Ch 58
Viewers 28k

Chapter 58


နွေးထွေးသော အသက်ရှုသံက သူ့လည်ပင်းနားသို့ ကျရောက်သွားပြီး ရင်းနှီးသော ထုံကျင်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။

ပေါ်ယွဲ့မင်က မီးလောင်ကျွမ်းသလို ခံစားလိုက်ရသော်လည်း သူ့က သူ့အတွင်းရှိ အပူကို မချုပ်ငြှိမ်းနိုင်ခဲ့ပေ။ “ဖေးယိ?”

သူ့တုံ့ပြန်မှုက အဓိပ္ပါယ်ဖွင့်ဆို၍ မရသော နှာသံလေးလိုပင်။

ပေါ်ယွဲ့မင်က ခေါင်းအသာငုံ့လိုက်ပြီး ဖေးယိ၏လက်နှစ်ဖက်ကို ဆွဲလိုက်ပြန်သည်။

ထိန်းချုပ်မရသော တွန်အားတစ်ခုကြောင့် သူက သူ့နှုတ်ခမ်းထောင့်ကို ထိုနူးညံ့သော ဆံနွယ်များနှင့် ပွတ်သပ်ကာ အချိန်အတော်ကြာသည်အထိ မလှုပ်မရှားဖြစ်နေခဲ့သည်။

ဖေးယိ၏ အသက်ရှူသံ တဖြည်းဖြည်း တည်ငြိမ်လာကြောင်း အတည်ပြုပြီးမှ ပေါ်ယွဲ့မင်က သူ၏ကိုယ်ဟန်အနေအထားကို ချိန်ညှိကာ မတ်တပ်ရပ်လိုက်ပြီး အိပ်ပျော်နေသော လူကို အခန်းထဲသို့ အလွယ်တကူ ပြန်ခေါ်သွားခဲ့သည်။

ငါးခြောက်ကို မရနိုင်တော့သည့် စစ်ဆေးရေးမှူးက သူ့ကြောင်အိပ်ရာထဲ ပြန်ဝင်သွားပြီး လှုပ်ရှားသံကိုကြားတော့ ခေါင်းလေးကို ထုတ်လိုက်သည်။ “မြောင်~”

“တိတ်တိတ်နေ”

ပေါ်ယွဲ့မင်က ၎င်းကို အသံတိတ်ခိုင်းလိုက်၏။ သူက ဖေးယိကို ကုတင်ပေါ်တင်က မှိန်ဖျော့ဖျော့ မီးရောင်အောက်မှ အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။

သူ၏ ဖြူဖွေးသော မျက်နှာလေးပေါ်မှာ နှင်းဆီရောင်သန်းနေပြီး သူ့နှုတ်ခမ်းပါး၏ အရောင်မှာ ဝိုင်ကြောင့် ဆွဲဆောင်မှုရှိစွာ တောက်ပနေ၏။

သူ့မျက်နှာက နူးညံ့ပြီး ချယ်စဖွယ်ပင်။


ဖေးယိ အရူးဟန်ဆောင်ရာမှာ ရံဖန်ရံခါ ပရိယာယ်သုံးတတ်သည်ကို ပေါ်ယွဲ့မင် တွေးမိသွားသည်။ ၎င်းက သူ့စရိုက်အမှန်နဲ့ ပို၍ပင် လိုက်လျောညီထွေဖြစ်သလို ပို၍နှစ်လိုဖွယ်ကောင်းသည်ဟု သူအမြဲခံစားမိခဲ့သည်။

ပေါ်ယွဲ့မင်က သူ့ခံစားချက်များကို သတိမမူမိပဲ မနေချေ။ သူ ဖေးယိအား အရေးပေးနေမိသည်ကို သတိထားမိတာ ကြာခဲ့လေပြီ။

ထို့ကြောင့် တစ်ဖက်လူက အဘယ့်ကြောင့် အရူးဟန်ဆောင်သည်ဖြစ်စေ ဤအိမ်ထောင်ရေးကို လက်ခံပြီး ပေါ်မိသားစုမှာ နေထိုင်ရန် အဘယ့်ကြောင့် ရွေးချယ်ခဲ့သည်ဖြစ်စေ တစ်ဖက်လူက ဝန်မခံမချင်း သူက သူ့ကို စိတ်ခံစားချက် နေရာတစ်ခု နှင့် လွတ်လပ်ခွင့် ပေးဖို့ ဆန္ဒရှိသည်။

ဖေးယိက မပြောချင်တာကြောင့် သူ မေးမှာမဟုတ်ပေ။

အမှန်မှာ “ကန်းချင်ယောင်ဆောင်”ပြီး ဖေးယိ၏ သရုပ်ဆောင်မှုကို နေ့တိုင်းပူးပေါင်းပေးရတာက စိတ်ဝင်စားဖို့ကောင်းသလို ထိုသူလေးက သူ၏ကြောင်ပေါက်အမြီးကို အမှတ်တမဲ့ ထုတ်ပြနေသည်အား ကြည့်ရှုရတာလည်း အလွန်စိတ်ဝင်စားဖို့ ကောင်းပေ၏။

ပေါ်ယွဲ့မင်က ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် သူ့ကို စောင်ခြုံပေးရန် ကိုယ်ကိုကိုင်းလိုက်၏။

အိပ်ပျော်နေသော ဖေးယိက တစ်ခုခုကို အာရုံရသွားပုံရပြီး ပေါ်ယွဲ့မင်ကို ရုတ်တရက် ဆောင့်ဆွဲလိုက်လေ၏။ “ရပ်လိုက်တော့….လာအိပ်”

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေချိုးဝတ်ရုံမှာ ပြေလျော့နေပြီး သူ့ပါးပြင်မှ လည်ပင်းနှင့် အောက်ဘက်တွင် အင်မတန်လှပသော နီမြန်းမှုအလွှာတစ်ခု ရှိနေလေ၏။

“…….”

ငါ့ကိုနေစေချင်တာ မင်းနော်။

ပေါ်ယွဲ့မင်၏ မျက်ဝန်းက ဒီဂရီအနည်းငယ် မှောင်မိုက်သွားပြီး သူက ဖေးယိ၏ “ဂနာမငြိမ်သော”လက်ကို ကိုင်လိုက်လေသည်။

သူ ကုတင်တစ်ဖက်ခြမ်းမှာ လဲလျောင်းလိုက်ပြီး စကားတစ်ခွန်းမျှမပြောပဲ တစ်ဖက်လူကို ရင်ခွင်ထဲ တိုက်ရိုက်ဆွဲသွင်းကို စောင်ကို ထပ်ခြုံလိုက်သည်။

စောင်ပေါ်မှ ရင်းနှီးသောရနံ့ကို ခံစားလိုက်ရသောကြောင့်ဖြစ်မည်။ အိပ်ပျော်နေသော ဖေးယိက သူ့အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ နှစ်ကြိမ်ညည်းသံသဲ့သဲ့ပြုပြီး ဆက်အိပ်နေလေသည်။

ဤရုတ်တရက်ပွေ့ဖက်မှုကို မုန်းတီးခြင်းမရှိပါပေ။

ပေါ်ယွဲ့မင်က သူ့စိတ်ထဲရှိ ကျောက်တုံးကြီးကို ဖြည်းဖြည်းချင်း လွှတ်ချလိုက်ပြီး ကျေကျေနပ်နပ်နှင့် အသက်ပြင်းပြင်းရှူလိုက်၏။ “ကောင်းသောညပါ။ ကြောင်ပေါက်လေး”

. . . . . . .

ပေါ်ယွဲ့မင်၏ ဇီဝနာရီက အမြဲတမ်း အချိန်မှန်ပြီး သူ နိုးလာသောအခါ သူ့လက်မောင်းက ရင်းနှီးလှသော ထုံကျင်မှုဖြင့် နောက်တစ်ကြိမ် ပြည့်နှက်နေခဲ့သည်။

သူတို့စောင်ကို ဖေးယိက ကန်ထုတ်လုနီးပါး ဖြစ်ခဲ့ပေမယ့် တရားခံက သူ့ခန္ဓာကိုယ်ပေါ်မှာ တစ်ကိုယ်လုံးဖိထားလျက် လဲလျောင်းနေပြီး အရက်၏ လွှမ်းမိုးမှုအောက်မှာ နှစ်နှစ်ခြိုက်ခြိုက် သာသာယာယာ အိပ်နေလေ၏။

ပေါ်ယွဲ့မင်က အိပ်ရာပေါ်မှာ ဆက်နေချင်စိတ် ရှိပေမယ့် သူ၏ ကျိုးကြောင်းသင့်မှုဖြင့် ၎င်းက လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရသည်။

ယခုချိန် အိပ်ရာပေါ်မှာရှိနေတာ အဆင်ပြေပေမယ့် ဖေးယိ နိုးလာသည့်အခါ တုန်လှုပ်ခြောက်ခြားသွားမည်ကို သူ စိုးရိမ်သည်။ သူက ကြောင်ပေါက်လေးနှင့် ဂိမ်းကစားချင်သေးတာကြောင့် သူ့လျှို့ဝှက်ချက်ကို အမြန်ထုတ်ဖော်မိသွားလျှင် အဆင်မပြေလှပေ။

ပေါ်ယွဲ့မင်က ဖေးယိကို နေရာရွှေ့ပေးပြီးနောက် အမြန်ထရပ်ကာ ကုတင်ပေါ်မှ ဆင်းသွားခဲ့သည်။

သူက ယမန်နေ့၏ ဝိုင်ကို ကုတင်ဘေးစားပွဲပေါ် ပြန်တင်ကာ မည်သည်ကိုမျှ သတိမထားမိသလို အခန်းထဲမှ ထွက်သွားခဲ့သည်။

“အတင်းအကြပ် မျက်နှာဖုံးချွတ်ခိုင်းခြင်း”နှင့် ယှဥ်လျှင် ပေါ်ယွဲ့မင်သည် ဖေးယိဘက်မှ အမှန်ပြောပြလာမည့်အချိန်ကို စောင့်မျှော်နေမိသည်။ ကြောင်ပေါက်လေးက သရုပ်ဆောင်ရတာ ကြိုက်မှတော့ သူက သူ့ကို ဆက်လက်ပူးပေါင်းပေးလိုက်မည်။

တံခါးကို ညင်သာစွာ ပိတ်လိုက်၏။

ထို့နောက် အံ့သြသွားသော အသံတစ်ခု လိုက်ပါလာသည်။ “ဒုတိယသခင်လေး?”

ပေါ်ယွဲ့မင် လှမ်းကြည့်လိုက်တော့ ဦးလေးခိုင်က တံခါးနားရှိ လျှောက်လမ်း၌ ရပ်နေသည်။

မူလက ဦးလေးခိုင်သည် ပေါ်ယွဲ့မင် အိပ်ရာနိုးပြီလားဆိုတာ သိချင်ခဲ့ပေမယ့် ဤမြင်ကွင်းမျိုးကို မတော်တဆမြင်လိုက်ရဖို့ မမျှော်လင့်ထားပေ။ တခဏလောက်တော့ သူက ရှေ့တိုးရမလား နောက်ဆုတ်ရမလား မသိဖြစ်သွားလေ၏။

သူက လူကြီးတစ်ယောက်အဖြစ် သူ၏စိုးရိမ်ပူပန်မှုကို ထိန်းမထားနိုင်၍ မေးလိုက်လေသည်။ “ဒုတိယသခင်လေး…ဘာလို့ဒီရောက်နေတာလဲ?”

“ဘာမှမဟုတ်ပါဘူး။ ဖေးယိ မနေ့ညက အရက်မူးနေလို့။”

ပေါ်ယွဲ့မင်သည် အခန်းထဲကလူကို နှိုးမိမှာစိုး၍ ခြေလှမ်းအနည်းငယ် အပြင်ထွက်ကာ အသံလျှော့ပြောလိုက်၏။ “ဖေးယိမူးတာကို ကျွန်တော်တို့ မသိသလိုပဲ ဟန်ဆောင်ပေးပါ။ ပြီးတော့ အမူးပြေ အသီးနဲ့ ပျားရည်ကို ကြိုပြင်ထားပြီး သူနိုးလာတဲ့စောင့်ပေးပါ။”

ဦးလေးခိုင်က စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားပြီး ဤလူငယ်နှစ်ယောက်ကြားရှိ လှည့်ကွက်လေးများကို နားမလည်သော်လည်း သူက လက်ခံသဘောတူရန် ရွေးချယ်လိုက်သေးသည်။ “ကောင်းပါပြီ။”

“ဒုတိယသခင်လေး ဘာစားချင်လဲ? ဆန်ပြုတ်ပြင်ဖို့ မီးဖိုချောင်ကို မှာလိုက်ပါမယ်။”

“အင်း….ဆန်ပြုတ်က အဆင်ပြေပါတယ်။”

ဖေးယိ၏ အခြေအနေကိုစဥ်းစားကာ ပေါ်ယွဲ့မင်က ကူကယ်ရာမဲ့နေခဲ့သည်။ “ဖေးယိ ဒီနေ့ အိပ်ယာမထတော့ဘူးထင်တယ်။ ဒီတော့ မီးဖိုချောင်ကို နေ့လည်စာ စောစောပြင်ခိုင်းလိုက်ပါ။ ကျွန်တော် အခန်းပြန် ဆေးကြောသန့်စင်ပြီး ခဏနေ အောက်ဆင်းလာခဲ့ပါမယ်။”

“ကောင်းပါပြီ။”

. . . . . .

မျက်စိတစ်မှိတ်အတွင်း ထမင်းစားချိန်ရောက်လာ၏။

ဖေးယိက စားပွဲပေါ်မှာ မှိုင်ထွေထွေထိုင်နေ၏။ သူက ထမင်းအများကြီးမစားပဲ စပျစ်သီးခွာပြီး ဆက်တိုက် ပါးစပ်ထဲထိုးထည့်နေကာ သူ့ခန္ဓာကိုယ်ထဲရှိ လက်ကျန်အယ်ကိုဟောလ်ကို မောင်းထုတ်ဖို့ မစောင့်နိုင်ဖြစ်နေလေ၏။


သူ ဤမျှလောက် မသောက်ခဲ့ရတာ ကြာပြီဖြစ်၏။

ယမန်နေ့ညက စောင့်ကြည့်သူမရှိသဖြင့် သူက မထိန်းချုပ်နိုင်ပဲ သုံးပုံတစ်ပုံပဲ သောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ရလဒ်အနေဖြင့် သူသောက်လေလေ ပိုသောက်ချင်လာလေဖြစ်ပြီး သူက လုံးလုံး အသိစိတ်မဲ့သွားရကာ နေဖင်ထိုးသည်အထိ အိပ်ပျော်သွားခဲ့သည်။

၎င်းကို တွေးကာ ဖေးယိက ဆန့်ကျင်ဘက်ရှိ ပေါ်ယွဲ့မင်ကို မလုံမလဲ တစ်ချက်ကြည့်လိုက်သည်။

တစ်ဖက်လူ၏ မျက်လုံးများက ခပ်ဖျော့ဖျော့ မှိန်ကျနေကာ သူက ဦးလေးခိုင် ပြင်ပေးသော နေ့လည်စာကို ဖြည်းညှင်းစွာ စားသောက်နေပြီး ဖေးယိ၏ မူးနေသောအခြေအနေကို သတိထားမိပုံမပေါ်ပေ။ သူ မနေ့ညက သောက်ခဲ့သည်ကို သတိမထားမိတာဖြစ်နိုင်သည်။

ဖေးယိ စိတ်သက်သာရာရသွားသည်။

ကံအားလျော်စွာ သူက အရက်သောက်ပြီးနောက် ကောင်းကောင်းပြုမူခဲ့၍ ဘာမှမဖြစ်ခဲ့ပေ။

စားပွဲထောင့်မှ စစ်ဆေးရေးမှူးက ကုလားထိုင်ပေါ် ခုန်တက်သွားသည်။ မတ်မတ်ရပ်နေရင်း ၎င်းက ဖေးယိ၏လက်ထဲမှ စပျစ်သီးများကို ရှုရှိုက်ရင်း ဆိုးသွမ်းသည့် အပြုအမူဖြင့် တောင်းရမ်းနေသည်။ “မြောင်~ဝူး~”

“မရဘူး”

ဖေးယိက ၎င်းကို တိုးတိုးလေး တားဆီးကာ စပျစ်သီးနောက်တစ်လုံးကို သူ့ပါးစပ်ထဲထည့်လိုက်သည်။

သူ ယခုချိန်မှာ မည်မျှ မသက်မသာဖြစ်နေပါစေ အမှားအယွင်း တစ်စုံတစ်ရာမရှိသည့်အလား ဟန်ဆောင်ရပေမည်။ သူက အမူးပြေဆေးလည်း မတောင်းရဲပေ။ ကံအားလျော်စွာ စပျစ်သီးမှာ အမူးပြေစေသော အာနိသင်လည်း ရှိတာကြောင့် သူ၏ ဝေဒနာကို ထုတ်ဖော်မပြပဲ ပိုစားလို့ရသည်။

ဖေးယိက အခွံခွာပြီး တစ်လုံးပြီးတစ်လုံးစားနေကာ သူ့ပါးပြင်နှစ်ဖက်က ရံဖန်ရံခါ ဖောင်းကားလာ၏။

ပေါ်ယွဲ့မင်က တစ်ဖက်လူ အာရုံစိုက်မနေသည့် အချိန်မှာ တစ်ချက်ခိုးကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲ၌ ကူကယ်ရာမဲ့မှု ဖြစ်ပေါ်လာ၏။

ဤတစ်ကြိမ်တွင် အရက်နာကျဆေး မပေးပဲ ရက်စက်ခြင်းက သူ့အတွက် ပိုကောင််းလိမ့်မည်။


ထိုမှသာ ကောင်းကောင်းမသောက််နိုင်လျှင် မသောက်သင့်ဘူးဆိုတာကို ကြောင်ပေါက်လေးက အျိိန်အတော်ကြာ မှတ်မိနိုင်လိမ့်မည်။ 

“ဒုတိယသခင်လေး…”

ဦးလေးခိုင် အပြင်မှ ပြန်ရောက်လာသည်။ ထမင်းစားစားပွဲသို့ ချဥ်းကပ်သွားက သူက အစီရင်ခံလိုက်သည်။ “တတိယသခင်မလေး နိုင်ငံခြားကနေ ပြန်ရောက်လာပါပြီ။”

ပေါ်ယွဲ့မင်က မျက်ခုံးအသာပင့်လိုက်၏။ “ပေါ်ကျောင်း ပြန်ရောက်ပြီလား?”


စပျစ်သီးစားရင်း ၎င်းကိုကြားသောအခါ ဖေးယိက  အလိုလိုနားစွင့်လိုက်ပြီး “ပေါ်ကျောင်း” ဟူသော ဇာတ်ကောင်ကို ပြန်တွေးလိုက်သည်။

တစ်ဖက်လူက ပေါ်ဝမ်၏ အမြွာအစ်မဖြစ်ပြီး ပေါ်ယွဲ့မင်၏ ဖအေတူ မအေကွဲ ညီအစ်မဖြစ်ကာ ပေါ်မိသားစု၏ တတိယကလေးဖြစ်သည်။

ပေါ်ကျောင်းသည် ငယ်စဥ်ကတည်းက ရွှယ်မိသားစုမှာ နေထိုင်ပြီး သူမ အဘိုးအဘွားများ၏ ဒူးအောက်၌ ကြီးပြင်းလာခဲ့သည်။ သူမသည် အထက်တန်းကျောင်းပြီးကတည်းက နိုင်ငံရပ်ခြားမှာ ပညာသင်ရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူမ၏ ပင်ကိုယ်စရိုက်က အတော်လေး သတ္တိရှိပြီး အမှီခိုကင်းသည်။

.

မူရင်းဝတ္ထုတွင် ပေါ်သခင်မကြီးအပြင် ပေါ်ယွဲ့မင်အား မုန်းတီးခြင်းမရှိသော တစ်ဦးတည်းသောလူမှာ ပေါ်ကျောင်းဖြစ်သည်။ သို့သော် ခြုံကြည့်လျှင် သူတို့က ဝမ်းကွဲသာဖြစ်၍ မရင်းနှီးကြပေ။


“သူ မနေ့ကမှ ပြန်ရောက်တာ”

“မက်ဆေ့ပို့ပေးခဲ့တဲ့ အစေခံ ပြောတာကတော့ သခင်မလေးက အားလုံးနဲ့မတွေ့ရတာကြာပြီမို့ လွမ်းဆွတ်နေတယ်လို့ ပြောပါတယ်တဲ့။ ဒါကြောင့် ပင်မအိမ်တော်မှာ ဒီနေ့တွေ့ဆုံဖို့ အားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။”

ဦးလေးခိုင်က စပျစ်သီးစားနေဆဲဖြစ်သော ဖေးယိကို တစ်ချက်ကြည့်ကာ သူသိသမျှကို ပြောပြလိုက်သည်။ “ဒုတိယသခင်လေး..  သွားမှာလား?”

ဖေးယိက တတိယသခင်မလေးကို တကယ်တွေ့ချင်ပေမယ့် သူက အဖိတ်မခံရသလို ပေါ်ယွဲ့မင်အတွက် ဆုံးဖြတ်ချက်ချပေးဖို့ရန် သူ့အတွက် ပိုခက်ခဲလေသည်။

“သွားမယ်။”

ပေါ်ယွဲ့မင်က လက်ခံရန် စဥ်းစားပြီးနောက် တစ်ဖက်ခြမ်းကို ဖျတ်ခနဲကြည့်လိုက်သည်။ “ဖေးယိလည်း ကျွန်တော်နဲ့အတူ လိုက်မယ်။”

ပင်မအိမ်တော်နှင့် ဒုတိယအိမ်တော်ကြားတွင် ယနေ့ညမှာ ကြည့်စရာ ဖျော်ဖြေရေးပွဲတစ်ခု ရှိကောင်းရှိနိုင်သည်။

ဤသို့ဆိုလျှင် စပ်စုတတ်သော ကြောက်ပေါက်လေးကို ခေါ်ဆောင်ခြင်းက  သူ့အတွက် အဆင်ပြေလေသည်။

. . . . . .

ညနေ၆နာရီ။

ပေါ်ယွဲ့မင်နှင့် ဖေးယိတို့က ပင်မအိမ်တော်ကို အချိန်မီရောက်လာသောအခါတွင် မူလက အတော်လေး သက်ဝင်လှုပ်ရှားနေသည့် ထမင်းစားခန်း၏ လေထုက ခဏမျှ အေးခဲသွားလေသည်။

တိတ်ဆိတ်နေချိန်တွင် ဖေးယိက ထမင်းစားစားပွဲရှည်ကြီးမှ လူများကို အမြန်ကြည့်လိုက်သည်။

မိသားစု၏ ခေါင်းဆောင် ပေါ်သခင်ကြီးက ပင်မထိုင်ခုံတွင် ထိုင်နေပြီး သူ့ဘယ်နှင့်ညာမှာ အကြီးဆုံးသား ပေါ်လီဟွေ့နှင့် ဒုတိယသား ပေါ်လီဟုန်တို့ရှိသည်။ သူတို့က အပြင်လောကမှာတော့ “ပထမအိမ်တော်”နှင့် “ဒုတိယအိမ်တော်”အဖြစ် လူသိကြလေသည်။

ရွှယ်မင်က သူမခင်ပွန်းဘေးမှာ ထိုင်ကာ ထုံးစံအတိုင်း မကျေမနပ်မျက်လုံးများဖြင့် ပေါ်ယွဲ့မင်အား ကြည့်နေ၏။

သူမ၏ ပရော်ပရည်လုပ်၍ ချစ်တတ်လွန်းသော ခင်ပွန်းက လက်မထပ်ခင်မှာ တခြားမိန်းကလေးနှင့် ချစ်ကြိုက်ခဲ့ပြီး သားလေးတစ်ယောက် မွေးဖွားခဲ့သည်။ ဒီလိုကိစ္စကို ဘယ်သူကအမြင်ကြည်မှာလဲ? ထိုထက်ပိုသည်မှာ ပေါ်ယွဲ့မင်က ပေါ်သခင်မကြီး၏ အလွန်အမင်း မျက်နှာသာပေးခံရပြီး ပေါ်ဝမ်နှင့် တိုက်ရိုက်နှိုင်းယှဥ်ခဲ့လေသည်။

သူမ၏ သားငယ်လေးက မတော်တဆ အရိုးကျိုးသွားပြီး အိပ်ရာပေါ်မှာပဲ လှဲနေရသည်ကို စဥ်းစားကာ ရွှယ်မင်၏ အမူအရာက ပို၍ပင် အရုပ်ဆိုးလာသည်။ 

ပေါ်ယွဲ့မင်သာ ဧည့်ခံပွဲမှာ ပြဿနာမရှာရင် ပေါ်ဝမ်က ဘားမှာ သွားသောက်ဖို့ လိုခဲ့မှာလား? သူ မတော်တဆ ထိခိုက်သွားခဲ့ပါ့မလား? ဒါတွေအားလုံးက ကိုယ့်အဆင့်ကိုယ်မသိတဲ့ ဒီခွေးကောင်ရဲ့အပြစ်ပဲ!

လမ်းညွှန်မျက်မှန်အောက်တွင် ဖုံးကွယ်နေသော မျက်လုံးများနှင့်အတူ ပေါ်ယွဲ့မင်က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အရေးမပါသော ရန်လိုမှုကို လျစ်လျူရှုကာ သူက သူ့အမြင်အာရုံကို ကန့်သတ်ဖို့ မျက်လွှာချလိုက်ပြီး သူ၏လမ်းပြတုတ်နှင့်အတူ ဖြည်းဖြည်းချင်း ဝင်သွားခဲ့သည်။

ဖေးယိက သူ့ဘေးမှလိုက်လာပြီး သတိချပ်၍ စိုးရိမ်နေသလို ဟန်ဆောင်နေသည်။

ခြေလှမ်းများက နောက်ဘက်မှ ရောက်လာပြီး ပေါ်ကွမ်းချန်၏ ရင်းနှီးသောအသံ ထွက်ပေါ်လာသည်။ “ယွဲ့မင် ရောက်လာပြီပဲ။ ငါက မင်းကို အခေါ်လွှတ်ဖို့ စီစဥ်နေတာ။”

ပေါ်ယွဲ့မင်နှင့် ဖေးယိက တစ်ချိန်တည်းမှာ ရွံရှာဖွယ် အရိပ်အမြွက်တစ်ခုကို ခံစားလိုက်ရပြီး အမြန်ဖုံးကွယ်လိုက်လေသည်။

ပေါ်ကွမ်းချန်က သူ့တို့အနားရောက်လာပြီး ပေါ်ယွဲ့မင်၏ပခုံးကို ပုတ်လိုက်သည်။ “မင်း ထိုင်ဖို့အဆင်ပြေလား? ငါ ကူညီပေးရမလား?”

ပေါ်ယွဲ့မင်က ယဥ်ယဥ်ကျေးကျေး ငြင်းဆိုလိုက်သည်။ “စိတ်မပူပါနဲ့။ သာ့ကော။ ဦးလေးခိုင်က လမ်းပြနိုင်ပါတယ်။”

နှစ်ယောက်သားက “ညီအစ်ကိုချင်း လေးစားမှု”ပြရန် စကားအနည်းငယ်ပြောပြီးမှ သူတို့ထိုင်ခုံမှာ ထိုင်လိုက်ကြသည်။

ပင်မအိမ်တော်၏ သခင်မမလာသေးတာကြောင့် ပေါ်ကွမ်းချန်နှင့် သူ့ဖခင် ပေါ်လီဟွေ့တို့က ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ ပေါ်ယွဲ့မင်နှင့် ဖေးယိကတော့ ရွှယ်မင်နှင့် အကွာအဝေးတစ်ခုတွင် ထိုင်လိုက်ကြသည်။

ပေါ်ကွမ်းချန်က ပြုံးကာ တစ်ဖက်ကို လှမ်းကြည့်လိုက်သည်။ “ဒုတိယဒေါ်လေး… ရှောင်ဝမ်ရဲ့ ခြေထောက်ဒဏ်ရာ သက်သာသွားပြီလား? ကျွန်တော် အရမ်းကောင်းတဲ့ အရိုးအထူးကုတစ်ယောက်နဲ့ ဆက်သွယ်ထားတယ်။ လိုအပ်ရင် သူက ရှောင်ဝမ်ကို အသေးစိတ်စစ်ဆေးနိုင်ပါတယ်။”

သူသည် စကားပြောကောင်းပြီး ရိုးသားဖြောင့်မတ်သော လူတစ်ယောက်အဖြစ် အမြဲတမ်း အရေခြုံထားခဲ့သည်။

သူမသား၏ ခြေထောက်အခြေအနေကို စိတ်ပူသဖြင့် ၎င်းကိုကြားသောအခါ ရွှယ်မင်က ဖောဖောသီသီ ပြုံးပြလိုက်လေသည်။ “အိုက်…. စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကွမ်းချန်။”


သူမပြောပြီးသည်နှင့် သူမက သူမဘေးမှာ ထိုင်နေသော ပေါ်ယွဲ့မင်ကို ထပ်ကြည့်လိုက်ကာ ရေရွတ်လိုက်၏။ “ညီအစ်ကိုတွေဖြစ်ပြီး ဘာလို့ ဒီလောက်တောင် ကွာရတာလဲ?”

ပေါ်လီဟုန်က သူ့ဇနီးကို ပါးစပ်ပိတ်ထားဖို့ အချက်ပြရန် ဆောင့်ဆွဲလိုက်ပေမယ့် ရွှယ်မင်က သူ့အား စိုက်ကြည့်လိုက်လေသည်။

ဖေးယိက ဤမြင်ကွင်းကို မယောင်မလည်ကြည့်ပြီး ငြိမ်သက်နေသော ပေါ်ယွဲ့မင်ကို ပြန်ကြည့်ကာ စဥ်းစားလိုက်လေသည်။


တစ်ယောက်က ဂရုစိုက်သလို ဟန်ဆောင်နေပြီး နောက်တစ်ယောက်က အရိုးကျိုးခြင်းရဲ့ နောက်ကွယ်က ချုပ်ကိုင်သူလေ…..


ကွာခြားချက်က မကြီးပဲနေမလား… 


ပေါ်ကွမ်းချန်က ဒုတိယအိမ်တော်၏ ဇနီးမောင်နှံကြား ပဋိပက္ခလေးကို မမြင်ဟန်ဆောင်ကာ အပြုံးတစ်ခုဖြင့် ဆက်မေးလိုက်သည်။ “ပေါ်ကျောင်းကရော? ဒီည သူ့(မ)ကို ကြိုဆိုကြဖို့ ပြောခဲ့တယ်မလား? အခု မိသားစုအားလုံးလည်း စုံနေပြီဆိုတော့ သူကဘယ်မှာလဲ?”

ပင်မထိုင်ခုံမှာ ထိုင်နေသော ပေါ်သခင်ကြီးက ၎င်းကိုကြားတော့ အသက်ရှူမဝသလို ခံစားလိုက်ရသည်။

ရွှယ်မင်က ကမန်းကတန်း ဆင်ခြေပေးလိုက်သည်။ “အဖေ  .. နည်းနည်းလေး စောင့်ပေးပါဦး။ ကျောင်းကျောင်းက အချိန်ကြောင်**တာ မသက်သာသေးလို့ ဒီနေ့လည်က အကြာကြီး အိပ်ခဲ့လို့ပါ။ ပြီးတော့ သူကလည်း လှလှပပ ဝတ်စားရတဲ့ကြိုက်တဲ့ မိန်းကလေးပဲလေ။”

(** Jet Lag – လေယာဥ်အချိန်အကြာကြီးစီးရလို့ မောပန်းနွမ်းနယ်ပြီး အချိန်ကွဲလွဲမှု ဝေဒနါကို ခံစားရတဲ့ Disorder တစ်မျိုးပါ။)

ပေါ်လီဟုန်က ဖြေလိုက်သည်။ “အခုချက်ချင်းလာဖို့ ကျွန်တော်ပြောထားပါတယ်။”

“စောင့်လို့ရပါတယ်။” ပေါ်သခင်ကြီးက ပြောလိုက်သည်။


သူက ထမင်းစားစားပွဲဘေးမှာ ရပ်နေသော အိမ်စောင့်ဝန်ထမ်းများကို ကြည့်ကာ ပြောလိုက်၏။ “လောင်ရှန်းကလွဲရင် အားလုံးထွက်သွားလို့ရပြီ။ ဒါက မိသားစု ညစာစားပွဲလေးပဲမို့ လူအများကြီး ရပ်စောင့်နေစရာမလိုဘူး။”

.

၎င်းကိုကြားတော့ ဦးလေးခိုင်က မျက်မှောင်ကြုတ်လိုက်၏။ “သခင်ကြီး… ဒုတိယသခင်လေးရဲ့ အမြင်အာရုံက အဆင်မပြေဘူး….ကျွန်တော်…..”

ပေါ်သခင်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းကို ထွက်သွားခိုင်းရင် ထွက်သွားလိုက်။ အိမ်တော်ထိန်းခေါင်းဆောင် လောင်ရှန်းရှိနေတာပဲ။ ငါက ငါ့မြေးကိုအငတ်ထားပြီး မစားနိုင်အောင် လုပ်ပါ့မလား?”

“…….”

ပေါ်ယွဲ့မင်က တီးတိုးဆိုလိုက်သည်။ “ဦးလေးခိုင်… ကျွန်တော်အဆင်ပြေပါတယ်။”

ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ အခြေအနေအမှန်ကို သိပြီး သူက ပေါ်သခင်ကြီးကို ပြန်ပက်ပြောလို့ မရတာကြောင့် ခေါင်းအသာညိတ်ပြကာ နောက်ဆုတ်သွားခဲ့သည်။