Chapter 57
ပေါ်ယွဲ့မင်က ကုတင်ပေါ်မှာ မျက်လုံးမှိတ်ပြီး အနားယူနေပေမယ့် ဖေးယိ၏ စိတ်လှုပ်ရှားနေသော မျက်ဝန်းက သူ့စိတ်ထဲပြန်ရောက်လာပြီး ဤကြောင်ပေါက်လေးက သူ့နောက်ကွယ်တွင် တစ်ခုခုလုပ်နေသည်ဟု ခံစားလိုက်ရသည်။
သူ ၎င်းကို စဥ်းစားကြည့်လေ အိပ်မပျော်နိုင်လေဖြစ်၏။
မျက်လုံးများ၏ နာကျင်မှု ပျောက်ကွယ်သွားသောအခါ ပေါ်ယွဲ့မင်က ထရပ်ကာ မီးဖွင့်လိုက်ပြီး အချိန်ကိုကြည့်လိုက်သည်။
ဆယ့်နှစ်နာရီခွဲဖြစ်၏။
“သူ ဒီအချိန်ဆို အိပ်နေလောက်တယ်မလား?”
ပေါ်ယွဲ့မင်က ဝိုးတဝါး ရေရွတ်လိုက်သော်လည်း သူ့အလိုလိုသိစိတ်က ဆင်ခြင်တုံတရားထက် ပိုမိုအားကောင်းနေတာကြောင့် သူက တံခါးကို တိုးတိုးလေးဖွင့်လိုက်သည်။
ဧည့်ခန်းထောင့်မှ မီးလင်းလာသည်။
ပေါ်ယွဲ့မင်က နံရံကပ်ဝိုင်စင်ကိုကြည့်ကာ တစ်ခုခုမှားယွင်းနေတာကို ခံစားမိလိုက်သည်။ သူ သေချာ မခွဲခြားနိုင်ခင်မှာ စစ်ဆေးရေးမှူး၏ ခပ်ညုညုအော်သံက ဒုတိယအိပ်ခန်းထဲမှာ ထွက်လာသည်။
တစ်ချိန်တည်းမှာ ငြင်းဆိုသံလည်း လိုက်ပါလာသည်။ “မဟုတ်တာ… မင်း…မင်းကို ငါးခြောက်ထပ်မကျွေးတော့ဘူး။ အများကြီးကျွေးပြီးပြီလေ!”
“…….”
ပုံမှန်စကားသံနှင့်မတူသည်မှာ သူ့စကားပြောဆိုပုံက အတော်လေး ပြီးပြည့်စုံပေမယ့် လေသံနှင့် ရပ်နားမှုတို့က အရက်မူးပြီး စကားထစ်နေသလို မူမမှန်ပေ။
သူ့နောက်ကွယ်မှာ အရက်ခိုးသောက်နေတာလား?
ပေါ်ယွဲ့မင်က ရုတ်တရက် သဘောပေါက်သွားပြီး ထိုအခိုက်အတန့်မှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူက မျက်လုံးများ မှေးကျဥ်းလျက် ဒုတိယထပ်အိပ်ခန်းကို ချဥ်းကပ်သွားပြီး သိလိုစိတ်ပြင်းပြစွာ တံခါးခေါက်လိုက်လေသည်။
အခန်းတွင်းလှုပ်ရှားမှုက ရုတ်တရက် ကျယ်လောင်လာပြီး အချိန်အတော်ကြာပြီးနောက် ရှုပ်ထွေးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ “ဘယ်သူလဲ… ဘယ်သူလဲ?”
ပေါ်ယွဲ့မင်က ခပ်ပြတ်ပြတ် ပြောလိုက်၏။ “ဖေးယိ… တံခါးဖွင့်ဦး။”
အသံက ထစ်နေ၏။ “ကျွန်တော်.. ကျွန်တော် အိပ်နေပြီ”
ပေါ်ယွဲ့မင်က မယုံပေ။ “တံခါးဖွင့်ပါ။”
တိုးလျသော အသံတစ်ခု ထွက်ပေါ်လာပြီးမှ အထဲကနေ တံခါးကို တွန်းဖွင့်ခဲ့လေသည်။
မတော်တဆ အရက်မူးသွားသော ဖေးယိက တံခါးပေါက်ကြားမှ ခိုးကြည့်လိုက်လေသည်။ အပြင်ဘက်ရှိ ထိုလူက သူ့အသိဖြစ်ကြောင်း သေချာအတည်ပြုပြီးမှ သူ၏ လိမ္မာရေးခြားရှိသော အပြုံးလေးမှာ မလုံမလဲဖြစ်သည့် အရိပ်အယောင်လေး ပေါ်လာခဲ့သည်။
“ဟီးဟီး.. အာ့ကော”
“…….”
ပေါ်ယွဲ့မင်က သူ၏မူးနေသော အမူအရာကိုကြည့်လိုက်ပြီး တစ်ဝက်တောင် မကျန်တော့သည့် သူ့လက်ထဲက ဝိုင်ပုလင်းကိုလည်း မြင်လိုက်ရလေသည်။ သူက သိသိလျက်နဲ့ မေးလိုက်သည်။ “ဘာသောက်နေတာလဲ?”
နောက်ဆုံးတစ်ခေါက်က ဖေးယိ အရက်မူးခဲ့တာကို သူမှတ်မိသည်။ သူ နောက်နေ့ နိုးလာသောအခါ အဖြစ်အပျက်ကို လုံးဝမမှတ်တော့ပေ။ ယခုမူ သူက ပုလင်းဝက်ကျော်သောက်ခဲ့၍ အရာအားလုံးကို မေ့သွားမှာ သေချာသည်။
ဖေးယိက အရမ်းမူးနေသဖြင့် လေသံမြှင့်ကာ ပြောလိုက်၏။ “ကျွန်တော်…ကျွန်တော် နို့သောက်တာ!”
“…….”
ပေါ်ယွဲ့မင်က အတန်ငယ် အကြည့်လွှဲကာ သရော်လိုက်သည်။
နို့လား?
ဤအမူးသမားကြောင်ပေါက်လေးက သူ့ကို လှည့်ဖြားနိုင်သေးသည်။
အိပ်ရာမဝင်ခင် သူလာပေးခဲ့သော နို့တစ်ခွက်က စားပွဲပေါ်မှာ အပြည့်နီးပါး တင်ထားလျက်ရှိသည်။
ပေါ်ယွဲ့မင်ကို အရူးလုပ်နိုင်လိုက်သည်ဟု ထင်ခဲ့သော ဖေးယိက ပို၍ပင် စိတ်အားထက်သန်လာသည်။
သူက သူ၏ခြောက်နေသော နှုတ်ခမ်းကို လျက်ကာ ဝိုင်ပုလင်းကို ထပ်မြှောက်လိုက်ပြီး တစ်ငုံသောက်ပြီးနောက် သူ့လက်က ရုတ်တရက် ဗလာကျင်းသွားခဲ့သည်။
ပေါ်ယွဲ့မင်က ဝိုင်ပုလင်းကိုယူကာ အလေးအနက်ပြောလိုက်သည်။ “ထပ်မသောက်ရဘူး”
ဖေးယိက မကျေမနပ်မျက်မှောင်ကြုတ်ကာ လှမ်းယူလိုက်ပေမယ့် သူ့ဘယ်ခြေက ညာခြေကို နင်းမိသွားပြီး သူက ပေါ်ယွဲ့မင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်ကျသွားခဲ့သည်။ ပြောမထွက်လိုက်သော ရှုတ်ချသံမှာ ချစ်စရာကောင်းပြီး သနားစရာကောင်းသည့် ညည်းသံအဖြစ် ပြောင်းသွားတော့သည်။
“သတိထား”
ဖေးယိ ထပ်ပြုတ်ကျမှာစိုး၍ ပေါ်ယွဲ့မင်က သူ့ခန္ဓာကိုယ်ကို ဖက်ထားလိုက်ပြီး ဝိုင်ပုလင်းကို အခန်းထဲရှိ ဗီရိုပေါ် ဖြစ်ကတက်ဆန်း တင်လိုက်လေသည်။
“ဟင်း…ပူတယ်။”
အပူကြောက်သော ဖေးယိက ပေါ်ယွဲ့မင်၏ ကိုယ်ပေါ်မှ အေးမြမှုကို ခံစားမိလိုက်ပြီး ဝိုင်ပုလင်းကို ဆွဲယူရန် သူ့အတွေးက ပြောင်းလဲသွားရသည်။
သူက သူ့ရှေ့က လူကို ဖက်ထားလိုက်ပြီး အေးမြမှုကို စုပ်ယူရန် ဖိထားလိုက်လေသည်။
ပွယောင်းယောင်း ရေချိုးဝတ်ရုံက ဖွင့်ကျသွားသည်။
ပေါ်ယွဲ့မင်က အမှတ်မထင် ခေါင်းငုံ့လိုက်ပြီး ရေချိုးဝတ်ရုံအောက်မှ မြင်ကွင်းကို ဖျတ်ခနဲမြင်လိုက်ရသည်။ အဝတ်အစားအောက်မှာ ဝှက်ထားသော အသားအရေက ဖြူဖွေးကြည်လင်လွန်းလှပြီး ဝိုင်ကြောင့် ကွက်ကြိုကွက်ကြား နီမြန်းနေ၏။
၎င်းက အလွန်အမင်း နှိုးဆွပေးနိုင်သည်။
“…….”
ပေါ်ယွဲ့မင်၏ အသက်ရှူသံက တစ်ချက်ရပ်တန့်သွားကာ သူက သူ့မျက်လုံးတွေ ပြန်နာလာသလို ခံစားလိုက်ရသည်။
သို့သော် ဖေးယိက သူ့ရင်ခွင်ထဲမှာ အသိစိတ်မဲ့လျက်ရှိနေ၏။ မူးနေသော မျက်လုံးများက စိုစွတ်နေပြီး သူက အနိုင်ကျင့်ခံလိုက်ရသည့်အလား နားမလည်နိုင်စွာ ကြည့်နေခဲ့သည်။ ပါးလွှာသော အနီရောင်နှုတ်ခမ်းပါးက ပွင့်လိုက်ပိတ်ကာဖြစ်ကာ သူက အနည်းငယ် ဝေဒနာခံစားနေရသလို ညည်းတွားလိုက်လေသည်။ “ရေဆာတယ်။”
ပေါ်ယွဲ့မင်က သူနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်တော့ပဲ တည်ငြိမ်သော လေသံကို အသုံးပြုရန် ကြိုးစားလိုက်သည်။ “ဒါဆိုသွားရအောင် … မင်းကို ရေယူပေးမယ်။”
“မယူ…မယူချင်ဘူး။”
ဖေးယိ အသိစိတ်အလျောက် ပိုတင်းကျပ်စွာ ဆုပ်ကိုင်းထားရင်း ဝိုးတဝါးမေးလိုက်သည်။ “ခင်ဗျားထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ?”
ပေါ်ယွဲမင်က ရယ်ရငိုရခက် ဖြစ်သွားပြန်သည်။ “ဒါငါ့အိမ်လေကွာ… ဘယ်ကိုသွားရမှာလဲ?”
ဖေးယိက ခေတ္တရပ်ကာ တခဏမျှ တွေးတောလိုက်ပေမယ့် အဖြေတစ်ခုမျှ မရှာနိုင်တာကြောင့် သူက လက်နှစ်ဖက်ဖြင့်သာ ပွေ့ဖက်ပြီး ထပ်ပြောလိုက်သည်။ “ရေဆာလွန်းလို့ပါ။”
“အခု မင်းရေဆာနေပြီလား? မင်းကို ဝိုင်တွေအများကြီး ခိုးသောက်ဖို့ ဘယ်သူခွင့်ပြုခဲ့လို့လဲ?”
ဖေးယိက ချက်ချင်းခေါင်းမော့ပြီး ဖိပြောလိုက်လေသည်။ “ကောင်းကောင်းသောက်တယ်! ကျွန်တော် သောက်နိုင်တယ်!”
ပေါ်ယွဲ့မင်က သူ့ကို ပြန်မေးလိုက်သည်။ “ဒါဆို ရေသောက်ချင်လား?”
“သောက်ချင်တယ်”
အမူးသမားကြောင်ပေါက်လေးက လေ၏ဦးတည်ရာကို ယိမ်းနိုင်သည်။
“…….”
ပေါ်ယွဲ့မင်က ရွေးချယ်စရာမရှိတော့ပဲ ဖေးယိအား ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သို့ ရွှေ့ပေးလိုက်သည်။
နှစ်ဆယ့်ခုနှစ်နှစ်ကြာ နေထိုင်ပြီးနောက် ဤသည်မှာ သူ တခြားတစ်ယောက်အား မည်သို့ဂရုစိုက်ရမည်ကို သင်ယူခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ပေါ်ယွဲ့မင်က ဖေးယိကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ကာ ကျန်တစ်ဖက်ဖြင့် ရေနွေးလောင်းထည့်လိုက်ပြီး ခွက်ကို တစ်ဖက်လူ၏ ပါးစပ်နား တေ့ပေးလိုက်၏။ “သောက်လိုက်… သောက်လိုက်… ရေမဆာတော့ဘူး။”
ဖေးယိက ကြည်လင်သန့်ရှင်းသော ရေကိုစိုက်ကြည့်ကာ ခေါင်းစောင်းငဲ့လိုက်၏။ “ဝိုင်ဖြူလား? ကျွန်တော် ဒါလည်းသောက်နိုင်တယ်။”
ပေါ်ယွဲ့မင် ရယ်ရခက်ငိုရခက်ဖြင့် တိတ်တဆိတ် အံကြိတ်လိုက်လေသည်။
ဒီအချိန်မှာတောင် သောက်ဖို့ စဥ်းစားနေတာလား?
ကံအားလျော်စွာ ဖေးယိက ခွက်ကို အချိန်မီယူကာ လက်နှစ်ဖက်ဖြင့် တစ်ကျိုက်တည်းသောက်လိုက်ပြီး နာနာခံခံ ပြန်ပေးလိုက်သည်။
ပေါ်ယွဲ့မင်က မေးလိုက်သည်။ “သောက်ချင်သေးလား?”
ဖေးယိက ခေါင်းခါပြကာ သူ့ကို တခဏလောက် စိုက်ကြည့်လိုက်သည်။
ပေါ်ယွဲ့မင်က သူ့အကြည့်ကြောင့် ပူလောင်သလို ခံစားလိုက်ရပြီး အနည်းငယ် မသက်မသာဖြင့် ပြောလိုက်ရသည်။ “ဘာကိုကြည့်နေတာလဲ?”
ဖေးယိက ပြန်မဖြေပဲ ခေါင်းခါပြကာ မျိုချလိုက်သည်။
သူက ပေါ်ယွဲ့မင်၏ပါးကို လက်ချောင်းထိပ်ဖြင့် ထိကာ သတ္တိရှိရှိ ဆွဲညှစ်လိုက်သည်။ “ခင်ဗျားက အရမ်းကြည့်ကောင်းတယ်။”
ပေါ်ယွဲ့မင်က ဤချီးကျူးစကားမျိုး ကြားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဖေးယိ သူ့အား ယခုလိုချီးကျူးတိုင်း သူ အမြဲတမ်း နားမလည်နိုင်လောက်အောင် စိတ်ကျေနပ်နေခဲ့သည်။
သူက သူ့ရှေ့က အနှီလူ၏ ပေါက်ကရစကားတွေကို မငြင်းဆိုနိုင်ပေမယ့် တစ်ဖက်လူ၏နောက်ကျောကို သူ့လက်နွေးနွေးလေးဖြင့် ဆုပ်ကိုင်ကာ စိတ်လိုက်မာန်ပါ မေးလိုက်သည်။ “ငါနဲ့ ယန်စမ်း…ဘယ်သူပိုကြည့်ကောင်းလဲ?”
“ဟမ်?”
ဖေးယိက နားမလည်နိုင်သလို မျက်တောင်ခတ်ကာ တခဏလောက်တော့ သူက ယန်စမ်းဟူသော ဇာတ်ကောင်ကို မမှတ်မိနိုင်ခဲ့ပေ။
ပေါ်ယွဲ့မင်က ယန်စမ်းနှင့်ပတ်သက်သော ဤလူ၏တွေဝေနေမှုကို တွေးတောကာ သူကိုယ်တိုင် သတိမထားမိသည့် မနာလိုစိတ်ဖြင့် သူက ဖြေဖို့ တွန်းအားပေးလိုက်လေသည်။ “ဖေးယိ… ကိုယ် ကြည့်ကောင်းလား? ယန်စမ်းကြည့်ကောင်းလား?”
ဖေးယိက ဤစာကြောင်းပါ အချက်အလက်ကို ဖြည်းညှင်းစွာ စစ်ထုတ်လိုက်ပြီး သူ့ရှေ့ကလူ၏ သရုပ်သကန်ကို ရုတ်တရက် မှတ်မိသွားသည်။
သူက ပေါ်ယွဲ့မင်၏ ရင်ခွင်ထဲ ပြန်ဝင်လိုက်သည်။ “အာ့ကောက ကြည့်ကောင်းတယ်။”
ပေါ်ယွဲ့မင်က မျက်ခုံးပင့်ကာ ဆက်မေးလိုက်သည်။ “ကိုယ်နဲ့ လီယွမ်ဆိုရင်ရော?”
ဖေးယိက မျက်မှောင်ကြုတ်ကာ တစ်ဖက်လူက မည်သူ့အကြောင်း ပြောနေသည်ကို သူဂရုမစိုက်ပေ။ ပွင့်ပွင့်လင်းလင်း နှင့် နွေးထွေးစွာဖြင့် သူပြောလိုက်သည်။ “အာ့ကောက အချောဆုံးပဲ! ခင်ဗျားက ကျွန်တော့်အကြိုက်ဆုံးပဲ–”
စာအုပ်ထဲက ဇာတ်ကောင်တွေ အားလုံးထဲမှာပေါ့။
“ဟစ်!”
ဖေးယိက ကြို့ထိုးသွားပြီး မပြီးဆုံးသေးသော စကားကို ရပ်လိုက်ရသည်။
ပေါ်ယွဲ့မင်က ထိုစကားလုံးများ၏ နောက်ကွယ်က နက်ရှိုင်းသော အဓိပ္ပါယ်ကို သဘာဝကျစွာပင် သတိမထားမိပေမယ့် သူ့မျက်လုံးအောက်ခြေရှိ အပြုံးက တစ်ဖန်ပြန်ပေါ်လာခဲ့လေသည်။ “တကယ်လား?”
ဖေးယိက အပြင်းအထန် ခေါင်းညိတ်လိုက်သည်။ “အင်း!”
ပေါ်ယွဲ့မင်က သူ့လက်တွေကို ပူးတွဲ ဆုပ်ကိုင်ထားလိုက်ပြီး မလွှတ်ပေးခဲ့ပေ။ သူကိုယ်တိုင်ပင် သတိမထားမိလိုက်သော သိလိုစိတ်ဖြင့် သူက မေးလိုက်လေသည်။ “ငါနဲ့ပတ်သက်ပြီး ဘာကိုကြိုက်တာလဲ? ငါက မျက်လုံးလည်းမမြင်ဘူး။ ပေါ်မိသားစုမှာလည်း အခြေအနေမကောင်းဘူး။ ပြီးတော့.. ငယ်ငယ်တည်းက ငါ့ကို ဘယ်သူမှ သဘောမကျဘူး။”
“ဟင်း…..”
ဖေးယိ တုံ့ပြန်လာဖို့ အချိန်အနည်းငယ် ကြာခဲ့ပေမယ့် သူက သူ့အား နှစ်သိမ့်ပေးလိုက်သေးသည်။ “အာ့ကောက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးလူပါ!”
ဒီတော့ မူရင်းဝတ္ထုထဲမှာ ဗီလိန်ဖြစ်နေတော့ရော ဘာဖြစ်လဲ? အခုထိ သူ့တွေ့ဖူးသမျှ လူတိုင်းက ပေါ်ယွဲ့မင်ကို မယှဥ်နိုင်ဘူးလေ….
တစ်ဖက်လူက သူ့ကိုကာကွယ်ပေးတယ်… သူ့ကို မထိခိုက်အောင် ပိတ်ဆို့ပေးတယ်။ သူ့ကို အရသာရှိတာတွေကျွေးတယ်… သူ့ကိုသောက်ခွင့်မပြုတာက လွဲလို့ပေါ့။
“အာ့ကော”
“အင်း?”
ဖေးယိ၏ မျက်လုံးများက အရက်ကြောင့် မှုန်ဝါးနေပေမယ့် သူက အခိုင်အမာဖြေလိုက်သည်။ “မစိုးရိမ်ပါနဲ့!”
“…….”
စိုးရိမ်တယ်?
ပေါ်ယွဲ့မင်၏လက်များက ရုတ်တရက်ပြေလျော့သွားပြီး ထိုနှစ်သိမ့်စကားသုံးလုံးကြောင့် အာရုံပျက်ပြားသွားသည်။
ဖေးယိက နောက်တစ်ကြိမ် အနားကပ်လာပြီး သူ့လက်တွေကို တစ်ဖက်လူ၏ မျက်နှာပေါ်သို့ တင်လိုက်သည်။ နီးကပ်လွန်းလို့ တစ်ယောက်၏ အသက်ရှူသံကို တစ်ယောက်က ခံစားနိုင်သည်။ “ခင်ဗျား… ခင်ဗျားရဲ့မျက်လုံးတွေ ပြန်ကောင်းသွားမှာပါ။ အားလုံး အဆင်ပြေသွားမှာပါ။”
ပေါ်ယွဲ့မင်က သူ့မှာ ဘယ်လိုတွန်းအားမျိုး ဖြစ်ပေါ်လာသည်ကို မပြောနိုင်ပေမယ့် သူက ဖေးယိ၏လည်ပင်းနောက်ကို ဆုပ်ကိုင်လိုက်မိသည်။ “ပြန်ကောင်းလာဖို့ မင်းကိုယ့်ကို အဖော်ပြုပေးမှာလား?”
“အင်း….ဝါး……”
ဖေးယိက ထိရှလွယ်စွာ တုန်ယင်သွားပြီး ညုတုတုပြန်ဖြေလိုက်သည့်အလား ညည်းတွားသံ တိုးတိုးလေး ထုတ်လွှတ်လိုက်လေသည်။
သူ့စိတ်အခြေအနေက အရက်ကြောင့် လုံးလုံးလျားလျား လွတ်ထွက်နေကာ သူက အနည်းငယ်သမ်းဝေလိုက်ပြီးမှ ပေါ်ယွဲ့မင်၏ ပခုံးကို ပွတ်သပ်ကာ စကားပြောရပ်လိုက်လေသည်။