Chapter 68
ပေါ်ယွဲ့မင်နှင့် လင်းကျုံးတို့ ဟိုတယ်ပြန်ရောက်သည့်အခါ ကိုးနာရီထိုးခါနီးဖြစ်၏။
ဧည့်ခန်းထဲမှာစောင့်နေသော လင်းကျုံးက အမြန်ချဥ်းကပ်လာပြီး ရေနွေးကမ်းပေးလိုက်သည်။ “ဒုတိယသခင်လေး… ပထမရက်မှာ ဘာလို့နောက်ကျနေတာလဲ? မျက်လုံးတွေကို ဂရုစိုက်ပါ။”
“အဆင်ပြေပါတယ်။”
ပရောဂျက်၏ တိုးတက်မှုကို အမီလိုက်နိုင်ရန် ပရောဂျက်အဖွဲ့က ယနေ့တွင် လေးနာရီနီးပါးကြာအောင် အစည်းအဝေးကျင်းပခဲ့သည်။ တခြားသူများအလုပ်ဆင်းပြီးနောက်မှာ ပေါ်ယွဲ့မင်က အချက်အလက်များကို လေ့လာရန် ခဏဆက်နေခဲ့သည်။
ပေါ်ယွဲ့မင်က ရေနွေးပူပူကို ခွက်ဝက်ခန့်သောက်ပြီး သူ့ဘေးက လင်းကျုံးကို လက်ဟန်ပြလိုက်သည်။ “မင်းဒီနေ့အလုပ်ကြိုးစားခဲ့ပါတယ်။ အခန်းပြန်ပြီး စောစောအနားယူပါ။ မနက်ဖြန်မနက်မှ ဒီနေ့ရဲ့ အရေးကြီးအချက်အလက်ကို ခွဲထုတ်လိုက်မယ်။”
“သူဌေး….ကျွန်တော် မပင်ပန်းပါဘူး။”
လင်းကျုံး၏လစာက အတော်လေးမြင့်ပြီး သူက ဤကဲ့သို့ အလုပ်ကြိုးစားခြင်းကို ကျင့်သားရနေပြီ ဖြစ်၏။ “ဒီည ရွေးထုတ်လိုက်လို့ရပါတယ်”
ပေါ်ယွဲ့မင်က ခေါင်းညိတ်ပြပြီး တစ်ချိန်တည်းမှာပင် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ယနေ့ သူပြန်လာသည့်အခါ ဖေးယိက သူ့ကိုနှုတ်ဆက်ရန် စောင့်မနေခဲ့ပေ။
“ဖေးယိ ဘယ်မှာလဲ? သူ ဒီနေ့ဘာလုပ်ခဲ့တာလဲ?”
ဦးလေးခိုင်က အခြေအနေကို အတိုချုံးပြောပြလိုက်သည်။ “သခင်ငယ်လေးက တစ်နေ့ခင်းလုံး ကာတွန်းကားကြည့်ပြီးမှ ထမင်းစားပြီး သိပ်မကြာခင်မှာပဲ အိပ်ခန်းထဲပြန်သွားပါတယ်။”
“ဆယ်မိနစ်ကြာတော့ ကျွန်တော် တံခါးခေါက်ပြီး စစ်ဆေးကြည့်လိုက်တယ်။ သူက ရေချိုးပြီးအိပ်ရာဝင်ချင်တယ်လို့ ပြောပါတယ်။”
ကာတွန်းကား?
သူ ကွန်ပျူတာနဲ့ တစ်ခုခုလုပ်နေတာ ဖြစ်ဖို့များသည်။
ပေါ်ယွဲ့မင်မှာ သံသယရှိနေပြီး သူက သူ့လက်ထဲက ရေခွက်ကို ပြန်ကမ်းပေးလိုက်၏။ “နားလည်ပါပြီ။”
. . . . . .
ငါးမိနစ်အကြာတွင်။
မာစတာခန်းကို ပြန်ရောက်သည့်အခါ ပေါ်ယွဲ့မင်က တံခါးကို အသာလေးပိတ်လိုက်ပြီး အခန်းပတ်ပတ်လည်ကို တိတ်တဆိတ် ရှာလိုက်သည်။
ကုတင်ကြီးက ဗလာဖြစ်နေပြီး စားပွဲမီးအိမ်က အလင်းရောင်ကို အနိမ့်ဆုံးချိန်ထားသည်။ လေဝင်လေထွက်ပြတင်းပေါက်လေးက ပွင့်နေပြီး အပေါ်ထပ်များမှ လေအေးများက ကန့်လန့်ကာကို လှုပ်ခါစေကာ လေထဲတွင် ချိုမြိန်သော ခပ်ဖျော့ဖျော့ရနံ့လေး ရှိနေပုံရသည်။
“……..”
ပေါ်ယွဲ့မင်က သူ့မျက်လုံးများကို အသာမှေးကျဥ်းလိုက်ပြီး သူ့စိတ်ထဲတွင် သေချာသောမှန်းဆချက်တစ်ခု ပေါ်လာ၏။ သူက လင်းထိန်နေသော ရေချိုးခန်းဆီသို့ လျှောက်သွားကာ တံခါးကို နှစ်ကြိမ်ခေါက်လိုက်သည်။
–ဒေါက်.. ဒေါက်..
ပြန်မဖြေပေ။
ပေါ်ယွဲ့မင်က ခေါ်လိုက်၏။ “ဖေးယိ?”
ရေချိုးခန်းထဲတွင် ရေကျသံထွက်ပေါ်နေပေမယ့် တုံ့ပြန်မှုမရှိပေ။
“…….”
ပေါ်ယွဲ့မင်က ရေချိုးခန်းထဲ မတော်တဆ ပြုတ်ကျခဲ့သည့် သူ၏ကိုယ်ပိုင်အတွေ့အကြုံကို ရုတ်တရက် သတိရသွားပြီး သူ့နှလုံးသားက တင်းကျပ်သွား၏။ သူက အော်ပြောလိုက်လေသည်။ “ဖေးယိ? အထဲမှာရှိလား?”
ပြောပြီးသည်နှင့် သူ တံခါးလက်ကိုင်ဖုကို မသိစိတ်အလျောက် ဖိလိုက်သည်။
ရေချိုးခန်းတံခါးက လော့ချထား၍ ပွင့်မလာတာကြောင့် အထဲမှာ လူရှိတာသေချာသည်။
ပေါ်ယွဲ့မင်က အဆက်မပြတ် တိတ်ဆိတ်နေမှုကြောင့် စိတ်ပူသွားပြီး ချက်ချင်းဆိုသလိုပင် ရေချိုးခန်းတံခါးဘေးရှိ ဗီရိုအံဆွဲကို ချက်ချင်းရှာဖွေလိုက်သည်။ ထင်သည့်အတိုင်းပင် သူ သော့အပိုတစ်ချောင်း ရှာတွေ့ခဲ့သည်။
ပေါ်ယွဲ့မင်က တံခါးအမြန်ဖွင့်ကာ ယခုချိန်တွင် သူ၏ လူကြီးလူကောင်း အပြုအမူကိုပင် ဂရုမစိုက်တော့ပေ။
“ဖေးယိ? ငါဝင်လာပြီနော်!”
တခဏအကြာတွင် သူက ရေချိုးခန်းတံခါးကို ပြတ်ပြတ်သားသား တွန်းဖွင့်လိုက်၏။
ပူနွေးပြီး ရေနွေးငွေ့ပျံနေသော ရေချိုးခန်းထဲတွင် ရေချိုးကန်ကြီးက ကျဆင်းနေသော ရေဖြင့်ပြည့်နေသည်။ ဖေးယိက ရေချိုးကန်အစွန်းပေါ်တွင် လက်နှစ်ဖက်ဖြင့် ထောက်ထားပြီး ၎င်းနှင့်ပူးတွဲပါရှိသော ရာဘာခေါင်းအုံးလေးကို ခေါင်းမှီထားကာ မျက်လုံးမှိတ်လျက် လဲလျောင်းနေ၏။
အဆီဆပ်ပြာမြှုပ်တစ်လွှာက ရေမျက်နှာပေါ်တွင် မျောနေပြီး သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။
ပခုံးနှင့် ချိတ်ဆက်ထားသော ပါးပြင်က ဆွဲဆောင်မှုရှိစွာ ပန်းရောင်သမ်းနေပြီး သူ့လည်ပင်းနောက်ဖက်ရှိ မှဲ့လေးကို အထူးပေါ်လွင်စေသည်။
“…….”
ပေါ်ယွဲ့မင်က ရေချိုးခန်းအပူရှိန်ကြောင့် မျက်လုံးဝေဝါးသွား၏။ “လျှို့ဝှက်ချက်ကို ဖော်ထုတ်မိခြင်း” ဖြစ်နိုင်ချေကို စွန့်စားရင်း သူက အနားကပ်သွားပြီး တီးတိုးပြောလိုက်လေသည်။ “ဖေးယိ?နိုးနေလား?”
ဖေးယိက မျက်လုံးကို တင်းတင်းပိတ်ထားပြီး မျက်မှောင်ကြုတ်နေသည်။
ရေချိုးကန်အပေါ်မှာ တင်ထားသော သူ့လက်မောင်းက ညင်ညင်သာသာ ပုတ်ခံလိုက်ရပြီး သူ့အသိစိတ်က သူ့အား စိုးရိမ်တကြီး လှည့်စေခဲ့သည်။ သို့သော် သူက သူရောက်ရှိနေသော ပတ်ဝန်းကျင်ကို မေ့သွားပြီး ချက်ချင်းပင် ရေကန်ထဲသို့ မြှုပ်လုနီးပါး ဖြစ်သွားခဲ့သည်။
“ဖေးယိ!”
ပေါ်ယွဲ့မင်က လန့်ဖျပ်သွား၏။
ရေမစိုသင့်သော သူ့ညာလက်ကိုပင် ဂရုမစိုက်နိုင်ပဲ သူက ဖေးယိကို ရေချိုးကန်ဆီမှ အမြန်ကောက်မလိုက်သည်။
ရေက ဖေးယိ၏နှာခေါင်းထဲဝင်သွားပြီး တခဏဆိုလျှင်ပင်—
ဖေးယိက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့က လူ၏လက်ကို အကူညီတောင်းနေသလို အလိုလိုလှမ်းဆွဲကာ နီမြန်းသောမျက်နှာဖြင့် ချောင်းဟန့်လိုက်၏။ “ဝူး! အဟွတ် အဟွတ်!”
“…….”
ပေါ်ယွဲ့မင်က ဒေါသထွက်လျက် စိုးရိမ်နေ၏။
သူ၏စိုနေသော အဝတ်အစားကို ဂရုမစိုက်ပဲ သူက ရေချိုးသဘက်ထူထူကို ကောက်ကိုင်ကာ ဖေးယိကို ခြုံပေးလိုက်ပြီး သူ့ရင်ခွင်ထဲက လူအား တစ်ဝက်ပွေ့ဖက်လျက် ရေချိုးကန်မှထုတ်ကာ ဘေစင်ပေါ်တင်ပေးလိုက်သည်။
သူက ရေချိုးခန်းထဲမှာ လေဝင်လေထွက်ကောင်းစေရန် ဘေးနားရှိ ပြတင်းပေါက်ို ဖွင့်လိုက်လေသည်။
ဖေးယိက လှုံ့ဆော်ခံလိုက်ရခြင်းကြောင့် မျက်လုံးဖွင့်လာကာ ရှုပ်ထွေးနေဆဲပင်။
ပေါ်ယွဲ့မင်က အသက်ပြင်းပြင်းရှူကာ ရှားရှားပါးပါး အသံနက်ကြီးဖြင့် ဆူပူလိုက်သည်။ “မင်းဘာဖြစ်နေတာလဲ! ရေချိုးခန်းထဲမှာ တစ်ယောက်တည်းအိပ်တော့မလို့လား? ဒါဘယ်လောက်အန္တရာယ်များလဲ သိရဲ့လား!”
“……..”
ဖေးယိ၏ ဦးနှောက်က အရက်ကြောင့် ရှုပ်ထွေးနေသည်။
သူက သူ၏ စပ်နေသော မျက်လုံးများကို ပုတ်ခတ်လိုက်ပေမယ့် ဆူပူကြိမ်းမောင်းခြင်းကို လုံးဝနားထောင်နေခြင်းမရှိပေ။
သိပ်မကြာသေးခင်က ဖေးယိသည် ခိုးလာသော လိုင်ချီးနို့ဝိုင်ကို အိပ်ခန်းထဲယူလာပြီး ပုလင်းဖွင့်ကာ နှစ်ငုံသုံးငုံသောက်ခဲ့သည်။
နို့နှင့် လိုင်ချီးအရသာက အလွန်ပြင်းပြီး အရက်အရသာက အလွန်ပေါ့သည်။ ၎င်းကို အရသာခံဖို့သာ သောက်ခဲ့ခြင်းဖြစ်၏။
“ဖွင့်ပြီးရင်သောက်ရမယ်”ဟူသော အတွေးကြောင့် ဖေးယိက ၅၀၀မီလီလုံးကို သောက်ပစ်လိုက်သည်။ သောက်ပြီးနောက် သူက ဝိုင်ပုလင်းကိုဖွက်ကာ မနက်ဖြန် ပေါ်ယွဲ့မင် ထွက်ခွာမည့်အချိန်မှ လွှင့်ပစ်ဖို့ နည်းလမ်းရှာရန် စောင့်ဆိုင်းနေခဲ့သည်။
တစ်ပုလင်းသောက်ပြီးနောက် ဖေးယိက မူးသလို လုံးဝမခံစားရသည့်အတွက် မိုဘိုင်းဂိမ်းများကို နာရီဝက်ကြာအောင် ကစားခဲ့သေးသည်။
အချိန်က ကိုးနာရီနီးကပ်လာသည်နှင့်အမျှ တစ်နေ့လည်ခင်းလုံး အလုပ်လုပ်ခဲ့ရသဖြင့် သူ ရေချိုးပြီး အနားယူသင့်သည်ဟု တွေးခဲ့သည်။
သို့သော် ဖေးယိ မထင်မှတ်ထားသည့်အရာမှာ အပျော့စားဖြစ်၍အန္တရာယ်မရှိဟု သူ ပေါ့ပေါ့တန်တန် မှတ်ယူထားခဲ့သည့် လိုင်ချီးနို့ဝိုင်ပုလင်း၏ နောက်ဆက်တွဲအာနိသင်မှာ အံ့အားသင့်စရာကောင်းအောင် ပြင်းလွန်းနေတာပင်။
သူ မျက်လုံးများကို ခဏလောက်သာ မှိတ်ထားခဲ့ပေမယ့် သူ့ခန္ဒာကိုယ်ထဲရှိ မူးဝေမှုက အရှိန်ပြင်းပြင်းဖြင့် ပေါက်ကွဲထွက်လာသည်။
နှစ်နာရီလောက် အောင်းနေပြီးမှ ငါးမိနစ်နဲ့ ပြန်ကျသွား၏။
အရက်သောက်နိုင်သည့် ဘုရင်မှာလည်း ထာဝရကြွသွားခဲ့သည်။
ယခုချိန်မှာ ဖေးယိနိုးနေသော်လည်း မူးနေဆဲဖြစ်သည်။
သူက ကြောင်တောင်တောင် ဖြစ်နေပြီးမှ သူ့ကိုယ်ပေါ်မှာ ပတ်ထားသော ရေချိုးသဘက်ကို ရုတ်တရက် ဆုပ်ကိုင်ကာ သူ့ပါးပြင်က ပို၍ပင် နီရဲလာခဲ့လေသည်။ “ခင်ဗျား..ခင်ဗျား….ခင်ဗျား..! မကြည့်နဲ့!”
သူက သူ အခုပြောခဲ့တဲ့ ဆုံးမစကားကို နားမထောင်တာလား? ဒီလိုချိန်မှာတောင် ပြန်ပြောရဲသေးတယ်ပေါ့…
ပေါ်ယွဲ့မင်က ဒေါသတကြီးအံကြိတ်ကာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ “မင်းရော ငါ့ကို မမြင်ဘူးလို့လား? အခု တူသွားပြီလေ။”
ထိုသို့ပြောလိုက်သော်လည်း ဖေးယိ ရေထဲမှ ရုတ်တရက်ထွက်လာပြီးနောက် အအေးမိမှာစိုး၍ သူက အနှီလူအား ရေချိုးသဘက် ခြုံထားပေးခဲ့သည်။
“……..”
ဖေးယိက သူပြောတာကို နားမလည်ပဲ ရေရွတ်လိုက်သည်။ “မူးလိုက်တာ”
“ဘယ်လောက်တောင် သောက်ခဲ့တာလဲ?”
ပေါ်ယွဲ့မင်က ဝိုင်ကို ထပ်ခါထပ်ခါ ခိုးသောက်တတ်သော ကြောင်ပေါက်လေး၏ လောဘနှင့် ပတ်သက်ပြီး မည်သည်ကိုမျှ မလုပ်နိုင်ပေ။ စကားကောင်းကောင်းပြောရင် ပိုကောင်းမလား?
ဖေးယိက မူးနေလျှင်ပင် ငြင်းဆန်လိုက်၏။ “မသောက်ပါဘူး။”
ပေါ်ယွဲ့မင်က နည်းလမ်းပြောင်းကာ အရက်ဆိုသည့် စကားလုံးကို မပြောတော့ပေ။ “ပုလင်းကို ဘယ်မှာဖွက်ထားလဲ?”
အမူးသမားဖေယိက ပြောလိုက်၏။ “စားပွဲဘေးက အံဆွဲမှာ”
ပြောပြီးနောက် သူက ခေါင်းခါယမ်းကာ စကားပြောင်းပြောလိုက်သည်။ “ကျွန်တော် မသောက်ခဲ့ဘူး!”
သူ ဘေစင်ပေါ်မှ ပြုတ်ကျလာမည်ကို စိုးရိမ်သဖြင့် ပေါ်ယွဲ့မင်က တစ်ဖက်လူကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ထားလိုက်သည်။ “ဒါဆို.. ဘာသောက်ခဲ့တာလဲ? နို့လား?”
သူလိုချင်သော အဖြေကိုကြားတော့ ဖေးယိက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ “အင်း!”
ပေါ်ယွဲ့မင်က ကူကယ်ရာမဲ့သွားသည်။ “တကယ်လား? ဒါဆို မင်းအခုဘာဖြစ်နေတာလဲ? နို့သောက်ပြီးမူးနေတာလား?”
“……..”
ဖေးယိက ပြန်မဖြေနိုင်တော့ပဲ သူ ဤနေရာမှာ ဆက်မနေသင့်တော့ဘူးလို့ ခံစားလိုက်ရသည်။
“ကျွန်တော်… ခင်ဗျားကို စကားမပြောတော့ဘူး။ အာ့ကော ပြန်လာနေပြီ။ သွားအိပ်တော့မယ်!”
ပြောပြီးသည်နှင့် သူက ခုန်ဆင်းဖို့ ရုန်းကန်လိုက်၏။
ပေါ်ယွဲ့မင်က သူ့ကိုလွှတ်ပေးဖို့ မရည်ရွယ်ထားပဲ တင်းတင်းဆုပ်ကိုင်ထားသည်။ “ခဏနေဦး… ဝိုင်က သောက်လို့ကောင်းလား? ငါ မင်းရဲ့အာ့ကောကို မပြောပြပါဘူး။”
ဖေးယိက ၎င်းကိုကြားတော့ အနည်းငယ် ငြိမ်သက်သွား၏။
သူ့ရှေ့က လူက ရုပ်မဆိုးသည်ကို တွေ့လိုက်ရသဖြင့် သူက အနားကပ်ကာ ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်၏။ “အရသာရှိတယ်။”
နှစ်ယောက်သား၏ အကွာအဝေးက နီးကပ်နေပြီး “လူတစ်ယောက်မှာ သောက်ဖော်သောက်ဖက်ရှိရမည်”ဟူသော အတွေးဖြင့် ဖေးယိက ဖိတ်ခေါ်လိုက်လေသည်။ “ခင်ဗျားရောသောက်ချင်လား? ကျွန်တော် မြည်စမ်းခွင့်ပေးမယ်လေ… ဟုတ်ပြီလား?”
သူ့မျက်ဝန်းက ဖြူစင်ရိုးသားပေမယ့် အသက်ရှူမှားလောက်အောင် ဆွဲဆောင်မှုရှိသည်။
ဖေးယိ၏ နွေးထွေးသော အသက်ရှူသံက သူ့နှာဖျားပေါ်သို့ ကျရောက်လာပြီး ဝိုင်နံ့မဟုတ်သည့် ချိုမြိန်သော နို့နံကို ရနေသည်။
ပေါ်ယွဲ့မင်၏ မျက်ဝန်းထဲတွင် နက်နဲသော ဆန္ဒအရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး သူက သွားကြိတ်ကာ လေသံပြောင်းပြောလိုက်သည်။ “မင်းငါ့ကို မြည်းစမ်းခွင့်ပေးမှာလား?”
ဖေးယိက မသိစိတ်အလျောက် အန္တရာယ်တစ်ခုကို အာရုံခံမိပြီး ပလုတ်တုတ်ကဲ့သို့ ခေါင်းခါလိုက်လေသည်။ “ဟင့်အင်း… ကျွန်တော်သောက်ပြီးပြီထင်တယ်။”
“အွမ်း!”
သူ့အသံက ရုတ်တရက် ပြောင်းလဲသွားသည်။
ပေါ်ယွဲ့မင်က သူ့ခေါင်း၏အနောက်ဘက်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်လိုက်မာန်ပါ နမ်းပစ်လိုက်သည်။
စပျစ်ရည်အရသာ နှုတ်ခမ်းပါးက ခပ်ပြင်းပြင်းဖမ်းဆုပ်ခံလိုက်ရကာ အနည်းငယ်မြည်းစမ်းပြီးနောက် အချိုအရသာက ပျံ့နှံ့သွားခဲ့သည်။
ပေါ်ယွဲ့မင်၏ ရင်ဘက်က ပူလောင်နေပေမယ့် သူက နက်ရှိုင်းလွန်းလှသော တွန်အားများကို ဖိနှိပ်ထားရသည်။ “အင်း… ငါမြည်းပြီးပြီ…ကောင်းတယ်။”
“ခင်ဗျား…၊.ကျွန်တော်…”
ဖေးယိ၏ မျက်လုံးများက မယုံနိုင်သလို ပြူးကျယ်သွားပြီး သူ့အသက်ရှူသံက မြန်လာသည်။
သူက ပေါ်ယွဲဲ့မင်၏ အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်ကာ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် စကားတစ်ခွန်းပင် ပြီးအောင် မပြောနိုင်တော့ပေ။
.
ပေါ်ယွဲ့မင်က ဤအရူးလေး ဖေးယိကိုကြည့်လိုက်သည်။ ဤလူက မူးနေလျှင် အသိဉာဏ်ကင်းမဲ့နေသည်ကို သိသော်လည်း သူက အခြေအနေကို အခွင့်အရေးယူကာ ကြောင်ပေါက်လေး၏ နားရွက်ကို ကိုက်ပစ်လိုက်သည်။
“နောက်တစ်ခါ မူးနေတာကို မိရင် ဒီနေ့ညလိုပဲ မင်းကို မြည်းစမ်းပစ်မယ်။”