Ch 52
Viewers 28k

Chapter 52


အစည်းအဝေးခန်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပြည့်နေသည်။

စုန့်စီ၊ ယန်စမ်း၊ ပေါ်ယွဲ့မင်နှင့် ဖေးယိတို့က ရှေ့ဆုံးတန်းရှိ အဓိကခုံများမှာ ထိုင်နေပြီး ခယ့်မင်နှင့် လီယွမ်က သူတို့၏ သက်ဆိုင်ရာအဖွဲ့ကို ဦးဆောင်ကာ ဒုတိယတန်းရှိ ဘယ်နှင့် ညာတစ်ဖက်တစ်ချက်ဆီမှာ ထိုင်လိုက်သည်။

ယန်စမ်း၏လက်ထောက်ဖြစ်သူ ရှန်းနာ့က ပြိုင်ပွဲလုပ်ငန်းစဥ်အတွက် တာဝန်ယူထားသည်။ သက်ဆိုင်ရာ ပရောဂျက် ကိရိယာများ ဖွင့်ထားကြောင်း အတည်ပြုပြီးနောက်မှာ သူမက အဖွဲ့နှစ်ဖွဲ့လုံး၏ တာဝန်ရှိသူများကို မေးလိုက်လေသည်။ “ဘယ်ဘက်က အရင်စချင်လဲ?”

ခယ့်မင်က ဖော်ရွေသော သဘောဖြင့် ပထမနေရာကို စွန့်လွှန်ရန် လက်ဟန်ပြလိုက်သည်။ “သူဌေးလေးလီ… အရင်ဆုံးသွားမလား?”

လီယွမ်က နံပါတ်စဥ်ကို ဂရုမစိုက်ပေ။ သူ မြန်မြန်ပြောပြီးလေ သူ့အတွင်းစိတ်၏ စိုးရိမ်ပူပန်မှုက အမြန်သက်သာလေဖြစ်သည်။

သူက သူ့ဘေးရှိ လို့ယန်နှင့် အကြည့်ချင်းဖလှယ်လိုက်ပေမယ့် ခယ့်မင်ကို အာရုံစိုက်ဖို့ စိတ်မဝင်စားပေ။ သူက ရှန်းနာ့ဘက်ကိုသာ လှည့်ကြည့်ပြီး ပြောလိုက်လေ၏။ “ငါတို့အရင်သွားမယ်။”

“ကောင်းပါပြီ။”

လျစ်လျူရှုခံလိုက်ရသော ခယ့်မင်က မကျေနပ်မှုကို သိပ်မပြသခဲ့ပေ။ ကြိုတင်ပြင်ဆင်ချိန် တစ်ပတ်ကျော်ကာလအတွင်း သူက သတင်းကို လျှို့ဝှက်စုံစမ်းရန် အရုဏ်ဦးဂိမ်းသို့ လူတွေစေလွှတ်ခဲ့သည်။

လီယွမ်၏ “နောက်ဆုံးမြူ” ပရောဂျက်က အပြင်လူများနှင့် လက်တွဲထားသည့် ဂိမ်းတစ်ခုဖြစ်ပုံရပြီး ကုမ္ပဏီက ၎င်းအတွက် ပြင်ဆင်မှုတစ်စုံတစ်ရာ မလုပ်ရသေးပေ။


ယခင်ကနဦးစီစစ်မှုမှ အကဲဖြတ်လျှင် လက်ရှိ သူတို့မှာ သဘောတရားဇာတ်ကြောင်း တစ်ခုသာရှိပြီး ဇာတ်ကောင်ရုပ်ပုံနှင့် ဂိမ်းမော်ဒယ်ကိုပင် မသတ်မှတ်ရသေးပေ။

သူတို့က ရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်ဖို့ ဒီမရင့်ကျက်တဲ့ဂိမ်းကို ဆွဲထုတ်လာရဲတာလား? လက်ထဲမှာဘာမှမရှိပဲ အကျိုးအမြတ်ရဖို့ ကြိုးစားနေတာလား?

သူတို့၏ ယိုမင်စတူဒီယိုမှ ထုတ်လုပ်သော “သားရဲဂြိုလ်သား” က ပေါ်လွင်နေမယ်လို့ ခယ့်မင်က အလွန်ယုံကြည်မှုရှိသည်။ ထို့ကြောင့် ၎င်းကို နောက်ဆုံးအနေအထားတွင် ချပြခြင်းက သဘာဝကျလေသည်။

နှိုင်းယှဥ်ကြည့်မှသာလျှင် အားသာချက်များနှင့် အားနည်းချက်များကို ထင်ဟပ်စေနိုင်မည် ဖြစ်၏။ ဤဂိမ်းက သူတို့အားလုံးကို နင်းခြေပစ်လိမ့်မည်။

ခယ့်မင်က ဤပြိုင်ပွဲ၏ရလဒ်ကို မြင်လိုက်ရပြီး သူ့မျက်လုံးထဲမှာ ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။

ရုတ်တရက် သူက မထင်မှတ်ထားသော အကြည့်တစ်ခုနှင့် ဆုံတွေ့သွားလေ၏။

ဖေးယိက စားပွဲပေါ်မှာ တံတောင်ဆစ်ဖြင့် လက်ထောက်ထားကာ သူ့လက်ပေါ်၌ မေးစေ့ကို တင်ထားလေသည်။ အပြစ်ကင်းပြီး အန္တရာယ်ကင်းသော မျက်လုံးတစ်စုံက အရာအားလုံးကို မြင်နိုင်ပုံရပြီး အေးစက်သော အလင်းတန်းတစ်ခုက သူတို့ကို ဦးတည်လျက် ဖြတ်သွားလေသည်။

“…….”


ခယ့်မင်၏ နှလုံးသားက ရုတ်တရက် တုန်ယင်လာသည်။

သူ တုံ့ပြန်နိုင်သွားသည့် အချိန်တွင် ဖေးယိက စားပွဲပေါ်ရှိ အစာပြေမုန့်များကို လက်ချောင်းထိပ်များဖြင့် ရေတွက်လျက် ကြောင်တောင်တောင် အပြုံးလေးတစ်ခုဖြင့် ငြိမ်ငြိမ်လေးထိုင်နေလေသည်။


ယခုလေးတင် အကြည့်ချင်းဆုံသွားတာက သူ၏ အထင်မှားမှုသာ ဖြစ်နေပုံပင်။

“ဖာ့ခ်”

အရူးတစ်ယောက်ဆီမှ အကြည့်တစ်ချက်ကြောင့် ထိတ်လန့်သွားရသည်ကို စဥ်းစားကာ ခယ့်မင်က အံကြိတ်ကာ တိုးတိုးလေးကျိန်ဆဲလိုက်သည်။

သူ့ဘေးက ဖေးဟွမ်က သူ၏ မူမမှန်မှုကို သတိထားမိပြီး တိုးတိုးလေး မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ?”


ခယ့်မင်က ငုံ့ကိုင်းကာ တိုးတိုးလေးပြောလိုက်၏။ “မင်းရဲ့ အရူးဝမ်းကွဲနဲ့ ပေါ်ယွဲ့မင်က လက်ထပ်ခါစ မဟုတ်ဘူးလား? ဒီလိုအရေးကြီးတဲ့ပွဲမှာ သူ့ကိုဘာလို့ခေါ်လာတာလဲ?”

ယခုလေးတင် ဧည့်ခန်းထဲ၌ သူက ပေါ်ယွဲ့မင်နှင့် ဖေးယိတို့ကြားက သရုပ်သကန်နှင့် ဆက်ဆံရေးကို အကြမ်းဖျင်းနားလည်ခဲ့သည်။

(သရုပ်သကန်က Identity ဆိုတဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောတာပါ)

ဖေးဟွမ်က ခေါင်းခါပြကာ ရှေ့ဆုံးတန်းကို ကြည့်လိုက်သည်။

သူ ၎င်းကို မည်သို့မည်ပုံ ဖော်ပြရမည်ကို မသိပါပေ။ သူ ဓာတ်လှေကားထဲက ထွက်ပြီး ပေါ်ယွဲ့မင်နှင့် ဖေးယိကို မြင်ခဲ့ရသည့် အခိုက်အတန့်တွင် သူ့ရင်ထဲမှာ မသက်မသာဖြစ်ခဲ့ရသည်။

“ခယ့်မင်… အမှန်အတိုင်းပြောပါ။ ဒီပြိုင်ပွဲမှာ ပြဿနာရှိနေတာလား?”

ခယ့်မင်က အခိုင်အမာဆိုသည်။ “မရှိပါဘူး။ ငါ ယိုမင် စတူဒီယိုကို တည်ထောင်ခဲ့တာကြာပြီ။ ဘယ်တုန်းက ရှူံးဖူးလို့လဲ?”


ဝေးလံသော ဘေးဘက်ခြမ်းမှာ ထိုင်နေသည့် ရှန်းနန်ရှန့်က သူတို့နှစ်ယောက်ကြားရှိ ဆွေးနွေးမှုကို တိတ်တိတ်လေး နားထောင်နေသည်။ သူ့မျက်လုံးထဲမှာ တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခု ရှိနေပေမယ့် သူက အမြန်ချုပ်တည်းထားလိုက်သည်။

သူ့ထိုင်ခုံမှာ သူထိုင်နေသော ဖေးယိက ခယ့်မင်၏ ဆူညံသံကိို လျစ်လျူရှုလိုက်သည်။ သူက စာရွက်စာတမ်းများ ဖြန့်ဝေပြီး  အကြောင်းအရာကို တင်ပြဖို့ရန် ပြင်ဆင်ဆောင်ရွက်နေသော လီယွမ်ကိုကြည့်လိုက်ပြီး အရင်သွားလိုက်တာက အကြံကောင်းဖြစ်သည်ဟု ထင်လိုက်မိသည်။

တကယ်တော့ တူညီသော နောက်ခံဆက်တင်ကြောင့် ပထမဆုံးထင်မြင်ချက်က ပိုအရေးကြီးလေသည်။ တစ်ဖက်လူ တင်ပြချင်သော သတ္တဝါများ၏ ပုံသဏ္ဍန်နှင့် ပတ်သက်၍ “မထင်မှတ်ထားသော အံ့အားသင့်စရာများ” ထွက်ပေါ်လာနိုင်သည်။

ထိုအတွေးဖြင့် ဖေးယိက ဖျော်ရည်တစ်ငုံသောက်လိုက်သည်။

ချိုချဥ်လေး~

သူ့အကြိုက်ဆုံး ဝိုင်နီလောက်မကောင်းပေမယ့် ကော်ဖီထက်တော့ ပိုကောင်းတယ်မလား? အရမ်းကောင်းတယ်!

ပေါ်ယွဲ့မင်က ဖေးယိ၏ လှုပ်ရှားမှုတိုင်းကို မျက်လုံးထောင့်မှ စောင့်ကြည့်နေသည်။ ဖျော်ရည်သောက်နေသည့် ဆူညံသံကို ကြားပြီးနောက် သူက အာရုံပျက်သွား၍ တိုးတိုးလေး မေးလိုက်လေသည်။ “အရသာရှိလား?”

ဖေးယိက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။ သူက ယခင်တစ်ခေါက် စားသောက်ဆိုင်မှာ ပေါ်ယွဲ့မင် သောက်ခဲ့သော ဖျော်ရည်တစ်ခွက်ကို သတိရသွားပြီး သူ့အစားအစာကို စိုးရိမ်တကြီး ကာကွယ်သယောင် ဟန်ဆောင်လိုက်သည်။ “မပေးဘူး…အာ့ကော”

ပေါ်ယွဲ့မင်က သူ၏သရုပ်ဆောင်မှုနှင့်အတူ ပူးပေါင်းပေးလိုက်သည်။ “အင်း… မင်းပဲ အကုန်သောက်ပါ။”

မိနစ်ဝက်မပြည့်ခင်မှာ အဆင်သင့်ပြင်ပြီးသော လီယွမ်က အဖွင့်စကားပြောလိုက်သည်။ “ကောင်းသောနေ့လည်ခင်းပါ… အားလုံးပဲ… ကျွန်တော်က “နောက်ဆုံးမြူ”ဂိမ်းရဲ့ ပရောဂျက်ခေါင်းဆောင်ပါ။”

“နောက်တစ်ခုကတော့ “နောက်ဆုံးမြူ”ရဲ့ အဓိကယှဥ်ပြိုင်နိုင်စွမ်းနဲ့ စျေးကွက်မြှင့်တင်ရေး အစီအစဥ်ကို အသေးစိိတ်ပြောပြမှာဖြစ်ပြီး အနာဂတ်မှာ ပါဝင်လာနိုင်တဲ့ ရင်းနှီးမြှုပ်နှံရေး လမ်းကြောင်းကို အကျဥ်းချုပ်ရှင်းပြသွားပါမယ်။”.

လီယွမ်၏အသံက အေးစက်သည့်ဘက်သို့ သွားသည်။ မိုက်ခရိုဖုန်း၏ အသံထွက်ကြောင့် ၎င်းက ဤအချိန်အခါမျိုးအတွက် အလွန်သင့်လျော်သော လေးနက်မှုကို ဖြစ်ပေါ်စေသည်။

“နောက်ဆုံးမြူ”၏ နောက်ခံဆက်တင်က အများကြီး မပြောင်းလဲသွားသော်လည်း ကစားသမား၏ ရွေးချယ်မှုကို တိုးမြှင့်ပေးရန် ကမ္ဘာ့ဗီသုကာပညာရှင်တစ်ယောက်အဖြစ် ဖေးယိက “ဂိမ်းဇာတ်လိုက်”ကို ကာရိုက်တာတစ်ခုဆီမှ နောက်ခံမတူသော ကာရိုက်တာခြောက်ခုအဖြစ် ချဲ့ထွင်ထားခဲ့သည်။

ထိုထဲတွင် မြေပြင်အနေအထား၊ လက်နက်များ၊ အနီးကပ်တိုက်ပွဲများနှင့် အကျွမ်းတဝင်ရှိပြီး လေးနက်၍ စွမ်းဆောင်ရည်ရှိသော အငြိမ်းစားယူ အထူးတပ်သားအရာရှိတစ်ယောက်…..

ဓာတုလက်နက်အမျိုးမျိုး၏ စွမ်းအားနှင့် အကျွမ်းတဝင်ရှိသော သေသပ်တိကျသည့် အရည်အချင်းရှိ သိပ္ပံပညာရှင်တစ်ယောက်။

စိတ်ပိုင်းဆိုင်ရာ ဂဏန်းသင်္ချာစွမ်းရည်နှင့် ယုတ္တိစွမ်းရည်အရှိဆုံးဖြစ်သည့်  ထက်မြက်ရဲရင့်သည့် စာရင်းကိုင်တစ်ယောက်… 


တိုက်ခိုက်မခံရပဲ သတ္တဝါများနှင့် အလွယ်တကူ ဆက်ဆံပြောဆိုနိုင်ပြီး ဖြူစင်ဖော်ရွေသော ချစ်စရာကလေးတစ်ယောက်။

တစ်ခုခုဖြစ်လာသည့်အခါ ရှက်ကြောက်ပြီး သတ္တှိမရှိပေမယ့် ဗဟုသုတများပြီး အတိကျဆုံး ဆဋ္ဌမအာရုံရှိသည့် လူချမ်းသာတစ်ဦးပါဝင်သည်။

လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး ဇာတ်ကောင်တစ်ခုမှာ ရောဂါပိုးကူးစက်ခံထားရသော လူသားဖုတ်ကောင်ဖြစ်၏။ နီရဲသော မျက်လုံး၊ ဖြူဖျော့သော အသားအရေ၊ သွေးစိမ်းများနှင့်အတူ သူက သွေးဆာပေမယ့် ချုပ်တည်းနိုင်သည်။ သူက လူသားတစ်ယောက်၏ အခြေခံတွေးခေါ်မှုကို ထိန်းသိမ်းထားပေမယ့် သူမသေဆုံးခင်က မှတ်ဉာဏ်ကို မေ့သွားခဲ့သည်။

ဤကွဲပြားသော ဇာတ်ကောင်ခြောက်ခုက ခွဲပြားသော အရည်အချင်းများကို ကိုယ်စားပြုပေမယ့် သူတို့က တစ်နေရာထဲမှ စတင်မှာဖြစ်ပြီး သူတို့၏ပထမဆုံးပန်းတိုင်က တူတူပင်ဖြစ်၏။–

ဇွန်လ ၁၆ရက်နေ့မတိုင်ခင်မှာ တရုတ်နိုင်ငံရဲ့ နံပါတ်တစ် မြေအောက်မြို့တော်ကို ရောက်ရမယ်…

“နောက်ဆုံးမြူ 1.0” က တစ်ဦးတည်းခံစားရသည့် လယ်ဗယ်မျိုးစုံဂိမ်းဖြစ်သည်။ ကိရိယာမျိုးစုံကို ရရှိနိုင်ပြီး ကတ်ဖွဲ့စည်းရာမှာ အသုံးပြုရမည်ဖြစ်သည်။ စွန့်စားရမည့် အကျဥ်းခန်းများကိုတော့ ခြောက်ဆင့်ခွဲထားလေသည်။

ယေဘုယျအားဖြင့် ထုတ်လုပ်ရေးအခက်အခဲသည် မိုဘိုင်းဂိမ်းများနှင့် ဝဘ်ဂိမ်းများထက် အတော်လေးနည်းပေမည်။ ကနဦးရင်းနှီးမြှုပ်နှံမှုက စတင်ခြင်းရန်ပုံငွေ အများကြီးမလိုအပ်ပေ။ ဆာဗာလိုအပ်မှုက မြင့်မားခြင်းမရှိပဲ အဓိက အာရုံစိုက်ရမှာက စျေးကွက်လမ်းကြောင်း ကျယ်ပြောလာဖို့ဖြစ်သည်။

ဗားရှင်း 1.0 အဆင်ပြေချောမွေ့သွားလျှင် 2.0 ၏ မော်ဒယ်ချဲ့ထွင်မှုများနှင့် ပြုပြင်မွမ်းမံမှုများကို သုံးလအတွင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် အတွင်းပိုင်းစမ်းသပ်မှု၊ လူထုစမ်းသပ်မှုနှင့် တရားဝင်မိတ်ဆက်မှုအပြီးမှာ 

ကစားသမားများက ဗားရှင်း 1.0 မှ သူတို့၏အောင်မြင်မှုများကို ဗားရှင်း 2.0 သို့ပေါင်းစည်းရန် ရွေးချယ်နိုင်ပေမည်။

လီယွမ်က ကောင်းကောင်းကြိုတင်ပြင်ဆင်လာပြီး ဟာကွက်များရှိနေလျှင်ပင် ၎င်းတို့ကို “Will”မျက်နှာဖုံးနှင့် ဖေးယိက တင်းတင်းကျပ်ကျပ် ဖာပေးလိမ့်မည်။

သူက တက္ကသိုလ်တွင် ရင်းနှီးမြှုပ်နှံမှု မေဂျာကို အပြည့်အဝသင်ယူခဲ့သည်။ ပြင်ပတိုးချဲ့မှုနှင့် ဂိမ်း၏ အတွင်းပိုင်းအဆင့်မြှင့်တင်မှုများတွင် သူက အရှင်းလင်းဆုံးနှင့် ကျစ်လျစ်မှုအရှိဆုံးပမာဏကို အထောက်အကူပြု အကြောင်းအရာအဖြစ် ပူးတွဲထားခဲ့သည်။

သူတို့၏ မလုံလောက်သော လက်ရှိနည်းပညာအဆင့်ကို ထည့်မစဥ်းစားလျှင်ပင် ၎င်းက တခြားသောရှုထောင့်များတွင် ပြီးပြည့်စုံလုနီးပါးဖြစ်၏။

လီယွမ် ပြီးသွားလို့ အောက်ဆင်းလာသည့်အခါ ဖေးယိက “အရူးဟန်ဆောင်ခြင်း” မျက်နှာဖုံးကိုသုံးပြီး စိတ်ပါလက်ပါ ချီးကျူးခဲ့လေသည်။

သူ ပေါ်ပေါ်ထင်ထင် မကူညီပေးနိုင်သော်လည်း အနည်းဆုံးတော့ နောက်ကျကျန်ရစ်ခဲ့လို့ မဖြစ်ပေ။

“…….”

ပေါ်ယွဲ့မင်က သူ့ဘေးရှိ ကြောင်ပေါက်လေး၏ လက်ခုပ်တီးသံကို ကြားသောအခါ တမင်တကာ ကျီစယ်လိုက်လေသည်။ “မင်း ဂိမ်းကိုနားလည်လို့လား? အဲ့လောက် အကျယ်ကြီးတီးနေတာ။ လက်တွေနာသွားဦးမယ်။”

အပေါ်ယံတွင် ဖေးယိက ခေါင်းခါပြကာ မည်သည့်စကားမျှ မပြောခဲ့သော်လည်း ရင်ထဲမှာ ခေါင်းမော့ထားလေသည်။

ဂိမ်းနဲ့ ဇာတ်ကွက်ရဲ့ သခင်တစ်ယောက်အနေနဲ့ သူက နားမလည်ပဲနေပါ့မလား?

အဲ့ဒါက လုံးဝအံ့မခန်းပဲ!


ဖေးယိက ဤဂိမ်းအတွက် မဲဆွယ်တာနှင့်ပတ်သက်ပြီး ကိစ္စမရှိဘူးလို့ ထင်တာကြောင့် သူက ပေါ်ယွဲ့မင်၏ အဝတ်အစားထောင့်ကို ဆောင့်ဆွဲကာ “အနောက်တံခါး”မှ ခိုးဝင်ဖို့ ကြိုးစားလိုက်သည်။ “အာ့ကော… ဒီတစ်ခုကကောင်းတယ်။”

ပေါ်ယွဲ့မင်၏ စိတ်ထဲတွင် ကိုယ်ပိုင်သုံးသပ်ချက်များရှိသည်။

သို့သော် တကယ်တမ်းမှာ ၎င်းသည် ကုမ္ပဏီလုပ်ငန်းဖြစ်ပြီး နှစ်ဖက်ကြားရှိ နှိုင်းယှဥ်မှုကို တရားဝင် မတင်ပြနိုင်ခင်မှာ သူ ပြတ်ပြတ်သားသား ဆုံးဖြတ်လို့မရပေ။

“ငါသိပြီ…လိမ်လိမ်မာမာနေ။”

နောက်ဆုံးစကားလုံးငါးလုံးကို ပြောခဲ့သည်မှာ ညင်သာလွန်းတာကြောင့် ၎င်းတို့တွင် အလိုလိုက်ချော့မော့မှု အရိပ်အယောင်ပါနေသလိုပင်။

ဖေးယိ၏နားရွက်များက နီရဲလာသည်။ သူက ချက်ချင်းပင် အအေးတစ်ငုံသောက်ကာ နာနာခံခံ စကားပြောရပ်လိုက်လေသည်။

ယန်စမ်း၏လက်ထောက်က မတ်တပ်ထရပ်ပြီး လက်ဟန်ပြလိုက်သည်။ “မစ္စတာခယ့်… ရှင့်အလှည့်ရောက်ပါပြီ။”

ခယ့်မင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေးက ရှန်းနန့်ရှန့်ကို စင်ပေါ်အတူတက်ရန် အချက်ပြလိုက်သည်။ သူ့ထိုင်ခုံမှ မထွက်ခွာခင်မှာ သူက တည်ငြိမ်ပြီး ယုံကြည်မှုပြည့်နေသော အမူအရာဖြင့် သူ့သူငယ်ချင်းဖေးဟွမ်၏ ပခုံးကို ပုတ်လိုက်လေသည်။

ကြိုတင်ပြင်ဆင်မှုတချို့အပြီးတွင် ခယ့်မင်က ပရောဂျက်ခေါင်းဆောင်အဖြစ် အရင်ပြောလိုက်သည်။ “အားလုံးပဲ မင်္ဂလာပါ။… ပထမဆုံးအနေနဲ့ “သားရဲဂြိုလ်သား”ဂိမ်းရဲ့ အခြေခံသဘောတရားနဲ့ ဇာတ်ကွက်ကို အကျဥ်းချုပ် ရှင်းပြခွင့်ပြုပါ။”


ခယ့်မင်က ကော်လံကိုညှိပြီး လေးနက်သော အမူအရာကို တပ်ဆင်ကာ ယုံကြည်ချက်ရှိရှိ ရှင်းပြလိုက်သည်။ ၎င်းက ဖေးယိ ခန့်မှန်းထားသလိုပင်ဖြစ်၏။

“နောက်ဆုံးမြူ”နှင့် “သားရဲဂြိုလ်သား”မှာ တူညီသော နောက်ခံဆက်တင်ရှိပြီး နောက်လူ၏ ဂိမ်းတည်ဆောက်ပုံမှာလည်း အတော်လေးတူသည်။

ခယ့်မင် ရှင်းပြပြီးသောအခါ ပေါ်ယွဲ့မင်နှင့် တခြားသော အကြီးတန်းအမှုဆောင်များက တည်ငြိမ်နေပုံပေါ်ပြီး ဘေးဘက်မှ နားထောင်နေသော ပရောဂျက်အဖွဲ့ဝန်ထမ်းများမှာလည်း အပိုတုံ့ပြန်မှုများမရှိခဲ့ပေ။ 

သူ့မျက်လုံးထဲက ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ပေါ်ယွဲ့မင်က မျက်လုံးမှိတ်ထားလိုက်သည်။ သူက စားပွဲကို နှစ်ချက်ပုတ်လိုက်သည်။ “ဆက်ပြောပါ”


ထိုစကားလုံးမှာ စိတ်ခံစားချက် အတက်အကျမရှိပေ။

“…….”

ခယ့်မင်၏ မျက်နှာပေါ်က ယုံကြည်မှုမှာ အက်ကွဲသွားပေမယ့် သူအမြန် ထိန်းချုပ်လိုက်နိုင်သည်။ “ဟုတ်ကဲ့…ကျွန်တော်တို့ စတူဒီယိုရဲ့ ဒါရိုက်တာရှန်းနန်ရှန့်က “သားရဲဂြိုလ်သား”ရဲ့ အဓိက အင်္ဂါရပ်နှစ်ခုကို ဆက်ရှင်းပြပါလိမ့်မယ်။”


ရှန်းနန်ရှန့်က သူ၏အနက်ရောင် အနားကွပ်မျက်မှန်ထူထူကို တွန်းတင်လိုက်ပြီး တာဝန်လွှဲယူလိုက်သည်။


“သားရဲဂြိုလ်သား”၏ အဓိကအချက်မှာ သတ္တဝါအမျိုးမျိုး၏ ပုံစံထဲတွင် တည်ရှိသည်။ စစ်ဆေးစီစစ်မှု အစပိုင်းရှိ ပြားချပ်ချပ်ပြကွက်များနှင့် နှိုင်းယှဥ်ကြည့်လျှင် သုံးဖက်မြင်ပုံစံနှင့် ကာတွန်းရုပ်ပုံများကို ပြသမည့် နေရာတွင် တိုက်ရိုက်ချထားလေသည်။ 

အတောင်ပံပါပြီး ချွန်ထက်သော ဓားသွားရှိသည့် ဂြိုလ်သားလိပ်ပြာ၊ အစွယ်ရှိသော ကြွက်ဆူ၊ အဆိပ်ဖြင့် ရွှဲရွှဲစိုနေသော ဧရာမစပါးကြီးတစ်ကောင်နှင့် ခြင်္သေ့ကိုယ်ထည်နှင့် လင်းယုန်မျက်နှာ ပေါင်းစပ်ထားသော မွန်းစတားတစ်ကောင်တို့ ပါဝင်သည်။


ကောင်းကင်ပေါ်မှာ ပျံသန်းနေသော ဂြိုလ်သားမွန်းစတားများ၊ မြေပြင်ပေါ်မှာ ဝပ်တွားပြီး ရေထဲမှာ ရေကူးနေသော မွန်းစတားများ. … ၎င်းတို့ကို အားလုံးရှေ့မှာ ကွက်ကွက်ကွင်းကွင်း ပြထားလေသည်။

ရုပ်ကြွဓာတ်ပုံများမှာ ပြသထားသည့် ပုံစံက စက္ကူပေါ်ရှိ ပြားချပ်ချပ်ပုံထက် ပို၍ သဘာဝဆန်ပြီး ရင်သတ်ရှုမောဖွယ်ကောင်းလှသည်။

အနောက်တန်းမှာ ထိုင်နေသော ပရောဂျက်အဖွဲ့မှ ဝန်ထမ်းအားလုံးက အံ့အားသင့်သွားကြသည်။

စင်ပေါ်မှာရပ်နေသော ခယ့်မင်က လူတိုင်၏အမူအရာကို ခံယူကာ သူ့ယုံကြည်မှုကို ပြန်ရလာသည်။ သူက ကြားဝင်ပြောလိုက်လေ၏။ “ကျွန်တော်တို့ စတူဒီယိုရဲ့ ပန်းချီနဲ့ အနုပညာအဖွဲ့က သုတေသနလုပ်ပြီး ဒီဇိုင်းဆွဲဖို့ နှစ်ဝက်ကျော် ကြိုးစားခဲ့ကြတာပါ။ အခုချိန်ထိဆိုရင် ကျွန်တော်တို့က တိရစ္ဆာန်မော်ဒယ် အကောင်နှစ်ဆယ်ကို ဖန်တီးပြီးပါပြီ။”

“ဒါပေါ့…  ဒါတွေအားလုံးက မူရင်းဒီဇိုင်းပါ။”

ခယ့်မင်၏ ကြားဖြတ်ပြောဆိုမှုကို ကြားသည့်အခါ ရှန်းနမ်ရှန့်၏ အနက်ရောင်မျက်မှန်အောက်မှ မျက်လုံးတွေမှာ သဘာဝမကျသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

ဖေးယိက အနောက်ဘက်ရှိ ဝန်ထမ်းများဆီမှ အာမေဋိတ်သံများကို နားထောင်နေသည်။ သူက သူ့အိတ်ကပ်ထဲက တော်ဖီနှစ်လုံးကို တမင်တကာ အောက်ပစ်ချလိုက်သည်။ သကြားလုံးတွေကို ပြန်ကောက်ဖို့ ငုံ့လိုက်ရင်း ဘေးဘက်သို့ တစ်ချက်အမြန်ကြည့်လိုက်လေသည်။

လီယွမ်က သူ့လက်ထဲက စာရွက်စာတမ်းများကို တိတ်တဆိတ် ကိုင်ဆောင်ထားပြီး ချောမွေ့နေခဲ့သော သူ့အမူအရာမှာ နောက်တစ်ကြိမ် အုံ့မှိုင်းသွားပြန်သည်။

ပြိုင်ဘက်၏ အကြီးမားဆုံး အားသာချက်မှာ သူတို့၏မော်ဒယ်ပုံစံဖြစ်သည်ကို သူ အမြဲသိခဲ့သော်လည်း ဖြစ်ချင်တော့ ၎င်းသည် အရုဏ်ဦးဂိမ်းက အချိန်အတိုအတွင်း မရောက်ရှိနိုင်သော နည်းပညာအဆင့်ဖြစ်သည်။ 


လီယွမ်၏ အမြင်အရ Will၏ ဂိမ်းဆက်တင်က ထွက်ရှိမှု၏ အခြေခံဇာတ်ကွက်များနှင့် ကိုက်ညီနေပြီဖြစ်သည်။ ဤပြိုင်ပွဲကျရှုံးသွားပါက သူကိုယ်တိုင်(လီယွမ်)၏ အပြစ်သာဖြစပေမည်။

မည်သူမျှ အာရုံစိုက်မနေသည့် ထောင့်တစ်ထောင်တွင် လို့ယန်က ဖန်သားပြင်ပေါ်ရှိ မော်ဒယ်ပုံစံပြသမှုကို စိုက်ကြည့်နေသည်။ သူမ၏မျက်လုံးများက အလုံးစုံပြောင်းလဲသွားခဲ့သည်။

. . . . . .