Chapter 50
မျက်စိတစ်မှိတ်အတွင်းမှာ သောကြာနေ့ရောက်လာသည်။
ဓာတ်လှေကား တံခါးပွင့်လာပြီး ပေါ်ယွဲ့မင်က ဝတ်စုံပြည့်ဖြင့် လမ်းပြတုတ်ကိုကိုင်ကာ ထွက်လာခဲ့သည်။ ဖေးယိက သူ့နောက်ကနေ နာနာခံခံ လိုက်သွားခဲ့သည်။
လက်ထောက် လင်းကျုံးက ဦးဆောင်ခေါ်သွားပြီး သူတို့နှစ်ဦးက GM ကုမ္ပဏီ၏ ဝင်ပေါက်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
ဧည့်ကြိုအသစ်က ပေါ်ယွဲ့မင်၏ “မျက်မမြင်”ပုံစံကို တွေ့သောအခါ သူမက ပေါ်ယွဲ့မင်၏ သရုပ်သကန်ကို တခဏတာ မမှတ်မိနိုင်ခဲ့ပေ။
ထို့နောက် ယန်စမ်း၏ လက်ထောက်က အလျင်စလိုထွက်လာပြီး တလေးတစားပြောလိုက်သည်။ “သူဌေးပေါ်။”
သူမ မျက်လုံးများက ရင်းနှီးသော လက်ထောက်လင်းကျုံးအပေါ်ကို ကျရောက်သွားပြီးမှ လုံးဝမရင်းနှီးသော ဖေးယိ၏မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။
သူမရှေ့က လူမှာ ချစ်စရာကောင်းပြီး အပြစ်ကင်းသောမျက်နှာရှိသလို သူ့ကိုယ်ပေါ်က ပေါ့ပေါ့ပါးပါး ဝတ်စုံလေးမှာ နာမည်ကြီးဘရန်းမှ လက်ရာဖြစ်မည်။ သူက လုပ်ငန်းခွင်မှ လူတစ်ယောက်နှင့်မတူပေ။
အနည်းငယ် အံ့သြသွားသော လက်ထောက်က သူနဲ့ရာထူးတူသော လင်းကျုံးကို မသိစိတ်အလျောက် မေးလိုက်လေ၏။ “လက်ထောက်လင်း… ဒါဘယ်သူလဲ?”
သူမပြောပြီးသည်နှင့် ပေါ်ယွဲ့မင်က အရင်စပြောလိုက်သည်။ “သူက ငါ့ရဲ့… ငါ့မိသားစုဝင်…”
“မိသားစုဝင်”ဟူသော အသုံးအနှုန်းက အလွန်ထူးခြားသည်။
လက်ထောက်နှစ်ယောက်တင်မက ဖေးယိကိုယ်တိုင်ကလည်း တခဏမျှ အံ့သြသွားသည်။ သို့သော် သူ ၎င်းကိုစဥ်းစားကြည့်လိုက်တော့ ဤအသုံးအနှုန်းက “အိမ်ထောင်ဖက်”, “လက်တွဲဖော်” နှင့် တခြားအသုံးအနှုန်းများထက် အမှန်တကယ်ပင် ပိုသင့်တော်လေသည်။
ဖေးယိက သူ့သရုပ်သကန်ကို သက်သေပြချင်ပုံရသဖြင့် သူက နာနာခံခံ ခေါ်လိုက်လေသည်။ “အာ့ကော”
လက်ထောက်မှာ ဉာဏ်ကောင်းသူဖြစ်သည်။ သူမက အံ့အားသင့်သွားသော်လည်း နောက်ထပ်မေးခွန်းမမေးတော့ပေ။
ပေါ်ယွဲ့မင်က ခေါင်းစဥ်ပြောင်းလိုက်သည်။ “ယန်စမ်းဘယ်မှာလဲ? သူဒီမှာရှိလား?”
လက်ထောက်က ပြန်ဖြေသည်။ “ကျွန်မ အခုပဲမေးထားပါတယ်။ သူဌေးယန်က မြေအောက်ကားပါကင်မှာ ရောက်နေပါပြီ။ ခဏနေ ဒီကိုလာတော့မှာပါ။”
နတ်ဆိုးအကြောင်း ပြောနေတုန်း နတ်ဆိုးရောက်လာသည်။
ဓာတ်လှေကားတံခါး ပြန်ပွင့်လာပြီး ယန်စမ်းက ဦးဆောင်ကာ အပြင်ထွက်လာလေသည်။ ထို့အပြင် ဓာတ်လှေကားထဲတွင် တခြားလူနှစ်ယောက်လည်း ရှိနေသည်။
သူတို့က ရင်းနှီးမြှုပ်နှံမှုပြိုင်ပွဲတွင် ပါဝင်သော လီယွမ်နှင့် ဆံပင်တိုတို အမျိုးသမီးတစ်ဦးတို့ ဖြစ်၏။
ဖေးယိ၏ မျက်လုံးများက အတန်ငယ် တည်ငြိမ်နေပြီး အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည်နေခဲ့သည်။
ယန်စမ်းက ယခင်တွေ့ဆုံမှုနှစ််ခုထက် အများကြီးပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ချောမောသော မျက်နှာပေါ်မှာ ရင်းနှီးသော ရွှေအနားကွပ်မျက်မှန်ကို တပ်ဆင်ထားပြီး အလွန်ကြည့်ကောင်းနေသော်လည်း ယခင်နှစ်ခေါက်နှင့်ယှဥ်လျှင် ယနေ့ သူ၏ “အလုပ်လုပ်နေသော အနေအထား”နှင့်အတူ သူ့မှာ သူဌေးတစ်ယောက်၏ သာလွန်တည်ငြိမ်သော အသွင်အပြင်ရှိလေသည်။
သူ့နောက်မှာ ထောင့်ဖြတ်ရပ်နေသော လီယွမ်က ယနေ့ တရားဝင် ရွေးချယ်ပွဲအတွက် မီးခိုးရောင်အစင်းကြောင်းပါသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူကလည်း သူ့ဆံပင်စတိုင်ကို အထူးဂရုစိုက်ထားပုံရပြီး ဝံပုလွေအမြီးကို အနည်းငယ်တိုအောင် ညှပ်ထားကာ အပေါ်ပိုင်းရှိ အမွေးသေးသေးလေးများက လိမ်ကောက်နေလေ၏။
သူ၏ တမင်တကာ ဂရုမစိုက်သည့် အမူအရာနှင့်အတူ ဆန့်ကျင်ဘက် ချစ်စဖွယ် အရိပ်အယောင်လေး တစ်ခုလည်းရှိနေသည်။
လီယွမ်၏ ဘေးနားက ဆံပင်တိုတို အမျိုးသမီးမှာ ရိုးရိုးရှင်းရှင်း တီရှပ်အဖြူနှင့် ဂျင်းကို ဝတ်ဆင်ကာ အနက်ရောင်ပိုက်ဆံအိတ်တစ်လုံးကို ပခုံးသိုင်းလွယ်ထားသည်။
သူမက လူမှားပြီး လိုက်လာကာ ဤနေရာ၌ လေလွင့်နေပုံရသော်လည်း အကြောက်အလန့်မရှိ တည်ငြိမ်နေသေးသည်။
ဖေးယိက သူမကို တခဏမျှ စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းက မရေမရာ ကော့တက်သွားခဲ့သည်။
“မင်္ဂလာပါ…သူဌေးယန်”
ယန်စမ်း၏ လက်ထောက်က ပထမဆုံးတုံ့ပြန်လာသူဖြစ်ပြီး တစ်ချိန်တည်းမှာ သူမက ပြိုင်ပွဲမှ လီယွမ်ကို မှတ်မိသွားသည်။ “ပြီးတော့ မစ္စတာလီ.. ရှင်တို့ ဒီကို တူတူလာခဲ့တာလား?”
“မဟုတ်ဘူး”
လီယွမ်က ခေတ္တရပ်ကာ သူ့အသံက အနည်းငယ် တင်းမာနေသည်။ “ဓာတ်လှေကားထဲမှာ မစ္စတာယန်နဲ့ တွေ့ခဲ့တာပါ။”
“အင်း… ငါ ကားပါကင်က တက်လာပြီး ဓာတ်လှေကားက ပထမထပ်မှာ ရပ်သွားလို့ လီယွမ်နဲ့တွေ့တာ။” ယန်စမ်းက မရင်းနှီးသော အမျိုးသမီးကို စိုက်ကြည့်ကာ မျက်လုံးများဖြင့် ယဥ်ယဥ်ကျေးကျေး မေးလိုက်လေသည်။
“လို့ယန်”
အမျိုးသမီးက သူနဲ့အကြည့်ချင်းဆုံသွားပြီး တည်တည်ငြိမ်ငြိမ် သဘာဝကျကျဖြင့် သူမကိုယ်သူမ မိတ်ဆက်လိုက်လေသည်။ “ကျွန်မ ဒီကို မစ္စတာလီနဲ့ အတူလာခဲ့တာ။ “နောက်ဆုံးမြူ”အတွက် ပြိုင်ပွဲမှာ ပါဝင်မယ့် ဝန်ထမ်းတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။”
လီယွမ်က တခဏလောက် တိိတ်ဆိတ်သွားသည်။ “ဟုတ်တယ်။”
သူ လွန်ခဲ့သည့်တစ်နာရီက လို့ယန်ကို လေဆိပ်ကနေ သွားကြိုလာခဲ့တာဖြစ်၏။ ရှုပ်ထွေးသော ဆက်ဆံရေးအကြောင်းကိုတော့ လောလောဆယ် ရှင်းပြဖို့မလွယ်ပေ။
ယန်စမ်းက အတူလိုက်ပါလာသော ဖေးယိကိုကြည့်ကာ မနောက်စဖူး နောက်ပြောင်လိုက်လေ၏။ “သူဌေးပေါ်… မင်းက ကုမ္ပဏီကို မိသားစုဝင် ခေါ်လာတာလား? ကုမ္ပဏီရဲ့ စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်လို့ ဒဏ်ငွေရိုက်ခံရလိမ့်မယ်။”
“ဘာပဲဖြစ်ဖြစ်။” ပေါ်ယွဲ့မင်က ပေါ့ပေါ့တန်တန် ဖြေလိုက်၏။ “ငါ သူ့ကိုစောင့်ကြည့်နေမယ်။ သူ ပြဿနာရှာမှာမဟုတ်ဘူး။”
ယန်စမ်းက ခေါင်းအသာညိတ်ပြကာ သူ့လက်ထောက်ကို မေးလိုက်သည်။ “နှစ်နာရီစမှာမလား?”
“ဟုတ်ပါတယ်။ နာရီဝက်လိုပါသေးတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုအတွက် တခြားပြိုင်ပွဲဝင်တွေ မရောက်သေးပါဘူး။” လက်ထောက်က လက်ရှိအခြေအနေကို အမှန်တိုင်း အစီရင်ခံပြီး မေးလိုက်သည်။ “သူတို့အခြေအနေကို အတည်ပြုဖို့ ဖုန်းဆက်လိုက်ရမလား?”
ပေါ်ယွဲ့မင်က ပြတ်သားသည်။ “မလိုဘူး။ သူတို့ရောက်မလာတော့ရင် အလိုအလျောက် ပယ်စာရင်းအဖြစ် သတ်မှတ်မယ်။ ငါတို့ GM က ပရောဂျက်အဖွဲ့ဝင်တွေဆီက ပူးပေါင်းဆောင်ရွက်မှုအတွက် ဘယ်တော့မှ မတောင်းဆိုဘူး။”
ယန်စမ်းက သဘောတူလက်ခံလိုက်သည်။
သူ့အသံကျလာသည်နှင့် ဓာတ်လှေကားက တတိယအကြိမ် ပွင့်သွားလေသည်။
ယိုမင်စတူဒီယိုမှ လူအားလုံး ရောက်နေပြီဖြစ်၏။ ခယ့်မင်က ကောင်တာမှာ စုဝေးနေသော လူတစ်စုကို လှမ်းကြည့်လိုက်သည်။ ခဏတာ အံ့အားသင့်သွားပြီးမှ သူက ယဥ်ယဥ်ကျေးကျေး ပြုံးပြလိုက်၏။ “တိုက်ဆိုင်လိုက်တာ။ ဘာလို့ ဒီနေရာမှာ လူတိုင်းစုဝေးနေတာလဲ?”
ခယ့်မင်က ယန်စမ်းကို မှတ်မိသွားပြီး အရင်အစပြု နှုတ်ဆက်လိုက်သည်။ “သူဌေးယန်… ကျွန်တော်က ယိုမင်စတူဒီယိုရဲ့ ခေါင်းဆောင် ခယ့်မင်ပါ။ ကျွန်တော် ခင်ဗျားကို လေးစားနေခဲ့တာ ကြာပါပြီ။”
ယန်စမ်းက သူ့မျက်မှန်ကို အသာတွန်းတင်ကာ ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။
“မစ္စတာ ခယ့်”
လီယွမ်၏ လျစ်လျူရှူမှုနှင့် ယှဥ်လျှင် ခယ့်မင်က တခြားသူများနှင့် မည်သို့ပေါင်းသင်းဆက်ဆံရမည်ကို ကောင်းကောင်းသိပုံရသည်။ သူက ဘေးကို ရွှေ့ပြီး လူနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။ “သူဌေးယန်… ဒါက ကျွန်တော်တို့ “သားရဲဂြိုလ်သား” ပရောဂျက်ရဲ့ ပရိုပရမ်နည်းပညာပိိုင်းဆိုင်ရာ ဒါရိုက်တာ ရှန်းနန်ရှန့်ပါ။”
“ပြီးတော့ ကျွန်တော်တို့ရဲ့ ပရောဂျက်အော်ပရေတာ ဖေးဟွမ်ပါ။”
နောက်တစ်ယောက်၏ နာမည်ကို ကြားသည့်အခါ မျက်လုံးကန်းချင်ယောင်ဆောင်နေသော ပေါ်ယွဲ့မင်မှ လွဲ၍ လူတိုင်းက တညီတညွတ်တည်း ကြည့်လိုက်လေသည်။
“…….”
ထိုမှသာ ရှန်းနန်ရှန့်၏ ပိတ်ဆို့ခံထားရသော ဖေးဟွမ်က ရှေ့တိုးလာလေသည်။ သူက သူ့ရှေ့မှာ ရပ်နေသော ပေါ်ယွဲ့မင်နှင့် ဖေးယိကို တွေ့သောအခါ သူ့မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားသော်လည်း မကြာမီတွင် ပုံမှန်ပြန်ဖြစ်လာလေသည်။
ယန်စမ်းက သူ့ဘေးရှိ ပေါ်ယွဲ့မင်နှင့် ဖေးယိကိုကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။ “ဖေးဟွမ်လား? မင်းက ယိုမင်စတူဒီယိုရဲ့ ပရောဂျက်မှာ ပါနေတာလား? ကနဦးအချက်အလက်တွေမှာ ဘာလို့မဖော်ပြထားတာလဲ?”
“သူဌေးယန်…ဖေးဟွမ်က လူသစ်လေးဆိုတာ ခင်ဗျားမသိတာမှန်ပေမယ့် ကျွန်တော်က ပရောဂျက်အစပိုင်းမှာတည်းက သူ့ကို စည်းရုံးနေပြီး နှစ်ရက်ကြာမှ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာပါ။”
ခယ့်မင်၏ မဟုတ်မမှန် စကားများကို ကြားသောအခါ ဖေးဟွမ်က ပြုံးလိုက်ပြီး မငြင်းခဲ့ပေ။
တကယ်တော့ သူက “သားရဲဂြိုလ်သား” ပရောဂျက်နှင့် စစ်မှန်သော ပတ်သက်မှုမရှိသလို “ပရောဂျက်အော်ပရေတာ” ဟူသော အခေါ်အဝေါ်မှာလည်း ယာယီနာမည်တစ်ခုသာ ဖြစ်၏။
ဖေးဟွမ်နှင့် ခယ့်မင်က တက္ကသိုလ်တက်နေသည့် အတောအတွင်း “ထူးချွန်ကျောင်းသား ဖလှယ်ပွဲ”၌ တွေ့ဆုံခဲ့ကြတာဖြစ်၏။ သူတို့က မတူညီသော ကျောင်းဆင်းများဖြစ်သော်လည်း သူတို့၏ အလားတူ ဝါသနာနှင့် စိတ်ဝင်စားမှုများကြောင့် အချိန်ကြာလာသည်နှင့် အမျှ သူငယ်ချင်းဖြစ်လာခဲ့သည်။
လွန်ခဲ့သည့်တစ်ပတ်က ခယ့်မင်သည် ဖေးဟွမ်အား ရုတ်တရက် ဆက်သွယ်လာပြီး သူ့မျက်လုံးရှေ့တွင် “သားရဲဂြိုလ်သား”ကို ချပြကာ ပြောလာသည်။
ဖေးဟွမ် ဤပရောဂျက်ကို စိတ်ဝင်စားလျှင် သူက သူ၏ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု တစ်စိတ်တစ်ပိုင်းကို တစ်ဖက်လူအား လွှဲပြောင်းပေးမည်ဖြစ်သည်။ ကနဦးရင်းနှီးမြှုပ်နှံမှုကို စောင့်ဆိုင်းရန် အချိန်ယူရမည်ဖြစ်သော်လည်း နောက်ဆက်တွဲ ဂိမ်းက အောင်အောင်မြင်မြင် ထွက်လာသည်နှင့် သူတို့က ငွေအမြောက်အများ ပြန်ရှာနိုင်မှာ သေချာသည်။
ဖေးမိသားစု၏ အာဏာအစစ်က လောလောဆယ်တွင် ဖေးရူကျန်း၏ လက်ထဲမှာ ရှိနေဆဲပင်။ ပေါ်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်က ကျရှုံးသွားတာကြောင့် ဖေးဟွမ်က ရင်းနှီးမြှုပ်နှံမှုတစ်ခု အရင်စတင်ရန် ရည်ရွယ်ထားပြီး ခယ့်မင်၏ ဖိတ်ခေါ်မှုကလည်း နွေးထွေးလွန်းလှသည်။
စဥ်းစားမှုတချို့ ပြုလုပ်ပြီးနောက် ဖေးဟွမ်က ထိုစိတ်ကူးကို လက်ခံခဲ့သည်။
ပရောဂျက်နဲ့ ပတ်သက်ပြီး ပိုမိုလေ့လာနိုင်စေရန် ခယ့်မင်က သူ့ကို ယနေ့ပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့သော်လည်း ဤနေရာ၌ အသိအကျွမ်းများစွာကို တွေ့ရမည်ဟု မထင်ထားခဲ့ပေ။
ခယ့်မင်၏ အသံ ဆက်လက်ထွက်ပေါ်လာသည်။ “သူဌေးယန်… ဖေးဟွမ်နဲ့ ကျွန်တော်က ကောလိပ်မှာတွေ့ခဲ့တာပါ။ “သားရဲဂြိုလ်သား” ရဲ့ မူလသဘောတရားနဲ့ ဇီဝဆိုင်ရာ နမူရာပုံစံကိုလည်း အတူတူသောက်ပြီး ဆွေးနွေးခဲ့ကြတာပါ။”
ဤလိမ်လည်မှု အလွှာကို ဖန်တီးနေစဥ် ခယ့်မင်၏သူငယ်အိမ်မှာ တဖျပ်ဖျပ် ခတ်နေခဲ့သည်။
သို့သော် ဤတွက်ချက်မှုများက ပေါ်ယွဲ့မင်နှင့် ဖေးယိ၏ မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ တစ်ယောက်က အတွင်းထဲမှ သံသယရှိနေပြီး နောက်တစ်ယောက်ကတော့ အားလုံးကို တိုက်ရိုက်မြင်နိုင်သည်။
ခယ့်မင်က ကောလိပ်ကျောင်းတက်စဥ် ကာလ၌ ဖေးဟွမ်နှင့် ယန်စမ်းကြားရှိ ဆက်ဆံရေးကို သိထားသဖြင့် သူက ဤလှည့်ကွက်ကို တမင်တကာ ထုတ်သုံးခဲ့ခြင်းဖြစ်သည်။
ဒါမှ ယန်စမ်းက “တစ်ကျောင်းတည်းသားချင်း” မျက်နှာကို ထည့်တွက်ပြီး နှစ်ဖက်ကြားက ပြိုင်ပွဲမှာ သူတို့ကို မျက်နှာသာပေးပြီး ကမ်းလှမ်းမှာမလား?
ဖေးဟွမ်က ခယ့်မင်၏ ဖိတ်ခေါ်မှု ရည်ရွယ်ချက်အစစ်ကို နားလည်သဘောပေါက်သွားပေမယ့် “အသုံးချခံရခြင်း”နဲ့ ပတ်သက်ပြီး မကျေမနပ်မဖြစ်ခဲ့ပေ။
ရိုးရိုးသားသားဆိုရလျှင် ယန်စမ်းက သူ ကောလိပ်တက်နေစဥ်မှာ ကြိတ်ကြွေခဲ့ရသော တစ်ဦးတည်းသော လူဖြစ်ပေမယ့် အနှီလူအား ကျောင်းမှာ တွေ့ဆုံနိုင်ဖို့ အခွင့်အရေးနည်းခဲ့သည်။
ထို့ကြောင့် ဘွဲ့ရပြီး အချိန်ကြာသွားမှ သူတို့နှစ်ယောက် ပြန်ဆုံနိုင်တော့သည်။ သူ တစ်ဖက်လူ၏ အထင်ကြီးမှုကို မြှင့်တင်နိုင်ပြီး သူတို့၏ ဆက်ဆံရေးနှင့် အပြန်အလှန်ဆက်သွယ်ရေး တိုးတက်လာနိုင်ဖို့ ဤအခွင့်အရေးကိုသုံးနိုင်လျှင် သူ အလွန်အမင်း ဆန္ဒရှိပေလိမ့်မည်။
“စီနီယာ… အဲ့ဒါမဟုတ် ..” ဖေးဟွမ်က ခေတ္တရပ်ပြီးမှ အပြုံးတစ်ပွင့်ဖြင့် စကားပြောင်းပြောလိုက်လေသည်။ “သူဌေးယန်… ကျွန်တော် ခင်ဗျားရဲ့ ကုမ္ပဏီနဲ့ အနာဂတ် ဖလှယ်ရေးတွေ လုပ်နိုင်ဖို့ စောင့်မျှော်နေပါတယ်။”
“…….”
ဖလှယ်ရေး?
ပြိုင်ပွဲရလဒ်ကို အတည်ပြုပြီးသွားတာလား?
တစ်ချိန်လုံး တိတ်ဆိတ်နေသော လီယွမ်က ဤအသုံးအနှုန်းကိုကြားလိုက်ရပြီး ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။
ဖေးယိက တစ်ဖက်လူ၏ ဆုတ်ခွာမှုကို သတိထားမိပြီး ဖေးဟွမ်နှင့် ခယ့်မင်အပေါ် သူ၏အထင်သေးမှုက လယ်ဗယ်တစ်ခု တိုးလာခဲ့လေသည်။
သူက တစ်ဖက်လူ၏ ရှင်းမပြနိုင်လောက်သော ယုံကြည်မှုနှင့် တွန်းအားပေးမှုတို့ကို ရှုပ်ထွေးစေရန် အရူးဟန်ဆောင်ကာ တစ်ခုခုပြောဖို့ တွေးလိုက်သော်လည်း သူ့ဘေးက ပေါ်ယွဲ့မင်က အသံနက်ကြီးဖြင့် ပြောလိုက်လေ၏။
“GM က လုပ်ဆောင်နိုင်စွမ်းကိုပဲ အမြဲတန်ဖိုးထားတယ်။ အလုပ်နဲ့ ပတ်သက်တာကလွဲလို့ တခြားကိစ္စတွေအတွက် အလွန်အကျွံ ဆက်သွယ်စရာမလိုဘူး။”
စကားတစ်ခွန်းတွင် သူက ထိုလျှို့ဝှက်စကားလုံးများကို ထုတ်ဖော်လုနီးပါး ဖြစ်ခဲ့သည်။
ဖေးယိက ချက်ချင်းပင် သူ့အပြုံးကို ချုပ်တည်းလိုက်ပြီး သူ့ထပ်အရပ်ရှည်သော ပေါ်ယွဲ့မင်ကို မော့ကြည့်လိုက်သည်။ သူ ပိုကြည့်မိလေ တစ်ဖက်လူက အရမ်းချောတယ်လို့ ခံစားရလေဖြစ်ပြီး သူက ဤလူအား တိုက်ရိုက် လက်မထောင်ပြလိုက်ချင်မိသည်။
ဒါပေါ့….
ဤဂိမ်းပြိုင်ပွဲက ပြင်းထန်သော ခွန်အားအပေါ်သာ မူတည်ပြီး ကောက်ကျစ်သော လှည့်ကွက်များကို မလိုအပ်ပေ။
လေထုက တခဏမျှ အေးခဲသွားတော့သည်။
ခယ့်မင်က “မျက်မမြင်တစ်ယောက်လို” ဝတ်ဆင်ထားသော ပေါ်ယွဲ့မင်ကို မကျေမနပ် အရိပ်အမြွက်တစ်ခုဖြင့် ကြည့်လိုက်သည်။ “ဒီလူကြီးမင်းက ဘယ်သူလဲ မေးလို့ရမလား?”
ယန်စမ်းက သူငယ်ချင်းဖြစ်သူ၏ သရုပ်သကန်ကို မိတ်ဆက်ပေးလိုက်သည်။ “မစ္စတာပေါ်က ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ံ၊ GM ရဲ့ အကြီးတန်းရှယ်ယာရှင်ဖြစ်ပြီး ဒီနေ့ရဲ့ ရင်းနှီးမြှုပ်နှံမှုပြိုင်ပွဲအတွက် ဆုံးဖြတ်ချက်ချမယ့် လူတစ်ဦးပါ။”
“…….”
“…….”
ဤစကားများကျလာသည်နှင့် ခယ့်မင်နှင့် ဖေးဟွမ်တို့၏ အံ့အားသင့်မှုတို့မှာ သူတို့မျက်နှာပေါ်တွင် ပေါ်လာလုနီးပါး ဖြစ်ခဲ့သည်။
ခယ့်မင်၏ မကျေမနပ်မှုက ရုတ်တရက် ပျောက်ကွယ်သွားပြီး ယခုနက သူ၏ မထီမဲ့မြင်ပြုလိုက်သော မေးခွန်းကို နောင်တရသွားခဲ့သည်။ သူ အရင်က ကုမ္ပဏီအကြောင်း သေချာစုံစမ်းခဲ့ပေမယ့် ပေါ်ယွဲ့မင်လို လူတစ်ယောက်ရှိတယ်ဆိုတာ ဘာလို့မသိခဲ့ရတာလဲ?
ကံအားလျော်စွာ သူ ယခုနက ယဥ်ယဥ်ကျေးကျေး ပြောဆိုမိလိုက်လို့ တော်သေးသည်။ မဟုတ်ပါက သူ အနှီလူအား စော်ကားသလို ဖြစ်သွားပေလိမ့်မည်။
ဖေးဟွမ်က သူ့မျက်နှာကို တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားလိုက်ပေမယ့် သူ့ရင်ထဲမှာ ဖော်ပြလို့်မရသော ထိတ်လန့်မှုက ရုတ်တရက်ပေါ်လာခဲ့သည်။
နောက်ဆုံးတစ်ကြိမ်က သူနဲ့ ပေါ်ကွမ်းချန်တို့သည် ကြီးမားသော ပူပေါင်းဆောင်ရွက်မှု တစ်ခုအတွက် ဖေးယိအား စွင်းယဲ့လုံ၏ အိပ်ရာပေါ်သို့ ပို့ရန် ကြိုးစားခဲ့သည်။ ရလဒ်အနေဖြင့် ချင်ယိရွှင်းက သူ့အား ပြင်းထန်စွာ ဝေဖန်စွပ်စွဲခဲ့သဖြင့် သူက ပူးပေါင်းဆောင်ရွက်မှု မအောင်မြင်ခဲ့ပဲ ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ ပေါ်ယွဲ့မင်က သူ့ရဲ့လုပ်ရပ်တွေကိုသိရင် ဒီပြိုင်ပွဲမှာ မျှတတဲ့ အခွင့်အရေးကို ပေးပါ့မလား?
ယန်စမ်းကရော?
သူ ဖေးယိကို ဘာလုပ်ခဲ့လဲ သိပြီးပြီလား? ဒါဆို သူ့အပေါ် အမြင်ပြောင်းသွားပြီလား?
နောက်စက္ကန့်မှာ ယန်စမ်းက ပြောလိုက်သည်။ “ရှန်းနာ့… နှစ်ဖက်လုံးကို ဧည့်ခန်းထဲမှာ နေရာချပေးလိုက်ပါ။ အစည်းအဝေးခန်းထဲမှာ နှစ်နာရီဆိုတာနဲ့ စမယ်။”
ပြောပြီးနောက် သူက သူ့သူငယ်ချင်း၏ ပခုံးကို အသာပုတ်လိုက်သည်။ “ယွဲ့မင်…သွားရအောင်။”
ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ပြပြီး သူ့အနားရှိ ကြောင်ပေါက်လေးကို လျှောက်ပြေးမနေစေရန် တားဆီးရန်အလို့ငှာ လမ်းညွှန်မျက်မှန်အောက်မှ ဖေးယိ၏လက်ကို အတိအကျဆုပ်ကိုင်လိုက်သည်။ “သွားရအောင်။”
ဖေးယိသည် မူလက နေခဲ့ပြီး လီယွမ်၏ အခြေအနေကို ကြည့်ချင်သော်လည်း ပေါ်ယွဲ့မင်၏ တောင်းဆိုချက်ကို လက်ခံခဲ့ကြောင်း သတိရသွားသဖြင့် သူ့မှာ ရွေးချယ်စရာမရှိတော့ပဲ တစ်ဖက်လူ၏ အနောက်ကိုသာ လိုက်သွားခဲ့ရသည်။ လူတစ်စုက အရင်ထွက်ခွာသွားသည်။
ဖေးဟွမ်က ယန်စမ်း၏ ထွက်ခွာသွားပုံကို ကြည့်ပြီး ယခုလို အချိန်မျိုးမှာပင် ပေါ်ယွဲ့မင်ဘေးမှာ ရှိနေသော ဖေးယိအား ကြည့်လိုက်သည်။ သူ၏ အမြဲတမ်းတောက်ပနေသော အပြုံးက တောင့်တင်းအားနည်းလာပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့သည်။
. . . . . .
ကျယ်ဝန်းပြီး တောက်ပသော ဧည့်ခန်းထဲ၌။
နှစ်ဖက်လုံးမှ လူငါးဦးက တစ်ဖက်တည်းမှာထိုင်ဖို့ ရွေးချယ်ခဲ့ပြီး လီယွမ်က သူ၏ သိမ်မွေ့ရှုပ်ထွေးသော ခံစားချက်မှ လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။
သူက သူစီစဥ်လာခဲ့သော စာရွက်စာတမ်းများကို ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ပြီး တင်ပြမည့် အကြောင်းအရာကို ခွဲထုတ်ရန်နှင့် မေ့ကျန်နိုင်သည့် အမှားကွက်လပ်များကို စစ်ဆေးရန် လက်ကျိန်အချိန်လေးကို အသုံးချဖို့ပြင်ခဲ့သည်။
သူ့ဘေးက လို့ယန်က တီးတိုးမေးလိုက်သည်။ “သူဌေးလီ… ရှင့်မှာ စာရွက်စာတန်း အပိုရှိရင် ကျွန်မကိုပြပါ”
“အစ်မယန်.. ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးလို့ နာမည်တပ်ခေါ်လို့ရပါတယ်။ အဲ့ဒီအသုံးအနှုန်းနဲ့ စည်းခြားနေဖို့ မလိုပါဘူး။”
တည်တည်ငြိမ်ငြိမ် ပြောနေစဥ်မှာ လီယွမ်က လို့ယန်နှင့် သက်ဆိုင်သော စာရွက်စာတန်းကို ထုတ်ယူလိုက်ပြီး စာတစ်ကြောင်းကို တမင်တကာ ညွန်ပြလိုက်သည်။ “Will က ဒါကို ခင်ဗျားအတွက် ပြင်ဆင်ပေးဖို့ ပြောခဲ့တယ်။”
– ၎င်းက “နောက်ဆုံးမြူ 1.0” အတွက် ဇာတ်ကြောင်းနှင့် NPCs ဓာတ်ပုံများဖြစ်၏။
လို့ယန်က ဤခေါင်းစဥ်စာကြောင်းကို ကြည့်ပြီးမှ ထူထဲသောစာသားဆက်တင်ကို ကြည့်လိုက်ပြီး သူမမျက်လုံးထဲမှာ တောက်ပသော အပြုံးတစ်ခုပေါ်လာ၏။ “ဒီလူမလာပေမယ့် လာချင်နေတာတော့ သေချာတယ်။”
သူမ ပြောပြီးသည်နှင့် အခန်းထောင့်ဖြတ်မှ ခပ်တိုးတိုးရယ်မောသံ ပေါ်လာလေ၏။ “သူဌေးလီ..မင်းနဲ့မတွေ့တာ ရက်ပိုင်းလောက်ပဲရှိသေးတယ်။ လက်ထောက်အပိုတစ်ယောက်က မင်းဘေးမှာ ဘာလို့ရှိနေတာလဲ? ဒီအမျိုးသမီးက မင်းရဲ့ပါတနာလား?”
စာရွက်စာတမ်းများကို ကိုင်ထားသော လီယွမ်၏ လက်ချောင်းထိပ်များ တင်းကျပ်သွားပြီး သူ့အမူအရာက ကြည့်မကောင်းလှပေ။
လို့ယန်က မယဥ်ကျေးသော နှုတ်ဆက်စကားကို ကြားလိုက်ရပြီး ခယ့်မင်ကို မော့ကြည့်လိုက်သည်။ “ကျွန်မက ဒီမှာလေ့လာဖို့ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦးပါ။ သူဌေးခယ့် စိတ်ဝင်စားဖို့ မလိုပါဘူး။”
“အမှန်ပဲ”
ခယ့်မင်က လို့ယန်ကို ခေါင်းမှခြေဖျားအထိ စစ်ဆေးနေ၏။
ရိုးရှင်းပြီး မှိန်ဖျော့တဲ့ အဝတ်အစားကို ဝတ်ထားတဲ့ သူမက လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ရှိတဲ့ လူတစ်ယောက်နဲ့ တူပါ့မလား? သူက ဒီလိုအမှိုက်ကို ခေါ်လာတာလား? ဒါက “အရုဏ်ဦးကုမ္ပဏီက စွမ်းဆောင်ရည်မရှိဘူး”ဆိုတဲ့ စကားသုံးလုံးကို စားပွဲပေါ်မှာ တင်လိုက်တာ မဟုတ်ဘူးလား?
?
.
ပြီးတော့ ဆုံးဖြတ်ချက်ချမယ့် ပေါ်ယွဲ့မင်ကလည်း ကန်းနေတယ်…
သူတို့က အဝတ်အစားပေါ်မှာ အချိန်ဖြုန်းဖို့မလိုပဲ သူတို့၏ စွမ်းဆောင်ရည်နဲ့သာ စကားပြောဆိုနိုင်သည်။
ခယ့်မင်က တိတ်တဆိတ် ညည်းညူရင်း သူ့မျက်ဝန်းက မထီမဲ့မြင်ပြုနေလေသည်။ “သူဌေးလေးလီ.. နောက်ဆုံးတစ်ခေါက်က ငါပြောခဲ့တာကို တကယ်မစဥ်းစားဘူးလား? ကျရှုံးပြီးမှ အရှက်ရတာထက် အခုလက်လျှော့ထားလိုက်တာ ပိုကောင်းတယ်။”
အများအမြင်တွင် သူတို့မှာ အခြေခံအုတ်မြစ်၊ စွမ်းဆောင်ရည်၊ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အတွင်းမှာတော့ ဖေးယွမ်နှင့် GM ၏ အမှုဆောင်ဒါရိုက်တာ ယန်စမ်းတို့က တက္ကသိုလ်တူသည့် အတန်းဖော်ညီအစ်ကိုများဖြစ်သည်။
ခယ့်မင်က ဖေးဟွမ်၊ ပေါ်ယွဲ့မင်နှင့် ဖေးယိတို့ကြားက ဆက်ဆံရေးကို မသိသေးပေမယ့် အနိုင်ရမည်ဟု ယုံကြည်မှုအပြည့်ရှိနေဆဲပင်။
လီယွမ်က “အောင်နိုင်သူ”လို အမူအရာရှိနေသော ခယ့်မင်ကိုကြည့်လိုက်သည်။ သူက ဖေးဟွမ်၏ ရုပ်သွင်ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရပြီး သူ့ရင်ထဲတွင် ဖော်မပြနိုင်သော မသက်မသာခံစားချက်မျိုး ဖြစ်ပေါ်လာသည်။
သူက တစ်ဖက်သား၏ ရှေ့တွင် အားနည်းချက်ကို မပြချင်တာကြောင့် မောက်မာဟန်ဆောင်လိုက်လေသည်။ “မစ္စတာ… မင်း ကိုယ့်ကိုယ်ကိုပဲ စိတ်ပူပါ။”
ခယ့်မင်က ရယ်မောလိုက်သည်။ “မစ္စတာလီ… မင်းရဲ့ ခေါင်းမာတဲ့စိတ်ဓာတ်ကို တကယ်ပြောင်းလဲဖို့လိုတယ်။”
လီယွမ်က သူ့ကို လျစ်လျူရှုလိုက်သည်။ သူက ဖုန်းပေါ်က အချိန်ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး နှုတ်ဆက်လိုက်သည်။ “အစ်မယန်… ကျွန်တော်အပြင်မှာ လေကောင်းလေသန့် သွားရှုလိုက်ဦးမယ်။”
လို့ယန်က ခေါင်းညိတ်ပြကာ သူ့ကို တိတ်တဆိတ် နှစ်သိမ့်လိုက်သည်။ “ဒီလူဆိုးကြောင့် ယုံကြည်မှုမလျော့စေနဲ့။ ငါ ဒီကို ရောက်နေတဲ့ အကြောင်းအရင်းကို မှတ်မိလား?”
ဒါပေါ့ လီယွမ် မှတ်မိသည်။ သူ့မျက်လုံးက တဖျပ်ဖျပ် ခတ်သွားခဲ့သည်။ “အင်း…”
. . . . . .