Ch 64
Viewers 28k

Chapter 64


STK လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်။

အမြဲတမ်းရုပ်တည်နေသော ချင်ယိရွှင်းက ဝန်ထမ်းအနားယူခန်းမှ သရေစာမုန့်များနှင့် အချိုပွဲများကိုယူကာ သူ့ရုံးခန်းထဲသို့ အပြုံးတစ်ခုဖြင့် အမြန်ပြန်သွားခဲ့သည်။

ပြင်ပအလုပ်များကို ပြီးမြောက်အောင် လုပ်ပြီးသော လက်ထောက်က ဤပုံမှန်မဟုတ်သော မြင်ကွင်းကိုမြင်လိုက်ရပြီး သူမမျက်ဝန်းက အံ့အားတကြီး ပြူးကျယ်သွားခဲ့သည်။

သူမက အတွင်းရေးမှူး အိုက်လင်အနားကို ရွှေ့သွားလိုက်သည်။ “အစ်မအိုက်လင်…ကျွန်မပြန်ရောက်တာ နောက်ကျလို့လေ။ မစ္စတာချင်ဆီကို ဘယ်သူလာလည်တာလဲ? သူ ဘာလို့ အရင်ကထက် လုံးလုံးမတူတော့တာလဲ?”

အိုက်လင်က ကော်ဖီတစ်ငုံသောက်ကာ တီးတိုးပြောလိုက်သည်။ “သူဌေးချင်ရဲ့ ညီလေးရောက်နေတာလေ။ သူနဲ့အတူ ထောင်ထောင်မောင်းမောင်း လူတစ်ယောက်လည်း ပါလာတယ်။”

“ညီလေးလား?”

“အဲ့ဒါ အရင်တစ်ခေါက်က သူဌေးချင်ခေါ်လာတဲ့ ကောင်လေးပဲ။” အိုက်လင်က ခေါင်းယမ်းပြကာ စနောက်လိုက်၏။ “မထင်ထားဘူးမလား? ငါတို့သူဌေးချင်က ရုပ်တည်လွန်းပေမယ့် သူ့ညီလေးနဲ့ဆိုရင်တော့ အရမ်းတွယ်ကပ်တာ။”

သူက ဤညီလေးအတွက် မုန့်နှင့် အချိုပွဲများကို ကိုယ်တိုင်ကိုယ်ကျ ရွေးပေးခဲ့သေးသည်။ အရမ်းချစ်ဖို့ကောင်းတာပဲ…..

အထွေထွေမန်နေဂျာရုံးခန်းတွင်။

ဖေးယိက သူ့အစ်ကိုကြီးဘေးမှာ ထိုင်နေပြီး သူ့အစ်ကိုလက်ထဲက နှင်းဘောလုံးကိတ်ကို စူးစိုက်ကြည့်လိုက်၏။

ဤလောဘကြီးသော ကြောင်ပေါက်လေးကို မြင်လျှင် ချင်ယိရွှင်းက ခပ်ဖွဖွပြုံးကာ မုန့်ဖောက်ပေးပြီးမှ  ကမ်းပေးလိုက်သည်။ “ဖြည်းဖြည်းစား…မနင်စေနဲ့။”

ဖေးယိက ၎င်းကို လက်နှစ်ဖက်ဖြင့် ယူကာ ဝတ်ကျေတန်းကျေ ခေါင်းညိတ်ပြလိုက်၏။

သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ပေါ်ယွဲ့မင်က ဤမြင်ကွင်းကို မသိမသာ ကြည့်ရှူလိုက်ရာ ထိုင်ခုံအစီအစဥ်ကို ရုတ်တရက် မကျေမနပ်ဖြစ်သွားခဲ့သည်။ သူ ကြောင်ပေါက်လေးကို ဤနေရာသို့ ခေါ်မလာသင့်ဘူးဆိုတာ သိလိုက်သည်။

မုန့်အချိုလေးနဲ့လည်း လိုလိုလားလား ဖြားယောင်းခံလိုက်တာပဲလား?

“ဒုတိယသခင်လေးပေါ်။”

ညီဖြစ်သူကို ဂရုစိုက်ပေးပြီးမှသာ ချင်ယိရွှင်းက သူ့ကိုယ်သူထိန်းချုပ်ပြီး ပုံမှန်အတိုင်း အလုပ်ကိစ္စကို ကိုင်တွယ်လိုက်၏။ “ခင်ဗျား ဘာလိုချင်တာလဲ ပြောလို့ရမလား?”

မျက်မှန်ကာဗာအောက်မှာ ဖုံးကွယ်ထားသော ပေါ်ယွဲ့မင်၏ မျက်ဝန်းက အလျင်အမြန် မှေးစဥ်းသွားခဲ့ပြီး တစ်ဖက်လူ၏ အကြည့်ကို ရှောင်ရှားလိုက်လေသည်။

ချင်ယိရွှင်းက စစ်ပြန်တစ်ဦးဖြစ်၍ သူ့မှာ လေ့လာစူးစမ်းနိုင်သည့် ကျွမ်းကျင်မှုများ ရှိပေလိမ့်မည်။ သူ ကန်းချင်ယောင်ဆောင်ပြီး ကြောင်ပေါက်လေးနဲ့ ဆက်ကစားချင်လျှင် သူ၏မြင်နိုင်စွမ်းကို ဤဝမ်းကွဲဆိုသူထံမှ ဖုံးကွယ်ထားရပေမည်။

“ဆေးပညာကျမ်းကျင်တဲ့ ဝန်ထမ်းအပါအဝင် အနည်းဆုံး ပရော်ဖက်ရှင်နယ် လုံခြုံရေးဝန်ထမ်းခြောက်ဦးကို လိုအပ်တယ်။ ကျွန်တော့်အဘွားရဲ့ နာလန်ထူထောင်ရေး ဗီလာလုံခြုံရေးအတွက် တာဝန်ယူပေးရမယ်။ ကုန်ကျစရိတ်က အရေးမကြီးဘူး။”

ယခုနက မင်ရှီးအိမ်တော်မှာ ရှိနေစဥ် ဖေးယိက သူ့နားကို တမင်တကာ ချဥ်းကပ်လာပြီး ပေါ်ယွဲ့မင်က သူ့အရိပ်အမြွက်ကို ရင်ထဲကနေ နားလည်ခဲ့သည်။

ဤသို့သော ကိစ္စများအတွက် မည်သူကမျှ ချင်ယိရွှင်းထက် တာဝန်ယူပေးနိုင်မည် မဟုတ်ပေ။

STS က တရုတ်နိုင်ငံရှိ အကောင်းဆုံး လုံခြုံရေးဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်ပြီး ဖေးယိကြောင့် သူတို့နှစ်ယောက်က အနည်းနဲ့အများ တော်စပ်နေလေသည်။


လူအင်အားစီစဥ်ပေးတာနှင့် ပတ်သက်၍ ချင်ယိရွှင်းက လုံးဝလျစ်လျူရှုထားမည် မဟုတ်ပေ။

ပေါ်သခင်မကြီးက ယခုထိ အပြည့်အဝ သတိမလည်လာသေးသလို အန်တီစုန့်ကလည်း သာမန်အစေခံတစ်ယောက်ဖြစ်၏။ မင်ရှီးအိမ်တော်ရှိ လုံခြုံရေးအစီအမံများက ကောင်းပုံပေါ်သော်လည်း တကယ်တမ်းမှာ ၎င်းတို့က ပေါ်ယွဲ့မင်၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။

သူ့သံသယများ အမှန်ဖြစ်လာပါက မကောင်းသော ရည်ရွယ်ချက်ရှိသော တစ်စုံတစ်ဦးသည် လုံခြုံရေး သို့မဟုတ် ဆေးပညာရှင်များကို လာဘ်ထိုးဖို့ အခွင့်အရေးယူလာနိုင်သည်။ ပေါ်ယွဲ့မင်က ဤဖြစ်နိုင်ချေကို အဆုံးသတ်ရမည်!

“ကျွန်တော် အင်ပါယာမြို့တော်မှာ မရှိတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ခွင့်ပြုချက်မပါပဲ နာလန်ထူထောင်ရေးဗီလာကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး။ တစ်ယောက်ယောက်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချိုးဖောက်ဝင်ရောက်လာရင် လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်ပြီး ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားရမယ်”

ချင်ယိရွှင်းက ပေါ်ယွဲ့မင်၏ တောင်းဆိိုမှုကို ကြားလျှင် ခေါင်းညိတ်ပြလိုက်သည်။ “ရတယ်။ မစ္စတာပေါ် အလျင်လိုနေရင် စာချုပ်နဲ့ ဝန်ထမ်းတွေစီစဥ်ပေးဖို့ ချက်ချင်းလူလွှတ်ပေးမယ်။ ပြီးရင် ဒီနေ့တစ်ခါတည်း စာချုပ်ချုပ်ကြတာပေါ့။”


ပေါ်ယွဲ့မင်က ဤသို့သော ထိရောက်မှုမျိုးကို လိုချင်ခဲ့တာဖြစ်၏။ “ကောင်းပါပြီ။”

သူတို့နှစ်ဦးက စကားအနည်းငယ်ပြောပြီး ပူးပေါင်းဆောင်ရွက်ရန် အတည်ပြုခဲ့သည်။ မုန့်တစ်ခုစားပြီးသော ဖေးယိက သက်ပြင်းချလိုက်လေသည်။

ထက်မြက်သောလူနှစ်ယောက်ကြားက ထိရောက်နိုင်စွမ်းသည် အလွန်လျင်မြန်လှသည်။

ချင်ယိရွှင်းက စီးပွားရေးဆန်သော သဘောထားနှင့် အပြင်ထွက်သွားခဲ့သည်။ တံခါးပိတ်သွားသည်နှင့် ဖေးယိက တစ်ဖက်လူ၏စကားကို ကြားလိုက်ရသည်။ “ဖေးယိ..ဘာစားနေတာလဲ?”

“မုန့်”

ထုံးစံအတိုင်းပင် ဖေးယိက “နှင်းဘောလုံးကိတ်”ကဲ့သို့သော စကားလုံးအတိအကျကို မတင်ပြခဲ့ပေ။

ပေါ်ယွဲ့မင် ထပ်ပြောလိုက်၏။ “ငါ့ကို နည်းနည်းကျွေး… ငါလည်း ဗိုက်ဆာနေပြီ။”

“ဟမ်?”

ဖေးယိက နားမလည်နိုင်စွာ အသံပြုလိုက်ပြီး ဘေးနားက လင်းကျုံးကို မော့ကြည့်လိုက်သည်။

ပေါ်ယွဲ့မင်က အချိုတွေ သိပ်မကြိုက်ဘူးလေ။

ပြီးတော့ ပုံမှန်ဆိုရင် လက်ထောက်ကို အကူအညီတောင်းတာမလား။ ဒါဆို ဘာလို့ သူ့အလှည့်ရောက်လာတာလဲ?

လင်းကျုံးက ဖေးယိ၏ အကြည့်နှင့် ဆုံသောအခါ မမြင်ချင်ယောင်ဆောင်လိုက်ပြီး လုံးဝတုန်ခါမလာသည့် ဆဲလ်ဖုန်းကို ထုတ်ယူလိုက်၏။ “သူဌေး…  ဖုန်းလာနေလို့။ ကျွန်တော်အပြင်ထွက်ပြီး ဖြေလို့ရမလား?”

“အင်း”

ပေါ်ယွဲ့မင်က သူ့လက်ထောက်၏ လိမ္မာပါးနပ်မှုကို အလွန်ကျေနပ်နေသည်။

ဖန်တံခါးပွင့်ပြီး ပြန်ပိတ်သွားသည်နှင့် ရုံးခန်းထဲတွင် ပေါ်ယွဲ့မင်နှင့် ဖေးယိသာ ကျန်ခဲ့လေသည်။

ပေါ်ယွဲ့မင်က ပတ်တီးစည်းထားသော သူ့ညာလက်ကို ရုတ်တရက် ပွတ်သပ်ကာ နာနေဟန် မျက်မှောင်ကြုတ်လိုက်၏။ “ဒီနေ့လည်က အများကြီးမစားခဲ့ဘူး။”

“……..”


ဖေးယိက ရုတ်ချည်းသဘောပေါက်သွားသည်။

ပေါ်ယွဲ့မင်၏ အပူလောင်ထားသော ညာဘက်လက်သည် အပြည့်အဝ မပျောက်ကင်းသေးပဲ တချို့သော အရည်ကြည်ဖုများက ပေါက်သွားပြီးနောက်မှ အနာရင်းလာသည်။ သူ့မျက်လုံးများက အဆင်မပြေတာကြောင့် သူ၏ နေ့စဥ်စားသုံးသည့် နှုန်းက ပိုနည်းလာသည်။

ယနေ့ နေ့လည်စာစားလို့ မပြီးသေးခင်မှာ ပေါ်သခင်ကြီးက သူ့ကိုလှမ်းခေါ်ခဲ့သည်။

ထိုသို့ဖြင့် သူ ယခု ဗိုက်ဆာနေလောက်သည်။

၎င်းကိုစဥ်းစားကာ ဖေးယိက အသားညှပ်ပေါင်မုန့်နှစ်လုံးကို ကောက်ကိုင်ကာ ကော်ဖီစားပွဲဝိုင်းနားကို လျှောက်သွားလိုက်သည်။“အာ့ကော….ရော့။”


ပေါ်ယွဲ့မင်က ၎င်းကိုယူကာ အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။ “ထိုင်။”

ဖေးယိက လူနှစ်ဦးထိုင်လို့ရသော ဆိုဖာရှည်ကိုကြည့်ကာ အများကြီးမတွေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ပေါ်ယွဲ့မင် အဆင်မပြေမှာစိုးတာကြောင့် ပေါင်မုန့်ကို ဖောက်ကာ ကမ်းပေးလိုက်သည်။


ပေါ်ယွဲ့မင်က .၎င်းကို တမင်တကာ လက်ဖြင့်မယူပဲ မမြင်မစမ်းပုံစံဖြင့် အစာရှာရန် ခေါင်းငုံ့လိုက်သည်။

“………”

ဖေးယိက တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်မျှ ရပ်လိုက်ကာ ပေါင်မုန့်ကို ပါးစပ်ထဲထည့်ပေးလိုက်သည်။ “စား.. အာ–”

ပေါ်ယွဲ့မင်က ၎င်းကို ကိုက်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ထွက်လာလေသည်။

. . . . . .

ဆယ်မိနစ်အကြာတွင်။

ချင်ယိရွှင်း ရုံးခန်းကို ရောက်လာသည့်အခါ သူက ပေါ်ယွဲ့မင်ဘေးမှာ ထိုင်နေသော ဖေးယိကို တွေ့လိုက်ရပြီး မူလက သက်တောင့်သက်သာရှိနေသော သူ့ပါးစပ်ထောင့်မှာ မသိစိတ်အလျောက် တင်းမာသွားခဲ့သည်။

သူထွက်သွားတာ ဘယ်လောက်ကြာပြီမလို့လဲ?

ပေါ်ယွဲ့မင်က သူ့ညီကို သူ့ဘေးရောက်အောင် ဘယ်လိုလှည့်စားလိုက်တာလဲ? ဒီလူက လှည့်ကွက်တွေကို ကောင်းကောင်းသုံးတတ်တာပဲ!

“အစ်ကို!”

ဖေးယိက သူ့အစ်ကို၏ အတွင်းစိတ် အတက်အကျများကို သတိမထားမိတာကြောင့် သူက အပြုံးတစ်ခုဖြင့် ခေါ်လိုက်လေသည်။

တစ်ချိန်တည်းမှာ အတွင်းရေးမှူးအိုက်လင်က တက်ဘလက်တစ်လုံးနှင့် လျှောက်လာခဲ့သည်။

“သူဌေးချင် ..သီးသန့်စာချုပ်ရဲ့ အီလက်ထရွန်းနစ် ဗားရှင်းထွက်ပါပြီ။ မစ္စတာပေါ်က အကြောင်းအရာတွေကို ထပ်မံစစ်ဆေးပေးပါ။ နောက်ဆုံးအတည်ပြုချက်မှာ ဘာပြဿနာမှမရှိရင် ကျွန်မတို့ စာချုပ်မှာ အချိန်မရွေး လက်မှတ်ထိုးလို့ရပါတယ်။”

ဝန်ထမ်းများရှေ့တွင် သူက သူ၏ပရော်ဖက်ရှင်နယ် အဆင့်အတန်းကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ချင်ယိရွှင်းက သူ့စိတ်ထဲရှိ စိုးရိမ်ပူပန်မှုအနည်းငယ်ကို ထိန်းချုပ်နိုင်ခဲ့လေသည်။ “ကောင်းပြီ။”

လင်းကျုံးက ပြန်ရောက်လာကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အပ်လိုက်ပါ။”

ပေါ်ယွဲ့မင်၏ အမြင်အာရုံမကောင်းတော့ကတည်းက သူသည် ထိုလူအား ဤစာသားများ၏ အကြောင်းအရာကို ဖတ်ပြပေးရန် လိုအပ်ခဲ့သည်။


လင်းကျုံးက ပေါ်ယွဲ့မင်၏ အနောက်မှာထိုင်ကာ အကြောင်းအရာမျာကို တိုးတိုးလေးနှင့် အတိအကျ ဖတ်ပြလိုက်သည်။ အသေးအမွှား ပြင်ဆင်မှု နှစ်ခုသုံးခုအပြီးမှာ နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ထိုးခြင်းကို အောင်မြင်စွာ အပြီးသတ်ခဲ့သည်။

“မနက်ဖြန် ရှစ်နာရီမတိုင်ခင်မှာ အဖွဲ့ဝင်အားလုံးက အချိန်မီရောက်လာပါလိမ့်မယ်။” ချင်ယိရွှင်းက ရှင်းပြလိုက်၏။ “စိတ်ချပါ။ ဒုတိယသခင်လေးပေါ်… အရာအားလုံးက အမြင့်ဆုံးစံနှုန်းအတိုင်းဖြစ်ပြီး ကျွန်တော်က ပုံမှန်စစ်ဆေးပေးပေးမှာ။”

ပေါ်ယွဲ့မင် ပြန်ဖြေလိုက်၏။ “ဒီလိုဆိုရင် သူဌေးချင်ကို ဒုက္ခပေးရတော့မယ်။”

ချင်ယိရွှင်းက အိုက်လင်နှင့် တခြားသူများကို အကြည့်တစ်ချက်ဖြင့် အပြင်ပို့လိုက်သည်။

တံခါးပိတ်ပြီးနောက် သူက ကိုယ်ရေးကိုယ်တာရှုထောင့်မှ မေးခွန်းထပ်မေးလိုက်သည်။ “မစ္စတာပေါ်..  ခင်ဗျား မနက်ဖြန် ဝမ်းချန်ကို သွားမှာဆိုတော့ ရှောင်ယိက ဘယ်လိုလုပ်မလဲ?”


ဂိမ်းဇာတ်ကွက်အကြောင်း တိတ်တိတ်လေး စဥ်းစားနေသော ဖေးယိက သူ့နာမည်ကိုကြားပြီး ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်၏။ “....ဟမ်?”

ချင်ယိရွှင်းက သူ့ညီလေး၏ ရှုပ်ထွေးနေသော မျက်လုံးလေးများကို ကြည့်လိုက်သည်။ “ရှောင်ယိက ပေါ်အိမ်တော်မှာ နေတာဆိုတော့ ပေါ်မိသားစုထဲဝင်တွေကြားက ဆက်ဆံရေးအကြောင်းကို ကျွန်တော် လျှို့ဝှက်စုံစမ်းထားတယ်”

သူတို့က အလွန်တရာ ရှုပ်ထွေးပြီး ရှုပ်ယှက်ခတ်နေသော မိသားစုဖြစ်၏။

“ရှောင်ယိ ခင်ဗျားဘေးမှာရှိနေရင် ခင်ဗျား သူ့ကိုကာကွယ်ပေးလို့ရသေးတယ်။ ဒါပေမယ့် နောက်လတွေမှာရော? ဝံပုလွေတွေ၊ ကျားတွေနဲ့ ကျားသစ်တွေကြားမှာ သူ့ကို စိတ်ချလက်ချ ထားခဲ့လို့ရမှာလား?”

“……..”

ဖေးယိက နောက်ဆုံးမှာ အသိစိတ်ပြန်ဝင်လာသည်။

အပြင်လူများ၏ အမြင်တွင် ပေါ်ယွဲ့မင်က ဝမ်းချန်ကို အလုပ်ခရီးထွက်သွားသည်။ အထူးအခြေအနေမဟုတ်လျှင် မိသားစုဝင် သို့မဟုတ် အိမ်ထောက်ဖက် အနေဖြင့် သူက တစ်ဖက်လူ၏ ခရီးစဥ်ကို လိုက်သွားဖို့ လုံးဝမလိုအပ်ပေ။

ပေါ်ယွဲ့မင်က ချင်းယိရွှင်း၏မေးခွန်းကို ကြားသောအခါ သူ့မေးရိုးက တခဏမျှ တင်းမာသွားခဲ့သည်။

တစ်ကိုယ်ကောင်းဆန်ရမည်ဆိုလျှင် ပေါ်ယွဲ့မင်က ဖေးယိကို သူ့ဘေးနားမှာ ရှိနေစေချင်သည်။ အကြောင်းမှာ ဤနည်းတစ်ခုတည်းကသာ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို ပိုနီးကပ်လာစေနိုင်လို့ဖြစ်၏။ သို့သော် လူတစ်ယောက်က သူ့အတွက်သူပဲ စဥ်းစားလို့မဖြစ်ချေ။ သူက ဖေးယိ၏ ဆန္ဒကိုလည်း လေးစားရမည်။

ပေါ်ယွဲ့မင်၏ မျက်လုံးများက အနည်းငယ်ပြောင်းသွားကာ သူက အမှန်တရားကို ပြောလိုက်လေသည်။ “ဖေးယိကို ဆုံးဖြတ်ခိုင်းရင်ရော? လောလောဆယ် ဝမ်းချန်မှာရှိတဲ့ အလုပ်အခြေအနေကို ရေရေရာရာ မသိသေးဘူး။ ဒါကြောင့် သူ့ကိုခေါ်သွားဖို့ အလျင်စလို ဆုံးဖြတ်မှာမဟုတ်ဘူး။”

ချင်ယိရွှင်းက စကားဖြတ်ပြောလိုက်သည်။ “သူ့ကိုစောင့်ရှောက်ပေးမယ့် လူမရှိပဲနဲ့ ဖေးယိက ပေါ်အိမ်တော်မှာ နေမယ်ဆိုတာကိုတော့ ခွင့်မပြုနိုင်ဘူး။”

သူ့အမြင်တွင် သူ့ညှီလေးက ယုန်ဖြူလေးတစ်ကောင် သို့မဟုတ် သိုးလေးတစ်ကောင်ဖြစ်သလို ဖြူစင်ကြင်နာတတ်ပြီး အန္တရာယ်ကင်းသည်။ သူက ပေါ်မိသားစုရဲ့ တွက်ချက်တတ်တဲ့ မျက်လုံးတွေကို ဘယ်လိုရပ်တည်နိုင်မှာလဲ?

ထိုအတွေးဖြင့် ချင်ယိရွှင်းက ပို၍ပင် ခပ်သွက်သွက် မေးလိုက်၏။ “ရှောင်ယိ .. အစ်ကိုနဲ့ ခဏလောက် လာနေမလား? ဒါမှမဟုတ် အန်တီ့ဆီမှာ ပြန်ပြောင်းနေမလား? ငါ အားတဲ့အချိန် မင်းကိုအဖော်ပြုပေးဖို့ လာခဲ့မယ်။”

(အန်တီ=ဖေးယိအမေ)

အချိန်ကြာလာသည်နှင့်အမျှ သူ့ညီလေးက ပေါ်ယွဲ့မင်အကြောင်း တွေးတာရပ်သွားပြီး သူ့ဆွေမျိုးများနှင့် နေချင်လာလိမ့်မည်။

“……..”

သူတို့နှစ်ယောက်၏ စကားများကို ကြားသောအခါ ဖေးယိက သူ့ရင်ထဲတွင် မကြုံဖူးသော ငြိတွယ်မှုတစ်ခုကို ခံစားမိလိုက်သည်။

အပြင်လူတစ်ယောက်မျှ မသိသော အမှန်တရားကိုပြောရလျှင် သူက ပေါ်ယွဲ့မင်နှင့်အတူ အင်ပါယာမြို့တော်မှ ထွက်သွားချင်ပြီး ဝမ်ချန်ကို လိုက်သွားချင်သည်။

ဖေးယိက ခေါင်းကိုလှည့်ကာ ပေါ်အိမ်တော်ကို လာခဲ့သော သူ့မူလရည်ရွယ်ချက်ကို သေချာပြန်တွေးလိုက်သည်။

အကြောင်းအရင်းတစ်ခုမှာ ဖေးမိသားစု၏ လက်ထဲမှာရှိနေသော အထောက်အထား စာရွက်စာတန်းများကို ယူဖို့ ခက်ခဲသောကြောင့်ဖြစ်ပြီး ဒုတိယကတော့ “အိမ်နှင့်တူသော” ဖန်တီးမှုပတ်ဝန်းကျင်တစ်ခုကို ရရှိရန်ဖြစ်သည်။ တတိယအကြောင်းအရင်းမှာ မူလပိုင်ရှင်၏ ဆွေမျိုးများကို စောင့်ရှောက်ပေးဖို့ဖြစ်၏။

ဖေးယိက သာမန်ဂိမ်းထုတ်လုပ်သူဖြစ်၏။ သူက အတော်အတန် ပုံသေဖန်တီးထားသော ပတ်ဝန်းကျင်မျိုးကို သဘောကျပြီး လှည့်ပတ်နေရခြင်းကို သဘောမကျပေ။

သို့သော် ဘယ်အချိန်တည်းကလဲ မသိပေမယ့်–

သူက ပေါ်ယွဲ့မင်အနားမှာ နေလျှင် စိတ်အေးချမ်းနေခဲ့သည်။ သူတို့ ဘယ်သွားသွား အရေးကြီးမည် မဟုတ်ပေ။

ချင်ယိရွှင်းက ဖေးယိ၏ မူမမှန်သော မျက််ခုံးများကိုကြည့်ကာ စိုးရိမ်စိတ်ဖြင့် ပြောလိုက်၏။ “ ရှောင်ယိ? ဘာဖြစ်လို့လဲ?”

ဖေးယိက ခေါင်းအသာခါယမ်းပြကာ သူ့အကြည့်က ပေါ်ယွဲ့မင်ဆီသို့ ရောက်သွားသည်။

မူရင်းဝတ္ထုတွင် တစ်ဖက်လူ ဗီလိန်ဖြစ်လာရခြင်း အကြောင်းအရင်းမှာ မျက်လုံးကန်းနေစဥ်အတွင်း အရှက်တကွဲ အကျိုးနည်းဖြစ်ကာ အနိုင်ကျင့်မှုများစွာ ခံခဲ့ရသောကြောင့် ဖြစ်၏။


ပေါ်ယွဲ့မင်က ယခုမမြင်နိုင်သေးတာကြောင့် ကိစ္စများကို လုပ်ဖို့ခဲယဥ်းသည်။

ဝမ်းချန်မှာ ပေါ်ကွမ်းချန်လို အရှက်မဲ့သည့် လူတစ်ဦးကို ထပ်တွေ့ခဲ့ရင် သူ့ကို ပေါ်တင် သို့မဟုတ် လျှို့ဝှက်အနိုင်ကျင့်ပြီး လုပ်ကြံနေတာကို သူဘာလုပ်မှာလဲ?

ဖေးယိက သူ့အား အချိန်အတော်ကြာအောင် ကြည့်နေသဖြင့် ပေါ်ယွဲ့မင်က တစ်ဖက်လူ နေခဲ့ချင်သည်ဟု ထင်သွားခဲ့သည်။

သူက ပတ်တီးအောက်က အရည်ကြည်ဖုများကို မသိမသာ ဖိလိုက်ပြီး ထိုနာကျင်မှုကို အသုံးချကာ သူ့နှလုံးသားထဲက ဆုံးရှုံးမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်။ “ဖေးယိ.. မင်းနေချင်နေခဲ့လို့ ရပါတယ်။”

ဖေးယိက တိုးတိုးလေး အသံပြုလိုက်၏။ “ကျွန်တော်..  ကျွန်တော် အာ့ကောနဲ့ လိုက်ချင်တယ်။”

သူ့အစီအစဥ်က ကျိုးကြောင်းဆီလျော်သော်လည်း သူက သူ့ခံစားချက်အစစ်အမှန်ကို ရှောင်လွှဲရန် ကျရှုံးနေဆဲပင်။ သူက ထိုရည်ရွယ်ချက်ဆိုးများကို ပေါ်ယွဲ့မင်ကိုယ်စား အတတ်နိုင်ဆုံး တားဆီးတိုက်ခိုက်ပေးချင်သည်။

ထိုလူ၏ မမြင်ရသော အခြေအနေတွင် သူ ထိုလူအား ခဏလောက်ပဲဖြစ်ဖြစ် ကာကွယ်ပေးချင်သည်။

နောင်မှာ သူ ပေါ်မိသားစုမှ ထွက်သွားသည့်တိုင် ဖေးယိက တစ်ဖက်လူကို မူရင်းဝတ္ထုထဲကအတိုင်း ကြေကွဲဖွယ် မဆုံးမသတ်စေချင်ပေ။

စိတ်ပိုင်းဖြတ်ပြီးနောက် ဖေးယိက ထပ်ပြောလိုက်သည်။ “အာ့ကောနဲ့ အတူလိုက်မယ်။”

ပေါ်ယွဲ့မင်၏စိတ်က ချက်ချင်းတည်ငြိမ်သွားပြီး သူ့နှုတ်ခမ်းပေါ်တွင် နွေးထွေးသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ “ကောင်းပြီ။ မင်းငါနဲ့နေပါ။”

“……..”

ဖေးယိ၏ ရွေးချယ်မှုကို ကြားသောအခါ ချင်ယိရွှင်းက တခဏမျှ တွေးလိုက်သည်။ “ဒီလိုဆိုလည်း ကောင်းပြီ…”

သူ ပြင်ဆင်ထားလို့ဖြစ်မည်။ သူ ပထမဆုံးအကြိမ်ကလောက် ဆုံးရှုံးသွားသလို မခံစားရတော့ပဲ မိသားစုရှုထောင့်ကနေသာ ပြောလိုက်တော့သည်။ “ဒုတိယသခင်လေး..  ရှောင်ယိက ခင်ဗျားနောက်ကိုလိုက်ဖို့ ဆန္ဒရှိလို့… ဘယ်ပဲဲဖြစ်ဖြစ် သူ့ကို သေချာဂရုစိုက်ပေးပါ။”

“ပေါ်သခင်မကြီးနဲ့ ကျွန်တော့်အဒေါ်ကိုတော့ ကျွန်တော် အကောင်းဆုံး ဂရုစိုက်ပေးမှာပါ။ ခင်ဗျားနဲ့ ဖေးယိတို့ သိပ်စိတ်မပူပါနဲ့”


ဖေးယိက ချင်ယိရွှင်း၏ အဖြေကြောင့် စိတ်လှုပ်ရှားသွားသည်။


သူက တစ်ဖက်ခြမ်းကို ပြန်ပြေးသွားကာ မထိရသေးသော မုန့်အချိုကို ကောက်ယူလိုက်ပြီး လာဘ်ထိုးလိုက်သည်။ “အစ်ကို! ရော့!”

ဤတစ်ကြိမ်မှာ ပေါ်ယွဲ့မင်က သူ့ကို တားရလောက်သည်အထိ ချဥ်စူးမနေတော့ပေ။ “ ကျေးဇူးပါ… မစ္စတာချင်။”

ချင်ယိရွှင်းက သူ့ညီလေးပေးသော မုန့်ကိုယူကာ သူ ဆန့်ကျင်ဘက်ကို ပြန်လှည့်လိုက်ချိန်တွင် ယောက်ဖတစ်ယောက်၏ စိတ်သဘောထားဖြင့် ပြောဆိုလိုက်သည်။ “ဒါကို ရှောင်ယိအတွက်လုပ်တာပါ။ ပြီးတော့ ဒုတိယသခင်လေးက ကျွန်တော့်ရဲ့အပ်နှင်းမှုကို သတိရနေမယ်လို့ မျှော်လင့်တယ်။”

“ဒါပေါ့။”

. . . . . .