Chapter 62
သုံးရက်အကြာ ပင်မအိမ်တော်၌။
ပေါ်ယွဲ့မင်က လက်ထောက်လင်းကျုံးနှင့်အတူ စာဖတ်ခန်းအပြင်၌ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ လွန်ခဲ့သည့်နာရီဝက်ခန့်က သူတို့နှစ်ဦးသည် ပေါ်သခင်ကြီးထံမှ အကြောင်းကြားစာ ရရှိခဲ့ပြီး သူ့မှာ ပြောစရာတစ်ခုရှိနေသည်ဟုဆိုသည်။
လင်းကျုံးက ပိတ်ထားဆဲဖြစ်သော စာဖတ်ခန်းကိုကြည့်ကာ သူ့စိတ်က ကမောက်ကမဖြစ်နေ၏။ “သူဌေးပေါ်. . ဒီအဘိုးကြီးက ဘာလိုချင်တာလို့ထင်လဲ?”
နောက်ဆုံးအကြိမ် “ပြောစရာရှိတယ်”လို့ ဆိုခဲ့စဥ်က သူဌေးပေါ်သည် ဂရုထဲရှိ သူ၏ရာထူးကို အတင်းအကျပ် ဖယ်ရှားခံခဲ့ရပြီး ပြီးမြောက်တော့မည့် ပရောဂျက်အားလုံးကို ပေါ်ကွမ်းချန်အား လွှဲပြောင်းပေးခဲ့ရသည်။ ဤကာလအတွင်း သူဌေးပေါ်က ပေါ်ဂရုနှင့် မပတ်သက်တော့ပေ။
အကျိုးတူရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသတင်းက အဘိုးကြီးရဲ့ နားထဲရောက်သွားပြီး သူ့ကို မကျေမနပ်ဖြစ်စေခဲ့တာလား? ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အခုမှစတင်ခဲ့တာမဟုတ်လို့ အခုမှ အစဖော်ဖို့ လိုအပ်လို့လား?
လင်းကျုံးက နားမလည်နိုင်ပေမယ့် ပေါ်ယွဲ့မင်ကတော့ တည်ငြိမ်နေ၏။ “အထဲဝင်သွားရင် သိရမှာပါ။ ချက်ချင်း ကောက်ချက်မချနဲ့။”
သူပြောပြီးသည်နှင့် စာဖတ်ခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။
ပေါ်ကွမ်းချန် ထွက်လာပေမယ့် ယခုတစ်ကြိမ်တွင် သူက ယခင်ကနှင့် ကွဲပြားနေ၏။
သူ့ဘယ်ဘက်ပါးက သိသိသာသာ ပွန်းပဲ့နေပြီး ခြစ်ရာက သက်သာခါစရှိသေးပုံရသည်။ သူ့မျက်လုံးထောင့်များသည်ပင် သိသိသာသာ ညိုမဲနေ၏။
အနက်ရောင်မျက်မှန်အောက်မှာ ဝှက်ထားသော ပေါ်ယွဲ့မင်၏မျက်ဝန်းက ဤမြင်ကွင်းကို သတိထားမိသော်လည်း မည်သည့်စကားမျှမဆိုပဲ တစ်ဖက်လူက မည်သူဖြစ်မှန်း မသိသလို သူ ဟန်ဆောင်လိုက်လေ၏။
သူ့ဘေးမှာရပ်နေသော လင်းကျုံးက တခဏမျှ အံ့အားသင့်သွားပြီး သူ၏အံ့အားသင့်မှုကို ထိန်းချုပ်ထားခဲ့သည်။ “အကြီးဆုံးသခင်လေး”
ပေါ်ကွမ်းချန်က ခေါင်းအသာညိတ်ပြကာ သူ့ပါးစပ်ထောင့်က ပုံမှန်လို ဟန်ဆောင်ပြုံးမနေနိုင်တော့ပေ။
လွန်ခဲ့သည့်သုံးရက်က သူသည် အိမ်နောက်ဘက်ရှိ တောလမ်းပေါ်တွင် ခြုံငုံတိုက်ခိုက်ခံခဲ့ရပြီး နံစော်နေသော အမှိုက်အိတ်ကို ဆုတ်ဖြဲကာ ခက်ခက်ခဲခဲ မတ်တပ်ရပ်နိုင်ခဲ့သည့် အချိန်တွင် တစ်ဖက်လူက ပျောက်သွားခဲ့လေသည်။
အငြိုးထားပြီး စိတ်လိုက်မာန်ပါ လက်စားချေခဲ့သူမှာ အစေခံအားခိုင်ဖြစ်သည်ဟု ပေါ်ကွမ်းချန်က ယုံကြည်ခဲ့သော်လည်း သူတို့နှစ်ဦးကြားရှိ “ငွေပေးချေရမည့်ဆက်ဆံရေး”ကြောင့် ထိုလူက ၎င်းနှင့်ပတ်သက်ပြီး အသံကျယ်ကျယ်ပင် စကားပြောဝံ့မည်မဟုတ်ပေ။ တစ်ဖက်လူက လူမြင်ကွင်း၌ အရုပ်ဆိုးသည့် ပြဿနာမျိုးကို ရှာကာ နောက်ဆုံးသော ရပိုင်ခွင့်ကို အဆုံးရှုံးခံမည်မဟုတ်ပေ။
အမှန်မှာ ထိုသတ္တိခဲမလေး ပေါ်ကျောင်း ပြန်ရောက်လာပြီ ဖြစ်၏။
သူ ပေါ်ယွဲ့မင်အား လျှို့ဝှက်စွာ ပစ်မှတ်ထားနေသည်ကို အားလုံးသိသွားလျှင် ဒုတိယအိမ်တော်က တစ်ဖက်လူ(ပေါ်ကျောင်း)၏ လှုံ့ဆော်ပေးမှုအောက်တွင် ပုံကြီးချဲ့ ပြဿနာရှာပေလိမ့်မည်။
အကြောင်းအရင်းများစွာကို ထည့်သွင်းစဥ်းစားပြီးနောက် ပေါ်ကွမ်းချန်က ရွေးချယ်စရာမရှိတော့ပဲ သူ့ကံဆိုးသည်ဟု ဝန်ခံလိုက်ပြီး ညဘက်လမ်းလျှောက်ရင်း မတော်တဆ ချော်လဲခဲ့သည်ဟူသော အကြောင်းပြချက်ကိုသာ သုံးခဲ့လေသည်။
သူ အစေခံအားခိုင်ကို တွေ့သည်နှင့် လွယ်လွယ် အလွတ်ပေးမည် မဟုတ်ချေ။
ပေါ်ကွမ်းချန်က ပေါ်ယွဲ့မင်ကိုကြည့်ကာ ဝတ်ကျေတန်းကျေ ပြောလိုက်လေ၏။ “ယွဲ့မင်… အဘိုးက မင်းကို ပြောစရာရှိတယ်တဲ့။ အထဲဝင်ရအောင်”
ပြောပြီးနောက် သူက နာကျင်မှုကို သည်းခံကာ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။
သူ့မျက်နှာပေါ်က ဒဏ်ရာမှာ သိပ်အရေးမကြီးပေ။ အရေးကြီးဆုံးအရာမှာ လက်၊ခြေနှင့် ဒူးဆစ်တို့ဖြစ်၏။ ထိုနေ့က ခပ်ပြင်းပြင်း အရိုက်ခံခဲ့ရ၍ ၎င်းတို့က ဆိုးဆိုးရွားရွား ရောင်ရမ်းလာကာ နေ့စဥ်အလုပ်နှင့် လမ်းလျှောက်ရန်ပင် နာကျင်မှုကို သည်းခံနေရသည်။
ယခုချိန်မှာ ပေါ်ယွဲ့မင်က သူ၏ ရှက်စရာကောင်းသော အခြေအနေကို မမြင်နိုင်သဖြင့် ပေါ်ကွမ်းချန်က ဝမ်းသာမိသော်လည်း သူ၏လှုပ်ရှားမှုတိုင်းက တစ်ဖက်သား၏ မျက်လုံးထဲသို့ ကျရောက်ပြီးပြီဖြစ်ကြောင်း သူမသိခဲ့ပေ။
ပေါ်ယွဲ့မင်၏ နှုတ်ခမ်းပါးတွင် မရေမရာ သိမ်မွေ့သော ခံစားချက်တစ်ခုပေါ်လာပြီး သူ ၎င်းကို အမြန်ဝှက်ထားလိုက်သည်။
သူ့မိသားစု၏ ကြောင်ပေါက်လေးက သူ့မျက်ကွယ်ရာမှာ လျှို့ဝှက်လှုပ်ရှားခဲ့ပုံရသည်။
သူ တွေးနေစဥ်မှာ ပေါ်သခင်ကြီး၏အသံက စာဖတ်ခန်းထဲမှ ထွက်လာသည်။ “အပြင်မှာ ယွဲ့မင်ရောက်ပြီလား? အထဲဝင်လာခဲ့။”
ပေါ်ယွဲ့မင်က သူ့အတွေးများကို စုစည်းကာ လင်းကျုံး၏ အကူအညီဖြင့် စာဖတ်ခန်းထဲဝင်သွားသည်။ “အဘိုး”
ပေါ်သခင်ကြီးက စန္ဒကူးစားပွဲနောက်တွင် ထိုင်ကာ အိမ်တော်ထိန်းခေါင်းဆောင် လောင်ရှန်း ဖျော်ပေးထားသော လက်ဖက်ရည်ကို စိမ်ပြေနပြေသောက်နေ၏။ သူက မြည်းစမ်းရုံထက် ပိုသောက်ခဲ့ပြီးနောက် သူ့လက်ထဲရှိ စာရွက်စာတမ်းကို ပေါ့ပေါ့တန်တန် ပစ်ချကာ လက်ဟန်ပြလိုက်သည်။
“မင်းကို လွှဲယူစေချင်တဲ့ ပရောဂျက်တစ်ခုကို ငါစီစဥ်ထားတယ်။ လက်ထောက်က အသေးစိတ်ပြောပြပေးလိမ့်မယ်။”
လင်းကျုံးက အလွန်ပိုင်းခြားသိမြင်သည်။ သူက စာရွက်စာတန်းကိုယူဖို့ အမြန်လျှောက်သွားလိုက်ပြိး ပေါ်ယွဲ့မင်ဆီ ပြန်သွားကာ ဖွင့်ဖတ်လိုက်၏။ “ဝမ်းချန် အိုလံပစ် အားကစားရုံအသစ်?”
ပေါ်ယွဲ့မင်က အတော်အတန် အကျွမ်းတဝင်မရှိလှသော ဤပရောဂျက်အမည်ကို ကြားသည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။
ဝမ်းချန်?
အင်ပါယာမြို့တော်က ပရောဂျက်မဟုတ်ဘူးလား?
ပေါ်သခင်ကြီးက သူ့သံသယများကို သတိထားမိသွားပုံရပြီး ထူးထူးဆန်းဆန်းပင် စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။ “ဝမ်းချန်က နှစ်ကုန်မှာ နိုင်ငံတကာ လူငယ်ပြိုင်ပွဲတစ်ခုကျင်းပမှာ။ ဆောက်လုပ်ရေးရန်ပုံငွေ တိုးချဲ့ဖို့နဲ့ ပေါင်းစပ်အားကစားစင်တာတစ်ခု ဆောက်လုပ်ဖို့ ဒီအခွင့်အရေးကို အသုံးပြုမှာ။”
ယခင်လေလံအစီအစဥ်တွင် အားကစားရုံသည် အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိီတာ ၈၀၀၀၀ခန့်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်မှာ ၁.၂ ဘီလီယံရှိလေသည်။ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဤပရောဂျက်နှင့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်တစ််စောင် ချုပ်ဆိုနိုင်လျှင် အနာဂတ်အမြတ်အစွန်းများက သိသာထင်ရှားပေလိမ့်မည်။
“မင်းအဘွားက ပေါ်မိသားစုကို ကမ်းရိုးတန်းဒေသအထိ ချဲ့ထွင်ဖို့ စီစဥ်နေခဲ့တာ။ ပြီးတော့ ဒီပရောဂျက်ရဲ့ အထွေထွေမန်နေဂျာနဲ့ တာဝန်ခံကိုလည်း လွန်ခဲ့တဲ့လေးလက သူမကိုယ်တိုင် ဝမ်းချန်ကို စေလွှတ်ခဲ့တာ။”
မကြာခင်မှာပဲ ပေါ်ဖေးကျစ်က မတော်တဆမှုဖြစ်ပြီး ယခုထိ ဆေးရုံကုတင်မှာ လဲလျောင်းနေခဲ့ရသည်။
“လွန်ခဲ့တဲ့တစ်ပတ်က အဲ့ဒီအထွေထွေမန်နေဂျာ ရုတ်တရက် အလုပ်ထွက်သွားတယ်။ အခုဆိုရင် အများပြည်သူလေလံ ရောက်လာဖို့ နှစ်လပဲလိုတော့တယ်။ အရှုံးပေးဖို့မတန်ပေမယ့် ဒီလိုပရောဂျက်ကြီးကို လူတိုင်းရဖို့မလွယ်ဘူး။”
ပေါ်သခင်ကြီးက လက်ဖက်ရည်တစ်ငုံထပ်သောက်ကာ အလေးအနက် ပြောလိုက်သည်။ “မင်းညီမပြောတာမှန်တယ်။ မင်းကအရည်အချင်းရှိလို့ မျက်လုံးအဆင်မပြေရုံနဲ့ အိမ်မှာမနေသင့်ဘူး။ ဒီလိုဆိုရင် ငါက ပင်မအိမ်တော်ကို ဘက်လိုက်ပြီး ဒုတိယအိမ်တော်ကို နှိမ်ထားတယ်လို့ အပြင်လူတွေ ပြောကြလိမ့်မယ်။”
“ငါ ဒီအကြောင်း စဥ်းစားပြီးပြီ။ ဒီပရောဂျက်ကို မင်းလက်ထဲအပ်လိုက်မှ ငါရော မင်းအဘွားပါ စိတ်ချနိုင်မှာ။”
ပေါ်သခင်ကြီးက အပေါ်ယံကြင်နာမှုဖြင့် ထပ်ပြောလိုက်သည်။ “ဒါပေါ့… မင်း ကိုယ့်ကိုယ်ကို ဖိအားပေးစရာမလိုပါဘူး။ ဒီပရောဂျက်အောင်မြင်ရင် မင်းက အကြီးမားဆုံးပံ့ပိုးပေးသူ ဖြစ်လာလိမ့်မယ်။ မအောင်မြင်ခဲ့ရင်တော့ အစောပိုင်းအဆင့် ကုန်ကျစရိတ်တွေကို ဂရုရဲ့ကုန်ကျစရိတ်အဖြစ် မှတ်ယူသွားမှာ။”
“…….”
ပေါ်ယွဲ့မင်က နှုတ်ဆိတ်နေဆဲပင်။
နှစ်လပဲကျန်တော့တဲ့ အင်ဂျင်နီယာပရောဂျက်ကြီးကို သူ လွှဲပြောင်းယူရမှာလား? ပြီးတော့ တည်နေရာကလည်း ဝမ်းချန်လို ဝေးတဲ့နေရာမျိုးမှာလား? ဒါ သူ့ကို တမင်တကာ မောင်းထုတ်နေတာ သိသာတယ်။
သို့သော် သူ ၎င်းကို တမင်တကာ ငြင်းဆိုလိုက်မည်ဆိုလျှင် အပြင်ဘက်က ကောလာဟလများမှာ ဦးတည်ရာ ပြောင်းသွားပေလိမ့်မည်။
ပေါ်သခင်ကြီးက ဘက်လိုက်တာမဟုတ်သဖြင့် အမြတ်အစွန်းအများကြီးရမည့် ပရောဂျက်ကြီးကို ပေးခဲ့သော်လည်း ပေါ်မိသားစု၏ ဒုတိယသခင်လေးက ၎င်းကို လက်မခံခဲ့ခြင်းဖြစ်သည် ဟူ၍ပင်။
ပေါ်သခင်ကြီးက သူ့ကိို တိုက်ရိုက်ကြည့်ကာ “ယွဲ့မင်… ဘယ်လိုထင်လဲ?”
ပေါ်ယွဲ့မင်က ပြုံးလိုက်၏။ “အဘိုး… ကျွန်တော့်ကို ဘယ်ချိန် ထွက်သွားစေချင်တာလဲ?”
“ဒါပေါ့ မြန်လေကောင်းလေပဲ။ တခြားကိစ္စတွေမရှိရင် မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ?”
ပေါ်သခင်ကြီးက မေးနေပုံရပေမယ့် သူ့အတွက် တစ်ခါတည်း ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ “နောက်ထပ်တစ်ရက် ကြန့်ကြာမှုက နောက်ဆုံးရလဒ်ကို ထိခိုက်စေလိမ့်မယ်။ မင်း ဝမ်းချန်ကိုရောက်ရင် လူတစ်ယောက်က မင်းကို ဆက်သွယ်လာလိမ့်မယ်”
လင်းကျုံးက မျက်မှောင်အသာကြုတ်ကာ သူ့သူဌေးအတွက် စိတ်မကောင်းဖြစ်နေ၏။
သူ့ဘေးရှိ ပေါ်ယွဲ့မင်က တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်လေသည်။ “ကောင်းပြီ။ ဒါဆို ကျွန်တော်ပြန်ပြီး ပြင်ဆင်ထားလိုက်ပါမယ်။”
မကြာမီတွင် စာဖတ်ခန်းတံခါး ပြန်ပိတ်သွားခဲ့သည်။
ထိုမှသာ အိမ်တော်ထိန်းခေါင်းဆောင် လောင်ရှန်းက ပေါ်သခင်ကြီး၏ လက်ဖက်ရည်ခွက်ကို ပြန်ဖြည့်ပေးရန် ရောက်လာခဲ့သည်။ “သခင်ကြီး… ဒုတိယသခင်လေးကို ဝမ်းချန်ရဲ့ ပရောဂျက်ကြီး ပေးလိုက်တာက သူအောင်မြင်သွားရင်…ဖြစ်လာမှာက…..”
“အောင်မြင်မယ်?”
ပေါ်သခင်ကြီး၏ မှုန်ဝါးနေသော မျက်လုံးများတွင် လိမ္မာပါးနပ်မှု ဖြတ်ပြေးသွား၏။ “သန်မာတဲ့နဂါးက ဒေသခံမြွေကို မလွှမ်းမိုးနိုင်ဘူး။ လေလံဆွဲရာမှာ ပါဝင်တဲဲ့ ဒေသခံကုမ္ပဏီတွေက အပြင်ဂရုကို အခွင့်အရေးတွေ ပေးမယ်ထင်လား?”
“ဒီပရောဂျက်ရဲ့ တာဝန်ခံ ထွက်ပြေးသွားရတဲ့ အကြောင်းအရင်း ဆယ်ခုမှာ ရှစ်ခုက ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေကြုံခဲ့ရလို့ပဲ။ လီဟွေ့နဲ့ ကွမ်းချန်တ်ို့ သားအဖ နေရာလုံလုံလောက်လောက်ရဖို့ သူက ဒီပရောဂျက်ကိုသုံးပြီး ဝမ်းချန်မှာ နှစ်လသုံးလ ဆက်နေခဲ့တာပဲ။”
ဒုတိယအိမ်တော်ရှိ လူတွေအတွက်ကတော့
ဒုတိယသားက မျက်လုံးကန်းနေသည်။ အငယ်ဆုံးမြေးက ပျော်ပါးရတာကို သဘောကျပြီး ထက်မြက်သော စိတ်ဓာတ်ရှိသူမှာ ပေါ်ကျောင်းဖြစ်၏။ သူမက ဂရုထဲမှာ နေရာတစ်ခုလိုချင်လျှင် သူက သူမအား တစ်နေရာပေးလိုက်မည်။ တကယ်တမ်းမှာ သူမက မိန်းမငယ်လေးတစ်ယောက်သာဖြစ်သည်။
ဘယ်လိုမုန်တိုင်းမျိုးကို သူမခံနိုင်ရည်ရှိမှာလဲ?
ပင်မအိမ်တော်မှ သားအဖနှစ်ယောက်က ဂရု၏ အစုရှယ်ယာရှင်အားလုံးကို ထိန်းချုပ်ထားသည့်အပြင် ပေါ်ဖေးကျစ်၏ ဝန်ထမ်းဟောင်းများကို စည်းရုံးလိုက်လျှင် ဤမိသားစုနှင့် ပေါ်ဂရုက သူ့မျိုးရိုးအမည်ကို ခံယူရလိမ့်မည်။
သူ့မျိုးရိုးနာမည်က ချန်၊ ချန်ယန်ရှန်းဖြစ်၏။ သူက အပြင်ကမ္ဘာတွင် “ပေါ်သခင်ကြီး”အဖြစ် တည်ရှိတော့မည် မဟုတ်ပေ။
. . . . . .
“မြောင်. မြောင်~ဝူး~”
စစ်ဆေးရေးမှူးက ကြက်ဥမုန့်ကို အနံ့ခံကာ အချိုဓာတ်အနည်းငယ် ရလိုရငြား သခင်၏လက်ကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်ဆွဲလိုက်၏။
ဖေးယိ၏အာရုံက ၎င်းအပေါ် လုံးဝမရှိသည်မှာ စိတ်မကောင်းစရာပင်။ သူက ဗီလာဝင်ပေါက်လမ်းကြောင်းသို့ ဆက်တိုက်ကြည့်နေကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ပေါ်သခင်ကြီး ပေါ်ယွဲ့မင်ကို ခေါ်ခဲ့တာ တစ်နာရီလောက်ရှိပြီ။ း သူ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ?
သူ ပေါ်ကွမ်းချန်ကို ရိုက်ခဲ့တာများ ပေါ်သွားတာလား? ပေါ်ယွဲ့မင်က သူ့အတွက်နဲ့ အဘိုးကြီးရဲ့ အဆူခံနေရတာလား?
ဖေးယိက ၎င်းကိုစဥ်းစားလေ ဖြစ်နိုင်ချေရှိသည်ဟု ပိုခံစားရလေပင်။ သူ အားရပါးရ စားလေ့ရှိသော ကြက်ဥမုန့်များသည်ပင် ယခုချိန်မှာ စားမကောင်းတော့ပေ။
ရုတ်တရက် ရင်းနှီးသော ပုံရိပ်နှစ်ခုက ပြတင်းပေါက်အပြင်ဘက်မှာ ပေါ်လာသည်။ ဖေးယိက လက်ကျန် ကြက်ဥမုန့်တစ်ဝက်ကို ပါးစပ်ထဲထိုးထည့်လိုက်ပြီး သူ့လက်ထဲက အစအနများကို ခါထုတ်ကာ ပြေးသွားခဲ့သည်။
“အွမ်း..အွမ်း!”
တံခါးဝသို့ ဖြစ်လျှောက်လာစဥ် ပေါ်ယွဲ့မင်က ဖေးယိ၏ စိတ်အားထက်သန်နေသော မျက်နှာကို တွေ့လိုက်ရသည်။ မုန့်အပြည့်ထိုးထည့်ထားသော သူ့ပါးပြင်နှစ်ဖက်မှာ ချစ်စဖွယ် ဖောင်းကားနေ၏။
ပေါ်ယွဲ့မင်က ကူကယ်ရာမဲ့သွား၏။ “အဲ့ဒါဘာလဲ?”
ဖေးယိက ကြက်ဥမုန့်ကို သူ့ပါးစပ်ထဲ အမြန်မျိုချလိုက်ပြီး နာနာခံခံ ထပ်ခေါ်လိုက်သည်။ “အာ့ကော?”
ပေါ်ယွဲ့မင်၏ အေးစက်မာကျောသော ရောင်ဝါက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ “ဘာလဲ?”
ဦးလေးခိုင်က အပြုံးတစ်ခုဖြင့် လျှောက်လာသည်။ “ဒုတိယသခင်လေး … သခင်ငယ်လေးက ခင်ဗျားကို စိတ်ပူနေတာပါ။ ဒုတိယသခင်လေးကို သခင်ကြီးက ခေါ်ထားလို့ သူက ခင်ဗျားပြန်လာမှာကို စိုးရိမ်တကြီး စောင့်နေတာ။”
“…….”
ဖေးယိက ဖော်ထုတ်ခံလိုက်ရသဖြင့် သူ့ပါးပြင်နှစ်ဖက်က အနည်းငယ်ပူလာသည်။
စိုးရိမ်တကြီး?
သူ အကြာကြီး မစောင့်ခဲ့ပါဘူး။ ဒါကြီးက ချဲ့ကားလွန်းမနေဘူးလား?
ပေါ်ယွဲ့မင်က ဖေးယိ၏ တဒင်္ဂအမူအရာကို ဖမ်းဆုပ်လိုက်ပြီး သူ့စိတ်အခြေအနေက ထိုမျှလောက် မဆိုးတော့ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဦးလေးခိုင်က မေးလိုက်သည်။ “ဒုတိယသခင်လေး… သခင်ကြီးက ဘာလို့ခေါ်ခဲ့တာလဲ?”
လင်းကျုံးက စကားမထိန်းနိုင်တော့ပဲ သူ့လက်ထဲက စာရွက်စာတမ်းများကို ပုတ်ပြလိုက်၏။ “သူဘာကိုဆိုလိုတာလဲ..ဟမ်? သူက သူဌေးပေါ်ကို မီးတွင်းထဲပစ်ချဖို့ ကြံစည်နေတာ သိသာတယ်!”
ဘာပဲဖြစ်ဖြစ် သူက သူ့မြေးပဲ မဟုတ်ဘူးလား?
အဘိုးကြီးက သုံးမရအောင် ဆိုးသွမ်းလွန်းသည်! သူ့ဘက်လိုက်မှုက အကန့်အသတ်မရှိပေ။
ထိုစကားကိုကြားတော့ ဖေးယိနှင့် ဦးလေးခိုင်က တစ်ခုခုမှားယွင်းနေတာကို ခံစားမိလိုက်ပြီး ဦးလေးခိုင်က ချက်ချင်း မေးလိုက်လေ၏။ “ဘာကိစ္စလဲ?”
“အဘိုးကြီးက ကျွန်တော့်ကို တခြားပြည်နယ်က ပြဿနာများတဲ့ ပရောဂျက်တစ်ခု ကိုင်တွယ်ခိုင်းခဲ့တယ်။ ကျွန်တော် မနက်ဖြန် ဝမ်းချန်ကို သွားရတော့မယ်။ ဦးလေးခိုင်…ကျွန်တော့်ကို ပစ္စည်းထုပ်ပိုးပေးပါ။”
ဦးလေးခိုင်က ခေါင်းညိတ်ပြကာ နောက်တစ်ကြိမ် အံ့အားသင့်သွားရသည်။ “....ဘာလို့ ရုတ်တရက်ကြီးလဲ?”
ဖေးယိက နှုတ်ဆိတ်နေပြီး သူသည်လည်း ရုတ်တရက်ဆန်လွန်းသည်ဟု ခံစားရသည်။
မူရင်းဝတ္ထုမှာ ဒီလိုဇာတ်ကွက် ပါလို့လား? ပေါ်ယွဲ့မင်က အဓိကဇာတ်ကောင်မဟုတ်လို့ အရေးမကြီးတဲ့ ဇာတ်ကွက်တချို့ကို ဖြုတ်ထားခဲ့တာလား? ဒါမှမဟုတ် မိသားစုညစာစားပွဲမှာ ပေါ်ကျောင်းပြောခဲ့တာက ဇာတ်လမ်းရဲ့ ဦးတည်ရာကို ပြောင်းလဲစေခဲ့တာလား?
ဘယ်လိုပဲဖြစ်ဖြစ် ပေါ်သခင်ကြီးက ပေါ်ယွဲ့မင်ကို ဘာလို့ ရုတ်တရက်ကြီး ဝမ်းချန်ပို့လိုက်တာလဲ? အလုပ်ကောင်းတစ််ခုအတွက်တော့ မဖြစ်နိုင်ဘူး!
ပေါ်ယွဲ့မင်က နောက်တစ်ကြိမ် ညွှန်ကြားလိုက်သည်။ “ပြီးတော့ လောင်ဖူကို ကားတစ်စီး ပြင်ဆင်ခိုင်းထားပါ။ ကျွန်တော် မင်ရှီးအိမ်တော်ကိုသွားမယ်။”
ဦးလေးခိုင်၏ အမူအရာက ပြောင်းလဲသွားပြီး သူက အလျင်စလို ပြင်ဆင်ပေးရန် ထွက်သွားခဲ့သည်။
“…….”
မင်ရှီးအိမ်တော်?
ဖေးယိ၏အာရုံက တခဏမျှ ပျက်ပြားသွားသည်။
ဤနေရာက အကျွမ်းတဝင်ရှိလှသည်ဟု ထင်သော်လည်း သူ မည်သည့်နေရာမှာ ကြားခဲ့ဖူးသည်ကို မမှတ်မိတော့ချေ။
ပေါ်ယွဲ့မင်က ရုတ်တရက် မေးလိုက်၏။ “ဖေးယိ… မင်းငါနဲ့ အတူလိုက်ချင်လား?”
ဖေးယိက ၎င်းကိုတွေးပြီး လိမ္မာရေးခြားရှိသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်!”
. . . . . .