Ch 59
Viewers 28k

Chapter 59


တိတ်ဆိတ်မှုနှင့် အရှက်ရစရာ လေထုကို ဖြိုခွင်းလိုက်သည့်အလား ပေါ်ကွမ်းချန်က ရုတ်တရက် ပြောလိုက်သည်။ “အဘိုး… ခုရက်ပိုင်း အစာစားချင်စိတ်မရှိဘူးလို့ ပြောခဲ့တယ်မလား? ကျွန်တော် အရသာရှိပြီး အရည်အသွေးကောင်းတဲ့ ဆေးဖက်ဝင်လက်ဖက်ရည် ယူလာခဲ့တယ်။”

“ကျောင်းကျောင်းမရောက်သေးဘူးဆိုတော့..အားလုံးမြည်းလို့ရအောင် လက်အောက်ငယ်သားတွေကို ဖျော်ခိုင်းလိုက်ရမလား?”

အကြီးဆုံးမြေး ပေါ်ကွမ်းချန်ကို ပေါ်သခင်ကြီးက အမြဲတမ်း မျက်နှာသာပေးပြီး ဦးစားပေးဆက်ဆံသည်။ “ဟုတ်ပြီ…မြည်းကြတာပေါ့။”

ပေါ်ကွမ်းချန်က သူ့ဘေးနားရှိ အစေခံ အားခိုင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူက နားလည်သွားပြီး မီးဖိုချောင်အပြင်ဘက်ရှိ ရေဘားဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။

ငါးမိနစ်အတွင်းမှာ တစ်ဖက်လူက လက်ဖက်ရည်ဗန်းနှင့် ပြန်ရောက်လာသည်။

အစေခံ အားခိုင်က ပင်မထိုင်ခုံရှိ ပေါ်သခင်ကြီးကို ပထမဆုံး လက်ဖက်ရည်တည်ခင်းပေးလိုက်ပြီးမှ ဘယ်ကနေ ညာသို့ တစ်ခွက်ဆီ ကမ်းပေးလိုက်သည်။

ပေါ်ကွမ်းချန်က ခွက်ထဲရှိ အငွေ့ပျံနေသော ဆေးဖက်ဝင်လက်ဖက်ရည်ကို ကြည့်ကာ ဖေးယိအား တစ်ခွက်ကမ်းပေးရန် အားခိုင်အား အချက်ပြလိုက်သည်။

“ဖေးသခင်ငယ်လေး… ခင်ဗျားရဲ့လက်ဖက်ရည်။”

ဖေးယိက တိတ်တဆိတ် ခေါင်းငဲ့စောင်းလိုက်ပြီး အစေခံအားခိုင်၏ အကြည့်နှင့်ဆုံသွားခဲ့သည်။ “ပူတယ်။”

အားခိုင်က သူ့ကို တခဏမျှ ထိတ်လန့်တကြားကြည့်ကာ တုံ့ပြန်လိုက်သည်။ “ဟုတ်တယ်….ဖေးသခင်ငယ်လေး… သတိထားပါ။”

“…….”

ပေါ်ယွဲ့မင်က ဤအရာအားလုံးကို မျက်နှာကာဗာမှတစ်ဆင့် ငြိမ်ငြိမ်လေး စောင့်ကြည့်နေပြီး တစ်ခုခုမှားယွင်းနေတာကို အသေအချာ မှန်းဆလိုက်သည်။

ဒီအစေခံက ဒီနေရာမှာ အသစ်လား?

သူ ထိုလူကို ပေါ်ယွဲ့မင်၏ဘေးမှာ တစ်ခါမှ မမြင်ဖူးပေ။

သူထင်သည့်အတိုင်း အစေခံ အားခိုင်က အငွေ့ပျံနေသော လက်ဖက်ရည်တစ်ဖက်ယူကာ ပေါ်ယွဲ့မင်ကို ဂရုတစိုက်ပေးလိုက်သည်။ “ဒုတိယသခင်လေး… ခင်ဗျားရဲ့လက်ဖက်ရည်။”

ပေါ်ယွဲ့မင်က ချက်ချင်းပင် တစ်ခုခုကို အာရုံခံမိသွားပြီး သူ့ညာဘက်လက်ကို အသာလေး နောက်ပြန်ဆုတ်လိုက်သည်။ ထင်သည့်အတိုင်းပင် အားခိုင်၏ခွက်က မတော်တဆ စောင်းသွားလေသည်။

လက်ဖက်ရည်ပူပူက စားပွဲပေါ်သို့ ဖိတ်စင်သွားခဲ့လေသည်။

ပေါ်ယွဲ့မင်က သူ့ညာလက်ကို ရှေ့ပြန်ထုတ်ပြီး နာကျင်သော အသံသဲ့သဲ့ ထုတ်လွှတ်လိုက်သည်။ သူက ထိတ်လန့်တကြား အမြန်ထကာ နောက်ဆုတ်လိုက်ပေမယ့် မတော်တဆ စားပွဲကို တိုက်လှဲမိရာ နောက်ထပ် ဆူညံသော အသံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အားခိုင် လန့်ဖျပ်သွား၏။ “ဒုတိယသခင်လေး… တောင်းပန်ပါတယ်! ကျွန်တော် သေချာမကိုင်ခဲ့မိလို့ပါ!”

ဘေးဘက်က ဖေးယိ၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွား၏။

သေချာမကိုင်ခဲ့လို့လား?

ဒီလူက သူ့ကို အရူးလို့ထင်နေတာလား?

သူက သူ့နှာခေါင်းအောက်မှာ ပေါ်ယွဲ့မင်ကို ဘယ်လိုတိုက်ခိုက်ရဲတာလဲ?

ဖေးယိက သူ့ကိုယ်ပိုင်လက်ဖက်ရည်ခွက်ကို ပြတ်ပြတ်သားသား ကောက်ယူကာ အားခိုင်၏လက်မောင်းပေါ်သို့ ပြင်းပြင်းထန်ထန် အတိအကျ လောင်းပစ်လိုက်ပြီး အရူးကွက်နင်းကာ အော်လိုက်လေ၏။ “ပူလွန်းတယ်..  မသောက်ဘူး!”

သူ့ဘေးရှိ အားခိုင်က ဖေးယိ ရုတ်တရက် “အရူးထဖောက်မယ်”လို့ မထင်ထားခဲ့သဖြင့် သူ့လက်မောင်းပေါ်က အပူမှာ ချက်ချင်း ထိုးဖောက်လာခဲ့လေသည်။

“--အား!”

သူ့မျက်နှာပေါ်ရှိ အတုအယောင် ထိတ်လန့်မှုမှာ အက်ကွဲသွားပြီး နာကျင်မှုအစစ်က အစားထိုးဝင်ရောက်လာသည်။

ဤရုတ်တရက် အဖြစ်အပျက်ကြောင့် လူတိုင်း၏မျက်လုံးများက အတွေးတစ်ခုဆီဖြင့် တစ်နေရာတည်းမှာ ဆုံသွားခဲ့သည်။

ပေါ်လီဟုန်က အနည်းငယ် အံ့အားသင့်သွားပေမယ့် သူ့သား၏ ထိခိုက်ဒဏ်ရာရခြင်းကို လုံးဝမရုမစိုက်ပေ။ ရွှယ်မင်က အသံတိတ် ရယ်မောလိုက်၏။ ၎င်းက သူမနဲ့မဆိုင်ပေ။

ပေါ်ကွမ်းချန်က နာကျင်နေသော အမူအရာကို ဆက်လက်ထိန်းထားဆဲဖြစ်သော ပေါ်ယွဲ့မင်ကိုကြည့်ကာ သူ့ရင်ထဲက သံသယများ ပြေပျောက်သွားပြီး သူ့မျက်လုံးထဲမှာ နက်မှောင်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူကသာလျှင် ဤညစာစားပွဲကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ကာ လူကြီးအားလုံး၏ ရှေ့မှောက်၌ ပေါ်ယွဲ့မင်၏ မျက်လုံးကို စမ်းသပ်ရန် လှည့်ကွက်တစ်ခု ဖန်တီးဖို့ အစေခံအား ခိုင်းစေခဲ့သည်။

သာမန်လူများက လက်ဖက်ရည်ဖိတ်စင်တော့မည့် အခိုက်အတန့်ကို သိလိုက်သည်နှင့် ရှောင်တိမ်းကြသော်လည်း ပေါ်ယွဲ့မင်ကတော့ ယခုနက မတုံ့ပြန်ခဲ့ပေ။ သူ့အပေါ် လက်ဖက်ရည် လောင်းချလိုက်သည့်တိုင် သူက အချိန်နှောင်းမှ မတ်တပ်ထရပ်ကာ ရှောင်ထွက်သွားခဲ့သည်။

ဖေးဟွမ်က ပေါ်ယွဲ့မင်ကို GM မှာ တွေ့ခဲ့သည်ဟု ပြောခဲ့သဖြင့် သူက တစ်ဖက်လူ၏ မျက်လုံးအခြေအနေကို သံသယဝင်ခဲ့သည်။

ကြည့်….အာ.. လေးလနီးသားရှိပြီဖြစ်သော်လည်း သူက ကန်းနေဆဲပင်!

သူလိုချင်တဲ့အတိုင်းပဲ။

ပေါ်ကွမ်းချန်က အခြေအနေကို ဆုံးဖြတ်လိုက်ပြီး တစ်ချိန်တည်းမှာ ကြမ်းပြင်ပေါ်ကို ဖြတ်လျှောက်လာသော ထောက်မြင့်ဖိနပ်သံ ထွက်ပေါ်လာသည်။

ပေါ်ကျောင်းက ဝင့်ဝါလွန်းသော အနီရောင်ဂါဝန်ကို လွန်လွန်ကဲကဲ ဝတ်ဆင်လာ၏။

ပင်မအိမ်တော်တံခါးသို့ ရောက်သည်နှင့် သူမက အထဲကအခြေအနေကို သတိထားမိသွားသည်။ မည်သူမျှ စကားတစ်ခွန်းမဆိိုနိုင်ခင်မှာ သူမက အိမ်တော်ထိန်းခေါင်းဆောင် ရှန်းကို ဝေဖန်လိုက်လေသည်။

“အမှားလုပ်မိတာတောင် ကြောင်တောင်တောင် ရပ်နိုင်သေးတယ်။ ရှင် ဒုတိယသခင်လေးအတွက် ရေခဲအိပ် မြန်မြန်သွားယူပေးလိုက်လေ။”

“အဘိုးက မတုံ့ပြန်နိုင်တဲ့ ကျွန်မရဲ့ ဒုတိယအစ်ကိုကို အရမ်းချစ်တာ။ ရှင့်မှာ အရေးပေါ် အစီအမံတွေ မရှိဘူးလား? ဒီလိုပုံစံနဲ့ အိမ်တော်ထိန်းခေါင်းဆောင် ဘယ်လိုဖြစ်လာတာလဲ? ရှင့်ရဲ့ အိုမင်းနေတဲ့မျက်နှာကို အားကိုးနေတာလား?”

ဤစကားလုံးများက အင်မတန်ပွင့်လင်းပြီး အိမ်တော်ထိန်းရှန်း၏ မျက်နှာကို လုံးဝမထောက်ထားခဲ့ပေ။

“……..”

အိမ်တော်ထိန်း အဘိုးကြီးက ရှက်သွားပုံရသည်။ သူက မျက်လုံးများဖြင့် အချက်ပြနေသည့် သခင်ကြီးကို အချိန်နှောင်းမှ သတိထားမိလိုက်ပြီး ရေခဲအိပ်ယူရန် လှည့်ထွက်သွားခဲ့သည်။


ဖေးယိက စင်ပေါ်မှာ ရုတ်တရက်ပေါ်လာသော တတိယသခင်မလေးအား အာရုံစိုက်ရန် ခေတ္တစိတ်မပါခဲ့ပေ။ ပေါ်ယွဲ့မင်၏ ဘေးသို့ ပြေးသွားရန် အခွင့်အရေးယူကာ သူက ထိုလူ၏ညာလက် အခြေအနေကို စစ်ဆေးချင်ခဲ့သည်။ “အာ့ကော…လက်။”

အမှန်မှာ ထိုအခိုက်အတန့်တွင် ပေါ်ယွဲ့မင်က ခဏတစ်ဖြုတ် သတိထားနေခဲ့သည်။

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူက သူ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မိလိုက်ခြင်းမှ ရှောင်ရှားနိုင်ရန် ရုတ်ချည်း ရှောင်တိမ်းတာမျိုး မလုပ်ခဲ့ပေ။

သို့သော် ပေါ်ယွဲ့မင်က လက်ကောက်ဝတ်၏ ပိုအန္တရာယ်များသော အပိုင်းကို ရှောင်လိုက်နိုင်ပြီး လက်ချောင်းထိပ်များနှင့် လက်ဖမိုးသာ အနည်းငယ် ခံစားရလေသည်။ ယခုနက ပိုလွန်းသော တုံ့ပြန်မှုက အားလုံးကိုလှည့်စားဖို့ သုံးခဲ့ခြင်းဖြစ်၏။

ဖေးယိက ပေါ်ယွဲ့မင်၏ နီရဲပြီး ဖောင်းနေသော လက်ချောင်းများကို မြင်လိုက်ရာ သူ့အသက်ရှုသံ တုန်လှုပ်သွားခဲ့သည်။ “ပူနေလား…နာနေလား?”

ပေါ်ယွဲ့မင်က နာကျင်မှုကို အမြဲတမ်းခံနိုင်ရည်ရှိပြီး ဤအပူလောင်မှုကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ဖေးယိ၏ ရှားရှားပါးပါး စိတ်ပူနေမှုကို မြင်လိုက်ရသဖြင့် လိမ္မာပါးနပ်စွာ စကားအနည်းငယ် လှည့်လိုက်လေသည်။ “အင်းး…နည်းနည်းပါ”

သူပြောပြီးသည်နှင့် သူက ကြောင်ပေါက်လေး၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်နေသေးသည်ကို မြင်လိုက်ရလေသည်။

ထိုအချိန်တွင် ပေါ်ကျောင်းက ရှုပ်ပွနေသော ထမင်းစားစားပွဲ၏ အစွန်းမှာ မတ်တပ်ရပ်နေပြီး အစေခံ အားခိုင်ကိုကြည့်လိုက်၏။ ထင်ပေါ်လွန်းနေသော အနီရောင် eyeliner မှာ သူမ၏မျက်ဝန်းကို ပိုမိုစူးရှစေခဲ့သည်။

အားခိုင်က တတိယသခင်မလေးအကြောင်း သိပ်မသိတာကြောင့် သူက ဝတ်ကျေတန်းကျေ ပြောလိုက်၏။ “တတိယသခင်မလေး… ဒါ ကျွန်တော့်အပြစ်ပါ။”

ပေါ်ကျောင်းက ထေ့ငေါ့လိုက်သည်။ “ဒါပေါ့.ရှင့်အပြစ်လေ။ မဟုတ်ရင် ဘယ်သူ့အပြစ်ဖြစ်မလဲ? ရှင်က လက်ဖက်ရည်လောင်းထည့်ပေးတဲ့ အချိန်မှာတောင် အခြေခံအကျဆုံးအမှားကို လုပ်နိုင်တာလား?”

“သာ့ကော?” သူမက ပေါ်ကွမ်းချန်ကိုကြည့်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “ဒီလူလူမျိုးကို ရှင်ဘာလို့ခေါ်လာတာလဲ? ပင်မအိမ်တော်က ငွေပြတ်လတ်နေတာတော့ မဟုတ်ဘူးမလား? အစေခံတောင် ကောင်းကောင်းလေးတွေ မခန့်နိုင်ဘူးလား?”

“……”

ပေါ်ကွမ်းချန် တခဏမျှ ဆို့နင်သွားရသည်။

သူ့ဘေးနားရှိ ပေါ်လီဟွေ့က မျက်နှာကို မထိန်းနိုင်တော့သဖြင့် ချောင်းအသာဟန့်လိုက်ရသည်။

ရောက်လာတာနဲ့ အားလုံးကို ပတ်ပြောနေသော သူမသမီးကိုကြည့်ကာ ရွှယ်မင်က ကမန်းကတန်း မတ်တပ်ထရပ်ပြီး အချက်ပြလိုက်လေသည်။ “ကျောင်းကျောင်း…အလုပ်သမားတွေ တစ်ခါတစ်လေ မှားတတ်တာ ပုံမှန်ပါပဲ။ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။”

ဖေးယိက သူမအား မျက်စောင်းထိုးချင်စိတ်ကို ထိန်းထားရသည်။

အလုပ်မှာ တစ်ခါတစ်လေမှားတာ ပုံမှန်ပဲ ဟုတ်လား? သူမက ဘယ်လိုလုပ် လူကောင်းယောင်ဆောင်နိုင်ရတာလဲ? ဒီခွက်က ပေါ်ဝမ်ရဲ့လက်ပေါ် ကျသွားရင်တော့ ဒါမတော်တဆ အမှားလေး ဖြစ်လာမှာမဟုတ်ဘူး!

ကိုယ့်မိသားစု မထိသရွေ့ လူတွေက စိတ်ပူဒေါသထွက်ပေးမှာ မဟုတ်ဘူး!

ရွှယ်မင်က ဆက်ပြောလိုက်သည်။ “အမြန်… နင့်အဘိုးကို နှုတ်ဆက်လိုက်။”

ပေါ်ကျောင်းက ပေါ်သခင်ကြီးကိုကြည့်ကာ အပြုံးတစ်ခုဖြင့် တောင်းပန်လိုက်သည်။ “အဘိုး… ကျွန်မက နိုင်ငံခြားမှာ နေလာတာကြာပြီဆိုတော့ စကားပြောရင် တည့်ပဲပြောတတိတယ်။ စိတ်မရှိပါနဲ့။”


သူမက သူ့မြေးမလေးဖြစ်နေ၍ အဆုံးမှာ ပေါ်သခင်ကြီးက အတော်လေး စိတ်ရှည်ခဲ့သည်။ “ရတယ်။ အားလုံးထိုင်ကြတော့။”

ပေါ်ကျောင်းက ရေခဲအိပ်ကပ်ပြီးပြီးဖြစ်သော ပေါ်ယွဲ့မင်ကိုကြည့်ကာ အားခိုင်ကို အပြုံးတစ်ခုဖြင့် အချက်ပြလိုက်သည်။ “ရှင် ဒီမှာ ဘာဆက်လုပ်နေတာလဲ?”

“ရှင်က အမှားတစ်ခုလုပ်ပြီး ဒုတိယသခင်လေးကို ထိခိုက်စေခဲ့တယ်။ ရှင်က ဖေးသခင်လေးကိုလည်း စိတ်တိုအောင်လုပ်ခဲ့တယ်။ ဒါတောင် ဒီဒဏ်ရာသေးသေးလေးနဲ့ ရှင့်အတွက် ဆေးရုံကားခေါ်ပေးမှာကို စောင့်နေတာလား?”

“…….”

အားခိုင်၏ အမူအရာက အလွန်အမင်း ရှက်ရွံ့သွားခဲ့သည်။

သူက တုံ့ပြန်မလာသော ပေါ်ကွမ်းချန်ကိုကြည့်ကာ ဒေါသကို ထိန်းချုပ်ပြီး စိတ်လက်လက်ပျက် ထွက်သွားခဲ့လေသည်။

အိမ်တော်ထိန်းခေါင်းဆောင် လောင်ရှန်းသည် ယခုနက သင်ခန်းစာယူပြီးဖြစ်၍ ယခုချိန်တွင် ပေါ်သခင်ကြီး၏ ညွှန်ကြားမှုကို စောင့်မနေတော့ပဲ စားပွဲစွန်းရှိ အရှုပ်ကိုရှင်းကာ ပေါ်ယွဲ့မင်နှင့် ဖေးယိအား သူတို့နေရာတွင် ပြန်ထိုင်နိုင်ရန် စတင်ကူညီပေးလိုက်သည်။

၎င်းကိုမြင်တော့ ပေါ်ကျောင်းက နှုတ်ခမ်းစေ့ကာ မိခင်ဖြစ်သူ ရွှယ်မင်၏ဘေးမှာ ထိုင်လိုက်သည်။

စားစရာများ တည်ခင်းထား၏။

ဖေးယိ၏စိတ်က လက်တွေ့သို့ ပြန်လည်လာကာ သူ စားနေရင်း ပေါ်ကျောင်းကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

တစ်ဖက်လူက ကြိုးမဲ့ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ညှပ်ရိုးပေါ်တွင် အင်္ဂလိပ်စာလုံးများ တက်တူးများရှိသည်။ သူမဆံပင်က နဖူးထိပ်မှာ ခွေနေပြီး သူမ၏ တောက်ပနူးညံ့သော မျက်နှာပေါ်ကို အပြည့်အဝ ပေါ်လွင်စေသည်။

ပေါ်သခင်ကြီးက မတွေ့ရတာကြာပြီဖြစ်သော သူ့မြေးမလေးကိုကြည့်က သူ့မျက်လုံးထဲတွင် ထိုဝတ်စားဆင်ယင်ပုံကိာ မကြိုက်သော အရိပ်အယောင် ပေါ်လာသော်လည်း ထုတ်မပြောခဲ့ပေ။ “ ကျောင်းကျောင်း.. ဘာလို့ရုတ်တရက် တရုတ်ကို ပြန်လာတာလဲ?”

“နိုင်ငံခြားမှာ ငြီးငွေ့လို့ပါ။”

ပေါ်ကျောင်းက သူမရှေ့ရှိ ဆေးဖက်ဝင်လက်ဖက်ရည်ကို တွန်းဖယ်လိုက်ပြီး သူမဘေးက ရှန်ပိန်ခွက်ကိုမြှောက်ကာ ခွက်ဝက်သောက်ပြီးနောက် ပြောလိုက်သည်။ “အဘိုး… ကျွန်မလည်း ပေါ်မိသားစုနဲ့ အလုပ်လုပ်ချင်တယ်။ ဂရုထဲမှ ကျွန်မအတွက် မန်နေဂျာရာထူးစီစဥ်ပေးပါ။”

“…….”

ဤစကားများ ကျလာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားသည်။


ပေါ်ယွဲ့မင်က ရေခဲအိပ်ကိုဖိကာ ဤမမြင်ရတာ ကြာပြီဖြစ်သော ညီမဖြစ်သူအား သူလျှော့တွက်ခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ပေါ်မိသားစုကဲ့သို့ ကြီးမားပြီး ပေါ်လီဟွေ့နှင့် ပေါ်လီဟုန်တို့ ပါဝင်နေသော ကုမ္ပဏီတစ်ခု အတွက် ရာထူးနေရာချခြင်း သို့မဟုတ် အပြောင်းအလဲက အာဏာ၏ အနာဂတ်ဦးတည်ချက်ကို သက်ရောက်မှုရှိနိုင်သည်။

ပေါ်ကျောင်းက အလွယ်ပြောလိုက်ပေမယ့် ၎င်းမှ အလေးချိန်အများကြီးရှိသည်။

ဖေးယိကလည်း ဤအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြားခဲ့ပြီး ပေါ်သခင်ကြီး၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေ၏။

“ရှောင်ကျောင်း… မိန်းကလေးတစ်ယောက်က စားသောက်ပျော်ပါးဖို့အတွက် မိသားစုရဲ့ပိုက်ဆံကို သုံးတာက အဆင်ပြေတယ်။ ဒါပေမယ့် ဘာလို့ ဒါကိုလိုချင်တာလဲ?”

ပေါ်သခင်ကြီးက ချောချောမွေ့မွေ့ ရှောင်တိမ်းလိုက်ကာ ဒုတိယသား ပေါ်လီဟုန်ကို အချက်ပြလိုက်သည်။ “မင်း အေးအေးဆေးဆေး မနေချင်ဘူးဆိုရင်တော့ မင်းအဖေရဲ့ ရုံးခွဲမှာ လွယ်ကူတဲ့အလုပ်တစ်ခု စီစဥ်ပေးဖို့ တောင်းဆိုလိုက်။”

“အဖွဲ့ရုံးချုပ်က အလုပ်အရမ်းများတယ်။ မင်းဘယ်လိုခံနိုင်မှာလဲ?”

“မိသားစုကို အဘွားတာဝန်ယူတုန်းက အမျိုးသမီးနဲ့ အမျိုးသားကြားက တန်းတူညီမျှမှုကို အမြဲအားပေးခဲ့တာလေ။ ကျွန်မတို့မိသားစုက အမျိုးသမီးတွေထက် အမျိုးသားတွေကို မျက်နှာသာပေးတာ မဟုတ်ဘူးမလား?” ပေါ်ကျောင်းက ပြန်ပက်ပြောကာ ရှန်ပိန်ကို တစ်ကျိုက်တည်းသောက်လိုက်၏။


“အဘိုး… ကျွန်မ မပင်ပန်းပါဘူး။ ဘယ်လူက ဘယ်ရာထူးယူရမလဲဆိုတော့ အဘိုးပေါ်မူတည်တာမလား?”

ပေါ်သခင်ကြီး၏ မျက်ဝန်းက အနည်းငယ် ပြောင်းလဲသွား၏။

ရွှယ်မင်က မူမမှန်သော လေထုကို သတိထားမိပြီး စားပွဲအောက်မှ သူမလက်ဖြင့် သမီးဖြစ်သူအား အမြန်တားလိုက်သည်။


ပေါ်ကျောင်းက သူမ၏ဝိုင်ခွက်ကို ချထားပြီး အန္တရာယ်ကင်းပုံရသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်မလား? ကျွန်မ ကောလာလဟတွေ အများကြီးကြားခဲ့တယ်။ အဘိုးက ဦးလေးနဲ့သာ့ကောကို အရေးပေးတယ်တဲ့”

ပေါ်ကွမ်းချန်က ပေါ်သခင်ကြီးအား တစ်ချက်ကြည့်ကာ မေးလိုက်၏။ “ ပေါ်ကျောင်း… အဲ့ဒါကိုဘယ်မှာကြားခဲ့တာလဲ?”

“အဲ့လိုမဟုတ်လို့လား?”

ပေါ်ကျောင်းက ထမင်းစားပွဲကို လှည့်ပတ်ကြည့်လိုက်သည်။ “လက်ရှိမှာ ဂရုရဲ့ ဒါရိုက်တာက ဦးလေးဖြစ်ပြီး အထွေထွေမန်နေဂျာက သာ့ကောလေ။ ကျွန်မတို့ရဲ့ ဒုတိယအိမ်တော်မှာ ကလေးတွေအများကြီးရှိတာ။ ဒါပေမယ့် ရုံးခွဲတစ်ခုကလွဲလို့ ဘာရထားလို့လဲ? အို့… ဒါနဲ့ ဦးလေးမှာ ရုံးခွဲတစ်ခုလည်းရှိသေးတယ်မလား?”

ဤနည်းဖြင့် ဒုတိယအိမ်တော်က မည်သည့်အကျိုးအမြတ်မျှ မရခဲ့ပေ။

ပေါ်သခင်ကြီးက စားနေရင်း ရပ်လိုက်၏။ “မင်းက ငယ်လေးတယ်။ ကိုယ်နားမလည်တဲ့ ကိစ္စတွေကို ဝင်မပြောနဲ့။ ယွဲ့မင်ရဲ့ မျက်လုံးတွေ ထိခိုက်ထားလို့ ငါ့မှာရွေးချယ်စရာမရှိပဲ ကွမ်းချန်ကို စီမံအုပ်ချုပ်ခွင့် ယာယီလွှဲပြောင်းပေးထားတာ။ ပြီးတော့ မင်းရဲ့သာ့ကောကလည်း အလုပ်ကြိုးစားတယ်”

ဤရယ်စရာကောင်းသော မှတ်ချက်ကိုကြားပြီး ပေါ်ယွဲ့မင်က အရည်ပျော်တော့မည့် ရေခဲအိပ်ကို တိတ်တဆိတ် ကိုင်ထားလိုက်၏။

ဖေးယိကလည်း ရင်ထဲကနေ လှောင်ပြောင်လိုက်သည်။

.

ထိုသို့သော စကားကြီးစကားကျယ်ဖြင့် ဘက်လိုက်မှုကို ပြောနိုင်သည်မှာ အမှန်တကယ်ပင် ထူးကဲလှသည်။


“အလုပ်ကြိုးစားတယ်?”

ပေါ်ကျောင်းက ပစ်မှတ်ထားသည့် အရိပ်အယောင်ကို ဖုံးကွယ်ရင်း ဤစကားလုံးကို စဥ်းစားလိုက်သည်။ “ရည်မှန်းချက်ကြီးမှတော့ ကြိုးစားမှပေါ့။ ယာယီဆိုရင် သူ့ကို အစားထိုးလိုက်လေ။”

-ဖက်!

ပေါ်သခင်ကြီးက ဒေါသတကြီးဖြင့် သူ့တူကို ဆောင့်ချလိုက်သည်။


ပေါ်လီဟုန်က မျက်မှောင်ကြုတ်လိုက်၏။ “ကျောင်းကျောင်း .. အဲ့လိုစကားမျိုးမပြောနဲ့!.”

ပေါ်ကွမ်းချန်က သူ့အပြုံးကို တည်ငြိမ်အောင် ထိန်းထားပြီး ချောချောမွေ့မွေ့ ကိုင်တွယ်ဖို့ ကြိုးစားလိုက်သည်။ “ကျောင်းကျောင်း… မင်း နိုင်ငံခြားရောက်နေခဲ့တာ ကြာပြီမို့ ပေါ်ဂရုရဲ့ လက်ရှိအခြေအနေကို သိမှာမဟုတ်ဘူး။ အလုပ်ကို သေချာမစီမံနိုင်ရင် လူတွေက မင်းကိုဝေဖန်လိမ့်မယ်။ အဘိုးက မင်းအတွက် စဥ်းစားပေးနေတာ။”

“အဘိုးက ကျွန်မအတွက် စဥ်းစားပေးနေတာလား၊ ဒါမှမဟုတ် ဦးလေးနဲ့ သာ့ကောရဲ့မိသားစုအတွက်လား? တချို့လူတွေက မတရားခံရသလို ဟန်ဆောင်လိုက်ရုံနဲ့ ပြစ်ဒဏ်လျှော့သွားတတ်တယ်။”


ပေါ်ကျောင်းက ပေါ်ကွမ်းချန်အား ပြစ်တင်ရှုတ်ချဖို့ အခွင့်အရေးမရမှာစိုး၍ ချက်ချင်းဆိုသလိုပင် ပါးစပ်ပြန်ဖွင့်လိုက်သည်။

“အဘွားအိမ်မှာရှိတုန်းက ဒုတိယအစ်ကိုမှာ ပရောဂျက်ဘယ်လောက်ရှိလဲ။ သူ ဂရုအတွက် ငွေဘယ်လောက်ရှာပေးခဲ့လဲ? မကြာသေးခင်က ဂုဏ်ပြုခံရတဲ့ ယွမ်တိပရောဂျက်တောင်မှာ သူ လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်ထားခဲ့တာ။ ဟုတ်တယ်မလား?”


“သာ့ကော…  အသင့်ရှိပြီးသားကို ကောက်စားလိုက်တဲ့အပြင် ဂျာမန်စီးပွားရေးပရောဂျက်ကိုလည်း ရှင်ကိုင်တွယ်ခဲ့တာလို့ကြားတယ်။ ဒီပရောဂျက်က ပြဿနာ ဘယ်လောက်တောင် တက်ခဲ့လဲ? ဂရုက ဘယ်လောက်ထိခိုက်ခဲ့လဲ? ရှင် အသိဆုံးနေမှာပေါ့။”

ဤစကားများကျလာသည်နှင့် ပေါ်ကွမ်းချန်က သူ့မျက်နှာပေါ်ရှိ အပြုံးကို ထိန်းမထားနိုင်တော့ချေ။

ပေါ်ကျောင်းက နားမလည်နိုင်သေးပုံရသည်။ “အဘိုး… ဒုတိယအစ်ကိုရဲ့ မျက်လုံးတွေက မကောင်းပေမယ့် သူ စွန့်အနားမကြားဖြစ်နေတာ မဟုတ်သလို သူ့ဦးနှောက်ပျက်သွားတာလည်း မဟုတ်ဘူး။ ဒါဆို သူ့ဆီက ရာထူးကို ဘာလို့ယူခဲ့တာလဲ?”

“ဒုတိယအိမ်တော်က အသုံးဝင်တဲ့လူကိုတော့ အဘိုးကမလိုချင်ဘူး။ ဒါပေမယ့် ပင်မအိမ်မတော်က အမှားလုပ်တာကိုတော့ ဂရုမစိုက်ဘူးပေါ့…ဟုတ်လား?”

“နှစ်ယောက်လုံးက မျိုးရိုးနာမည်ပေါ်ဖြစ်ပြီး နှစ်ယောက်လုံးက အဘိုးရဲ့မြေးတွေပါ။ ဒါ ဘက်လိုက်တာမဟုတ်ရင် ဘာလဲ?”

“…….”

ပေါ်သခင်ကြီး၏ ရင်ဘတ်က တုန်လာသည်။ သူက သူမကို ကြိမ်းမောင်းချင်ပေမယ့် ဘယ်ကစရမလဲ မသိပေ။ လူငယ်တစ်ယောက်က သူ့ကို လူရှေ့သူရှေ့ အရှက်ခွဲနေပေမယ့် သူမ၏ စကားများက အမှန်တွေဖြစ်နေ၏။

ထမင်းစားခန်းတွင် တိတ်ဆိတ်မှု ပျံ့နှံ့သွား၏။


တည်ငြိမ်နေသော ပေါ်ယွဲ့မင်မှလွဲ၍ အားလုံး၏အမူအရာက အင်မတန် ရုပ်ဆိုးလှသည်။

ဖေးယိက ဤမြင်ကွင်း၏ ခမ်းနားမှုကိုကြည့်ရင်း သူ့နှလုံးသားအောက်ခြေကနေ ချီးမကျူးပဲ မနေနိုင်တော့ချေ။

တတိယသခင်မလေးပေါ်ကို ငါလုံးဝထောက်ခံတယ်..အား!