Ch 7
Viewers 6k

🌚Chapter 7



 

ကွမ်ထုံက သူ့မျက်နှာကိုကာပြီး အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်သည်။


"ဒီရှိုးက ဘာလို့အသိအကျွမ်းတွေ ဆုံတွေ့တဲ့ရှိုးဖြစ်နေတာတုန်း...မင်းတို့အားလုံးက အချင်းချင်းသိပြီးသားတွေ...အခု ငါနဲ့ယို့မြန့်ကတော့ အချင်းချင်းမှီခိုအားထားပြီး နေရတော့မှာပေါ့..."

 

ယင်းကိုကြားချိန်တွင် ယို့မြန့်က နူးညံ့စွာပြုံးလိုက်ပုံမှာ သဘောတူလိုက်လျောလိုက်သည့်အတိုင်းပင်။

 

ရန်ထင်းရွှမ်က မျက်ခုံးတစ်ဖက်ကို အသာပင့်ကာ ဆက်လက်ပြီး တိတ်ဆိတ်နေခဲ့သည်။

 

ဟို့ရန်ကျီးက ထိုနေရာတွင် ရပ်နေပြီး လက်မြှောက်ကာ သူ့နှာခေါင်းထိပ်ကို အသာကုတ်လိုက်မိသည်။

 

ကွမ်ထုံက အလွန်ရိုးရှင်းပြီး လေထုထဲက ဆိတ်သုန်းနေမှုကို သတိမထားမိခဲ့ချေ။ သူက ပြောပြီးနောက် ယို့မြန့်အနီးပင် ကပ်လိုက်ပြီး ကိုအားလားတစ်ကောင်ကဲ့သို့ ယို့မြန့်ခါးကိုပင် တင်းတင်းကျပ်ကျပ် ဖက်လိုက်သေးသည်။

 

"အချစ်လေး...ငါ့ကိုရှိုးမှာ ကာပေးရမယ်နော်..."

 

အဖက်ခံလိုက်ရ၍ ပါးလွှာသည့် ဝါညိုဖျော့ရောင် ရှပ်လက်ရှည်အကျီက ယို့မြန့်ခန္ဓာကိုယ်ပေါ် ကပ်သွားခဲ့ပြီး သူ၏အလွန့်အလွန်သွယ်လျလှသည့် ခါးကောက်ကြောင်းကို တမဟုတ်ချင်း ပေါ်လွင်သွားစေခဲ့သည်။ အနည်းငယ် ဖောက်ထွင်းမြင်ရသည့် အင်္ကျီအောက်မှ အနက်ရောင်ခါးပတ်ကြိုးကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။

 

ကွမ်ထုံ ဖက်လိုက်မှုကြောင့် ယို့မြန့်ခန္ဓာကိုယ်က ယိမ်းထိုးသွားခဲ့သည်။ သူ၏သစ်အယ်သီးဖျော့ရောင်ဆံနွယ်လေးများက မျက်ခုံးပေါ် ဝေ့ဝှဲကျသွားပြီး ပယင်းစိမ်းရောင်မျက်ဝန်းများက လှပစွာ ကွေးညွှတ်သွားလေသည်။

 

ယို့မြန့်က ကွမ်ထုံ၏တမင်တကာမဟုတ်သည့် စကားလုံးများကို နှလုံးသားထဲထိ မမှတ်ယူခဲ့ချေ။ နူးညံ့ညင်သာသည့် လေသံလေးဖြင့်သာ ပြောလိုက်သည်။


"ကွမ်ထုံ..."

 

ကွမ်ထုံက ယို့မြန့်ကို ဆက်လက်ဖက်တွယ်ထားပြီး သူ့ရှေ့ရှိ ချောမောသည့်ယောကျ်ားနှစ်ယောက်က သူ၏သာမာန်ကာလျှံကာ 'အချင်းချင်းသိကြတယ်'ဟူသည့် စကားကြောင့် ပြောစရာစကားပျောက်ရှသွားမှန်း လုံးဝသတိမပြုမိခဲ့ချေ။

 

ရန်ထင်းရွှမ်က သူ၏suitဂျက်ကတ်ကို ချွတ်လိုက်ပြီး အင်္ကျီလက်အနားသတ်များကို ခေါက်တင်ကာ မီးဖိုချောင်ထံ ကြည့်လိုက်သည်။

 

ဟို့ရန်ကျီးက လှေကားကိုညွှန်ပြပြီး ခေါင်းစဉ်ကို တဲ့တိုးပြောင်းကာ မေးလိုက်သည်။


"ငါအခုထိ အပေါ်ထပ်ကို မကြည့်ရသေးဘူး...အပေါ်သွားပြီး တစ်ချက်ကြည့်ကြမလား..."

 

ရှန်းနန်ရှောင်က ဝင်ပေါက်ကို ညွှန်ပြလိုက်သည်။

"ဒါမှမဟုတ် လက်ဆွဲအိတ်တွေကို အရင်ရွှေ့ပြီးမှ **လမ်းမှာရှိတဲ့အခန်းတွေကို ကြည့်ကြမလား..."(သွားရင်းကြည့်)

 

ရန်ထင်းရွှမ်နှင့် ဟို့ရန်ကျီးက အချင်းချင်းကြည့်လိုက်ကြသည်။

 

ရန်ထင်းရွှမ်က ပြန်ဖြေလိုက်သည်။

"အင်း..."

 

ကွမ်ထုံက ယို့မြန့်ကို လွှတ်ပြီး ဘေးတွင် ရပ်နေလိုက်သည်။ ရန်ထင်းရွှမ်နှင့်အခြားသူများက လက်ဆွဲအိတ်များကို အပေါ်ထပ်သယ်နေကြသည်ကို မြင်ပြီး အမြန်အော်ပြောလိုက်၏။


"ကျွန်တော့်ကို စောင့်ပါဦး..."

 

ပြောပြီးသည်နှင့် ကွမ်ထုံက ယို့မြန့်က မလှုပ်ရှားဘဲ နေရာတွင် ရပ်နေဆဲဖြစ်သည်ကို သတိထားမိလိုက်ပြီး အံဩသွားခဲ့သည်။


"အချစ်လေး မင်းအပေါ်ထပ်ကို မသွားဘူးလား..."

 


ယို့မြန့်က ခေါင်းယမ်းလိုက်သည်။

"နောက်မှသွားတော့မယ်..."

 

သူ ရန်ထင်းရွှမ်နှင့် ဟို့ရန်ကျီးတို့နှင့် အရမ်းကြီး မနီးကပ်ချင်ပါပေ။

 

လိပ်ပြာတောင်ပံခတ်သည့် အကျိုးသက်ရောက်မှုက အလွန်ကြောက်စရာကောင်းလှသည်။ ယို့မြန့် မည်သည့်ဒုက္ခမှ မလိုချင်ပေ။

 

ကွမ်ထုံက ယင်းကိုကြားပြီး ယို့မြန့်ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ ခြေလှမ်းအနည်းငယ်ဖြင့် ပြေးတက်သွားလိုက်လေသည်။

 

မိနစ်အနည်းငယ်အတွင်းမှာပင် ပထမထပ်၌ လူတစ်ယောက်သာလျှင် ကျန်ရှိတော့သည်။

 

ရန်ထင်းရွှမ်နှင့်ဟို့ရန်ကျီး အတူတကွရှိနေသည့် ရှက်စရာကောင်းလှသည့် မြင်ကွင်းက မရှိတော့ချေ။ ယို့မြန့်က ထမင်းစားစားပွဲတွင် ရပ်ပြီး ရှားပါးလှသည့် သက်သောင့်သက်သာရှိလှသည့်အချိန်ကို ပျော်ရွှင်ကျေနပ်နေခဲ့သည်။

 

ပြတင်းပေါက်အပြင်ဘက်တွင် စင်ရော်ငှက်များက သာသာယာယာ ပျံသန်းနေကြပြီး လှိုင်းလုံးများက ပန်းရနံ့များကို သယ်ဆောင်သွားကြသည်။

 

ဤကဲ့သို့ သူတစ်ယောက်တည်းရှိနေချိန်က မကြာရှည်လိုက်ပါချေ။ ကလစ်ဟု မြည်သံနှင့်အတူ နှလုံးခုန်သံစံအိမ်တံခါးပေါက်က တွန်းဖွင့်ခံလိုက်ရသည်။

 

ယို့မြန့်က တွေဝေစွာ မော့ကြည့်လိုက်ရာ မမျှော်လင့်စွာဖြင့် မီးတောင်ကျောက်ကဲ့သို့ နက်မှောင်တောက်ပနေသည့် နက်ရှိုင်းလှသည့်မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည်။

 

သူ့ရှေ့ရှိ အမျိုးသားတွင် ချောမောခံ့ညားသည့်မျက်နှာရှိပြီး ကျယ်ပြန့်သည့်ပခုံး၊ ရှည်လျားလှသည့် ခြေတံများနှင့် သန်မာအားပြင်းသည့် ပုံသဏ္ဍာန်ရှိလေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် စံအိမ်ထဲတွင်ရှိသည့် မည်သူထက်မဆို ခေါင်းတစ်ဝက်စာမျှ အရပ်ပိုရှည်မှန်း လူတိုင်းပြောနိုင်ပေသည်။

 

ဖေးဟွိုက်ကျီးက အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ထားပြီး အတွင်းထဲတွင် ရှိသည့် ပြင်သစ်စတိုင်လ် suitအင်္ကျီကို ဖော်ပြထားလေသည်။ အနီရင့်ရောင်နက်ကတိုင်ကို ကြယ်သီးများအောက်တွင် တပ်ထားပြီး သူ့အားခိုင်ခိုင်မာမာ ချုပ်တည်းထားလေသည်။ ရှည်လျားလှသည့် ခြေတံတစ်စုံက အနက်ရောင်suitဘောင်းဘီကို ဝတ်ထားပြီး ဘောင်းဘီအနားသပ်က ရွှံ့တစ်စက်လေးမျှပင် မရှိသည့် လည်သာရှုးဖိနပ်အထက်တွင် အဆုံးသတ်သွားသည်။

 

အမျိုးသား၏ဆံပင်ကို သေသပ်စွာ ညှိထားပြီး မျက်ခုံးနှင့်မျက်လုံးများက ကြီးမား၊ကျယ်ပြန့်လေသည်။ သူ၏မျက်နှာအင်္ဂါရပ်များက ပန်းပုထုဆစ်ထားသကဲ့သို့ အလွန်အမင်း သုံးဖက်မြင်ဆန်လီပေသည်။

 

သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ရေမွှေးရနံ့မှ မရှိဘဲ ရှင်းသန့်နေသည်က ယို့မြန့်ကို အေးစက်နေသည့်ရေကန်တစ်ကန်ကို အကြောင်းပြချက်မရှိဘဲ အမှတ်ရသွားစေခဲ့သည်။

 

အမျိုးသားက ယို့မြန့်ကို မြင်ပြီးနောက် စက္ကန့်အနည်းငယ်မျှ တန့်သွားခဲ့သည်။ ထို့နောက် အနက်ရောင်ကုတ်အအင်္ကျီကို တဆက်တည်း ချွတ်လိုက်ကာ ဖေးဟွိုက်ကျီးက ဝင်ပေါက်ကို ခြေလှမ်းအနည်းငယ်ဖြင့် ဖြတ်ကျော်လာလိုက်သည်။ စံအိမ်ထဲသို့ ဝင်လာပြီးနောက် ယို့မြန့်ရှေ့တွင် ရပ်လိုက်သည်။

 

ဆန့်ထုတ်ထားသည့် လက်ဖမိုးပေါ်တွင် အပြာရောင်သွေးပြန်ကြောများက အနည်းငယ် ခုံးထနေခဲ့သည်။ သူ့လက်က ခြောက်သွေ့ကာ သန်မာလှပေသည်။

 

"ပထမဆုံးတွေ့ဆုံခြင်းပါ..."

 

ဖေးဟွိုက်ကျီးက နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်လေသည်။


"ကိုယ်က ဖေးဟွိုက်ကျီးပါ..."

 

ယို့မြန့် မော့ကြည့်လိုက်သည့်အခိုက် သူ၏ဆံနွယ်ကောက်ကောက်လေးများက လှုပ်ယမ်းသွားခဲ့သည်။ နေရောင်ကသူ့ပေါ် ဖြာကျလာပြီး နွေးထွေးမှုများ ဖြာထွက်လာခဲ့သည်။ ကြည့်ရသည်မှာ နူးညံ့ပြီး ငြိမ်းချမ်းဖွယ်ကောင်းလှသည်။

 

ရောင်ခြည်ထဲတွင် ဖေးဟွိုက်ကျီးက ယို့မြန့်၏မျက်ဝန်းများထဲမှ အစိမ်းရောင်ဖျော့ဖျော့ကို မြင်လိုက်ရသည်။ ထို့နောက် သူ့လက်ကို ယို့မြန့်ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။ အားက အလွန်ညင်သာသော်လည်း အထိအတွေ့က အလွန်အေးစက်လှပေသည်။

 

ယို့မြန့်က ဖေးဟွိုက်ကျီးပေါ်တွင် ထင်မြင်ချက် များများစားစား မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ယခင်ဘဝတွင် ဤလူကို သူတစ်ခါမှ မတွေ့ခဲ့ဘူး၍ပင်။ သူ့ရှေ့ရှိ ဤလေးနက်၊ရင့်ကျက်ပြီး ချုပ်တည်းနိုင်စွမ်းရှိသော အမျိုးသားကို စာအုပ်ထဲတွင် အကြိမ်ရေအနည်းငယ်မျှသာ ဖော်ပြထားခဲ့သည်။ သူ့အတွက်စာသားများက ရိုးရှင်းပြီး ထိုသူက စကားအနည်းငယ်ထက် ပိုမပြောခဲ့ချေ။ အချိန်အများစုတွင် ထိုသူက အမိန့်များသာ ပေးခဲ့လေသည်။

 

"ကျွန်တော်က ယို့မြန့်ပါ..."

 

ယို့မြန့်က ဖေးဟွိုက်ကျီးကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ကိုယ်သူ ရိုးရိုးရှင်းရှင်းသာ မိတ်ဆက်လိုက်သည်။


"ယို့ချီး(အထူးတလည်)က 'ယို့'နဲ့ မြန့်(အိပ်စက်ခြင်း/ဆောင်းခိုခြင်း)က 'မြန့်'ပါ...."

 

ဖေးဟွိုက်ကျီး ဤနာမည်ကို ယခင်က ကြားဖူးပေ၏။ JLကိုပရိုမိုးရှင်းဆင်းရန်အတွက် ဟုန်ရှန်းအကြံပြုခဲ့သော အမည်မှန်း သူသိလိုက်သည်။

 

"အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်..."


ဖေးဟွိုက်ကျီး၏အသံအနေအထားက ပြတ်ပြတ်သားသားရှိသော်ငြား တစ်နည်းတစ်ဖုံ စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ကောင်းနေပေသည်။ သူ့လေသံက ရင်းနှီးနေသော လက်အောက်ငယ်သားတစ်ယောက်ကို ပြောနေသကဲ့သို့ သဘာဝဆန်​နေ၏။

 

ယို့မြန့် ဖေးဟွိုက်ကျီး၏ခန္ဓာကိုယ်ပေါ်ရှိ သန့်ရှင်းပြီး လန်းဆန်းနေသော ရနံ့ကို လစ်လျူမရှုနိုင်ဘဲ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပဲ အမျိုးသား၏သေသပ်စွာ ခေါက်တင်ထားသော အင်္ကျီလက်များကို သတိပြုမိလိုက်ပြီး ညှပ်ထားသော လက်သည်းများကလည်း အလွန်တိုကာ သူ၏အနက်ရောင်ဆံပင်များကလည်း သပ်သပ်ရပ်ရပ် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ လူတစ်ကိုယ်လုံးက အလွန်သေသပ်နေ၍ 'စနစ်တကျ'ဟူသည့် စကားလုံးကို လူများကိုမတွေးဘဲ မနေနိုင်ဖြစ်သွားစေခဲ့သည်။

 

ဤလူမျိုးက လူများကို မကျေမနပ်ခံစားရစေသည့် တစ်နည်းတစ်ဖုံ အေးစက်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် အလွန်အမင်း စံနှုန်းမြင့်မားသည့် အထက်လူကြီးမျိုးပင်ဖြစ်သည်။

 

ဖေးဟွိုက်ကျီးက ယဉ်ယဉ်ကျေးကျေး လက်ဆွဲနှုတ်ဆက်ပြီးနောက် လျင်မြန်စွာ လက်ပြန်ရုတ်လိုက်သည်။

 

"အပေါက်ဝမှာ ရှူးဖိနပ်တွေ အများကြီး တွေ့ခဲ့တယ်...ကြည့်ရတာ ကိုယ်စောစောမလာမိခဲ့လိုက်ဘူးထင်တယ်..."

 

ယို့မြန့်က ဖေးဟွိုက်ကျီး၏အံ့ဩစရာကောင်းလောက်သည့် လေ့လာမှုအစွမ်းကို နောက်တစ်ကြိမ် သတိထားမိလိုက်သည်။ အနည်းငယ်ပဲလုပ်သည်ထက် များများလုပ်သည်က ပိုကောင်းသည်ဟူသော စိတ်ထားဖြင့် သူက ရင်းနှီးပျူငှာသော အပြုအမူဖြင့် အကြံပေးလိုက်သည်။


"တစ်ခြားသူတွေက အပေါ်ထပ်မှာ...ခင်ဗျားအပေါ်တက်ပြီး တစ်ချက်သွားကြည့်လို့ရတယ်..."

 

ဖေးဟွိုက်ကျီးက သူအဝေးကို မောင်းထုတ်ခံနေရသည်ကို မသိဘဲ ဗြောင်ကျကျပင် ထပ်ပြောလိုက်သည်။


"ကိုယ့်ခရီးဆောင်အိတ်ကို အပေါ်ထပ်မသယ်ချင်ဘူး..."

 

ယို့မြန့် နူးညံ့စွာ စုပ်သက်လိုက်သည်။ တစ်ယောက်တည်းနေချင်သည့် ဆန္ဒက နောက်ဆုံး၌ တစ်စစီဖြစ်သွားသည်ကို သူသဘောပေါက်သွား၏။

 

ဖေးဟွိုက်ကျီးက လှည့်ပြီး ပြင်သစ်စတိုင်လ် ပြတင်းပေါက်ထံ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် အိမ်တံခါးပေါက်က နောက်တစ်ဖန် ပွင့်သွားပြန်သည်။

 

ပိုင်လင်း၏နူးညံ့သည့်အသံကို ဝံရံတာမှ ကြားလိုက်ရသည်။


"ကွမ်းချင်ကော...ကျွန်တော်တို့က နောက်ဆုံးမှ ရောက်တာလား..."

 

ယို့မြန့်က အကျင့်ဖြစ်စွာ မျက်လုံးကို နှိမ့်ချလိုက်သည်။

 

အိမ်အတွင်းရှိ များစွာသော ကင်မရာများက တံခါးပေါက်ရှိရာထံ လှည့်သွားကြသည်။ ဆံပင်ရှည်ရှည်နှင့်အမျိုးသားက စခရင်ထက်ပေါ်လာခဲ့သည်။

 

သူ့ဆံပင်များက ပခုံးထက်တွင် လျော့ရဲစွာ ကျနေပြီး ကျက်သရေရှိသော်လည်း မိန်းမဆန်မသွားခဲ့ချေ။ မိန်းမ၊ယောကျ်ား အသွင်အပြင်နှစ်မျိုးကြားမှာရှိပြီး ပို၍ပင် သူရဲကောင်းဆန်သွားစေခဲ့သည်။

 

ယွင်ကွမ်းချင်က လွန်ခဲ့သည့်လဝက်က ငွေဝက်ဝံဆုပေးပွဲတွင် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့လေသည်။ သူက သူ၏ထူးချွန်ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်ကြောင့် ဒိုင်လူကြီးများထံမှ တညီတညွတ်တည်း အသိအမှတ်ပြုခံလိုက်ရသည်။

 

သူ၏သရုပ်ဆောင်စွမ်းရည်က ထူးချွန်သည်သာမက သူ၏နာမည်ကျော်ကြားမှုကလည်း အနုပညာလောကထဲရှိ မည်သူတစ်ဦးတစ်ယောက်အောက်မှ မနိမ့်ကျပါချေ။ သူက ယနေ့ခေတ် ထူးချွန်ထက်မြက်သည့် နာမည်ကြီး ရုပ်ရှင်ကြည်ပွင့်တစ်ယောက်ပင်။

 

သို့သော်ငြား သူ့ကိုယ်ပိုင်ဘဝတွင် ယွင်ကွမ်းချင်၏သည်းခံစိတ်က အလွန်မကောင်းလှဟု ပြောကြသည်။ သူက အထက်စီးဆန်၊မာနကြီးပြီး စိတ်ရှည်မှုမရှိပေ။ သို့သော်ငြား ဤအခြေအမြစ်မရှိသည့် ကောလာဟလများက နာရီအနည်းငယ်အတွင်းမှာပဲ ယွင်ပရိသတ်များ၏ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်ချခံလိုက်ရသည်။


ယို့မြန့်က အိမ်ထဲတွင် ရပ်နေပြီး ပိုင်လင်းနှင့်ယွင်ကွမ်းချင် အထဲသို့လျှောက်လာသံကို ကြားနေရသည်။

 

အတွင်းလူများနှင့် ပရိသတ်များက သူ့အားမည်သို့တွေးနေမည်မှန်း သူမသိသော်ငြား မူရင်းစာအုပ်ကိုဖတ်ထားသည့် လူတစ်ယောက်အနေဖြင့် ယွင်ကွမ်းချင်တွင် မည်မျှဆိုးဝါးသည့် စိတ်နေစိတ်ထားရှိမှန်း ယို့မြန့်အတိအကျသိပေသည်။

 

ထိုလူက ပိုင်လင်းတစ်ယောက်တည်း၏ရှေ့မှောက်တွင်သာ သူ၏နူးညံ့ညင်သာသည့်ဘက်ခြမ်းကို ထုတ်ပြလိမ့်မည်ပင်။

 

ယွင်ကွမ်းချင်က ပိုင်လင်း၏နောက်မှ ခြေလှမ်းထက်ဝက်မျှအကွာဖြင့် လမ်းလျှောက်လာခဲ့သည်။ သူ၏အနက်ရောင်ဆံနွယ်ရှည်များက သူ့မျက်နှာဘေးဘက်ခြမ်းကို ပွတ်တိုက်သွားခဲ့သည်။ ​နွေးထွေးလှသည့် ကမ်းခြေဘေးရှိနေရောင်က သူ့လည်ပင်းထက် ဖြာကျနေပြီး လှပပြီး တောက်ပသည့် လေထုကို ဖန်တီးပေးနေခဲ့သည်။

 

ယို့မြန့်က မျက်လွှာချကာ မတ်တတ်ရပ်နေခဲ့သည်။ ထိုအခိုက် အမြဲလိုလို မျက်လွှာချကာနေခဲ့သော အကြည့်များက ရုတ်တရက်ဆိုသလို မော့ကြည့်လိုက်၏။

 

ပိုင်လင်းက မူလတွင် သူပထမဆုံးပေါ်လာချိန်တွင် ယို့မြန့်အား ထိုးနှက်ချက်ကောင်းကောင်း ပေးချင်ခဲ့သည်။ သို့သော် အချို့သော အကြောင်းအရင်းများကြောင့် ထိုအခိုက်အတန့်တွင် ယို့မြန့်၏အကြည့်များဖြင့် လောင်ကျွမ်းခံလိုက်ရလေသည်။

 

အပြင်ဘက်တွင် သူရေးခဲ့သော ဇာတ်ညွှန်းစာသားများက သူ့ဗိုက်ထဲသို့ လုံးဝပြန်ပြုတ်ကျသွားခဲ့ပြီး ကြောက်လန့်တကြားဖြင့် အဝေးကို အကြည့်လွှဲလိုက်မိသည်။

 

ရှက်ရွံ့စွာ မတ်တတ်ရပ်နေပြီးနောက် ကသိကအောက်နိုင်စွာ လှည့်ပြီး ယွင်ကွမ်းချင်ကို ပြုံးပြလိုက်သည်။ ထို့နောက် ရုတ်တရက်ကြီး ကြင်နာယုယသည့် အသံနေအသံထားဖြင့် သူပြောလိုက်သည်။


"ကွမ်းချင်ကော...ကျွန်တော့်မှာ social fear ရှိတယ်...ဘာလို့ ကောအရင် မနှုတ်ဆက်မှာလဲ..."

 

ပိုင်လင်း ယွင်ကွမ်းချင်နောက်တွင် ပုန်းလိုက်ပြီး ယို့မြန့်ကို တစ်ဖန်ထပ်ကြည့်လိုက်သည်။ ယခုလေးတင်ပေါ်လာသည့် တစ်ဖက်လူ၏အကြည့်က ပျောက်သွားသည်ကို သူတွေ့လိုက်ပြီး ခြိမ်းခြောက်ခံရသည့် မသက်မသာခံစားချက်က ပျောက်သွားပြီဖြစ်သည်။

 

သူအမြင်မှားသွားတာများလား...

 

ပိုင်လင်း သူ့အင်္ကျီအနားသတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ယုံကြည်ချက်များက နှလုံးသားထဲ တဖွားဖွား တက်လာခဲ့သည်။

 

ယို့မြန့် ယို့စံအိမ်တော်မှ ထွက်သွားသည့်နေ့မှစ၍ မည်သည့်သတင်းမှ မကြားရတော့ချေ။ တစ်ဖက်လူက ပေါ်လာတော့မည်မဟုတ်ဟု မူလက သူတွေးခဲ့သော်ငြား ယို့မြန့်က အဆုံးတွင် အပေးအယူလုပ်ရန် ရွေးချယ်လိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။

 

ယခုလေးတင်ဖြစ်ပေါ်လာသည့် ခြိမ်းခြောက်ခံရသည့် ခံစားချက်က မတော်တဆဖြစ်လောက်ပေသည်။ ယို့မြန့်က အားနည်းပျော့ညံ့သူတစ်ယောက်ထက် မပိုပေ။

 

ယွင်ကွမ်းချင်က ပိုင်လင်း၏သရုပ်ဆောင်ချက်ကို တုံ့ပြန်မှုများများစားစား မလုပ်ခဲ့ပေ။ သူက ဂုဏ်ယူဝံ့ကြွားစွာသာ မေးကိုမော့ထားလိုက်သည်။ သူက အမှန်တကယ်ကြီးပင် သူ့ရှေ့ရှိ ယို့မြန့်ကို တိုက်ရိုက်လစ်လျူရှုပစ်လိုက်ပြီး ဘေးနားရှိ ဖေးဟွိုက်ကျီးကို ခေါင်းညိတ်ပြလိုက်သည်။


"ဉက္ကဌဖေး ခင်ဗျားကို ဒီမှာတွေ့ရလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး..."

 

ဖေးဟွိုက်ကျီးက အလွန်အရပ်ရှည်လွန်းပြီး ယွင်ကွမ်းချင်ထက် ခေါင်းတစ်ဝက်စာမျှပင် ပိုရှည်လေသည်။

 

ယွင်ကွမ်းချင်၏ပတ်ပတ်လည် ထုတ်လွှတ်နေသည့် အလွန်အမင်း ရန်မူတတ်သည့်ရောင်ဝါနှင့် နှိုင်းယှဉ်လျှင် သူက စံအိမ်ထဲရှိ အခြားသူများထက် ပိုမိုတည်ငြိမ်အေးဆေးကာ အမှုမထားဟန်ပေါ်ပေသည်။

 

ဖေးဟွိုက်ကျီး၏တည်ရှိမှုက ပန်းရောင်ပူဖောင်းလေးများ ပြည့်နေသည့် romance ရသစုံရှိုးအား ရေခဲတောင်ကြီးထည့်လိုက်သကဲ့သို့ပင်။ သူက ဤနေရာနှင့် လုံးဝကွဲထွက်နေခဲ့သည်။

 

ယွင်ကွမ်းချင်၏နှုတ်ဆက်မှုကို ဖေးဟွိုက်ကျီးက ခေါင်းညိတ်ရုံသာ ညိတ်လိုက်သည်။


"မစ္စတာယွင်..."

 

ယွင်ကွမ်းချင်၏နောက်ရှိ ပိုင်လင်းက ကိုယ်ကိုကျုံ့သွားပြီး ဖေးဟွိုက်ကျီးကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပိုပြီးပင် ကြောက်ရွံ့များ ပြည့်သွားခဲ့သည်။

 

တစ်ဖက်တွင်မူ ယို့မြန့်က သူ့တည်ရှိမှုကို သတိမထားမိစေရန် ဘေးဘက်တွင် တိတ်တိတ်လေး မတ်တတ်ရပ်နေခဲ့သည်။

 

ထိုအချိန်မှသာ ယွင်ကွမ်းချင်က ယို့မြန့်ကို ယခုမှ သတိပြုမိသကဲ့သို့ ပြောလိုက်သည်။

 

"ယို့မြန့်..."

ယွင်ကွမ်းချင်က မျက်ခုံးတစ်ဖက်ကို အသာပင့်လိုက်သည်။


"ပိုင်လင်းက မင်းအကြောင်းပြောတာကို ကြားဖူးတယ်..."

 

ယို့မြန့်က မျက်လုံးပင့်လိုက်ပြီး တစ်ဖက်လူကို အမှုမထားစွာ ကြည့်လိုက်သည်။


"ဟုတ်လား..."

 

လူငယ်လေး၏အပြုအမူသဘောထားက ယွင်ကွမ်းချင်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူ၏အနိုင်ယူလိုစိတ်ကို နှိုးဆွလိုက်လေသည်။

 



🌚🌚