Ch 4
Viewers 6k

🌚Chapter 4



 

ယို့မြန့်က ကောလိပ်တွင် ပန်းပုပညာကို အဓိကယူခဲ့သည်။ သူပြိုင်ပွဲဝင်ချင်ပါက ပန်းပုအမျိုးအစားအောက်တွင် စာရင်းသွင်းရမည်ဖြစ်သည်။ ပိုင်လင်းကဲ့သို့ ဆီဆေးပန်းချီအပိုင်းနှင့် မတူညီပေ။ ထို့ကြောင့် သူတို့နှစ်ဦးထိပ်တိုက် ယှဉ်ပြိုင်တွေ့ဆုံရန်မှာ မဖြစ်နိုင်ချေ။


ယို့ကျီယွမ်က ဤအကြောင်းများကို မသိဘဲ ပိုင်လင်းကို ယှဉ်ပြိုင်ရဲသည့်အတွက် ယို့မြန့်ကိုပင် ခြိမ်းခြောက်ခဲ့သေးသည်။ သူက ယင်းအတွက် ယို့မြန့်၏နေရာကိုပင် ဖယ်ထုတ်လိုက်ရန် တုံ့ဆိုင်းမနေခဲ့ပေ။

 

ယခုရှိုးတွင်ပါဝင်သည်ကပင် ယို့မြန့်၏အောက်ဆုံးမျဉ်းဖြစ်နေပြီးသားပင်။ ယင်းက ယို့ကျီယွမ်လိုချင်သည့်အခြေအနေများကို ဖြည့်ဆည်းပေးခြင်းဟု သတ်မှတ်နိုင်ပေသည်။

 

သို့သော်ငြား အကယ်၍ ယို့ကျီယွမ်က ယို့မြန့်အား စတားကပ်တွင် ပိုင်လင်းမပါဝင်ဘဲ ပိုင်လင်းပါဝင်သကဲ့သို့ ယို့မြန့်ကို ဟန်ဆောင်စေချင်သည်ဆိုပါက...သူက အိပ်မက်မက်နေတာပင်။


(T/N - ပိုင်လင်းက ပြိုင်ပွဲမှာ တကယ်တမ်းမပါခဲ့ဘဲနဲ့ ပါခဲ့သလိုမျိုး သူ့နာမည်ထည့်ပြီး ဆုတစ်ခုလောက်ရအောင် ယို့မြန့်ကိုဟန်ဆောင်စေချင်တာပါ)

 

ယို့မြန့်က နေရောင်အောက်တွင် ဘေးတိုက်မတ်တပ်ရပ်နေပြီး ဖုန်းပြောနေခဲ့လေသည်။ သူ့နောက်ရှိကင်မရာက ဤမြင်ကွင်းကို ဖမ်းယူထားလိုက်မှန်း သူ မသိခဲ့ချေ။

 

ကင်မရာထဲရှိ လူငယ်လေးက ပါးလွှာပြီး ဝါညိုနုရောင် ရှပ်လက်ရှည်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏သစ်အယ်သီးဖျော့ဖျော့ရောင် ဆံနွယ်ကောက်ကောက်လေးများက နေရောင်ထဲတွင် နွေးထွေးနေခဲ့သည်။ သူ့ပုံရိပ်က ရှည်လျားသွယ်လျနေသော်လည်း အားနည်းပျော့ညံ့မနေဘဲ သန်မာလန်းဆန်းပြီး တက်ကြွ၊သွက်လက်သည့် အငွေ့အသက်များ ဖြာထွက်နေခဲ့သည်။

 

ဖုန်းထဲတွင် မည်သည်ကိုပြောလိုက်မှန်းမသိပေ။ ယို့မြန့်၏ညင်သာသည့်အပြုံးလေးက အနည်းငယ်တန့်သွားခဲ့ပြီး ခဏတဖြုတ် စူးရှထက်မြိသွားခဲ့သည်။

 

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏ပယင်းရောင်မျက်ဝန်းများကို အောက်နိမ့်ချလိုက်ပြီး ရှည်လျားသည့်မျက်တောင်ရှည်များကို တဖြတ်ဖြတ် ခတ်လိုက်သည်။ ယို့မြန့်က ဖုန်းချကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။

 

အရည်အသွေးမြင့် ကင်မရာကိုကိုင်ထားသည့် ဝန်ထမ်းက မှင်တက်မသွားဘဲ မနေနိုင်တော့ချေ။ သူက အသိပြန်မဝင်လာမီ အချိန်အတန်ကြာသည့်တိုင်အောင် ကြက်သေသေနေခဲ့သည်။ ထို့နောက် စိတ်တိုစွာ ခေါင်းခါယမ်းလိုက်ပြီး အနီးကပ်ရိုက်သည့်နေရာတွင် အလေးအနက် အာရုံပိုစူးစိုက်ထားလိုက်သည်။

 

ယို့မြန့်က ခေါင်းလေးကို စောင်းငဲ့လိုက်သည်။ သူ၏ဆံနွယ်ကောက်ကောက်လေးများက လှုပ်ရမ်းသွားပြီး မျက်ဝန်းထဲတွင် သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။


"ကျွန်တော်ဖုန်းပြောလို့ ပြီးသွားပြီ...ကျွန်တော့်ဖုန်းကို သိမ်းချင်လား..."

 

ဝန်ထမ်းကတ်ဆွဲထားသည့် မိန်းကလေးက နီရဲနေသည့်နားရွက်များဖြင့် ရှေ့တိုးလိုက်သည်။ သူမက လက်နှစ်ဖက်ဖြင့် ဖုန်းကိုယူလိုက်ပြီး ယို့မြန့်ကိုသတိပေးရန်လည်း မမေ့ခဲ့ပေ။


"ရှိုးက JL ဆောက်လုပ်ရေးနဲ့ ပူးပေါင်းထားတာလေ...ရိုက်ကူးရေးမလုပ်ခင် သူတို့ရှင့်ကို ဆက်သွယ်ခဲ့ကြသေးလား...နှလုံးခုန်သံစံအိမ်ကို လမ်းလျှောက်သွားတဲ့အချိန် ရှင် အိမ်ကိုကြေညာဖို့လိုတယ်..."

 

'ကာရံညီသော နှလုံးခုန်သံ'ရှိုးရှိပါဝင်သော အိမ်တစ်အိမ်ချင်းစီတိုင်းက ရှိုးတွင် အကြိမ်မရေမတွက်နိုင်အောင် ပါလာမည်ဖြစ်သည်။ JL ဆောက်လုပ်ရေး၏ရဲတင်းပြီး ဆန်းသစ်သည့်ရင်းနှီးမြှုပ်နှံမှုက ဤအသိုင်းအဝိုင်းထဲတွင် ပထမဆုံးဖြစ်သည်။ ရှိုးကိုလွှင့်သည်နှင့် JL ဆောက်လုပ်ရေး၏စတော့ခ်များက တဟုန်ထိုးမြင့်တက်သွားပေလိမ့်မည်။

 

ဝန်ထမ်းမိန်းကလေးက စကားပြောပြီးသည်နှင့် အဝေးက မှန်ဗီလာကို လက်ညှိုးထိုးပြလိုက်သည်။


 á€šá€­á€Żá€ˇá€™á€źá€”အ် ခေါင်းအသာညိတ်ကာ နားလည်ကြောင်း ပြသလိုက်သည်။

 

သူ့ခရီးဆောင်အိတ်ကိုဆွဲပြီး နှလုံးခုန်သံစံအိမ်ကို ဦးတည်သွားသည့် ကျောက်ခင်းလမ်းကို လျှောက်သည့်အချိန်မှသာလျှင် ရှိုးတွင်ပါဝင်ရတော့မည်ဟူသည့် ခံစားချက်ကို ယို့မြန့်အမှန်တကယ် ခံစားလိုက်ရသည်။

 

ယို့အိမ်တော်က မီးမလောင်သွားခဲ့ပေ။ သူလည်း မသေဆုံးသေးဘဲ ယို့မိသားစုမှပင် ခွဲထွက်လာနိုင်ခဲ့သေးသည်။

 

ကင်မရာကိုနောက်ခံထားကာ လမ်းကြောင်းကို ရှေ့ဆက်သွားနေသကဲ့သို့ပင် အတိတ်မှအရာအားလုံးကို နောက်ချန်ထားခဲ့ကာ ယို့မြန့်ဘဝသစ်တစ်ခုထံ ဦးတည်လျှောက်လှမ်းလိုက်သည်။

 

သူ့ကံကြမ္မာကို ပြန်လည်ရေးသားတော့မည်ပင်။

 

ဆားငန်ဓာတ်အနည်းငယ် ရောယှက်နေသည့်လေက ပင်လယ်ပြင်ဆီ ဖြတ်တိုက်ခတ်သွားခဲ့သည်။ ယို့မြန့်က နောက်ကိုလှည့်မကြည့်ဘဲ ရှေ့ဆက်လမ်းလျှောက်လိုက်သည်။ နေကသူ့နောက်ကျောပေါ် ကျရောက်နေပြီး အလင်းရောင်အောက်တွင် သူ့ပုံရိပ်က တောက်ပစွာ အရောင်ဖြာထွက်နေခဲ့သည်။

 

ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသည့် နောက်ဆုံးသံကြိုးများမှ အဆုံးသတ်တွင် လွတ်မြောက်သွားသည့်အလား ယို့မြန့် ခေါင်းကို ပေါ့ပါးစွာ မော့လိုက်၏။

 

ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ချောက်ကမ်းပါးပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသည့် သေသပ်ပြီး ရိုးရှင်းသည့် မှန်ဗီလာတစ်လုံးကို မြင်လိုက်ရသည်။

 

ကြီးမားပြီး ခရင်မ်အရောင်ရှိသည့် ချောက်ကမ်းပါးက ကမ်းခြေထက်တွင် ခပ်မတ်မတ်တည်ရှိနေပြီး လှိုင်းလုံးများက တောင်စောင်းကို မှန်မှန်လာရိုက်ခတ်ကာ အပြာရင့်ရောင်ရေစက်များက ဖြာထွက်သွားခဲ့သည်။


နေက မှန်များဖြင့် ပြုလုပ်ထားသည့် အဆောက်အဦးနံရံများပေါ်ကျရောက်နေပြီး ပတ်ပတ်လည်ရှိ ပန်း‌မွေ့ယာက နံရံတွင် ရောင်ပြန်ဟပ်နေခဲ့သည်။ လေထဲတွင် ယိမ်းနွဲ့နေသည့် အဖြူရောင်လီလီပန်းများနှင့် အိုင်းရစ်ပန်းများက မှန်တွင် ထင်ဟပ်နေခဲ့သည်။ အဖြူရောင်နှင့်ခရမ်းရောင်ပန်းများက အချင်းချင်းရောယှက်သွားပြီး လိုက်ဖက်ညီနေခဲ့သည်။ နေ​ရောင်အောက်တွင် တောက်ပနေသည့်ပန်းများနှင့် မှောင်ရိပ်ကျရာနေရာက အလင်းနှင့် အမှောင်ဟူသည့် ဆန့်ကျင်ဘက်ပုံစံကို ပေါ်လွင်သွားစေပြီး ကဗျာဆန်ဆန် အိပ်မက်တစ်ခုကဲ့သို့ ပို၍ပင် ထူးခြားဆန်းကျယ်သွားစေခဲ့သည်။

 

ဆောင်းဦးတွင် တောက်ပသက်ဝင်စွာ ပွင့်လန်းနေကြသည့် ပန်းများအများအပြားရှိနေဆဲပင်။ ထိုပန်းများက ချောက်ကမ်းပါးစွန်းရှိ ပန်းဉယျာဉ်တွင်းတွင် လှပဝင့်ကြွားစွာ ပွင့်နေကြ၏။

 

ယို့မြန့်က ခရီးဆောင်အိတ်ကိုဆွဲကာ နှလုံးခုန်သံစံအိမ်ကို လျှောက်သွားလိုက်သည်။ သူ့နောက်ရှိ ကင်မရာက စတင်ရိုက်ကူးနေပြီပင်။

 

စတူဒီယိုခန်းတွင်းရှိဧည့်သည်များအားလုံးက စခရင်တွင် ပေါ်လာသည့် ယို့မြန့်ကြောင့် အံ့အားသင့်သွားကြသည်။

 

အသက်ပြင်းပြင်းတစ်ချက်ရှုပြီးနောက် လူတိုင်းက မိနစ်အနည်းငယ်မျှ တန့်သွားခဲ့ကြသည်။ ထို့နောက်မှ အသိပြန်ဝင်လာကြသည်။

 

ချွီ့ရှောက်က ပရော်ဖက်ရှင်နယ်ဆန်ကာ ကျွမ်းကျင်ပေသည်။ သူ့မျက်မှန်ကို ပင့်တင်ပြီး ပထမဦးဆုံးပြုံးလိုက်သည်။


"ဒါရိုက်တာဟုန်က ရသစုံရှိုးဘုရင်လို့ ခေါ်ထိုက်ပါတယ်ဗျာ...ပထမဆုံးGuestက ကျွန်တော်တို့ကို suprise အကြီးကြီး ဖြစ်သွားစေတယ်ဗျ..."

 

ရှီရွေ့က သူမပခုံးပေါ်ရှိ ဆံပင်ကောက်ကောက်များကို နောက်ကျောသို့ အသာပို့လိုက်သည်။ သူမက အံ့အားသင့်သွားသည့် အမူအရာကို မဖုံးနိုင်တော့ပေ။ မျက်လုံးများပြူးကျယ်ပြီး ပါးစပ်ကိုလက်နှင့်ဖုံးကာ ပြောလိုက်သည်။


"ကျွန်မကို တကယ်ကြီး လန့်သွားစေခဲ့တာ...ဒီနေ့ခေတ်လူငယ်တွေအကုန်လုံးက အဲ့လိုလှနေကြတာလား...သူရဲ့သစ်အယ်သီးရောင် ဆံပင်ကောက်ကောက်လေးက သူ့ကိုကပြားနဲ့ အရမ်းတူသွားစေတာပဲ..."

 

ဘေးတွင်ရှိသည့် အနုပညာလောကထဲဝင်လာသည်မှာ သိပ်မကြာသေးသည့် သရုပ်ဆောင်အသစ်လေးကလည်း ပြောလိုက်သည်။


"ဟုတ်တယ်...ဒီပုံပန်းသွင်ပြင်က အရမ်းကို မျက်စိဖမ်းစားနိုင်လွန်းတာပဲ..."

 

သူတို့က ယို့မြန့်အိမ်တံခါးပေါက်သို့ လျှောက်သွားသည့် အချိန်ထိတိုင်အောင် ယို့မြန့်၏ရုပ်ရည်အကြောင်း စတူဒီယိုခန်းထဲတွင် ဆက်လက်ပြောနေခဲ့ကြသည်။

 

တင်ဆက်သူချွီ့ရှောက်က ပတ်ဝန်းကျင်ကို ထိန်းချုပ်ရန် လက်ခုပ်တီးလိုက်သည်။ သူက ပြုံးကာ စခရင်ပေါ်ကို ညွှန်ပြလိုက်၏။


"ပထမဆုံးGuestက အဖြူရောင်လီလီပန်းကို ရွေးမလား အိုင်းရစ်ပန်းကို ရွေးမလား ကြည့်လိုက်ကြရအောင်..."

 

လတ်တလောနှစ်များတွင် အဆုံးမရှိသည့် အမျိုးသား romance ရသစုံရှိုးများ အများအပြား ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် ရှိုးများကို လိင်စိတ်တိမ်းညွှတ်မှုပေါ် မူတည်၍ အမျိုးအစားများ ထပ်ခွဲခြားထားသေးသည်။  


ဒါရိုက်တာဟုန်ရှန်းက သာမာန်ရိုးကျ ကြိုတင်ခန့်မှန်းလို့ရသည့် ရှိုးကိုမလိုချင်ပေ။ ထို့ကြောင့် သူကGuest ရှစ်ယောက်ကို အဖြူရောင်လီလီပန်းနှင့် အိုင်းရစ်ပန်းဟု အုပ်စုနှစ်စု ခွဲခြားလိုက်သည်။

 

ယို့မြန့်က အပြင်ပန်းတွင် လှပပုံပေါ်သော်လည်း သူကပိန်ပါးပြီး အရပ်လည်းရှည်ပေသည်။ သူ မည်သည်ကို ရွေးချယ်မလဲကို စတူဒီယိုထဲရှိ လူတိုင်းခန့်မှန်းနိုင်ရန်က ခက်ခဲပေ၏။

 

လူငယ်လေးက နှလုံးခုန်သံစံအိမ်၏တံခါးဝက ပန်းစင်ရှေ့တွင် ကျက်သရေရှိစွာ မတ်တတ်ရပ်လိုက်သည်။ သူ၏ကိုယ်နေဟန်ထားက တည်တံ့ပြီး နူးညံ့သည့်အပြုံးတစ်ပွင့်နှင့် ကိုယ်ကိုကိုင်းကာ အိုင်းရစ်ပန်းတစ်ပွင့်ကို စကားပြောလိုက်ပြီး သူ့ရင်ဘတ်တွင် ထိုးချိတ်လိုက်သည်။

 

ခရမ်းရောင်အိုင်းရစ်ပန်းက သူ့ရင်ဘတ်ပေါ်ကျသွားခဲ့သည်။ ကင်မရာထဲတွင် ယို့မြန့်က မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးလိုက်သည်။


"ချောက်ကမ်းပါးပေါ်က မှန်နဲ့ဆောက်ထားတဲ့ ပန်းဉယျာဉ်က ခေတ်ရေစီးကြောင်းကို ကျော်လွန်တဲ့စတိုင်နဲ့ ဆောက်ထားတာပဲ...ဒီဇိုင်နာက ရေလှိုင်းတွေနဲ့လေကို ဘာလို့များ ပန်းနဲ့နေရောင်ခြည်တွေနဲ့ ပေါင်းစပ်ချင်ရတာလဲဆိုတာ သိချင်မိတယ်...."

 

ယို့မြန့်ပြောလိုက်သည်နှင့် ကင်မရာမန်းက သူ့ရှေ့ရှိ ကြီးမားသည့်မှန်ဗီလာကြီးထံ ကင်မရာကိုလှည့်လိုက်သည်။

 

အဖြူရောင်လီလီပန်းနှင့် အိုင်းရစ်ပန်းများက လေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေကြ၏။ တောက်ပသည့် နေရောင်ခြည်နှင့် တိုက်ခတ်နေသည့် ပင်လယ်လေပြေက ပန်းများပေါ်တွင် အလင်းနှင့်အမှောင်ကို တလှည့်စီပြောင်းလဲနေစေပြီး မှန်နံရံပေါ်တွင် ရောင်ပြန်ဟပ်နေခဲ့သည်။ ရေလှိုင်းများက ဖွာထွက်သွားပြီး စင်​ရော်ငှက်သံများက သာယာနာ​ပျော်ဖွယ် ထွက်လာခဲ့သည်။

 

ယို့မြန့်က ပန်းဉယျာဉ်အလယ်တွင် မတ်တတ်ရပ်လိုက်သည်။ သေချာဂရုတစိုက်တွေးပြီးနောက် သူပြောလိုက်လေသည်။


"ချောက်ကမ်းပါးအစွန်းမှာရပ်ပြီး အန္တရယ်များနေပေမဲ့ ဘဝရဲ့ပျော်ရွှင်နှစ်လိုမှုကိုလည်း ခံစားနိုင်တယ်...ဒါက အရမ်းအစွန်းနှစ်ဖက်ရောက်လွန်းမနေဘူးလားလို့..."

 

"ရေလှိုင်းတွေနဲ့ငှက်သံတွေလို သဘာဝတရားက အဆောက်အဦးရဲ့ တည်ငြိမ်တိတ်ဆိတ်မှုနဲ့ ရောယှက်သွားပြီးတော့ တစ်ဖက်က မှန်ဗီလာကကျ တိုးတက်နေတဲ့နည်းပညာကို ပုံဖော်ပြနေတယ်...ပြောရရင် ကျက်သရေရှိပြီး အေးစက်တဲ့အငွေ့အသက်ကို ထုတ်လွှတ်နေတာပေါ့...ဒါပေမဲ့ ဒီမှာ ပန်းဉယျာဉ်တစ်ခုကလည်း ရှိနေတယ်ဆိုတော့..."

 

ယို့မြန့်က မျက်ခုံးတစ်ဖက်ပင့်ကာ အပြုံးတစ်ခုနှင့် မေးလိုက်သည်။


"ဒီဇိုင်နာရဲ့ရည်ရွယ်ချက်က လိုက်ဖက်ညီအောင် ရောစပ်ချင်တာလား ဒါမှမဟုတ် စံအိမ်ကို ပိုထင်းထွက်အောင် လုပ်ချင်တာများလား..."

 

ရေလှိုင်းများက အရှေ့ကို ခုံးထသွားခဲ့သည်။ ယို့မြန့်က နူးညံ့စွာ ပြောလိုက်သည်။


"ဒီစံအိမ်က တိတ်ဆိတ်အေးချမ်းတဲ့ပုံပေါ်တယ်...ဒါပေမဲ့ ချောက်ကမ်းပါးမှာ ဆောက်ထားတာဆိုတော့ လှိုင်းတွေကို အိမ်ရဲ့စကားပြောစက်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် တိတ်ဆိတ်နေတဲ့အိမ်က တကယ်တမ်း အားအင်အပြည့်နဲ့ အော်ဟစ်လိုက်သလိုမျိုး ဒါမှမဟုတ် ချောက်ကမ်းပါးစွန်းမှာ သီချင်းဆိုနေသလိုမျိုး ဖြစ်မသွားဘူးလား..."

 

"ဒီဇိုင်နာက မတရားမှုကို တော်လှန်နေတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ဖော်ပြချင်တာလို့ ကျွန်တော်ပိုထင်တယ်..."


ယို့မြန့်က နိဂုံးချုပ်လိုက်သည်။


"JL စတိုင်လ်အဆောက်အဦးက အရမ်းထူးခြားတာပဲ..."

 

ဒါရိုက်တာဟုန်ရှန်းက ထိုအခိုက်တွင် မော်နီတာနောက်တွင် ထိုင်နေခဲ့သည်။ ယင်းဖော်ပြချက်ကိုကြားချိန်တွင် ဝေါ်ကီတော်ကီကို ကိုင်လျှက် ကြက်သေသေသွားခဲ့သည်။

 

ယို့မြန့်တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်မှ ဟုန်ရှန်း၏အသိစိတ်က ပြန်ရောက်လာခဲ့သည်။ သူက မျက်နှာကိုပွတ်သပ်ကာ တအံ့တဩပြောလိုက်သည်။


"ဉက္ကဌ​ဖေးရေ...ငါမင်းအတွက် ရတနာတစ်ပါးရှာတွေ့သွားပြီကွ..."

 

အတွေ့အကြုံနုသေးသူကို ကြေညာခိုင်းခြင်းက အလွန်ဆိုးကျိုးများပေသည်။ ပထမက ဟုန်ရှန်းအများကြီး မျှော်လင့်ချက်မထားခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် JL၏အဆောက်အအုံကို တည်ဆောက်ထားခြင်းဖြစ်သည်။ အကြိမ်အနည်းငယ်မျှ အသားပေးရိုက်ကူးလိုက်သည်နှင့် လူထုထံ အောင်အောင်မြင်မြင် ကြေညာလိုက်နိုင်မည်ပင်။

 

အံ့အားသင့်စရာကောင်းသည်က ယို့မြန့်က ကင်မရာများ၊စတိတ်စင်များကို လုံးဝမကြောက်တတ်ချေ။ သူက ပရိသတ်၏အာရုံကို အဆောက်အဦးပေါ် အာရုံစိုက်နိုင်စေမည့် အသင့်တော်ဆုံးနည်းလမ်းကို အချိန်ကိုက် ရှာတွေ့သွားခဲ့သည်။ ရှင်းပြမည့်အစား သိချင်စိတ်ကို နိုးကြွစေရန် သူက မေးခွန်းထုတ်သည့် နည်းလမ်းကို အသုံးပြုသွားခဲ့သည်။

 

တွေးပင်မတွေးတော့ဘဲ ဟုန်ရှန်းက ဝေါ်ကီတော်ကီကို ညှစ်ကာ ပြောလိုက်သည်။


"အခန်းထဲက ကင်မရာတွေကို ယို့မြန့်ဆီပြောင်းလိုက်စို့...ပစ္စည်းတွေကို များများရိုက်ထား...နောက်ကျသုံးလို့ရနိုင်တယ်..."

 

-----------------


ယို့မြန့်​ပြောလိုက်သည့် မိတ်ဆက်စကားအနည်းငယ်က နှလုံးခုန်သံစံအိမ်နှင့် ကီလိုမီတာအနည်းငယ်အကွာတွင်ရှိ​သော စည်းကားသိုက်မြိုက်သည့် မြို့ဧရိယာထဲရှိ စတူဒီယိုအခန်းထဲတွင် နောက်တစ်ဖန်ဆွေး​နွေးမှုများ ဖြစ်သွား​စေခဲ့သည်။

 

နာမည်ကြီးဧည့်သည်များအားလုံးက ယို့မြန့်၏သရုပ်မှန်ကို ခန့်မှန်း​နေကြသည်။

 

ယို့မြန့်က ထိုအ​ကြောင်းများကို သတိမထားမိဘဲ နှလုံးခုန်သံအိမ်ထဲသို့ စိတ်​​အေးလက်သာအမူအရာဖြင့် တစ်လှမ်းချင်း ဝင်သွားလိုက်သည်။

 

တံခါးကိုဖြတ်လိုက်သည်နှင့် ချစ်စရာ​ကောင်းသည့်လက်​ရေးဖြင့်​ ရေးထား​သော စည်းမျဉ်းများကို အသိ​ပေးဘုတ်ပြားအကြီးကြီးတစ်ခုပေါ်တွင် တွေ့လိုက်ရသည်။

 

1. Guest များက dating တစ်ကြိမ်ပြီးတဲ့​နောက်မှာ နှလုံးသား​နွေး​ထွေးစေသည့် မက်​ဆေ့ချ်တစ်​စောင်ကို ပို့ရပါမည်။ စာကိုလက်ခံရရှိသူနှင့် စာပါအကြောင်းအရာကို ဖွင့်ပြော၍မရပါ။

 

2. အိမ်တွင် နေထိုင်စဉ်အတွင်း Guestများကို သူတို့၏ခံစားချက်များအား လူသိရှင်ကြားဝန်ခံခွင့်မပြုပါ။

 

3. အိမ်တွင် နေထိုင်စဉ်အတွင်း Guestများကို သူတို့စိတ်ဝင်စားနေသည့်တစ်ဖက်လူအား တိုက်ရိုက်ပိုးပန်းခွင့် သို့မဟုတ် ဝန်ခံခွင့်မပြုပါ။

 

...........

 

ယို့မြန့် အကြည့်မလွှဲမီ အကြမ်းဖျင်းတစ်ချက်သာ ကြည့်လိုက်သည်။ ပြောရပါက သူက နှလုံးခုန်သံခရီးကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရန် ဤနေရာကို လာခဲ့ခြင်းမဟုတ်ပေ။ ယို့အိမ်တော်၏အခြေအနေများကို ဖြည့်ဆည်းပေးရန်လာခဲ့ခြင်းသာ ဖြစ်သည်။

 

ထို့ကြောင့် ယို့မြန့်က ဤအစီအစဉ်တစ်လျှောက်လုံးကို ဘေးမှပွဲကြည့်သူတစ်ယောက်အဖြစ်သာ စိတ်ထားရန် သူ့ကိုယ်သူ အကောင်းဆုံးကြိုးစားလိုက်သည်။

 

ပိုင်လင်းတစ်ယောက် ဤလူများနှင့် မည်သို့အချစ်ဇာတ်လမ်းများ ဖန်တီးမလဲက သူနှင့်ဘာမှမဆိုင်ပေ။

 

ဗီလာကို အထပ်နှစ်ထပ်ခွဲထားပြီး ပထမထပ်တွင် ဧည့်ခန်းနှင့်အခန်းလေးခန်းရှိပေသည်။ ဒုတိယထပ်တွင်မူ ရှုမျှော်ခင်းကြည့်ခန်းနှင့် အခန်းလေးခန်းရှိ၏။

 

ကြည့်ရသည်မှာ  ပထမဆုံးအကြိမ် ရိုက်ကူးချိန်တွင် ဝန်ထမ်းများက သူတို့ကို ကိုယ်ပိုင်သီးသန့်နေရာကို ပေးထားခဲ့ပုံပင်။ ရှက်စရာကောင်းသည့် နှစ်ယောက်အတူနေရမည့် နှစ်ယောက်ခန်းမျိုး မပေါ်လာခဲ့ချေ။

 

အိမ်တစ်အိမ်လုံးက ကင်မရာများနှင့် ပြည့်နှက်နေပြီး သာမာန်တစ်ချက်ကြည့်ရုံမျှနှင့် ကင်မရာ နှစ်ဒါဇင်မျှ တွေ့နိုင်ပေသည်။ ၎င်းက ယို့မြန့်အား အချိန်မရွေး နေရာမရွေး စောင့်ကြည့်ခံနေရသည့် ကသိကအောက်ခံစားချက်ကို ခံစားရစေသည်။

 

ပထမဆုံးGuestအဖြစ် ဝင်လာပြီးနောက် ယို့မြန့်က ပတ်ပတ်လည်ကို အကြိမ်အနည်းငယ်မျှ ပတ်ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ စောင့်နေလိုက်သည်။

 

ဝန်ထမ်းများက ဒါရိုက်တာဟုန်ရှန်း၏စကားများကို အပြည့်အဝသဘောပေါက်ပေသည်။ ဤအခိုက်တွင် ကင်မရာများအားလုံးက ယို့မြန့်ရှိရာလှည့်လာပြီး ထောင့်ပေါင်းစုံမှ ရိုက်ယူနိုင်မည့် အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။

 

ယို့မြန့်နှင့် ယခုလေးပင် စကားပြောခဲ့သည့် မိန်းကလေးက အိမ်အပြင်ဘက်ရှိ စခရင်နောက်တွင် မတ်တတ်ရပ်ကာ တိုးတိုးလေးပြောလိုက်သည်။


"360 ဒီဂရီလုံးပြစ်ချက်မရှိတဲ့ တကယ့်အလှတရားပဲ..."

 

သူ့နံဘေးရှိ စက်ကိုင်ထားရသည့် ဝန်ထမ်းက လျှာကိုစုပ်သပ်ကာ ထောက်ခံလိုက်သည်။


"ထုတ်လွှင့်တဲ့အချိန်ကျ ဒီအပိုင်းက လုံးဝပေါက်ကွဲထွက်သွားမှာပဲ..."

 

ယို့မြန့် သူတမင်တကာ ဆိုဖာပေါ်တွင် ပျင်းပျင်းရိရိထိုင်နေသည့်ပုံရိပ်က အစမှအဆုံးတိုင် ရိုက်ကူးခံလိုက်ရမှန်း မသိခဲ့ပေ။

 

ဤတိတ်ဆိတ်နေသည့် အခိုက်အတန့်က ပျင်းရိငြီးငွေ့စရာကောင်းသည့် ဆယ်မိနစ်ဖြစ်သင့်သော်ငြား အိမ်အပြင်ဘက်ရှိ ဝန်ထမ်းများနှင့် ရိုက်ကူးရေးစတူဒီယိုခန်းထဲရှိ နာမည်ကြီးဧည့်သည်များက ဤအခိုက်အတန့်ကို အာရုံစူးစိုက်ပြီး စောင့်ကြည့်နေခဲ့ကြလေသည်။

 

ရှီရွေ့က ပြောလိုက်သည်။

"ယို့မြန့်က အရမ်းနွေးထွေးပြီး တက်ကြွတဲ့စရိုက်ရှိတာပဲလို့ ကျွန်မခဏလေးကမှ တွေးခဲ့တာ...ဒါပေမဲ့ ကြည့်ရတာ သူက နွေးထွေးတဲ့လူဆိုပေမဲ့ တကယ်တမ်း တိတ်ဆိတ်ငြိမ်သက်ပြီး တစ်ယောက်တည်းနေရတဲ့အခြေအနေကို နှစ်သက်တဲ့ပုံပဲ..."

 

တင်ဆက်သူချွီ့ရှောက်က သူ့လက်ထဲကကတ်ကို တစ်ချက်ကြည့်ကာ ပဟေဠိဆန်သည့်အပြုံးဖြင့် ပြောလိုက်သည်။


"အဲ့ဒါကို သူ့စိတ်ထဲမှာ ပြန်အားဖြည့်နေတာလို့ ခေါ်တယ်"

 

ရှီရွေ့နှင့် ကောစုနှစ်ယောက်လုံး ဘေးတွင်ရှိသည့်သူ့ကို အံ့အားတကြီး လှည့်ကြည့်လိုက်ကြသည်။


"စိတ်ထဲမှာ ပြန်အားဖြည့်နေတယ်ဆိုတာကဘာလဲ....ချွီ့ကော စိတ်ပညာကိုသိတာလား..."

 

ချွီ့ရှောက်က သူတို့ကို သို့လောသို့လော တွေးမနေစေတော့ဘဲ သူ့လက်ထဲရှိ ကတ်လေးကို တိုက်ရိုက်ပင် ယမ်းပြလိုက်သည်။


"ဒါက စိတ်ပညာအထူးကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ချန်းလောင်ရှီးဆီကနေ ကျွန်တော်တို့ရှိုးက အထူးတိုင်ပင်ပြီး အကြံဉာဏ်ယူခဲ့တဲ့ သတင်းပဲ...ဆူညံတက်ကြွနေတဲ့ ပတ်ဝန်းကျင်ထက် တစ်ယောက်တည်းရှိရတာကို ပိုနှစ်သက်တဲ့ ယို့မြန့်လိုလူတစ်ယောက်မှာ စိတ်ထဲမှာပြန်အားဖြည့်တတ်တဲ့ အကျင့်မျိုးရှိတယ်..."

 

"အဲ့လိုလူတွေရဲ့ တကယ့်အတွင်းစိတ်နှလုံးသားက ခက်ခဲတဲ့အခြေအနေတွေ တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ဖို့ သူတို့ကိုယ်သူတို့ အားပေးတတ်တဲ့ သန်မာကြံ့ခိုင်တဲ့နှလုံးသားရှိကြတယ်..."




🌚🌚