Chapter 54
ခယ့်မင်၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားကာ ရိုးရိုးလေး ဝတ်ဆင်ထားသော လို့ယန်ကို မယုံနိုင်သလို ကြည့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် လင်းကျုံးက သက်ဆိုင်ရာ သုံးစွဲသူအကောင့် အချက်အလက်ကို ရှာတွေ့ခဲ့ပြီး ပြောလိုက်လေသည်။ “မစ္စတာပေါ်… “ရေဓာတ်ဆုံးရှုံးမှု”ကို သုံးစွဲသူက လွန်ခဲ့တဲ့နှစ်နှစ်လောက်က အကောင့်ဖွင့်ထားတာပါ။ ပြီးတော့ အစောဆုံး မော်ဒယ်စခရင်ရှော့ပုံကိုတော့ အရင်နှစ် သြဂုတ်လမှာ တင်ထားပါတယ်”
“လက်ရှိမှာ Followers 306 ယောက်ရှိပြီးေတော့ ရေပန်းအစားဆုံးပို့စ်မှာတော့ ကြည့်ရှူသူ 100 ကျော်ပဲရှိပါတယ်။ လိင်အမျိုးအစားက…” လင်းကျုံးက တစက္ကန့်မျှ ရပ်တန့်လိုက်ပြီး စတိတ်စင်ပေါ်က လို့ယန်ကို ကြည့်လိုက်သည်။ “လိင်အမျိုးအစားက ယောကျာ်းလေးပါ။”
သူငယ်ချင်းဖြစ်သူ၏ အမြင်အာရုံမကောင်းတာကို သိ၍ ယန်စမ်းက တက်ဘလက်ကို ဘေးတိုက် ယူကြည့်လိုက်သည်။ “ငါ့ကိုပြ”
လင်းကျုံးတင်ပြသော သုံးစွဲသူပရိုဖိုင်၏ အချက်အလက်ကို နားထောင်ကာ ခယ့်မင်က ယုံကြည်မှုအနည်းငယ် ပြန်ရလာသည်။
ဟုတ်တယ်…အဲ့ဒါအမှန်ပဲ!
ယင်းမှာ နိုင်ငံခြားအကောင့်ဖြစ်ပြီး အမျိုးသားဟု ဖော်ပြထားသည်။ ဒီကို ရုတ်တရက်ရောက်လာတဲ့ လို့ယန် ဘယ်လိုဖြစ်နိုင်မှာလဲ?!
“ရေဓာတ်ဆုံးရှုံးမှု”၏ ပရိသတ်များနှင့် လူကြိုက်များမှုအပေါ် အခြေခံ၍ သူ ၎င်းကိုရှာဖွေတွေ့ရှိခဲ့သည်မှာ မတော်တဆဟု ယူဆနိုင်လေသည်။ ဒီကမ္ဘာပေါ်မှာ တိုက်ဆိုင်မှု ဘယ်နှစ်ခုရှိနိုင်မှာလဲ…
ပေါ်ယွဲ့မင်က ခယ့်မင်၏ ပြောင်းလဲသွားသော အမူအရာကို လျစ်လျူရှုကာ တည်တည်ငြိမ်ငြိမ် မျက်လွှာချထားလိုက်သည်။ “ဒါရိုက်တာလို့… ဒီအကောင့်ကို ခင်ဗျားပိုင်ကြောင်း ဘယ်လိုသက်သေပြနိုင်လဲ?”
“လွယ်ပါတယ်။ အားလုံးရှေ့မှာ လော့ဂ်အင်ဝင်ပြမယ်။”
လို့ယန်က သူမ၏ လက်ပ်တော့ကို ထုတ်ကာ ပရောဂျက်တာစခရင်နှင့် အမြန်ချိတ်ဆက်လိုက်သည်။ ယိုထူဖိုရမ်ကို ဖွင့်ကာ သူမက သူမအကောင့်ထဲကို အလွယ်တကူ ဝင်ရောက်ခဲ့သည်။
မကြာမီတွင် “ရေဓာတ်ဆုံးရှုံးမှု”၏ ပင်မစာမျက်နှာက စခရင်ကြီးပေါ်မှာ ပေါ်လာလေ၏။
လင်းကျုံးက ပေါ်ယွဲ့မင်၏ မျက်လုံးအခြေအနေကို သတိမထားမိသဖြင့် တီးတိုးဆိုလိုက်သည်။ “မစ္စတာပေါ်…ခင်ဗျားမှန်တယ်”
“အင်း…”
ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ပြလိုက်သည်။
“ဒါ….ဒါ မဖြစ်နိုင်ဘူး!”
ခယ့်မင်၏မျက်နှာက နီရဲလာပြီး သူက သူ့အမှားတွေကို ဝန်မခံချင်ပေ။ “ဂိမ်းအသိုင်းအဝိုင်းက မော်ဒယ်နည်းပညာကို အမျိုးသားတွေပဲ အမြဲစိုးမိုးခဲ့တာ။ မင်းက အမျ်ိုးသမီးတစ်ယောက်ပဲ….”
“အမျိုးသမီးဖြစ်နေတော့ ဘာဖြစ်လို့လဲ?” လို့ယန်က ကျယ်လောင်သော ထေ့ငေါ့သံဖြင့် ဖြတ်ပြောလိုက်သည်။ “မစ္စတာခယ့်… ရှင့်မှာ သံသယရှိတာ ကျွန်မသိပေမယ့် ကျွန်မ ရှင့်ကို အမှန်တရား ပြောပြပေးနိုင်တယ်။”
“ဒီကမ္ဘာပေါ်မှာ ဒီလိုတိုက်ဆိုင်မှုတွေရှိနေတာ! ရှင့်ရဲ့ အကျင့်ဆိုးတွေနဲ့ စတူဒီယိုကို ကျွန်မဖော်ထုတ်ဖို့ အချိန်ကျပြီ!”
လို့ယန်က ဂုဏ်သိက္ခာရှိသော နိုင်ငံခြားကျောင်းတစ်ခုမှာ ဒီဇိုင်းမေဂျာ ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် သူမက သူမ၏ချစ်သူနဲ့အတူ အထူးဖန်တီးမှုရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး အထူးပြုပြင်ချက်ဒီဇိုင်းများအတွက် အဖွဲ့ကို ဦးဆောင်တာဝန်ယူခဲ့သည်။
နိုင်ငံခြားရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်ကွက်များတွင် လို့ယန်ဦးဆောင်သော အထူးပြုပြင်ချက်အဖွဲ့ကလည်း နာမည်ကြီးခဲ့သည်။
သို့သော် ထိုနှစ်များတစ်လျှောက် လို့ယန်က ဂိမ်းများအတွက် အလုပ်လုပ်ချင်သည့် သူမ၏ မူလရည်ရွယ်ချက်ကို သူ ဘယ်သောအခါမှ မမေ့ခဲ့ပေ။
သူမက အားလပ်ချိန်များတွင် မူရင်းဂိမ်းမော်ဒယ်တချို့ကို ရေးဆွဲပြီး သက်ဆိုင်ရာစခရင်ရှော့များကို ယိုထူဖိုရမ်တွင် ပို့စ်တင်ခဲ့သည်။ အကောင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်မှာ ပုံသေဖြစ်ပြီး သူမ လုံးဝမပြောင်းခဲ့ပေ။
ယိုထူ၏ မူပိုင်ခွင့်ထိန်းချုပ်မှုက အလွန်ကောင်းမွန်သည်ဟု ဆိုကြသည်။
လို့ယန်အတွက်မူ ဤအပ်လုဒ်များသည် အာရုံစူးစိုက်မှုနှင့် လူသိများစေရန်အတွက် မဟုတ်ပဲ အရန်ထားရှိသည့် ရည်ရွယ်ချက်သာဖြစ်၏။ ၎င်းတို့က တစ်နေ့မှာ အသုံးဝင်လာမည်ဟု သူမ မထင်ထားခဲ့ပေ။
လို့ယန်က ဆက်ရှင်းပြလိုက်သည်။ “သူဌေးလေးလီက သိပ်မဖော်ပြခဲ့ပေမယ့် သူ့မှာလည်း “နောက်ဆုံးမြူ”ကမ္ဘာရဲ့ ဗိသုကာပညာရှင်ကြီးတစ်ယောက်ရှိတယ်။ လွန်ခဲ့တဲ့ဆယ့်ရက်က ကျွန်မကို သီးသန့်မက်ဆေ့နဲ့ အရင်ဆက်သွယ်ခဲ့တာ သူပဲ။”
လို့ယန် မော်ဒယ်စခရင်ရှော့ဓာတ်ပုံများကို အပ်လုဒ် တင်နေစဥ်မှာ သူမက မြင်နိုင်သောအညွှန်း (Visible tags) များကို ဘယ်သောအခါမှ ထည့်လေ့မရှိသည့်အပြင် ပြန်လည်ပုံနှိပ်ခြင်းနှင့် ဒေါင်းလုဒ်လုပ်ခြင်းတို့ကိုလည်း ခွင့်မပြုထားပေ။ ထို့ကြောင့် အရည်အချင်းရှိသူများ ပြည့်နေသည့် ဂိမ်းဖိုရမ်တစ်ခုတွင် သူမ၏ ကျော်ကြားမှုက မမြင့်မားပေ။ ထို့အပြင် တရုတ်ပြည်နှင့် နိုင်ငံခြား၏ အချိန်ကွာခြားမှုကြောင့် လို့ယန်၏ အပ်လုဒ်တင်ချိန်မှာ အခြေခံအားဖြင့် တရုတ်နိုင်ငံရှိ သုံးနာရီ လေးနာရီဝန်းကျင်ဖြစ်လေသည်။ ဂိမ်းဖိုရမ်နှင့်အတူ ပါလာသော “အပ်ဒိတ်ပေ့ချ်”များမှလွဲ၍ ထိတွေ့မှုလုံးဝမရှိသလောက်ပင် ဖြစ်၏။
သို့သော် တိုက်ဆိုင်စွာပင် ဖေးယိက ညဇီးကွက်ဖြစ်၏။ သူက ဂိမ်းဇာတ်ညွှန်းများကို မိုးလင်းပေါက် သို့မဟုတ် တစ်ညလုံးဖန်တီးလေ့ရှိသည်။
ဖေးယိက ဤကမ္ဘာပေါ်မှာ ငွေဆက်ရှာဖို့ ဆုံးဖြတ်လိုက်စဥ် သူက သူ့ကိုယ်ပိုင်ကုမ္ပဏီကို ပြန်လည်ထူထောင်ရန် အဆောတလျင် စိတ်ပိုင်းဖြတ်ခဲ့လေသည်။
သူ ကုမ္ပဏီတစ်ခု စတင်ချင်တာဖြစ်၍ လူတွေကို စုဆောင်းရမည်။
အိပ်ခန်းထဲမှာ ရှိနေသော ဤရက်ပိုင်းတွင် ဖေးယိက ရေးသားဖန်းတီးခြင်း သို့မဟုတ် ယိုထူဖိုရမ်ကိုသုံးကာ “ကြီးမြတ်သော အရှင်များ”ကို ရှာဖွေနေခဲ့သည်။ ထို့အပြင် သူက အနာဂတ်တွင် ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်ဖို့ အခွင့်အရေးရှိလာနိုင်သည်ဟု တွေးတောကာ ဤအရည်အချင်းရှိသော အကောင့်များကို အာရုံစိုက်ပေးရပေမည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် လီယွမ်ဆီမှ သတင်းကို အတည်ပြုပြီးနောက် ဖေးယိက လို့ယန်ကို ချက်ချင်း ဆက်သွယ်ခဲ့သည်။
ပထမဦးစွာ ဖြစ်နိုင်ချေရှိသော “ခိုးကူးခြင်း” အခြေအနေကို စစ်ဆေးရန်ဖြစ်ပြီး ဒုတိယကတော့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ရန်ဖြစ်သည်။
နှစ်ပေါင်းများစွာ ချစ်ကြိုက်ခဲ့ကြသော လို့ယန်နှင့် သူမချစ်သူက လွန်ခဲ့သည့်နှစ်လက အေးအေးဆေးဆေး လမ်းခွဲရန် ရွေးချယ်ခဲ့ကြသော်လည်း တစ်ဖွဲ့တည်းမှာ အတူတူဆက်လုပ်ရန် နည်းလမ်းမရှိသည့်အပြင် တရုတ်နိုင်ငံရှိ သူမ၏မိဘများကလည်း သူမကို လွမ်းဆွတ်နေခဲ့ကြသည်။
တဖြေးဖြေးနှင့် သူမက ပတ်ဝန်းကျင်ပြောင်းလဲပြီး ပြန်လည်စတင်ရန် ရည်ရွယ်ခဲ့သည်။
ဖေးယိထံမှ ရိုးသားသောဖိတ်ခေါ်မှုနှင့် ထိရောက်သော ဆက်သွယ်ပြောဆိုမှုတို့ သုံးရက်ကြာပြီးနောက်မှာ လို့ယန်က တရုတ်နိုင်ငံကို ပြန်သွားကာ အမှန်တရားကို ရှာဖွေရန် သဘောတူလက်ခံခဲ့ပြီး ယင်းမတိုင်ခင်မှာ ၎င်းကို လျှို့ဝှက်ထားခြင်းက နောက်ဆုံးအတည်ပြုချက်ရရန်ဖြစ်သည်။
တကယ်တမ်းမှာ ခယ့်မင်နှင့် တခြားသူများက မော်ဒယ်မပြခင်တွင် ဖေးယိတို့မှာ သက်သေအလုံအလောက် မရှိခဲ့ပေ။
အစပိုင်းတွင် လို့ယန်က သူမကိုယ်သူမ “ရေဓာတ်ဆုံးရှုံးမှု”ဖြစ်သည်ဟု ပြောရန် ပျက်ကွက်ခဲ့ခြင်းက ဖေးယိ၏ အကြံပြုချက်ကြောင့်ဖြစ်ပြီး သူတို့က တမင်တကာ ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်၏။
ခယ့်မင် ဆက်လိမ်နေပြီး ထောက်ချောက်ထဲ ကိုယ်တိုင်ခုန်ချခဲ့လျှင် သူတို့က သက်သေအထောက်အထား ပိုရှိလာမည်ဖြစ်သည်။
အခုတော့ အားလုံးအဆင်ပြေသွားပြီ–
အရာအားလုံးက ဖေးယိ မျှော်မှန်းထားသည့်အတိုင်းပင်။
ခယ့်မင်နှင့် ယိုမင်စတူဒီယိုက ပုံမှန်အတိုင်း ယှဥ်ပြိုင်နေလျှင် ရလဒ်က မည်သို့ပင်ရှိစေကာမူ ဖေးယိနှင့် လီယွမ်က အရာအားလုံးကို လက်ခံပေးရန် ဆန္ဒရှိသော်လည်း တစ်ဖက်လူက ပုံမှန်မဟုတ်သော နည်းလမ်းများကို အသုံးပြုခဲ့တာကြောင့် သူတို့က “ဗီလိန်”ဖြစ်ရလည်း ပမာမထားတော့ပေ။
လို့ယန်က မလုံမလဲဖြစ်နေသော ခယ့်မင်ကို စိုက်ကြည့်ကာ သူ့အလိမ်စကားများကို တစ်ခုပြီးတစ်ခု ဖော်ထုတ်လိုက်သည်။
“မစ္စတာခယ့်… ရှင် မူရင်းလို့ခေါ်နေတဲ့အရာက ကျွန်မဒီဇိုင်းတွေကို အတုခိုးထားတာပဲ။ ရှင် စတူဒီယိုဝန်ထမ်းလို့ ခေါ်လိုက်တဲ့ အကောင့်က ကျွန်မရဲ့ကိုယ်ပိုင်အကောင့်ပဲ”
“ယိုထူမှာ မူပိုင်ခွင့်အချိန်ဇယားရဲ့ စေ့စပ်မှုရှိတဲ့ အထောက်အထားတွေရှိတယ်။ ကျွန်မရဲ့ ဒီဇိုင်းတွေက မူရင်းဖြစ်ပြီး ယိုမင်စတူဒီယိုထက် အရင်ဖန်တီးခဲ့တယ်ဆိုတာကို ကျွန်မယုံကြည်မှုအပြည့်ရှိတယ်။ ဒါကြောင့် ဂရုတစိုက်မေးချင်တာက….”
“ မစ္စတာခယ့်ပိုင်တဲ့ ‘သားရဲဂြိုလ်သား”ရဲ့ မော်ဒယ်က ကျွန်မစခရင်ရှော့တွေကိုကြည့်ပြီး ကိုးကားထားတာလား?” လို့ယန်က ဖေးဟွမ်ကိုလည်း အလားတူ သံသယနှင့် ရွံရှာမှုတို့ဖြင့် ကြည့်လိုက်လေသည်။ “ပြီးတော့ မစ္စတာဖေးဟွမ်… ရှင် ကျွန်မရဲ့ဒီဇိုင်းတွေကို ကျင့်ဝတ်ဖောက်ဖျက်ပြီး ခိုးယူခဲ့တာလား?”
“……”
အာမခံမရှိသော အိုးတစ်လုံးက ရုတ်တရက် သူ့ခေါင်းပေါ်ကို ပြုတ်ကျလာသည်။
ဖေးဟွမ်၏မျက်နှာက ရှက်ရွံ့မှုဖြင့် နီမြန်းလာပြီး သူ့စိတ်ထဲက မကျေနပ်မှုမှာ ဤအခိုက်အတန့်တွင် အမှန်ဖြစ်လာလေသည်။
သူက ရှင်းပြချင်ပေမယ့် သူဘာပြောပြော မှားယွင်းနေမှာကို တွေ့နိုင်လေသည်။ အခုချိန်မှာ သူက မော်ဒယ်ဒီီဇိုင်းများနှင့် ဆက်စပ်မှုမရှိကြောင်း အလျင်စလို ဖော်ထုတ်လိုက်ရင် သူ တစ်ကိုယ်ကောင်းဆန်ခဲ့တာကို သက်သေပြသလို ဖြစ်သွားမှာမလား?
ခဏတာတုံ့ဆိုင်းသွားပြီးနောက်မှာ ဖေးဟွမ်က ယန်စမ်း၏ အကြည့်နှင့် ရုတ်တရက်ဆုံသွားခဲ့သည်။
မူလက မျက်မှန်အောက်တွင် ဝှက်ထားသော တစ်ဖက်လူ၏ နူးညံ့သိမ်မွေ့သော မျက်ဝန်းမှာ ယခုချိန်တွင် မရင်းနှီးသော စီစစ်များဖြင့် ပြည့်နှက်နေလေသည်။
ဖေးဟွမ်က တွားသွားလို့ရသည့် အပေါက်တစ်ခုကို ရှာချင်နေပြီး ထိုအိုးကို ခယ့်မင်အပေါ် ပြန်ပစ်ချရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ “မစ္စတာခယ့်… မင်း ပြဿနာကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရင် ပိုကောင်းမယ်! ယိုမင်က တကယ်ကို ဆိုးဆိုးရွားရွား ပြုမူခဲ့တယ်ဆိုရင် ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်စဥ်းစားရလိမ့်မယ်။”
ဒီလူပြောတော့ ဘာပြဿနာမှမရှိဘူးဆို?
ဒီကိစ္စကို ဘယ်လိုကိုင်တွယ်နေတာလဲ!
ခယ့်မင်က စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ “သူဌေးပေါ်.. သူဌေးယန်… တခါတလေမှာ အလားတူကိုးကားမှုတွေရှိနေတာ မဆန်းပါဘူး။ မစ္စလို့ရဲ့ ဒီစခရင်ရှော့က ဘာကိုသက်သေပြနိုင်လဲ?
“အဓိကအချက်က မော်ဒယ်အဆင့်ပါ။ ကျွန်တော်တို့ စတူဒီယိုရဲ့ မော်ဒယ်ပြသမှုက စစ်မှန်ပါတယ်။ ကျွန်တော်တို့မှာ စွမ်းဆောင်ရည်နဲ့ နည်းပညာရှိတယ်”
“အလားတူဒီဇိုင်းတချို့ကတော့ အနုပညာနဲ့ နည်းပညာဋ္ဌာနကို ပြန်ဆွဲဖို့ တောင်းဆိုနိုင်ပါတယ်။”
“ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်ကတော့ မစ္စတာလို့နဲ့ ပတ်သက်ပြီး သံသယရှိနေတုန်းပဲ။ သူ အကောင့်လော့ဂ်အင် ဝင်နိုင်ရင်တောင် သူ့မှာ ဒီအဆင့်ဒီဇိုင်းတွေရှိတယ် ဆိုတာကို တိုက်ရိုက်သက်သေမပြနိုင်ဘူး! သူ(မ)က သူငယ်ချင်းတစ်ယောက်ရဲ့ အကောင့်ကို ဟက်ခ်ထားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ?”
လို့ယန်က သူ၏ ရယ်စရာကောင်းသော ဆင်ခြေများကို လျစ်လျူရှုကာ သရုပ်ပြမှုအတွင်း ရိုက်ကူးထားသော ဓာတ်ပုံများကို တစ်ပုံချင်းစီ တင်ပြလိုက်ပြီးနောက် ၎င်းတို့ကို ယခင်မော်ဒယ်စခရင်ရှော့များနှင့် ယှဥ်ပြလိုက်သည်။
ဖေးယိက ဖန်သားပြင်ကြီးအား စိုက်ကြည့်ဟန်ဆောင်ကာ ခေါင်းစောင်းငဲ့လိုက်ပြီး ဂရုတစိုက်စစ်ဆေးလိုက်သည်။ “တူတူပဲ!”
စွပ်စွဲခြင်းမဟုတ်သော လေသံက အမှန်တရားကို တိုက်ရိုက်ထောက်ပြခဲ့သည်။
ပေါ်ယွဲ့မင်က သူ၏ ဦးခေါင်းနောက်ဘက်ရှိ ဗွေကို ရိုးရိုးရိပ်ရိပ် မြင်လိုက်ရသည်။ မထင်မှတ်ထားစွာပင် သူက ယားယံလာသလို ခံစားလိုက်ရပြီး စနောက်ချင်ပေမယ့် အချိန်အခါကြောင့် ထိန်းထားရသည်။ ထို့ကြောင့် သူက သူ့လက်ချောင်းထိပ်များကိုသာ ပုန်းလျှိုးကွယ်လျှိုး ညှစ်လိုက်ရလေသည်။
နောက်တန်းတွင်ထိုင်နေသော ပရောဂျက်အဖွဲ့၏ ဝန်ထမ်းများက တိုးတိုးလေး ဆွေးနွေးနေကြပြီး ယိုမင်မော်ဒယ်လ်အတွက် သူတို့၏ မူရင်းချီးကျူးစကားများမှာ ရှုတ်ချခြင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဒါ…..အာ!
အရူးလေးတစ်ယောက်တောင် မြင်နိုင်တဲ့အရာကို သူတို့ဘာလို့မမြင်နိုင်ရတာလဲ? အဲ့ဒါက လို့ယန် “သူငယ်ချင်းတွေ”ရဲ့ ဒီဇိုင်းဆိုရင်တောင် ခိုးခံရတာချင်း တူတူပဲလား?
GM ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ “ဒုတိယလက်ဝယ်ထုတ်ကုန်”***တစ်ခုကို သုံးခဲ့တာလား?
(မူရင်းထုတ်ကုန်ကို တုပပြီး အရံအနေနဲ့ထားရှိတဲ့ ထုတ်ကုန်ကိုပြောတာပါ၊ တုပပြီးထွက်လာတဲ့ မူရင်းကိုမမှီတဲ့ အပိုထုတ်ကုန်ပါ)
လှလိုက်တဲ့ စိတ်ကူးပဲ!
ခယ့်မင်က ကြည့်ရှူသူပရိသတ်များ၏ ရွံရှာဖွယ်မျက်လုံးများကို ကြည့်ကာ ဖေးယိအပေါ် ဒေါသပုံချလိုက်သည်။ “မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ…အရူးရဲ့? ငါက”
“မစ္စတာခယ့်!”
ပေါ်ယွဲ့မင်က အသံနက်ကြီးဖြင့် ကြားဖြတ်ကာ လူတိုင်းရှေ့မှာ ကာကွယ်ပေးလိုက်သည်။ “ဖေးယိက ငါခေါ်လာတဲ့လူ! ငါ့နယ်မြေမှာ မင်း သူ့ကို ဝေဖန်ဖို့ အရည်အချင်းမမီဘူး!”
“…….”
ဖေးယိ၏ နှလုံးသားလေး နွေးသွားပြီး သူက ပေါ်ယွဲ့မင်ကိုကြည့်ရန် မသိစိတ်အလျောက် ခေါင်းလှည့်လိုက်သည်။
ထိုနက်ရှိုင်းသော မျက်လုံးများထဲတွင် ရန်လိုနေသော အလွှာပါးလေးရှိပြီး ၎င်းက သူ့အတွက်ဖြစ်၏။
ဤအခိုက်အတန့်မှာ သူ၏သရုပ်ဆောင်မှုက စစ်မှန်သော တွန်းအားတစ်ခုဖြစ်နေပုံရသည်။
ဖေးယိက ပေါ်ယွဲ့မင်ထံသို့ တမင်တကာ ချဥ်းကပ်သွားကာ သူ့လက်ထဲမှ သကြားလုံးသုံးလုံးကို စားပွဲအောက်မှ တစ်ဖက်လူ၏ လက်ဖဝါးထဲထည့်ပေးပြီး ချော့မော့လိုက်သည်။ “အာ့ကော….စိတ်မဆိုးပါနဲ့”
ဒီလိုလူမျိုးက မတန်ဘူး..
ပေါ်ယွဲ့မင်က အနှီလူ၏လက်ကောက်ဝတ်ကို သူ့လက်ချောင်းထိပ်များဖြင့် ချိတ်ထားလိုက်သည်။ “အင်းပါ”
“ကောင်းပြီ။ ဒါဆို ငါက “နောက်ဆုံးမြူ”ကိုပဲ မဲပေးပါမယ်။” နောက်စက္ကန့်မှာ စုန့်စီက ခယ့်မင်ကို ရွံရှာသလို တည့်စိုက်ကြည့်ရင်း မဲပြောင်းလိုက်လေသည်။
“မစ္စတာခယ့်.. ဒါဘယ်ခုနှစ်မို့လဲ? ဒါတောင် နင့်လိုလူတွေက လုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံပြီး မလိုမုန်းထားစိတ်ရှိနေတုန်းပဲလား?”
“စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီနေ့မှာ တခြားအမှုဆောင်နှစ်ယောက်က လက်ခံခဲ့ရင်တောင် ငါ စုန့်စီက နင်နဲ့ ဘယ်တော့မှပူးပေါင်းမှာမဟုတ်ဘူး!” သူမက စတိတ်စင်ပေါ်သို့ ဒေါက်မြင့်ဖိနပ်ဖြင့် လျှောက်သွားလိုက်ပြီး သူမတစ်ကိုယ်လုံးတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရောင်အဝါရှိနေ၏။ “ဒီတော့ နင့်ရဲ့ ဂိမ်းကိုယူပြီး GM ကနေ အခုချက်ချင်း ထွက်သွားလိုက်!”
“……”
ထွက်သွား….
ခယ့်မင်၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွား၏။
သူ့အမူအရာအား လုံးလုံးလျစ်လျူရှုကာ စုန့်စီက အမျိုးသမီးတစ်ယောက်အတွက် လေးစားမှုနှင့် အသိအမှတ်ပြုမူကို ဆုပ်ကိုင်ထားပြီး လို့ယန်ဘက်သို့ လှည့်လိုက်သည်။ “ဒါရိုက်တာလို့… တွေ့ရတာဝမ်းသာပါတယ်.. ရှင်အရမ်းတော်တာပဲ…”
လို့ယန်က တည်ငြိမ်သော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ “ကျေးဇူးတင်ပါတယ်… ရှင်ရောပဲ..”
စုန့်စီက သူမ၏မဲဆန္ဒကို ပြောင်းလဲခဲ့ပြီး ပေါ်ယွဲ့မင်၏ ပထမဆုံးမဲကို ပေါင်းလိုက်သည့်အခါ ရလဒ်က အပြတ်သတ်ရှင်းသွားလေပြီ။
ယန်စမ်းက သက်ဆိုင်ရာ အချက်အလက်များကို ရိုးရိုးရှင်းရှင်း ပိတ်လိုက်ပြီး သူ၏မူရင်းအဖြေကို ပေးလိုက်သည်။ “ငါလည်း နောက်ဆုံးမြူကို မဲပေးပါတယ်။ ပျော်ရွှင်ဖွယ်ပူးပေါင်းဆောင်ရွက်မှုပါ….သူဌေးလေးလီ”
သူ့မျက်နှာပေါ်မှာ ဝမ်းသာပီတိဖြစ်နေပေမယ့် လီယွမ်က ထိန်းချုပ်ထားကာ ခေါင်းညိတ်လိုက်သည်။ “ ကျေးဇူးပါ”
ယန်စမ်းက သူ့ကို ပြန်ပြုံးပြပြီးမှ အလေးအနက် ထပ်ပြောလိုက်သည်။ “မစ္စတာခယ့်.. မင်းရဲ့လူတွေကို ခေါ်ပြီး ထွက်သွားပါ။”
သူ့စကားမှာ တခြားဆိုလိုရင်းများ ပါနေပြီး သူက ဖေးဟွမ်ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။
“…….”
ဖေးဟွမ်က လျစ်လျူရှုခံရခြင်းနှင့် ရှုတ်ချခံရခြင်း၏ ရှက်စရာကောင်းသော လေထုကို ခံနိုင်ရည်မရှိပေ။ ဤရလဒ်မျိုး ထွက်လာမှာကို သူသိခဲ့လျှင် သူ ဤနေရာကိုလာပြီး အခြေအနေကို လွှမ်းမိုးရန် ခယ့်မင်၏ တိုက်တွန်းစကားကို နားထောင်ခဲ့မည် မဟုတ်ပေ။
n.
အခု…သူ့အဖြစ်ကိုကြည့်တော့!
ဆိုးရွားတဲ့ ငါးနံ့နဲ့ စွန်းထင်းနေလို့ သေချာတောင် မဆေးနိုင်ပေ!
ဖေးဟွမ်က ၎င်းကိုတွေးကာ ရှက်ဒေါသဖြစ်ပြီး အခန်းထဲမှာ အလျင်အမြန် ထွက်သွားခဲ့လေသည်။