အပိုင်း (၁၅၅)
Viewers 31k

Part 155


ဝမ်လေးနှင့် စုန့်ထင်ရှန်းသည် တူညီသော စိတ်ဓာတ်တက်ကြွမှု ရှိသည်။ ယွမ်ရှက ဒီနေ့ ရှော့ပင်ထွက်မည်ဟု ပြောသောအခါ ယွမ်ရှ၏ စိတ်လွတ်လက်လွတ် စျေးဝယ်တတ်သော အကျင့်ကို သတိမရဘဲ သူမ၏အကြံကို ပျော်ရွှင်စွာ သဘောတူလိုက်ကြသည်။ သူတို့သည် ယွမ်ရှနှင့် တစ်ခါ စျေးဝယ်ထွက်ဖူးသည်။ သို့သော် သူတို့သည် ထိုအတွေ့အကြုံ ဘယ်လောက်ဆိုးလဲ ဆိုတာကို မေ့နေကြသည်။ 


တကယ်တော့ ယွမ်ရှက သူတို့အတွက် အဝတ်အစား ဝယ်ပေးချင်လို့ ဖြစ်သည်။ အသက်လေးနှစ် ဖြစ်စေ သုံးဆယ်ကျော်ဖြစ်စေ သူတို့ကို တစ်ယောက်ယောက်က စျေးဝယ်ပေးလျှင် မငြင်းကြပေ။ 


ယွမ်ရှ ဝမ်လေးအတွက် ဝယ်ပေးသော အဝတ်များမှာ စျေးမကြီးပေ။ သို့သော် ဝတ်ရတာ အလွန်သက်တောင့် သက်သာရှိပြီး ကလေးများဝတ်ရန် အသင့်တော်ဆုံး ပုံစံမျိုးဖြစ်သည်။ ဝမ်လေးသည် ဝသော်လည်း ချစ်စရာကောင်းပြီး ဘာဝတ်ဝတ် ကြည့်ကောင်းနေသည်။ သူတို့သည် ရွှေရောင်နေ့ရက်တွင် စျေးဝယ်ထွက်သောကြောင့် အလွန်မမြင့်သော brandပစ္စည်းများကို လျှော့စျေးနှင့် ရသည်။ လျှော့စျေးက ဘာကိုဆိုလိုတာလဲ။ ယွမ်ရှအမြင်မှာတော့ အဲ့ဒါက အလကားပေးနေသကဲ့သို့ ဖြစ်နေပြီး သူမ လက်လွှတ်မခံပေ။


သူမ ဝမ်လေးအတွက် ဂျာကင်များ ဘောင်းဘီရှည် ၆ထည်နှင့် အိမ်မှာနေဝတ်ရန် အဝတ်အစားများကို မရပ်မနား ဝယ်နေသည်။ ခြေအိတ် ဘောင်းဘီအတို စသော အသေးအမွှားများကိုလည်း ဝယ်ယူပြီး ရှူးဖိနပ်များလည်း ဝယ်သည်မှာ ပြောစရာမလိုပေ။


နောက်ဆုံးတွင် ဝမ်လေးက ယွမ်ရှလက်ကို ဆွဲ၍ ပြောလိုက်သည်။ “မာမား တော်ပြီလေ..အများကြီး ဝယ်ရင် အားလုံးကို တစ်ခါတည်း ဝတ်လို့မှမရတာ”


သူမ အများကြီး ဝယ်ထားသည်မှာ အမှန်ဖြစ်သည်။ ယွမ်ရှ ပြန်တော့မည့် အချိန်တွင် မိန်းကလေး ဝတ်စုံကို တစ်စုံကို တွေ့လိုက်သည်။ ဝမ်လေးက မိန်းကလေးဖြစ်ရင် ကောင်းမှာဘဲဟုတွေး၍ မူလပိုင်ရှင်က မိန်းကလေးနှင့် ယောကျာ်းလေး အမွှာမွေးပေးလျှင် ပို၍ကောင်းသည်ဟု တွေးနေမိသည်။ 


မိန်းကလေး အဝတ်အစားများသည် အလွန်ချစ်စရာကောင်းနေပြီး စကပ်သေးသေးလေးနှင့် ရှူးဖိနပ်လေးများကို မြင်သူတိုင်းက မဝယ်ဘဲ နေနိုင်မည် မဟုတ်ပေ။


စုန့်ထင်ရှန်း အထုတ်ကြီး အထုတ်ငယ်များကို ဘေးတွင်ချ၍ ဝမ်လေးကို တွဲပြီး ယွမ်ရှကို တံခါးတွင် စောင့်နေသည်။


ယွမ်ရှက ချစ်စရာကောင်းပြီး သေးငယ်သော မိန်းကလေးရှူးဖိနပ်များကို ကိုင်ကြည့်နေသည်။


ဝမ်လေးက စုန့်ထင်ရှန်း၏ ဘောင်းဘီကို ကိုင်၍ မေးလိုက်သည်။ “မာမား အဲ့တာကို ဝယ်ချင်နေတာတော့ မဟုတ်ပါဘူးနော်..မိသားစုထဲမှာ မိန်းကလေးမှ မရှိတာ မာမားက ဘာလုပ်မလို့လဲ..”


“ပါပါးလဲ မသိဘူး..”စုန့်ထင်ရှန်းလဲ ဘာဖြေရမှန်းသိ ဖြစ်နေသည်။


သူသည် တစ်ခြားသူများကို နောက်ထပ်ကလေး ယူဖို့ မစဉ်းစားထားဘူးဟု ပြောထားသည်။ သို့သော် ယခုလိုမြင်ရတာ သူ့ကို ပြန်စဉ်းစားချင်အောင် လုပ်နေသည်။


သူနှင့် ယွမ်ရှ၏ ဆက်ဆံရေးသည် အရင်က မကောင်းသောကြောင့် နောက်ထပ်ကလေး မလိုချင်ခဲ့ပေ။ အပြင်လူတွေမသိသော်လည်း သူကသိသည်။ ဝမ်လေးက သူတို့၏ တစ်ဦးတည်းသော ကလေးဖြစ်သည်။


သို့သော် အနာဂတ်တွင် ဘာဖြစ်မလဲဆိုတာ စုန့်ထင်ရှန်း မသိပေ။ ယွမ်ရှကလဲ ပို၍ ကောင်းမွန်လာပြီး သူမနှင့် ကောင်းမွန်သော ဘဝကို သူရချင်သည်။ အခြေအနေက ခုလိုဘဲ ဆက်ဖြစ်နေမယ်ဆိုတာ ဘယ်သူကမှ မသိနိုင်ပါ။ ဝမ်လေးလဲ အနာဂတ်တွင် ညီလေး သို့မဟုတ် ညီမလေး ရချင်ရနိုင်သည်။


ဒီအတွေးသည် သူ့စိတ်ထဲမှာ ရှိနေပြီး ဖယ်ထုတ်ပစ်ရန် ခက်နေသည်။ စုန့်ထင်ရှန်းလည်း ချစ်စရာကောင်းပြီး လှပသော စကပ်သေးသေးလေးများကို ကြည့်လိုက်သည်။


သူ ယွမ်ရှနှင့် နောက်ထပ်ကလေးရခဲ့လျှင် သားလေးထက် သမီးလေးကို ပိုရချင်သည်။ အကယ်၍ သားလေးရခဲ့လျှင်လည်း ချစ်ရမည်ဖြစ်သည်။


သူတို့ သမီးလေး ရခဲ့လျှင် လှပ၍ ချစ်စရာကောင်းသော ထိုစက်များနှင့် ရှူးဖိနပ်များ ဝတ်ပေးလျှင် အလွန်ချစ်စရာကောင်းနေမည်။


ကံကောင်းစွာဖြင့် ယွမ်ရှ အဲ့ဒီမှာ အကြာကြီးမနေတော့ပေ။ ဝမ်လေးက ယောကျာ်းလေးဆိုတာကို သူမ သတိမရလျှင် ထိုစကပ်များကို ဝယ်မိမည် ဖြစ်သည်။


xxxxx