Ch 2
Viewers 6k

🌚Chapter 2




သို့သော်ငြား ယင်းအရာများက အတိတ်ကကိစ္စရပ်များသာ ဖြစ်ပေသည်။ ယခုမူ ရန်ထင်းရွှမ်က အရူးအမူးစွဲလမ်းနေသကဲ့သို့ ပိုင်လင်းနောက်သို့ တစ်ဆင့်ပြီးတစ်ဆင့် လိုက်နေခဲ့သည်။ ထိုသို့ဆိုလျှင်တောင် ယင်းကိုမြင်ချိန်တွင် ဘယ်သူမှ ဘာမှပြောလိမ့်မည်မဟုတ်ပေ။

 

အပြင်လူများက ဘာကြောင့် သူနှင့်ရန်ထင်းရွှမ်ကြားက ဆက်ဆံရေးကို မရေမရာမပြတ်သားသည့် မကောင်းသတင်းအဖြစ်သို့ အမြဲတမ်း လိုရာဆွဲပြောတတ်မှန်း ယို့မြန့်နားမလည်ခဲ့ချေ။ သူက ယင်းအကြောင်းကို ရန်ထင်းရွှမ်ကိုလည်း ရှင်းပြရန်ကြိုးစားခဲ့သေးသည်။

 

သို့ပေမည့် တစ်ကြိမ်အက်ကြောင်းပေါ်သည်နှင့် ပြန်လည်ပြုပြင်ဖို့က ခက်ခဲသွားပြီပင်။

 

ယခုမူ ယို့မြန့်က ဤသူငယ်ချင်းဆက်ဆံရေးကို အဖက်မဆယ်ချင်တော့ပေ။

 

ထို့ကြောင့် ပိုင်လင်း၏တမင်တကာ ရန်စမှုများနှင့် မျက်နှာချင်းဆိုင်ချိန်တွင် ယို့မြန့်ကာ မျက်လုံးများက သာမာန်ကာလျှံကာသာ မှေးချလိုက်သည်။ သူ့အမူအရာက တည်ငြိမ်အေးဆေးနေခဲ့သည်။

 

ယို့မြန့်၏လှပသည့်ပုံပန်းသွင်ပြင်က သူကျောင်းတက်ချိန်ကတည်းက အ​စောကြီး ပျံ့နှံ့သွားခဲ့ပြီးသားဖြစ်သည်။ ထိုအချိန်တုန်းက သူနှင့် ရန်ထင်းရွှမ်က သူငယ်ချင်းကောင်းများ ဖြစ်နေကြဆဲပင်။

 

လူငယ်လေးက ဝမ်မောက်၏သူ့လက်ကို ဆွဲရန်ကြံစည်မှုကို ရှောင်လိုက်သည်။ သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကွာဝေးပြီး အမှုမထားစွာ ပြောလိုက်ချိန်တွင် သူ့မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။


"ငါ့ကို မထိနဲ့..."

 

ဤအသံက ဝမ်မောက်ကို မှင်တက်သွားစေရုံသာမက ရန်ထင်းရွှမ်နှင့် ပိုင်လင်းကိုလည်း အလွန်အံ့အားသင့်သွားစေခဲ့သည်။

 

ယို့မြန့်က အမြဲတမ်းညင်သာနူးညံ့ကာ လူတိုင်းကို ပြုံးပြလေ့ရှိသူပင်။ ထိုကဲ့သို့ အေးစက်သည့် စကားများပြောသည်က အလွန်ပင် ရှားပါးလှသည်။

 

ပိုင်လင်းပြန်လာပြီးသည့်နောက် လူတိုင်းက ယို့မြန့်၏မနာလိုမှုနှင့် စဉ်းလဲမှုကို ရှာတွေ့ခဲ့ကြသည်။ ယို့မြန့်က ဤနောက်ဆုံးလက်ကျန်ယဉ်ကျေးမှုကိုပင် ဖယ်ခွာလိုက်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။

 

ယင်းကိုမြင်ပြီး ရန်ထင်းရွှမ်က မျက်လုံးကိုမှေးကာ အေးစက်စွာ ပြောလိုက်သည်။ 


"ယို့မြန့်...အန်ကယ်ဝမ်က မင်းဆန္ဒရှိသလို ဝုန်းဒိုင်းကြဲလို့ရမယ့် လူမဟုတ်ဘူး..."

 

ပိုင်လင်းက အချိန်ကိုက် မီးစာလောင်းထည့်လိုက်သည်။


"အန်ကယ်ဝမ်...ယို့မြန့်က စိတ်အခြေအနေမကောင်းလို့ပါ...သူက အဲ့လိုရည်ရွယ်တာ မဟုတ်ပါဘူး..."

 

ဝမ်မောက်က သူ့ဘဝသက်တမ်းတစ်ဝက်ကို ယို့မိသားစု၏အိမ်တော်ထိန်းအဖြစ် လုပ်ကိုင်ခဲ့သည်။ သူ့ကို စီနီယာတန်းထဲက ဦးလေးတစ်ယောက်အဖြစ်မှတ်ယူနိုင်ပြီး အကြီးတစ်ယောက်နှင့်တန်းတူပင် ထားနိုင်ပေသည်။

 

ယို့မြန့်က ယနေ့တွင် အလွန်ဒေါသကြီးနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

 

ဝမ်မောက်က မျက်မှောင်မကြုတ်နိုင်မီမှာပင် ယို့မြန့်က ရှုးဖိနပ်ကိုပြောင်းစီးကာ ဘေးတိုက်ကြည့်လျက်နှင့် ပြောလိုက်သည်။


"ငါက စိတ်အခြေအနေမကောင်းနေဘူးဆိုပေမဲ့လည်း တမင်လုပ်ခဲ့တာလည်းဟုတ်တယ်..."

 

လေထုက တမဟုတ်ချင်း အေးခဲသွားသည်။

 

ရန်ထင်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ အရပ်ရှည်ပြီး သန်မာသည့်အမျိုးသားက စိတ်မရှည်စွာ မတ်တတ်ရပ်ပြီး မေးလိုက်သည်။


"မင်းဘာတွေဖြစ်နေတာလဲ..."

 

ယို့မြန့်က သူ၏ပယင်းရောင်မျက်လုံးများကို မျက်တောင်ခတ်လိုက်သည်။ အေးစက်မှုများက ကွယ်ပျောက်သွားပြီး လူငယ်လေးက အတိတ်က ရင်းနှီးကျွမ်းဝင်နေသည့် နူးညံ့သည့်အပြုံးကို တပ်ဆင်လိုက်သည်။ သို့သော်ငြား သူ့စကားလုံးများကတော့ အေးစက်နေဆဲပင်။

 

ယို့မြန့်က ရန်ထင်းရွှမ်ကို ကြည့်ပင်မကြည့်ခဲ့ဘဲ သူ့မျက်လုံးများက အဖြူရောင်ပုံရိပ်ပေါ်ကို ဝေ့ဝဲကြည့်လိုက်သည်။

 

"ပိုင်လင်း..."


ယို့မြန့်က အလွန်ပင်စိတ်တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။


"ငါမင်းနဲ့ကစားပေးမှာ မဟုတ်တော့ဘူး..."

 

--------


ဝမ်မောက်က ယို့မြန့်ကို မတားနိုင်လိုက်ပေ။ ယို့မြန့်က နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်လေသည်။

 

"ထင်းရွှမ်​ကော..."


ပိုင်လင်းက သူ၏ဓားနှင့်ခရင်းကို ချလိုက်ပြီး ရန်ထင်းရွှမ်၏အင်္ကျီလက်ကို ဖွဖွလေး ဆွဲလိုက်သည်။ အသိပြန်မဝင်လာမီ ဘာမှမရှိတော့သည့်တံခါးပေါက်၌ ကြက်သေသေနေသည့် ယောက်ျားကို သူကြည့်လိုက်ပြီး ပြန်ထိုင်ရန် လှည့်လိုက်သည်။

 

ရန်ထင်းရွှမ်က ကြင်နာယုယသည့် အပြုံးလေးတစ်ခုကို ပြုံးလိုက်ကာ လက်မြှောက်ပြီး ပိုင်လင်း၏ဆံပင်ကို ပွတ်သပ်လိုက်သည်။ သူက စိတ်သက်သာရာရပြီး ကူကယ်ရာမဲ့နေသည့် အသံနေအသံထားဖြင့် ပြောလိုက်သည်။


"ကြည့်ရတာ ယို့မြန့်က မင်းအဖေဆီကနေ ထပ်ပြီးဆူခံရတာဖြစ်မယ်...သူ့ကို တစ်ယောက်တည်းသာ လွှတ်ထားလိုက်..."

 

ရန်ထင်းရွှမ်က ယို့မြန့်ထက် အသက် ၅နှစ်ပိုကြီးလေသည်။ လူ့အသိုင်းအဝိုင်းဆက်ဆံရေးထဲသို့ ခြေလှမ်းအနည်းငယ် ပိုစောဝင်လာခဲ့သည့် ယောကျ်ားတစ်ယောက်အ​နေဖြင့် စိတ်ဆတ်သော်ငြား တည်ငြိမ်ပြီးရင့်ကျက်သည့် အငွေ့အသက်များ ထုတ်လွှတ်နေခဲ့သည်။ သစ်သားနံ့ရောယှက်နေသည့် ယောကျ်ားဆန်ဆန်အနံ့က သူ့ပခုံးထက်မှ ထွက်ပေါ်လာပြီး ပိုင်လင်း၏နားရွက်များကို နီရဲသွားစေခဲ့သည်။

 

"ယို့မြန့်က ရှိုးထဲမပါချင်ဘူးထင်တယ်..."


ပိုင်လင်းက နှာခေါင်းလေးကို ရှုံ့ကာ အမှုမဲ့အမှတ်မဲ့ ထုတ်ဖော်လိုက်သည်။


"ပြောရရင် အဲ့ဒါက romance ရှိုးတစ်ခုဆိုပေမဲ့ JL ကို ပရိုမိုးရှင်းဆင်းဖို့ဆိုလည်း ဟုတ်တယ်လေ...အခု သူကထပ်ပြီး ပန်းချီမဆွဲတော့ဘဲ အဲ့အစား ပန်းပုထုတာကိုလုပ်နေခဲ့တာ...နေ့တိုင်း ရွှံ့တွေ၊သစ်သားတွေနဲ့ကစားပြီး ညစ်ပတ်ပြီး ရှုပ်ပွနေတာပဲ..."

 

ရန်ထင်းရွှမ်က ယို့မြန့်အကြောင်းကို ဆက်ပြီးပြောချင်တော့ဟန် မပေါ်ပေ။ သူက အလျင်စလိုခေါင်းညိတ်လိုက်ပြီး ခေါင်းစဉ်ကိုပြောင်းလိုက်သည်။

 

သို့သော်လည်း နောက်ဆုံးစကားက ထမင်းစားခန်းထဲတွင် ကြားလိုက်ရဆဲပင်။

 

ရန်ထင်းရွှမ်က မျက်ခုံးကိုအသာပင့်ကာ အမှုမထားသလို ရယ်လိုက်ပြီး ပြောလိုက်သည်။


"သူက **ဒီကမ္ဘာကလူမဟုတ်ဘူးလေ...ယို့မိသားစုက နှလုံးသားနူးညံ့လို့သာ သူ့ကို ဒီမှာနေခွင့်ပြုထားတာ..."(**မွေးစားထားတာမို့ ဒီအသိုင်းအဝိုင်းထဲက မဟုတ်ဘူး ပြောတာ)

 

မွန်းလွဲပိုင်း နေရောင်က လမ်းဘေးကို ဖြာကျနေခဲ့သည်။ ရှည်လျားသောအဆောက်အဦးများက တိမ်များကိုပါ ထိုးဖောက်တော့မတတ်ပင်။ နွေးထွေးလှသည့် လေပြေညှင်းလေးက တိုက်ခတ်လာချိန်တွင် လိမ္မော်နီရောင်ကောင်ကင်ကြီးက အနည်းငယ် လင်းသွားခဲ့သည်။ မှင်ရည်ဖြန်းထားသကဲ့သို့ နွေးထွေးလှသည့် အရောင်များက အတူတကွ ရောယှက်သွားခဲ့ပြီး တက်ကြွသက်ဝင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

 

တံခါးပေါက်တွင် ချိတ်ဆွဲထားသော သံစုံခေါင်းလောင်းလေးများက ဆံပင်ညှပ်ဆိုင်၏မှန်တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် တညံညံမြည်သွားခဲ့သည်။

 

ဆံပင်ညှပ်ပေးသည့်ညီငယ်လေးက အာရုံများစွာမထားဘဲ ကောင်တာ​ပေါ်ရှိ calicoကြောင်ပေါက်လေးကို မတော်တဆ လွတ်မြောက်သွားခွင့် ပြုလိုက်မိသွားသည်။


"အာ..."


ဧည့်သည်၏ဘောင်းဘီရှည်ကို ပွတ်သပ်နေသည့် calicoကြောင်လေးကို နောက်ဆုံး၌ ဖမ်းမိသွားပြီးနောက်မှ ဆံပင်ညှပ်ဆရာက မော့ကြည့်လိုက်သည်။ သူက တောင်းပန်တော့မည့်အချိန်မှာပင် မှင်တက်သွားခဲ့သည်။

 

ယို့မြန့်က မှန်တံခါးကိုတစ်ဝက်မျှသာဖွင့်ပြီး ဆိုင်၏တံခါးမ၌ မတ်တတ်ရပ်နေခဲ့သည်။ သူ့နောက်တွင် လိမ္မော်ဝါရောင်အလင်းက ဖြာကျနေခဲ့သည်။ သူက ရိုးရှင်းပြီး အ‌ရောင်ဖျော့သည့် ရှပ်အင်္ကျီတစ်ထည်ကိုသာ ဝတ်ထားသော်ငြား သူ၏လက်ရှိ အံ့အားသင့်စရာကောင်းလှသည့် သွင်ပြင်ကို မတားဆီးနိုင်ခဲ့ချေ။

 

လူငယ်လေးက အောက်ငုံ့ကာ ကြောင်ပေါက်လေးကိုကြည့်လိုက်သည်။ သူ၏အေးစက်ပြီး ဖြူဖျော့နေသည့်လက်ဖြင့် မှန်တံခါးကိုကိုင်ထားပြီး အလွန်ညင်သာသည့် အပြုံးလေးတစ်ပွင့်ဖြင့် မေးလိုက်သည်။


"ကျွန်တော် ဝင်လာလို့ရလားဗျ..."

 

ဆံပင်ညှပ်ဆရာ၏ပါးပြင်များက ရှက်သွေးဖြာသွားခဲ့သည်။ သူက ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် မတ်တတ်ထရပ်ရန် သတိရလိုက်ချိန်တွင် သူ၏မတည်မငြိမ် အနေအထားကြောင့် ဟန်ချက်ပျောက်သွားပြီး မမျှော်လင့်စွာပင် နောက်ဆုတ်လိုက်မိပြီး အသံကျယ်ကြီးနှင့်အတူ မြေပေါ်လဲကျသွားခဲ့သည်။

 

ယို့မြန့်က တန့်သွားသည်။ သူက လက်တစ်ဖက်နှင့် သူ့ဘောင်းဘီကို ပွတ်သပ်နေသည့်ကြောင်ပေါက်လေးကို ပွေ့လိုက်ပြီး အမှားအနည်းငယ်ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် မတ်မတ်ရပ်နိုင်သွားသည့် ဆံပင်ဆရာထံ ကြောင်ပေါက်လေးကို လှမ်းပေးလိုက်သည်။

 

"ခင်ဗျား အဆင်ပြေရဲ့လား..."

ယို့မြန့် နူးညံ့စွာ မေးလိုက်သည်။

 

ညီငယ်​လေးက ယခုဖြစ်သွားသည့် မ​တော်တဆ​ကြောင့် ရှက်ရွံ့သွားသည်မှာ ထင်ရှားလှသည်။ သူက​ကြောင်​ပေါက်​လေးကို​ပွေ့ပြီးလှည့်ကာ ​​လှောင်အိမ်​လေးထဲထည့်လိုက်သည်။ ပြန်လှည့်လာချိန်တွင်မူ မျက်နှာက အနည်းငယ် နီရဲ​နေခဲ့သည်။

 

"မဟုတ်ပါဘူး အဆင်​ပြေပါတယ်...."

ညီငယ်​လေးက ခုံကိုဆွဲထုတ်ကာ​မေးလိုက်သည်။


"ဧည့်သည် ဘယ်လိုလုပ်ချင်ပါသလဲ..."

 

ယို့မြန့်က မှန်​​ရှေ့တွင်ရပ်လိုက်ကာ မှန်တွင်ထင်ဟပ်​နေသည့် အသားအရည်ဖြူ​​ဖျော့​ဖျော့နှင့်​ ကောင်လေးကို ကြည့်လိုက်ပြီး သာမာန်ကာလျှံကာသာ​ ပြောလိုက်သည်။ 


"သစ်အယ်သီး​ရောင်ကို ​ပြောင်းဆိုးပေးပါ..."

 

ညီငယ်​လေးက ယို့မြန့်၏ဆံပင်ကို ချုပ်တည်းထားရသည့်အမူအရာဖြင့် အသာလိမ်ကျစ်လိုက်ပြီးသံသယဝင်​နေသည့်အသံဖြင့်​မေးလိုက်သည်။


"အနက်​​ရောင်ဆိုးမှာလား...."

 

အနက်​​ရောင်မှ အညို​ရောင်ဆိုးသည့်လူများ အများအပြားရှိ​သော်ငြား အညို​ဖျော့​ရောင်မှအနက်ကို ပြန်ဆိုးသည့်လူများက​​​တော့ သိပ်မများ​ပေ။

 

နေက အပြင်မှ ဖန်တံခါးကိုဖြတ်၍ မှန်ကိုလာဟပ်​နေခဲ့သည်။ ယို့မြန့် မျက်လုံးဝင့်ကြည့်ကာ အင်းဟု​ပြောလိုက်သည့်အခိုက်တွင် ဤအလွန်ထူးကဲစွာ လှပလှသည့် ညီငယ်​လေး၏သူငယ်အိမ်များကလည်း အခြားသာမာန်လူများနှင့် ခြားနား​လှကြောင်း ညီငယ်​လေးက သတိပြုမိလိုက်သည်။

 

ပယင်း​​ရောင်မျက်ဝန်းများက နေ​ရောင်​အောက်တွင် အတွင်း၌ ဖုံးကွယ်ထား​သော အစိမ်း​ရောင်အလင်းကို ​ရောင်ပြန်ဟပ်​နေခဲ့သည်။ ဖြူ​ဖွေး​နေသည့်အသားအရည်က ရေခဲကဲ့သို့​ အေးစက်​နေ​သော်ငြား နှုတ်ခမ်းများကမူ ပြည့်​ဖောင်းပြီး ဝိုင်းဝိုင်း​လေးဖြစ်​နေ​ပေ၏။

 

​ကောင်​လေးက အလွန်ပင် ညင်သာ​ပေ၏။ စကား​ပြောစဥ်တစ်​လျှောက်လုံး သူ့မျက်ဝန်းတွင်းတွင် အပြုံး​ဖျော့​ဖျော့​လေးတစ်ခုက အမြဲရှိ​နေခဲ့သည်။ သူထုတ်လွှတ်​နေသည့် အ​ငွေ့အသက်က အလွန်ပင်စွဲလမ်းစရာ​ကောင်းလှ၍ လူများကို မတတ်နိုင်ဘဲ အမြဲလိုလို သူနှင့် ပိုမိုနီးကပ်​စေချင်စိတ်​ ပေါက်လာ​စေခဲဲ့သည်။

 

သို့ပေမည့် သူတို့ပိုမိုစကား​ပြောလာသည်နှင့်အမျှ ယို့မြန့်၏ညင်သာမှု​ထဲတွင် ဖုံးကွယ်ထားသည့် စိမ်းကား​အေးစက်ခြင်းက ​ပေါ်​ပေါက်လာခဲ့သည်။ သူက လူတိုင်းနှင့် အကွာအ​ဝေးတစ်ခုကို အမြဲလိုလို ယဥ်ယဥ်​ကျေး​ကျေး ထိန်းသိမ်းထားလေသည်။

 

ညီငယ်​​လေးက ကျွမ်းကျင်ပြီး အလျင်အမြန်ပင် အ​ရောင်ကို အလိုက်သင့်ညှိ​ပေးလိုက်သည်။ 


"ဧည့်သည်...ဧည့်သည်ရဲ့ဆံပင်နဂိုအ​​ရောင်က အရမ်းထူးခြားတယ် ပြီး​​တော့ သသဘာဝအတိုင်း ကောက်​ကောက်​လေး...ဘာလို့ အနက်​ရောင် ဆိုးချင်ရတာလဲ...တစ်ကြိမ်အနက်ဆိုးပြီးတာနဲ့ တခြားအ​ရောင်​တွေဆိုးဖို့က မလွယ်​တော့ဘူး...ခဏခဏအ​ရောင်ချွတ်ရမှာ..."

 

ယို့မြန့်က တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာ​သော မှန်ထဲရှိ သူ့ပုံရိပ်ကိုကြည့်ပြီး ပြန်မ​​ဖြေလိုက်​ချေ။

 

ညီငယ်​လေးလည်း ယို့မြန့်၏တိတ်ဆိတ်​နေမှုကို ကြည့်ပြီး စကားအများကြီး မ​ပြော​တော့​ပေ။ ​ခေါင်းငုံ့ကာသာ အလုပ်ထဲမှာ နစ်မြှုပ်လိုက်သည်။

 

သူ့ဆံပင်ကို အနက်ဆိုးရသည့် အ​ကြောင်းရင်းက အလွန်ရိုးရှင်း​ပေသည်။ ထိုလူများမှ သူ့အားမျိုးစပ်​ခွေးဟု ဆက်ပြီး အ​ခေါ်မခံချင်​တော့၍ဖြစ်သည်။ သူ့ဆံပင်အ​ရောင်ကထူးခြားပြီး  သူ့မျက်လုံးသူငယ်အိမ်အ​ရောင်ကလည်း ထူးခြားလှ​သည်။

 

အတိတ်တွင် ပိုင်ဖိန်းလန်က အဖွားယို့မှာ ဂျာမန်လူမျိုးဖြစ်ပြီး ယို့မြန့်က အဖွား၏မျိုးဆက်​သွေးကို အ​မွေဆက်ခံခဲ့သည်ဟု လိမ်ညာခဲ့သည်။ 

 

ယခုမူ ယို့မိသားစု၏သခင်ငယ်​လေးဟူသည့် သူ့အ​ထောက်အထားက အတုဖြစ်​နေပြီး ထိုမျိုးရိုးဆက်ခံသည်ဟု​ခေါ်သည့် အ​ကြောင်းကလည်း အတုဖြစ်​နေခဲ့သည်။

 

ယို့မြန့် သူ၏မူလဇာစ်မြစ်ကို​နောက်​ကြောင်းပြန်လိုက်ရန် စိတ်မဝင်စား​သော်ငြား သူ့ကိုယ်သူ ဆက်ပြီး လိမ်ညာမလှည့်စားချင်​တော့​ပေ။

 

ဆံပင်ဆိုင်က တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုသို့တိတ်ငြိမ်သက်နေချိန်တွင် ဆိုင်အပြင်ဘက်ရှိဖုန်းမှ မူလကဖွင့်ထားခဲ့​သော အနုပညာ​လောကသတင်း​များကို ရုတ်ချည်း ကျယ်​လောင်စွာ ကြားလိုက်ရသည်။

 

[နာမည်ကြီး ဒါရိုက်တာ ဟုန်ရှန်းက romanceရသစုံရှိုးတွင် ပါဝင်မည့် အမျိုးသားGuestရှစ်ယောက်ကို Weiboပေါ်မှာ ကြေညာလိုက်ပါပြီ...သူတို့အများစုက ရင်းနှီးပြီးသားမျက်နှာတွေပါ...JL chain ဟိုတယ်ရဲ့ ရှယ်ယာတစ်ဝက်ကျော်ကို ပိုင်ဆိုင်ထားတဲ့ ဘော့စ်​ဖေးကလည်း ကြေညာထားတဲ့စာရင်းထဲမှာ ပါလာပါတယ်...ဒါက စီးပွားရေးလောကနဲ့ အနုပညာလောကကြား နှစ်ဖက်စလုံး အကျိုးရှိတဲ့ win-win အခြေအနေဖြစ်မဲ့ နောက်ထပ်ပူးပေါင်းမှုတစ်ခုများလား...]

 

ယို့မြန့်ဖုန်းကိုထုတ်ကာ ဖွင့်လိုက်သည်။

 

'ကာရံညီသော နှလုံးခုန်သံ'ရှိုးနှင့်ပတ်သက်သည့် hot searchများက Weibo ပေါ်တွင် ရှာဖွေမှုပထမစာရင်းထဲ ဝင်သွားခဲ့ပြီဖြစ်သည်။ ယင်းက မရေမတွက်နိုင်သည့်ပြည်သူလူထုကို အဆောတလျင် ဆွေးနွေးမှုများ ဖြစ်သွားစေခဲ့သည်။

 

[ငါ အခုပဲ တရားဝင်ကြေညာထားတဲ့Guestတွေကို မြင်လိုက်တယ်ဆိုပေမဲ့ အခုထိ မယုံနိုင်သေးဘူး...JLရဲ့ ​ဖေးဟွိုက်ကျီးလား...ငါထင်ထားတဲ့ ယွင်ကွမ်းချင်လား...]

 

[​ဖေးဟွိုက်ကျီးက ရင်းနှီးမြှုပ်နှံသူပဲ...သူက ဘာလို့romanceရှိုးထဲမှာ ပါရမှာလဲ...]

 

[ကြိုပြတဲ့ ဗွီဒီယိုအတိုလေးတို့ Guestတွေရဲ့ ဓာတ်ပုံတို့လို ပုံတွေတောင်မရှိဘူးလား...ဒါရိုက်တာက ဟုန်ရှန်းဆိုပေမဲ့လည်း ဒီကြေညာတာကြီးက အရမ်းအလောတကြီးဆန်လွန်းတယ်...]


[လင်းလင်း...ရဲရဲဝံ့ဝံ့ပျံသန်းလိုက်...မားကအမြဲတမ်းမင်းနဲ့အတူရှိနေတယ်...ဒါရိုက်တာဟုန်...ကျေးဇူးပြုပြီး ကျွန်မတို့ကလေးကို ဂရုစိုက်ပေးပါ...လင်းလင်းကို ဒီရှိုးထဲပါဝင်ဖို့ ဖိတ်ခေါ်ပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်...]

 

[ဒီလူတွေအားလုံးက ဘာလို့ပိုင်လင်းရဲ့ပရိသတ်တွေဖြစ်နေတာလဲ...အကောင်းဆုံးသရုပ်ဆောင်ဆုရ ယွင်ကွမ်းချင်တောင် မပေါ်လာသေးဘူး...]

 

[ဒီရှိုးမှာ အတွေ့အကြုံနုသေးတဲ့သူ အများကြီးမရှိဘူး...ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ လက်ဝှေ့ချန်ပီယံဆုကိုအနိုင်ရသွားတဲ့ ဟို့ရန်ကျီးမလား..ငါက အလွန်ဆွဲဆောင်ဖြားယောင်းနိုင်လွန်းတဲ့ အဲ့လိုလူတစ်ယောက်ရဲ့ ပရိသတ်ပဲဟဲ့..အဲ့ဒီတြိဂံဇောက်ထိုးပုံ ကြွက်သားတွေနဲ့ခါးကို ကြည့်စမ်းပါဦး...amazing ပဲ...]

 

[အရမ်းအလျင်စလိုနိုင်လွန်းတယ်...ဒီGuestတွေရဲ့ ဓာတ်ပုံတွေကို အခုပဲ ငါလိုချင်တယ်...]

 

[ဝိုး.ဝိုး.ဝိုး...တကယ့်ကို ဟုန်ရှန်းဦးဆောင်တဲ့ ရသစုံရှိုးအသစ်ပါပဲ...follow လုပ်ရမယ့်ရှိုးတစ်ခုရှိလာပြီ...ဒါပေမဲ့ Guest ရှစ်ယောက်အပြင် ယို့မြန့်ရဲ့အကောင့်က အသစ်ဖွင့်ထားပြီး ဘာမိတ်ဆက်မှလည်းမရှိဘူး...အတွေ့အကြုံမရှိသေးတဲ့ လက်သင်လေးလား...]

 

ယို့မြန့် တစ်ယောက်ယောက်က သူ့နာမည်ကို ပြောလိုက်သည်ကိုမြင်ပြီး တစ်ခဏခန့် အောက်ကိုဆွဲကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် မရေမတွက်နိုင်သော ပြည်သူများ၏ 'လူပြိန်းရှင်းပြချက်များ'ကို မြင်လိုက်ရမည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။

 

[ဖာ့ခ်...ငါထင်တဲ့ ယို့မြန့်တော့မဟုတ်ဘူးမလား...လင်းလင်း​တော့ အရမ်းစိတ်မချမ်းမသာ ဖြစ်တော့မှာပဲ...ဒီသွေးစုပ်ဖုတ်ကောင်က ဘယ်အချိန်မှ လင်းလင်းကို အလွတ်ပေးမှာလဲ...]

 

[ရင်းနှီးစွာအကြံပေးလိုက်မယ်...အဲ့အတွေ့အကြုံမရှိဘူးဆိုတဲ့ ယို့မြန့်က တစ်ခါတုန်းက ယောက်ျားလေးသူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ကို လိုက်နှောင့်ယှက်ပြီး အပူကပ်ဖူးတယ်...နောက်ခံမရှိတဲ့ သရုပ်ဆောင်သေးသေးလေး ပိုင်လင်းက အဲ့ကနေအများကြီး ခံစားခဲ့ရတာလေ...]

 

[ယို့မြန့်...'ကာရံညီသော နှလုံးခုန်သံ'ကနေထွက်သွား!!!]

 

ယို့မြန့် မျက်ဝန်းထဲတွင် အနည်းငယ်လေးသော်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ သူ့ဖုန်းကို ခံစားချက်ကင်းမဲ့စွာ တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားစရာကို စောင့်ကြည့်နေသည့် ပွဲကြည့်သူတစ်ယောက်ပမာ စိတ်လက်ချမ်းသာပြီး သက်တောင့်သက်သာပင် ခံစားနေရသေးသည်။

 

"ပြီးပါပြီ..."


ဆံပင်ဆရာက လေမှုတ်စက်ကို ပိတ်လိုက်သည်။ မှန်ထဲရှိ ယို့မြန့်ကို ကြည့်လိုက်ချိန်တွင် အံ့အားသင့်မသွားဘဲ မနေနိုင်တော့ပေ။

 

နေခြည်နွေးနွေးလေးက ယို့မြန့်၏ပခုံးနှင့် မျက်နှာဘေးတိုက်ပေါ် ကျဆင်းနေသည်ကို မြင်လိုက်ရသည်။ သစ်အယ်သီးရောင် ဆံနွယ်ကောက်ကောက်လေးများက နဖူးပေါ်ကျဆင်းနေပြီး ထင်ရှားသည့်မျက်ခုံးမွှေးများက ပေါ်လွင်နေခဲ့သည်။ ဖြောင့်စင်းနေသည်နှာတံနှင့် ပါးလွှာသည့်နှုတ်ခမ်းများက အေးစက်ပြီး ဖြူဖျော့နေသည့်အသားအရည်နှင့် လိုက်ဖက်နေသည်မှာ ပြစ်ချက်ပင်ဆိုစရာပင် မရှိပေ။

 

နူးညံ့သည့် အပြုံးလေးတစ်ပွင့်က ယို့မြန့်၏မျက်ဝန်းထဲတွင် ပေါ်လာခဲ့သည်။ ရင်းနှီးနီးစပ်သည့် ခံစားချက်က တမဟုတ်ချင်း ပေါက်ကွဲထွက်လာပြီး ဆံပင်ဆရာညီငယ်လေး၏နှလုံးခုန်သံများကို ထိန်းချုပ်မှုကင်းမဲ့သွားစေခဲ့သည်။

 

ဆံပင်ဆရာညီငယ်လေး၏ခေါင်းမှ လည်တိုင်အထိ အနီရောင်ပြောင်းသွားခဲ့သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


"အနက်ထက် ဧည့်သည်က ဒီဆံပင်အရောင်နဲ့ ပိုလိုက်ဖက်ပါတယ်..."(သူအစထဲက သစ်အယ်သီးရောင်လို့ပဲပြောတာကို ဘာလို့ အနက်ကိုထည့်ပြောနေလဲ မရှင်းဘူး)

 

ယို့မြန့်က မတ်တတ်ရပ်ကာ ဖွဖွလေးပြုံးလိုက်ပြီး ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်လိုက်သည်။

 

ဆံပင်ဆရာက လေမှုတ်စက်ကိုကိုင်ကာ အလျင်အမြန် မျက်တောင်ခတ်လိုက်ပြီး စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လိုက်သည်။ မှန်ရှေ့တွင် သူတို့နှစ်ယောက်လုံး မတ်တတ်ရပ်နေသည့်အချိန်မှသာ လှပသည့်ဧည့်သည်တော်က အရပ်လည်းအလွန်ရှည်မှန်း သူသတိပြုမိလိုက်သည်။

 

ယင်းက...1.8 မီတာပတ်လည်မျှ ရှိလေသည်။

 

သူ့ခြေထောက်တွေက...အရမ်းရှည်တာပဲ...

 

ယို့မြန့် ကျသင့်ငွေရှင်းပြီး ဆိုင်မှထွက်လာချိန်တွင် နောက်ကျနေပေပြီ။ လူငယ်လေးက စိတ်အေးကြည်သာစွာ လမ်းလျှောက်နေခဲ့သည်။ ပထမတစ်ချက်ကြည့်လိုက်ရုံနှင့် လတ်လတ်ဆတ်ဆတ် အညှောင့်ပေါက်လာသည့် အစို့အညှောင့်လေးကဲ့သို့ နူးညံ့ကျိုးပဲ့လွယ်ကာ လန်းဆန်းပြီး အသက်စွမ်းအင်များပြည့်ဝနေသည်ကို ရှာတွေ့နိုင်ပေသည်။

 

စာအုပ်ထဲတွင် ရသစုံရှိုးနှင့်ပတ်သက်ပြီး အကြောင်းအရာများ အများကြီးရှိပေ၏။ ယို့မြန့်က အကြမ်းဖျင်းသာဖတ်ခဲ့ရပြီး သူသိသမျှအားလုံးက ပိုင်လင်းကို မီးမောင်းထိုးပြနိုင်စေရန် လူပြက်တစ်ယောက်ကဲ့သို့ လျှောက်ခုန်ပေါက်နေသည့် သူ့အကြောင်းသာဖြစ်ပေသည်။ ထို့ပြင် ပိုင်လင်းအတွက် ယှဉ်ပြိုင်နေကြသည့် ယောကျ်ားများစွာရှိသည့် အပိုင်းများတွင်မူ သူက အမြှောက်စာတစ်ယောက်ကဲ့သို့ သရုပ်ဆောင်ခဲ့သေးသည်။

 

ယို့မြန့်က ဖုန်းကိုဖွင့်ကာ ဟုန်ရှန်း၏Weibo ပို့စ်ကို မျှဝေလိုက်သည်။ အမြှောက်စာဇာတ်ကောင်တစ်ယောက်ဖြစ်ရသည်ကို နှစ်သက်သည့်မည်သူမဆို ဖြစ်ခွင့်ရှိသည်ဟု သူတွေးလိုက်လေသည်။



🌚🌚