Ch 8
Viewers 6k

🌚Chapter 8




သူ့ကိုလစ်လျူရှုရဲတယ်ပေါ့လေ...

 

ထို့ကြောင့် ယွင်ကွမ်းချင်က လက်ပိုက်လိုက်ပြီး အကြိမ်အနည်းငယ် လှောင်ရယ်လိုက်သည်။ သူက မေးကိုပင်မော့ကာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောလိုက်သည်။


"မင်းက ကောလာဟလထဲကအတိုင်း စိတ်ကတကယ်ဆိုးဝါးတာပဲ..."

 

ယို့မြန့်က ထိုစကားကိုကြားလိုက်သော်ငြား မျက်နှာအမူအရာ မပြောင်းသွားခဲ့ဘဲ တုံ့ဆိုင်းခြင်းအလျင်းမရှိ ပြန်တိုက်ခိုက်လိုက်သည်။


"အကောင်းဆုံး သရုပ်ဆောင်ဆုရ ခင်ဗျားနဲ့တော့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."

 

ယွင်ကွမ်းချင်၏လှပသော မျက်နှာက အေးခဲသွားပြီး မျက်မှောင်ကြုတ်ကာ အေးစက်စွာ သရော်လိုက်၏။


"မင်းက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတာပဲ..."

 

ယို့မြန့်က ပြန်ဖြေလိုက်သည်။

"ကျွန်တော့်ကို မုန်းမှတော့ ကျွန်တော်နဲ့ အဝေးမှာနေလို့ရပါတယ်..."

 

ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ယွင်ကွမ်းချင်၏နှုတ်ခမ်းထောင့်များက ‌ကော့တက်သွားသည်။ သူက အလွန်ဒေါသထွက်နေပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်နေခဲ့သည်။


"အိုး...အဲ့ဒါက ငါကသာ မင်းကိုပြောရမှာ..."

 

ယွင်ကွမ်းချင်က ယို့မြန့်ရှိရာထံ ကိုယ်ကိုကိုင်းလိုက်ပြီး သူ့လက်ကိုမြှောက်ကာ လည်ပင်းရှိ အသံဖမ်းစက်ကိုလည်း ဖုံးလိုက်သည်။

 

ထိုအခိုက်တွင် အရမ်းမကျယ်သော အဖြူရောင်ထမင်းစားစားပွဲသာ သူတို့နှစ်ဦးကြားထဲ ရှိတော့လေသည်။

 

အမျိုးသားက အလွန်ပင် ချောမောကာ အလွန့်အလွန်ကြီးမားလှသည့် IMAX စခရင်ထက်တွင် ပြစ်ချက်တစ်ခုလေးသော်မျှ မမြင်ရပေ။ သူက မျက်လုံးများကို မှေးကျဉ်းထားပြီး အနက်ရောင်ဆံနွယ်များက သူ့နဖူးထက်ဖြာကျကာ နှာတံမြင့်မြင့်အား အသာအယာ ပွတ်တိုက်သွားခဲ့သည်။

 

" 'လျှောက်ခုန်ပေါက်နေတဲ့ လူပြက်'ဆိုတဲ့စကားလုံးကို ဘယ်လိုရေးလဲဆိုတာ မင်းသိလား..."


ယွင်ကွမ်းချင်က ကျီစယ်လိုစွာ နှာခေါင်းရှုံ့လိုက်ပြီး ရယ်မောလိုက်သည်။

"မင်းကိုငါသင်ပေးဖို့ လိုသေးလား..."

 

စံအိမ်အပြင်ဘက်ရှိ ဝန်ထမ်းများက ဤမြင်ကွင်းကို စခရင်ထက်မြင်လိုက်ပြီး နှလုံးသားထဲ ထိတ်လန့်မှုများ ပြည့်နှက်သွားကြသည်။

 

'ကာရံညီသော နှလုံးသားများ'က romance ရသစုံရှိုးတစ်ခုဖြစ်ပေသည်။

 

ဘာကိစ္စ ပြိုင်ဘက်တွေ လက်တုံ့ပြန်နေတဲ့ပြိုင်ပွဲနဲ့ သွားတူနေရတာတုန်း...

 

အဖြူရောင်လီလီGuestနှင့် အိုင်းရစ် Guestကြားတွင် သဘောထားမတိုက်ဆိုင်သည့် အတိုက်အခံများ ဖြစ်ပေါ်လာပုံပေါ်လေသည်။

 

ဟုန်ရှန်းက နှစ်ပေါင်းများစွာ ရိုက်ကူးရေးအတွေ့အကြုံရှိသည့် နာမည်ကြီး ရသစုံရှိုးဒါရိုက်တာတစ်ယောက် ဖြစ်ထိုက်ပေသည်။ ဇာတ်လမ်းအထွတ်အထိပ် ရောက်နေပြီး လူတိုင်းပြောစရာစကားလုံးများ ပျောက်ရှနေချိန်တွင် သူက လက်ထဲရှိ ကတ်ကို ပြတ်ပြတ်သားသားပင် ကောက်ကိုင်လိုက်ပြီး ထရပ်ကာ စံအိမ်ကို တဟုန်ထိုး ပြေးသွားလိုက်သည်။

 

ပြေးလျက်နှင့်ပင် သူကလှည့်ကာ ကင်မရာမန်းထံ လက်ဟန်အမူအရာ ပြလိုက်သည်။


"အခုပြောလိုက်တဲ့စကားတွေကို ဖြတ်ထုတ်လိုက်..."

 

တိုက်ရိုက်ရိုက်ကူးရေး ထုတ်လွှင့်မှုက နှောင့်နှေးသွားသောကြောင့် ကီလိုမီတာ ဆယ်ချီအကွာရှိ စောင့်ကြည့်ရေးခန်းထဲတွင် ထိုင်နေကြသည့် နာမည်ကြီးဧည့်သည်များက ၁၀ စက္ကန့်ကြာ ထိပ်တိုက်တွေ့ဆုံမှုကို လွဲချော်သွားခဲ့သည်။

 

စံအိမ်တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ဟုန်ရှန်းက အသက်ရှုသံကို ထိန်းကာ PDနောက်မှလိုက်ကာ အထဲသို့ဝင်လိုက်သည်။

 

ချက်ချင်း ရှေ့တိုးလိုက်ပြီး စခရင်ထက်တွင် ဒါရိုက်တာ၏အသံကို ကြားလိုက်ရသည်။

 

"ရှိုးရဲ့Guestရှစ်ယောက်လုံး ရောက်လာကြပါပြီ...ကျေးဇူးပြုပြီး 'ကာရံညီသော နှလုံးသား'ရဲ့ ပထမဆုံး ပူးတွဲတာဝန်ကို လက်ခံဖို့ ပထမထပ်က ဧည့်ခန်းထဲ လူစုပေးကြပါ...ပြီးရင် အချင်းချင်းပိုနားလည်လာအောင် လုပ်ကြပါ..."

 

ဟုန်ရှန်း၏အသံက မိုက်ခရိုဖုန်းမှတစ်ဆင့် စံအိမ်တစ်ခုလုံးသို့ ပျံ့သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ယွင်ကွမ်းချင်က နောင်တနှင့် သက်ပြင်းချလိုက်ပြီး သူ၏မူလနေရာကို ပြန်သွားလိုက်သည်။

 

တစ်ခဏကြာပြီးနောက် ဒုတိယထပ်တွင် စကားပြောနေကြသည့် လူတိုင်းက မိန်းမောနေသည့် အမူအရာဖြင့် အောက်ထပ်ကို ဆင်းလာကြသည်။

 

ကွမ်ထုံက လှေကားထစ်မှတစ်ဆင့် ပထမထပ်တွင် ရပ်နေကြသည့် လူအနည်းငယ်ကို မြင်လိုက်ရသည်။ သူ့မျက်လုံးများက တစ်မဟုတ်ချင်း တစ်စုံတစ်ယောက်ပေါ်တွင် အကြည့်က ရပ်သွားခဲ့သည်။ ယွင်ကွမ်းချင်က ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

 

ဒါက အကောင်းဆုံးသရုပ်ဆောင်ဆုရ ယွင်ကွမ်းချင်လေ...အနုပညာလောကရဲ့ထိပ်ဆုံးကလူက ဒီလိုromance ရသစုံရှိုးကို ဘယ်လိုလုပ် ​ရောက်လာတာတုန်း...

 

ကွမ်ထုံ၏စိတ်များက တစ်ခဏမျှ ပေါက်ကွဲထွက်သွားပြီး သူ့စကားပြောစွမ်းရည်ပင် ရှုပ်ထွေးသွားခဲ့သည်။ သူက နောက်လှည့်ပြီး ရှန်းနန်ရှောင်ကို စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။


"အိုးမိုင်ဂေါ့...တကယ်ကြီး ယွင်ကွမ်းချင်ပဲ...ငါသူ့ကို အပြင်မှာတိုက်ရိုက် မြင်ဖူးသွားပြီလို့..."

 

ထိုစကားလုံးများ ထွက်ကျလာသည့်အခိုက် ရန်ထင်းရွှမ်နှင့် ဟို့ရန်ကျီးက တစ်ယောက်ပြီးတစ်ယောက် အောက်ထပ်ကိုဆင်းလာကြသည်။

 

ကျယ်ပြန့်ပြီး ရှည်လျားသည့်အဖြူရောင် ထမင်းစားစားပွဲက သေခြင်းရှင်ခြင်းအဆုံးဖြတ်မျဉ်းကဲ့သို့ပင်။ ယို့မြန့်က နေရောင်ထဲတွင် ရပ်နေကာ သူတို့အချင်းချင်း နှုတ်ဆက်နေသည်ကို ကြည့်နေခဲ့သည်။ သူ၏သစ်အယ်သီးရောင် ဆံနွယ်ကောက်ကောက်လေးများက နဖူးပြင်ထက် ဝေ့ဝဲကျနေပြီး သူ့မျက်လုံးများက အစိမ်းရောင်နုနုလေး ထင်ဟပ်နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးပြီးတောက်ပနေပေ၏။


ပထမထပ်ရှိ လှေကားရှေ့တွင် ရပ်နေပြီး ပိုင်လင်းက ခေါင်းမော့ကာ မျက်လုံးကွေးကွေးလေးများဖြင့် ပြုံးပြလိုက်သည်။ သူက သူ၏အချုပ်အခြာအာဏာကို  ရင်းနှီးကျွမ်းဝင်ပြီး သဘာဝကျသောနည်းဖြင့် တရားဝင်ကြေညာလိုက်လေသည်။

 

"ထင်းရွှမ်ကော...ဟို့ကော...နှစ်ယောက်လုံးက ဘာလို့ဒီရောက်နေကြတာလဲ...ကျွန်တော့်ကိုဘာမှလည်း မပြောခဲ့ကြဘူး...ကျွန်တော့်ကိုဖုံးထားရတာ ပျော်စရာကောင်းရဲ့လား..."


ပိုင်လင်းက သူ မပျော်တော့သကဲ့သို့ နူးညံ့စွာ မကျေမနပ် ပြောလိုက်သည်။

 

ရန်ထင်းရွှမ်က လက်မြှောက်ကာ ပိုင်လင်း၏ခေါင်းကို ရင်းနှီးကျွမ်းဝင်နေသည့် အမူအရာဖြင့် ပွတ်ပေးလိုက်သည်။ သူက သူငယ်ချင်းများကြားတွင် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားပြီး ယင်းအပြုအမူကလည်း ရုတ်ချည်းဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ သဘာဝကျလှပေသည်။

 

"ကိုယ်က မင်းကို အံ့ဩသွားစေချင်လို့လေ..."

ရန်ထင်းရွှမ်က ပြောလိုက်သည်။

 

ဟို့ရန်ကျီးက ရင်ထဲထိသွားပုံနှင့် ခေါင်းကိုစောင်းကာ ခပ်ရိုင်းရိုင်း နှာရှုံ့လိုက်၏။


"သူက ငါ့စကားတွေကို ခိုးသွားပြီ...ငါဘာပြောရတော့မှာလဲ..."

 

ယွင်ကွမ်းချင်က ပိုင်လင်းနံဘေးတွင် မတ်တတ်ရပ်နေပြီး ပြိုင်ဘက်များစွာကို ရင်ဆိုင်နေရသော်ငြား လုံးဝစိတ်မပူပန်သကဲ့သို့ သူ့ရှေ့ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းပင် စောင့်ကြည့်နေခဲ့သည်။  

 

ထိုအခိုက်တွင် မတိုင်မီက ပြသခဲ့သည့် မည်သည့်ဒေါသကိုမှ ယွင်ကွမ်းချင်၏မျက်နှာထက်တွင် မမြင်ရတော့ပေ။ အကောင်းဆုံးသရုပ်ဆောင်ဆုနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ သူ၏သရုပ်ဆောင်စွမ်းရည်က လိုင်းတက်လာပြီး ပထမတန်းစားပါပင်။

 

တစ်ဖက်တွင် ကွမ်ထုံက သူ့နှလုံးသားထဲတွင် အော်ဟစ်နေသော်ငြား အပြင်ဘက်တွင်မူ ဟယ်လိုတစ်ခွန်းသာ ပြောကာ ကြက်သေသေနေခဲ့လေသည်။

 

ဤအရည်အသွေးမြင့် ယောက်ျားအားလုံးက ပြင်ဆင်လာခဲ့ကြသည်မှာ သိသာလှ၏။

 

ဒါဆို သူကဘာအတွက် ပါနေရဦးမှာလဲလို့...လူတိုင်းမှာ သူတို့ကြိုက်နေတဲ့သူရှိပြီး လူတစ်ယောက်ကို ပိုးပန်းဖို့ ရှိုးကိုဝင်ပါလာလိမ့်မယ်လို့ မထင်ထားဘူး...

 

စံအိမ်ထဲတွင် တစ်ခဏထိကြာအောင် သက်ဝင်လှုပ်ရှားနေခဲ့သည်။


 á€šá€­á€Żá€ˇá€™á€źá€”အ်ဥပဟင် ဖေးဟွိုက်ကျီးတစ်ယောက်သာ ပြင်သစ်စတိုင်လ် ပြတင်းပေါက်ရှေ့တွင် မတ်တတ်ရပ်နေပြီး သူ့အမူအရာက လစ်လျူရှုမှု၊ဂရုမစိုက်မှုများ ပြည့်နေခဲ့သည်။

 

ဤအေးစက်စက်အသွင်အပြင်က ဟုန်ရှန်းကို သူ့အားအကြိမ်ပေါင်းများစွာ ကြည့်မိစေရန် ဆွပေးနေသကဲ့သို့ ဖြစ်သွားခဲ့သည်။

 

ဟုန်ရှန်းက ကူကယ်ရာမဲ့စွာ သူ့ကိုယ်သူ တွေးလိုက်သည်။

 

'ဒီလူက တကယ်ကြီး နောက်ခံဘုတ်တစ်ခုလုပ်ဖို့ပဲ လာခဲ့တာပဲ...'

 

လူတိုင်း ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကားများ ဖလှယ်ပြီး ဆိုဖာပေါ်တွင် အတန်းလိုက်ထိုင်လိုက်ကြပြီးနောက် ဟုန်ရှန်းက ကင်မရာနောက်တွင် ရပ်လိုက်သည်။ သူက တာဝန်ကတ်ကိုကိုင်ကာ ပြောလိုက်သည်။


"စံအိမ်ကိုလာတဲ့ ပထမဆုံးနေ့မှာ လူတိုင်းအချင်းချင်း သိချင်စိတ်တွေ အများကြီးဖြစ်နေမယ်လို့ ကျွန်တော်တို့ထင်ပါတယ်...ဒီတော့ မင်းတို့အချင်းချင်း နားလည်မှုပိုတိုးဖို့ ရှိုးကပေးတဲ့ တာဝန်ကတ်ကိုလာယူပါ..."

 

ကွမ်ထုံက ရွှင်လန်းတက်ကြွသည့် အမူအရာဖြင့် ချက်ချင်းထရပ်ကာ တာဝန်ကတ်ကိုယူရန် ကင်မရာရှိရာ လျှောက်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ချိတ်ဆွဲထားသည့် အလှပစ္စည်းများက တဂျောက်ဂျောက် မြည်နေလေသည်။

 

ဟုန်ရှန်းက ထပ်ပြောလိုက်ပြန်သည်။


"မစ်ရှင်ပြီးတဲ့နောက် အိမ်ပြန်တဲ့အချိန်ကျ နှလုံးသားနွေးစေတဲ့ ပထမဆုံးမက်ဆေ့ချ်ပို့ရမယ်ဆိုတာကို မင်းတို့ကို သတိပေးချင်ပါတယ်...မင်းတို့မှာ အနှစ်သက်ဆုံးသူရှိရင် ကျေးဇူးပြုပြီး မြန်မြန်လှုပ်ရှားဖို့ အခွင့်အရေးကို ဖမ်းဆုပ်ထားကြပါ..."

 

"အချစ်က ဘယ်သူ့ကိုမှ မစောင့်ဘူး..."

 

ဟုန်ရှန်းပြောပြီးသွားသည်နှင့် ရှိုးရှိ ကင်မရာက ဆိုဖာပေါ်တွင် အတန်းလိုက်ထိုင်နေကြသည့် Guestများပေါ် တစ်ယောက်ပြီးတစ်ယောက် ရွေ့သွားခဲ့သည်။ 

 

အသွင်အပြင်အားဖြင့် ချောမော၊လှပပြီး သန့်စင်သည့်အရောင်အဝါများ ရှိကြသည့် Guestရှစ်ယောက်က စခရင်ထက် ပေါ်လာခဲ့သည်။ ယင်းက စောင့်ကြည့်ရေးခန်းတွင်းတွင် အော်သံများ ဖြစ်သွားစေခဲ့သည်။

 

နောက်ဆုံးရိုက်ချက်က တစ်ယောက်ထိုင်ဆိုဖာပေါ်ရှိ ယို့မြန့်၏ဘေးတိုက်မျက်နှာပေါ်တွင် အဆုံးသတ်သွားခဲ့သည်။ သူတို့ ယခုလေးပင် ချောမောခံ့ညားသည့် မျက်နှာများစွာကို မြင်ခဲ့ပြီးသော်ငြား ကင်မရာက ယို့မြန့်ကို ပြချိန်တွင် PD မှာ သူ့အသက်ရှုသံမနှေးသွားဘဲ မနေနိုင်ခဲ့ပေ။

 

ဟုန်ရှန်းက တာဝန်ကို ရှင်းပြပြီးနောက် Guest ရှစ်ယောက်ကို သူတို့နည်းသူတို့ဟန်ဖြင့် အချင်းချင်းဆက်ဆံရန် ချန်ထားခဲ့ပြီး PDနှင့်အတူ စံအိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။

 

ကွမ်ထုံက တာဝန်ကတ်ကို ကိုင်ပြီး ဖတ်လိုက်သည်။


"ညစာတာဝန်အတွက် Guestများကို စျေးဝယ်တဲ့အုပ်စု၊ ပြင်ဆင်တဲ့အုပ်စုနဲ့ ချက်ပြုတ်ရမဲ့အုပ်စုအဖြစ် အုပ်စုသုံးစုခွဲပါမယ်...စံအိမ်ရဲ့ပထမဆုံးညမှာ အံ့ဩစရာကောင်းတဲ့ ကမ်းခြေမီးပုံပွဲ ဘာဘီကျူးပါတီတစ်ခုကို ကျင်းပမှာ ဖြစ်ပါတယ်..."

 

"ဝိုး..."

 

'ကမ်းခြေမီးပုံပါတီ'ဟု ကွမ်ထုံက ပြောလိုက်သည့်အခိုက် စံအိမ်ထဲရှိ လူတိုင်းက သူတို့ခေါင်းများကို တစ်ညီတစ်ညွတ်တည်း ပြင်သစ်စတိုင်လ် ပြတင်းပေါက် အပြင်ဘက်သို့ကြည့်ရန် လှည့်လိုက်ကြသည်။ 

 

ဆိုဖာက ပြတင်းပေါက်ရှေ့တွင် ရှိပေသည်။ သူတို့နောက်တွင်မူ အဆုံးသတ်မရှိသည့် အပြာရောင်ပင်လယ်ကြီးနှင့် လိမ္မော်ပန်းရောင်သမ်းနေသည့် ကြီးမားကျယ်ပြန့်လှသည့် ကောင်းကင်ကြီးပင်။

 

လူ ထိန်းကိုင်ရန် မလိုသော အလိုအလျောက်ကင်မရာက ချောက်ကမ်းပါးတစ်လျှောက် ပျံလွှားသွားပြီး နေရောင်အောက်တွင် ရောင်ပြန်ဟပ်နေသည့် Guestရှစ်ယောက်၏မတူညီသည့် မျက်နှာအမူအရာများကို ထိုအခိုက်ဖမ်းယူလိုက်သည်။

 

ရန်ထင်းရွှမ်က ပြုံးကာမေးလိုက်သည်။

"ပါဝင်ပစ္စည်းတွေကို ဝယ်ရမှာလား...ဒီနေရာက မြို့နဲ့ဝေးရာမှာရှိတဲ့ ကမ်းခြေမှာ...ငါတို့အခုချိန်ကားမောင်းပြီး ထွက်ရင်တောင် မမှောင်ခင်ပြန်ရောက်လာနိုင်မယ်လို့ ရှိုးက သေချာလား..."

 

အုပ်စုဖွဲ့ရမည့်အကြောင်းကြားချိန်တွင် ဟို့ရန်ကျီးတွေးမိသည့်ပထမဆုံးအရာက ပိုင်လင်းနှင့်အုပ်စုဖွဲ့ရန် ဖြစ်သည်။ သို့သော် အချို့သော အကြောင်းအရင်းများကြောင့် ယို့မြန့်ကို ဘေးတိုက် လျင်မြန်စွာ တစ်ချက်ကြည့်လိုက်မိသည်။

 

ယို့မြန့်က ဘယ်အုပ်စုကို ရွေးမှာလဲ...

 

ဟို့ရန်ကျီးက ထိုအကြောင်းကို တွေးမိသော်ငြား ရန်ထင်းရွှမ်က တိုက်ရိုက်ပြောလိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။


"ယို့မြန့်က ငါနဲ့အုပ်စုတစ်ခုတည်းဖွဲ့မှာ..."

 

--------


ရန်ထင်းရွှမ်၏စကားများကို ကြားပြီးနောက် ချက်ချင်းလက်ငင်းဆိုသလို လူတိုင်းက ယို့မြန့်ကို ကြည့်လိုက်ကြသည်။

 

ယို့မြန့်က ရုတ်တရက်ကြီး စကားဝိုင်းအလယ်သို့ တွန်းပို့ခံလိုက်ရသော်ငြား လုံးဝ မထိတ်ပျာသွားခဲ့ပေ။ သူက မျက်မှောင်ပင် ကြုတ်မသွားခဲ့ချေ။ အလင်းရောင်အောက်တွင် သူ့မျက်ဝန်းများက အသာပြုံးနေခဲ့ပြီး သူ၏အေးစက်သည့် လက်ချောင်းဖြူဖြူလေးများက လယ်သာဆိုဖာ၏လက်ကိုင်နေရာအား တစ်ထပ်ထပ်ခေါက်နေခဲ့သည်။

 

တစ်ဖက်တွင်မူ ဟို့ရန်ကျီးက ရန်ထင်းရွှမ်နံဘေးထိုင်နေရာမှ ရုတ်တရက် လှုပ်ရှားသွားလေသည်။ သန်သန်မာမာရှိသည့် ယောကျ်ားတစ်ယောက်က သူ့လက်ကိုမြှောက်ပြီး ရန်ထင်းရွှမ်၏ပခုံးထက် လက်မောင်းတစ်ဖက်တင်လိုက်သည်။

 

ဟို့ရန်ကျီးက ပြုံးနေသော်ငြား သူ့မျက်လုံးနက်နက်ရှိုင်းရှိုင်းထဲတွင် တစ်စုံတစ်ရာ ရှိနေခဲ့သည်။ သူက ထောက်ပြလိုက်သည်။


"ရန်ထင်းရွှမ်...မင်းရဲ့အချက်အပြုတ်စကေးလ်တွေကို မင်းဖုံးလို့မရပါဘူးကွာ...ဒါက ရှိုးတစ်ခုမှာ ပါဝင်တဲ့ မင်းရဲ့ပထမဆုံးအကြိမ်ပဲလေ...မင်းလူတိုင်းကို လက်စွမ်းပြရမှာပေါ့..."

 

ကွမ်ထုံက အံ့အားသင့်သွားခဲ့သည်။

"သူက ဟင်းချက်တော်တယ်လား..."

 

ဟို့ရန်ကျီးက ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြလိုက်သည်။


"သေချာပေါက်ပဲ...ငါ့ပါးစပ်က အရမ်း ဇီဇာ​ကြောင်တာ...အရသာရှိတယ်လို့ပြောရင် သေချာပေါက်ကို အရသာရှိတယ်..."

 

ပိုင်လင်းက ပါးစပ်ကိုအုပ်ကာ ရှက်ပြုံးပြုံလျက် စကားဝိုင်းထဲ ဝင်လာခဲ့သည်။


"ဟို့ကော ပြောတာအမှန်ပဲ...ထင်းရွှမ်ကောက အချက်အပြုတ်အရမ်းတော်တာ...သူက ကျွန်တော်စားဖို့ ခဏခဏ ချက်ပေးတတ်တယ်..."

 

ဤနေရာအထိ ရောက်လာချိန်တွင် ရန်ထင်းရွှမ်က ကူကယ်ရာမဲ့စွာနှင့်ပင် ခေါင်းခါလိုက်ရတော့သည်။ အမျိုးသားက သူ့ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်လိုက်ပြီး အင်္ကျီလက်ကို တံတောင်ဆစ်ထိ လိပ်တင်လိုက်သည်။ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ခေတ်ဆန်​ကြော့​​​မော့ပြီး ​ချော​မောနေလေ၏။

 

"မင်းတို့အားလုံး ဒီလောက်ထိ မြှောက်ပင့်နေကြမှတော့ ဟင်းချက်တဲ့အုပ်စုကိုပဲ ငါရွေးရတော့မှာပေါ့..."

 

ရန်ထင်းရွှမ်က ပြောရင်းနှင့် ယို့မြန့်ကို ကြည့်လိုက်သည်။ သူ့အမူအရာက ယို့မြန့်၏အဖြေကို စောင့်မျှော်နေသကဲ့သို့ပင်။

 

ယင်းကိုမြင်ပြီး ယို့မြန့်က ယဉ်ယဉ်ကျေးကျေးနှင့် ငြင်းပယ်လိုက်သည်။

"အချက်အပြုတ်နဲ့ ပတ်သက်ပြီး ကျွန်တော်ဘာမှမသိဘူး..."

 

ရှန်းနန်ရှောင်က ယို့မြန့်ကို စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။

 

ယို့မြန့်၏အဖြေကို ကြားချိန်တွင် ရန်ထင်းရွှမ်က အမူအရာအများအကြီး မပြခဲ့ချေ။ သူက ပြုံးရုံသာပြုံးပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။


"အဲ့လိုလား...ကြည့်ရတာ နောက်တစ်ကြိမ်မှ ဖြစ်နိုင်တော့မယ်နဲ့တူတယ်..."

 

ဟို့ရန်ကျီး၏မျက်ခုံးများက ပြေလျော့သွားခဲ့သည်။ သူက လက်မြှောက်ကာ ရန်ထင်းရွှမ်၏ပခုံးကို ပုတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။


"ပထမရွေးချယ်မှုတော့ ပြီးသွားပြီ...ဘယ်သူနောက်ထပ်ရွေးမလဲ..."

 

ယို့မြန့်က ညာဘက်ရှိ တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် မထူးခြားနားဟန် ထိုင်နေခဲ့သည်။ ခေါင်းစဉ်က သူ့အလှည့်ပြီးသွားပြီပင်။ သူ၏လှပသည့်မျက်လုံးများက ထိုအခိုက်တွင် စိမ်​ပြေန​ပြေနှင့်​ အေး​ဆေးပြီး ပျင်းရိနေဟန် ပေါ်နေခဲ့သည်။

 

"ပိုင်လင်း..."

ဟို့ရန်ကျီးက သူ့နံဘေးရှိ လိမ္မာယဉ်ကျေးဟန်ရှိသည့် လူငယ်လေးထံ တည့်တည့်စိုက်ကြည့်လိုက်သည်။

"မင်း ဘယ်အဖွဲ့ကို ရွေးမှာလဲ..."

 

ဟို့ရန်ကျီး၏မေးခွန်းကြောင့် မှင်သက်သွားသကဲ့သို့ ပိုင်လင်း၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ သူ့အမူအရာကို အလျင်အမြန် ဣန္ဒြေဆည်လိုက်ပြီး စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် သူ့နှာခေါင်းကို ရှုံ့လိုက်၏။

 

"ကျွန်တော်..."

 

ပိုင်လင်း၏မျက်လုံးများက ဟို့ရန်ကျီးနှင့် ယွင်ကွမ်းချင်ထံ မရွှေ့သွားမီ ရန်ထင်းရွှမ်ထံတွင် တန့်သွားခဲ့သည်။

 

ယခုလေးပင် ရန်ထင်းရွှမ်က အဘယ့်ကြောင့် ယို့မြန့်ကို ထိုသို့မေးလိုက်မှန်း သူ မသိသော်ငြား ရန်ထင်းရွှမ်နှင့် ယို့မြန့်ကြားရှိ ဆက်ဆံရေးက ယခင်လိုမဟုတ်တော့ပါချေ။ ထို့​ကြောင့် အချိန်တိုလေးအတွင်းအပြောင်းအလဲအများကြီး ဖြစ်သွားလိမ့်မည် မဟုတ်ပေ။

 

ဟို့ရန်ကျီးက ခေါင်းမာသည့်လူတစ်ယောက်ဖြစ်သည်။ သူ၏တည့်တိုးဆန်သည့်စိတ်သဘောထားက သူဘယ်သူ့ကိုစိတ်ဝင်စားနေလဲဟူသည့်အကြောင်း လူတိုင်းကို သိခွင့်ပြုလိုက်လေသည်။ ပိုင်လင်းအများကြီး မစိုးရိမ်ပေ။

 

ဒါဆို ယွင်ကွမ်းချင်က ဘယ်အုပ်စုကို ရွေးမှာလဲ...

 

ပိုင်လင်းက ထိုအကြောင်း တစ်ခဏကြာအောင် စဉ်းစားနေသော်ငြား ပြန်ဖြေလိုက်ချိန်တွင်မူ အလွန်မြန်လှပေသည်။

 

"ပြင်ဆင်တဲ့အုပ်စုကို ကျွန်တော်ရွေးလိုက်မယ်..."

ပိုင်လင်းက ခေါင်းကိုစောင်းကာ ​အ​ရေးမစိုက်ဟန် ပခုံးတွန့်လိုက်ပုံမှာ အန္တရယ်ကင်းပြီး နူးညံ့ပုံပေါ်နေခဲ့လေသည်။

 




🌚🌚