Chapter 60
တံခါးက ဆောင့်ပိတ်သွားပြီး အစေခံအားလုံး နှင်ထုတ်ခံလိုက်ရသည်။
တစ်လျှောက်လုံး သည်းခံခဲ့ရသော ပေါ်လီဟုန်က သူ့ဗီလာကိုပြန်ရောက်သည့်အခါ လုံးလုံးပေါက်ကွဲထွက်သွားလေသည်။ “ပေါ်ကျောင်း! ပင်မအိမ်တော်မှာ နင် အဘိုးရှေ့မှာ ဘာတွေပြောခဲ့တာလဲ! မိသားစုညစာ ကောင်းကောင်းစားနေတာကို နင်ဘာလို့ဝင်ရှုပ်ခဲ့တာလဲ?”
စားပွဲဝိုင်းမှ ပေါ်ကျောင်း၏စကားကြောင့် ပေါ်သခင်ကြီးက ဒေါသအထွက်လွန်ပြီး အကြမ်းပတမ်း နှလုံးခုန်နေကာ မကြာမီတွင် နေမကောင်းအကြောင်းပြ၍ အမည်ခံမိသားစုညစာစားပွဲကို အဆုံးသတ်ခဲ့သည်။
ပေါ်လီဟွေ့နှင့် ပေါ်ကွမ်းချန်မှလွဲ၍ ကျန်လူများက ပင်မအိမ်တော်မှ “နှင်ထုတ်ခံ”ခဲ့ရသည်။
ပေါ်လီဟုန်က မထွက်ခွာခင်မှာ သူ၏စိုးရိမ်ပူပန်မှုကို ဖော်ပြချင်ခဲ့သော်လည်း ပေါ်သခင်ကြီးက ရှုံ့တွနေသော မျက်နှာဖြင့် သူ့အား ခက်ထန်သော စကားများပြောကာ ပေါ်လီဟွေ့နှင့် ပေါ်ကွမ်းချန်တို့ သားအဖကိုသာ ဆက်နေခိုင်းပြီး သူ့ကို မောင်းထုတ်ခဲ့သည်။
ခင်ပွန်းဖြစ်သူ၏ ဒေါသကိုမြင်သောအခါ ရွှယ်မင်က ချက်ချင်းရောက်လာပြီး ပေါ်ကျောင်းကို ကာကွယ်ပြောဆိုပေးလိုက်သည်။ “တော်လောက်ပြီ။ ခုနက ညစာစားပွဲမှာတော့ စကားနည်းနည်းလောက်ပြောပြီး တားဖို့မကြိုးစားပဲနဲ့ အခုမှ ဘာလို့ တံခါးပိတ်ပြီး ဒေါသူပုန်ထနေရတာလဲ!”
ထိုသို့ပြောလိုက်ပေမယ့် သူမက ညစာစားပွဲ၌ ပေါ်ကျောင်းပြောခဲ့တာကို ထောက်ခံလိုက်တာ လုံးဝမဟုတ်ပေ။
ဝှီးချဲသံတစ်ခု ထွက်ပေါ်လာ၏။
အရိုးကျိုးခြင်းကြောင့် မလှုပ်ရှားနိုင်သော ပေါ်ဝမ်က ပထမထပ်ရှိ ဂိမ်းခန်းထဲမှ လှိမ့်ထွက်လာကာ စိတ်မရှည်သော မျက်နှာဖြင့် ပြောလိုက်လေ၏။ “ဒီဆူညံသံတွေက ဘာတွေလဲ? ခင်ဗျားတို့ ပင်မအိမ်တော်မှာ ညစာသွားစားတာ မဟုတ်ဘူးလား? ဘာလို့စောစောပြန်လာတာလဲ?”
“ဘာစားစရာရှိလို့လဲ?”
ပေါ်လီဟုန်က ဘေးဘက်ရှိ ဆိုဖာပေါ်မှာ ထိုင်ကာ လက်ယမ်းပြလိုက်၏။ “မင်းအစ်မကို ဘာတွေလုပ်ခဲ့လဲ မေးလိုက်!”
ပေါ်ကျောင်းက သူမဖခင်၏ ဒေါသနှင့် ရှုတ်ချခြင်းကို လုံးဝဂရုမစိုက်ပေ။ စိတ်အေးလက်အေးဖြင့် သူမက ရှန်ပိန်တစ်ခွက်ထည့်ကာ စိတ်ပြေနပြေ အရသာခံလိုက်၏။
ပေါ်ဝမ်က ယင်း”မသေချာသော” ခံစားချက်ကို အမုန်းဆုံးဖြစ်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “အမေ….ဒါဘာတွေလဲ?”
ရွှယ်မင်က သူမသားကို အမြဲတမ်းအလိုလိုက်ခဲ့ပြီး သူမသားက မေးလာသည့်အခါ သူမက မိသားစုညစာစားပွဲမှာ ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း ပြောပြလိုက်သည်။
“ဘာ?”
ပေါ်ဝမ်က ရွှယ်မင်ပြောပြတာကို ကြားသည့်အခါ စိုးရိမ်တကြီး မတ်တပ်ထရပ်လိုက်သော်လည်း သူ၏ မသက်သာသေးသော ခြေထောက်ကြောင့် ရှုံ့တွနေသော အမူအရာဖြင့် ဝှီးချဲပေါ်သို့ ပြန်ပြုတ်ကျသွားခဲ့သည်။
ရွှယ်မင်က သူ့ကို အမြန်ထိန်းလိုက်ရသည်။ “အိုက်ယိုး…. သတိထားလေ”
ပေါ်ဝမ်က ပင့်သက်ရှိုက်ပြီး သူ့အမြွှာအစ်မကို မကျေမနပ် အော်လိုက်လေ၏။ “ပေါ်ကျောင်း… နင်ရူးနေတာလား! အဲဲဒီခွေးသား ပေါ်ယွဲ့မင်အတွက် ဘာလို့ပြောပေးခဲ့တာလဲ? ဘိုးဘိုးက အဲ့ဒီငကန်းကို ပေါ်အိမ်တော်ကနေ ချက်ချင်းနှင်ထုတ်လိုက်ဖို့ ငါမျှော်လင့်တယ်!”
“……..”
ခွေးတစ်ကောင်လို ကြိမ်းမောင်းခံလိုက်ရသော ပေါ်လီဟုန်က မျက်မှောင်ကြုတ်ကာ ခပ်မာမာလေသံဖြင့် ပြောလိုက်လေ၏။ “မင်းရူးသွားပြီလား?”
ရွှယ်မင်က ဖြေလိုက်သည်။ “တော်ပြီ… မင်းတို့နှစ်ယောက် ဒီကိစ္စအတွက် ငြင်းခုံမနေနဲ့။ ကျောင်းကျောင်းက တကယ်ကို အမှားလုပ်ခဲ့တာပဲ။ အဘိုးကြီး၊ ဦးလေးနဲ့ မိသားစုကို ဘာလို့မကျေမနပ်ဖြစ်အောင် လုပ်ခဲ့တာလဲ?”
“ငါ့ကိုမေးရင်တော့ ပေါ်ကွမ်းချန်က ပေါ်ယွဲ့မင်ထက် ပိုကောင်းတယ်။ အနည်းဆုံးတာ့ သူက သူ့ညီလေးပေါ်ဝမ်ကို ဂရုစိုက်ပြီး ငယ်ငယ်လေးတည်းက တစ်ခါမှ ရန်မဖြစ်ဖူးဘူး။”
ပေါ်ဝမ် ခေါင်းညိတ်လိုက်၏။ “သာ့ကောက အဲ့ဒီငကန်းထက် ပိုကောင်းတယ်။”
– ဘန်း!
ပေါ်ကျောင်းက ဝိုင်ခွက်ကို အားဖြင့် ဆောင့်ချကာ သူမ၏မျက်လုံးများက သူမမိသားစုဝင်များ၏ မျက်နှာများကို ကြည့်လိုက်သည်။ “အမေ…အဖေ… ပေါ်ဝမ်က မွေးကတည်းက ဦးနှောက်ပါမလာလို့ ထားပါဦး။ ဒါပေမယ့် အမေတို့က ဘာလို့နားမလည်နိုင်ရတာလဲ”
ပေါ်ဝမ်၏ အမူအရာ ပြောင်းလဲသွားသည်။ “ဘယ်သူက ဦးနှောက်မပါတာလဲ?”
ပေါ်ကျောင်းက သူ့ကို အကြည့်တစ်ချက်ပေးလိုက်ပြီး သူမ၏သွေးဖိအားက ရုတ်တရက် ဆောင့်တက်သွားသည်။ “ပါးစပ်ပိတ်ထား!”
သူတို့သုံးယောက်လုံးက သူမ၏ ကျယ်လောင်သောအသံနှင့် မသတီစရာ စကားကြောင့် ချက်ချင်း အံ့အားသင့်သွားသည်။
ပေါ်ကျောင်းက အနားကို လျှောက်သွားလိုက်ပြီး သူမ ထပ်ပြောလိုက်သောစကားမှာ တည့်တိုးဆန်လွန်းလှသည်။ “ကျွန်မ မေးပါဦးမယ်။ အဘွားက ဒီအိမ်ကို တာဝန်ယူထားဆဲမဟုတ်ဘူးလား? အဖေ… အဖေနဲ့ဦးလေးရဲ့ကြားမှာ အဘိုးက ဘက်မလိုက်ဘူးဆိုတာ သေချာရဲ့လား?”
“…….”
ပေါ်လီဟုန်၏ အမူအရာက မသိမသာ ပြောင်းလဲသွားသည်။
ခေတ်သစ်၌ အသက်မွေးဝမ်းကြောင်းကို ဦးစားပေးသည့် ပေါ်သခင်မကြီးနှင့်ယှဥ်လျှင် အိမ်ထောင်ကျပြီး မိသားစုထဲဝင်ရောက်လာသော ပေါ်သခင်ကြီးက အရိုးထဲထိ စာအုပ်ကြီးအတိုင်း လုပ်လွန်းသူဖြစ်လေ၏။
သူတို့နှစ်ယောက်လုံးက သူ့သားတွေဖြစ်သော်လည်း တစ်ဖက်လူက အကြီးဆုံးသား ပေါ်လီဟွေ့ကို ပိုသဘောကျသည်။
အတိတ်မှာ ပေါ်သခင်မကြီးက အိမ်ထောင်ဦးစီးဖြစ်၍ ပေါ်သခင်ကြီးက သူ၏ ဘက်လိုက်မှုကို ပွင့်ပွင့်လင်းလင်း မပြဝံ့ခဲ့ပေ။
သို့သော် ပေါ်သခင်မကြီးက နေမကောင်းဖြစ်ပြီး ဆေးရုံတင်ထားရသောကြောင့် မိသားစု၏ မူလညီမျှမှုက တဖြည်းဖြည်း တိမ်းစောင်းလာခဲ့သည်။
ပေါ်ကျောင်းက သူ၏တိတ်ဆိတ်မှုမှ အဖြေရခဲ့ပြီး ဆက်ဖိလိုက်လေသည်။ “ထပ်ပြီးတော့ မေးပါရစေ။ လက်ရှိရေစီးကြောင်းအရ နောက်ရှစ်နှစ် ဆယ်နှစ်အထိ ဒီတိုင်းဆက်သွားမယ်ဆိုရင် ပေါ်မိသားစုမှာ ဘယ်သူအာဏာရလာမယ်လို့ ထင်လဲ?”
“ကျွန်မတို့ ဒုတိယအိမ်တော်က ဂရုထဲမှာ နေရာမရှိဘူး။ နောက်ဆိုရင် ပေါ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကရော ကျွန်မတို့နဲ့ သက်ဆိုင်လာမယ်လို့ထင်လား? အဖေ အမှန်တရားကို ကောင်းကောင်းသိပါတယ်။ မဟုတ်လို့လား?”
ပေါ်လီဟုန်က နှုတ်ဆိတ်နေဆဲပင်။
ချမ်းသာသော မိသားစုမှ ဆင်းသက်လာသော ရွှယ်မင်က တုန်လှုပ်ချောက်ချားသွားသည်။ “မဖြစ်နိုင်တာ… နင့်ဦးလေးနဲ့ အစ်ကိုကြီးက ပေါင်းသင်းရအဆင်ပြေတဲ့သူတွေပါ။”
“ပေါင်းသင်းရအဆင်ပြေတယ်? သူတို့ပြုံးနေပေမယ့် သူတို့ရင်ထဲမှာ ဖြစ်နေတာတွေကို ဘယ်သူကသိမှာလဲ?”
“သားအဖ နှစ်ယောက်က တကယ်ပေါင်းသင်းရ အဆင်ပြေရင် ဒုတိယအစ်ကိုရဲ့ ကားအက်စီးဒန့်က ဘယ်လောက်ကြာသေးလို့လဲ? ပြီးတော့ မိဘစီစဥ်ပေးတဲ့ အိမ်ထောင်ရေး? အဲ့ဒီ ရူးနေတဲ့ ဖေးသခင်ငယ်လေးနဲ့လေ? ဒါတွေအားလုံးက သူတို့ရဲ့အစီအစဥ်ပဲဆိုတာကို အမေတို့ စဥ်းစားဖူးလား?”
အရှက်တကွဲဖြစ်ခြင်းက အရေးကြီးသည့်ကိစ္စတစ်ခုပင်။
အရေးကြီးဆုံး တွက်ချက်မှုမှာ မိမိကိုယ်တိုင်နှင့် နောင်လာနောက်သားများကို ဖြတ်တောက်ပစ်လိုခြင်းဖြစ်၏။
“ရှင်းရှင်းပြောရရင် အမေတို့က ဒုတိယအစ်ကိုရဲ့ နောက်ခံကို အသိအမှတ်မပြုရင်တောင် သူက အဖေ့ရဲ့ သွေးသားရင်းပဲ။ ပြီးတော့ရလဒ်ကရော? သူ့အဘိုးနဲ့ ဦးလေးက သူ့အိမ်ထောင်ရေးကို ဆုံးဖြတ်ပေးပြီး ဖေးမိသားစုနဲ့ လုပ်ငန်းပူးပေါင်းမှုကိုလည်း ပင်မအိမ်တော်ကပဲ လွှဲပြောင်းယူခဲ့တာ။”
“ ရှေးခတ်မှာဆိုရင် သားကိုရောင်းစားပြီး ရလာတဲ့ငွေကို မိဘလက်ထဲအပ်ရတယ်။ ဆွေမျိုးတွေကို ပေးဖို့လိုလား?”
ပေါ်လီဟုန်နှင့် သူ့ဇနီးက အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့အမူအရာမှာ အလင်းပွင့်လာသလိုပင်။
ဟုတ်တယ်…အား!
သူတို့က ပေါ်ယွဲ့မင်ကို လျစ်လျူရှုဖို့သာ သိပြီး အဆုံးမှာ အရေးကြီးကိစ္စကို မေ့သွားခဲ့သည်။
“ဂျာမန်ပရောဂျက်သာ မပျောက်သွားရင် ပင်မအိမ်တော်က ငွေဘယ်လောက်တောင် ရလိုက်မလဲ သိလား?”
ပေါ်ကျောင်းက ချဲ့ကားလွန်းသော နံပါတ်တစ်ခုကို သူမလက်ချောင်းများဖြင့် ဆွဲပြလိုက်သည်။ ယင်းက ငွေကြေးဥစ္စာကို နေသားကျနေသော ရွှယ်မင်အား ထိတ်လန့်သွားစေခဲ့သည်။ “ပေါ်ကျောင်း…. နင် ဒါကိုဘယ်လိုသိတာလဲ?”
ပေါ်ကျောင်းက မဖုံးကွယ်ထားပေ။ “ဦးလေးပြောပြတာ။”
ရွှယ်မင်၏ မွေးမိသားစုက ဆောက်လုပ်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းလုပ်ကိုင်ကြပြီး တချို့အရာများကို အနည်းငယ်မေးမြန်းရုံမျှဖြင့် ခန့်မှန်းနိုင်သည်။
“ဒုတိယအစ်ကိုက အရည်အချင်းရှိလို့ အဘွားအိမ်မှာရှိတုန်းက သူ တန်ဖိုးထားခံခဲ့ရတယ်။ ဒါကြောင့်ပဲ သူက သူတို့အမြင်မှာ ဆူးညှောင့်တစ်ခုဖြစ်လာပြီး သူလည်း တစ်ခုခုဖြစ်သွားရော သူတို့က သူ့ကို အမြစ်နှုတ်ဖို့ ကြိုးစားကြတော့တာပဲ။”
“ဒုတိယအစ်ကိုက ဘယ်လောက်ပဲ မျက်နှာသာအပေးမခံရပါစေ အပြင်လူတွေရဲ့အမြင်မှာ သူက ကျွန်မတို့ဒုတိယအိမ်တော်ကို ကိုယ်စားပြုနေဆဲပဲ!”
“ဒုတိယအစ်ကိုရဲ့ ကိုယ်စား ကျွန်မက ပြောပေးနေတယ်လို့ ပြောတာထက် ကျွန်မက ကျွန်မရဲ့အကျိုးအမြတ်အတွက် တိုက်ခိုက်နေတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်!”
ဘာမိသားစုကြီးလဲ? မိသားစုလေးကို ဂရုစိုက်နိုင်ရင်ပဲ ကောင်းလွန်းနေပြီ။
ပေါ်ကျောင်းက ၎င်းကို သေချာစဥ်းစားလိုက်သည်။ “အဖေ.. အဖေ တခြားသူတွေရဲ့ကိစ္စမှာ ဝင်စွက်ရတာကို မကြိုက်မှန်းသိပေမယ့် အဖေနဲ့အမေက ကျွန်မနဲ့ ပေါ်ဝမ်အတွက် စဥ်းစားပေးသင့်တယ်လို့ မထင်ဘူးလား? တခြားသူတွေကတော့ ရေနွေးထဲမှာ အပြုပ်ခံထားရတဲ့ ဖားတွေဆိုရင် အဖေက တော်တော်လေး နူးနေပြီဖြစ်တဲ့ ဖားတစ်ကောင်ဖြစ်လိမ့်မယ်!”
“ဒုတိယအစ်ကို အာဏာရလာရင် ရင်းနှီးတဲ့ဆွေမျိုးတွေကို သူဘယ်လိုသတ်မှတ်မလဲ? ကျွန်မတို့ ပြဿနာမရှာသရွေ့ သူက အဘွားမျက်နှာကို ထောက်ထားပြီး ကျွန်မတို့ကို ကျိန်းသေပေါက် သည်းခံလိမ့်မယ်!”
“ဒါပေမယ့် ပင်မအိမ်တော် အာဏာရလာရင် သူတို့က အနာဂတ်မှာ အကျိုးအမြတ်ရဖို့ ကျွန်မကိုပါ အိမ်ထောင်ပြုခိုင်းကြမှာ!”
ပေါ်ကျောင်းက ခေတ္တရပ်လိုက်ပြီး ဝှီးချဲပေါ်က ပေါ်ဝမ်ကို ကြည့်လိုက်သည်။ “နင်လည်း ငါတို့ရဲ့ ဒုတိယအစ်ကိုလို အိမ်ထောင်ရေးအတွက် အသုံးချခံဖြစ်လာရင်? နင်ဘာလုပ်မလဲ?”
“…….”
ပေါ်ဝမ်သည် အစကတော့ ဂရုမစိုက်ပေမယ့် “အိမ်ထောင်ရေး”ဟူသော စကားလုံးကို ကြားသည့်အခါ သူ့အမူအရာက အလွန်ထူးဆန်းသွားခဲ့သည်။ “ကျစ်… အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ဘာကို အိမ်ထောင်ရေးလဲ သောက်ချီး!”
ရွှယ်မင်က အမြွာလေးနှစ်ယောက်ကို အမြဲတမ်းချစ်မြတ်နိုးခဲ့သည်။
ထိုသို့သော အခြေအနေမျိုးက အနာဂတ်တွင် ဖြစ်လာနိုင်သည်ကို တွေးကြည့်လိုက်သောအခါ ဖြစ်နိုင်ချေနည်းနေသည့်တိုင် သူမ သည်းခံနိုင်မည် မဟုတ်ပေ။ “မဟုတ်တာ… ဘယ်ဖြစ်မလဲ! အိမ်ထောင်ရေးဆိုတာ ပျော်ရွှင်မှုအတွက်ပဲ.. ပင်မအိမ်တော်ကို လုပ်ချင်တာမှန်သမျှ လုပ်ခွင့်မပေးပါဘူး”
ပေါ်ဝမ်က ထို “အိမ်ထောင်ရေး”စကားလုံးကြောင့် ရွံရှာလာမှုကို ဘေးချိတ်ကာ မေးလိုက်လေ၏။ “နင်အဲ့လောက် အများကြီးပြောနေတော့ ဘာတွေတွေးနေတာလဲ?”
ရွှယ်မင်ကလည်း မေးလိုက်သည်။ “ဟုတ်တယ်… အာ! နင် ဒီနေ့ ညစာစားပွဲမှာ ရိုင်းစိုင်းခဲ့တယ်။ အဘိုးစိတ်ဆိုးသွားတာနဲ့ ငါတို့ကို ပေါ်ဂရုရဲ့ အတွင်းရေးကိစ္စတွေမှာ ဝင်စွက်ဖက်ခွင့် ပေးပါတော့မလား?”
ပေါ်လီဟုန်က အရင်ဖြေလိုက်သည်။ “အဖေက ဂုဏ်သိက္ခာကို တန်ဖိုးအထားဆုံးပဲ။ ကျောင်းကျောင်းက ဒီနေ့ မေးခွန်းတွေအများကြီးမေးပြီး အမေ့ကိုတောင် ဆွဲထည့်ခဲ့တယ်။ သူဘယ်လောက်ပဲ ဘက်လိုက်ပါစေ တစ်ရက်နှစ်ရက်နေရင် ပြန်ဟန်ဆောင်လိမ့်မယ်။”
အမှန်မှာ ဇနီးသည်၏ မိသားစုတွင် လက်ထပ်ခဲ့သော ခင်ပွန်းတစ်ယောက်အနေဖြင့် သူက “ဇနီးလောက်တောင် ကောင်းကောင်းမလုပ်နိုင်ဘူး”ဆိုသော စကားကို အကြောက်ဆုံးဖြစ်သည်။
သူမအဖေ အသိတရားရလာတာကို တွေ့လျှင် ပေါ်ကျောင်းက စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်၏။ “အဖေပြောတာမှန်တယ်။ ကျွန်မ ဒီနေ့ အဘိုးရဲ့ဒေါသကို လောင်းကြေးထပ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။”
“မနက်ဖြန်ကျရင် အဖေနဲ့အမေက သူ့ဆီသွားပြီး စကားချိုချိုသာသာပြောခဲ့ပါ။ ပေါ်ဝမ်က နောက်ကလိုက်လာလိမ့်မယ်။ သူရဲ့ကျိုးနေတဲ့ခြေထောက်ကို ဒရာမာရိုက်လို့ရတာပေါ့။”
မည်သို့ပင်ဖြစ်စေ သူတို့အားလုံးက သားသမီးနှင့် မြေးများဖြစ်သည်။ ယင်းက အဘိုးကြီး၏ သူတို့အပေါ်ဆက်ဆံပုံကို မူတည်သည်။!
ပေါ်ကျောင်းက အခိုင်အမာပြောလိုက်သည်။ “ကျွန်မတို့ ပင်မအိမ်တော်ကို နိုင်ထက်စီးနင်း ချုပ်ကိုင်ခြယ်လှယ်ခွင့် မပေးနိုင်တော့ဘူး။ ကျွန်မတို့ မိသားစုက အများကြီးတောင်းမှာ မဟုတ်ပေမယ့် အရာရာမှာ အရှုံးပေးလို့တော့မရဘူး။”
. . . . . .
“မြောင်~ဝူး~”
စစ်ဆေးရေးမှူးက ဦးလေးခိုင်၏ အလျင်လိုနေသော ခြေလှမ်းများနောက်သို့ လိုက်ကာ ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ပေါ်ယွဲ့မင်၏ဘေးမှာ နေလိုက်သည်။
ဦးလေးခိုင်က အရည်ကြည်ဖုများ ပေါက်နေသော ပေါ်ယွဲ့မင်၏ လက်ချောင်းများကိုကြည့်ကာ စိတ်ဆင်းရဲသွားခဲ့သည်။ “ဒုတိယသခင်လေး… အဲ့ဒီအစေခံက မူမမှန်တာကို သိလျက်ရဲ့ ဘာလို့မရှောင်ခဲ့တာလဲ? ဒီလက်. အာ.. ခဏလောက်တော့ အဆင်မပြေဖြစ်လိမ့်မယ်။”
ပေါ်ယွဲ့မင်က ဦးလေးခိုင်၏ ရှေ့မှာ ဟန်ဆောင်မနေတော့ပေ။ သူက ထုံကျင်နေသော လက်ချောင်းများကို အသာကွေးညွတ်လိုက်သည်။ “မနာပါဘူး။ အရေးကြီးဆုံးအပိုင်းကို ရှောင်တိမ်းလိုက်နိုင်တယ်။ လက်ကောက်ဝတ်ကိုလည်း မထိလိုက်ဘူး။”
ဦးလေးခိုင်က လိမ်းဆေးယူလာပြီး မထီမဲ့မြင်ပြုကာ ဒေါသတကြီးပြောလိုက်၏။ “ပင်မအိမ်တော်က ဒီလိုလှည့်ကွက်မျိုး ဘာလို့ကစားခဲ့တာလဲ?”
“ဒီလိုလှည့်ကွက်အသေးလေးတွေက အများကြီးမထိခိုက်ပေမယ့် ရှောင်လွှဲလို့တော့မရဘူး။ ကျွန်တော် အရမ်းကြီး ဖုံးကွယ်ထားမိရင် သူတို့ရဲ့မျက်လုံးကို ရှောင်နိုင်မှာမဟုတ်ဘူး။” ပေါ်ယွဲ့မင်က ၎င်းကို သေချာသိပြီး သူ့မျက်လုံးထဲက အေးစက်မှုမှာ တဖြည်းဖြည်း အေးခဲသွားခဲ့သည်။
ဒဏ်ရာအသေးစားလေးတစ်ခုမျှသာ ဖြစ်ပြီး သူ၏ထိန်းချုပ်မှုအတွင်း လုံးလုံးလျားလျား ရှိနေခဲ့သည်။
ရံဖန်ရံခါတွင် တခြားလူများရှေ့၌ “သနားချင့်စဖွယ် သရုပ်ဆောင်ခြင်း”က သူ့ “မျက်စိရောဂါနှင့် အဆင်မပြေမှု”ကို စစ်မှန်ကြောင်း ပြသပေးသည်။
ဦးလေးခိုင်က ပေါ်ယွဲ့မင်၏ အတွေးကို နားလည်သွားပေမယ့် စိတ်မကောင်းသလို ခံစားနေရဆဲပင်။ “ဒုတိယသခင်လေး… ကျွန်တော်တို့ ဘယ်ချိန်ထိ ဖုံးထားမှာလဲ? ကားမတော်တဆမှုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်စုံစမ်းမှုက အခြေအနေထူးပြီလား?”
“ဦးလေးခိုင်.. ကျွန်တော်လုပ်ချင်တာက ကားမတော်တဆမှုရဲ့ အမှန်တရားကို သိဖို့ထက် ပိုတယ်။” ပေါ်ယွဲ့မင်က ဒဏ်ရာမရှိသော ဘယ်လက်ကို လက်သီးဆုပ်ကာ သွေးကြောများ ထိုးထွက်လာမှ ဖြည်းညှင်းစွာ လွတ်ပေးလိုက်သည်။ “အဘွားရဲ့ကိစ္စကိုပါ စုံစမ်းဖို့လိုတယ်ဆိုတာ မေ့နေပြီလား?”
ဦးလေးခိုင် ၎င်းကိုကြားတော့ သူ့မျက်နှာက ပိုလေးနက်လာသည်။
အမှန်မှာ ကားမတော်တဆမှုက သက်သေမရှိပေမယ့် နောက်ကွယ်က ချုပ်ကိုင်သူကို အတည်ပြုပြီးသားဖြစ်သည်။
ပင်မအိမ်တော်က ပေါ်ဂရုကို ထိန်းချုပ်ခွင့်ရသွားရင်ရော ဘာလုပ်ရမှာလဲ?
အမှန်မှာ ဘယ်သောအခါမျှ မရောင့်ရဲနိုင်သော လူတစ်ယောက်က ဆင်ကို ဝါးမျိုဖို့ ကြိုးစားနေသော မြွေတစ်ကောင်နှင့်တူသည်။
အနာဂတ်မှာ အကျိုးစီးပွားပိုများလာသည့်အခါ ပေါ်ကွမ်းချန်တို့ သားအဖနှစ်ယောက်က သူတို့၏ လောဘကို ဘယ်သောအခါမျှ ရပ်တန့်မည် မဟုတ်ချေ။ ထို့အပြင် ပိုကြီးသော အခွင့်အလမ်းများကိုပါ စောင့်မျှော်နေလိမ့်မည်။
သဘာဝကျကျပင် ပေါ်ယွဲ့မင်က သူတို့အားလုံးကို တစ်ရှိန်ထိုး ဖယ်ရှားနိုင်ဖို့ အခွင့်အရေးယူရမည်။ သို့မှသာလျှင် သူတို့ ဘယ်သောအခါမှ ပြန်ထနိုင်တော့မည် မဟုတ်ချေ။
“ဒါပေမယ့် ဒီနေ့ညစာစားပွဲမှာ ပေါ်ကျောင်းပြောခဲ့တာက…..” ပေါ်ယွဲ့မင်က ဒေါသကိုထိန်းပြီး စကားပြောင်းလိုက်သည်။ “အဲ့ဒါက ကျွန်တော်မျှော်လင့်ထားတာထက် တကယ်ကျော်လွန်နေတယ်။”
ဦးလေးခိုင်က ပေါ်ယွဲ့မင်ထံမှ ဖြစ်ခဲ့သမျှကို သိရှိပြီးနောက် စိတ်ခံစားချက်ဖြင့် ပြောလိုက်လေ၏။ “တတိယသခင်မလေး ငယ်ငယ်တုန်းက သခင်မကြီး ပြောခဲ့တာကို မှတ်မိသေးတယ်။ တစ်ဦးတည်းသော မြေးမလေးအဖြစ် သူက တတိယသခင်မလေးကို အကြိုက်ဆုံးပဲတဲ့”
“ဒုတိယသခင်လေး.. တတိယသခင်မလေးက ခင်ဗျားဘက်မှာ ရှိတာလား”
ပေါ်ယွဲ့မင်က ခေါင်းခါပြီး မျက်မှောင်ကြုတ်လိုက်၏။ “သူ ကျွန်တော့်ဘက်မှာရှိတာတော့ မဟုတ်ဘူး။ သူက အကျိုးစီးပွားကိုမြင်နေတာ။ သူက အနာဂတ်ရဲ့ ပြိုင်ပွဲတွေမှာ ဒုတိယအိမ်တော်ကို မဆုံးရှုံးစေချင်တာ”
လူတိုင်းကတော့ သူတို့၏အကျိုးအမြတ်ကို စဥ်းစားကြမှာပင်။
ပင်မအိမ်တော်နှင့် ရင်ဆိုင်ရာတွင် လက်ရှိပေါ်ကျောင်းက သူ့မဟာမိတ်ဟု အမှန်တကယ် သတ်မှတ်လို့ရသည်။
ဦးလေးခိုင်က နှုတ်ဆိတ်နေပြီး သူ့အတွေးများက ပေါ်ယွဲ့မင်လောက် မနက်ရှိုင်းတာ သိသာသည်။
ပေါ်ယွဲ့မင်က ဆေးလိမ်းထားသော သူ့လက်ချောင်းများကို တစ်ချက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ “ဒါပေမယ့် အဆင်ပြေပါတယ်။ ပေါ်ကျောင်းမှာ ရွှယ်မိသားစုရဲ့ ပံ့ပိုးမှုရှိတယ်။ သူက ဒီရွှံ့ရေကို မွှေဖို့ သူ့နည်းသူ့ဟန်နဲ့ တိုက်တွန်းလိုက်ရင် ပင်မအိမ်တော်အတွက် လွယ်ကူတော့မှာမဟုတ်ဘူး။”
ဦးလေးခိုင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ “ဒုတိယသခင်လေးက တောင်ပေါ်မှာထိုင်ပြီး ကျားတွေရန်ဖြစ်တာကို စောင့်ကြည့်နေရင် ပြဿနာတွေလည်း လျော့ပါးလာနိုင်တယ်”
“မျှော်လင့်ရတာပဲ”
ဦးလေးခိုင် သူ့ဒဏ်ရာအား ပတ်တီးနှင့် ပတ်ပေးနေသည်ကို စောင့်ကြည့်ကာ ပေါ်ယွဲ့မင်က ရုတ်တရက် သတိရသွားသည်။ “ဖေးယိ ဘယ်မှာလဲ? အိမ်ပြန်ရောက်တည်းက သူ့ကိုဘာလို့မတွေ့တာလဲ?”
“သခင်ငယ်လေးက စစ်ဆေးရေးမှူးကို အနောက်ခြံမှာ ကစားပေးဖို့ ခေါ်သွားပါတယ်။”
ဒါ လွဲနေတာမလား?
စစ်ဆေးရေးမှူးက ဘယ်တုန်းက ပြန်ရောက်လာတာလဲ?
ဦးလေးခိုင်က တစ်ခုခုမှားနေသည်ကို သတိထားမိသွားပြီး အခါနှောင်းမှ အဝေးသို့ လှမ်းကြည့်လိုက်သည်။
အလင်းရောင်မှိန်ဖျော့နေသော ခြံဝင်းက ဗလာကျင်းနေ၏။
ဦးလေးခိုင်က စိုးရိမ်နေသည်။ “သခင်ငယ်လေး အိမ်ထဲပြန်ဝင်သွားတာကိုလည်း မတွေ့ပါဘူး။ သူ ဘယ်ရောက်သွားတာလဲ?”
ပေါ်ယွဲ့မင်က အစေခံအားခိုင်ကို တန်ပြန်တိုက်ခိုက်ခဲ့သည့် ဖေးယိအား ပြန်စဥ်းစားကာ ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက်တွေးမိသွားသည်။
သူ့မျက်ဝန်းထဲရှိ ကူကယ်ရာမဲ့မှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် သူက မတ်တပ်ထရပ်ကာ ညွှန်ကြားလိုက်သည်။ “ဦးလေးခိုင်… ကျွန်တော်နဲ့ အပြင်လိုက်ခဲ့ပေး။”
ဦးလေးခိုင်က ဆေးသေတ္တာကို ပိတ်လိုက်သည်။ “ဘယ်သွားကြမှာလဲ?”
ပေါ်ယွဲ့မင်က သက်ပြင်းချကာ သူကိုယ်တိုင်ပင် သတိမထားမိလိုက်သည့် အလိုလိုက်ခြင်း အရိပ်အမြွက်တစ်ခုဖြင့် ပြောလိုက်သည်။ “ကြောင်ပေါက်လေးကို သွားဖမ်းမယ်။”
အနှီလူ ရန်ဖြစ်ပြီး ပြဿနာရှာလည်း ကိစ္စမရှိပေမယ့် ထိခိုက်ဒဏ်ရာရလို့တော့ မဖြစ်ပေ။
. . . . . .