Ch 6
Viewers 6k

🌚Chapter 6



 

ပိုင်လင်း ယို့မိသားစုထံ ပြန်မလာမီက သူ၏လစ်ဟာမှုကို ဖြည့်ဆည်းရန် ဟို့ရန်ကျီး သူ၏အတွေးအားလုံးကို ယို့မြန့်ပေါ်တွင် အာရုံစိုက်ထားခဲ့သည်။ 

 

ထိုကဲ့သို့လုပ်ပြီးနောက် ယို့မြန့်နှင့်မျက်နှာချင်းဆိုင်ချိန်တွင် အပြစ်မကင်းမှုကို ခံစားနေရကြောင်း သူဝန်ခံရပေမည်။

 

သို့သော်ငြား ပိုင်လင်းဘာကြောင့် နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေရပြီး ယို့မိသားစုထံပင် ပြန်မလာနိုင်ရသလဲဆိုသည့် အကြောင်းအရင်းက ယို့မြန့်ကြောင့်မှန်း အတိအကျပင်။(ခသတစ)

 

ပိုင်လင်း၏မိဘများနှင့် သူငယ်ချင်းများကို လုယူပြီး ပိုင်လင်း၏ဘဝနှင့်ပျော်ရွှင်မှုများကို ခိုးယူသွားသည်က ယို့မြန့်ပင်ဖြစ်သည်။

 

လူကြီးများကြားရှိ ဆက်ဆံရေးက စကားနှင့်မပြောဘဲ အပြန်အလှန်နားလည်နေသကဲ့သို့ ခပ်တန်းတန်းဖြစ်သွားကြသည်။

 

ပိုင်လင်း ယို့အိမ်တော်သို့ပြန်လာပြီးနောက်တွင် ယို့မြန့်ကိုအမှုမထားဘဲ ခပ်တန်းတန်းသာ နေလိုက်ရုံပဲဟု ဟို့ရန်ကျီးတွေးခဲ့သည်။ ယင်းသို့လုပ်သည်ကပင် သူတို့၏ယခင်ခင်မင်ရင်းနှီးခဲ့မှုအတွက် သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ခြင်းဖြစ်သည်။

 

ဟို့ရန်ကျီးက သူ့အတွေးထဲသူ နစ်မြှပ်နေကာ သူ့ကိုယ်သူပင် သတိမထားမိခဲ့ပေ။ ကျယ်ပြန့်ပြီး ထူးခြားလှပသည့် ဟင်းချက်ကောင်တာနောက်တွင် ရပ်နေသည့်ယို့မြန့်က ရုတ်တရက် မော့ကြည့်လိုက်သည်။

 

ယို့မြန့်၏အကြည့်များက သူတို့နှစ်ယောက် အချင်းချင်း ယခင်က လုံးဝမသိခဲ့ကြသကဲ့သို့ အမှုမထားဟန်ဖြစ်နေခဲ့သည်။ သူက ဝေးကွာပြီး ရင်းနှီးကျွမ်းဝင်မှုမရှိသည့်အသံဖြင့် ယဉ်ကျေးပျူငှာစွာ မေးလိုက်သည်။


"မစ္စတာဟို့လည်း နည်းနည်းစားချင်သေးလား..."

 

ဟို့ရန်ကျီး၏သူငယ်အိမ်များက တမဟုတ်ချင်း စူးရှထက်မြသွားခဲ့သည်။

 

-----------


မစ္စတာ​ဟို့​ပေါ့​လေ...


ဟို့ရန်ကျီး ထက်ရှစွာ မျက်​မှောင်ကြုတ်လိုက်သည်။


ယို့မြန့် ထိုသို့​မေးလိုက်သည့်အခိုက် ကွမ်ထုံနှင့် ရှန်းနန်​ရှောင်နှစ်​ယောက်လုံး သူတို့​ခေါင်းကိုလှည့်ကာ ဟို့ရန်ကျီးကို တစ်ချိန်တည်း စိုက်ကြည့်လိုက်ကြသည်။


ဤ​နေရာက romance ရသစုံရှိုးပင်။ ဟို့ရန်ကျီးက အဖြူ​ရောင်လီလီပန်းနှင့် guest တစ်​ယောက်ဖြစ်ပြီး ယို့မြန့်ကလည်း ကြည့်​ကောင်းသည့်သူတစ်​ယောက်ပင်။ မီးဖို​ချောင်ထဲတွင် နှစ်ဦးသား​ရှေ့တိုး​နောက်ဆုတ် ဆက်ဆံ​နေပါက နှလုံးသားထဲလိပ်ပြာ​လေးများ လူးလွင့်သွားရန်အတွက်က မလွဲဧကန် မိနစ်အနည်းငယ်မျှသာ လိုအပ်​ပေသည်။

 

သို့သော်ငြား စံအိမ်ထဲရှိ guestများနှင့် ရိုက်ကူးရေးစတူဒီယိုခန်းထဲရှိ နာမည်ကြီးများအားလုံး သူတို့၏ခေါင်း​လေးများကို​​မော့ကာ နောက်လာမည့် ပထမဆုံးဖြစ်မည့် မရေမရာဒွိဟဖြစ်စေမည့် လေထုလေးကို စောင့်မျှော်နေချိန်တွင် ဟို့ရန်ကျီးက လူတိုင်း၏မျှော်လင့်ချက်များကို တိုက်ရိုက်ကျော်လွန်သွားခဲ့သည်။ သူက လျင်မြန်စွာ ခေါင်းကိုလှည့်လိုက်ပြီး အသံနက်နက်ဖြင့် ငြင်းပယ်လိုက်သည်။

 

ကင်မရာထဲတွင် အမျိုးသားက မျက်မှောင်ကြုတ်ကာ သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ခုခံငြင်းဆန်သည့်အငွေ့အသက်က သိသာထင်ရှားနေခဲ့သည်။

 

ထိုအချိန် စတူဒီယိုထဲရှိ ဧည့်သည်များအားလုံး စိတ်ရှုပ်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။

 

ဟို့ရန်ကျီး၏လက်ဝှေ့ပွဲကို အမြဲစောင့်ကြည့်သည့် သစ္စာရှိပရိသတ်တစ်ယောက်အနေဖြင့် ကောစုက ကသိကအောက်နိုင်စွာ ပြုံးလိုက်ရုံသာတတ်နိုင်ပြီး သူတတ်နိုင်သမျှ ရှင်းပြရန်ကြိုးစားလိုက်သည်။


"သူ အရမ်းလန့်လွန်းသွားလို့နေမှာ..."

 

တင်ဆက်သူချွီ့ရှောက်က ထောက်ခံလိုက်သည်။


"အခုက romance ရသစုံရှိုးဆိုတာကို မပြောနဲ့ဦး...ပတ်ဝန်းကျင်အသစ်မှာဆိုရင် လူတွေရဲ့စိတ်က သေချာပေါက်ကို တင်းကျပ်နေကြမှာပဲလေ...ကျွန်တော့်အမြင်အရတော့ ဟို့ရန်ကျီးက သူ့စိတ်ကိုထိန်းညှိဖို့ အချိန်အချို့လိုအပ်နေသေးတာဖြစ်မယ်..."

 

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကွမ်ထုံက ပြုံးကာ လေထုကို ပေါ့ပါးသွားစေရန် ယို့မြန့်ကိုပြောလိုက်သည်။


"အချစ်လေး...ငါလည်းမစားတော့ဘူးနော်..."

 

ယို့မြန့် မျက်မှောင်ကြုတ်လိုက်ပြီး ယခုလေးပင် ဟို့ရန်ကျီး၏ငြင်းပယ်လိုက်မှုက သူ့စိတ်အခြေအနေကို မသက်ရောက်သည့်အလား ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်လိုက်သည်။ ယင်းသို့ဖြစ်လိမ့်မည်မှန်း သူအစကတည်းက ခန့်မှန်းထားခဲ့ပြီးသားပင်။ သူ လက်မြှောက်ကာ ခေါက်ဆွဲနှစ်ထုပ်ကို ရေဆူဆူထဲသို့ ထည့်လိုက်သည်။

 

တိကျပြတ်သားပြီး လျင်မြန်လှသည်ပင်။

 

ထိုအခိုက် ယို့မြန့် ဟို့ရန်ကျီးကို ခေါက်ဆွဲစားချင်လားဟု မမေးမီကပင် ယို့မြန့်က ခေါက်ဆွဲနှစ်ထုပ်တည်းကိုသာ ဗီရိုထဲမှ ထုတ်ထားကြောင်း ကွမ်ထုံ ရုတ်တရက် မှတ်မိသွားသည်။

 

အခုလေးတင်မေးလိုက်တာက ယဉ်ကျေးမှုအရပဲမလား...

 

တစ်ဖက်တွင် ရှန်းနန်ရှောင်က တင်းမာလာသည့်လေထုနှင့်ပတ်သက်ပြီး တူညီသည့် စိုးရိမ်ပူပန်စိတ်များ ရှိနေပုံပေါ်ပေသည်။ သူက စကားပြောရန် ခေါင်းစဉ်တစ်ခုကို အစပြုလိုက်သည်။


"ရှိုးက နောက်ပိုင်းကျရင် ကျွန်တော်တို့ကို သေချာပေါက် ကိုယ်တိုင်ချက်ပြုတ်ခိုင်းလောက်တယ်...အခုချိန် နည်းနည်းလောက်ပဲစားထားသင့်တယ်လို့ ထင်တယ်...အဲ့ဒါမှ ညကျအရမ်းဗိုက်ပြည့်လွန်းမနေမှာ..."

 

လူတိုင်းပြောဆိုနေသည့် စကားသံများက ဟို့ရန်ကျီး၏နားထဲသို့ တစ်ခွန်းပြီးတစ်ခွန်း ဝင်ရောက်လာသော်ငြား ထိုအခိုက်တွင် သူ့၌ ယင်းအကြောင်းကို ဂရုစိုက်ရန်အချိန်မရှိပေ။

 

ယင်းက ယို့မြန့်နှင့် မပတ်သက်ချင်သည့်စိတ်အပြင် သူ့နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သည့် ဘယ်ကဖြစ်ပေါ်လာမှန်း မသိသော နားလည်ရခက်သည့် ဒေါသတစ်စွန်းတစ်စက အမှန်တကယ်  ရှိနေခဲ့၍ပင်။

 

သူဘာလို့ ဒေါသထွက်နေရတာလဲ...ယို့မြန့်က

မစ္စတာဟို့လို့ ခေါ်လိုက်လို့လား...

 

သူ ဝန်မခံချင်သော်ငြား ဘေးတွင်ချထားသည့် ဟို့ရန်ကျီး၏လက်မောင်းက အနည်းငယ် တောင့်တင်းသွားပြီး ကြွက်သားများက ဖုဖောင်းထွက်လာခဲ့သည်။

 

ဆယ်စက္ကန့်ကျော်စောင့်ပြီးနောက် ယို့မြန့်၏မစ္စတာဟို့ဟု ခေါ်သံကြောင့် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များက တဖြည်းဖြည်း ပြန်လျော့ကျလာခဲ့သည်။

 

ဒါကပဲ သူဖြစ်ချင်သလိုမျိုး မဟုတ်ဘူးလား...

 

ဟို့ရန်ကျီး ယို့မြန့်ကိုကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး သူ၏အာဒံပန်းသီးက လေးလံစွာ အပေါ်အောက်လှုပ်ရှားသွားကာ အရိုင်းဆန်မှုများ ပြည့်နှက်သွားခဲ့သည်။

 

စံအိမ်ထဲရှိGuestများကို တိတ်တိတ်လေး လေ့လာစောင့်ကြည့်နေသည့် ကွမ်ထုံက သူ့ရှေ့မှောက်ရှိ နားလည်ရခက်ခက် ဖြစ်ပေါ်လာသော ထိုကဲ့သို့မြင်ကွင်းကို မြင်လိုက်ချိန် စိတ်ရှုပ်ထွေးမှုနှင့် အံ့အားသင့်မှုကို ခံစားလိုက်ရသည်။

 

စံအိမ်ထဲဝင်လာတဲ့အခိုက်ကစပြီး ဟို့ရန်ကျီးက တစ်လျှောက်လုံး ယို့မြန့်ကိုကြည့်လာတဲ့အချက်ကို သူနားလည်မှုလွဲသွားတာများလား...သူခန့်မှန်းတာ မှားသွားတာလား...ဒီတိုင်းသိလိုစိတ်သက်သက်ပဲလား...မဟုတ်ရင် ဟို့ရန်ကျီးက ယို့မြန့်နဲ့ စကားပြောလို့ရမယ့် အခွင့်အရေးကို ဘာလို့ငြင်းပြီး အဲ့လို လစ်လျူရှပြီး ငြင်းချင်တဲ့မျက်နှာထားမျိုး ဖြစ်နေမှာတုန်း...


ဒါက လူတွေကို မလာနဲ့ဆိုပြီး ငြင်းပယ်နေတာမဟုတ်ဘူးလား...ကိုယ့်ရင်ခုန်သံကို မြန်စေတဲ့သူကို အေးစက်စက်ဆက်ဆံတဲ့သူမျိုးမှ မရှိတာ...

 

ထို့နောက် တစ်ဖက်ခြမ်းတွင်ရှိသည့် ယို့မြန့်ကို သူပြန်ကြည့်လိုက်သည်။ ဟို့ရန်ကျီး၏ငြင်းပယ်မှုကို လက်ခံရရှိပြီးနောက် ယို့မြန့်က မည်သည်မှ မပြောခဲ့ချေ။ ဤကဲ့သို့ ငြင်းခံရမည်ကို သူသိနေသကဲ့သို့ပင် တည်ငြိမ်အေးဆေးနေခဲ့သည်။

 

ကွမ်ထုံ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။

 

မဟုတ်သေးဘူး...

 

ယို့မြန့်၏အသွင်အပြင်က တည်ငြိမ်နေခြင်းမျိုးမဟုတ်ဘဲ ဂရုမစိုက်သည်နှင့် ပိုတူ၏။

 

ကွမ်ထုံ၏မျက်ဝန်းများက ဟို့ရန်ကျီး၏ခန္ဓာကိုယ်ပေါ် မရွေ့သွားမီ ယို့မြန့်အား အနည်းငယ်ကြာအောင် ကြည့်နေခဲ့သည်။ နောက်ဆုံး သုံးကြိမ်၊လေးကြိမ်မျှ အပြန်ပြန်အလှန်လှန် ထိုနှစ်ယောက်ကို ကြည့်​နေပြီးနောက် ကြုံရာကျပန်း သူ့ခန့်မှန်း​နေမှုကို ရပ်တန့်လိုက်​တော့သည်။

 

ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည့် လေထုအောက်တွင် အိုးပွက်ပွက်ဆူလာသံက လေထုကိုဖြိုခွဲလိုက်ပြီး နွေးထွေးသွားစေခဲ့သည်။ ခေါက်ဆွဲ ကျက်သွားပြီပင်။

 

ယို့မြန့်ကလွဲ၍ အခြားလူသုံးယောက်က ယခုမှ အသိပြန်ဝင်လာကြပုံပင်။ မီးဖိုချောင်ထဲရှိ ဟင်းချက်ကောင်တာပတ်ပတ်လည်တွင် ထပ်ပြီး စကားပြောလိုက်ကြသည်။

 

"စံအိမ်စည်းကမ်းအရ မေးလို့မရပေမဲ့ ဟို့ကောရဲ့အသက်ကို ကျွန်တော်တကယ်သိချင်တယ်ဗျာ..."

ကွမ်ထုံက ရယ်မောပြီး စနောက်လိုက်သည်။


"အခုကစပြီး အစ်ကို့ကို ဟို့ကောလို့ခေါ်မယ်နော်...ကျွန်တော့်ထက်ငယ်တာတော့ လုံးဝမဖြစ်နိုင်ဘူး..."

 

ဟို့ရန်ကျီးက အင်္ကျီလက်များ လိပ်တင်ကာ သူ၏သန်မာကြံ့ခိုင်သည့်လက်မောင်းကို ထုတ်ဖော်လိုက်ပြီး မတိုင်မီက အေးခဲနေသည့်လေထုကို ဖြိုခွဲကာ စကားလမ်းကြောင်းကို အလွယ်လေး ပါဝင်ကာ ပျော်ရွှင်လိုက်သည်။

 

"ဘယ်သူသိမှာလဲ...ကွမ်​ကောဖြစ်ရင်ဖြစ်​နေမှာပေါ့..."

 

ကွမ်ထုံက မျက်နှာကိုကာပြီး မယုံနိုင်မှုဖြင့် အော်ငိုလိုက်သည်။


"မဖြစ်နိုင်ဘူး..."

 

ဟို့ရန်ကျီးက သူ၏ထက်ရှသည့် မျက်ခုံးကိုပင့်ကာ တမင်တကာ မေးလိုက်သည်။

"ဘာလို့လဲ...ငါက အရမ်းအသက်ကြီးနေပုံပေါက်လို့လား..."

 

ကွမ်ထုံက ကမန်းကတန်းပြောလိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး..."

 

ပန်းကန်များကို ကူသယ်ပေးနေခဲ့သည့် ရှန်းနန်ရှောင်က လှည့်ကာ ကွမ်ထုံကို ကယ်တင်လိုက်သည်။


"ရင့်ကျက်တဲ့ပုံပေါ်တာပါ..."

 

ဟို့ရန်ကျီးက အရပ်ရှည်ပြီး ကြမ်းတမ်းမာကြောသည့် ကြွက်သားများဖြင့် ငယ်ရွယ်ကာ သန်မာပေသည်။ အတိအကျပြောရပါက ရင့်ကျက်သည်ထက် အရိုင်းဆန်သည်ဟူသည့် စကားလုံးဖြင့် ပိုသင့်တော်ပေ၏။ လူများက မတတ်နိုင်ဘဲ သူ့အား အစ်ကိုဟုခေါ်မိပေမည်ပင်။

 

အုပ်စုက ထမင်းစားစားပွဲထံ ရွှေ့လိုက်ကြသည်။

 

ယို့မြန့်က ပွဲကြည့်သူတစ်ယောက်၏အခန်းကဏ္ဍကို ငြိမ်ငြိမ်သက်သက်လေး တာဝန်ယူထားလေသည်။ သူက ဟို့ရန်ကျီးအား ရင်းရင်းနှီးနှီးကို သိသော်ငြား သူစိမ်းများကဲ့သို့ မသိဟန်ဆောင်ကာ ဟို့ရန်ကျီး၏အသက်နှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေသည့်အလား သရုပ်ဆောင်နေခဲ့သည်။

 

ဟို့ရန်ကျီးက ထမင်းစားခုံကို ဆွဲထုတ်ကာ ယို့မြန့်နှင့်မျက်နှာချင်းဆိုင် ထောင့်ဖြတ်အနေအထားတွင် ထိုင်လိုက်သည်။ သူ့လက်မောင်းများကို လွတ်နေသည့်ခုံနောက်တွင် တင်လိုက်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်မ​နေ​တော့ဘဲ လျော့တိလျော့ရဲ ထိုင်လိုက်သည်။ သူ့မျက်လုံးများက ယို့မြန့်ကို တမင်တကာ ရှောင်ရှားနေသော်ငြား တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်မိသည်ကို မရှောင်နိုင်ချေ။

 

ကွမ်ထုံ၏သက်ဝင်တက်ကြွနေသည့် အသံကို နားထောင်လျက်ပင် ယို့မြန့်က အမှတ်တရများထဲ နစ်မြှုပ်သွားခဲ့သည်။

 

သူနှင့်ဟို့ရန်ကျီး၏ဆက်ဆံရေးကို ပြောရပါက ပထမနှစ်ကတည်းက တဖြည်းဖြည်း နီးကပ်လာခဲ့ကြခြင်းပင်။

 

အဘယ့်ကြောင့်ဆိုသော် ပထမနှစ်မတက်မီက ယို့မြန့်၏နံဘေးတွင် ခွဲထုတ်လို့မရအောင် တပူးပူးတတွဲတွဲ ပူးကပ်နေသော ရန်ထင်းရွှမ်က နေရာယူထား၍ပင်။

 

ရန်ထင်းရွှမ်က ယို့မြန့်ထက် အသက်အများကြီး ကြီးလေသည်။ ထို့ကြောင့် ရန်ထင်းရွှမ်ဘွဲ့ရပြီး လူ့အသိုင်းအဝိုင်းတွင်း ဝင်လိုက်ချိန်တွင် ဟို့ရန်ကျီး၌ ယို့မြန့်နောက်လိုက်ပြီး နီးကပ်သည့်သူငယ်ချင်းတစ်ယောက်ဖြစ်လာရန် အခွင့်အရေး ရလာခဲ့သည်။

 

ယို့မြန့်က ကြည့်လျှင် ချဉ်းကပ်ရလွယ်ကူပုံပေါ်သော်ငြား တကယ်တမ်းတွင် ဖော်ရွေရင်းနှီးလွယ်သည့်စရိုက်မျိုး မရှိပါချေ။ ယင်းက သူ့တွင်အဘယ့်ကြောင့် သူငယ်ချင်းနည်းရသလဲဟူသည့် အကြောင်းအရင်းပင်။

 

ဘွဲ့ရရုံသာရှိသေးသည့် ရန်ထင်းရွှမ်က ဉပဒေရေး‌ရာကိစ္စများနှင့် အလွန်အလုပ်များနေခဲ့သည်။ ဟို့ရန်ကျီးနှင့်ယို့မြန့်က နီးကပ်ပြီး တမင်တကာ ယို့မြန့်ကိုစနောက်ခေါ်တတ်သည့် ကောလာဟလများကို သူအကြိမ်ပေါင်းများစွာ ကြားခဲ့ရသည်။

 

ယို့မြန့်က ဤသူငယ်ချင်းနှစ်ယောက်အား ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာ​စေရန် အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။

 

သို့သော် ယခင်က မနာလိုသဝန်တိုမှုများက ယခုမူ ရန်ထင်းရွှမ်နှင့် ဟို့ရန်ကျီးတို့နှစ်ယောက်၏ ပျင်းရိငြီးငွေ့စရာလှည့်စားမှုတစ်ခုမျှသာ ဖြစ်နေပုံပါပင်။


သူတို့က သရုပ်ဆောင်မှုထဲတွင် အလွန်နက်နက်ရှိုင်းရှိုင်း နစ်မြှုပ်သွားခဲ့မိကြသည်။ မတော်တဆ ဆုံခဲ့မိသည့် လူများကို သူ့အရင်းနှီးဆုံးသူငယ်ချင်းများအဖြစ် မှားယွင်းမှတ်ထင်မိခဲ့ခြင်းက ယို့မြန့်ဝန်ခံလိုသည့် အမှားတစ်ခုပင်။

 

ထိုသို့အမှားမျိုးကို သူ ယခုနောက်တစ်ခါ လုပ်မိလိမ့်မည်မဟုတ်ပေ။

 

ရေနွေးငွေ့များက ယို့မြန့်၏မျက်ခုံးပေါ် ဝေ့ဝဲသွားပြီး သူ၏စိမ်းကားအေးစက်သည့် လစ်လျူရှုမှုနှင့် ခပ်တန်းတန်းကင်းကွာမှုကို မှုန်ဝါးသွားစေပြီး လှပထင်ရှားသည့် ကောက်ကြောင်းတစ်ခုတည်းကိုသာ မြင်နေရစေသည်။

 

ထိုင်ခုံနောက်မှီကို ကိုင်ထားသည့် ဟို့ရန်ကျီး၏လက်ချောင်းများက ရုတ်တရက် တင်းကျပ်သွားသည်။

 

လူတိုင်းရယ်မောနေချိန်မှာပဲ သူတို့နောက်ရှိ ဗီလာ၏တံခါးပေါက်မှ တစ်စုံတစ်ခုက ရုတ်တရက်ပေါ်လာခဲ့သည်။

 

ကွမ်ထုံက ချက်ချင်းရယ်သံကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

 

ဟို့ရန်ကျီးနှင့် ရှန်းနန်ရှောင်ကလည်း သူ့တို့၏ခေါင်းကို နီးကပ်စွာ လှည့်ကြည့်လိုက်ကြသည်။

 

ယို့မြန့်တစ်ယောက်သာ အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ သူ့လက်ထဲက တူကိုအသာချကာ အေးအေးဆေးဆေး လှည့်ကြည့်လိုက်သည်။

 

ခြေသံများက ဝင်ပေါက်မှ ထွက်ပေါ်လာခဲ့သည်။

 

နောက်တစ်စက္ကန့်တွင် ရွှေရောင်ဘောင်ကွတ်ထားသော မျက်မှန်တစ်လက်ကို ဝတ်ထားသည့် ခံ့ညားသည့် ယောက်ျားတစ်ယောက်က လူတိုင်း၏ရှေ့တွင် လက်ဆွဲအိတ်တစ်လုံးနှင့် ပေါ်လာခဲ့သည်။

 

သူ့အကြည့်များက လူတိုင်းပေါ် ဝေ့ဝဲသွားခဲ့ပြီး မည်သူ့ထံမှ ရည်ရွယ်ချက်ရှိရှိ မရပ်တန့်ခဲ့ပေ။ ထို့နောက် အလွန်တည်ငြိမ်ပြီး ယဉ်ကျေးသည့်အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။

 

"ကြည့်ရတာ ကိုယ်အရမ်းနောက်ကျသွားပုံပဲ...တောင်းပန်ပါတယ်..."


ရန်ထင်းရွှမ်က သူ့မျက်မှန်ကို အထက်သို့ပင့်တင်ကာ သာမာန်ကာလျှံကာ ပြောလိုက်သည်။

 

သူ၏ယောက်ျားပီသသည့် ပြောဆိုပြုမူပုံက အေးစက်ပြီး ကျက်သရေရှိနေခဲ့သည်။ သူ့suitအင်္ကျီ၏ကော်လံကို တိတိကျကျ ကြယ်သီးတပ်ထားပြီး အဖြူရောင်လီလီပန်းကို ရင်ဘတ်တွင် ထိုးထားခဲ့သည်။ အင်္ကျီလက်ကို သေသပ်စွာ မီးပူတိုက်ထားပြီး သစ်တောရနံ့ ယောကျ်ားသုံး ရေမွှေးနံ့ကို ထုတ်လွှတ်နေခဲ့သည်။ သူ၏ပုံပန်းသွင်ပြင်မှာ ထူးထွက်နေခဲ့လေသည်။

 

ကွမ်ထုံ၏မျက်ဝန်းများက ပြူးကျယ်သွားပြီး ယို့မြန့်၏အကျီလက်ကို ထပ်ကာထပ်ကာ ဆွဲလိုက်ပြန်သည်။ သူ့စိတ်လှုပ်ရှားမှုက လျှံထွက်နေပြီဖြစ်သည်။

 

သူ့ရှေ့ရှိGuestက ဟို့ရန်ကျီးနှင့် ဆန့်ကျင်ဘက်ပုံစံပင်။

 

အကယ်၍ ဟို့ရန်ကျီးက မီးကဲ့သို့ ဒေါသမာန်ပြင်းသည့်ပုံစံဆိုပါက ရန်ထင်းရွှမ်က ရေကဲ့သို့ တည်ငြိမ်၊နက်ရှိုင်းသည့်သူပင်။

 

ရန်ထင်းရွှမ်က အခန်းကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်သည်။


"မင်းဆံပင်ဆေးဆိုးထားတာလား..."

 

ထမင်းစားစားပွဲမှ ထ၍မတ်တတ်ရပ်နေသည့် ကွမ်ထုံက သူ့ပန်းရောင်ဆံပင်ကို သံသယနှင့် ဆွဲကြည့်လိုက်သည်။

 

ရန်ထင်းရွှမ်က ရုတ်တရက်ကြီး အဘယ့်ကြောင့် ထိုစကားပြောသည်ကို သူ မသိသော်ငြား ဤစံအိမ်ထဲတွင် သူတစ်ယောက်သာ ဆံပင်ဆေးဆိုးထားသည်ထင်ရပေသည်။

 

ကွမ်ထုံက ဘယ်၊ညာလှည့်ကာ ကြည့်လိုက်သည်။ မည်သူကမှ ရန်ထင်းရွှမ်ကို မဖြေသည်ကို မြင်လိုက်ရာ သူ့ပါးစပ်ကိုဖွင့်ပြီး ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ရုံသာ ရှိတော့သည်။


"ရှိုးအတွက် အသစ်ဆိုးထားတာပါ..."

 

ရန်ထင်းရွှမ်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့လက်ဆွဲအိတ်ကိုချကာ လျှောက်သွားလိုက်သည်။ ရန်ထင်းရွှမ်က အဘယ့်ကြောင့် သူ့ကိုထိုသို့မေးသည်ကို ကွမ်ထုံမှာ ယခုထိတိုင် နားမလည်သေးရှာချေ။

 

ဟို့ရန်ကျီးက ခြေလှမ်းအနည်းငယ် ရှေ့လှမ်းလိုက်ပြီး ရန်ထင်းရွှမ်၏ပခုံးကို ပုတ်လိုက်သည်။ နှစ်ဦးသား ရင်းနှီးကျွမ်းဝင်စွာ ပြုံးလိုက်ကြသည်။

 

ဤသည်ကိုမြင်ပြီး ကွမ်ထုံက အံ့အားသင့်သွားသည်။


"ဟို့ကော...အစ်ကိုတို့ အချင်းချင်းသိကြတာလား..."

 

ဟို့ရန်ကျီးက ရန်ထင်းရွှမ်၏ပခုံးကို လက်တင်ကာပြန်ဖြေလိုက်သည်။


"ငါတို့မိသားစုအချင်းချင်း အဆက်အသွယ်တွေ အများကြီးရှိကြတယ်လေ...ဒါပေမဲ့ ငါတို့နှစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ရင်းနှီးလာကြတာ..."

 

ခံ့ညားချောမောသည့် ယောကျ်ားနှစ်ယောက်က ဘေးချင်းယှဉ်ကပ်နေပုံမှာ မျက်စိပသာဒဖြစ်ဖွယ်မြင်ကွင်းလေးပါပင်။

 

ဟို့ရန်ကျီးနှင့် ရန်ထင်းရွှမ်က ပခုံးချင်းယှဉ်ရပ်နေခဲ့ကြသည်။ သူတို့၏ရုပ်ရည်အပြင် ဟို့ရန်ကျီးက ရန်ထင်းရွှမ်ထက် လက်နှစ်ချောင်းစာမျှ အရပ်ပိုရှည်သည်ကို မြင်နိုင်ပေသည်။

 

ကွမ်ထုံက အတွေးဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်သည်။

 

ရန်ထင်းရွှမ်က ရှန်းနန်ရှောင်ကို ထပ်ကြည့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။


"မတွေ့တာကြာပြီ..."

 

ရှန်းနန်ရှောင်က နွေးထွေးစွာ ပြုံးလိုက်ပြီး ရှေ့တိုးကာ ရန်ထင်းရွှမ်၏လက်ကိုကိုင်ယမ်းကာ နှုတ်ဆက်လိုက်သည်။

 

ကွမ်ထုံက မူးဝေနေဆဲဖြစ်သည်ကို ရှန်းနန်ရှောင် သတိထားမိလိုက်ပြီး လက်ဦးမှုယူကာ ရှင်းပြလိုက်သည်။


"လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ငါတို့ လေလံပွဲတစ်ခုမှာ ဆုံဖူးတယ်..."




🌚🌚