Ch 66
Viewers 28k

Chapter 66


ကြွယ်ဝသော မနက်စာကို တည်ခင်းကျွေးမွေးခဲ့သည်။

ဖေးယိက မနီးမဝေးမှ အလုပ်စကားဝိုင်းကို ပြတင်းပေါက်နားကနေ စိတ်ဝင်တစား နားစွင့်နေ၏။

ပေါ်ယွဲ့မင်က အစကနေ မေးလိုက်၏။ “လေလံမှာ ကုမ္ပဏီဘယ်နှစ်ခု ပြိုင်ကြမှာလဲ?”

ပေါ်သခင်ကြီးထံမှ သူရရှိခဲ့သည့်အရာမှာ “ဝမ်းချန်အားကစားစင်တာ” ပရောဂျက်၏ ကနဦးအဆင့်အတွက် အခြေခံအကျဆုံး လေလံအချက်အလက်များသာ ဖြစ်ပြီး လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူတို့ ဘာမျှမသိခဲ့ကြပေ။

စုန့်ယွမ်ယွမ်က ပြန်ဖြေလိုက်၏။ “အစပိုင်းမှာ ပေါ်မိသားစုအပြင် ဟိုင်ရှစ်မြို့က နိုင်ငံခြားငွေကြေးထောက်ပံ့တဲ့ လုပ်ငန်းတစ်ခုနဲ့ ဝမ်းချန်က ပြည်တွင်းကုမ္ပဏီငါးခုလည်းရှိတယ်။”

“…….”

လင်းကျုံး အံ့အားသင့်သွား၏။ “အဲ့လောက်အများကြီးလား?”

စုန့်ယွမ်ယွမ် ခေါင်းညိတ်ပြလိုက်သည်။ “ဒီနိုင်ငံတကာ ဆောက်လုပ်ရေးစီမံကိန်းမျိုးက အမြဲတမ်းဦးစားပေးခံရပြီး ဒါက တွက်ချက်ထားတဲ့ အရေအတွက်ပါ။”

.အစောပိုင်းအဆင့်တွင် အကျိုးအမြတ်ရချင်သော ကုမ္ပဏီအသေးလေးများ ရှိခဲ့သော်လည်း ထိပ်တန်းကုမ္ပဏီ အများအပြား စုရုံးနေကြောင်း ကြားသည်နှင့် သူတို့၏ စိတ်အားထက်သန်မှုက သဘာဝကျကျပင် ပျောက်ကွယ်သွားခဲ့သည်။

ပေါ်ယွဲ့မင်က တိုက်ရိုက်မေးလိုက်သည်။ “အခုကရော?”


ကနဦးလေလံအတွက် ဖိတ်ခေါ်မှုက လေးလကြာပြီဖြစ်၍ အခြေအနေ ပြောင်းလဲနိုင်ဖွယ်ရှိသည်။

စုန့်ယွမ်ယွမ်က အမှန်အတိုင်း ပြောလိုက်၏။ “ ဟိုင်ရှစ်မြို့က နိုင်ငံခြားငွေကြေးထောက်ပံ့ရေး လုပ်ငန်းက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ပြီးတော့ ဝမ်းချန်မှာရှိတဲ့ ပြည်တွင်းလုပ်ငန်းသုံးခုကလည်း တစ်ခုပြီးတစ်ခု နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တယ်။ အခု ကျွန်တော်တို့ရဲ့ ပေါ်ဂရုအပါအဝင် လုပ်ငန်းသုံးခုပဲရှိပါတော့တယ်။”

ဖေးယိက ပဲနို့တစ်ငုံသောက်ကာ အတန်ငယ် မျက်မှောင်ကြုတ်လိုက်လေ၏။

လေလံပထမဆုံးအချီ မတိုင်ခင်မှာပင် မူလကုမ္ပဏီခုနှစ်ခု၏ ထက်ဝက်ကျော်က နောက်ဆုတ်သွားခဲ့သည်။ ဒါက “လူကြိုက်များတဲ့ပရောဂျက်”နဲ့ “ပရောဂျက်ကိုရရှိပြီးနောက် အလားအလာရှိတဲ့ အနာဂတ်” မဟုတ်ဘူးလား? ဒီအခြေအနေက ဘာကြီးလဲ?

လင်းကျုံးကလည်း ဤအချက်ကို စဥ်းစားမိပြီး သူဌေးကိုယ်စား မေးလိုက်၏။ “ဘာတွေဖြစ်နေတာလဲ သိပြီးပြီလား?”

“မသိသေးဘူး”

စုန့်ယွမ်ယွမ်က ခေါင်းခါပြကာ ခန့်မှန်းလိုက်၏။ “ပြိုင်ဘက်က အားကောင်းလွန်းလို့၊ ပြိုင်ပွဲက ပြင်းထန်လို့၊ ဒါမှမဟုတ် ကုမ္ပဏီတွေမှာ ပြဿနာရှိနေလို့ ဒီပရောဂျက်ကို မယူနိုင်တာများလား?”

တခြားကုမ္ပဏီများကို ထည့်မပြောသည့်တိုင် သူတို့၏ ပေါ်ပရောဂျက်အဖွဲ့မှာ–

မူလတာဝန်ခံ ဖုန်းကျန့်က တိတ်တဆိတ် ထွက်ပြေးသွားပြီး သူတို့ ယခင်က တွက်ချက်ခဲ့သည့် လေလံအချက်အလက် အမျိုးမျိုးကို ထုတ်ယူကာ ပေါက်ကြားစေခဲ့တာ ဖြစ်နိုင်သည်။

ယင်းအကြောင်းကို ပရောဂျက်အဖွဲ့ဝင်များ သိသွားကြသည့်အခါ အားလုံးနီးပါး ပြိုလဲသွားခဲ့သည်။

စုန့်ယွမ်ယွမ်က အဆိုပါကိစ္စကို အင်ပါယာမြို့တော်ရှိ ဌာနချုပ်သို့ အစီအရင်ခံခဲ့သော်လည်း တစ်ပတ်နီးပါး စောင့်ပြီးသည့်တိုင် မည်သည့်သတင်းမျှ မရရှိခဲ့ပေ။ ပေါ်ယွဲ့မင် ရောက်မလာခဲ့လျှင် သူတို့အားလုံးက ထုတ်ပိုးပြီး ထွက်သွားဖို့ ပြင်ဆင်ထားကြသည်။



“ဖုန်းကျန့် ဘယ်နေရာမှာရှိလဲဆိုတာသိလား?” လမ်းတစ်ဝက်၌ အရှုံးပေးခြင်းက ထိုလူအတွက် လွယ်ကူမည်မဟုတ်ဟု ပေါ်ယွဲ့မင် ခံစားရသည်။

စုန့်ယွမ်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော် ရဲခေါ်ထားပေမယ့် လက်ထဲမှာ ခိုင်လုံတဲ့သက်သေမရှိဘူး။ ပြီးတော့ အဲ့ဒါကို နုတ်ထွက်တဲ့ ကိစ္စလို့ပဲ သတ်မှတ်လို့ရတယ်။ ရဲတွေက အမှုဖွင့်မှာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ပိုင်စုံထောက်တစ်ဦးကို ငှားရမ်းထားတယ်။ သတင်းထူးရှိလာရင် ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားမှာပါ။”



ဖေးယိက ကြက်ဥပြုတ် နောက်ဆုံးတစ်ကိုက်ကို ပါးစပ်ထဲထိုးထည့်လိုက်ကာ စုန့်ယွမ်ယွမ်၏ လုပ်ဆောင်နိုင်စွမ်းက မဆိုးရွားကြောင်း ခံစားမိခဲ့သည်။

အနည်းဆုံးတော့ ဖုန်းကျန့် နုတ်ထွက်ပြီး ပျောက်ကွယ်သွားပြီးနောက် တစ်ဖက်လူ၏ နောက်ဆက်တွဲ ဖြေရှင်းချက်က အလွန်စိတ်ချရလေသည်။

နောက်စက္ကန့်တွင် ပေါ်ယွဲ့မင်က အခိုင်အမာ ဆိုလိုက်၏။ “တော်တယ်။ ဖုန်းကျန့်အတွက် ကုန်ကျသွားတဲ့ စရိတ်ကို ငါမင်းကိုပြန်ပေးမှာပါ။ ခဏနေရင် မင်း လင်းကျုံးနဲ့ စကားပြောလိုက်ပါ။”


စုန့်ယွမ်ယွမ်က ဝမ်းသာသွား၏။ “ကျေးဇူးတင်ပါတယ်။ သူဌေး!”

ပေါ်ယွဲ့မင်က ခေါင်းညိတ်ပြလိုက်၏။ “စကားဆက်မယ်။ လေလံမှာ ပါဝင်မယ့် ဝမ်းချန်က ကုမ္ပဏီနှစ်ခုအကြောင်းကို အသေးစိတ်ပြောပြပါ။”

“တစ်ခုက ဝမ်းချန်ရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ဦးဆောင်နေတဲ့ကုမ္ပဏီ ရွှင်းထျန်းဂရုပါ။ အဲ့ဒီတုန်းက ဝမ်းချန်ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကို အသုံးချပြီး သူတို့ဘက်က ခြေကုပ်ချနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ လေးဆယ်ရာခိုင်နှုန်းမှာ သူတို့ရှယ်ရာတွေပါဝင်ပါတယ်။”

“လက်ရှိ ကုမ္ပဏီမှာ ပြောခွင့်ဆိုခွင့်အရှိဆုံးကတော့ ချန်ရွှင်းလို့ခေါ်တဲ့ ဒါရိုက်တာပါ။ သူက အသက်ငါးဆယ်လောက်ရှိပြီး ပျော်ပျော်နေတတ်တဲ့သူပါ။”

“နောက်တစ်ခုကတော့ မျိုးဆက်သုံးဆက် ဖြတ်သန်းလာခဲ့တဲ့ မိသားစုစီးပွားရေးလုပ်ငန်း ယိုဂရုပါ။ ဆက်စပ်လုပ်ငန်းကွင်းစက်လည်း တိုးချဲ့နေပါတယ်။” စုန့်ယွမ်ယွမ်က ခေတ္တရပ်ပြီး အကျဥ်းချုပ်ရှင်းပြလိုက်သည်။ “လက်ရှိ ကုမ္ပဏီကိုတာဝန်ယူထားတဲ့ ဥက္ကဋ္ဌက ယိုချီနျန်ပါ။”

ယိုချီနျန်?

ထိုအရေးပါသော နာမည်ကို ကြားသောအခါ ဖေးယိ၏ ရင်ထဲတွင် စိတ်ဝင်စားမှု အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာ၏။

“မစ္စတာပေါ်.. သူက ခုမှ အသက်၃၀ပြည့်ခါစဖြစ်ပြီး နှစ်အစမှာ လက်လွှဲယူထားတာပါ။”

စုန့်ယွမ်ယွမ်က ပေါ်ဂရု၏ အခြေအနေအကြောင်း တွေးတောကာ ပေါ်ယွဲ့မင်ကို အများကြီးပြောပြလိုက်၏။ “ကောလာဟလတွေအရတော့ ယိုမိသားစုအတွင်း အာဏာလွန်ဆွဲပွဲက တော်တော်လေး ပြင်းထန်တယ်။”

ယိုချီနျန်က ရှုပ်ထွေးသော မိသားစုအကျိုးအမြတ် ကွင်းဆက်ကနေ သူ့လမ်းကို ဖောက်ထွက်နိုင်လျှင် သူ့နည်းလမ်းများက မရိုးရှင်းမှာကို စိုးရိမ်မိသည်။


ဝမ်းချန်အားကစားစင်တာအတွက် လေလံဆွဲမှုသည် ယိုမိသားစုကို လွှဲပြောင်းယူပြီးနောက် ထိုသူ၏ ပထမဦးဆုံး အကြီးစားပရောဂျက်ဖြစ်၏။


ပေါ်ယွဲ့မင်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်၏။ “လင်းကျုံး… ရွှင်းထျန်းနဲ့ ယိုဂရုကို အသေးစိတ်စစ်ဆေးဖို့ လူတစ်ယောက်ရှာလိုက်ပါ။ လူသိရှင်ကြား အပြောင်းအလဲတွေပဲ ဖြစ်ဖြစ် လျှို့ဝှက်အတင်းအဖျင်းတွေပဲဖြစ်ဖြစ် အသေးစိတ်ကျလေ ပိုကောင်းလေပဲ။”


ကိုယ့်ကိုယ်ကို နှင့် ရန်သူကို ကောင်းကောင်းသိထားခြင်းဖြင့် လိုအပ်သည့်အခါတွင် အတိကျဆုံး စီရင်ဆုံးဖြတ်နိုင်လိမ့်မည်။

လင်းကျုံးက ချက်ချင်းဆိုသလိုပင် သူ့တက်ဘလက်ကိုထုတ်ကာ ချရေးလိုက်၏။ “ဟုတ်ကဲ့”

ပေါ်ယွဲ့မင်က အချိန်ဖြုန်းရတာကို သဘောကျသူမဟုတ်သဖြင့် သူက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။ “ဒုအဖွဲ့ခေါင်းဆောင် စုန့်၊ လူတိုင်းကို အသိပေးလိုက်ပါ။ ပရောဂျက်အဖွဲ့တစ်ခုလုံး ဒီနေ့မွန်းလွဲ၂နာရီမှာ အစည်းအဝေးလုပ်ပါမယ်။ မူလလေလံဆွဲမယ့် အစီအစဥ်က ပေါက်ကြားသွားလောက်ပြီ။ ဆိုတော့ ငါတို့ အဲ့ဒါကိုလှန်ပြီး အစကနေပြန်လုပ်ရမယ်။”

စုန့်ယွမ်ယွမ်က မသေချာပေ။ “မစ္စတာပေါ်.. ကျွန်တော်တို့ အဲ့ဒါကို အစကနေပြန်လုပ်ရင် အချိန်က…”


ပေါ်ယွဲ့မင် အမိန့်ပေးလိုက်၏။ “လုပ်လိုက်! ငါ့ကန်သတ်ချက်ကို ငါသိတယ်။”


စုန့်ယွမ်ယွမ်က ဤသူဌေးဖြစ်သူ၏ စွမ်းဆောင်ရည်ကို ယခင်ကကြားဖူးသည်။ တစ်ဖက်လူက နှစ်လအတွင်း သန်း၅၀၀တန်ကြေးရှိသော ပရောဂျက်ကြီးတစ်ခုကို အနိုင်ရခဲ့ပြီး ထိုတိုက်ပွဲအပြီးမှာ အင်ပါယာမြို့တော် အသိုင်းအဝိုင်း၌ အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့သည်။

စုန့်ယွမ်ယွမ်က ချက်ချင်းပင် သူ၏မရင့်ကျက်သော ကန့်ကွက်မှုများကို ရပ်လိုက်သည်။ “ဟုတ်ကဲ့ပါ… .သူဌေးပေါ်.  ကျွန်တော် သူတို့ကို ချက်ချင်း အကြောင်းကြားလိုက်ပါမယ်!”

ဤသည်မှာ ဖေးယိက ပေါ်ယွဲ့မင်၏ လျင်မြန်ပြတ်သားသော လုပ်ဆောင်မှုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူ့မျက်လုံးများက ထိုလူအား မသိစိတ်အလျောက် ကြည့်နေမိသည်။

အထဲသို့ ဝင်လာသော အလင်းတန်းက သူ၏ပြီးပြည့်စုံသော မျက်နှာကို ရိုက်ခတ်နေ၍ သူ့မေးရိုးအား ပိုမိုထင်ရှားစေပြီး ထိုးထွက်နေသော သူ့လည်စေ့မှာ စကားပြောသည့်အခါ သိမ်သိမ်မွေ့မွေ့ လှိမ့်သွားခဲ့သည်။ ထိုလူက လျစ်လျူရှူတတ်ကာ တည်ငြိိမ်ပေမယ့် အနည်းငယ်မျှ ပြုစားနိုင်သည်အထိ ဆွဲဆောင်မှုရှိသည်။

ကျစ်

ဒီလူက ဘာလို့ ကြည့်ကောင်းသထက် ကြည့်ကောင်းလာရတာလဲ?

သေချာတာက ဒီ“စာအုပ်ဇာတ်ကောင်”ကို မြင်ယောင်ပြီးရင် သူ ကြည့်ရတာ ဘယ်တော့မှ ငြီးငွေ့သွားမှာ မဟုတ်ဘူးမလား?

ဖေးယိက မှင်တက်နေပြီး မထင်မှတ်ထားစွာပင် ပေါ်ယွဲ့မင်၏ အကြည့်နှင့် ဆုံသွားခဲ့သည်။

လွင့်မျောနေသော နေရောင်ခြည်က ထိုလူ၏ နက်ပြာရောင်မျက်လုံးများကို ဖြတ်ကျော်ကာ အတိတ်၏ မီးခိုးရောင်အခြေအနေကို ဖယ်ရှားပစ်လိုက်သည်။ ၎င်းတို့မှာ ၎င်းတို့၏ တောက်ပမှုကို ပြန်လည်ရရှိခဲ့သော အပြာရောင် ကျောက်မျက်ရတနာနှင့် တူသောကြောင့် အင်မတန်လှပပြီး နှလုံးသားကို ခုန်ပေါက်စေသည်။

“……..”

ဖေးယိက တခဏမျှ အသက်ရှုရန် မေ့သွားခဲ့သည်။ သူ့ရင်ခုန်သံက မကြုံဖူးသော တင်းမာမှုတစ်ခုဖြင့် ရစ်ပတ်နေပြီး “တစ်ဖက်လူ၏ မျက်လုံးက လုံးဝကောင်းသွားပြီ”ဟူသော ခံစားချက်မျိုးကို မြှင့်တင်ပေးစွမ်းနေ၏။

သို့သော် ၎င်းက ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာဟူ၍ သူ ချက်ချင်းဆုံးဖြတ်လိုက်သည်။

သုံးစက္ကန့်အတွင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိသဖြင့် ပေါ်ယွဲ့မင်က မရေမရာ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ “ဖေးယိ… စားပြီးပြီလား?”

သူမြင်နိုင်တယ်ဆိုရင် ဒီလိုမေးခွန်းမေးဖို့ လိုအပ်လို့လား?

ပေါ်ယွဲ့မင်၏ သေစေနိုင်လောက်သော မျက်လုံးများကိုသာ အပြစ်တင်ရပေမည်။ စာအုပ်ထဲက ဇာတ်ကွက်နှင့် အချိန်ဇယားကို မှတ်မိနေ၍ တစ်ဖက်လူက ပြန်ကောင်းလာဖို့ အလှမ်းဝေးနေသေးသည်။

ဖေးယိက သူ့အတွေးများကို ထိန်းချုပ်ကာ ပဲနို့၏ နောက်ဆုံးတစ်ငုံကို သောက်လိုက်သည်။ “အာ့ကော…ပြီးပြီ။”


“ငါ ဒီနေ့ နည်းနည်းအလုပ်ရှူပ်နေလို့.. မင်းနဲ့ဦးလေးခိုင်က ဟိုတယ်မှာ အနားယူနေပါ။”

ပေါ်ယွဲ့မင်က အလုပ်မှာရှိခဲ့သော အေးစက်မာကျောသည့် အရိပ်အယောင်ကို ပြေလျော့စေပြီး သူ့လေသံက မသိစိတ်အလျောက် နူးညံ့သွားလေသည်။ “ရက်နည်းနည်းလောက် စောင့်ပါ။ ကိုယ် မင်းကို ဝမ်းချန်တစ်ဝိုက်လည်ပတ်ဖို့ ခေါ်သွားပေးမယ်…ဟုတ်ပြီလား?”

ဖေးယိက ပေါ့ပေါ့တန်တန် ပြောလိုက်၏။ “ဟုတ်”

အတော်ပဲ။

မကြာသေးခင်က သူသည် ပေါ်ယွဲ့မင်နှင့် မာစတာအိပ်ခန်းကို မျှသုံးခဲ့ရသည်။ ထို့ကြောင့် သူသည် ဂိမ်းနှင့်ပတ်သက်သည့် အလုပ်ကိစ္စများကို နေ့ဘက်တွင်သာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

ကြောင်ပေါက်လေး တစ်ယောက်တည်းရှိနေစဥ်မှာ မဟုတ်တာတစ်ခုခုလုပ်နေမည်ကို တွေးမိသဖြင့် ပေါ်ယွဲ့မင်က ကျီစယ်သံဖြင့် ချော့ပြောလိုက်၏။ “ဒါဆို လိမ်လိမ်မာမာနေနော်။”

“……..”

တစ်ဖက်မှ လင်းကျုံးနှင့် စုန့်ယွမ်ယွမ်တို့က တစ်ချိန်တည်းတွင် ခေါင်းငုံ့ထားကာ သူတို့၏ တည်ရှိမှုကို လျှော့ချရန် ကြိုးစားနေကြသည်။

ဖေးယိက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ကာ သူ့ပါးပြင်တွေ ပူထူလာခဲ့သည်။

ဒီစကားကို အပြင်လူတွေရှေ့မှာ ဘာလို့ပြောရတာလဲ? ဒီလူဘာဖြစ်နေတာလဲ? ရှက်စရာကြီး!

ဖေးယိက အာမေဋိတ်ပြုလိုက်၏။ “အို့”


“ဟုတ်ပြီ .သွားရအောင်။” ပေါ်ယွဲ့မင်က အပြုံးတစ်ခုဖြင့် ထရပ်ကာ အသံကျယ်ကျယ် ပြောလိုက်၏။ “ဦးလေးခိုင်… ကျွန်တော် ဒီနေရာကို ခင်ဗျားဆီအပ်ခဲ့မယ်။”

စကားတစ်ခွန်းမျှ မပြောပဲ အဝေးတစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေသော ဦးလေးခိုင်က ပြန်ဖြေလိုက်၏။ “အိုက်… စိတ်မပူပါနဲ့… ဒုတိယသခင်လေး။ ကျွန်တော် သခင်ငယ်လေးကို သေချာစောင့်ရှောက်ထားပါမယ်။ တစ်ခုခုလိုအပ်ရင်သာ ဖုန်းခေါ်လိုက်ပါ။”

“အင်း”

. . . . . .