်အနာအဆာကို ရှာမတွေ့သွားမီ အမြန်ထိန်းလိုက်ရသည်။
.
သူက ချောင်းဟန့်ကာ ဦးလေးခိုင်ကို တည်တည်ငြိမ်ငြိမ် လက်ဟန်ပြလိုက်လေသည်။ “အင်း… နှစ််ခုလုံးယူလာပေးပါ။”