Ch 55
Viewers 28k

Chapter 55


ကိစ္စက ပြေလည်သွားပြီး ရှန်းနန်ရှန့်က စကားမပြောခဲ့သော တစ်ဦးတည်းသူဖြစ်သည်။ သူက ရှောင်မထွက်သွားပဲ သူ၏ အနက်ရောင်အနားကွပ်မျက်မှန်ကို ချွတ်ကာ ခယ့်မင်အနားကနေ အခန်းရှေ့ကို ဖြတ်လျှောက်သွားပြီး စိတ်ရင်းဖြင့် ဦးညွတ်လိုက်လေသည်။


“ဒါရိုက်တာလို့…  ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်။”

ရှန်းနန်ရှန့်နှင့် ခယ့်မင်တို့က သူတို့၏ကောလိပ်နှစ်များမှာ လုပ်ငန်းတူတူစတင်ခဲ့ကြတာပင်။ အစပိုင်းတွင် သူတို့၏ စိတ်ကူးနှင့် ပန်းတိုင်များက အလွန်ကိုက်ညီသော်လည်း နောက်ပိုင်းမှာ အကျိုးအမြတ် ပိုမိုရရှိလာသလို ဖော်ပြဖို့ခက်သော အတားအဆီးများကလည်း တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

အထူးသဖြင့် လွန်ခဲ့သည့်နှစ်များတွင် စတူဒီယိုတစ်ခုလုံးတွင် ပြောဆိုခွင့်မှန်သမျှကို ခယ့်မင်က ထိန်းချုပ်ထားခဲ့သည်။

“သားရဲဂြိုလ်သား”၏ ဒီဇိုင်းသဘောတရားကို ခယ့်မင်က အဆိုပြုခဲ့တာဖြစ်ပြီး ရှန်းနန်ရှန့်က တစ်ခုခုမှားနေသည်ဟု ရေးတေးတေး ခံစားခဲ့ရသည်။ လွန်ခဲ့သည့်လဝက်ခန့်က သူ တစ်ဖက်လူဆီမှ အမှန်တရားကို ကြားခဲ့ရစဥ် စည်းရုံးရန် ကြိုးစားခဲ့သော်လည်း ကံဆိုးစွာဖြင့် တစ်ဖက်လူ၏ ပိတ်ဆို့ခံခဲ့ရသည်။

ရှန်းနန်ရှန့်က ဤကိစ္စကို သူ့စိတ်ထဲမှာ တွေးခဲ့သော်လည်း နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှုကို မဖျက်စီးချင်ခဲ့ပေ။


သူသိခဲ့သည့် အရာကို သတင်းမတင်သွင်းခဲ့လို့ အပြစ်မရှိဘူးလို့တော့ မဆိုရဲပေ။ ယခု ၎င်းက ပေါ်သွားပြီဖြစ်၍ ပုဂ္ဂိုလ်ရေးရှုထောင့်မှ သူတောင်းပန်ဖို့လိုအပ်သည်။

ရှန်းနန်ရှန့်က နည်းပညာရှင်တစ်ဦးအဖြစ် ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုလိုက်သည်။ “ဒါရိုက်တာလို့…. ခင်ဗျားရဲ့ ပုံဒီဇိုင်းနဲ့ မော်ဒယ်လ်စွမ်းရည်က အရမ်းကောင်းပါတယ်။ ပြီးတော့ အနာဂတ်မှာ ခင်ဗျားနဲ့ ဆက်သွယ်ပြောဆိုနိုင်မယ့် အခွင့်အရေးရဖို့ မျှော်လင့်နေပါတယ်။”


လို့ယန်က လိုတိုရှင်း တုံ့ပြန်လိုက်သည်။ “ကျေးဇူးတင်ပါတယ်…”

ဖေးယိက ရှန်းနန်ရှန့် ထွက်ခွာသွားသည်ကို စိုက်ကြည့်နေပြီး သူ့မျက်ဝန်းထဲတွင် အတွေးတစ်ခုထွက်ပေါ်လာ၏။ သူ့အာရုံက ပေါ်ယွဲ့မင်၏ စားပွဲပေါ်ရှိ စာရွက်စာတန်းများဆီသို့ ပြောင်းသွားပြီး သူက တခဏလောက် ငုံ့ကြည့်လိုက်သည်။


ခြေလှမ်းသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ခယ့်မင်က တစ်ယောက်တည်း မတ်တပ်ရပ်ကာ ကျန်ရစ်ခဲ့ပြီး သူ့အမူအရာက အတော်လေး အရုပ်ဆိုးနေသည်။ သူ့ခြေထောက်က သံခဲတွေနဲ့ ပြည့်နေပုံရပြီး ခြေလှမ်းတစ်လှမ်းတောင် မရွေ့နိုင်တော့ပေ။

“မသက်ဆိုင်တဲ့ လူအားလုံး ထွက်သွားပေးပါ။”

ပေါ်ယွဲ့မင်က ကော်ဖီတစ်ငုံသောက်ကာ အေးအေးဆေးဆေး ထွက်သွားဖို့ အမိန့်ပေးလိုက်သည်။

“ခဏနေဦး!”

လီယွမ်က အရင်ပြောလိုက်သည်။ သူက သူ့ထိုင်ခုံမှ မတ်တပ်ထရပ်ကာ အတည်ပြုလိုက်သည်။ “သူဌေးယန်၊ သူဌေးပေါ်နဲ့ သူဌေး စုန့်… ပြိုင်ပွဲရလဒ်က အတည်ပြုပြီးပြီဆိုတော့ မပြောင်းတော့ဘူးမလား?”“ဒါပေါ့…”

ယန်စမ်းက ဖြေလိုက်သည်။ “သူဌေးလေးလီက ဒီနေ့မွန်းလွဲပိုင်းမှာ အရေးတကြီးလုပ်စရာမရှိရင် နောက်လာမယ့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကို အသေးစိတ်ဆွေးနွေးလို့ရပါတယ်။”

လီယွမ်၏ ရင်ထဲမှ ကျောက်တုံးကြီးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး သူက အားလုံးကို ယဥ်ယဥ်ကျေးကျေး လက်ဟန်ပြလိုက်သည်။ “စိတ်မရှိပါနဲ့….ခဏစောင့်ပါ။”

ပြောပြီးနောက် သူက အရှုံးသမားဖြစ်လာသည့် စင်မြင့်ပေါ်ရှိ ခယ့်မင်ကို ညွှန်ပြလိုက်ပြီး သူ့မျက်လုံးများတွင် ယခင်မာနကို ပြန်လည်ရရှိခဲ့သည်။ 

“မစ္စတာခယ့်.. ကျွန်တော်တို့ ကုမ္ပဏီက ဒါရိုက်တာလို့ယန်ရဲ့ လက်ရာတွေအပေါ် ခင်ဗျားတို့စတူဒီယိုဘက်က ချိုးဖောက်မှုအားလုံးကို ရပ်တန့်ပေးဖို့ အရုဏ်ဦးဂိမ်းကိုယ်စား ကျွန်တော် တရားဝင်တောင်းဆိုပါတယ်။!”

“ကိုးကားခြင်း၊ ကူးယူခြင်းနဲ့ တုပခြင်းတို့လို အလားတူအကြောင်းအရာတွေ စျေးကွက်ထဲမှာ ထပ်ပေါ်လာရင် ကျွန်တော်က ခင်ဗျားနဲ့ ယိုမင်စတူဒီယိုကို ဥပဒေအရ တရားစွဲသွားပါမယ်။ ကိုယ့်လုပ်ရပ်ကို ဂရုစိုက်ပေးပါ”


ဖေးယိ၏ မျက်လုံးတစ်စုံမှာ အပြုံးတစ်ခု ပေါ်လာသည်။

အနှီလူက အမှောင်ထဲမှာ ပုန်းနေသော တခြားလူတွေကိုယ်စား ပြောပေးခဲ့သည်။

လီယွမ်က ခယ့်မင်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း ချဥ်းကပ်သွားကာ အဆိပ်ပြင်းသော လျှာဖြင့် တိုးတိုးလေးပြောလိုက်လေသည်။ “မစ္စတာခယ့်… အဲ့ဒီကော်ဖီက ခင်ဗျားကို လှုပ်နှိုးပေးခဲ့ပေမယ့် ဦးနှောက်ကိုတော့ မသန့်စင်ပေးနိုင်ခဲ့ဘူးမလား.။ဟမ်?”

“…….”


ခယ့်မင်က ဒေါသထွက်လွန်းလို့ အသက်ရှုသံတွေ တုန်ယင်လာသည်။

မူလက သူသည် ရင်းနှီးမြှုပ်နှံမှုပြိုင်ပွဲမှာ လီယွမ် ကျရှုံးသွားပြီး အရှက်တကွဲ ထွက်သွားရမည်ကို စောင့်ကြည့်ချင်ခဲ့သည်။ မထင်မှတ်ထားသည်မှာ ယခုချိန် လှောင်ပြောင်ခံနေရသူမှာ သူကိုယ်တိုင်ဖြစ်နေပြီး သူကသာလျှင် အရှက်တကွဲ ထွက်သွားရမည့်လူ ဖြစ်လာခဲ့သည်။ 


ဤလုပ်ငန်မှာ အချိန်အတော်ကြာ လုပ်ကိုင်ပြီးသည့်နောက် ယင်းက ခယ့်မင် အရှက်တကွဲအကျိုးနည်း ကျရှုံးခဲ့သည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။

သူ၏ ထက်မြက်သော တွက်ချက်မှုများက ပူပေါင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ 

. . . . . . .


ရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲ ပြီးသွားခဲ့လေပြီ။

စောနေသေးသည်ကို တွေ့လိုက်ရသဖြင့် ယန်စမ်းက လီယွမ်ကို ဆက်နေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို အသေးစိတ် ကြိုတင်ဆွေးနွေးရန် အချက်ပြခဲ့သည်။

ရှယ်ယာရှင်တစ်ယောက်အနေဖြင့် ပေါ်ယွဲ့မင်က ဤအဆိုပြုချက်ကို မငြင်းဆန်ခဲ့ပေ။

ဖေးယိက အစည်းအဝေးများကို နှစ်သက်သော လူတစ်ဦးမဟုတ်ပေ။ သူက လိုချင်သော ရလဒ်ကို စောင့်မျှော်ရန် အချိုပွဲနှင့် ဖျော်ရည်ကို တစ်နာရီကြာအောင် အားကိုးခဲ့ရသည်။

ဖျော်ရည်ခွက်ကြီး တစ်ခွက်သောက်ပြီး အကြာကြီးထိုင်ပြီးတဲ့အချိန်မှာ သန့်စင်ခန်း ထပ်သွားချင်လာတာ ပုံမှန်ပဲမလား?

သူ ၎င်းကိုစဥ်းစားလိုက်ပေမယ့် အကျယ်ကြီးပြောဖို့ ရှက်နေတာကြောင့် ပေါ်ယွဲ့မင်၏ နားဆီသို့ ကိုင်းကာ တီးတိုးပြောလိုက်လေသည်။ “အာ့ကော…. သန့်စင်ခန်းသွားချင်တယ်…”

“……..”

သူ့နားရွက်က နွေးထွေးသော အသက်ရှူသံကြောင့် ထုံကျင်သွားလေသည်။

ပေါ်ယွဲ့မင်၏ အသက်ရှုသံက တင်းကျပ်လာပြီး သူက တစ်ဖက်လူအား တိုက်ရိုက်မကြည့်ဝံ့ခဲ့ပေ။


အမှန်တရားထက် ဆင်ခြေတစ်ခု ပိုဖြစ်နိုင်မှန်း သိသိလျက်နဲ့ သူက ကြောင်ပေါက်လေး၏ ရဲတင်းမှုကို လက်ခံလိုက်သေးသည်။ “ကောင်းပြီ…  လင်းကျုံး လိုက်လာလိမ့်မယ်။”

မည်သို့ပင်ဖြစ်စေ ဖေးယိ တစ်ယောက်တည်း သရုပ်ဆောင်နေမှာကို သူ စိတ်ပူသည်။ ဒါက သူ့ကုမ္ပဏီဖြစ်နေရင်တောင်မှပေါ့….

ငြင်းဆိုချက်တစ်ခုက တစ်ဖက်လူကို သံသယဖြစ်စေမှာ စိုးရိမ်တာကြောင့် ဖေးယိက သဘောတူလိုက်လေသည်။

သုံးမိနစ်အကြာတွင်။

ဖေးယိက အမျိုးသားသန့်စင်ခန်း၏ အတွင်းပိုင်းအကျဆုံး နေရာသို့ ဝင်သွားလိုက်ပြီး အခန်းတံခါးကို အမြန်ပိတ်လိုက်သည်။

သူက ဖုန်းထုတ်ကာ အလွတ်ကျက်ထားတာ ကြာပြီဖြစ်သော ဖုန်းနံပါတ်ကို မက်ဆေ့စာမျက်နှာမှာ ရိုက်ထည့်လိုက်သည်။ စာသားမက်ဆေ့ချ်၏ အကြောင်းအရာမှာ:  ဟယ်လို… ဒါက ရှန်းနန်ရှန့် ….မစ္စတာရှန်းလား?

ပေါ်ယွဲ့မင်၏မျက်လုံးများက အဆင်မပြေသော်လည်း ဆုံးဖြတ်ချက်ချရာမှာ ပါဝင်နေသော အကြီးတန်း ရှယ်ယာရှင်တစ်ဦးအနေဖြင့် သူ့စားပွဲပေါ်မှာ နှစ်ဖက်စလုံးမှပါဝင်သူများ၏ အချက်အလက်များ အပါအဝင် အခြေခံအချက်အလက်များ ရှိနေဆဲဖြစ်သည်။ 

ဖေးယိ၏ မှတ်ဉာဏ်က မဆိုးလှပေ။ သူက ရှန်းနန်ရှန့်၏ ဆက်သွယ်ရန် အချက်အလက်ကို ချရေးလိုက်သည်။


ဖုန်းက တုန်ခါလာပြီး ပြန်စာတစ်စောင် ရောက်လာသည်။ “တစ်ဆိတ်လောက်… မင်းကဘယ်သူလဲ?”

ဖေးယိက မက်ဆေ့ကို စိုက်ကြည့်ရင်း သူလုပ်ဆောင်ခဲ့သော ကြိုတင်စုံစမ်းမှုကို သတိရသွားသည်။

ခယ့်မင်က လူကောင်းမဟုတ်သော်လည်း သူ့ပါတနာ ရှန်းနန်ရှန့်က အလွန်အရည်အချင်းရှိသည်။ ယိုမင်စတူဒီယို တည်ထောင်ပြီးကတည်းက နာမည်ကြီးဂိမ်းအားလုံးနီးပါးကို သူတည်ဆောက်ခဲ့တာဖြစ်သည်။

ယနေ့ ရှေ့ထွက်တောင်းပန်မှုက ရှန်းနန်ရှန့်၏ စစ်မှန်သော သဘောသဘာဝကို ပြသဖို့ လုံလောက်သည်။

လူသားတစ်ဦးအနေဖြင့် အမှားတစ်ခုကို သိလိုက်သည်နှင့် ပြင်ဆင်ခြင်းက မကောင်းသည့်အရာမဟုတ်ပေ။


သူပြောပြီးသည်နှင့် အမဲလိုက်ချင်သော အတွေးတစ်ခုက ပေါ်လာပြီး ဖေးယိက သူ့လက်ချောင်းထိပ်များဖြင့် စာတစ်ကြောင်း အမြန်ရိုက်လိုက်လေသည်။


“ဟယ်လို..  ကျွန်တော်က Will ပါ။ ကျွန်တော်တို့ရဲ့ “နောက်ဆုံးမြူ” ဂိမ်းပရောဂျက်အဖွဲ့မှာ ပါဝင်ဖို့ ခင်ဗျားကို စိတ်ရင်းနဲ့ဖိတ်ခေါ်ပါတယ်။ ဘယ်လိုထင်လဲဗျ?”

သူက ရိုက်ပို့လိုက်ပြီး ၎င်းက ချောချောမွေ့မွေ့ ရောက်သွားခဲ့သည်။

. . . . . .

တစ်နာရီကြာတော့ အစည်းအဝေးတံခါးက ပြန်ပွင့်လာသည်။

ပေါ်ယွဲ့မင်၊ ယန်စမ်းနှင့် တခြားသူများက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ “နောက်ဆုံးမြူ” ပရောဂျက်အတွက် ပဏာမရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆွေးနွေးမှုများက ယာယီပြီးသွားပုံရသည်။

ဧည့်ခန်းထဲသို့ လျှိုဝင်ပြီး မှိန်းမောတွေဝေနေသော ဖေးယိက အမြန်လျှောက်သွားကာ အမှုမဲ့အမှတ်မဲ့ ခေါ်လိုက်သည်။ “အာ့ကော”

ပေါ်ယွဲ့မင် တုံ့ပြန်ခါနီးတွင် ဖေးယိက သူ့ရှေ့မှ ဖြတ်ကျော်ကာ လီယွမ်ဆီသို့ အပြုံးတစ်ခုဖြင့် ပြေးသွားခဲ့လေသည်။

“……”

ပေါ်ယွဲ့မင်၏ နှလုံးသားက မကျေမနပ် ယားယံလာသည်။

ကြောင်ပေါက်လေး လီယွမ်ဆီသို့ လက်လှမ်းနေသည်ကို သူ တွေ့လိုက်ရသည်။ “ဟမ်?”

အံ့သြသွားသော ပေါ်ယွဲ့မင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အပေါ်  ဝတ်ကျေတန်းကျေ ဆက်ဆံသွားသော ဖေးယိ၏ အပြုအမူကို သတိမထားမိသလို ဟန်ဆောင်လိုက်သည်။ “ဖေးယိ?”

လီယွမ်က ဖေးယိ၏ဆိုလိုရင်းကို အရင်နားလည်သွားသည်။ လေလံအောင်မြင်ပြီးနောက် စိတ်ကြည်လင်နေသဖြင့် သူက ရှားရှားပါးပါး ပြုံးပြလိုက်သည်။ “သူဌေးပေါ်… ကျွန်တော် ဖေးသခင်ငယ်လေးကို မုန့်ကျွေးမယ်လို့ ကတိပေးထားတယ်။”

ဖေးယိက ခေါင်းညိတ်လိုက်သည်။

တကယ်တော့ သူတို့နှစ်ဦးက စီးပွားဖက်ဖြစ်ပြီး မျက်နှာဖုံးကို လုံးဝမဖယ်ရှားရသေးသော်လည်း ယနေ့မှာ အောင်ပွဲခံသည့် အထိမ်းအမှတ်ပွဲ ရှိသင့်လေသည်။

လီယွမ်က ဖေးယိနှင့် ပေါ်ယွဲမင်တို့၏ ဆက်ဆံရေးကို စဥ်းစားထားသဖြင့် ခွင့်ပြုချက် တောင်းလိုက်လေသည်။ “စောသေးတယ်ဆိုတော့ သူဌေးပေါ်မှာ ကန့်ကွက်စရာမရှိရင် ကျွန်တော် ဖေးသခင်ငယ်လေးကို လက်ဖက်ရည်တိုက်ဖို့ ခေါ်သွားလို့ရမလား? ပြီးမှ အိမ်ပြန်ပို့ပေးရင်ရော?”

ဖေးယိက ဦးဆောင်လိုက်သည်။ “သွားချင်တယ်!”

သူ ပေါ်ယွဲ့မင်ကို ရှောင်နိုင်ရင် ဒီနေ့ ဝိုင်နည်းနည်း သောက်လို့ရသည်။

ဘေးမှာရပ်နေသော လင်းကျုံးက တစ်ခုခုကိုတွေးကာ တီးတိုးပြောလိုက်လေသည်။ “မစ္စတာပေါ်၊ အရင်တစ်ခေါက်က ကော်ဖီဆိုင်မှာ သခင်ငယ်လေး ခင်ဗျားကို စောင့်နေတုန်းက မစ္စတာလီနဲ့ တွေ့ခဲ့ပါတယ်။”

“…….”

ဧည့်ခံပွဲမှာတစ်ခါ၊ ကော်ဖီဆိုင်မှာတစ်ခါ…ပြီးတော့ ဒီနေ့တစ်ခါ

သူတို့က စုစုပေါင်း သုံးကြိမ်ပဲ တွေ့ရသေးပေမယ့် သူတို့ဆက်ဆံရေးက မုန့်စားဖို့ ချိန်းရလောက်အောင် ကောင်းလွန်းနေပြီလား?

ပေါ်ယွဲ့မင်က အနည်းငယ် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ သူ၏ကန်းနေစဥ် ကာလအတွင်း ဖေးယိက လူတော်တော်များများ၏ ချစ်ခင်မှုကို တိတ်တဆိတ် ဆွဲဆောင်နေပုံရသည်။

ပေါ်ယွဲ့မင်မှာ ဖေးယိ၏ မိတ်ဆွေဖွဲ့လိုသော ဆန္ဒကို ကန့်ကွက်ဖို့ အကြောင်းပြချက်မရှိပေ။ “ကောင်းပြီလေ… သူ့မိသားစုကို ခေါ်လာရင်ရော မင်းစိတ်ရှိမလား? ငါလည်း ဗိုက်ဆာနေလို့”

မိသားစု?

ဤစကားကို ထပ်ကြားလိုက်ရသည့်အခါ ဖေးယိ၏နှလုံးသားက အနည်းငယ် ထုံကျင်သွားသလိုပင်။

ဧည့်ခံပွဲရှင်ဖြစ်သည့် လီယွမ်က ဖေးယိ၏အခြေအနေကို စဥ်းစားလိုက်သည်။ သူက တခဏလောက် ငြိမ်သွားပြီးမှ ပြန်ဖြေလိုက်သည်။ “ဒါပေါ့”

၎င်းကိုမြင်တော့ သူ့ဘေးက ယန်စမ်းကလည်း သူ့အမြင်ကို ပြောလာသည်။ “ငါ့ကိုပါ ထည့်တွက်ရင်ရော? ဖြစ်ချင်တော့ ငါလည်း အနီးနားက လက်ဖက်ရည်ဆိုင် ကောင်းကောင်းလေးတစ်ခုကိုသိတယ်။”

ယခု ကြောင်သွားရသူမှာ လီယွမ်ဖြစ်၏။

ဖေးယိက တစ်ဖက်လူထံမှ စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို သတိပြုမိပြီး တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ သူ့အကြည့်က ယန်စမ်း၏ မျက်နှာပေါ်ကျရောက်သွားပြီး အပြုံးတစ်ခုဖြင့် ဖြေလိုက်လေသည်။ “ရတယ်!”

ဖေးယိ၏ ရုတ်တရက်အပြုံးကို မြင်လိုက်ရသည့်အခါ မျက်မှန်အောက်ရှိ ပေါ်ယွဲ့မင်၏ မျက်လုံးတစ်စုံမှာ မှေးကျဥ်းသွားရလေသည်။


သူက ရှင်းရှင်းလင်းလင်း မမြင်ရသလို ဟန်ဆောင်ကာ သူ့ခန္ဒာကိုယ်ကို လှည့်လိုက်ပြီး သူ့သူငယ်ချင်းကို ကြည့်နေသော ဖေးယိ၏ မြင်ကွင်းကို အောင်အောင်မြင်မြင် ပိတ်ဆို့ကာ အကြောင်းအရာကို မသိမသာ ပြောင်းလိုက်လေသည်။ “ဒါဆို သွားကြမယ်။”

. . . . . .

နာရီဝက်အကြာတွင်။

ပြတင်းပေါက်နားက စားပွဲရှည်တစ်ခုပေါ်တွင် အချိုပွဲလှလှလေးများ ခင်းကျင်းထားသည်။ ဖေးယိနှင့် ပေါ်ယွဲ့မင်က တစ်ဖက်မှာထိုင်ပြီး လီယွမ်နှင့် ယန်စမ်းက တခြားတစ်ဖက်မှာ ထိုင်နေသည်။

စုန့်စီက သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ပတ်သက်ပြီး အထူးဂရုစိုက်ပြီး လို့ယန်က အနားယူရန် ဟိုတယ်ကိုပြန်သွားတာကြောင့် မည်သူကမျှ လိုက်မလာခဲ့ပေ။

လီယွမ်က အစပိုင်းတွင် စိတ်အေးအေးထားဖို့ ဝန်လေးနေခဲ့သည်။

.

မည်သို့ပင်ဖြစ်စေ ထိုလူသုံးဦးတွင် နှစ်ဦးက GM၏ အကြီးတန်း အမှုဆောင်ရှယ်ယာရှင်များဖြစ်သည်။ ကုမ္ပဏီမှ ထွက်ခွာပြီးနောက် ရည်ရွယ်ထားသော ပါတနာဆက်ဆံရေးမှ ခွဲထွက်လာပြီဖြစ်၍ သူက သူတို့နဲ့ မည်သို့ပေါင်းသင်းဆက်ဆံရမည်ကို မသိပါပေ။


တမင်တကာ အေးတိအေးစက် မျက်နှာနဲ့လား? အဲ့ဒါလည်း မကောင်းပါဘူး.. 

သူတို့ကိုဧည့်ခံဖို့ တမင်တကာပြုံးပြရမလား? ဒါလည်း သူ့ပုံစံမဟုတ်ဘူး.. 

ယန်စမ်းက သူ၏စိုးရိမ်မှုများကို သတိထားမိသွားပုံရပြီး ခေါင်းစဥ်ကို နောက်ဆုံးမြူသို့ ပြန်ပြောင်းရန် အစပြုခဲ့သည်။

သူနဲ့ ရင်းနှီးသော နယ်ပယ်ကို ပြန်ရောက်သွားသည့်အခါ လီယွမ်က သူကိုယ်တိုင်ပင်မသိလိုက်ပဲ အများကြီး စိတ်သက်သာရာရသွားခဲ့သည်။ ပေါ်ယွဲ့မင်ကတော့ ပုံမှန်အတိုင်း လျစ်လျူရှုထားကာ သူ့စိတ်က ဖေးယိအပေါ်သာ အလုံးစုံကျရောက်နေခဲ့သည်။

ကြောင်ပေါက်လေး၏ ဝမ်းဗိုက်က မည်မျှကြီးထွားလာသည်ကို သူမသိပေ။

သူက အိမ်မှာဆိုလျှင် တစ်နေ့သုံးနပ်ကို များများစားလေ့မရှိပေမယ့် သူ့အကြိုက်ဆုံးအချိုပွဲဆိုရင်တော့ ဟိုဟိုသည်သည် ပါးစပ်အပြည့်ကိုက်ကာ စားရတာ ငြီးငွေ့သွားမည့်ပုံ မပေါ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ဖေးယိက နောက်ထပ်ကြက်ဥကျောက်ကျောကိတ် အသေးလေးကို ကုန်အောင်စားလိုက်ပြီး နှုတ်ခမ်းသပ်ကာ အနည်းငယ် စိတ်ကျေနပ်သွားခဲ့သည်။

ဤလက်ဖက်ရည်ဆိုင်၏အစားအစာက အရသာကောင်းပေမယ့် စားစရာတွေက နူးညံ့လွန်းလို့ နှစ်ကိုက်လောက် စားပြီးသည်နှင့် ကုန်သွားလေသည်။

မျက်နှာချင်းဆိုင်မှာ ထိုင်နေသော လီယွမ်က ၎င်းကို သတိထားမိခဲ့သည်။ “ဒီကိတ်ရဲ့အရသာက ကောင်းတယ်မလား? ဖေးယိ စားလို့မဝဘူးလား?”

ပေါ်ယွဲ့မင်က မမြင်ပဲနေပါ့မလား?

သို့သော် သူက ၎င်းကိုကြားပြီးနောက် ဖေးယိ၏ အစားအသောက်ချစ်မြတ်နိုးမှုကို နားလည်ဟန်ဆောင်ကာ စားပွဲထိုးကို ခေါ်လိုက်သည်။ “နောက်တစ်ခုပေးပါ။”

ချက်ချင်းဆိုသလိုပင် ယန်စမ်းက ထပ်ပြောလိုက်သည်။ “နှစ်ခုပေးပါ…  သူဌေးလေးလီလည်း မျက်လုံးမခွာတာကို တွေ့တယ်။”

လီယွမ်၏ ပါးပြင်က ပူနွေးလာပြီး သူက ငြင်းခုံလိုက်သည်။ “မဟုတ်တာ… ကျွန်တော် အဲ့ဒါတွေကို မကြိုက်ပါဘူး။” 

ဖေးယိက သူ၏အလိမ်စကားကိုကြားပြီး သူ့ကိုကျီစယ်ရန် တမင်တကာ ခေါင်းညိတ်လိုက်သည်။ “အင်း…အင်း…အင်း..ကလေးတွေပဲကြိုက်တာ။”

“…….”

လီယွမ်၏ နားရွက်များက ချက်ချင်းဆိုသလို နီရဲလာပြီး သူက မတ်တပ်ထရပ်ကာ ဖေးယိ၏ပါးစပ်ကို ပိတ်ဆို့ချင်နေသည်။

တစ်ဖက်လူသည် သူ ယခင်တစ်ခေါက်က ကော်ဖီဆိုင်မှာ အမှုမဲ့အမှတ်မဲ့ ပြောခဲ့သော မောက်မာသည့် စကားကို မှတ်မိရုံတင်မကပဲ သူ့ကို စနောက်နေသေးသည်။

ဒီလူက ဘယ်နေရာမှာတုံးလို့လဲ? သူက အပြင်ပန်းမှာ ဖြူပေမယ့် အတွင်းမဲကြီးပဲ!

မကြာမီတွင် စားပွဲထိုးက အဆင်သင့်လုပ်ထားသော အချိုပွဲနှစ်ပွဲကို ယူလာသည်။ “ဒါ လူကြီးမင်းတို့ မှာထားတဲ့ ကြက်ဥကျောက်ကျောကိတ်ပါ။ ကောင်းကောင်းစားသုံးပါဗျ”

ဖေးယိက တစ်ခုအရင်ယူလိုက်ပြီး သူ၏စိတ်အားထက်သန်မှုက လုံးဝမလျော့သွားခဲ့ပေ။

ပေါ်ယွဲ့မင်က ဖေးယိ၏မျက်ဝန်းထဲမှ အလင်းတန်းနှင့် ခေါင်းငုံ့လိုက်စဥ် အသာခါယမ်းသွားသော ဆံနွယ်လေးကို သတိထားမိလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် စနောက်ချင်သော အရိပ်အမြွက်ပေါ်လာပေမယ့် သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ ပြောလိုက်လေသည်။ “ကလေးလေး… ဖြည်းဖြည်းစားပါ။ မနင်စေနဲ့။”