Chapter 9
"ပြင်ဆင်တဲ့အုပ်စုကို ကျွန်တော်ရွေးလိုက်မယ်..."
ပိုင်လင်းက ခေါင်းကိုစောင်းကာ အရေးမစိုက်ဟန် ပခုံးတွန့်လိုက်ပုံမှာ အန္တရယ်ကင်းပြီး နူးညံ့ပုံပေါ်နေခဲ့လေသည်။
စျေးဝယ်ရသည့်အုပ်စုက ကားမောင်းသွားရန် လိုအပ်ပေသည်။ ယင်းက အချိန်ကုန်ပြီး အားအင်လည်း အလွန်ကုန်ခမ်းလှ၏။
ယွင်ကွမ်းချင်ကလည်း မချက်တတ်ပေ။ ထို့ကြောင့် ပြင်ဆင်သည့်အုပ်စုကို သူရွေးချယ်မည့် ဖြစ်နိုင်ချေက ပိုများပေသည်။
အသီးအရွက်များကို ဆေးကြောပြီး ပန်းကန်များပြင်ဆင်နေရာချရုံသာဖြစ်၍ အလွန်ရိုးရှင်းနိုင်လောက်ပေသည်။
ပိုင်လင်းက ဂရုတစိုက် တွေးတောလိုက်သည်။ သေချာပေါက်ပါပင်။ သူ့ညာဘက်တွင် ထိုင်နေသည့် ယွင်ကွမ်းချင်က ချက်ချင်းဆိုသလို ပါးစပ်ဖွင့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
"ငါက ပိုင်လင်းနဲ့တစ်အုပ်စုတည်းနေမယ်..."
ယွင်ကွမ်းချင်၏အပြုအမူက သူ့ကိုနှိုးဆော်လိုက်သည့်အလား ဟို့ရန်ကျီးက မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်သည်။ သူ့လည်ပင်းက တင်းမာသွားပြီး စကားကို အလိုက်သင့်ပြောလိုက်သည်။
"ငါက ကောင်းကောင်းမချက်တတ်ဘူး...အဲ့ကြောင့် ငါလည်း မင်းနဲ့အတူပြင်ဆင်တဲ့အုပ်စုကို ရွေးမယ်..."
ကွမ်ထုံက မူလတွင် ပြင်ဆင်သည့်အုပ်စုကို ရွေးချင်ခဲ့ပေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ လူသုံးယောက်က ပြင်ဆင်သည့်အုပ်စုကို ရွေးလိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဝန်ထမ်းက အုပ်စုသုံးစုအား လူအရေအတွက် ကန့်သတ်မထားဟု ပြောသော်ငြား အကယ်၍ လူလေးယောက်က ပြင်ဆင်ရန် စုစည်းသွားကြလျှင်မူ မည်သို့ဖြစ်သွားမည်လဲ...ကွမ်ထုံက ဤသည်က romanceရသစုံရှိုးဖြစ်ပြီး အချက်အပြုတ်ရသစုံရှိုးမဟုတ်ဟု စိတ်ထဲတွေးလိုက်သည်။
အဖြူရောင်လီလီအုပ်စုရှိ Guestများက ပိုင်လင်းအတွက် ရောက်လာကြမှန်း သိသာထင်ရှားလှသည်။ အကယ်၍ သူသာ ပြင်ဆင်သည့်အုပ်စုကို ရွေးချယ်လိုက်ပါက အမြှောက်စာအဖြစ်သာ အသုံးပြုခံလိုက်ရပေမည်။
ကွမ်ထုံက ရှိုး၏တာဝန်ကတ်ကို ဖိညှစ်လိုက်သည်။ ထို့နော် ရန်ထင်းရွှမ်ဘက်သို့ ခေါင်းလှည့်ကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြုံးပြလိုက်သည်။
"ကျွန်တော် ဟင်းချက်တဲ့အုပ်စုကို ရွေးတယ်..."
ရန်ထင်းရွှမ်က ဆိုဖာ၏နူးညံ့သည့်နောက်မှီကို မှီပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက အလွန်နူးညံ့စွာပင် ပြောလိုက်သေးသည်။
"ကြိုဆိုပါတယ်..."
ထိုစကားကို ကြားပြီး ကွမ်ထုံ စိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာဖြင့် ရန်ထင်းရွှမ်၏စိတ်သဘောထားက မဆိုးဝါးချေ။
ရှန်းနန်ရှောင်က အနီးကပ်လိုက်လာပြီး ဟင်းချက်အုပ်စုကို ရွေးချယ်လိုက်သည်။ ယခုမူ စျေး
ဝယ်သည့်အုပ်စုတစ်ခုသာလျှင် အရွေးချယ်မခံခဲ့ရပေ။
ယို့မြန့်က တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ အချိန်ပြည့်လုနီးနီးဖြစ်သည်ကိုမြင်ချိန်တွင် ရှိုးက စျေးဝယ်အုပ်စုအတွက် ပြင်ဆင်ပေးထားသည့် ကော်ဖီစားပွဲပေါ်ရှိ ကားသော့ကို ကောက်ကိုင်လိုက်သည်။
"ဒရိုင်ဘာလိုင်စင်ရထားတာမကြာသေးတဲ့ တစ်စုံတစ်ယောက်က ကြွားဖို့အခွင့်အရေး ရသွားပါပြီ..."
ယို့မြန့်က သူ့လက်ထဲရှိ အနက်ရောင်ကားသော့ကို လှုပ်ယမ်းလိုက်သည်။ အစကတည်းက သူရွေးချင်ခဲ့သည့် အုပ်စုကို ရွေးခဲ့ရရုံသာမက ရှိုး၏ရိုက်ကူးရေးဝန်ထမ်းကို ကယ်တင်ရန် ဟာသမြောက်သည့်စကားများကိုလည်း ပြောလိုက်သည်။
"ယို့မြန့်...မင်း စျေးဝယ်တဲ့အုပ်စုကို ရွေးချင်လို့လား..."
ကွမ်ထုံက သူ့ကိုဖျောင်းဖျချင်သော်သော်ငြား ကင်မရာရှေ့တွင် ရှင်းရှင်းလင်းလင်းကြီးလည်း မပြောနိုင်ပေ။
romanceရသစုံရှိုးတွင် ယို့မြန့်က အစကတည်းကပင် အလွန်အကွာအဝေး ခြားထားခဲ့ပြီး ရိုက်ချက်အများကြီးမရသည်မှာ သိသာနေသည့် စျေးဝယ်သည့်အုပ်စုကိုပင် ရွေးလိုက်သေးသည်။
စံအိမ်ကို ပြန်ရောက်သည့်အချိန်တွင် အလွန်နောက်ကျလွန်းသွားလိမ့်မည်ပင်။
သို့သော်ငြား ယို့မြန့်က အခိုင်အမာ ရွေးချယ်နေဆဲဖြစ်ပြီး အနည်းငယ်ပင် ယိမ်းယိုင်မသွားခဲ့ပေ။
ကွမ်ထုံက သူဆက်ပြောရမလားဟု တုံ့ဆိုင်းနေချိန်တွင် ဖေးဟွိုက်ကျီးက နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။
"နေခဲ့တဲ့သူတွေက မင်းတို့ဝယ်ချင်တဲ့စာရင်းကို ငါ့ကိုပေးလိုက်..."
ဖေးဟွိုက်ကျီးက ပြောပြီးနောက် မတ်တတ်ရပ်လိုက်သည်။ သူ၏အရပ်ရှည်ရှည်ပုံရိပ်က ချက်ချင်းဆိုသလို သူ့တည်ရှိမှုကို မြှင့်တင်ပေးလိုက်သည်။ သူက ကြီးစိုးခြယ်လှယ်နိုင်သည့် အရောင်အဝါများ ဖြာထွက်နေခဲ့သည်။
ယို့မြန့်က သူ့ရှေ့ရှိ လူအားလုံး၏ရွေးချယ်မှုကြောင့် အံ့ဩမသွားခဲ့ပေ။ သို့သော် စျေးဝယ်သည့်အုပ်စုကို ရွေးချယ်လိုက်သည့် ဖေးဟွိုက်ကျီး၏ရွေးချယ်မှုကိုမူ အလွန်ပင် အံ့ဩသွားခဲ့သည်။
ထို့နောက် စက္ကန့်အနည်းငယ်အတွင်းမှာပင် ယို့မြန့်သဘောပေါက်လိုက်သည်။
ဖေးဟွိုက်ကျီးက တစ်ယောက်တည်းသမားဖြစ်သည်။ romanceရသစုံရှိုးကို သူပါဝင်လာခဲ့သည့် အကြောင်းပြချက်ကို မူလဝတ္ထုထဲတွင် မဖော်ပြခဲ့သော်ငြား မငြင်းပယ်နိုင်လောက်သည့် အကြောင်းပြချက်များ ရှိလောက်ပေမည်။
ထို့ကြောင့် ရှိုးကပေးအပ်ထားသည့် တာဝန်များနှင့် ရင်ဆိုင်ရချိန်တွင် ဖေးဟွိုက်ကျီးက ကျိန်းသေ လူအုပ်စုနှင့်ကင်မရာများနှင့် ဝေးရာတွင် ရှိနိုင်သည့် ရွေးချယ်စရာကို ရွေးချယ်လိမ့်မည်ပင်။
ဤအချက်က သူနှင့် တစ်ထပ်တည်း ကျနေခဲ့သည်။
ယို့မြန့်က မတ်တတ်ထရပ်ကာ အပေါက်ဝသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အတွေးတစ်ခုက သူ့နှလုံးသားထဲ ရုတ်ချည်းပေါ်လာခဲ့သည်။ အကယ်၍ ဖေးဟွိုက်ကျီးသာ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီးနောက်မှ ရှိုးကို လာခဲ့ပါက သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်ကောင်းဂရုစိုက်နိုင်သည်။
အကယ်၍ ဖေးဟွိုက်ကျီးသာ သဘောတူပါက ထိုသို့အဆိုပြုနိုင်ပေသည်။
မည်သို့ပင်ဆိုစေ ထိုအတွေးများက ဤအခိုက်တွင် ယို့မြန့်၏နှလုံးသားထဲတွင် ပေါ်လာသည့် မရင့်ကျက်သည့် အတွေးလေးသာ ဖြစ်သည်။ သူသာ ယင်းကို အမှန်တကယ် အကောင်အထည်ဖော်ချင်ပါက သူစောင့်ရပေမည်။
ယို့မြန့်က သူ့ကိုယ်ပိုင် အတွေးထဲ နစ်မြှုပ်နေပြီး တံခါးရှိရာထံ တည့်တည့်လျှောက်သွားလိုက်သည်။
သို့သော် ပိုင်လင်းကမူ ယို့မြန့်၏နောက်ကျောကို ကြည့်ပြီး စိတ်ဓာတ်ကျကာ တိတ်ဆိတ်သွားခဲ့သည်။
ပိုင်လင်း စံအိမ်တွင်းသို့ ဝင်လိုက်သည့်အခိုက်အတန့်မှစ၍ ယွင်ကွမ်းချင်၏အမူအရာမှတစ်ဆင့် ဖေးဟွိုက်ကျီး၏သရုပ်မှန်က မရိုးရှင်းကြောင်းသေချာပေါက် သိလိုက်သည်။
အဲ့လို စွမ်းအားကြီးတဲ့လူတစ်ယောက်က ဘာလို့ယို့မြန့်နဲ့ အုပ်စုဖွဲ့ဖို့ ဆုံးဖြတ်လိုက်တာလဲ...
ပိုင်လင်းက စပ်ဆုပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ယို့မြန့်က အမြဲလိုလိုပင် အမှန်တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။
ကွမ်ထုံနှင့် ရှန်းနန်ရှောင်က ဖေးဟွိုက်ကျီးကို အတူတူကြည့်လိုက်ကြသည်။ Guestများထဲက မည်သူမှ သူတို့၏အလုပ်အကိုင်ကို မဖော်ထုတ်ခဲ့သော်ငြား သူတို့အများစုကမူ ဖေးဟွိုက်ကျီး၏အရောင်အဝါမှတစ်ဆင့် အလိုအလျောက်ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်မှန်း မှန်းဆနိုင်ခဲ့ကြသည်။
ယို့မြန့်နှင့် စျေးဝယ်သည့်အုပ်စုထဲ ရောက်သွားသည့် ဖေးဟွိုက်ကျီးက တည်ငြိမ်အေးဆေးစွာ မတ်တတ်ထရပ်ပြီး ရန်ထင်းရွှမ်ရှေ့မှ လျှောက်ထွက်သွားသည်ကို သူတို့မြင်လိုက်ရသည်။ လက်မောင်းတစ်ဖက်စာ ဝေးနေဆဲဖြစ်သော်ငြား 1.91 မီတာရှိသည့် သူ့အရပ်အမောင်းက တမဟုတ်ချင်းပင် ဖိနှိပ်ထားသည့်ခံစားချက်ကို လူတိုင်းခံစားမိလိုက်သည်။
ဖေးဟွိုက်ကျီး၏ နီးကပ်လိုစိတ်မရှိမှုက ရန်ထင်းရွှမ်ကို မျက်ခုံးတစ်ဖက် အသာပင့်သွားစေခဲ့သည်။
ထူးချွန်ထက်မြက်သည့် လူကြီးလူကောင်းတစ်ယောက်၏သစ်သားရနံ့မွှေးက ရန်ထင်းရွှမ်၏ခန္ဓာကိုယ်တစ်ခုလုံးပေါ် ပျံ့နှံ့သွားခဲ့သည်။ ယင်းအနံ့က အေးစက်သည့် ဖေးဟွိုက်ကျီးကဲ့သို့ပင် သန့်စင်ပြီး အခြားရောယှက်နေသည့်အနံ့များ မရှိခဲ့ချေ။
ရန်ထင်းရွှမ်က ခန့်မှန်း၍မရသည့် အမူအရာဖြင့် ဖေးဟွိုက်ကျီးထံမှ သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ သူ့နှလုံးသားထဲတွင် စကားနည်းငယ်ကို တီးတိုးရေရွတ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ မှတ်စုပေါ်တွင် အမဲသားကင်ရန် အမျိုးမျိုးသော ဘရန်းတံဆပ်များစွာကို ချရေးလိုက်သည်။
စံအိမ်ထဲရှိ အခြားသူများက ရန်ထင်းရွှမ်၏မျက်နှာအမူအရာကနေ မည်သည့်မသက်မသာဖြစ်မှုကိုမှ သတိမထားမိခဲ့ပေ။
"ရှိုးက မင်းတို့သွားဖို့အတွက် ဘယ်စူပါမားကတ်ကို စီစဉ်ထားလဲဆိုတာ မသိရဘူး...ဒါပေမဲ့ ဒီအခြေခံကျတဲ့အမဲသားတံဆိပ်တွေကိုတော့ ရနိုင်လောက်ပါတယ်...ရွေးချယ်ဖို့ကတော့ မင်းတို့အတွက်ချန်ထားလိုက်မယ်..."
ရန်ထင်းရွှမ်က ပြောပြီးသည်နှင့် ဖောင်တိန်အဖုံးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် မှတ်စုစာရွက်တွင် ချရေးထားသည့် ပါဝင်ပစည်းများကို သူကြည့်လိုက်သည်။
"ဒါပဲ..."
ရန်ထင်းရွှမ်က ပြောလိုက်သည်။
ဖေးဟွိုက်ကျီးက လက်ဆန့်ပြီး ရန်ထင်းရွှမ်၏မှတ်စုစာရွက်ကို ယူရန်ပြင်လိုက်ချိန် ရုတ်တရက်ကြီး အမှတ်ရသွားသကဲ့သို့ ရန်ထင်းရွှမ်က သူ့ခေါင်းသူ ပုတ်လိုက်ပြီး ပြောလိုက်သည်။
"အာ...အနီရောင်ဝိုင်ကိုရေးလိုက်ဖို့မေ့သွားတယ်..."
အမျိုးသားက အပေါက်ဝတွင် မတ်တတ်ရပ်နေသော ယို့မြန့်ကို ကြည့်ပြီး ဖေးဟွိုက်ကျီးကို သိမ်မွေ့နက်နဲသည့် အမူအရာဖြင့် ပြုံးပြလိုက်သည်။
"ဒါပေမဲ့ အဆင်ပြေပါတယ်...ယို့မြန့်က အနီရောင်ဝိုင်ကို သုတေသန အများကြီးလုပ်ဖူးတယ်...သူက အမြဲတမ်း အကောင်းဆုံးပုလင်းကို ရွေးမှာပဲ...သူ့ကိုသာ လွတ်လွတ်လပ်လပ် ပုံအပ်လိုက်တော့မယ်...ချမရေးတော့ဘူး..."
ဖေးဟွိုက်ကျီးက မထူးခြားနားအမူအရာဖြင့် မှတ်စုစာရွက်ကို ယူလိုက်သည်။ သူက ရန်ထင်းရွှမ်၏အပြုအမူကို သာမာန်ကာလျှံကာပင် တုံ့ပြန်လိုက်သည်။
"သိပြီ..."
ဖေးဟွိုက်ကျီးက ရန်ထင်းရွှမ်ကို အဘယ့်ကြောင့် ယို့မြန့်ကို ဤမျှ ကောင်းကောင်းသိနေတာလဲဟု မမေးခဲ့ပေ။ သူ့အမူအရာက ရေခဲတစ်လွှာဖြင့် ဖုံးအုပ်ထားသည့်အလား တည်ငြိမ်ဆေးဆေးကာ အမှုမထားသည့် အမူအရာဖြစ်နေဆဲပင်။ ယင်းက ရန်ထင်းရွှမ်၏စကားများကို မည်သို့မျှ မခံစားရသကဲ့သို့ပင်။
ရန်ထင်းရွှမ်က လူနှစ်ယောက် စံအိမ်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး မျက်လုံးများက ချက်ချင်းဆိုသလို အေးစက်သွား၏။ သူ့ပါးစပ်ထောင့်က ရုပ်ဆိုးလှသသော သရော်ပြုံးဖြင့် ကော့တက်သွားခဲ့လေသည်။
-------
ယို့မြန့်က သူ့နောက်ရှိ စံအိမ်ထဲက အုံ့ပုန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ဘာမှမသိခဲ့ပေ။
ထိုအခိုက်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ယင်းက စံအိမ်ထဲမှထွက်ပြီး ထိုပျင်းစရာကောင်းလှသည့် အသိအကျွမ်းမျက်နှာများကို နောက်တစ်ကြိမ် မတွေ့ရန်ပင်။
ယို့မြန့်က လေကာမှန်ရှေ့တွင် ရှိုးကထားခဲ့သော မြေပုံအသေးလေးကို ကောက်ကိုင်ကာ ဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။
စံအိမ်နှင့်အနီးဆုံးတွင်ရှိသည့် စူပါးမားကတ်က 12 ကီလိုမီတာအကွာတွင် ရှိသည်။ သွားရမည့်ခရီးနှင့် ဝယ်သည့်အချိန်ကို ခန့်မှန်းရပါက နှစ်နာရီ၊သုံးနာရီခန့် ကြာနိုင်ပေသည်။
သူ့နှလုံးသားထဲတွင် အကြမ်းဖျင်းအကြံတစ်ခု ရှိလေသည်။
ဖေးဟွိုက်ကျီးက သဘာဝကျကျပင် ခရီးသည်ထိုင်ခုံ၏ဘေးတံခါးကို ဖွင့်ရန်သွားလိုက်သည်။ ထို့နောက် အနည်းငယ်တန့်သွားပြီး လက်ဆန့်ကာ ရှေ့ခရီးသည်ထိုင်ခုံမှ အဖြူရောင်စာအိတ်ကို ယူလိုက်၏။
ယို့မြန့်က ဒရိုင်ဘာထိုင်ခုံတွင် နေရာယူပြီးဖြစ်ကာ သူ့ထိုင်ခုံခါးပတ်ကို တပ်လိုက်သည်။ သူက မနေနိုင်ဘဲ မေးလိုက်သည်။
"ရှိုးကဝန်ထမ်းက အဲ့မှာ ထားသွားတာလား..."
ဖေးဟွိုက်ကျီး၏အချိုးအစားကျနသည့် ကြီးမားလှသော လက်ကြီးက စာအိတ်ကိုဖောက်ကာ အတွင်းထဲရှိ အနီရောင်စာရွက်များကို ထုတ်လိုက်သည်။
"500..."
ဖေးဟွိုက်ကျီးက ယို့မြန့်ထံ လှမ်းပေးလိုက်သည်။
ယို့မြန့်က ကူကယ်ရာမဲ့စွာပင် ကားထဲရှိ GoPro ကင်မရာကို နှုတ်ခမ်းစူကြည့်လိုက်ပြီး ထိုအခိုက် စွမ်းအားများ အလွန်ပြည့်နှက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"ကြည့်ရတာ ဒီညပြင်သစ်စာ စားနိုင်တော့မှာ မဟုတ်လောက်ဘူး..."
ယို့မြန့်၏အသံက မသိသာမထင်ရှားသည့် ပျော်ရွှင်မှုအငွေ့အသက်များ ပါဝင်နေခဲ့သည်။
ဖေးဟွိုက်ကျီးက စကားပြောလိမ့်မည်မဟုတ်ဟု မူလက သူတွေးထားခဲ့သည်။ အံ့ဩစရာကောင်းစွာပင် ဖေးဟွိုက်ကျီးက ကားပြတင်းပေါက်ပေါ်တံတောင်ဆစ်တင်ကာ တဲ့တိုးပြောလိုက်သည်။
"မင်းကြည့်ရတာ ရန်ထင်းရွှမ်ကို ကြိုက်ပုံမပေါ်ဘူး..."
ကားစတီယာတိုင်ကို ကိုင်ထားသည့် ယို့မြန့်၏လက်ချောင်းများက အနည်းငယ် တင်းကျပ်သွားခဲ့သည်။
ဖေးဟွိုက်ကျီးက ဘာကိုပြောသင့်လဲ၊မပြောသင့်လဲဟူသည့် စောင့်ထိန်းရမည့် ကျင့်ဝတ်ကို သိပုံမပေါ်သည့် လူတစ်ယောက်ဖြစ်ပုံရသည်။ သူ့တွင် အလွန်အားကောင်းသည့် လေ့လာမှုစွမ်းအားရှိနေလျှင်ပင် လူတွေနှင့်ဆက်ဆံသည့်နေရာ၌ ထိုစွမ်းရည်ကို အသုံးမဝင်တော့ချေ။
ယို့မြန့်က မရေမရာစွာ ပြောလိုက်သည်။
"လူတိုင်းက ခုမှတွေ့ကြရုံရှိသေးတာ...ဘယ်သူ့ကို ကြိုက်လား မကြိုက်လားဆိုတာ ကျွန်တော်မပြောနိုင်သေးပါဘူး..."
ဤအချိန်တွင် စောင့်ကြည့်ရေးခန်းတွင်းရှိ ထိုင်နေကြသည့် ဧည့်သည်များကမူ အုပ်စုဖွဲ့လိုက်သည့်အခြေအနေနှင့် ပတ်သက်ပြီး မီးတောက်စေသည့်ဆွေးနွေးမှုများကို ယခုလေးပင် အခေါက်ပေါင်းများစွာ ဆွေးနွေးပြီးနေပြီဖြစ်သည်။
စခရင်က ကားထဲရှိ ယို့မြန့်နှင့်ဖေးဟွိုက်ကျီးကို ပြလာသည်ကိုမြင်ပြီး စကားပြောချိန်တွင် မနေနိုင်ဘဲ သတိပိုကပ်လိုက်ကြသည်။
ယင်းက အဘယ့်ကြောင့်ဆိုသော် ဒါရိုက်တာဟုန်ရှန်းက ရိုက်ကူးရေးမစမီတွင် သူတို့ကို အထူးတလည်ပြောခဲ့သောကြောင့်ပင်။
ဖေးဟွိုက်ကျီးက ရင်းနှီးမြှုပ်နှံမှုစာချုပ်ပေါ်ရှိ သဘောတူညီချက်များကြောင့်သာ ဤရှိုးတွင် ပါဝင်လာခဲ့ခြင်းပင်။ သို့သော် ဖေးဟွိုက်ကျီးက သူ့အပေါ် အလွန်အကျူး အာရုံမစိုက်ထားရန် ပြောခဲ့သည်။
ဖေးဟွိုက်ကျီးက ဘယ်သူမို့လို့လဲ...
ဤပုဂ္ဂိုလ်က ဟွားကျန်းမြို့ရှိ မြေနေရာတစ်ဝက်ကို နေရာယူစိုးမိုးထားသည့် ပိရမစ်၏ထိပ်ဆုံးနေရာရှိ JL ဆောက်လုပ်ရေးကုမ္ပဏီ၏ဥက္ကဌပင်။ ယင်းကုမ္ပဏီက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမျှသာ မဟုတ်ဘဲ အမျိုးမျိုးသော ဒီဇိုင်းနှင့်ဖက်ရှင်ကုမ္ပဏီခွဲများလည်း ပါဝင်သည်။ JLဇိမ်ခံစတိုးဆိုင်မှ အင်္ကျီများကို အလုအယက်ဝယ်ယူရန် ကြိုစားနေကြသည့် ထိပ်တန်းမင်းသမီးပေါင်းများစွာ ရှိပေသည်။
ဥက္ကဌဖေးက မထင်ပေါ်ချင်ပေ။ ထို့ကြောင့် စောင့်ကြည့်ရေးခန်းတွင်းရှိ ဧည့်သည်များက ဖေးဟွိုက်ကျီးပေါ်လာသည့်အချိန်တွင် အကဲဖြတ်မှတ်ချက်ချနေခြင်းကို လျှော့ချရန်သာ ရွေးချယ်နိုင်ကြတော့သည်။ နောက်ပိုင်းတည်းဖြတ်သည့်အချိန်တွင် သူတို့က ဖေးဟွိုက်ကျီးပေါ်လာသည့် အခန်းများကို အာရုံစူးစိုက်နေခြင်းကို ရည်ရွယ်ချက်ရှိရှိရှောင်ရှားလိုက်ကြသည်။
ထို့ကြောင့် အခြေအနေပေါ် မူတည်ပြီး ယို့မြန့်နှင့် ဖေးဟွိုက်ကျီး၏အခန်းများက လျော့ကျသွားလိမ့်မည်ပင်။
စောင့်ကြည့်ရေးခန်းတွင်းရှိ ဧည့်သည်များက ယို့မြန့်နှင့် ဖေးဟွိုက်ကျီး အုပ်စုတစ်ခုတည်းဖြစ်သွားပြီး ကားနှင့်ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ သူတို့၏နှလုံးသားထဲတွင်မူ စိတ်မကောင်းဖြစ်မှုကို မခံစားဘဲ မနေနိုင်တော့ပေ။
ထိုကဲ့သို့ ကြည့်ကောင်းလှသည့် ရုပ်ရည်သွင်ပြင်နှင့် အတွေ့အကြုံမရှိသည့် Guestတစ်ယောက်က မထင်မှတ်ထားစွာဖြင့် အစမှာပင် ဘော့စ်ဖေးနှင့် အုပ်စုတူတူဖြစ်သွားခဲ့သည်။ ကြည့်ရသည်မှာ နမိတ်ပြနေသကဲ့သို့ အနုပညာလောကထဲရှိ သူ၏အသက်မွေးဝမ်းလမ်းကြောင်းက အနာဂတ်တွင် ယခုကဲ့သို့ပင် တောက်ပလင်းလက်လာနိုင်ချေရှိသည်။
သို့သော်လည်း ကင်မရာမရှိပါက ပရိသတ်မရှိပေ။ မည်သူကမှ သူတို့၏CPကို စိတ်ရင်းဖြင့် shipလိမ့်မည် မဟုတ်ပေ။
ဤသည်က ကျော်ကြားလာရန် romanceရှိုးပေါ် မှီခိုအားထားချင်သည့်သူများအတွက် ထိခိုက်ချက်ကြီးမားသည့် လေပြင်းတစ်ချက်ပင်။
ချောချောမွေ့မွေ့ မောင်းနှင်နေသည့် ကားအတွင်းတွင် ဖေးဟွိုက်ကျီးက ယခုလေးတင် ပြောလိုက်သည့် ယို့မြန့်၏အဖြေကို မှတ်ချက်မပေးခဲ့ပေ။
"တကယ်လား..."
ဖေးဟွိုက်ကျီးက နက်ရှိုင်းသည့်အသံဖြင့် မေးလိုက်သည်။
စောင့်ကြည့်ရေးခန်းတွင်းရှိ ဧည့်သည်များက လင်းထိန်နေသည့် GoProစခရင်က မှောင်ကျသွားသည်ကို မြင်လိုက်ရသည်။ တစ်စုံတစ်ရာကို အမှတ်ရသွားသကဲ့သို့ ရှိုး၏ဝန်ထမ်းထံ မဆက်သွယ်မီ အချိန်အတန်ကြာအောင် အံ့အားသင့်သွားကြလေသည်။
ကားအတွင်းတွင်မူ ဖေးဟွိုက်ကျီးက လက်ကိုမြှောက်ကာ ဝန်ထမ်းက တပ်ဆင်ထားသည့် ကင်မရာကို ပိတ်လိုက်သည်။
ယို့မြန့် "...."
ရှိုးရှိ ဝန်ထမ်းက သူတို့၏စကားဝိုင်းကို မကြားနိုင်တော့သည်ကို သေချာအောင်အတည်ပြုပြီးနောက် ဖေးဟွိုက်ကျီးက ပြောလိုက်သည်။
"JLနဲ့ ရှို့မင်က တစ်ကြိမ်ပူးပေါင်းခဲ့တယ်...ပြီးတော့ ကိုယ် ဥက္ကဌယို့ကို သိတယ်..."
ရှို့မင်က ယို့မိသားစု၏အဆင့်အတန်းမြင့် ဝယ်သူစိတ်ကြိုက်ဖက်ရှင်တံဆိပ်တစ်ခုပင်။ ရှေးရိုးရာစတိုင်လ်နှင့် ခေတ်မီရေပန်းစားသည့်ဒီဇိုင်းများကို ပေါင်းစပ်ပြီး လွန်ခဲ့သည့်နှစ်နှစ်က အရည်အသွေးမြင့် မော်ဒယ်အဝတ်အစားများကို အများအပြား ထုတ်လုပ်ခဲ့ဖူးလေသည်။
ထို့ကြောင့် ဖေးဟွိုက်ကျီးက ဤအမှတ်တံဆိပ်ပေါ် အထင်ကြီးမှု တစ်ခုရှိပေ၏။ ယို့ကျီယွမ်က အိုဟောင်းနေသည့် ဖက်ရှင်ရှိပြီး လေးနက်သော်ငြား အာရုံစူးစိုက်တတ်သည့် စိတ်သဘောထားရှိသော သတ်လတ်ပိုင်းအရွယ် သူဌေးတစ်ယောက်ဖြစ်ကြောင်းကိုလည်း သူမှတ်မိပေသည်။
ဖေးဟွိုက်ကျီးက ဤစကားကို မည်သည့်ကြွားဝါ၊ခြိမ်းခြောက်လိုသည့် အဓိပ္ပါယ်မှ မရှိဘဲ ပြောလိုက်ခြင်းပင်။ ယင်းက ရိုးရိုးရှင်းရှင်း စိတ်ရှုပ်ထွေးမှုတစ်ခုသာဖြစ်သည်။ ယို့နှင့်ရန်မိသားစုများက အမြဲတမ်းရင်းနှီးနီးကပ်ခဲ့ကြသည်။ အဘယ့်ကြောင့် ယို့မြန့်က ရန်ထင်းရွှမ်ကို ထိုမျှမုန်းတီးနေပုံပေါ်နေရသလဲ သူမသိတော့ချေ။
"မစ္စတာဖေး..."
ယို့မြန့်က မျက်မှောင်ကြုတ်ပြီး လမ်းဘေးဘက်ကို ကားထိုးရပ်လိုက်သည်။
ဖေးဟွိုက်ကျီးက ယို့မြန့်၏အဖြေကို စောင့်နေသကဲ့သို့ ယို့မြန့်ကို တည့်တည့်စူးစိုက်ကြည့်နေခဲ့သည်။
ယို့မြန့်က ဖေးဟွိုက်ကျီးကို ဘေးတိုက်ကြည့်လိုက်သည်။ သူ၏ညင်သာ၊နူးညံ့သည့်အပြုံးက မပြောင်းလဲသွားသော်ငြား မျက်ဝန်းများကမူ အေးစက်လာခဲ့သည်။
"ခင်ဗျားက မှတ်ဉာဏ်အားကောင်းပုံပဲ...ဒါဆို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ကျွန်တော်က ယို့မိသားစုရဲ့သခင်လေးမဟုတ်တော့ဘူးဆိုတာကို ခင်ဗျားမှတ်မိဦးမလားဆိုတာတော့ ကျွန်တော်မသိဘူး...ခင်ဗျားပြောတဲ့ ဥက္ကဌယို့ကတော့..."
ယို့မြန့်က ညင်သာစွာ ပြောလိုက်သည်။
"ကျွန်တော် သူနဲ့ မရင်းနှီးပါဘူး..."
--------------------
🌚🌚