Ch 65
Viewers 28k

Chapter 65



ပေါ်ယွဲ့မင် အိမ်ပြန်ရောက်သောအခါ ဖေးယိက သူနဲ့အတူ မရှိတော့ပေ။

အထုပ်အပိုးပြင်ဆင်ရန် အိမ်မှာနေခဲ့သော ဦးလေးခိုင်က ဤထူးဆန်းမှုကို တွေ့ရှိပြီး မေးလိုက်လေသည်။ “ဒုတိယသခင်လေး ..သခင်ငယ်လေး ဘယ်မှာလဲ?”

အနီးနားရှိ လင်းကျုံးက အခြေအနေကို နားလည်သဘောပေါက်ပြီး ရှင်းပြလိုက်သည်။ “သခင်ငယ်လေးက မနက်ဖြန်ကျရင် ဒုတိယသခင်လေးနဲ့အတူ ဝမ်းချန်ကို သွားမှာပါ။ ဒီနေ့ မစ္စရှုနဲ့ ညစာစားဖို့ မစ္စတာချင်နဲ့ လိုက်သွားပါတယ်။”

မနက်ဖြန် ထွက်ခွာတော့မည်ဖြစ်၍ ယနေ့ည မိသားစုနှင့် ညစာစားသည်မှာ သဘာဝကျသည်။


ဦးလေးခိုင်က အံ့အားသင့်သွား၏။ “သခင်ငယ်လေးပါ အတူလိုက်မှာလား?”

“အင်း သူလိုက်ချင်ရင် ခေါ်သွားမှာပါ။” ပေါ်ယွဲ့မင်က အပြုံးတစ်ခုဖြင့် စိတ်သက်သာရာရသွားကာ ပြောလိုက်၏။ “ဦးလေးခိုင်.. ခဏနေရင် ဖေးယိရဲ့ ခရီးဆောင်အိတ်ကိုလည်း ကူထုပ်ပိုးပေးလိုက်ပါ။”

“ဟုတ်ကဲ့ပါ။”

တစ်အုပ်စုလုံးက နောက်နေ့ ညနေ၃နာရီခွဲမှာ လေယာဥ်လက်မှတ် ကြိုတင်မှာထားခဲ့သည်။

သူတို့ ဝမ်းချန်ရှိ ဟိုတယ်ကို ရောက်သောအခါ ရှစ်နာရီကျော်သွားပြီ ဖြစ်၏။

သူတို့ကို လက်ခံကြိုဆိုပေးမည့် တာဝန်ခံမှာ စုန့်ယွမ်ယွမ်ဟု ခေါ်တွင်ပြီး သူသည် လွန်ခဲ့သည့်လေးလက ပေါ်မိသားစုမှ ဝမ်းချန်သို့ စေလွှတ်ခဲ့သည့် ပရောဂျက်၏ လက်ထောက်အဖွဲ့ဝင်လည်း ဖြစ်သည်။ အဓိကခေါင်းဆောင် ဖုန်းကျန့်က ဝန်ထုပ်ဝန်ပိုးကို လမ်းတစ်ဝက်မှာ လွှတ်ချခဲ့တာကြောင့် သူက ယာယီ လွှဲပြောင်းယူထားခဲ့သည်။

“မစ္စတာပေါ်.. လက်ထောက်လင်း အကြောင်းကြားခဲ့တဲ့ လူအရေအတွက်အရ ကျွန်တော် ခင်ဗျားအတွက် ဒီနေရာမှာ အဆင့်အမြင့်ဆုံး အခန်းကို ယူထားပေးပါတယ်။ နှစ်ယောက်အိပ် မာစတာခန်းတစ်ခန်းနဲ့ အခန်းအပိုနှစ်ခန်း ပါပါမယ်။ အခန်းသုံးခန်းလုံးက အတော်လေးကျယ်လို့ ညဘက်မှာ တစ်ယောက်နဲ့ တစ်ယောက် အနှောင့်ယှက်ဖြစ်စေမှာ မဟုတ်ပါဘူး”

နှစ်ယောက်အိပ် မာစတာခန်း?

ဒီအခြေအနေက နည်းနည်းလေး ရင်းနှီးနေသလိုပဲ….

ဖေးယိက ၎င်းကိုစဥ်းစားကာ သူ့ကျောပိုးအိတ်၏ ပခုံးသိုင်းကြိုးကို အမှူမဲ့အမှတ်မဲ့ ဆုပ်ကိုင်လိုက်လေသည်။ “အာ”

“……..”

ပထမဆုံး တုံ့ပြန်လာသည့် လူက ဖေးယိဖြစ်မည်ဟု မထင်မှတ်ထားသဖြင့် စုန့်ယွမ်ယွမ်က တခဏမျှ ရှုပ်ထွေးသွားရသည်။


“မစ္စတာ..မစ္စတာပေါ်.. ဒီအစီအစဥ်မှာ တစ်ခုခုလွဲနေလို့လား?”

လင်းကျုံးနဲ့ ပြောပြီးမှ ကြိုမှာထားတာ မဟုတ်ဘူးလား?

နေ့စဥ်ဘဝတာဝန်ခံ အိမ်တော်ထိန်းတစ်ယောက်၊ အလုပ်တာဝန်ခံ လက်ထောက်တစ်ယောက်နဲ့ မစ္စတာပေါ်ရဲ့ အိမ်ထောင်ဖက်တစ်ယောက်.. ဒီအတိုင်း စီစဥ်ထားတာ မဟုတ်ဘူးလား?

စုန့်ယွင်ယွင်က ၎င်းကို အတွင်းကျကျ အတည်ပြုပြီး ကမန်းကတန်းပြောလိုက်လေသည်။ “အို့… ဝမ်းချန်မှာရှိတဲ့ မစ္စတာပေါ်ရဲ့ ရေတိုအိမ်ရာအကြောင်းကိုလည်း ကျွန်တော် အေဂျင်စီကို မေးခဲ့တယ်။ ပြီးတော့ သုံးရက်အတွင်း စီစဥ်ပေးဖို့ ကြိုးစားနေတာပါ။”

“အင်း.   မင်း ကြိုမှာထားပြီးပြီဆိုတော့လည်း ဒီအတိုင်းအရင်လုပ်ကြတာပေါ့။”

ပေါ်ယွဲ့မင်က ခေါင်းအသာညိတ်ပြလိုက်၏။ “ဒီနေ့နောက်ကျနေပြီ။ ပြီးတော့ လေယာဥ်စီးလာတာ ပင်ပန်းတယ်။ လေလံပရောဂျက်နဲ့ ပတ်သက်ပြီး အသေးစိတ်တိုးတက်မှုတွေကို မနက်ဖြန်မနက်မှာ မင်းငါ့ကို အစီအရင်ခံပါ။”

စုန့်ယွမ်ယွမ်က ဖြေလိုက်၏။ “ဟုတ်ကဲ့ပါ။”

ပေါ်ယွဲ့မင်က ဤကိစ္စကို ဘေးချိတ်ထားလိုက်သည်။ “ကောင်းပြီ။ အပေါ်ထပ်မှာ အခန်းသွားကြည့်ရအောင်။”

. . . . . . 

သုံးမိနစ်အကြာတွင်။

ဖေးယိက အလွန်တန်ဖိုးကြီးလှသော မာစတာခန်းကို စိုက်ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ကြောင်ပေါက်လေး လေယာဥ်ကြောင့် ခရီးပန်းသွားမှာစိုး၍ မထွက်ခွာခင်မှာ ဖေးယိက စစ်ဆေးရေးမှူးကို ချင်ယိရွှင်းလက်ထဲ သေချာအပ်ခဲ့သည်။

ယနေ့ည အိပ်ရာဝင်လျှင် သူ့ကို အဖော်ပြုပေးမည့် ချစ်စဖွယ် စစ်ဆေးရေးမှူး မရှိသဖြင့် သူက အကျွမ်းတဝင်မရှိလှသော ကုတင်အိပ်ရာပေါ်မှာ လဲလျောင်းနေလိုက်သည်။ ကုတင်က မည်မျှကြီးသည်ဖြစ်စေ၊ ပေါ်ယွဲ့မင်နှင့် မည်မျှဝေးနေသည်ဖြစ်စေ သူက အိပ်မပျော်သော ဝေဒနါကို ခံစားရဖို့ ကံပါလာသည်။

အနောက်က ဆိုဖာပေါ်မှာ ထိုင်နေသော ပေါ်ယွဲ့မင်က ဖေးယိ၏ “ချစ်စဖွယ်” ခေါင်းလေးကိုကြည့်ကာ အချက်ပြလိုက်သည်။ “ဦးလေးခိုင်..  ဖေးယိရဲ့ ပစ္စည်းတွေကို ထုတ်ပေးပါ။”

ဦးလေးခိုင်က တုံ့ပြန်လိုက်၏။ “ဟုတ်ကဲ့ပါ… ဒုတိယသခင်လေး”

သူ့နာမည်ကိုကြားတော့ ဖေးယိက အခြေအနေကို စစ်ဆေးရန် အမြန်လှည့်လိုက်သည်။

ဦးလေးခိုင်က သက်ဆိုင်ရာ ခရီးဆောင်အိတ်ကြီးကို ရှာကာ ဗီလာတွင် သူသုံးခဲ့သော အိပ်ရာခင်းတစ်စုံပါသည့် အိတ်အထူကြီးတစ်လုံးကို ထုတ်လိုက်၏။

ဦးလေးခိုင်က အိတ်ထဲက အိပ်ရာခင်းကိုယူကာ နှစ်ကြိမ်ခါလိုက်သည်။ “သခင်ငယ်လေး”

ဖေးယိက စောင်ကို အမြန်ပြေးကြည့်လိုက်၏။ သူက အနံ့ခံရန် ၎င်းထဲတွင် ခေါင်းကိုမြှုပ်လိုက်ပြီး သူနဲ့ ရင်းနှီးသောရနံ့ကို ရှူလိုက်သည်။

သူက အံ့အားသင့်ပြီး မယုံကြည်နိုင်သလို မျက်လုံးဖွင့်လိုက်၏။

ဘာကြီးလဲ?

ဒါကို ဘယ်တုန်းကယူလာတာလဲ?

သူ ဘာလို့ ဘာမှမသိရတာလဲ!

ဖေးယိ၏ ကလေးဆန်သော တုံ့ပြန်မှုကို မြင်လိုက်ရစဥ် ဦးလေးခိုင်က အပြုံးကို ချုပ်တည်းမထားနိုင်တော့ပေ။

သူက ဖေးယိ မည်မျှနားလည်နိုင်သည်ကို စိတ်မဝင်စားပဲ အသေးစိတ်ပြောပြလိုက်သည်။ “မနေ့ညက ဒုတိယသခင်လေး အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်ကို မှာထားတာပါ။ သခင်ငယ်လေး ဒီကိုရောက်ရင် အိပ်မပျော်မှာကို စိုးရိမ်လို့ ဒီနေ့ ထုပ်ပိုးပြီး ကျွန်တော်တို့နဲ့အတူ ယူလာခိုင်းခဲ့တာပါ။”


ပေါ်ယွဲ့မင်က ခရီးဆောင်အိတ် အများကြီးဖြင့် ခရီးထွက်ရတာကို မကြိုက်ပေ။ အရင်တုန်းကဆိုလျှင် သူ အလုပ်ခရီးတိုလေး ထွက်ရသည့်အခါ ပြည်တွင်းမှာ ဝယ်လို့ရသမျှ ဝယ်သုံးခဲ့သည်။

ဤတစ်ကြိမ်တွင် သူက ခရီးဆောင်အိတ် အများကြီးသယ်မလာပဲ အိပ်ရာခင်း ခရီးဆောင်အိတ်ကိုသာ သယ်လာခဲ့သည်။

ဖေးယိက ဦးလေးခိုင်၏ ရှင်းပြချက်ကို ကြားသည့်အခါ သူ့နှလုံးသားထဲမှာ အနွေးဓာတ်လေးက ပန်းများပွင့်လာခဲ့လေသည်။

ကြီးပြင်းလာခဲ့သော ငယ်စဥ်ကလေးဘဝ ပတ်ဝန်းကျင်က ဖန်တီးပေးခဲ့သည့် အလေ့အကျင့်များနှင့် စိတ်ပိုင်ဆိုင်ရာ ပင်ပန်းနွမ်းနယ်စေသည့် သာမန်နေ့စဥ်အလုပ်တွေကြောင့် ဖေးယိက သူအိပ်နေသော ကုတင်ကို “မှတ်မိနေခြင်း”နှင့် ပတ်သက်ပြီး ဇီဇာကြောင်လာခဲ့သည်။ ၎င်းက အနည်းငယ် ကလေးဆန်ပုံပေါက်၏။

သူ ကူးပြောင်းလာသော အချိန်တွင် ဖေးယိက ညတိုင်းလိုလို မနက်သုံးနာရီ လေးနာရီအထိ ဟိုလှည့်သည်လှည့်နှင့် အိပ်ခဲ့ရသည်။ သူ သတိထားမိသလောက်ဆိုလျှင် နောက်ဆုံးတစ်ကြိမ် ပြန်လည်ထူထောင်ရေးစခန်းကို သွားခဲ့စဥ်က သူဟာ ရှားရှားပါးပါးပင် အေးချမ်းစွာ အိပ်စက်ခဲ့ရသည်။


ပေါ်အိမ်တော်မှ အိပ်ရာကို နေသားကျသွားပြီးနောက် သူနေခဲ့သော နေရာကို ရုတ်တရက် ပြောင်းလဲလိုက်ရတာကြောင့် သူက ဤရက်အနည်းငယ်အတွင်း သူ၏အိပ်စက်မှုအရည်အသွေးကို တိတ်တဆိတ် စိတ်ပူနေခဲ့သည်။

မထင်မှတ်ထားသည်မှာ ပေါ်ယွဲ့မင်က ၎င်းကို စဥ်းစားပေးခဲ့သည်။


သူက သူ့ကို အရူးတစ်ယောက်လို တကယ်ဂရုစိုက်ပေးနေတာလား?

ဖေးယိက ၎င်းကို တိတ်တဆိတ်တွေးတောရင်း သူ့နှလုံးသားက နူးညံ့သော ကြည်နူးမှုနှင့် ပြည့်နှက်လာခဲ့သည်။ “အာ့ကောက ကောင်းတယ်!”

ဆိုဖာပေါ်က ပေါ်ယွဲ့မင်သည် တည်ငြိမ်ချင်ယောင်ဆောင်ကာ ရေတစ်ငုံသောက်လိုက်၏။ “အင်း.. စောင်ကိုအရင်ချပြီး ရေချိုးဖို့လုပ်တော့။”

“သခင်ငယ်လေး.. ဒီမှာ သခင်ငယ်လေးရဲ့ အဝတ်အစားတွေပါ။” ဦးလေးခိုင်က သူတို့ကို အပ်လိုက်သည်။

ဖေးယိက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ သူက လှည့်လိုက်ပြီး မာစတာအိပ်ခန်းဆီသို့ အမြန်ပြေးသွားကာ သူ ပေါ်ယွဲ့မင်နှင့် တစ်ကုတင်တည်းမှာ အိပ်ရတော့မည့် အချက်ကို လုံးလုံးမေ့သွားခဲ့သည်။

. . . . . .

ညနေ ဆယ်နာရီခွဲတွင် ပေါ်ယွဲ့မင် ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည်။


“ဖေးယိ? အိပ်နေပြီလား?”

မာစတာခန်း၏ အပြင်အဆင်ကို သူ ကောင်းကောင်းသိသော်လည်း သူက အခန်းနှင့် အကျွမ်းတဝင်မရှိသည့်အလား သတိထားဟန်ဆောင်လိုက်၏။


ဖေးယိက သူ့လက်ထဲရှိ ဖုန်းနဲ့ ကစားနေသည်။ ဤမေးခွန်းကို ကြားသောအခါ သူက ခပ်မြန်မြန် သမ်းဝေကာ မှင်တက်နေသော လေသံဖြင့် မေးလိုက်၏။ “အာ့ကော?”

“…….”

ပေါ်ယွဲ့မင်က ကြောင်ပေါက်လေး၏ ကျွမ်းကျင် သရုပ်ဆောင်စွမ်းရည်ဖြင့် လွှမ်းမိုးခံလိုက်ရပြီး မကျရှုံးခင်မှာ စက္ကန့်အနည်းငယ်လောက် သည်းခံခဲ့ရသည်။ “လာကူညီပါဦး။”


ဖေးယိက ပေါ်ယွဲ့မင် အကူအညီတောင်းလာမည်ဟု မှန်းဆမိပြီးသားဖြစ်၍ “ထင်တဲ့အတိုင်းပဲ”ဟူသော အကြည့်ကို ထုတ်ဖော်ပြလိုက်ပြီး သူ၏ ချစ်စဖွယ်မျက်နှာဖုံးအောက်တွင် ၎င်းကို တခဏချင်းပင် ဖုံးကွယ်လိုက်လေသည်။

သိပ်မကြာခင်မှာ သူတို့နှစ်ယောက်က ကုတင်ကြီး၏ ဘေးနှစ်ဖက်ကို သိမ်းပိုက်ပြီး လဲလျောင်းလိုက်သည်။

ပေါ်ယွဲ့မင် မေးလိုက်၏။ “မီးဖွင့်ထားတုန်းလား? မအိပ်ခင် ပိတ်လိုက်နော်။”

ဖေးယိ၏ အိပ်ရာဝင်ချိန် မရောက်သေးသော်လည်း သူက ပေါ်ယွဲ့မင်ကို ထိခိုက်စေမှာ စိုးရိမ်တာကြောင့် ဖုန်းကိုချကာ မီးပိတ်လိုက်လေသည်။

အခန်းက အမှောင်ထုထဲသို့ ကျရောက်သွားသည်။


ပေါ်ယွဲ့မင် မနက်ဖြန်မှာ အလုပ်ကိစ္စဖြင့် စောစောထရမည်ကို ဖေးယိသိတာကြောင့် သူက သူ့ကို မနှောင့်ယှက်ရဲပေ။ သူက မျက်လုံးကို အတင်းမှိတ်ကာ အိပ်လိုက်သည်။


အချိန်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာ ထပ်နေသော အသက်ရှုသံများက တည်ငြိမ်လာသည်။

ပေါ်ယွဲ့မင်က အမှောင်ထဲမှာ မျက်လုံးဖွင့်လိုက်ပြီး သတိချပ်၍ ဘေးလှည့်ကာ မှိန်ဖျော့ဖျော့ မီးရောင်ထဲရှိ သူ့ရှေ့ကလူကို ငေးစိုက်ကြည့်လိုက်သည်။

ဖေးယိက သူ့ကိုယ်သူ စောင်ထဲမှာပတ်ထားပြီး အိပ်ပျော်နေသော မျက်နှာလေးကိုသာ ဖော်ထားကာ လိမ်လိမ်မာမာ အိပ်နေသော အနေအထားဟု လူကို ထင်ယောင်ထင်မှား ဖြစ်စေသည်။

“…….”


နောက်ဆုံးနှစ်ကြိမ်က သူ့ရင်ခွင်ထဲမှာ အိပ်စက်ခဲ့သော ဖေးယိကြောင့် ပေါ်ယွဲ့မင်က ထိုခံစားချက်ကို မထင်ထားလောက်အောင် ချစ်မိသွားခဲ့သည်။ ထို့ကြောင့် မနေ့ညက ဟိုတယ်ကို ဘိုကင်မတင်မီတွင် သူတို့က မာစတာခန်းတစ်ခန်းနှင့် အခန်းပိုနှစ်ခန်းသာ လိုအပ်သည်ဟု သူ လင်းကျုံးအား အထူးတလည် ရှင်းပြခဲ့သည်။

လင်းကျုံးက ဉာဏ်ကောင်း၏။ ဤနေရာတွင် သူ့လျှို့ဝှက်ချက်များ အလွယ်တကူပေါ်သွားနိုင်သည်ကို သိသဖြင့် လင်းကျုံးက ဤအကြောင်းကို စုန့်ယွမ်ယွမ်အား တမင်တကာ အကြောင်းကြားခဲ့သည်။

သေချာသည်မှာ ပေါ်ယွဲ့မင်က သူ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများအတွက် ဖေးယိအား မည်သည်ကိုမျှ အတင်းအကျပ်လုပ်စေမည် မဟုတ်ပေ။

သူက ဖေးယိဘက်က “မရိုးမသား”ဖြစ်လာပြီး သူ့နားအရင်ကပ်လာမည်ကို စောင့်မျှော်နေသည်။

သူ စောင့်နေတာက အချည်းနှီးဖြစ်သွားသည့်တိုင် ကြောင်ပေါက်လေး အိပ်နေတာကို ယခုလို ကြည့်ရတာ ကောင်းလွန်းလှပြီဖြစ်၏။

သူ တွေးနေတုန်းမှာပင် ဖေးယိက အိပ်နေရင်း အိပ်သည့်အနေအထားပြောင်းသွားသည်။

သူက ကုတင်အလယ်ကို ရွေ့လာပြီး ပေါ်ယွဲ့မင်ကို ရှာတွေ့ပြီးနောက် ခေါင်းအုံးကြီးတစ်လုံးကို တွေ့ရှိသွားပုံရပြီး လက်နှင့်ခြေတို့ဖြင့် ခိုကိုးရာမဲ့သလို ဖက်တွယ်လိုက်လေသည်။


သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားသော စောင်က အောက်သို့ အများကြီးလျှောကျသွား၏။

ထင်သည့်အတိုင်းပင် ရင်ခွင်ထဲပစ်ဝင်လာသော ကြောင်ပေါက်လေးကို စောင့်မျှော်ရင်း ပေါ်ယွဲ့မင်က တိတ်တဆိတ် ပြုံးလိုက်ပြီး သူ့ရင်ခွင်ထဲက လူကို အိပ်ပျော်စေရန် လည်ပင်းကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။


ဖေးယိ လုံးလုံးအိပ်ပျော်သွားမှသာ သူလုံးဝစိတ်အေးသွားသည်။ သူက ခေါင်းငုံ့ကာ မွှေးရနံ့ခပ်ဖျော့ဖျော့ ရနေသော ဆံနွယ်ကို ပွတ်သပ်လိုက်ပြီး နွေးထွေးသော နှုတ်ခမ်းပါးက နူးညံ့အိစက်သော နားရွက်ဖျားကို ပွတ်လိုက်လိုက်၏။

“ကောင်းသောညပါ…ကြောင်ပေါက်လေး”

. . . . . .

နောက်နေ့မနက်တွင် ပေါ်ယွဲ့မင်က အရင်နိုးလာသည်။

အလုပ်အစီအရင်ခံဖို့ တာဝန်ရှိသော စုန့်ယွမ်ယွမ်က လက်ထောက်လင်းကျုံးနှင့်အတူ အချိန်မီရောက်လာသည်။ သုံးယောက်က ဧည့်ခန်းထဲမှာထိုင်ပြီး ပရောဂျက်၏ ပဏာမပူးပေါင်းမှုကို လုပ်ဆောင်ရန် ပြင်နေသည်။

တရားဝင်အစီရင်ခံစာ မထုတ်ပြန်မီတွင် စုန့်ယွမ်ယွမ်က အိမ်ရာကိစ္စကို အရင်ပြောလိုက်သည်။ “မစ္စတာပေါ်.. အေဂျင်စီက သင့်တော်တဲ့အိမ်တစ်လုံးရှာတွေ့ထားပါတယ်။ အဲ့ဒါက မာစတာအိပ်ခန်းတစ်ခန်းနဲ့ အိပ်ခန်းအပိုသုံးခန်းပါပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတဲ့ ဗီလာအလွတ်တစ်ခုပါ။”

ဤပရောဂျက်က အနည်းဆုံးနှစ်လကြာမှာဖြစ်ပြီး ဟိုတယ်မှာ အချိန်အကြာကြီး နေထိုင်ခြင်းက “အိမ်”တစ်လုံးမှာ နေထိုင်ရခြင်းလောက် သက်တောင့်သက်သာမရှိပေ။

စုန့်ယွမ်ယွမ် ဆက်ပြောလိုက်၏။ “ခင်ဗျား ဟိုတယ်မှာ မနေချင်ရင် အိမ်ရာကန်ထရိုက် လက်မှတ်ထိုးဖို့ ကြားခံလူကို အမြဲရှာလို့ရပါတယ်။”


ပေါ်ယွဲ့မင်က ကော်ဖီတစ်ငုံသောက်လိုက်၏။ “အင်း….လင်းကျုံးက အဲ့ဒါကို နောက်မှ ကူကြည့်ပေးလိမ့်မယ်။ ပြဿနာတစ်စုံတစ်ရာမရှိရင်တော့ စာချုပ်ချုပ်တာပေါ့။ ဒါပေမယ့် လောလောဆယ် အလျင်စလို ပြောင်းရွှေ့ဖို့မလိုဘူး။ နောက်တစ်ပတ်မှ အဲ့ဒီအကြောင်းပြောကြမယ်။”

စုန့်ယွမ်ယွမ်က အံ့အားသင့်ကာ နားမလည်နိုင်ဖြစ်သွားလေသည်။

သင့်တော်တဲ့ အိမ်တစ်လုံးတွေ့တာတောင် ဟိုတယ်မှာ ဘာလို့ဆက်နေမှာလဲ?

သူ ပြဿနာကို ရှာမတွေ့နိုင်ခင်မှာ မာစတာအိပ်ခန်း၏ တံခါးပွင့်လာသည်။

ဖေးယိက အိပ်မှုန်စုံမွှားဖြင့် ထွက်လာသည်။ မျက်နှာသစ်ပြီးသည့်တိုင် သူ့မျက်နှာပေါ်တွင် ငိုက်မျဥ်းမှုကျန်နေသေးသည်။


လင်းကျုံးက နှုတ်ဆက်လိုက်သည်။ “သခင်ငယ်လေး…နိုးပြီလား?”

ဖေးယိက ပတ်ပတ်လည်ကို ကြည့်ကာ သူကိုယ်တိုင်ပင် မသိလိုက်သော မှီခိုအားထားမှုနှင့်အတူ သူက ဆိုဖာပေါ်ရှိ ပေါ်ယွဲ့မင်ဆီသို့ အလိုလို လျှောက်သွားလိုက်သည်။

နိုးခါစအသံလေးက နူးညံ့နေ၏။

ပေါ်ယွဲ့မင်က လင်းကျုံးကို မတ်တပ်ရပ်စေကာ ရေတစ်ခွက်လောင်းထည့်ခိုင်းပြီး ပြောလိုက်သည်။ “မနေ့ညက ကောင်းကောင်းအိပ်ပျော်လား? မင်း ကောင်းကောင်းမအိပ်ခဲ့ရရင် ငါ ဟိုတယ်ခန်းပြောင်းပြီး မင်းကို တစ်ယောက်တည်း ပေးအိပ်မယ်။”

ပေါ်ယွဲ့မင်က ခေတ္တရပ်ကာ သူ့အတွေးအမှန်များကို မထုတ်ပြခဲ့ပေ။ “ဝမ်းချန်မှာ အိမ်ရှာရခက်တယ်။ ငါတို့ ဒီမှာ ရက်နည်းနည်းလောက် ဆက်နေရလိမ့်မယ်။”

“…….”

အိမ်ရှာဖို့ ခက်လား?

ဟိုတယ်ခန်းပြောင်းပေးမယ်?

ဖေးယိ၏ ခေါင်းထဲရှိ ငိုက်မျဥ်းမှုနှင့် နိုးနေမှုတို့သည် ဆန့်ကျင်ကွဲလွဲနေဆဲဖြစ်ပြီး ရှည်လျားသော စာပိုဒ်ကို ကြားလိုက်ပြီးနောက် သူက အလုပ်ရှုပ်မှာစိုးရိမ်၍ ခေါင်းခါပြလိုက်၏။ “ကောင်းကောင်းအိပ်ရပါတယ်။ မပြောင်းဘူး။”

ပေါ်ယွဲ့မင်က သူလိုချင်သော အဖြေကိုရသွားပြီး သူ့မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ “အင်း”

“……..”


ဘေးနားရှိ လင်းကျုံးက အံ့အားသင့်ခြင်းမရှိပေ။


သူတို့ကို ပထမဆုံးအကြိမ် တွေ့ဆုံရတာဖြစ်သော စုန့်ယွမ်ယွမ်က လုံးလုံးလျားလျား အံ့အားသင့်ကာ သူ့အမူအရာကိုပင် မထိန်းနိုင်ခဲ့ပေ။

မဟုတ်သေးပါဘူး . .မစ္စတာပေါ်!

ဒါတွေက အသိုင်းအဝိုင်းကြီးတွေမှာ ဖြစ်နေကျဆိုတော့ ခင်ဗျားက ခင်ဗျားမိသားစုရဲ့ သခင်ငယ်လေးကို လှည့်စားဖို့ လုပ်နေတာလား?