Chapter 67
ပေါ်ယွဲ့မင် ထွက်သွားပြီးနောက် ဖေးယိက မွန်းတည့်ချိန်အထိ တစ်ရေးတစ်မောအိပ်ခဲ့သည်။ နေ့လည်စာစားပြီးနောက် သူက “ကာတွန်းကားကြည့်ခြင်း”ဟူသော အကြောင်းပြချက်ဖြင့် ဟိုတယ်ခန်း၏ စာဖတ်ခန်းလေးထဲသို့ ဝင်ခွင့်ရသွားခဲ့သည်။
ဝမ်းချန်ရှိ ကြယ်အမြင့်ဆုံးဟိုတယ်၏ အထောက်အကူပြု ပစ္စည်းများသည် မျှော်မှန်းထားသည့်အတိုင်းပင် ထိပ်တန်းအဆင့်ဖြစ်၏။
စာဖတ်ခန်းထဲရှိ ပင်မစားပွဲခုံက ဖောက်ထွင်းမြင်ရသော မှန်ပြတင်းပေါက်ကို မျက်နှာမူနေသည်။ အထပ်မြင့်မှ မြင်ကွင်းက အလွန်ကောင်းမွန်ပြီး ကွန်ပျူတာက အမြင့်ဆုံးဆက်တင်စနစ်ဖြင့် တပ်ဆင်ထားသည်။
ဦးလေးခိုင်က နေ့ခင်းနေ့လည် တစ်ရေးအိပ်ရန် သူ့အခန်းသို့ပြန်သွားကြောင်း အတည်ပြုပြီးနောက်မှာ ဖေးယိက ကွန်ပျူတာကိုဖွင့်လိုက်ပြီး ချက်ချင်းပင် ယိုထူဝဘ်ဆိုဒ်သို့ ဝင်ရောက်လိုက်၏။
လူသုံးယောက်ဂရုလေးမှ သတိပေးချက်တစ်စောင် ရောက်နေပြီး ၎င်းက လို့ယန်ဆီမှ သတင်းဖြစ်၏။
“နတ်ဘုရား Wi.. မင်း အခုမှ လိုင်းပေါ်တက်လာတယ်ပေါ့လေ? ဒီနေရာမှာ တစ်နေ့ အကြိမ်၈၀၀ squat ထိုင်ရင်း မင်းကိုစောင့်နေတာ။”
ဖေးယိ၏ ဝီချက်ပေါ်မှာ ချင်ယိရွှင်း၊ ပေါ်ယွဲ့မင်နှင့် တခြားသူများရှိသည်။ လူအများကြီး အပ်ဒ်ထားခြင်းက သူ့လျှို့ဝှက်ချက်များကို ပေါ်သွားစေမှာ စိုးရိမ်တာကြောင့် သူက အလုပ်ကိစ္စများကို ယိုထူဂရုလေးထဲမှာ ထားသည်။
မည်သို့ပင်ဖြစ်စေ ဝဘ်ဆိုဒ်၏ မူပိုင်ခွင့်ကာကွယ်မှုက အလွန်တင်းကြပ်ပြီး အလုပ်နှင့်ပတ်သက်သော ချက်တင်များ ပေါက်ကြားသွားမည်ကို စိုးရိမ်ဖို့မလိုပေ။
ဖေးယိက ပြုံးပြီး စာအမြန်ရိုက်လိုက်သည်။ “အစ်မယန်… ကျွန်တော့်ကို မနောက်နဲ့တော့။ ဒီနှစ်ရက်အတွင်း ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာကိစ္စလေး ရှိနေလို့ပါ။ အစ်မ ကျွန်တော့်ကို ဘာပြောချင်တာလဲ?”
တစ်ဖက်ခြမ်းမှ လို့ယန်က ပြန်ဖြေလိုက်၏။ “မင်းနဲ့အတူ ကိစ္စတစ်ခုကို အတည်ပြုချင်လို့ပါ။ ခဏစောင့်ဦး။”
ဤစာသားများ ကျလာပြီး သိပ်မကြာခင်မှာ ဖေးယိက “Loading”ဆိုသော ဓာတ်ပုံကြီးတစ်ခုကို ရရှိခဲ့သည်။
“နောက်ဆုံးမြူထဲက “လူသားဖုတ်ကောင်”ရဲ့ ဓာတ်ပုံပါ။ ဒါက ကနဦးဗားရှင်းဖြစ်လို့ အပြီးမသတ်ရသေးဘူး။ ဒီပုံက မင်းစိတ်ထဲမှာရှိတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရဲ့လား ကြည့်ပေးပါ။”
ဖေးယိက အဝိုင်းလည်နေသော ဓာတ်ပုံကို နှိပ်ကြည့်ကာ တစ်ဖက်လူ၏ ဒီဇိုင်းကြောင့် ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။
တစ်ပတ်မပြည့်ခင်မှာ ဒီအဆင့်ထိ ရောက်နိုင်တာလား?
လို့ယန်က မော်ဒယ်ဒီီဇိုင်းနှင့် နည်းပညာတင် မကပဲ ဂရပ်ဖစ်ဓာတ်ပုံဒီဇိုင်းမှာလည်း ထူးချွန်သူဖြစ်၏။ ဖန်သားပြင်ပေါ်ရှိ ဇာတ်ကောင်ဓာတ်ပုံက ဖေးယိ၏ စိတ်အာရုံနှင့် ကိုက်ညီသည်။
ဖန်သားပြင်ပေါ်ရှိ လူသားဖုတ်ကောင်မှာ နီရဲနေသော မျက်လုံးနှင့် ဖြူဖျော့သော အသားအရေရှိသည်။ မျက်လုံးထောင့်များတွင် လျှို့ဝှက်ဆန်းကြယ်သော စာလုံးသေးသေးလေးများ ပါရှိပြီး သူတို့အား ပို၍ပင် ထူးဆန်းအေးစက်သည့် ပုံပေါ်စေသည်။
မသေဆုံးမီ ဝတ်ဆင်ထားသည့် ရှပ်အင်္ကျီအဖြူသည် အပေါက်များနှင့် စုတ်ပြဲနေပြီး အောက်ခံပုံသဏ္ဍန်ကို ထုတ်ဖော်ပြထားသည်။ သူ၏ အရိုးထူသော လက်များက မသိမသာ ပြန့်ကားနေပြီး လက်ဖဝါးပေါ်တွင် သွေးစွန်းနေသော အပေါက်တစ်ခုရှိကာ ယင်းက အမြင်အာရုံကို အပြင်းအထန် ထိခိုက်စေသည်။
တင်း…
လီယွမ်က ၎င်းကို ထောက်ခံမဲပေးဖို့ ခုန်ထွက်လာ၏။ “ငါအရင်ပြောလိုက်မယ်။ ဒီတစ်ခုက ပြဿနာမရှိဘူးလို့ထင်တယ်။”
ဖေးယိက သံယောင်လိုက်ကာ ပြောလိုက်၏။ “အင်း…. ကျွန်တော်လည်း ကောင်းတယ်လို့ထင်တယ်။”
“အလျင်လိုစရာမလိုပါဘူး။ မင်းတို့ရဲ့ အမြင်ကို သိချင်ရုံပဲ။ ဒါဖိုင််နယ်ဗားရှင်းမဟုတ်ဘူး။”
လို့ယန်က သူမ၏အစီအစဥ်ကို အေးအေးလူလူ ရှင်းပြလိုက်၏။ “အရုဏ်ဦးဂိမ်းရဲ့ အနုပညာပန်းချီအဖွဲ့ကို ငါ အခု လက်လွှဲယူလိုက်ပြီ။ နောက်ထပ် လူသစ်စုဆောင်းဖို့လိုသေးတယ်။ ဂရုထဲမှာ အလုပ်သမားခွဲထားတာ ရှင်းလင်းသွားရင် ဝတ်စုံ၊ လက်နက်နဲ့ ပုံပန်းသွင်ပြင်တွေကို ထပ်ပြီး ပေါင်းစပ်လိုက်လို့ရပြီ။”
အားလုံးဆုံးဖြတ်ပြီးမှ မော်ဒယ်လ်ကို ဆက်လုပ်လို့ရမှာဖြစ်၏။
သေချာသည်မှာ ယင်းက ရှည်လျားပြီး ငြီးငွေ့စရာကောင်းသော လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။
“နောက်ဆုံးမြူ 1.0”က ဤမျှအသေးစိတ်သော ရုပ်ပုံဗားရှင်းကို မလိုအပ်သော်လည်း လို့ယန်လုပ်ဆောင်သမျှသည် ဗားရှင်း 2.0 အတွက်ပါ ထည့်သွင်းစဥ်းစားထားခြင်း ဖြစ်သည်။
ဖေးယိက စိတ်ကျေနပ်စွာ နှုတ်ခမ်းဖိလိုက်၏။ “အစ်မယန်ကို အပ်လိုက်ပါပြီ။”
စိတ်တူကိုယ်တူရှိသူများနှင့် လုပ်ဆောင်ရခြင်းက ကိစ္စရပ်များကို ပိုမိုချောမွေ့စေပြီး စိတ်ပူပန်မှု ကင်းစေသည်။
ဇာတ်ကောင်ရုပ်ပုံပြဿနာကို တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပြီးနောက် လီယွမ်က စကားပြောဖို့ အခွင့်အရေးယူလိုက်သည်။ “ဒါနဲ့….တခြားဘာမှမဖြစ်ဘူးဆိုရင် GM နဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို နောက်တစ်ပတ်မှာ လက်မှတ်ရေးထိုးလိုက်မယ်”
“Will… နောက်ဆုံးမြူက အရုဏ်ဦးကို သုံးပြီး ပြင်ဆင်မှုတွေလုပ်နေပေမယ့် စာချုပ်ကို တရားဝင်မချုပ်ဆိုခင်မှာ အနာဂတ်ဖြန့်ချီရေးအတွက် စတူဒီယိုနာမည်ကို စဥ်းစားဖို့ လိုသေးတယ်။”
စတူဒီယိုကို တခြားကုမ္ပဏီ၏ အမည်အောက်တွင် မှတ်ပုံတင်နိုင်သော်လည်း ပြင်ပကမ္ဘာတွင် အမည်အသစ်ကို အသုံးပြုရပေမည်။
ဤကိစ္စကို အဆိုပြုခဲ့သော လီယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ “ငါက နာမည်ပေးတာညံ့တယ်။ မင်း တစ်ခုလောက် စဥ်းစားလိုက်။”
အမှန်တော့ သူ့ဖိုရမ်အသုံးပြုသူအမည်က “သစ်တော်သီးခြံ”ကို ကိုးကားပြီး လီဟွမ်ဟူသော အသံထွက်ကို တိုက်ရိုက်မှည့်ထားခြင်းဖြစ်၏။ ထို့ကြောင့် သူ့မှာ နာမည်ပေးဖို့ အမှန်တကယ်ပင် အရည်အချင်းမရှိပါပေ။
“…….”
ဖေးယိ၏ လက်ချောင်းထိပ်များက ကီးဘုတ်ပေါ်တွင် နားနေကာ အမှန်အတိုင်းဝန်ခံဖို့ရန် သူ့အတွက် တခဏမျှ ကြာခဲ့လေသည်။ “တိုက်ဆိုင်လိုက်တာ ကျွန်တော်ရောပဲ။”
အစပိုင်းတွင် သူက စစ်ဆေးရေးမှူးအတွက် နာမည်ပေးဖို့ပင် ဦးနှောက်ကိုညှစ်ခဲ့ရပေမယ့် အဆုံးမှာ ပေါ်ယွဲ့မင်၏ ကျီစယ်နောက်ပြောင်မှုအောက်မှာ ၎င်းကို ရွေးချယ်ခဲ့သည်။
အတော်လေး သက်ဝင်နေသော ဖန်သားပြင်က ရုတ်တရက် အေးခဲသွား၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ဖေးယိနှင့် လီယွမ်တို့က တစ်ပြိုင်နက်တည်း စာရိုက်လိုက်သည်။ “အစ်မယန် .. ခင်ဗျား တစ်ခုလောက် စဥ်းစားပေးလို့ရမလား?”
“……..”
လို့ယန်က ဖန်သားပြင်ရှေ့၌ ပြောစရာစကားပျောက်ရှနေ၏။
သူတို့က စတူဒီယိုကို နာမည်ပေးတဲ့ အရေးကြီးတဲ့ကိစ္စမျိုးမှာတောင် ရုန်းကန်ဖို့ မလိုလားကြဘူးလား?
မင်းတို့နှစ်ယောက်က စတူဒီယိုလုပ်ဖော်ကိုင်ဖက်ဆိုတာ သေချာရဲ့လား? ဒါသင့်လျော်ရဲ့လား?
. . . . . .
စတူဒီယိုအမည် ရွေးချယ်ခြင်းကိစ္စကို ပြန်စဥ်းစားဖို့လိုတာကြောင့် သူတို့သုံးယောက်က ခဏလောက်စကားပြောပြီး သက်ဆိုင်ရာ အလုပ်များလုပ်ရန် လိုင်းပေါ်က ဆင်းသွားကြသည်။
“နောက်ဆုံးမြူ”က ကနဦးပြင်ဆင်မှုအဆင့်တွင် ရှိနေဆဲဖြစ်ပြီး “ရွှင်ပျပျစိတ်ဓာတ်”နှင့် “တိမ်ကမ္ဘာ” မီနီဂိမ်းနှစ်မျိုးလုံးကို ပေးပို့ပြီးပြီ ဖြစ်၏။
ဖေးယိက သူ့စိတ်ကို ရှာဖွေပြီး မီနီဂိမ်းအစစ်ဖန်တီးဖို့ ဆုံးဖြတ်လိုက်၏။ ယခုချိန်တွင် ငွေရှာခြင်းကို ရပ်တန့်၍မရတော့ပေ။
လုပ်ငန်းခွင်ကိုဝင်ပြီး ဖေးယိက ညနေပိုင်းအထိ အာရုံစူးစိုက်နေခဲ့သည်။ ပေါ်ယွဲ့မင်က ယခုချိန်ထိ ပြန်မလာသေးပေ။
ဖေးယိနှင့် ဦးလေးခိုင်က နည်းနည်းသာစားခဲ့ကြပြီး သူတို့စားပြီးသောအခါ ဖေးယိက ကွန်ပျူတာရှေ့တွင် ထိုင်လိုက်ပြီး ယိုထူ သီးသန့်မက်ဆေ့စာတွင် မဖတ်ရသေးသော မက်ဆေ့များရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းကိုနှိပ်ကြည့်လိုက်တော့ တစ်ဖက်လူမှာ “တိမ်ကမ္ဘာ”ကိုဝယ်ခဲ့သူဖြစ်နေမှန်း ဖေးယိ သိလိုက်ရသည်။
“ဆရာ Will… လိုင်းပေါ်ရှိလား?”
၎င်းကို လွန်ခဲ့သည့်ငါးမိနစ်က ပို့ထားခြင်းဖြစ်၏။
ဖေးယိက စာအမြန်ရိုက်လိုက်၏။ “ဟယ်လို…. ရှိပါတယ်။ ဂိမ်းက တစ်ခုခုမှားနေလို့လား?”
တစ်ဖက်လူက ချက်ချင်းပြန်ဖြေလာသည်။ “မဟုတ်ပါဘူး။ ဒီလကုန်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာတော့မှာကို ဆရာ့ဆီ အကြောင်းကြားတာပါ။ ဖန်တီးသူကို လေးစားကြောင်းပြသဖို့အတွက် အဲ့ဒီအချိန်ကျရင် ခင်ဗျားရဲ့ လက်မှတ်နဲ့ ဝေ့ပေါ်အကောင့်ကို ပူးတွဲပေးမှာပါ။”
ဤသည်မှာ နှစ်ဖက်လုံးမှ ရေးသားထားသော စာချုပ်ပါ လိုအပ်သည့် အချက်များဖြစ်သည်။
ဖေးယိက ဤကမ္ဘာနှင့် တရုတ်ဂိမ်းလောက၌ သူ၏ကျော်ကြားမှုကို တိုးလာစေရန် မီနီဂိမ်းများကို အသုံးပြုချင်ခဲ့ပြီး လက်ရှိနာမည်အကြီးဆုံး ပလက်ဖောင်းများတွင် ဝေ့ပေါ်သည် ထိပ်တန်းသုံးခုထဲမှ တစ်ခုဖြစ်၏။
ဖေးယိက အနည်းငယ်မျှ အံ့အားသင့်သွားလေ၏။ “မြန်လိုက်တာ?”
တစ်ဖက်လူက ဆိုသည်။ “ဒီဂိမ်းရဲ့ ဖွဲ့စည်းမှုဘောင်က အတော်လေးရိုးရှင်းပြီး ချောချောမွေ့မွေ့ တိုးတက်နေတာပါ။ ကျွန်တော်တို့က အဲ့ဒါကို ပန်းချီနမူနာတွေ၊ ကာတွန်းပုံတွေဆွဲပြီး ကြိုတင်ဖြန့်ဝေချင်တယ်။ ဒါမှ နောက်ဆို နောက်ဆက်တွဲတွေ ဆက်လုပ်နိုင်မှာပါ။”
ဂိမ်းက ရောင်းထွက်ပြီးသားဖြစ်တာကြောင့် ဖေးယိက စိတ်ပူစရာမလိုတော့ပေ။
မက်ဆေ့တစ်စောင် ထပ်ရောက်လာ၏။ “ဆရာ… ခင်ဗျားမှာ ဝေ့ပေါ်အကောင့်ရှိလား?”
“ခဏလေး”
ဖေးယိက ယခုချိန်တွင် ဆိုရှယ်အကောင့်ပိုများ မဖွင့်ရသေးပေမယ့် အနာဂတ်အတွက် ထည့်သွင်းစဥ်းစားရန် သူက သက်ဆိုင်ရာဆော့ဖ်ဝဲကို ဖွင့်၍ အမြန်စာရင်းသွင်းလိုက်သည်။
အခြေခံအချက်အလက်များ ဖြည့်သွင်းပြီးနောက်မှာ သူအမုန်းဆုံးဖြစ်သည့် နာမည်ပေးရသည့် အပိုင်းသို့ရောက်လာသည်။
လွယ်လွယ်ကူကူ အဆင်ပြေစေရန် အလို့ငှာ ဖေးယိက လက်ရှိ သူ့နာမည် “Will”ကို ထည့်လိုက်ပေမယ့် ၎င်းက စာရင်းသွင်းပြီးသားဖြစ်ကြောင်း ပလက်ဖောင်းက သတိပေးခဲ့သည်။
“……..”
ဖေးယိက အချိန်အတော်ကြာအောင် စဥ်းစားနေပြီးမှ သူ့စိတ်ထဲတွင် “ကိုယ့်ကိုယ့်ကို အတည်ပြုသည့်” အိုင်ဒီတစ်ခု ပေါ်လာလေသည်။
အရက်သောက်နိုင်တဲ့ဘုရင် Will…..
စာရိုက်သည်၊နှိပ်သည်၊ အောင်မြင်သွားသည်။
အိုင်ဒီကိုကြည့်ရင်း ဖေးယိက အရက်သောက်နိုင်ခြင်းအပေါ် ယုံကြည်မှုပြန်လာရသလို ခံစားလိုက်ရသည်။ သူက ၎င်းကို စိတ်ကျေနပ်စွာဖြင့် တစ်ဖက်လူအား ပို့လိုက်လေသည်။
. . . . . .
ခုနှစ်နာရီထိုးပြီးသည့်နောက်တွင် ဖေးယိက တစ်နေ့တာ သူ့အလုပ်ကို အပြီးသတ်ကာ ကွန်ပျူတာကိုပိတ်ပြီး စာဖတ်ခန်းထဲမှ ထွက်သွားခဲ့သည်။
ဧည့်ခန်းက ဗလာဖြစ်နေပြီး ဒုတိယအိပ်ခန်းထဲမှ မီးပွင့်လာသည်။ ဦးလေးခိုင်က ရေသွားချိုးတာဖြစ်နိုင်၏။
ဖေးယိက လက်ဖက်ရည်ဘားကို အမြန်သွားကာ အောက်ဘက်ရှိ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ မူလက သူသည် တွင်းထွက်ရေတစ်ဘူးရဖို့သာ ရည်ရွယ်ခဲ့ပေမယ့် အထဲက ပြိုးပြိုးပြက်ပြက်ဖြစ်နေသော အရက်သေစာများကို မြင်လိုက်ရသည့်အခါတွင် သူ မရှောင်လွှဲနိုင်တော့ပေ။
သူ့သောက်ချင်စိတ်က တစ်ဖန်ပြန်ထလာပြီး သူ့လည်စေ့က မသိစိတ်အလျောက် လှုပ်ရှားသွားသည်။ “အများကြီးပဲ။ တစ်ပုလင်းလောက်ပဲ သောက်ရင်ရော အဆင်မပြေဘူးလား?”
ဖေးယိက လှည့်ပတ်ကြည့်လိုက်၏။–
သူ လက်ရှိမှာ ဝိုင်နီနဲ့ရှန်ပိန်ကို မထိရဲပေမယ့် သူ့လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် သစ်သီးဝိုင်အနည်းငယ်မျှ သောက်လို့ရပြီး တစ်ချိန်တည်းမှာ သူ၏သောက်နိုင်စွမ်းကို လေ့ကျင်နိုင်သည်။
မူးနိုင်ချေ သိပ်မမြင့်မားပေ။ အဆိုးဆုံးမှ ခဏနေ သူအိပ်ပျော်သွားနိုင်ပြီး ပေါ်ယွဲ့မင် အိမ်ပြန်ရောက်သည့်အခါ ရှာတွေ့သွားလျှင် သူက “နို့”ကို ဆင်ခြေပေးလို့ရသေးသည်။
ဖေးယိက စောသေးသောအချိန်ကို ကြည့်ပြီးနောက် သူရွေးချယ်ထားသော ဝေ့ပေါ်နာမည်ကို သတိရသွားသည်။ သူ အဲ့ဒါကိုပြောရဲမှတော့ လုပ်ရဲရမှာပေါ့!
ဦးလေးခိုင် ရှာမတွေ့ခင်မှာ သူက လိုင်ချီးနို့ဝိုင်တစ်ပုလင်းနှင့်အတူ လှစ်ခနဲထွက်သွားလေ၏။
. . . . . .