Ch 3
Viewers 6k

🌚Chapter 3



 

ဒီရှိုးပြီးဆုံးသည့်နောက်တွင်တော့ ယို့မိသားစုနှင့် ပိုင်လင်းကပါ သူနှင့်ပတ်သက်ဆက်နွယ်စရာ အကြောင်းမရှိတော့ပါချေ။

 

ထိုအချိန်တွင် နှိမ့်နှိမ့်ချချရှိသော်ငြား ခမ်းနားထည်ဝါသည့် Maybach ကားတစ်စီးက ယို့မြန့်နံဘေးမှ ဖြတ်သွားခဲ့သည်။

 

ကားတွင်းရှိ လေထုက တစ်နည်းတစ်ဖုံ ခမ်းနားနေပြီး ဒရိုင်ဘာက ရှေ့တည့်တည့်ကိုသာ ဦးတည်စိုက်ကြည့်နေလေသည်။

 

နောက်ခုံတွင်ထိုင်နေသည့်သူက suit ဝတ်စုံဝတ်ထားပြီး လည်သာဖိနပ်ကို စီးထားသည့် ခန့်ခန့်ညားညား ယောကျ်ားတစ်ယောက်ဖြစ်သည်။ သူ၏ပန်းပုထုဆစ်ထားသကဲ့သို့ ထက်မြသည့်မေးရိုးက အေးစက်ပြီး ပိုင်စိုးပိုင်နင်းဆန်သည့် အရောင်အဝါကို ထုတ်လွှတ်နေ၏။ သူ၏နက်ရှိုင်းပြီး မည်းမှောင်သည့်မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ကျယ်ပြန့်သည့်နဖူးပြင်နှင့် ထူထဲသည့်မျက်ခုံးများက သန်မာသည့် အကြည့်ကိုပြသနေခဲ့သည်။

 

"ဒီတော့ ဟုန်ရှန်း...JLကို ခင်ဗျားအကြံပြုချင်တဲ့သူက အတိအကျ ဘယ်သူများလဲ..."


​ဖေးဟွိုက်ကျီးက နက်ရှိုင်းသည့်အသံဖြင့် ဖုန်းထဲကိုမေးလိုက်သည်။

 

​ဖေးဟွိုက်ကျီးက ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပြီး JLကို ပရိုမိုးရှင်းဆင်းရန် ပါဝင်ခဲ့ခြင်းပင်။

 

စာချုပ်၏လိုအပ်ချက်အရ ဟုန်ရှန်းက ရိုက်ကူးရေးတစ်ပိုင်းစီ၏ နှလုံးခုန်သံအခန်းငယ်ကို  JL အဆောက်အဦးအသစ်တွင် စီစဉ်ထားခဲ့သည်။ ထို့ပြင် လူထုကို မားကတ်တင်းဆင်းနိုင်အောင် ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် အနုပညာစွမ်းရည်ရှိသည့်လူတစ်ယောက်ကိုလည်း Guestများကြား စီစဉ်ပေးထားလိမ့်မည်ဖြစ်သည်။

(T/N - နှလုံးခုန်သံအခန်းငယ်ဆိုတာက private room လိုမျိုး ရင်ဖွင့်စကား​ပြောလို့ရတဲ့အခန်းကိုဆိုလိုချင်တာထင်ပါတယ်...)

 

ဟုန်ရှန်း၏အသံက အလွန်ပင်ဆူညံနေပြီး အလုပ်ရှုပ်နေပုံပေါ်ပေသည်။

 

"မစိုးရိမ်ပါနဲ့ကွာ..."


ဟုန်ရှန်း၏ ​ဖေးဟွိုက်ကျီးအပေါ်သဘောထားက ယဉ်ကျေးနေခြင်းမျိုးမရှိဘဲ သူငယ်ချင်းတစ်ယောက်ကို ပြောနေသည့်လေသံဖြင့်ပင် ပိုတူနေသေးသည်။

 

"အစက အနုပညာကျောင်းသားတစ်ယောက်ကို ငါတို့တကယ်ရှာချင်ခဲ့ကြတာ...မင်းရဲ့ ဗိသုကာစတိုင်လ်နဲ့ပိုလိုက်ဖက်တဲ့ လက်သင်တစ်ယောက်ကို ရှာတွေ့မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး..."


ဟုန်ရှန်းက ဆက်မပြောမီ စိတ်သက်သာရာရစွာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။


"သူက အနုပညာကျောင်းသားတစ်ယောက်ပဲ...ကောလိပ်ရောက်မှ ပန်းပုမေဂျာကိုပြောင်းလိုက်တာ..."

 

"ယို့မြန့်တဲ့..."


ဟုန်ရှန်းက မေးလိုက်သည်။

"မင်းဒီနာမည်ကို ကြားဖူးလား..."

 

​ဖေးဟွိုက်ကျီးက မျက်မှောင်ကြုတ်ကာ ငြင်းလိုက်သည်။

"မကြားဖူးဘူး..."

 

ဟုန်ရှန်းက ကမန်းကတန်း စကားအနည်းငယ် ပေါင်းထည့်ပြောလိုက်သည်။


"သူ့မိသားစုကို ငါရှာတွေ့တုန်းက တစ်ဖက်သူက သူနဲ့အတူ သူ့ညီကိုပါခေါ်ဖို့ပြောခဲ့တာ...ဓာတ်ပုံကိုတွေ့လိုက်တော့ သူကအနုပညာလောကထဲက သရုပ်ဆောင်သေးသေးလေးတစ်ယောက်ပဲဆိုတာကို ငါသိလိုက်တာလေ...သူ့ရုပ်ရည်ကလည်း မဆိုးတော့ ငါလည်းသဘောတူလိုက်တာ..."

 

"ဘာဖြစ်ဖြစ် ငါမင်းအတွက် လူရှာတွေ့သွားပြီ...လူထုကို ကိုင်တွယ်ဖို့ သူ့ကိုမင်းကိုယ်တိုင် ဆက်သွယ်လို့ရတယ်..."

 

​​​ဖေးဟွိုက်ကျီးက မေးကိုမော့ပြီး ဖွဖွလေး အမ်းဟုပြောလိုက်သည်။


"ပူးပေါင်းလုပ်ဆောင်ဖို့ ငါအကောင်းဆုံးကြိုးစားသွားမှာပါ...ဒါပေမဲ့ ငါလည်း တူညီတဲ့စကားကိုပဲ ပြောရဦးမယ်...ရှိုးရဲ့အာရုံစိုက်မှုက ငါ့အပေါ်မှာမဖြစ်သင့်ဘူးနော်..."


ဟုန်ရှန်းက ကူကယ်ရာမဲ့စွာ အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး ထပ်ခါထပ်ခါ ပြောလိုက်ရသည်။


"ငါသိပါပြီကွ...ကင်မရာကို မင်းပတ်ပတ်လည်မှာပဲ ထားလိုက်ပါ့မယ်..."

 

​ဖေးဟွိုက်ကျီး၏အမှုမထားသည့် မျက်နှာအမူအရာက ပြောင်းလဲမသွားပေ။ ဟုန်ရှန်း၏လှောင်ပြောင်မှုကို မကြားသည့်အလား အမှန်တကယ်ကြီး ပြန်ဖြေလိုက်လေ၏။


"အင်း..."

 

ဟုန်ရှန်းမှာ လုံးလုံးပင် ပြောစရာစကား ဆွံ့အသွားခဲ့သည်။ သူက လျှာနှင့်အကြိမ်အနည်းငယ် စုပ်သက်လိုက်ပြီး ဖုန်းချလိုက်သည်။ ကံကောင်းထောက်မစွာပင် ခေါင်းဆောင်မှုယူနိုင်သည့် အခြားအမျိုးသားGuest များလည်း ရှိုးတွင် ရှိနေခဲ့၍ ဤဆက်ဆံရေးများကို သူကိုင်တွယ်နိုင်သည်ဟု ဟုန်ရှန်းထင်ပေသည်။

 

ရက်အနည်းငယ်ကြာပြီးနောက် 'ကာရံညီ​သော နှလုံးခုန်သံ'ရှိုးရိုက်ကူးရေးက တရားဝင်စတင်လာခဲ့သည်။

 

ရိုက်ကူးရေးစတူဒီယိုအခန်းအတွင်းရှိ မီးရောင်များက ရုတ်တရက်ပွင့်လာခဲ့သည်။ စီနီယာတင်ဆက်သူ ချွီ့ရှောက်က အနက်ရောင် အနားကွပ်ထားသည့် မျက်မှန်တစ်လက်ကို တပ်ထားပြီး အပြာရောင်suitဝတ်စုံကို ဝတ်ထားသည်။ သူက စားပွဲဝိုင်းအနောက်တွင်ထိုင်ကာ အဖွင့်စကားများပြောနေသကဲ့သို့ ဖော်ဖော်ရွေရွေ ကြည့်နေခဲ့သည်။

 

သူ့ဘယ်ဘက်တွင် ထိုင်နေသူက ဆံပင်လှိုင်းကောက်အရှည်များရှိသည့် နာမည်ကြီးမင်းသမီး ရှီရွေ့ပင်။ သူ့ညာဘက်တွင်မူ မကြာသေးမီကမှ နာမည်ကြီးလာသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားအနုပညာရှင် ကောစုက ထိုင်နေခဲ့သည်။

 

အနုပညာလာကထဲ ဝင်လာသည်မှာ သိပ်မကြာသေးသည့် သရုပ်ဆောင်အသစ်လေးများ အများကြီးကလည်း အခန်းထဲတွင်ထိုင်နေကြပြီး သူတို့အားလုံးက မျက်နှာပေါ်တွင် စိတ်အားထက်သန်သည့် အပြုံးများရှိနေကြသည်။ သူတို့ကြည့်ရသည်မှာ နောက်လာမည့် စိတ်လှုပ်ရှားစရာကို စောင့်မျှော်နေသည့်ပုံပင်။

 

စခရင်တွင်ပြနေသည့် ရုပ်ပုံများကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်နေလေသည်။ ယို့မြန်က သူ၏ခရီးဆောင်အိတ်ကိုဆွဲလျက် ကင်မရာထဲတွင် ဖြေးညင်းစွာ ပေါ်လာခဲ့ချိန်တွင် အသက်ရှိုက်ရှုသွင်းလိုက်သည့်အသံများက တမဟုတ်ချင်း စတူဒီယိုတစ်ခုလုံး ပြည့်သွားခဲ့လေသည်။

 

****


ဆောင်းဦးလေညှင်းလေးက ပေါ့ပေါ့ပါးပါး တိုက်ခတ်သွားပြီး ရေလှိုင်းလေးများထသွားစေခဲ့သည်။


တူညီသောအရောင်ရှိသည့် ပင်လယ်နှင့်ကောင်းကင်ကြီးထိစပ်ရာ မြူဆိုင်းနေသည့် ကောင်းကင်အောက်တွင် 'ကာရံညီသော နှလုံးခုန်သံ'ဟု အမည်တပ်ထားသည့် အနက်ရောင်စီးပွားရေးသုံး ကားတစ်စီးက ကမ်းခြေနံဘေးရှိ ရိုက်ကူးရေးနေရာကို ပုံမှန်အမြန်နှုန်းဖြင့် မောင်းလာနေသည်။

 

ယို့မြန့်က လက်ပိုက်ထားကာ ကားပြတင်းပေါက်အနီးတွင် ထိုင်နေခဲ့သည်။ သူ့မျက်ဝန်းများကို ပိတ်ထားကာ တည်ငြိမ်ပြီး လစ်လျူရှုထားသည့် မျက်နှာအမူအရာဖြင့် ငိုက်မျည်းနေ​၏။

 

ထိုနေ့က သူချန်ထားခဲ့သည့် ယို့မြန့်၏စိတ်သဘောထားက ပြင်းထန်လွန်းသွား၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှိုးမရိုက်ကူးမီ ရက်အနည်းငယ်အတွင်း ယို့ကျီယွမ်က ယို့မြန့် သူ့ကတိကို ပြန်ရုတ်သိမ်းသွားမည်ကို ကြောက်ရွံ့နေသည့်အလား အကြီးတစ်ယောက်၏လေသံဖြင့် ယို့မြန့်ကို အကြိမ်ပေါင်းများစွာ ချည်းကပ်ခဲ့သည်။ 

 

သို့ပေမည့် ယို့ကျီယွမ်၏ကိုယ့်ကိုကိုယ် တရားနည်းလမ်းကျသည်ဟု ထင်နေသည့် ခြေလှမ်းများက ထပ်ခါ ထပ်ခါကျရှုံးသွားခဲ့ရသည်ချည်းပင်။ နောက်ဆုံးတစ်ကြိမ်တွင်တော့ ယို့မြန့်က ထပ်သည်းမခံနိုင်တော့ဘဲ ရိုးရိုးရှင်းရှင်းပင် ယို့ကျီယွမ်ကို ဘလက်လစ်ထဲ ထည့်သွင်းလိုက်တော့သည်။

 

ယို့ကျီယွမ်က အလွန်ဒေါသပေါက်ကွဲထွက်သွားခဲ့ပြီး ချက်ချင်းပင် သူ့အသိုင်းအဝိုင်းတစ်ခုလုံးထဲသို့ ယို့မြန့်က ဝတ္တရားမကျေပွန်သည့်သားတစ်ယောက်ဟု စကားဖြန့်လိုက်လေသည်။

 

တစ်ခဏကြာပြီးနောက် လူတိုင်းက ယို့မိသားစုက မည်သူ့ကိုမြေတောင်မြှောက် ပျိုးထောင်ပေးချင်နေမှန်း လူတိုင်းသိသွားတော့သည်။

 

ယို့မြန့်ကို အစွန့်ပစ်ခံသားတစ်ယောက်ဟုခေါ်ပြီး နေရာအနှံ့သူ့အကြောင်းများကို စကားစမြည်ပြောကာ ဆွေးနွေးနေကြတော့သည်။

 

ထိုဝဲဂယက်ထဲပါဝင်သည့်လူကိုယ်တိုင်ကတော့ အနည်းငယ်မျှပင် ဂရုမစိုက်နေပါချေ။

 

ယို့မြန့်က ယို့မိသားစုအိမ်တော်မှ ထွက်ခွာသွားပြီး တိုက်ခန်းတစ်ခုကို သူ့ပန်းပုဒီဇိုင်းဆွဲခြင်းမှ ရရှိသည့်ဝင်ငွေဖြင့် ငှားရမ်းကာ ယို့ကျီယွမ်၏ရှေ့မှ လုံးဝပျောက်ကွယ်သွားခဲ့သည်။

 

ယို့ကျီယွမ်က မဝံ့မရဲဖြင့် ဆက်လက်စမ်းသပ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ရှယ်ယာလွှဲပြောင်းမှုကို ကြေညာရန် အစည်းအဝေးဆက်တိုက်ပြုလုပ်လို့ရသည့် အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။ ယင်းက ပိုင်လင်းမှာ ရှို့မင်၏ဆက်ဆံသူဟု အပြည့်အဝ ကြေညာလိုက်ခြင်းပင်ဖြစ်သည်။

 

ယို့ကျီယွမ်၏လုပ်ရပ်များက အရှက်မရှိ ဗြောင်ကျလှပြီး ယို့မြန့်ရှေ့မှောက်တွင် မည်သည့်ဖုံးကွယ်မှုမှမလုပ်ခဲ့ချေ။ သို့သော် ယင်းက လှိုင်းလုံးများစွာကို အကြာကြီးဖြစ်သွားစေခဲ့သည်။

 

ယို့မြန့် စာချုပ်တွင် လက်မှတ်ထိုးလိုက်ကတည်းက သူ့ကိုယ်သူ ယို့မိသားစုမှ လုံးဝခွဲထွက်လိုက်ပြီးသားပင်။ ထိုအချိန်မှစ၍ ယို့ကျီယွမ်ပင်ဖြစ်စေ၊ ပိုင်ဖိန်းလန် သို့မဟုတ် ပိုင်လင်းပဲဖြစ်စေ သူနှင့်ပက်သတ်ရန် အကြောင်းမရှိတော့ချေ။

 

အနက်ရောင်စီးပွားရေးသုံးကား၏ဘီးလုံးများက အဖြူရောင်သဲများထဲ အနည်းငယ် နစ်မြှုပ်သွားခဲ့သည်။ ကားပြတင်းပေါက်အပြင်ဘက်တွင်မူ ကင်မရာများကိုသူတို့၏ပခုံးတွင် ချိန်ညှိလျက် အလုပ်ရှုပ်နေကြသော ဝန်ထမ်းအများအပြားက မတ်တပ်ရပ်နေကြသည်။

 

ယို့မြန့်က အတွေးထဲမှ ရုန်းထွက်လိုက်ပြီး ကားထဲမှ ထွက်ရန်ပြင်လိုက်၏။ ကားအပြင်သို့ရောက်ရောက်ချင်းမှာပင် အိတ်ကပ်ထဲရှိဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။

 

ဖုန်းခေါ်သူအမည်ကို မြင်လိုက်ချိန် ယို့မြန့်၏မျက်ခုံးများက ပြေလျော့သွားခဲ့သည်။ ဝန်ထမ်းတစ်ယောက်က သူ့ဖုန်းကို လာမသိမ်းမီ ချင်လန်၏ဖုန်းခေါ်ဆိုမှုကို ကိုင်လိုက်သည်။

 

ချင်လန်က ယို့မြန့်၏ဆရာတစ်ယောက်ဖြစ်ပြီး ပန်းပုထုဆစ်သည့်ပညာသင်ယူချိန်တွင် သူ့ကိုအများဆုံး အကူအညီပေးခဲ့သူဖြစ်သည်။

 

ဖုန်းတစ်ဖက်ရှိလူက စကားပလင်မခံတော့ဘဲ ယို့မြန့်ကို တိုက်ရိုက်မေးလိုက်သည်။


"ယို့မြန့်...စတားကပ်အကြိုရွေးချယ်မှုကို အောင်သွားတဲ့လူစာရင်းထဲမှာ ငါဘာလို့ မင်းနာမည်ကို မတွေ့ရတာလဲ..."

 

သူ့ကျောင်းသား၏စွမ်းဆောင်ရည်ကို ချင်လန်သိပေသည်။ အကြိုရွေးချယ်မှုကို ယို့မြန့်မအောင်မြင်သည်မှာ မဖြစ်နိုင်ပေ။ သူ့နှလုံးသားထဲတွင် ယို့မြန့်က စတားကပ်ချန်ပီယံဆုအတွက်ပင် ယှဉ်ပြိုင်လို့ရသည့် အသန်မာဆုံး ပြိုင်ပွဲဝင်တစ်ဦးပင်ဖြစ်သည်။

 

ယို့မြန့် အသိမြန်မြန်ပြန်မဝင်လာမီ ကြက်သေသေသွားခဲ့သည်။

 

ယင်းကိုကြံစည်ခဲ့သည်က မည်သူမှန်း ယို့မြန့်တွေးနေရန်ပင် မလိုခဲ့ပေ။ ထိုကဲ့သို့လှည့်ကွက်များလုပ်ရန် အာဏာသုံးမည့် တစ်ဦးတည်းသောသူမှာ 'သူ့သားကိုအသက်တမျှချစ်သည့်' ယို့ကျီယွမ်တစ်ဦးတည်းသာရှိပေသည်။

 

ယို့မြန့်က မကျေမနပ် တိုင်တောတတ်သည့်နေရာတွင် မတော်ပါချေ။ ထို့ကြောင့် အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက် သူပြောရုံသာပြောလိုက်သည်။


"လောင်ရှီး...ကျွန်တော်နောက်တစ်နှစ်စောင့်ရမှာကို မကြောက်ပါဘူး..."

 

ယို့မြန့်၏အသံတွင် ပြတ်သားသည့် သဘောထားများ ပါဝင်နေခဲ့သည်။ သူက အနည်းငယ်သော်မျှ ရှင်းပြခြင်းမျိုး တွန့်ဆုတ်သွားခြင်းမျိုး မရှိခဲ့ပေ။


ချင်လန်က ပန်းပုလောကတွင် မာစတာတစ်ယောက်ပင်။ သူက တစ်ခါမျှ လူချမ်းသာမိသားစုများ၏ တိုက်ပွဲများကြား ဝင်ပါလိုစိတ်မရှိခဲ့ပေ။

 

ယင်းက ချင်လန်မှာ မည်သည့်အာဏာမှ မရှိဘဲ ပြဿနာဖြစ်လာချိန်တွင် ခေါင်းရှောင်ကာနောက်တွန့်သွားမည့် အနုပညာရှင်လူအိုကြီးတစ်ယောက်သာသာပင် ဖြစ်သည်ဟု မဆိုလိုချေ။ 

 

လွန်ခဲ့သည့်ရက်အနည်းငယ်က ယို့မြန့်တွင် မည်သည့်ကိစ္စများဖြစ်သွားခဲ့လဲကို ချင်းလန်ကြားမိပေသည်။ အခြားသူများဘာတွေးလဲ၊ဘာပြောလဲကို သူဝင်မစွက်ဖက်နိုင်သော်ငြား ယို့မြန့်က သူအမျှော်လင့်ထားဆုံး ကျောင်းသားတစ်ယောက်ပင်။

 

ယို့မြန့်၏စရိုက်သဘာဝနှင့် ကိုယ်တိုင်ကြိုးစားလေ့လာခြင်းကို ချင်လန်ကသူ့မျက်လုံးများနှင့် ကိုယ်တိုင်တွေ့ခဲ့ရပြီး သူတို့သူငယ်ချင်းများဖြစ်လာကြသည်မှာ ကြာမြင့်လှပေပြီ။

 

ယို့မြန့်က အစွယ်ကျိုးနေသည့်မြွေတစ်ကောင်ကဲ့သို့ အောက်ကျို့ကာ နှိမ့်ချနေရသည်ဟု သူကြားချိန်တွင် နွားပေါက်လေးကို ကာကွယ်လိုသည့် ချင်လန်၏ခေါင်းမာမှုများကို နှိုးဆွလိုက်သည်။

 

စတားကပ်ဆုက ဘွဲ့ယူတော့မည့်စီနီယာကျောင်းသားတစ်ယောက်ကို ပိုမိုတောက်ပဝံ့ကြွားလာအောင် ထပ်တိုးပေးလိုက်သည့် ဂုဏ်တစ်ခုပင်။

 

ယို့မြန့်ကို အလဟဿ အချည်းနှီးဖြစ်သွားစေခွင့်ပြုလိုက်ရန် အကြောင်းမရှိပေ။

 

ဖုန်းအတွင်းရှိ ချင်လန်၏အသံက လေးနက်ပြီး အာဏာသံပါနေခဲ့သည်။ ပေါင်ကိုလက်ဖြင့် ရိုက်ချလိုက်ပြီးနောက် ပါးစပ်ဟကာ ပြောလိုက်သည်။


"ရှောင်ယို့...မင်းနောက်နှစ်ကိုစောင့်ဖို့မလိုဘူး..."

 

ချင်လန်က ဆက်ပြောလိုက်သည်။

"ငါမင်းကို ထောက်ခံချက်နဲ့ အထူးနေရာတစ်ခုပေးလိုက်မယ်...အဲ့နေရာက မင်းအပိုင်ပဲ..."

 

ထိုစကားများက ယို့မြန့်ကို သတိလွတ်သွားစေပြီး နေရာမှာပင် ချက်ချင်း ကြက်သေသေသွားခဲ့သည်။ ချင်လန်၏အားမာန်တက်ကြွသည့်အသံကို နောက်ဆုံးကြားခဲ့ရသည်မှာ ဘယ်လောက်ကြာသွားပြီမှန်း ယို့မြန့် မသိတော့ပေ။ တစ်ကမ္ဘာမျှကြာသွားခဲ့ပြီဟုပင် ထင်ရပေသည်။

 

သိပ်မဝေးသည့်နေရာတွင်မူ ကင်မရာနေရာ အနေအထားကို ချိန်ညှိနေဆဲပင်။ ဝန်ထမ်းတစ်ယောက်က ယို့မြန့်ထံ လက်ဟန်အမူအရာဖြင့် ရိုက်ကူးရေးမစသေးကြောင်း အချက်ပြလိုက်သည်။ သူစိုးရိမ်စရာ မလိုပေ။

 

ယင်းကိုမြင်ပြီး ယို့မြန့်လည်း ကင်မရာကိုရှောင်ရန် ဘေးဘက်ကိုသွားလိုက်သည်။

 

ယခုတစ်ကြိမ် စတားကပ်ကိုတော့ သူလွဲချော်သွားပြီဟု မူလက ယို့မြန့်တွေးမိခဲ့သည်။ ယခုကဲ့သို့ အလှည့်အပြောင်းဖြစ်သွားလိမ့်ဟု မထင်ထားခဲ့ချေ။

 

ယို့မြန့်နှုတ်ခမ်းကို အသာအယာဖိကာ နူးညံ့စွာ မပြောမီ သူ့စိတ်ခံစားချက်ကို ထိန်းညှိလိုက်သည်။


"လောင်ရှီး...ကျေးဇူးတင်ပါတယ်..."

 

ယို့မြန့်၏နှာခေါင်းထိပ်လေးက အနည်းငယ်နီရဲသွားပြီး ဖုန်းကိုဆုပ်ကိုင်ထားသည့် လက်ဆစ်များကလည်း ခွန်အားအများကြီး သုံးထားရဟန် ဖြူဖွေးနေခဲ့သည်။

 

ခံစားချက်အများအပြားပါဝင်နေသည့် အသံလေးက ဖုန်းတစ်ဖက်ရှိ ချင်လန်၏နှလုံးသားကို နူးညံ့သွားစေခဲ့သည်။

 

ထိုအခိုက်တွင် သူမည်မျှရင့်ကျက်တည်ငြိမ်နေပါစေ ယို့မြန့်က ၂၀ ပြည့်ရုံသာရှိသေးသည့် လူငယ်လေးတစ်ယောက်မှန်း ချင်လန် သဘောပေါက်လိုက်သည်။

 

ချင်လန် နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ကိုက်ခဲသွားရသည်။ ယို့မြန်ကိုယ်တိုင်က သူနောက်တစ်နှစ်စောင့်ရမည်ကို မကြောက်ကြောင်းပြောသော်လည်း တကယ်တမ်းတွင် ထိုသို့စောင့်ဆိုင်းလိုစိတ်ရှိပါ့မည်လားဟု ချင်လန် တွေးလိုက်မိသည်။

 

ယို့မြန့်က ညင်သာပြီး ထောင်လွှားမှုမရှိပုံပေါ်သော်ငြား သူ့ရည်မှန်းချက်နှင့် မလျှော့သော ကြိုးစားအားထုတ်မှုများကို ဖုံးကွယ်ထားရုံမျှသာဖြစ်ပြီး ပျောက်ဆုံးနေခြင်း မဟုတ်ပါချေ။

 

ပင်လယ်လေညှင်းလေးက ညင်သာစွာ တိုက်ခတ်သွားခဲ့သည်။

 

ယို့မြန့်၏နားရွက်များက ဖုန်းတစ်ဖက်မှလာသည့် လောကဓံအ​တွေ့အကြုံ များစွာကြုံဖူးနေသည့် ချင်လန်၏အသံကို ကြားလိုက်ရသည်။

 

ချင်လန်က ဩရှအက်ကွဲနေသည့်အသံဖြင့် သူ့အားနှစ်သိမ့်လိုက်သည်။

"ယို့မြန့်...ပျံလွှားငှက်တစ်ကောင်က ငန်းတစ်ကောင်ရဲ့ရည်မှန်းချက်ကို နားမလည်နိုင်ဘူး..."

 

ယင်းက ချင်လန်၏အားပေးစကားဖြစ်ပြီး ဆရာတစ်ယောက်အဖြစ် ယို့မြန့်အတွက် မျှော်လင့်ချက်မြင့်မြင့်ထားခြင်းလည်း ဖြစ်ပေ၏။

 

ချင်လန်၏စကားလုံးများ ထွက်ပေါ်လာသည့်အခိုက် စက္ကန့်အနည်းငယ်အတွင်းမှာပင် ယို့မြန့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ ယခုလေးတင် ထုတ်ဖော်ပြသလိုက်သည့် အားနည်းချက်ကို ဆက်မတွေ့ရတော့ပါချေ။

 

ယို့မြန့်ခေါင်းမော့က နူးညံ့စွာ ပြောလိုက်သည်။

"ပြင်ပကိစ္စတွေကြောင့် စိတ်အနှောင့်အယှက်အဖြစ် မခံနဲ့...အရေးမပါတဲ့ကိစ္စတွေကို ခြယ်လှယ်စိုးမိုးခွင့်မပေးလိုက်နဲ့..."

 

"ကျွန်တော် လောင်ရှီးကို စိတ်ပျက်ရအောင်လုပ်မှာ မဟုတ်ပါဘူး လောင်ရှီး..."

 

စတားကပ်က ဒုတိယအဆင့် အနုပညာပြိုင်ပွဲတစ်ခုဖြစ်ပြီး အမျိုးမျိုးသော အခန်းကဏ္ဍများ ခွဲခြားထားလေသည်။

 

ယို့မြန့်က ကောလိပ်တွင် ပန်းပုပညာကို အဓိကယူခဲ့သည်။ သူပြိုင်ပွဲဝင်ချင်ပါက ပန်းပုအမျိုးအစားအောက်တွင် စာရင်းသွင်းရမည်ဖြစ်သည်။ ပိုင်လင်းကဲ့သို့ ဆီဆေးပန်းချီအပိုင်းနှင့် မတူညီပေ။ ထို့ကြောင့် သူတို့နှစ်ဦးထိပ်တိုက် ယှဉ်ပြိုင်တွေ့ဆုံရန်မှာ မဖြစ်နိုင်ချေ။




🌚🌚