Ch 51
Viewers 28k

Chapter 51

အမှုဆောင်ဒါရိုက်တာ၏ ရုံးခန်းတွင်။

ပေါ်ယွဲ့မင်နှင့် ယန်စမ်းအပြင် တရုတ်ပြည်ကို ပြန်ရောက်ခါစ စုန့်စီလည်းရှိသည်။ သူတို့သုံးယောက်က ဂိမ်းပရောဂျက်နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရန် ပူးပေါင်းဆုံးဖြတ်ချက်ချမှာဖြစ်၏။

ပြည်ပစျေးကွက်မှာဖြစ်စေ တရုတ်စျေးကွက်မှာဖြစ်စေ ဤသည်မှာ GM က ဂိမ်းစက်မှုလုပ်ငန်းတွင် ပထမဆုံးအကြိမ် ဆက်သွယ်ပြီး ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ ထို့ကြောင့် ရွေးချယ်မှုလုပ်ဆောင်ရာတွင် ပိုသတိရှိဖို့လိုသည်။

ဖေးယိက ရင်းနှီးမြှုပ်နှံမှု ပရောဂျက်လေးခုအပေါ် သူတို့၏ ခွဲခြမ်းစိတ်ဖြာမှုနှင့် ဆွေးနွေးမှုများကို နားထောင်ခဲ့ပြီး ကြားဖြတ်ပြောချင်သော်လည်း မပြောနိုင်ခဲ့ပေ။ ပျင်းရိလာ၍ သူက ခိုးကြည့်လို့မရသည့် အကာအကွယ်ပုံစံ မှန်တံခါးကိုသာ ကြည့်နေလိုက်သည်။

သိပ်မကြာခင်မှာ သူက ဧည့်ခန်းထဲမှ ထွက်လာသော ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။ ယင်းမှာ လီယွမ်ဖြစ်၏။

ဖေးယိက သူတို့ကောင်တာ၌ ရှိနေခဲ့စဥ် လီယွမ်၏ တိတ်ဆိတ်နေသော တုံ့ပြန်မှုကို တွေးကြည့်လိုက်ပြီး အနည်းငယ် စိတ်ပူလာခဲ့သည်။

“နောက်ဆုံးမြူ”ပရောဂျက်ကို အများအားဖြင့် လီယွမ် တစ်ယောက်တည်းက ရှေ့သို့တွန်းရပေမည်။ အရေးကြီးသော အခိုက်အတန့်မှာ သူက တစ်ဖက်လူ၏ စိတ်ကို တည်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းရှာသင့်သည်။

ဖေးယိက မျက်လွှာချကာ တစက္ကန့်လောက် တုံ့ဆိုင်းနေပြီးမှ ပေါ်ယွဲ့မင်၏ အဝတ်အစားထောင့်ကို နှစ်ကြိမ်ဆွဲလိုက်လေသည်။ “အာ့ကော”

ပေါ်ယွဲ့မင်က မျက်မှန်အောက်မှာ ဖုံးကွယ်နေသော မျက်လုံးထောင့်မှတစ်ဆင့် ဖေးယိအား တစ်ချိန်လုံး အာရုံစိုက်နေခဲ့ပြီး အင်္ကျီစ အဆွဲခံလိုက်ရစဥ် တစ်ခုခုကို သိလိုက်သည်။ “အင်း?”

“ကျွန်တော်…. ကျွန်တော် သန့်စင်ခန်းသွားချင်လို့”


ဖေးယိက သူ့အနားရှိ “အပြင်လူများ”ကို တစ်ချက်ကြည့်ကာ ပါးပြင်တစ်ဝိုက် ရှက်ကိုးရှက်ကန်း နီမြန်းမှုဖြင့် တိုးတိုးလေးပြောလိုက်တာဖြစ်၏။

နှစ်ဆယ်ဝန်းကျင် သူ့လိုလူက သန့်စင်ခန်းသွားဖို့တောင် ခွင့်တောင်းနေရတယ်!

ဆင်ခြေတစ်ခုဖြစ်သည်မှာ မှန်သော်လည်း သူ၏ရှက်ရွံ့မှုကလည်း အမှန်ဖြစ်လေသည်။


ပေါ်ယွဲ့မင်က ၎င်းကိုမြင်ပေမယ့် မည်သည့်စကားမျှမပြောပဲ တမင်တကာ သူ့အကြည့်ကို ရှောင်လွှဲလိုက်သည်။ “ဟုတ်ပြီ… လင်းကျုံး အပြင်ခေါ်သွားပေးလိမ့်မယ်။”

ဤကြောင်ပေါက်လေး သူ့နောက်ကွယ်မှာ ဘာတွေလုပ်မလဲ သူကိုယ်တိုင် လိုက်ကြည့်ချင်ပေမယ့် သူ့လို ဂုဏ်သိက္ခါရှိသည့် ကုမ္ပဏီအမှုဆောင်တစ်ယောက်က သူ့ကို သန့်စင်ခန်းအထိ အဖော်ပြုပေးသည်မှာ ချဲ့ကားလွန်းရာကျပေမည်။


သူ မလာခင် လင်းကျုံးကို သတိပေးထားပြီးသားဖြစ်သည်။

သူ ကိုယ်တိုင် လိုက်မကြည့်နိုင်သော်လည်း တစ်ဖက်လူက ဖေးယိ၏ လှုပ်ရှားမှုတိုင်းကို “ကြီးကြပ်ညွှန်ကြား”ပေးဖို့ ကူညီပေးလိမ့်မည်။

ဖေးယိက ၎င်းကို သတိမထားမိပဲ ပေါ်ယွဲ့မင်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက်မှာ သူက သူ၏ချစ်စရာကောင်းသော အသွင်အပြင်ကို ထိန်းထားက လှည့်ထွက်သွားခဲ့သည်။

တစ်မိနစ်တောင် မကြာခဲ့ပေ။

လင်းကျူံး၏ ညွှန်ကြားမှုဖြင့် ဖေးယိက သန့်စင်ခန်းထဲကို တစ်ယောက်တည်းဝင်သွားခဲ့သည်။ ထင်သည့်အတိုင်းပင် သူက အပြင်ဘက် လက်ဆေးဘေစင်၌ ငြိမ်ငြိမ်လေးရပ်နေသော လီယွမ်ဆီသို့ ပြေးသွားခဲ့လေသည်။

လီယွမ်၏မျက်နှာက ရေဖြင့်ဖုံးလွှမ်းနေသည်။ သူက ယခုလေးတင် မျက်မှာသစ်ထားတာဖြစ်မည်။ သူ့မျက်နှာပေါ်မှာ စုစည်းနေသော ရေစက်များက သူ၏အားငယ်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ရောင်ပြန်ဟပ်နေသည်။

ဖေးယိအား မှန်မှတစ်ဆင့် မြင်လိုက်ရပြီးနောက် သူက တစ်ရှူးအမြန်ဆွဲထုတ်ကာ အေးစက်မာနကြီးသော အပြင်ပန်းအသွင်အပြင်ကို ပြန်လည်ရရှိရန် သူ့မျက်နှာကို သုတ်လိုက်လေသည်။ “ဖေးသခင်ငယ်လေး..မင်းကို ဒီနေ့ ဒီမှာတွေ့မယ်လို့ မထင်ထားဘူး။”

ဖေးယိက သူ့စိတ်ကို မြင်ပေမယ့် ဘာမှမပြောပေ။

လီယွမ်က သူ့ကိုယ်သူ အာရုံစုစည်းရန် ဤနေရာမှာ ခဏလောက်နေမှာကို သူသိတာကြောင့် သူက သီးသန့်ခန်းလေး(အိမ်သာ)ထဲကို အရင်ဝင်သွားလိုက်သည်။

အခန်းတံခါးလေး ပိတ်သွားခဲ့သည်။


လီယွမ်က အသံကြားသောအခါ စိတ်သက်သာရာရသွားသည်။

.

သူက သူ့အိတ်ကပ်ထဲမှာ ယူလာသော စီးကရက်ကိုထုတ်ကာ နှာဖျားထိပ်ကို ပွတ်တိုက်၍ ပေါ့ပေါ့ပါးပါး ရှူသွင်းလိုက်ပြီး သူ့အတွင်းစိတ် မငြိမ်သက်မှုကို ဖြေလျော့ရန် ကြိုးစားနေသည်။

တံခါးအပြင်ဘက်မှ ခြေလှမ်းသံများထွက်လာပြီး အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ထပ်ဝင်လာသည်။


လီယွမ်က မသိစိတ်အလျောက် မျက်လုံးဖွင့်ပြီး လှည့်ကြည့်လိုက်ရာ မထင်မှတ်ပဲ ယန်စမ်းနှင့် အကြည့်ချင်းဆုံသွားလေ၏။ “မစ္စတာယန်…”

“သူဌေးလေး လီ”

ယန်စမ်း၏အကြည့်က စီးကရက်ပေါ်ကို ကျရောက်သွားသည်။

လီယွမ်က သတိထားမိပြီး စီးကရက်ကို မသိစိတ်အလျောက် ဆုပ်ကိုင်ထားလိုက်မိသည်။ “ကျွန်တော်….အထဲမှာ ဆေးလိပ်မသောက်ရမှန်း သိပါတယ်။ အနံ့ခံဖို့ ထုတ်ထားရုံပါ။”

.

ပြောပြီးနောက် သူက သူ့ကိုယ်သူ တုံးအသည်ဟု ခံစားရကာ တိတ်ဆိတ်သွားပြန်သည်။

“ရပါတယ်။”

ယန်စမ်းက သူ့ညာလက်ကို မြှောက်လိုက်သည်။ “ငါ့လက်မှာ မှင်ပေသွားလို့ လာဆေးတာပါ။”

သူက ဘေစင်ဆီသို့ လျှောက်သွားကာ ဖြည်းဖြည်းချင်း လက်ဆေးလိုက်သည်။


လီယွမ်က သူနဲ့ အနည်းငယ်သာ ဝေးသော ယန်စမ်းကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။ သူက ဆက်နေရမလား ထွက်သွားရမလားပင် မသိတော့ပေ။

“သူဌေးလေးလီ… မင်းစိတ်လှုပ်ရှားနေတာလား ဒါမှမဟုတ် ယုံကြည်ချက်မရှိလို့လား?”

“အာ?”


ယန်စမ်းက သူ့လက်ထဲမှာ လက်သန့်ဆေးရည် ထည့်ပွတ်ကာ ချီးကျူးလိုက်သည်။ “ကိုယ် အရုဏ်ဦးဂိမ်းနဲ့ “နောက်ဆုံးမြူ”ရဲ့ အခြေခံအချက်အလက်ကို ဖတ်ခဲ့တယ်။ မင်းရဲ့ဇာတ်လမ်းဆက်တင်တွေက အရမ်းကောင်းပြီး ဖွဲ့စည်းပုံကလည်း ပြီးပြည့်စုံတယ်။”


“GM က ပါတနာတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို အမြဲတန်ဖိုးထားတယ်။ ဒီနေရာမှာ “အနောက်တံခါး” နဲ့ “ကျေးဇူးတရား” တွေကို မြင်ရမှာမဟုတ်ဘူး။”

လီယွမ် အံ့အားသင့်သွားသည်။ “ကျွန်တော်….”

“ယိုမင်က ကိုယ်နဲ့ ဖေးယွမ်ရဲ့ “တက္ကသိုလ်တူ ညီအစ်ကို” ဆက်ဆံရေးကို အသုံးချသွားမှာ မင်းစိတ်ပူနေတာမလား?”


ယန်စမ်းက မှန်ရောင်ပြန်ထဲကနေ သူ့ကို ခပ်ဖွဖွပြုံးပြလိုက်သည်။ “ဒီလိုဆိုရင်.. မင်းနဲ့ကိုယ်ကလည်း တက္ကသိုလ်တူတဲ့ ညီအစ်ကိုတွေပဲမလား?”

“…….”

.

လီယွမ်က ဘယ်လိုပြန်ဖြေရမလဲမသိ၍ သူ့လက်ဖဝါးထဲက စီးကရက်ကို တင်းတင်းဆုပ်ထားလိုက်သည်။

တက္ကသိုလ်တူ ညီအစ်ကိုလို့ သတ်မှတ်မယ်?

နှစ်ယောက်သားက တက္ကသိုလ်မှာ အဆက်အသွယ် မရှိသလောက်ပင်။

ယန်စမ်းက သူ့လက်ကို သန့်စင်အောင် သုတ်လိုက်ပြီး ဘေးလှည့်ကာ သူ့ကိုလက်ဟန်ပြလိုက်သည်။ “လက်ဖွင့်လိုက်။”

“ဘာလဲ?”

.

လီယွမ်က တုံ့ပြန်မှု နှေးကွေးနေသည်။ သူ့ခန္ဓာကိုယ်၏ အသိဉာဏ်က သူ၏ ဆင်ခြင်တုံတရားထက် ပိုကြီးနေ၍ သူက ညာလက်ကို မရေမရာ ဖြန့်လိုက်လေသည်။

“မင်းမှန်တယ်..  ကုမ္ပဏီအတွင်းမှာ ဆေးလိပ်သောက်ခွင့် မပြုထားဘူး။ ဒီတော့ ကိုယ်က ကုမ္ပဏီအစား အဲ့ဒါကိုသိမ်းလိုက်မယ်”

ယန်စမ်းက ရှုံ့တွနေသော စီးကရက်ကိုယူကာ သူ့လက်ဖဝါးထဲမှာ တော်ဖီတစ်လုံး ထည့်ပေးလိုက်လေသည်။ “မင်းရဲ့နှုတ်ခမ်းက နည်းနည်းလေး ေဖျာ့နေပုံပဲ။ သကြားဓာတ်နည်းရင် တစ်ခုစားလိုက်တာကောင်းမယ်။”

“အချိန်ကို အာရုံစိုက်။ အစည်းအဝေးအတွက် နောက်ကျလို့မရဘူး။”

ပြောပြီးနောက် ယန်စမ်းက ရေချိုးခန်းထဲမှ စွေ့ကနဲ ထွက်သွားခဲ့သည်။

ခြေလှမ်းသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

လီယွမ်က သူ့လက်ထဲက တော်ဖီလုံးကိုကြည့်ကာ ခဏလောက်တော့ အသိပြန်မဝင်လာခဲ့ပေ။

ထို့နောက် အိမ်သာခန်းထဲမှ အသံတစ်ခုထွက်ပေါ်လာပြီး ဖြစ်စဥ်တစ်ခုလုံးကို လျှို့ဝှက်နားထောင်နေသော ဖေးယိ ထွက်လာလေသည်။


သူက လီယွမ်၏ အမူအရာကို နောက်တစ်ကြိမ် သတိထားမိလိုက်ပြီး အနှီလူအား ဖျောင်းဖျရန် နည်းလမ်းရှာဖို့ မလိုတော့ဟု ခံစားလိုက်ရသဖြင့် သူက အသံသဲ့သဲ ပြုလိုက်လေသည်။

“အို့~”

ဤရုတ်တရက်အသံံက လီယွမ်ကို တခဏမျှ နေရခက်သွားစေသည်။ “သခင်… ဖေးသခင်ငယ်လေး… မင်းဘာမြင်သွားတာလဲ?”

တစ်ကျော့ပြန် စိတ်ပြန်ကြည်လာနိုင်သည့် လီယွမ်၏စိုးရိမ်ပူပန်မှုကို လုံးလုံးလျှော့ချပေးရန် ဖေးယိက တမင်တကာ စနောက်လိုက်လေသည်။ “သကြားလုံး… ပေးပါ…ကလေးစားစရာ…”

“…….”

လီယွမ်၏ နားရွက်များ တဖြည်းဖြည်း နီလာခဲ့သည်။


ကော်ဖီဆိုင်မှာ ရှိခဲ့စဥ်က သူ ဖေးယိအား ဝေဖန်ရန် ဤအသုံးအနှုန်းကို သုံးကာ လှောင်ပြောင်ခဲ့လေသည်။

လီယွမ်က တော်ဖီလုံးကို သူ့ဝတ်စုံအိတ်ကပ်ထဲ အမြန်ထည့်ကာ မကြိုက်သယောင် ဟန်ဆောင်လိုက်လေ၏။ “သကြားလုံးတစ်လုံးက ဘာလုပ်ရမှာလဲ? မင်းကြိုက်ရင် မစ္စတာပေါ်ကို ဝယ်ခိုင်းလိုက်လေ။”

ဖေးယိက ဟွန်းခနဲ အသံသဲ့သဲ့ပြုလိုက်၏။ သူက သူ့အိတ်ကပ်ထဲက ပေါင်မုန့်အသေးလေးတစ်ထုပ်ကို ထုတ်ပြီး တစ်ဖက်လူကိုပေးလိုက်သည်။ ၎င်းကို သူ ယခုလေးတင် ကုမ္ပဏီ၏ မုန့်တန်းမှ ဝယ်လာတာဖြစ်၏

တခြားလူတွေမသိပေမယ့် Will တစ်ဖြစ်လဲ ဖေးယိက ကောင်းကောင်းသိသည်–


လီယွမ်က မနက်အစောပိုင်းတွင် စာရွက်စာတမ်းများကို ပြန်စစ်ဆေးခဲ့ပြီး နေ့လည်မှာ လို့ယန်ကို သွားကြိုခဲ့ရသည်။ သူ မစားရသေးတာဖြစ်နိုင်သည်။ မဟုတ်လျှင် သူ့နှုတ်ခမ်းအရောင်က ဤမျှလောက် ဖြူဖျော့နေမည်မဟုတ်ပေ။

“ပေးတာ…ဗိုက်မဆာဘူး။”

“……..”


လီယွမ်က သူ့ကိုပေးလာသော ပေါင်မုန့်ကိုကြည့်ကာ ဖေးယိအပေါ် ချစ်ခင်စိတ်က အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်။

သူက ဤကြင်နာမှုကို ဖြည်းဖြည်းချင်းလက်ခံလိုက်ပြီးမှ နေရခက်စွာ ချောင်းဟန့်၍ စကားလွှဲလိုက်သည်။ “ဒီလိုဆိုရင်ရော.. ငါဒီနေ့ပြိုင်ပွဲမှာ အနိုင်ရရင် မင်းကို ကိတ်မုန့်ဝယ်ကျွေးမယ်။”

မည်သို့ပင်ဖြစ်စေ နောက်ဆုံးတစ်ကြိမ်က ကော်ဖီိဆိုင်တွင် တစ်ဖက်လူက သူ့ဒုက္ခတွေကို ငြိမ်ငြိမ်လေး နားထောင်ပေးခဲ့ပြီး အအေးတစ်ခွက်နှင့် ကိတ်မုန့်တစ်ပိုင်းကိုပင် ဝယ်ကျွေးခဲ့သည်။

လီယွမ်က ဖေးယိအပေါ် ထင်မြင်ချက်ကောင်းရှိတာကြောင့် ဤအသေးအမွှားလေးအတွက် ကျေးဇူးကြွေးမတင်ချင်ပေ။

ဖေးယိက ဖြန့်ကားထားသော သူ့လက်ဖဝါးကို မြှောက်ပြပြီး ကိတ်မုန့်နှင့် ဤပူးပေါင်းမှုကို အမှန်တကယ် သဘောကျသယောင် ပြုံးပြလိုက်သည်။ “အောင်မြင်ပါစေ”

လီယွမ်၏နှလုံးသားက စိုးရိမ်ပူပန်မှု လုံးဝမရှိတော့သလို တစ်ဖက်လူက အရူးလေးဖြစ်သော်လည်း သူက သူ့ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံဖို့ ဆန္ဒရှိသည်။

သူက ဖေးယိ၏လက်ကို ပြန်ဆွဲကာ ခါယမ်းလိုက်ပြီး ရှားရှားပါးပါး အပြုံးတစ်ခု ပေးလိုက်သည်။ “သဘောတူလိုက်ပြီနော်။ ငါ မင်းရဲ့ကောင်းချီးကို ငှားမယ်။”

. . . . . . .

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နာရီထိုးသွားခဲ့သည်။

ဖေးယိက ပေါ်ယွဲ့မင်နောက်ကနေ သီးသန့်အစည်းအဝေးခန်းကို နာနာခံခံလိုက်သွားပြီး ထိုင်ချလိုက်သည်။

သက်ဆိုင်ရာ ဝန်ထမ်းများက မှတ်စုစာအုပ်နှင့် ပစ္စည်းများကိုသယ်ကာ တစ်ယောက်ပြီးတစ်ယောက် ဝင်လာခဲ့သည်။


လက်ထောက်လင်းကျုံးက တံခါးဖွင့်လိုက်ပြီး အခန်းထဲဝင်ကာ စားစရာအိတ်သုံးလုံးနှင့်အတူ ဖေးယိဆီသို့ လျှောက်သွားလိုက်သည်။ “သခင်ငယ်လေး… ကြည့်ပါဦး! ဖျော်ရည်…ပူတင်းနဲ့ ကြက်ဥမုန့်…”

လင်းကျုံးက ပြောပြီးသည်နှင့် မုန့်အချိုများကို ဖေးယိရှေ့မှာ ရတနာလေးများသဖွယ် တစ်ခုချင်းချပေးလိုက်ပြီး အဆုံးမှာ ပြောလိုက်ဖို့လည်း မမေ့ခဲ့ချေ။

“သူဌေးပေါ်က ဝယ်ပေးခိုင်းလိုက်တာ”

“…….”

ဖေးယိက သူ့ရှေ့ရှိ သူကြိုက်သော မုန့်အချိုအတန်းလိုက်ကို ကြည့်ကာ စားချင်စိတ်တွေ ပြင်းပြနေပေမယ့် တစ်ချိန်တည်းမှာ မယုံကြည်နိုင်ဖြစ်နေ၏။

ဒီလိုအရေးကြီးတဲ့အချိန်မှာလေ?


သူ့စားဖို့အတွက် မုန့်တွေနဲ့ ဖွထားတာလား?


ဒါသင့်တော်ရဲ့လား? မသင့်တော်ဘူးလေ….

၎င်းကိုစဥ်းစားကာ ဖေးယိက သူ့ဘေးရှိ ပေါ်ယွဲ့မင်ကို ကြည့်ပြီး နားမလည်နိုင်သလို မျက်တောင်ခတ်လိုက်၏။ “အာ့ကော?”


ပေါ်ယွဲ့မင်က ဤချစ်စရာကောင်းသော ပုံစံကိုကြည့်ကာ လေးနက်ဟန်ဆောင်လိုက်သည်။ “ခဏနေရင် ငြိမ်ငြိမ်လေး ထိုင်စားနေ။ စကားမပြောသင့်တဲ့အချိန်မှာ မဆူညံနဲ့။”

“…….”


ကောင်းပြီလေ….


အရူးလေးက အဓိပ္ပါယ်မရှိတာတွေ ပြောမှာစိုး၍ သူက သူ့ပါးစပ်ကို မုန့်အချိုတွေနဲ့ ကြိုပိတ်ထားတာဖြစ်နေသည်။

ဖေးယိက ဤအမိန့်ကိုလက်ခံပြီး ပြန်မဖြေခင်မှာ အချိန်အတော်ကြာသည်အထိ တမင်တကာ မတုံ့ပြန်ခဲ့ပေ။ “အို့”

ပေါ်ယွဲ့မင်က တိုးတိုးလေးပြောကာ အချက်ပြလိုက်သည်။ “လက်ဖြန့်လိုက်”

“ဟမ်?”

ပေါ်ယွဲ့မင်က ထပ်ပြောလိုက်သည်။ “လက်ဖြန့်လိုက်”

ဖေးယိက နားမလည်တာကြောင့် တဖြေးဖြေး ရောက်လာကြသော ဝန်ထမ်းများကို တစ်ချက်ကြည့်ကာ စားပွဲအောက်၌ ဖြည်းဖြည်းချင်း လက်ဖြန့်လိုက်သည်။


ပေါ်ယွဲ့မင်က သူ၏ဆုပ်ထားသော ညာလက်ဖြင့် လက်လှမ်းကာ ဖေးယိ၏ လက်ဖဝါးတည်နေရာကို မမြင်နိုင်သလို ဟန်ဆောင်လိုက်သည်။ “ဒီဘက်တိုး….”

“……”

ပို၍ပင် နားမလည်နိုင်ဖြစ်လာသော ဖေးယိက ကြောင်ပေါက်လေး လက်သည်းဖြင့် စူးစမ်းနေသည့်အလား ပေါ်ယွဲ့မင်၏ လက်သီးဆုပ်လေးဆီသို့ လက်ဖဝါးဖြန့်ကာ လက်ချောင်းထိပ်များဖြင့် အသာလေး ထိလိုက်လေသည်။

ညင်သာသော တရှဲရှဲအသံလေး ထွက်လာသည်။

တော်ဖီသကြားလုံး ခုနှစ်လုံး ရှစ်လုံးက သူ့လက်ဖဝါးထဲကို တစ်ပြိုင်နက်တည်း ကျလာခဲ့သည်။

“…….”

ဖေးယိက ကြောင်စီစီဖြစ်သွား၏။ ပေါ်ယွဲ့မင် ဤသကြားလုံးများကို ဘယ်ကရလာလဲ သူမသိပေ။

ပေါ်ယွဲ့မင်က ထိပ်မှာ မေးခွန်းသင်္ကေတတစ်ခု ထောင်နေသော ဖေးယိ၏ ခေါင်းလုံးလုံးလေးကို ကြည့်လိုက်ပြီး မျက်မှန်အောက်မှာ ဝှက်ထားသော သူ့မျက်ဝန်းက ပို၍ပင် ပြုံးလာခဲ့သည်။

သူက သူ့လက်ကို အေးအေးဆေးဆေး ပြန်ရုတ်လိုက်ပြီး တိုးတိုးလေး ရှင်းပြလိုက်သည်။ “သိမ်းထားလိုက်… နောက်ဆို စားချင်လာရင် သူများဆီကမတောင်းနဲ့။”

ဟမ်?

သူ သကြားလုံးလိုချင်တယ် ပြောခဲ့လို့လား?

ဖေးယိက သန့်စင်ခန်းထဲမှ သူ၏ပေါ့ပေါ့တန်တန် နောက်ပြောင်မှုကို တခဏမျှ မေ့သွားခဲ့သော်လည်း ဤတော်ဖီများကို သူ့အိတ်ကပ်ထဲ ရိုးရိုးသားသား ထည့်လိုက်သေးသည်။ သူ ဤသကြားလုံးကိုတော့ အလကားပေးပစ်မှာ မဟုတ်ပေ။


အနောက်ဘက်မှာ ထိုင်နေသော လက်ထောက်လင်းကျုံးက ဤမြင်ကွင်းကိုကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်လေသည်။

သူ သန့်စင်ခန်းအပြင်ဘက်မှာ ညွှန်ကြားပေးနေစဥ် သူက လီယွမ်ဆီမှာ သကြားလုံးတောင်းတာ မအောင်မြင်လိုက်သော ဖေးယိ၏အသံကို ကြားခဲ့ရသဖြင့် သူပြန်ရောက်လာသည့်အခါ ဤကိစ္စကို ပေါ်ယွဲ့မင်ထံ အစီရင်ခံခဲ့သည်။

ရလဒ်ကလား?

၎င်းကိုကြားသည်နှင့် မစ္စတာပေါ်က ကော်ဖီလက်ဖက်ရည်ဖျော်သည့် ရေဘားမှ ကော်ဖီဖျော်ရန်သုံးသော သကြားလုံးများကို တိုက်ရိုက်သွားယူခဲ့လေသည်။

ဟုတ်တယ်…တစ်လုံးတောင် မကျန်တော့ဘူး!