Chapter 56
လက်ဖက်ရည်ဆိုင်မှာ အများကြီးစားခဲ့တာကြောင့် ပေါ်ယွဲ့မင်နှင့် ဖေးယိက အိမ်ပြန်ရောက်ပြီးနောက် ညစာမစားပဲ နေခဲ့ကြသည်။
ဖေးယိက အိပ်ငိုက်နေသည်ဟု အကြောင်းပြကာ အခန်းထဲပြန်သွားခဲ့ပြီး သူ့ဖုန်းကိုမထုတ်ခင်မှာ တံခါးကို အမြန်လော့ချလိုက်လေသည်။
လွန်ခဲ့သည့်နာရီဝက်က ရှန်းနန်ရှန့်ဆီမှ မဖတ်ရသေးသော မက်ဆေ့တစ်စောင်ရှိနေသည်။ “ဆောရီးပါ.. တစ်ခုခုပေါ်လာလို့ နောက်ကျသွားပါတယ်။ ဒီဖိတ်ခေါ်မှုက အရမ်းရုတ်တရက်ဆန်တော့ ကျွန်တော် ခင်ဗျားရဲ့သရုပ်မှန်နဲ့ ပတ်သက်ပြီး သံသယရှိနေလို့ပါ။ ဒါကြောင့် အားနာပါတယ်။ ကျွန်တော်လက်မခံနိုင်ဘူး။”
“…….”
ဤ မျှော်လင့်ထားသော အဖြေကိုကြည့်ကာ ဖေးယိက တစ်ဖက်လူ၏နံပါတ်ကို သေချာရိုက်နှိပ်လိုက်ပြီး အသံလုံသော ရေချိုးခန်းထဲသို့ လျှောက်သွားလိုက်သည်။
ဘိ-ဘိ-ဘိ
တခဏကြာသော် ဖုန်းလိုင်းက တစ်ဖက်ခြမ်းနှင့် ချိတ်ဆက်သွားခဲ့သည်။ “ဟယ်လို… ငါက ရှန်းနန်ရှန့်ပါ။”
ဖေးယိက အသံလျှော့ပြီး ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ “ဒါရိုက်တာရှန်း.. ဟယ်လို.. ကျွန်တော်က “နောက်ဆုံးမြူက” Will ပါ”
ဖုန်း၏ တခြားတစ်ဖက်က ခေတ္တရပ်တန့်သွားပြီးနောက် ရှန်းနန်ရှန့်က အသက်ရှူထုတ်လိုက်သည်။ “ငါ မင်းကို မက်ဆေ့မှာ ငြင်းပြီးပြီလို့ထင်တယ်။”
“သိပါတယ်။ ဒါပေမယ့် ခင်ဗျားကို ဖုန်းနဲ့ ထပ်ဖိတ်ခေါ်ချင်လို့ပါ။ ကျွန်တော် ဒါရိုက်တာရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်။ တကယ်တမ်းမှာ ဒီနေ့ပေါ်မလာခဲ့တဲ့ ကျွန်တော်က ဖိတ်ခေါ်ချက်တစ်ခု ပြုလုပ်လာမယ်ဆိုတာ ယုံရခက််တယ်လေ။ ဒါက ကျွန်တော့်အမှားပါ။”
ဖေးယိက ခေတ္တရပ်ပြီး စိတ်အေးလက်ရေး ရှင်းပြလိုက်သည်။ “ဒါရိုက်တာရှန်းက ဒီဖိတ်ခေါ်မှုကို လက်ခံရင် ကျွန်တော်က မစ္စတာလီယွမ်ကို ခင်ဗျားနဲ့လူချင်းတွေ့ ညှိနှိုင်းကြည့်ဖို့ ပြောပေးမှာပါ။”
ရှန်းနန်ရှန့်က ဖုန်းကိုတိုက်ရိုက်မချလိုက်ပဲ သူ၏အေးဆေးတည်ငြိမ်သော လေသံက မောပန်းနွမ်းနယ်မှုကို ဖုံးကွယ်ထားလေသည်။ “မစ္စတာ Will… . ယိုမင်စတူဒီယိုကို ကျွန်တော်နဲ့ ခယ့်မင်တည်ထောင်ခဲ့တယ်ဆိုတာ ခင်ဗျားမသိလို့လား?”
“ဒီနေ့မွန်းလွဲပိုင်းက လေလံမအောင်မြင်မှုရဲ့ အခြေခံအကျဆုံး အကြောင်းအရင်းက ကျွန်တော်တို့ ယိုမင်ပဲ။ ဒါပေမယ့် ကျွန်တော်တို့က ဒီမှာပဲလဲကျနေပြီး ပြန်မထနိုင်ဘူးလို့ မဆိုလိုဘူး။”
ခိုးကူးခြင်း ပြဿနာရှိသော သားရဲဂြိုလ်သားပုံများကို အစားထိုးကာ ပန်းချီအနုပညာအဖွဲ့ကို မူရင်းဒီဇိုင်း ပြန်ပြင်ခိုင်းလို့ရသည်။ ထို့အပြင် သူတို့၏ မော်ဒယ်လ်နည်းပညာက တည်ရှိနေဆဲဖြစ်တာကြောင့် ရန်ပုံငွေရှိနေသရွေ့ ဂိမ်းကို ဖန်တီးလို့ရဆဲပင်။
သူတို့စတူဒီယိုက ဒေဝါလီခံမည့် အနေအထားကို မရောက်သေးပေ။ ရန်ပုံငွေ ချောမွေ့စွာ လည်ပတ်နေသရွေ့ အနာဂတ်မှာ တခြားသော ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေဖို့ အခွင့်အလမ်းများရှိနေဆဲဖြစ်ပြီး ဆက်လက်တိုးချဲ့၍ တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။
ဖေးယိက ရိုးရိုးသားသား ဝန်ခံလိုက်သည်။ “ဟုတ်တယ်… ကျွန်တော် ဒါရိုက်တာရှန်းရဲ့ အရည်အချင်းကို သံသယမဝင်ဖူးဘူး။”
ကမ္ဘာအစစ်တွင် သူက သူ့သူငယ်ချင်းများနှင့်အတူ စတူဒီယိုတစ်ခု စတင်ခဲ့သည်။ တစ်ဖွဲ့လုံးက ရှစ်နှစ်တာ ကြိုးစားခဲ့ရပြီး လူမသိသူမသိ အခြေအနေမှ တရုတ်နိုင်ငံတွင် တဟုန်ထိုးကျော်ကြားလာခဲ့သည််။
ဤမျှလောက် အတူတူရုန်းကန်ခဲ့ကြသော သူငယ်ချင်းဆက်ဆံရေးကို မည်သူကမျှ စွန့်ပစ်ဖို့ ဆန္ဒရှိမည်မဟုတ်ပေ။
လူတွေရဲ့ နှလုံးသား မပြောင်းလဲဘူးဆိုရင် အရာအားလုံးက တူတူပဲဖြစ်နေမှာ ဆိုပေမယ့် တစ်ယောက်ယောက်က လမ်းခုလတ်မှာ ပြောင်းလဲသွားခဲ့ရင်ရော?
ဖေးယိက ယနေ့ GM မှာ သူ တိတ်တဆိတ် လေ့လာခဲ့သော အရာအားလုံးကို စဥ်းစားကာ အဓိပ္ပါယ်ပါပါမေးလိုက်သည်။ “ဒါပေမယ့် ဒါရိုက်တာရှန်း… ခင်ဗျားအခုမြင်နေရတဲ့ ယိုမင်က ခင်ဗျားဖန်တီးချင်တဲ့ ယိုမင်ဆိုတာ သေချာရဲ့လား?”
“အခုခင်ဗျားဘေးမှာ ရှိနေတဲ့ ပါတနာခယ့်မင်…. သူ့စိတ်ကူးတွေ၊ သူ့ပန်းတိုင်တွေနဲ့…သူ့ကိုယ်ကျင့်တရား အောက်ခြေတောင်မှ ခင်ဗျားနဲ့တူရဲ့လား?”
သူတို့နှစ်ယောက်က စီးပွားဖက်ပါတနာဆိုတာထက် သူဌေးနဲ့ အလုပ်သမားဖြစ်နေ၏။
“…….”
တစ်ဖက်ခြမ်းမှာ ရှန်းနန်ရှန့်က ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။
သူတို့က တူရဲ့လား?
သူ ထိုမေးခွန်းကို မဖြေနိုင်ပေ။
မွန်းလွဲပိုင်းမှာ ပြိုင်ပွဲပြီးသွားသောအခါ သူတို့နှစ်ယောက်က သမိုင်းတစ်လျှောက် အကြီးမားဆုံး ငြင်းခုံပွဲကြီး ဖြစ်ခဲ့ကြသည်။
အစည်းအဝေးခန်းထဲမှ ထွက်မလာခင် ရှန်းနန်ရှန်က လို့ယန်ကို မတောင်းပန်ခဲ့သင့်သလို ဤလုပ်ရပ်က ယိုမင် ခိုးကူးထားမှန်း ဝန်ခံလိုက်သလို ဖြစ်သွားသည်ဟု ခယ့်မင်က တွေးကာ ဒေါသူပုန်ထခဲ့လေသည်။ ၎င်းက စတူဒီယိုသူဌေးဖြစ်သည့် သူ့ကို လူမြင်ကွင်းမှာ ပါးရိုက်သလိုဖြစ်သွားခဲ့သည်။
သူတို့သာ လို့ယန်ထက် ဂိမ်းစောစောထုတ်နိုင်လျှင် လေလံမအောင်မြင်သည့်တိုင် သူတို့က “ခိုးကူးခြင်း”တံဆိပ်ကပ်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။
သို့သော် ရှန်းနန်ရှန့်က လက်မခံခဲ့ပေ။
သူက “သားရဲဂြိုလ်သား”နှင့် ပတ်သက်သော ဂိမ်းဆက်တင်များကို ဒီဇိုင်းပြန်ဆွဲရန် အကြံပြုခဲ့ပေမယ့် အစောပိုင်းအဆင့်၌ ကုန်ကျစရိတ်ကို အလေးအနက်တိုက်တွန်းခဲ့သော ခယ့်မင်က လက်မခံခဲ့ပေ။
နှစ်ယောက်သားက အဆုံးထိငြင်းခုံကြပြီး “အဖွဲ့ဖျက်သိမ်းခြင်း””ဆိုသော စကားထွက်လာခဲ့သည်။
ဒီလိုဖြစ်လာရင် ထွက်ရမယ့်လူက ဘယ်သူလဲ? ရလဒ်က သူတို့အပေါ်မူတည်၏။
ရှန်းနန်ရှန့်က နည်းပညာကိုသာ နားလည်ပြီး နည်းပညာအပိုင်းမှာပဲ ကြိုးစားချင်တာကြောင့် သူက ခယ့်မင်၏မောက်မာမှုကို နားမလည်ခဲ့ပဲ တဖြည်းဖြည်းနှင့် သူ့နှလုံးသားက ငွေနှင့် အကျိုးအမြတ်၏ လွှမ်းမိုးခံနေရလေသည်။
သူတို့၏ မူလရည်ရွယ်ချက်က တရုတ်နိုင်ငံမှာ လူကြိုက်များသော ပြည်တွင်းဂိမ်းများထုတ်ရန်ဖြစ်သည်။ နိုင်ငံခြားဂိမ်းဆက်တင်များကို တုပပြီး တခြားသူများ၏ စိတ်ကူးများကို ခိုးယူငှားရမ်းဖို့ မဟုတ်ခဲ့ပေ။
ယခုချိန်မှာတော့ ၎င်းက သိသာထင်ရှားနေခဲ့သည်။
“ဒါရိုက်တာရှန်း.. ခင်ဗျားရဲ့တိတ်ဆိတ်မှုက အရာအားလုံးကို ရှင်းပြနေတယ်”
“ကျွန်တော်က တရုတ်ပြည်နဲ့ သက်ဆိုင်တဲ့ ပြည်တွင်းဂိမ်းကို ဖန်တီးချင်တာ။ “နောက်ဆုံးမြူ”ရဲ့ အခြေခံဆက်တင်မှာ ဇာတ်ကောင်ဓာတ်ပုံပါတယ်။ ပြီးတော့ သူတို့က နောက်ဆိုရင် တရုတ်လူမျိုးတွေဖြစ်လာမှာ။”
ဖေးယိက ပွင့်ပွင့်လင်းလင်း ဆက်ပြောပြီး ကမ်းလှမ်းညှိနှိုင်းလိုက်သည်။ “ဒီနေ့မတိုင်ခင်က ယိုမင်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးက ခင်ဗျားရဲ့ နည်းပညာစွမ်းရည်အပေါ် မူတည်နေမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ခင်ဗျား “နောက်ဆုံးမြူ”ကို လာဖို့ဆန္ဒရှိတယ်ဆိုရင် ခင်ဗျားနဲ့ထိုက်တန်တဲ့ နေရာကိုရမယ်လို့ အာမခံတယ်။”
“ဒါပေါ့ .. “စီးပွားဖက်ပါတနာ”ဆိုတဲ့ ခေါင်းစဥ်ကလွဲလို့ပေါ့”
ဖေးယိက အမှန်တိုင်းပြောလိုက်သည်။ GM မှ ဘဏ္ဍာရေးအထောက်အပံ့အပြင် သူနဲ့ လီယွမ်တို့က အနာဂတ်မှာ “နောက်ဆုံးမြူ”၏ အသံကို ထိန်းချုပ်နိုင်ဖို့ မျှော်လင့်သည်။
ရှန်းနန်ရှန့်က ခပ်ဖွဖွရယ်မောလိုက်သည်။ “မစ္စတာ Willက ပွင့်လင်းတာပဲ”
ဖေးယိက ပြန်ဖြေလိုက်သည်။ “ပွင့်လင်းမှုက ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။”
“ဟုတ်တယ်…ဒါပေမယ့် အခုတော့ ငြင်းမှရမယ်။” ရှန်းနန်ရှန့်က မဖုံးကွယ်ထားခဲ့ပေ။ “ယိုမင်စတူဒီယိုက ကျွန်တော့်ဖန်တီးမှုပါ။ ဘယ်သူမှ သူတို့ရဲ့ဖန်တီးမှုကို ရုတ်တရက်စွန့်ပစ်မှာမဟုတ်ဘူး။”
“နားလည်ပါပြီ။”
ဖေးယိက ချက်ချင်းတုံ့ပြန်ကာ နားလည်လိုက်ပေမယ့် သတ်မှတ်ရက်တစ်ခု ချိတ်ပေးလိုက်ဖို့လည်း မမေ့ချေ။ “ဒါပေမယ့် ခင်ဗျားမှာ အများဆုံးတစ်လပဲရှိပါမယ်။ ပိုသင့်တော်တဲ့ ပရိုပရမ်ရေးဆွဲသူကို ရှာတွေ့ရင် ခေါင်းဆောင်နေရာက ဒါရိုက်တာရှန်းအတွက် မဖြစ်နိုင်တော့ပါဘူး။”
ရှန်းနန်ရှန့်က သက်ပြင်းထပ်ချလိုက်ပြီး ဂိမ်းသမားတစ်ယောက်၏ စိတ်ရင်းမှန်ဖြင့် ကောင်းချီးပေးလိုက်သည်။ “မစ္စတာWill.. ခင်ဗျားတည်ဆောက်ခဲ့တဲ့ ဂိမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ တစ်နေ့ကျရင် အဲ့ဒါက တရုတ်ဂိမ်းအသိုင်းအဝိုင်းမှာ ကျော်ကြားလာဖို့ မျှော်လင့်တယ်။”
“ပြီးတော့ ဒါရိုက်တာလို့ယန်ကိုလည်း ကျွန်တော့် ထပ်ပြီးတောင်းပန််တယ်လို့ ပြောပေးပါ။”
ရှန်းနန်ရှန့်က ရှေးရိုးစွဲတစ်ယောက်ဖြစ်သည်ကို ခယ့်မင်ကသိတာကြောင့် သူက ဤကိစ္စကို တမင်တကာ လျှို့ဝှက်ထားခဲ့သည်။ သူ တွေ့ရှိခဲ့သောအချိန်တွင် စတူဒီယိုက ၎င်းအတွက် အများကြီးအားထုတ်ခဲ့ပြီးသား ဖြစ်နေ၏။
သူက သွယ်ဝိုက်ပြီး မပြောတတ်သလို သူ့ကိုယ်သူမှန်တယ်လို့လည်း မပြောရဲပေမယ့် အနည်းဆုံးတော့ စကားတစ်လုံးမှမချော်ပဲ တောင်းပန်နိုင်လေသည်။
ဖေးယိက ပြုံးလိုက်သည်။ “ပြောပေးမှာပါ။ ဒရိုက်တာရှန်းက ဒီလထဲမှာ စိတ်ပြောင်းသွားရင်တော့ မစ္စတာလီကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။”
“ကောင်းပါပြီ။”
ဖုန်းချသွားသည်။
ဖေးယိက အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်မှာ ထိုင်ချကာ ယိုထူစာမျက်နှာကို ဖွင့်လိုက်သည်။ သူ၊ လီယွမ်နှင့် လို့ယန်တို့၏ လူသုံးယောက် ချက်တင်မှာ မဖတ်ရသေးသော မက်ဆေ့များရှိနေသည်။
“Will… လေလံအောင်သွားပြီ! မင်းထင်တဲ့အတိုင်းပဲ။ အဲ့ဒီလူယုတ်မာ ခယ့်မင်က အစ်မယန်ရဲ့ဒီဇိုင်းကို မော်ဒယ်ဒီဇိုင်းမှာ ငှားရမ်းခိုးယူထားတာ!”
“ဒီနေ့ အစ်မယန်က သူ့ကို ဘယ်လိုခြောက်လှန့်ခဲ့လဲ မင်းမသိပါဘူး။”
လို့ယန်က စကားနှစ်ခွန်းပြောလိုက်သည်။ “Willရဲ့ ခွဲခြားစိတ်ဖြာပေးမှုနဲ့ အကဲဖြတ်မှုကို ကျေးဇူးတင်ပါတယ်။ အစ်မ မင်းပြောတဲ့အတိုင်း ဘာသာစကားထောင်ချောက်တစ်ခုကို ကြိုတင်ဆင်လာခဲ့တယ်။ တစ်ဖက်လူရဲ့ မောက်မာတဲ့စရိုက်က အဲ့ထဲကို ခုန်ဝင်သွားတော့တာပဲ။”
“@Will.. မင်းကရော… ဘာလုပ်နေလဲ?
လေလံဆွဲသည့်မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဖေးယိက နေ့ခင်းတုန်းက ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းခဲ့သလဲ မသိပဲနေပါ့မလား? သူက သူတို့နှစ်ယောက်ကို ချက်ချင်းဖြေလိုက်သည်။ “ဂုဏ်ပြုပါတယ်။ ခင်ဗျားတို့ အများကြီးကြိုးစားပေးခဲ့တာ။ အထူးသဖြင့် ဒီထိလာခဲ့ရတဲ့ အစ်မယန်က ပင်ပန်းနေပြီလား?”
ဂရုထဲမှ ပြန်စာများမှာ အလွန်လျင်မြန်သည်။
“နေ့ခင်းတုန်းက ဟိုတယ်ပြန်ပြီး တစ်ရေးတစ်မောအိပ်လိုက်တယ်။ အခုအဆင်ပြေသွားပါပြီ။ GM ရဲ့ ရန်ပုံငွေ တရားဝင်ရင်းနှီးမြှုပ်နှံမှု မစခင်မှာ အချိန်တွေရှိသေးတယ်။ ဇာတ်ကောင်ခြောက်ခုရဲ့ ဓာတ်ပုံတွေကို ငါ ဒီဇိုင်းအရင်ဆွဲဖို့ ကြိုးစားလိုက်မယ်။”
လို့ယန်က သူမ၏ အသက်မွေးဝမ်းကြောင်းတွင် အလွန်သန်မာသော အမျိုးသမီးတစ်ဦးဖြစ်ပြီး အလုပ်နှင့်ပတ်သက်လာလျှင် ဘယ်တုန်းကမှ အချိန်မဆွဲဖူးပေ။
သူမက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံသို့ ပြန်လာချင်နေသည့် အချိန်မှာ ဖေးယိက သူမကို ရှာတွေ့ခဲ့တာ ကံကြမ္မာလို့ ပြောရပေမည်။ ထို့ကြောင့် ဖိတ်ခေါ်ချက်က လက်တွေ့ကျကျ အဆင်ပြေခဲ့လေသည်။
ဖုန်းက အနည်းငယ် တုန်ခါလာပြန်သည်။ ၎င်းက လီယွမ်ဆီမှ ဂရုမက်ဆေ့ဖြစ်သည်။ “ငါ အခု ရန်ပုံငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ညှိနှိုင်းနေပြီ။ ပြီးရင် တစ်လခွဲအတွင်း GM နဲ့ စာချုပ်ချုပ်ဖို့ ကြိုးစားမယ်။ သတ်မှတ်ထားတဲ့ အလုပ်တည်နေရာနဲ့ ပတ်သက်လို့ အဲ့ဒါက အရုဏ်ဦးဂိမ်းမှာပဲ ဆက်လက်ထားရှိမှာမလား?”
အဆင်သင့်ရှိသော ရုံးခန်းပတ်ဝန်းကျင်နှင့် ဝန်ထမ်းများက စွမ်းအင်သုံးစွဲမှု အများကြီးကို သက်သာစေသည်။
ဖေးယိက လက်ခံသဘောတူလိုက်သည်။ “ဟုတ်တယ်… ဒါပေမယ့် အဆင့်မြှင့်ဖို့ လိုအပ်တဲ့ ဟာ့ဒ်ဝဲတွေကို သုံးလို့မရဘူး။ ဝန်ထမ်းအင်အား တိုးဖို့လျော့ဖို့ အတွက်ကိုလည်း နည်းနည်းလေး ပိုစဥ်းစားရမယ်။”
“ငါနားလည်ပါပြီ။”
“ယွမ် အကူအညီလိုရင် ငါ့ကို အချိန်အကူအညီတောင်းပါ။ ငါက ဒီစက်မှုလုပ်ငန်းမှာ နှစ်အများကြီး ကျင်လည်ခဲ့တာမို့ တခြားအရာတွေနဲ့ ယှဥ်ရင် စီမံခန့်ခွဲမှုအပိုင်းမှာ နည်းနည်းလေးသုံးသပ်ပေးနိုင်တယ်။”
ဖေးယိက ဂရုထဲမှာ ဆက်လက်ဆွေးနွေးနေသော လူနှစ်ဦးကိုကြည့်ကာ ယခုနက “ရှန်းနန်ရှန့်ကို ဖိတ်ခေါ်ခဲ့ခြင်း”နဲ့ပတ်သက်ပြီး သူတို့ကို အကျဥ်းချုပ်ရှင်းပြရန် အချိန်ယူခဲ့သည်။
လီယွမ်က ၎င်းကိုကြားသောအခါ လက်ခံသဘောတူလိုက်သည်။ “ငါ အရင်က ရှန်းနန်ရှန့်နဲ့ ဆက်ဆံဖူးတယ်။ သူက တကယ်ကို အရည်အချင်းရှိတာ။ သူ “နောက်ဆုံးမြူ” ပရောဂျက်အဖွဲ့ကို လာဖို့ဆန္ဒရှိရင် ကောင်းမယ်။”
သူက နှစ်စက္ကန့်လောက် ရပ်ကာ ထပ်ပြောလိုက်သည်။ “အစ်မယန်…ဘယ်လိုထင်လဲ?”
“နင် စီစဥ်လိုက်။ အစ်မက ပြဿနာမရှိပါဘူး။ အတိအကျပြောရရင်.. ရှန်းနန်ရှန့်က ခယ်မင်လိုမျိုး အမှားအယွင်းတွေ မလုပ်ထားသရွေ့ ငါက အရည်အချင်းရှိတဲ့ လုပ်ဖော်ကိုင်ဖက်ကို လက်ခံဖို့ ဆန္ဒရှိပါတယ်။”
လို့ယန်၏ လုပ်ငန်းအတွေ့အကြုံက လူငယ်လေးနှစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်ပြီး သူမ၏အတွေးအခေါ်နှင့် အလုံးစုံအမြင်မှာလည်း အင်မတန်ရင့်ကျက်လေသည်။
ရုတ်တရက် သူမက နောက်တစ်ခွန်း ထပ်ပြောလိုက်သည်။ “ဒါပေမယ့်… ငါနည်းနည်းလေးတော့ သိချင်တယ်။”
ဖေးယိက ပြန်မေးလိုက်သည်။ “ဘာကိုလဲ?”
“Will, မင်း ဒီနေ့လည်တုန်းက ပြိုင်ပွဲနေရာကို မလာခဲ့သလို ယွမ်နဲ့ ငါကလည်း မင်းကိုချက်ချင်းမရှင်းပြခဲ့ဘူး။ ဒီတော့ ရှန်းနန်ရှန့်ကို ဖိတ်ခေါ်ဖို့ အချိန်မှန်ကို မင်းဘယ်လိုတွက်ချက်ခဲ့တာလဲ? သူက “ခိုးကူးတဲ့ကိစ္စ”မှာ ပါနေရင်ရော?”
“…….”
ဖေးယိက ဤမက်ဆေ့ကိုကြည့်ကာ သူ့နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီး ပုံရိပ်တစ်ခုကို စဥ်းစားမိသွားသည်။–
“ထောက်လှမ်းရေးသူလျှို” တစ်ယောက်အဖြစ် သူက သူ့သရုပ်မှန်ကို မတော်တဆ ဖော်ထုတ်လိုက်မိပြီး လို့ယန်၏ စူးရှသော မျက်လုံးများဖြင့် ဖမ်းမိသွားကာ သူမက သူ့ကို သူမ၏သေနတ်ဖြင့် ချိန်ရွယ်ထားလေသည်။
အမျိုးသမီးတစ်ယောက်၏ မွေးရာပါ အလိုလိုသိစိတ်က တကယ်ပင် အစွမ်းထက်ပြီး ကြောက်စရာကောင်းလှသည်။
ဖေးယိက တိတ်တဆိတ်သက်ပြင်းချကာ အမြန်ပြင်ပြောလိုက်သည်။ “အဲ့ဒီနေရာမှာ ကျွန်တော့်အသိတစ်ယောက်ရှိတယ်လေ။ ပြီးတော့ ရှန်းနန်ရှန့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ လက်ရာတွေကို စတူဒီယိုရဲ့ ဝဘ်ဆိုဒ်မှာကြည့်လို့ရတယ်။”
မက်ဆေ့ကို စက္ကန့်အနည်းငယ်အတွင်း ပေးပို့လိုက်လေသည်။
လို့ယန်: “သြော်…ဒီလိုကိုး”
လီယွမ်: “Will, ဒီနေ့အောင်ပွဲခံဖို့ ငါ အစ်မယန်နဲ့ ညစာစားဖို့ ချိန်းထားတယ်။”
လို့ယန်က အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်၏။ “မင်းရဲ့ ဆန်းကြယ်တဲ့ မျက်နှာဖုံးကြောင့် မလာနိုင်တာကို အစ်မသိပါတယ်။ ဒီတော့ ခဏနေ ယွမ်နဲ့ ငါ သောက်တဲ့အခါ မင်းအတွက် နှစ်ခွက်ပိုသောက်ပေးပါမယ်။”
“…….”
ဖေးယိက ဆို့နင်သွားပြီး ကွန်ပျူတာရှေ့၌ ကူကယ်ရာမဲ့ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ “ကောင်းပါပြီ။ ခင်ဗျားတို့ပဲ သွားကြပါ။ ကျွန်တော်တစ်ယောက်တည်း အောင်ပွဲခံလိုက်ပါ့မယ်။”
. . . . . .
ခဏအကြာတွင်။
ဖေးယိက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ရေစိမ်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည်။
လီယွမ်နှင့် လို့ယန်က သူ၏ အရက်စွဲလန်းစိတ်ကို နှိုးဆွပေးခဲ့လိုဖြစ်မည်။ သို့မဟုတ် ရေချိုးခန်းထဲမှ အပူရှိန်ကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် သူ၏သောက်ချင်သော ဆန္ဒမှာ ပိုတိုးလာခဲ့လေသည်။
ဖေးယိက ဧည့်ခန်းလေးထဲရှိ ဝိုင်ကပ်နံရံစင်ကိုတွေးကာ “အောင်ပွဲခံခြင်း”အမည်ဖြင့် နည်းနည်းလောက် မြည်းစမ်းဖို့ အချိန်ကျပြီဟု ခံစားလိုက်ရသည်။
တကယ်တော့ ပေါ်ယွဲ့မင်က ယခုချိန်တွင် မမြင်နိုင်တာကြောင့် သူ ဝိုင်ကိုယူပြီး တံခါးနောက်ကွယ်မှာ သောက်နေသရွေ့ အမှားအယွင်းရှိမည်မဟုတ်ချေ။
ဖေးယိက သူ့စိတ်ထဲတွင် အစီအစဥ်ချနေပြီး ရန်သူကို ဦးစွာထောက်လှမ်းရန် တံခါးအရင်ဖွင့်ဖို့ ကြံစည်နေသည်။
ဘုတ်
တံခါးဖွင့်လိုက်သည်နှင့် သူက ပေါ်ယွဲ့မင်နဲ့ ဝင်တိုးမိခဲ့သည်။
“…….”
ဖေးယိက လန့်သွားပြီး သူ့အမူအရာကို အမြန်ထိန်းချုပ်လိုက်ရသည်။
တံခါးခေါက်ရန် အချိန်မရလိုက်သော ပေါ်ယွဲ့မင်က မျက်လွှာချလိုက်သဖြင့် ရှည်လျားလွန်းသော မျက်တောင်များမှ အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
နားမလည်နိုင်သော တိတ်ဆိတ်မှုက သုံးစက္ကန့်အောက်သာကြာပြီး စစ်ဆေးရေးမှူးက သူတို့ခြေထောက်ဆီသို့ ပြေးလာလေသည်။
ပေါ်ယွဲ့မင်က ကိုယ်ကိုအရင်သပ်လိုက်သည်။ “ဖေးယိလား? ဘာလုပ်နေတာလဲ?”
ဖေးယိက လိမ္မာရေးခြားရှိသော ပုံစံကို တုပကာ နှုတ်ခမ်းဖိလိုက်သည်။ “နို့… နို့သောက်မလို့! အာ့ကော”
ပေါ်ယွဲ့မင်က ပူးပေါင်းပေးပြီး သူ့လက်ထဲက နွားနို့နွေးနွေးလေးကို ကမ်းပေးလိုက်၏။ “ဦးလေးခိုင် အခုလေးတင် ပို့သွားတာ။ ပူနေတုန်း သောက်လိုက်။”
“အို့”
ဖေးယိက ၎င်းကိုသောက်ဖို့ ပျော်ရွှင်ဟန်ဆောင်ကာ ပေါ်ယွဲ့မင်ရှေ့၌–
သူက တစ်ငုံသာသောက်လိုက်ပေမယ့် မူယာပိုလွန်းသော မျိိိုချသံတစ်ခုကို လုပ်လိုက်ဖို့လည်း မမေ့ခဲ့ပေ။ သောက်ပြီးနောက် သူက တမင်တကာ အပြုံးတစ်ခု တပ်ဆင်လိုက်သည်။ “အရသာရှိတယ်~”
“…….”
ပေါ်ယွဲ့မင်က ဤ “ကျွမ်းကျင်သော သရုပ်ဆောင်နည်း”ကြောင့် လှည့်ဖြားခံရလုနီးပါး ဖြစ်သွားကာ ပြောလိုက်လေသည်။ “မင်းကြိုက်လို့ ဝမ်းသာပါတယ်။ ငါ ဒီနေ့နည်းနည်းပင်ပန်းနေလို့… အခန်းထဲပြန်အနားယူတော့မယ်။”
ဖေးယိက စကား၏ ဒုတိယပိုင်းကို ကြားလိုက်ရသောအခါ သူ့မျက်ဝန်းက ထိန်းမနိုင်သိမ်းမနိုင် တောက်ပလာလေသည်။
အရမ်းကောင်းတယ်!
ဘုရားသခင်က သူ့ကို ကူညီလိုက်တာပဲ!
ပေါ်ယွဲ့မင်က သူ၏ အလွန်အမင်း ပျော်ရွှင်နေမှုကို အာရုံခံမိသော်လည်း ထုတ်မဖော်ခဲ့ပေ။ “အိပ်ရာစောစောဝင်… ကောင်းသောညပါ။”
ယနေ့ အချိန်အတော်ကြာ အပြင်ထွက်ပြီးနောက် သူ့မျက်လုံးများက နာကျင်ပင်ပန်းလာပြီး သူက မျက်လုံးမှိတ်ကာ စောစောအနားယူချင်ခဲ့သည်။
ပြောပြီးသည်နှင့် သူက လမ်းပြတုတ်ကိုကိုင်ရင်း လှည့်လိုက်သော်လည်း သူ့ခြေလှမ်းများကို မာစတာခန်း၏ လမ်းကြောင်းမှ တမင်တကာ ပြောင်းလိုက်လေသည်။
ဖေးယိက တခဏလောက် တိတ်တဆိတ် စောင့်ကြည့်နေပြီးမှ ရှေ့သို့ခြေလှမ်းကာ သူ့လက်ကို ကိုင်လိုက်သည်။ “အာ့ကော”
“အင်း?”
“ဒီဘက်”
“ငါ လမ်းမှားသွားတာလား?”
“ဟုတ်”
“ဒါဆို လိုက်ပို့ပေးပါ။”
“...... အင်း!”
နှစ်ယောက်လုံးက အရူးဟန်ဆောင်နေပြီး မေးလိုက်ဖြေလိုက်နှင့်ပင်။
မာစတာအခန်း၏ တံခါးပိတ်သွားမှသာ နှစ်ယောက်လုံးက မျက်နှာဖုံးကို ခွာချလိုက်လေသည်။
ဖေးယိက မာစတာခန်း၏ တံခါးဝတွင် တခဏမျှ ငြိမ်ငြိမ်လေးရပ်နေလေသည်။ သူ့ခြေထောက်နားရှိ တံခါးအက်ကွဲကြောင်းမှတစ်ဆင့် အထဲက မီးပိတ်သွားကြောင်း အတည်ပြုလိုက်ပြီးမှ သူက သက်ပြင်းချကာ သူစောင့်မျှော်နေသော အရက်သောက်ခြင်း အစီအစဥ်ကို စတင်လိုက်လေ၏။
ဖေးယိက နံရံကပ်ဝိုင်စင်ဆီသို့ အမှုမဲ့အမှတ်မဲ့ လျှောက်သွားရင်း သူ့မျက်လုံးများက တန်ဖိုးကြီးဝိုင်အမျိိုးအစားများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။
အရမ်းစျေးကြီးတာကို ရွေးမလား? ပေါ်ယွဲ့မင်၏ ခွင့်ပြုချက်မရှိရင် မကောင်းဘူး။
အီလက်ထရောနစ် မီနူးကလား? မကောင်းဘူး သူတို့က တစ်ပုလင်းတည်းလာတာဖြစ်လို့ သူသောက်လိုက်ရင် ဦးလေးခိုင် သတိထားမိသွားလိမ့်မယ်။
ခဏလောက် ဝေခွဲရခက်နေပြီးနောက် ဖေးယိက နံရံကပ်ဝိုင်စင်၏ ညာဘက်အပေါ်ဆုံးမှ လူသိများသော သက်တမ်းရှည်ဝိုင်ကို ယူလိုက်သည်။ ၎င်းကလည်း စျေးမပေါပေ။
– ကလင့်
“မြောင်~”
အဖွင့်ခံလိုက်ရသော ဝိုင်ပုလင်းအသံနှင့် စစ်ဆေးရေးမှူး၏ အသံ ထွက်ပေါ်လာသည်။
ဖေးယိက မလုံမလဲခံစားလိုက်ရပြီး ခဏစောင့်ပြီးမှ ပြောလိုက်သည်။ “ရှူး! ပြီးရင် ငါ မင်းကို ငါးခြောက်ကျွေးမယ်”
စစ်ဆေးရေးမှူးက တိုးတိုးလေးပြောလိုက်သည်။ “ဝူး~”
ဖေးယိက သူ၏လက်ရှိသောက်နိုင်စွမ်းကို ကောင်းကောင်းသိသည်။ သူက ဧည့်ခန်းထဲမှာနေပြီး မသောက်နိုင်တာ သေချာတာကြောင့် ရန်သူကို မနိုးကြားစေရန်အလို့ငှာ သူက သူ့ခြေထောက်အောက်ရှိ သူချစ်ရသော အိမ်မွေးတိလေးကို မျက်လုံးများဖြင့် အချက်ပြလိုက်လေသည်။ “သွားရအောင်။”
လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်က အိပ်ခန်းထဲကို အမြန်လျှိုဝင်သွားပြီး တံခါးကို သေချာပိတ်ကာ မကောင်းတာလုပ်လိုက်သည်။
ဖေးယိက အခန်းထဲဝင်သွားပြီးမှ သူ၏ ယောက်ယက်ခတ်နေမှုကြောင့် ဝိုင်ပုလင်းသာယူလာပြီး ဝိုင်ခွက်ကိုမေ့ခဲ့ကြောင်း သတိရသွားလေသည်။ တံခါးဖွင့်သံက အရမ်းဆူညံသွားမှာကို စိုးရိမ်တာကြောင့် သူက ပုလင်းကို မော့သောက်ဖို့သာ ပြင်လိုက်သည်။
ဝိုင်ပုလင်းထဲက ဖော့ကို အလွယ်တကူ ဆွဲထုတ်လိုက်ပြီး ဝိုင်နီ၏ ထူးခြားသောရနံ့က ချက်ချင်းပျံ့နှံ့လာခဲ့လေသည်။
အရင်တုန်းကဆိုလျှင် ဖေးယိက ၎င်းကို လေထဲပျံ့နှံ့စေကာ စိတ်ပြေနပြေ သောက်လိုက်မှာ သေချာပေမယ့် လက်ရှိက အတိတ်နဲ့ ကွာခြားနေသည်။ သူ ဘယ်လို ချေးများနိုင်တော့မလဲ?
သူက ဝိုင်ပုလင်းကို မြှောက်ကာ နှစ်ငုံသောက်လိုက်ပြီး ကျေကျေနပ်နပ် မျက်လုံးမှေးကျဥ်းလိုက်လေသည်။
လန်းဆန်းသွားတာပဲကွာ!
နောက်ဆုံးတော့ သူ့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်တော့ဘူး!
. . . . . .