Chapter 63
တစ်နာရီအကြာတွင် ကားက ဦးတည်ရာကို ရောက်သွားခဲ့သည်။
ဖေးယိက သူ့ရှေ့ရှိ အဆောက်အဦးကို စိုက်ကြည့်ကာ အမှတ်ရသွားတော့သည်။
မင်ရှီးအိမ်တော်က အဆင့်မြင့် ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်၏။ မူရင်းဝတ္ထုထဲတွင် ပေါ်သခင်မကြီးက ဦးနှောက်သွေးကြောပေါက်ခြင်းကြောင့် ကိုမာဝင်သွားခဲ့ပြီး သူမက ဆေးကုသမှုခံယူရန်နှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ဤနေရာမှာ နေထိုင်ခဲ့ရသည်။
ပေါ်ယွဲ့မင်က ဖေးယိကို သီးခြားဗီလာကြီးဆီသို့ ခေါ်သွားလိုက်ပြီး တံခါးပေါက်မှ လုံခြုံရေးဝန်ထမ်းများက သူ့ကို နှုတ်ဆက်ရန် ချက်ချင်းထွက်လာသည်။ “ဒုတိယသခင်လေး”
“အန်တီစုန့် ဘယ်မှာလဲ?”
“အထဲမှာ သခင်မကြီးကို စောင့်ပေးနေပါတယ်။” လုံခြုံရေးအစောင့်က သူတို့ကို တံခါးဖွင့်ပေးပြီး ဦးစွာအစီရင်ခံလိုက်သည်။ “သခင်မကြီးအတွက် အာဟာရဖြည့်စွက်စာတွေကို အစားထိုးထားပါတယ်။”
သူတို့က အိမ်ထဲဝင်သွားလိုက်သည်။
အပြင်ပိုင်းက ဗီလာပုံသဏ္ဍန်ရှိသော်လည်း အထဲမှာတော့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို အလွယ်တကူရရှိနိုင်သည်။
ပေါ်သခင်ကြီးအား ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည့် အန်တီစုန့်က ပေါ်ယွဲ့မင်ကို မြင်သောအခါ အမြန်ချဥ်းကပ်လာခဲ့သည်။ “ဒုတိယသခင်လေး.. ဒီနေ့လာဖို့ ဘာလို့ရုတ်တရက် ဆုံးဖြတ်ခဲ့တာလဲ?”
သူမက သူ့ဘေးရှိ မရင်းနှီးသော မျက်နှာလေးကို မြင်လိုက်ရပြီး ဖေးယိ၏ သရုပ်သကန်ကို ခန့်မှန်းလိုက်၏။ “ဒါက “အားခိုင်**ပြောပြောနေတဲ့ သခင်ငယ်လေးမလား? သူက အရမ်းကို လန်းဆန်းနေရော။”
(**အစေခံအားခိုင်မဟုတ်ပဲ ဦးလေးခိုင်ကို ရည်ညွှန်းတာပါ။)
“ဟုတ်တယ်။”
ပေါ်ယွဲ့မင်က သူ့အဝတ်အစားထောင့်ကို ကိုင်ထားသော ဖေးယိ၏လက်ကို ဆုပ်ကိုင်ရန် အခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး သူ့မျက်လုံးများ၏ အခြေအနေကိုတော့ မဖော်ပြခဲ့ပေ။ “အန်တီစုန့်.. ကျွန်တော် သူ့ကို အဖွားဆီ အရင်ခေါ်သွားချင်လို့။”
“ဟုတ်ပါပြီ။”
အန်တီစုန့်က သူတို့ကို “လူနာဆောင်”သို့ ခေါ်သွားခဲ့သည်။
ဖေးယိ တံခါးထဲဝင်လိုက်သည်နှင့် သူက ကုတင်ပေါ်မှာ လဲလျောင်းနေသော ပေါ်သခင်မကြီးကို တွေ့လိုက်ရသည်။
နှစ်ရှည်လကြာမြင့်စွာ မေ့မြောနေခြင်းကြောင့် ပါးပြင်နှစ်ဖက်လုံးက လက်တွေ့ကျကျ ချိုင့်နေခဲ့သည်။ သူမမျက်နှာက ပို၍ပင် သွေးကင်းစင်ပြီး ဖြူဖျော့နေကာ သူမ၏ဆံပင်တိုတိုက အဖြူရောင်နှင့် ရောယှက်နေသောကြောင့် သူမအား အလွန်အိုမင်းရင့်ရော်စေသည်။
ပေါ်သခင်ကြီး၏ မျက်နှာသွင်ပြင်သည်ပင် ကြည့်ကောင်းနေသေးသည်။
အသက်ခုနှစ်ဆယ်ကျော်အရွယ်တွင် သူမ၏မျက်လုံးထောင့်များမှ အရေးအကြောင်းများသည် ရွယ်တူများထက် နည်းပါးနေပြီး သူမ၏ ငယ်ရွယ်နုပျိုသော အပြုအမူ၏ ဝိုးတဝါးအရိပ်အယောင်တစ်ခုကို ဖမ်းမိနိုင်လေသည်။
ပေါ်ယွဲ့မင်နှင့် ဖေးယိက ကုတင်ဘေးမှာ ထိုင်လိုက်သည်။
အန်တီစုန့်နှင့် လက်ထောက်လင်းကျုံးက အကြည့်ချင်းဖလှယ်ကာ အပြင်လျှောက်ထွက်သွားပြီး တံခါးကို ညင်ညင်သာသာ ပိတ်ပေးခဲ့သည်။
နက်မှောင်သော မျက်မှန်မှတစ်ဆင့် ပေါ်ယွဲ့မင်က ပေါ်သခင်မကြီး၏ လက်ကို ဖော့ဖော့ကလေး ယူကာ သူမအား တိုးတိုးလေး ပြောလိုက်သည်။ “အဘွား…ကျွန်တော် ခင်ဗျားကိုလာတွေ့တာ။”
ရိုးရှင်းသော စကားတစ်ခွန်းက တစ်ခါမှမမြင်ဖူးသော လေးနက်မှုကို ထုတ်လွှတ်ပေးသည်။
ငယ်ငယ်လေးတည်းက သူ့အား ပျိုးထောင်ပေးခဲ့သော ပေါ်သခင်မကြီးရှေ့မှာသာလျှင် သူက သူ၏သတိချပ်နေမှုကို လွှတ်ချကာ ဖြစ်ပျက်ခဲ့သမျှကို ဂရုမစိုက်သလို ဟန်ဆောင်နေသည်အား ရပ်လိုက်လေသည်။
“…….”
ဖေးယိက ပေါ်ယွဲ့မင်၏ ရုတ်တရက် ပြောင်းလဲမှုကို သတိထားမိသဖြင့် သူ့ကို တိတ်တဆိတ် အဖော်ပြုပေးလိုက်သည်။
တစ်မိနစ်ကုန်သွား၏။
ထိုမှသာ ပေါ်ယွဲ့မင်က ဖြည်းဖြည်းချင်း တည်ငြိမ်စွာ ပြောလာခဲ့သည်။ “ဖေးယိ… ကိုယ် ခြောက်နှစ်သားထဲက ပေါ်အိမ်တော်ကို ပို့ခံခဲ့ရတာ။”
ဖေးယိ နားလည်နိုင်သည်ကို သူသိသည်။ တစ်ဖက်လူက နာခံပြီး ရူးချင်ယောင်ဆောင်နေသည်ကို သူသိသော်လည်း သူက အပြင်လူများ မသိသော သူ့ဘဝအတွေ့အကြုံကို ပြောပြရန် ဤအခွင့်အရေးကို ရယူလိုစိတ်ရှိသည်။
အမည်ခံ “အဒေါ်”က သူ့အား ခေါ်ဆောင်သွားကာ ပေါ်မိသားစုရှေ့မှာ အတင်းအကျပ်ထားခဲ့သည်ကို ပေါ်ယွဲ့မင် အမြဲအမှတ်ရနေမည် ဖြစ်၏။
ထိုနေ့က သူ့အသွင်အပြင်သည် ဧည့်ခံပွဲ၏ ပျော်ရွှင်ဖွယ်လေထုကို လုံးလုံးလျားလျား ဖျက်စီးပစ်ခဲ့သည်။
ပေါ်လီဟုန်က ဤသားကို လုံးဝအသိအမှတ်မပြုသလို လုံခြုံရေးအစောင့်များ ရောက်မလာမီတွင် ထိုလူက သူ့လက်ကို အပြည့်အဝဖမ်းဆုပ်ကာ ဧည့်ခဲပွဲခန်းမထဲမှ မောင်းထုတ်ဖို့ ကြိုးစားခဲ့သည်။
ခင်ပွန်းဖြစ်သူ၏ ရုတ်တရက်ရောက်လာသော “တရားမဝင်ကလေး”ကို မြင်လိုက်ရသည့်အခါ ရွှယ်မင်က အော်ဟစ်ပြီး ဒေါသူပုန်ထကာ မေးခွန်းထုတ်ခဲ့လေသည်။
သူမက ထို “အဒေါ်”ကို အငယ်အနှောင်းဟု ထင်ကာ ထိန်းချုပ်မှုကင်းလွတ်သွားခဲ့သည်။ နေရာမှာတင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သူမက ပေါ်ယွဲ့မင်ကိုပင် မတော်တဆ ပါးရိုက်ခဲ့မိသည်။
သူ့ထက် နှစ်နှစ်ငယ်သော ပေါ်ဝမ်က မိဘနှစ်ပါး၏ လွှမ်းမိုးခံရပြီး သူ့အား အရုပ်နဲ့ ပြေးထုခဲ့သည်။
ပင်မအိမ်တော်မှ မိသားစုသည် အပေါ်ယံတွင် သူတို့အား ရန်မဖြစ်ဖို့ တားခဲ့သော်လည်း တကယ်တမ်းမှာ သူတို့က ပွဲကြည့်နေခဲ့ခြင်းဖြစ်၏။
ပေါ်လီဟွေ့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ထို “အဒေါ်”က သူ့အား ဧည့်ခံပွဲမြင်ကွင်းသို့ ချောချောမွေ့မွေ့ ခေါ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင် အသက်ခြောက်နှစ်သာ ရှိသေးသော ပေါ်ယွဲ့မင်က ဤမြင်ကွင်းကြောင့် မိသားစု၏ ရှုပ်ထွေးပွေလီသော ဆက်ဆံရေးကို ခံစားသိရှိနိုင်ခဲ့သည်။
မိခင်အရင်းဖြစ်သူက စွန့်ပစ်ပြီး ဖခင်အရင်းဖြစ်သူက မောင်းထုတ်ကာ ထိုလူ၏ ဇနီးနှင့်ကလေးဆီမှ အနိုင်ကျင့်နှိပ်စက်ခံခဲ့ရသည်။
“ကိုယ့်ကို ဒီမိသားစုမှာ မကြိုဆိုဘူးဆိုတာကို သိပေမယ့် အဲ့ဒီအချိန်တုန်းက ကိုယ် မန်ဒရင်းဘာသာကို နားမလည်ခဲ့လို့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ဖော်မပြနိုင်ခဲ့ဘူး။”
ပေါ်ယွဲ့မင်က ဤခမ်းနားလှသော နေရာကို မကြိုက်ပေ။ သူက နိုင်ငံခြားကိုသာ ပြန်ချင်ခဲ့သည်။ သူ့မိခင် ပျောက်ဆုံးသွားတာ ကြာပြီဖြစ်သော်လည်း သူ့မှာ သူ့ကိုအဖော်ပြုပေးသည့် ကြောင်ပေါက်လေးတစ်ကောင် ရှိခဲ့သည်။
အနည်းဆုံးတော့ ကြောင်ပေါက်လေးက သူ့ကို မရိုက်ပေ။
“အဘွားက VIPခန်းမှာ အနားယူနေခဲ့တာ။ သိပ်မကြာခင်မှာ သူ(မ) သတင်းကြားပြီး ပြေးထွက်လာခဲ့တယ်။ တစ်ချက်လွှတ်အမိန့်နဲ့ အဘွားက ဒီအရှုပ်အထွေးကို အလွယ်တကူ ရပ်ပစ်ခဲ့တယ်။”
ပေါ်ယွဲ့မင်၏ အမြင်တွင် ပေါ်သခင်မကြီးက သန်မာပြီး တရားမျှတသလို အားလုံးကြောက်ရသည့် သြဇာအာဏာနှင့် တည်တည်ငြိမ်ငြိမ် ရပ်တည်ခဲ့သည်။
ထိုအချိန်က သူမသည် ပေါ်ယွဲ့မင်ကို တစ်ချက်ကြည့်ကာ သူမ၏လက်ထောက်ဖြစ်သူ ကောင်းခိုင်အား DNAအတွက် နမူနာယူရန် ချက်ချင်းအမိန့်ပေးခဲ့သည်။ ရလဒ်ကတော့ ပြောစရာမလိုပဲ ကိုက်ညီနေခဲ့သည်။
“နောက်တော့ ကိုယ့်ကို တရုတ်ပြည်ခေါ်လာတဲ့ အဒေါ်က ပေါ်မိသားစုရဲ့ ပိုက်ဆံကိုယူပြီး အလွယ်တကူ ထွက်သွားခဲ့တယ်။ ကိုယ့်ကို မရင်းနှီးတဲ့ အခန်းတစ်ခုမှာ ထားခဲ့ပြီး ကိုယ်နဲ့ မကြာခဏတွေ့ခဲ့ရတဲ့လူက ပုံမှန်သင်ကြားပေးတဲ့ ဘာသာစကားဆရာတစ်ယောက်ပဲ”
ထို့အပြင် တစ်နေ့သုံးနပ်အတွက် အစေခံများကသာ ပေါ်ယွဲ့မင်ကို စားစရာလာပို့ပေးခဲ့သည်။
“တစ်ခါတုန်းကဆိုရင် အစေခံတွေက တံခါးပိတ်ဖို့မေ့သွားတော့ ကိုယ် ခိုးထွက်ရင်း သူတို့ပြောတာကို ကြားခဲ့တယ်။ သူတို့က ကိုယ့်ကို “တရားမဝင်ကလေး”၊ ဘယ်သူမှမလိုချင်တဲ့ “နိုင်ငံခြားသားလူယုတ်မာလေး”ဆိုပြီး လှောင်ပြောင်နေကြတာ။”
ဤသည်မှာ ပေါ်ယွဲ့မင်က အပြင်လူများရှေ့တွင် သူ့သရုပ်မှန်ကို ပထမဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် နားလည်လိုက်တာကလည်း–
သူက သူ့ဇစ်မြစ်ကို မရွေးချယ်နိုင်သော်လည်း သူ၏မွေးဖွားလာမှုက ကနဦးအပြစ်တရားအဖြစ် လှောင်ပြောင်ခံရရန် ကံပါလာသည်ဟူ၍ပင်။
“…….”
ပေါ်ယွဲ့မင်၏ အေးဆေး တည်ငြိမ်သော စကားများကိုကြားလျှင် ဖေးယိ၏ နှလုံးသားက ပို၍ပင် ရှုပ်ထွေးလာသလိို ခံစားလိုက်ရသည်။
ဤသည်မှာ သူမသိခဲ့သော ဇာတ်လမ်းဖြစ်ပြီး မူရင်းဝတ္ထုထဲတွင် ဖော်မပြထားပေမယ့် ကြီးပြင်းလာစဥ်တစ်လျှောက် ပေါ်ယွဲ့မင်၏ စစ်မှန်သော ကိုယ်ပိုင်အတွေ့အကြုံများ ဖြစ်လေသည်။
“နောက်တော့ ဒီမိသားစုရဲ့ ဆက်ဆံရေးကွင်းဆက်ကို ကိုယ်တဖြည်းဖြည်းသိလာခဲ့တယ်။ ပေါ်ကျောင်းနှင့် ပေါ်ဝမ်တို့က ကိုယ့်ရဲ့ဖအေတူ မအေကွဲ ညီနဲ့ ညီမဆိုတာကို သိခဲ့ပြီး ကိုယ့်ရဲ့အသွင်အပြင်က သူတို့မိသားစုလေးယောက်ရဲ့ မူလအခြေအနေကို ဖျက်စီးပစ်ခဲ့တယ်ဆိုတာ နားလည်လာခဲ့တယ်။”
သူ့မိဘနှစ်ပါး၏ ချစ်ခြင်းနှင့် အမုန်းတရားက သူ့ကို ဖန်ဆင်းပေးခဲ့ပြီး ပေါ်ယွဲ့မင်က သူ့နောက်ခံကို မှန်ကန်တယ်လို့ မပြောရဲပဲ သူ့ဖြစ်တည်မှုကို အတတ်နိုင်ဆုံးလျှော့ချပြီး တခြားသူများကို မနာကျင်စေရန် ရှောင်ကြဥ်ခဲ့သည်။
ထိုအချိန်မှစ၍ ပေါ်ဝမ်က သူ့ကို မည်မျှပင် မုန်းတီးနေပါစေ သူက စကားတစ်ခွန်းမျှမပြောပဲ သည်းခံခဲ့သည်။
နှစ်လခန့်အကြာတွင် ပေါ်ယွဲ့မင်က တရုတ်ဘာသာစကားကို အမြန်ဆုံးနှုန်းဖြင့် ကျွမ်းကျင်လာပြီး မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူ ပေါ်သခင်မကြီးအား ထပ်တွေ့ခဲ့ရသည်။
“အဘွားက ကိုယ့်ကိုမုန်းပြီး တခြားသူတွေလိုပဲ ဆက်ဆံမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သူမက သေချာစုံစမ်းပြီး အားလုံးက ပေါ်လီဟုန်ရဲ့ အမှားတွေလို့ပြောခဲ့တယ်။”
၎င်းက သူ၏မဆင်မခြင် စွန့်ပစ်မှုနှင့် ဖုံးကွယ်ထားခဲ့ခြင်းတို့ကြောင့် ထိုရလဒ်မျိုးကို ဖြစ်ပေါ်စေခဲ့တာပင်။
ပေါ်လီဟုန် နိုင်ငံခြားမှာ ပညာသင်နေစဥ် ချစ်သူမိန်းကလေးနှင့် ကလေးတစ်ယောက်ရခဲ့ကြောင်း သူမသာ သိခဲ့လျှင် တစ်ဖက်လူက ရွှယ်မိသားစု၏ သမီးပျိုလေးအား ထိခိုက်နစ်နာစေမည်ကို သူမ ဘယ်သောအခါမျှ ခွင်ံ့ပြုခဲ့မှာ မဟုတ်ဘူးလို့ ပေါ်သခင်မကြီးက ပြောခဲ့သည်။
“မိသားစုလေးယောက်ရှိတဲ့ ဒုတိယအိမ်တော်ရဲ့ ဘဝတွေထဲကို ကိုယ်အတင်းအကျပ် မပေါင်းစည်းနိုင်ဘူးဆိုတာ သူ(မ)သိခဲ့တယ်။ ဒါကြောင့် သူ(မ)က ကိုယ့်ကိုဘေးမှာထားပြီး ကိုယ်တိုင်ပျိုးထောင်ပေးခဲ့တယ်။”
ဤနှစ်များတစ်လျှောက်တွင် ပေါ်ယွဲ့မင်၏ ကြိုးစားအားထုတ်မှုက သခင်မကြီးအား စိတ်မပျက်စေခဲ့သလို သူသည်လည်း သူကိုင်တွယ်သည့် ပရောဂျက်များထဲမှ အမြတ်အစွန်းအတွက် လောဘမကြီးခဲ့ပေ။
သေချာတာက တခြားသူများ ယုံကြည်မှာမဟုတ်ပေ။
အကြောင်းမှာ သူတို့၏မျက်လုံးထဲတွင် သခင်မကြီး၏ မျက်နှာသာပေးခံရသော ပေါ်ယွဲ့မင်က အကျိုးခံစားခွင့်အရဆုံးဟု ထင်ခဲ့လို့ပင်။
၎င်းကိုကြားတော့ ဖေးယိ၏ မျက်ဝန်းထဲတွင် မကျေမနပ်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူ့လို အပြင်လူရဲ့ အမြင်မှာတော့–
ပေါ်သခင်မကြီးက ဘတစ်လျှောက်လုံး သန်မာခဲ့သည်။ သူမက ဒီကလေးတွေရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်းကို မမြင်နိုင်ပဲ နေပါ့မလား?
အမူဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေစဥ်အတွင်း သူမ၏ သားနှစ်ယောက်က ရုံးခွဲကုမ္ပဏီတစ်ခုစီကို ပိုင်ဆိုင်ခဲ့ပြီး အကြီးဆုံးမြေးနှစ်ယောက်မှာ ဘွဲ့ရပြီးသည့်နောက်ပိုင်း ဂရု၏ အထွေထွေမန်နေဂျာများအဖြစ် အလုပ်လုပ်ခဲ့ကြသည်။ ဒါ မျှမျှတတ ဆက်ဆံတာ မဟုတ်ဘူးလား?
ပရောဂျက်အရေအတွက်နဲ့ လက်တွေ့စွမ်းဆောင်ရည်က ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို မူတည်တာ မဟုတ်ဘူးလား?
ပေါ်ယွဲ့မင်က လှောင်ပြုံးလိုက်၏။ “သူတို့က အဆိုးရွားဆုံး ရည်ရွယ်ချက်နဲ့ ကိုယ်ရဲ့အပြုအမူကို အမြဲတမ်း သုံးသပ်နေပြီး အပြစ်ရှာဖို့ မှန်ဘီလူးသုံးခဲ့တယ်။ ကိုယ့်ကိုဆွဲချဖို့ ဘယ်လိုအခွင့်အရေးကိုမှ လက်မလွှတ်ခဲ့ဘူး။”
ထိုအချိန်တွင် ပေါ်ယွဲ့မင်က မျက်လုံးကွယ်သွားခဲ့ပြီး ဆွေမျိုးများက သူ့နောက်ကွယ်မှာ တခြားသူများထက် လှောင်ပြောင်ရယ်မောနေလောက်သည်။
“…….”
ဖေးယိက ပေါ်ယွဲ့မင်၏ စိတ်ဓာတ်ကျဆင်းလာမှုကို သတိထားမိလိုက်ပြီး သူ့နှလုံးသားက သိသိသာသာ နာကျင်လာသည်။
သူက တခြားသူများကို နှစ်သိမ့်ရာမှာ အတွေ့အကြုံ များများစားစား မရှိသည့်အပြင် အလွန်အကျွံ ထုတ်ဖော်မိသွားမှာလည်း စိုးရိမ်သဖြင့် သူက ပေါ်ယွဲ့မင်၏ လက်ကောက်ဝက်ကို ဖွဖွပုတ်ပေးလိုက်၏။ “အဘွားက လူကောင်း။ အာ့ကောလည်း လူကောင်းပဲ။”
တစ်ခွန်းချင်စီ..စိတ်အားထက်သန်စွာဖြင့် သူ တစ်ချိန်က ပြောခဲ့ဖူးသည်။
– စိတ်မကောင်းမဖြစ်ပါနဲ့။ ခင်ဗျားမျက်လုံးတွေ ပြန်ကောင်းသွားမှာပါ။
– မကြောက်ပါနဲ့။. အာ့ကောက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ။
ဤနှစ်သိမ့်စကားအားလုံးသည် ပေါ်ယွဲ့မင်၏ အေးစက်သော သွေးထဲသို့ ထိုးသွင်းလိုက်သော အနွေးစီးကြောင်းလေး ဖြစ်လာကာ ၎င်းက သူ့နှလုံးသားနှင့်အတူ ခုန်နေခဲ့သည်။ ဖေးယိက သူနဲ့ပတ်သက်သည့် အရာအားလုံးကို နားလည်သည်းခံပေးမည်ဖြစ်ကြောင်း သူသိသည်။
မျက်မှန်အောက်မှာ ဝှက်ထားသော ပေါ်ယွဲ့မင်၏ အပြာရောင်မျက်လုံးများမှာ အဆုံးတွင် ပြီးပြည့်စုံသော အပြုံးကို ပြသခဲ့ပြီး သူက အနှီလူအား ပြန်ပုတ်ပေးလိုက်သည်။ “မင်းက အကောင်းဆုံးပဲ”
“…….”
နူးညံ့သိမ်မွေ့သော လေသံထဲတွင် တစ်ခါမှမတွေ့ဖူးသော အလိုလိုက်ခြင်း အရိပ်အမြွက်တို့ ရှိနေ၏။
ပေါ်ယွဲ့မင်က သူ့အား ပြန်ချီးကျူးလာမည်ကို ဖေးယိ မထင်မှတ်ထားသဖြင့် ရုတ်တရက် မတုံ့ပြန်နိုင်ဖြစ်သွားရသည်။
သူ့မျက်တောင်တွေက တဖျပ်ဖျပ်ခတ်နေပြီး သူ့နားရွက်အောက်ခြေမှ လည်ပင်းအထိ အနီရောင်သန်းနေကာ အင်မတန်ချစ်ဖို့ ကောင်းတာကြောင့် ၎င်းက လူကို ပွတ်ချင်လာအောင် ဆွဲဆောင်နေလေ၏။
ပေါ်ယွဲ့မင်က စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ရပြီး တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “အပြင်မှာ ခဏလောက် သွားကစားမလား? အန်တီစုန့်ကို မင်းစားဖို့ တစ်ခုခုလုပ်ပေးခိုင်းလိုက်”
သူ မနက်ဖြန် တခြားပြည်နယ်ကို သွားရမှာဖြစ်၍ ပေါ်သခင်မကြီးနှင့် နည်းနည်းကြာကြာ နေချင်သည်။
၎င်းကိုကြားတော့ ဖေးယိက သူ၏ရှက်သွေးဖြာမှုကို အမြန်မေ့ကာ ခေါင်းညိတ်ပြ၍ ထွက်သွားခဲ့သည်။
“လူနာခန်း” တံခါးပိတ်သွားခဲ့သည်။
ပေါ်ယွဲ့မင်က ဖေးယိ ပြန်ဝင်မလာတာ သေချာမှ သူ၏ အတုအယောင်မျက်မှန်ကို ချွတ်လိုက်လေသည်။
လွန်ခဲ့သည့်လေးလခန့်က သူ ဂရုထဲမှာ အလုပ်လုပ်နေစဥ် ဦးလေးခိုင်ဆီမှ ဖုန်းကောလ်တစ်ခုကို ရုတ်တရက် ရရှိခဲ့ပြီး ပေါ်သခင်မကြီး ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ ဆေးရုံ၏ အရေးပေါ်ခန်း၌ အရေးပေါ် ကယ်တင်ခံနေသည်ဟု ဆိုသည်။
ကံအားလျော်စွာ သူမအား အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပြီး သူမ အသက်ရှင်နိုင်ခဲ့သည်။ သို့သော် သူမက ခွဲစိတ်မှုအပြီးမှာ သတိလစ်နေဆဲဖြစ်၏။
ဤရက်တွေ ကြာလာလေ အခြေအနေက အကောင်းဘက်မှာ မရှိတော့လေဖြစ်သည်။
ပေါ်သခင်ကြီး၏ ကန့်ကွက်မှုများ မည်သို့ပင်ရှိစေကာမူ ပေါ်ယွဲ့မင်က ပေါ်သခင်မကြီးအား ဆက်လက်ကုသပေးရန်နှင့် ပြုစုစောင့်ရှောက်ပေးရန် ဤနေရာသို့ အတင်းအကျပ် လွှဲပြောင်းပေးခဲ့သည်။
အခြေခံအကျဆုံး အကြောင်းအရင်းမှာ သူ့၌ ထူးဆန်သော ခံစားချက်တစ်ခုရှိနေ၏။ – ပေါ်သခင်မကြီး၏ ခန္ဒာကိုယ်ကို နှစ်စဥ် ပုံမှန်စစ်ဆေးပြီး အညွန်းကိရိယာက ကျန်းမာသည်ဟု ဆိုခဲ့သည်။ ဘာအကြောင်းပြချက်မှမရှိပဲ သူမ ဘယ်လိုလုပ် အိမ်မှာ လဲကျသွားခဲ့တာလဲ?
သို့သော် နောက်ထပ်စုံစမ်းမှုတွေ မပြုလုပ်နိုင်ခင်မှာ ကားမတော်တဆမှုက ပေါ်ယွဲ့မင်၏ အမြင်အာရုံကို ရုတ်တရက် ပျောက်ကွယ်သွားစေခဲ့သည်။
ကံအားလျော်စွာ ကောင်းကင်ဘုံက မည်သူတစ်ဦးတစ်ယောက်၏ လမ်းကိုမျှ ပိတ်ပင်တားဆီးထားခြင်းမရှိပေ။
လွန်ခဲ့သည့်တစ်လခွဲခန့်က ပေါ်သခင်မကြီးသည် မျက်လုံးဖွင့်လာနိုင်ခဲ့ပြီး သူမက စကားမပြောနိုင်သော်လည်း မျက်တောင်ပုတ်ခတ်၍ လက်ချောင်းလှုပ်ပြရုံမျှဖြင့် တစ်ခုခုကို ဖော်ပြနိုင်ခဲ့လေသည်။
.
ပေါ်ယွဲ့မင်၏ မျက်လုံးများ ပျက်စီးသွားသည်ကို သူမသိလိုက်ရချိန်တွင် သူမ၏ တုံ့ပြန်မှုက ပြောင်းလဲမှုအရှိဆုံးဖြစ်ခဲ့သည်။
တစ်ခုတည်းသော အားနည်းချက်မှာ ပေါ်သခင်မကြီးက အကြိမ်တိုင်းမှာ အကြာကြီးနိုးမလာနိုင်ခြင်း ဖြစ်၏။ လွန်ခဲ့သည့်တစ်လက အန်တီစုန့်သည် သူမနိုးလာတုန်း မေးခဲ့သည်။–
“တစ်ယောက်ယောက်က သခင်မကို တမင်သက်သက် လုပ်ကြံခဲ့တာလား?”
ပေါ်သခင်မကြီးက သိသိသာသာ တုံ့ပြန်ခဲ့သည်။
.
ပေါ်ယွဲ့မင်က ဤအကြောင်းကို ဖုန်းမှတစ်ဆင့် ကြားခဲ့သည်။ သူ့သံသယ၏ ပစ်မှတ်ကတော့ ထင်ရှားသည်။
“အဘွား…ခင်ဗျားအမြဲတမ်း သန်မာနေမှဖြစ်မယ်။ ဒီနေရာမှာတင် အရှုံးပေးလိုက်လို့မရဘူး။” ပေါ်ယွဲ့မင်က ပေါ်သခင်မကြီး၏လက်ကို ထပ်မံဆုပ်ကိုင်ထားလိုက်သည်။ “သူတို့ရဲ့ ကံကြမ္မာ မလွယ်ကူစေရဘူးလို့ ကျွန်တော် ကျိန်ဆိုတယ်။”
“ပြီးတော့ ကျွန်တော့်မျက်လုံးတွေက သက်သာနေပါပြီ။ အခုဆိုရင် ဘေးမှာ လူတွေလည်းရှိတာမို့ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။”
“…….”
ဆေးရုံကုတင်မှာ လဲလျောင်းနေသော ပေါ်သခင်မကြီးက မနိုးသေးသော်လည်း သူမလက်ချောင်းများက အသာလေးလှုပ်ရှားနေသည်။
. . . . . .
ဖေးယိက အပြင်ဘက်ရှိ ဆိုဖာပေါ်၌ထိုင်ကာ အန်တီစုန့် သူ့အတွက် အထူးပြင်ဆင်ပေးထားသော သစ်သီးသုပ်ပန်းကန်ကို ကိုင်ထားသည်။ သူ ယခုလေးတင် သိလိုက်ရသည်မှာ–
ဦးလေးခိုင်နှင့် အန်တီစုန့်က လင်မယားဖြစ်ပြီး သူတို့က ပေါ်သခင်မကြီးနှင့် အလုပ်လုပ်လေ့ရှိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် မိဘနှင့် လူကြီးများက သားသမီးများအပေါ် ဂရုစိုက်သလို သူတို့သည်လည်း ပေါ်ယွဲ့မင်ကို ထိုသို့သဘောထားလေသည်။
ဦးလေးခိုင်က ဖေးယိနှင့်ပတ်သက်သော ကောင်းသည့်အရာအားလုံးကို သီးသန့်ပြောထားဖူး၍ အန်တီစုန့်က ယနေ့မှာ သူ့ကို ပထမဆုံးအကြိမ် တွေ့သည့်အခါ သဘောကျခဲ့သည်။
“သခင်ငယ်လေး.. များများစားပါ။ ဒီနေ့အမြန်လာခဲ့ရတော့ အန်တီ့မှာ ပြင်ဆင်ဖို့ အချိန်မရှိခဲ့ဘူး။ နောက်တစ်ခါကျရင်တော့ အန်တီစုန့်က သခင်လေးအတွက် ကိတ်မုန့်လုပ်ကျွေးပါမယ်။ အန်တီတို့ လောင်ခိုင်က အန်တီ့ဆီက နည်းနည်းသင်ထားတယ်။”
ဖေးယိ၏ မျက်ဝန်းက လင်းလက်လာပြီး သူက ပန်းသီးစိတ်ကို တစ်ကိုက်ကိုက်လိုက်သည်။ “အင်း!”
သူဖြေပြီးသည်နှင့် ပေါ်ယွဲ့မင်က လူနာခန်းထဲမှ ထွက်လာ၏။ “လင်းကျုံး”
သူ သတိချပ်ပြီး စမ်းတဝါးဝါးလုပ်ကာ လှုပ်ရှားဖို့ အဆင်မပြေဖြစ်နေသည်ကို မြင်လျှင် အခန်းထဲမှာ ထိုင်နေသော သုံးယောက်က တစ်ပြိုင်နက်တည်း ထရပ်လိုက်သည်။
“အာ့ကော”
နာမည်အခေါ်ခံရသော လင်းကျုံးက လက်တစ်ဖက် အရင်ပေးလိုက်သည်။
“ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးအဖွဲ့တစ်ခုကို ချက်ချင်းစုံစမ်းလိုက်။ ငွေကပြဿနာမဟုတ်ဘူး။ ဒါပေမယ့် သစ္စာဖောက်တာမျိုး မရှိအောင် သေချာလုပ်ရမယ်။ ဒီနေ့ကစပြီး အိမ်တော်နဲ့ ဗီလာရဲ့ ပတ်ဝန်းကျင်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ရမယ်။”
သူ မနက်ဖြန်တွင် ဝမ်းချန်ကို ထွက်သွားရမှာဖြစ်၍ ပေါ်ယွဲ့မင်က အင်ပါယာမြို့တော်နှင့် အဝေးသို့ရောက်နေစဥ်မှာ အဘွားဖြစ်သူအား ထိခိုက်နစ်နာစေရန် မည်သူမျှ အခွင့်ကောင်းမယူနိုင်အောင် သေချာလုပ်ရမည်။
ဖေးယိက ပေါ်ယွဲ့မင်၏ အတွေးများကို အကြမ်းဖျင်းခန့်မှန်းမိပြီး သူ့စိတ်ထဲတွင် လူတစ်ဦး ရုတ်တရက်ပေါ်လာခဲ့သည်။
သူက အလျင်စလို ခေါင်းမော့ကာ အနားသို့ လျှောက်သွားလိုက်ပြီး အရိပ်အမြွက်ပေးဖို့ ကြိုးစားလိုက်သည်။ “အာ့ကော!”
“ဘာလဲ?”
သူ့အသံကျလာသည်နှင့် ပေါ်ယွဲ့မင်က ကြောင်ပေါက်လေး ဖော်ပြချင်သည့် ဦးနှောက်လှိုင်းကို ဖျတ်ခနဲနားလည်လိုက်သည်။
သူလည်း ထိုလူကို တွေးမိသည်။
________________________________________