Ch 10
Viewers 6k

🌚Chapter 10





ယို့မြန့်က ပြောပြီးနောက် ခေါင်းကို တိတ်တဆိတ် ပြန်လှည့်လိုက်သည်။ သူ့အမြင်အရ ဖေးဟွိုက်ကျီးကဲ့သို့လူမျိုးက လက်ရှိ အခြေအနေကို ရင်ဆိုင်ရချိန်တွင် ခေါင်းစဉ်ကို တိတ်တဆိတ်ပင် ကျော်လိုက်ရန်ရွေးချယ်သင့်ပေသည်။

 

ပြောရမည်ဆိုပါက ဟွားကျန်းမြို့တွင် လူချမ်းသာမိသားစုများနှင့်ပတ်သက်သည့် အတင်းအဖျင်းများက အမြဲလိုလို အဆုံးမရှိ ထွက်ပေါ်လာစမြဲပင်။ ဖရိုဖရဲနှင့် ရှုပ်ထွေးနက်နဲလှ၏။

 

ထိုအချိန်အတောအတွင်း ဖေးဟွိုက်ကျီးက ထိုကဲ့သို့သောကိစ္စများထဲ ပါဝင်ရန် ဘယ်သောအခါကမှ ဆန္ဒမရှိခဲ့ဖူးချေ။

 

ဖေးဟွိုက်ကျီးက သူ့ကို တည်ကြည်သည့်အကြည့်ဖြင့် ဆက်လက်ပြီး ငေးစိုက်ကြည့်နေလိမ့်ဦးမည်ဟု ယို့မြန့်မထင်ထားခဲ့ချေ။ ထို့နောက် ထိုအမျိုးသားက အဓိကအချက်ကို ဆုပ်ကိုင်ပြီး ဇွဲကောင်းကောင်းဖြင့် မေးလာပြန်သည်။


"လွန်ခဲ့တဲ့နှစ်နှစ်ကလား...ဘာလို့လွန်ခဲ့တဲ့နှစ်နှစ်ကလဲ..."

 

ယို့မြန့်က မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းများကို တိတ်တိတ်လေးဖိလိုက်သည်။

 

သူစိတ်ငြိမ်သွားသည်မှာ ကြာလှပြီဟု ထင်ထားခဲ့သော်ငြား သူ့နှလုံးသားအောက်ခြေအား ထိုမေးခွန်းက မွှေနှောက်နိုင်နေဆဲပင်။

 

ဘာလို့ လွန်ခဲ့တဲ့နှစ်နှစ်ကလဲ...

 

အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်နှစ်က ပိုင်လင်း၏အရွယ်ရောက်မွေးနေ့ဖြစ်နေခဲ့၍ပင်။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်နှစ်က ထိုနေ့တွင် ပိုင်လင်းက ယို့စံအိမ်တော်သို့ ပြန်လာခဲ့ခြင်း​ကြောင့်ပင်။

 

ပိုင်လင်းက မွေးဖွားစဉ်ကတည်းက ​ဘေးအန္တရာယ်များကို ထိခိုက်ခံစားခဲ့ရသည့် မရင့်ကျက်သေးသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ အေးစက်ခြင်းနှင့်နေမကောင်းဖြစ်ခြင်းများက သူဖြစ်လေ့ဖြစ်ထရှိသောအရာများပင်။ သူ့ခန္ဓာကိုယ်ခံနိုင်ရည်စွမ်းနှင့် ခုခံအားက ငယ်ရွယ်သည့်အချိန်ကတည်းက အလွန်အမင်းနိမ့်ကျနေခဲ့​လေသည်။

 

သို့သော်ငြား ယို့မိသားစု၏'ရှို့မင်'ကို တရားဝင်ကြေညာတော့မည့်အချိန်က အလုပ်အရှုပ်ဆုံးနှင့် အန္တာရယ်အများဆုံး ကာလဖြစ်ခဲ့သည်။

 

ရှို့မင်၏ယခင်ကုမ္ပဏီက ယို့ကျီယွမ်နှင့်ညီအစ်ကိုများစွာ ပေါင်းစပ်ဖွင့်ထားသော သေးငယ်သည့် အထည်စက်ရုံလေးတစ်ခုမျှသာ ဖြစ်သည်။ နောက်ပိုင်းတွင် ယို့ကျီယွမ်၏စီးပွားရေးလောကတွင် စွန့်စားလိုသည့်စိတ်ဆန္ဒက သူ့အား အခြားပါတနာသုံးယောက်နှင့် ကွဲထွက်သွားစေခဲ့သည်။

 

အလယ်တွင် မည်သို့ဖြစ်ခဲ့မှန်း ဘယ်သူမှမသိကြပေ။ သို့သော်ငြား အဆုံးသတ်တွင် ယို့ကျီယွမ်က အမှီခိုကင်းကင်းနှင့် လက်ရှိရှို့မင်ကို စတင်နိုင်ခဲ့သည်။

 

ယို့ကျီယွမ်က ဤကိစ္စအား တစ်လျှောက်လုံး စိုးရိမ်ပူပန်​နေခဲ့ရလေသည်။ သူက ပိုင်ဖိန်းလန်နှင့် ဆွေးနွေးပြီး သူတို့နှစ်ယောက်က သူတို့၏သွေးသားရင်း ပိုင်လင်းကို ပြတ်ပြတ်သားသားဖြင့် နိုင်ငံခြားသို့ ပို့လိုက်သည်။ ထို့နောက် မိဘမဲ့ဂေဟာတစ်ခုမှ အသက်ငါးနှစ်အရွယ်သာရှိသေးသည့် ယို့မြန့်ကို မွေးစားခဲ့​လေ၏။

 

ထိုအချိန်မှစ၍ ယို့မြန့်က 'ယို့မိသားစု၏တစ်ဦးတည်းသောသား'ဟူသည့် အမည်ဂုဏ်ပုဒ်အောက်တွင် အသက်ရှင်နေထိုင်ခဲ့သည်။ ယင်းက ယို့ကျီယွမ်နှင့်ပိုင်ဖိန်းလန်တို့နှစ်ဦးက 'သေရေးရှင်ရေးကာလ'က ပြီးဆုံးသွားပြီဟု ယူဆသည့်အချိန်ထိပင် ဖြစ်၏။ ပိုင်လင်း၏၁၈နှစ်ပြည့်မွေးနေ့တွင် သူတို့၏ကိုယ်ပိုင်သားအရင်းကို ခမ်းခမ်းနားနားဖြင့် ‌ပြန်ခေါ်လာခဲ့ကြသည်။

 

ယို့မြန့် မဖြေသည်ကိုမြင်ပြီး ဖေးဟွိုက်ကျီးက ထပ်မေးရန် ကြိုးစားလိုက်သည်။

"ဒါဆို မင်းကအခုဘယ်မှာလဲ..."

 

အမျိုးသား၏အသံအနေအထားက အကျိုးသင့်အကြောင်းသင့် ယုတ္တိတန်ဟန်ဖြင့် တည်ငြိမ်အေးဆေးနေလေသည်။ သူ၏စွမ်းအားပြင်းထန်လှသည့် အငွေ့အသက်များက ကားထဲတွင် ထိုင်နေရ၍ လုံးဝအားမနည်းသွားပါချေ။

 

ဒီလူက ဘာဖြစ်နေတာလဲ...

 

ယို့မြန့်မျက်မှောင်ကြုတ်လိုက်သည်။ သူ မမေးနိုင်မီမှာပင် ဖေးဟွိုက်ကျီးက အဖြေကို သူကိုယ်တိုင်ရှာတွေ့သွားခဲ့သည်။

 

သူ့နံဘေးရှိ မျက်ခုံးထူထူနှင့် ချောမောခံ့ညားသည့်အမျိုးသားက သူ၏ပါးလွှာသည့်နှုတ်ခမ်းများ ဖွင့်ဟလိုက်သည်ကို ယို့မြန့်မြင်လိုက်ရသည်။ စကားပြောလိုက်ချိန်တွင် သူ၏စူးရှထက်မြသည့်မျက်ဝန်းများက အနည်းငယ်ရပ်သွားခဲ့သည်။


"အိုး ငါမေ့တော့မလို့...မင်းက ယို့မြန့်ပဲ..."

 

ယို့မြန့် : "...."

 

နောက်ဆုံးတွင် ယို့မြန့်က ဟန်ဆောင်ယဉ်ကျေးနေမှုကို ဖယ်ခွာလိုက်သည့်အလား သူ၏မျက်နှာပေါ်ရှိ နွေးထွေးပြီးညင်သာသည့်အပြုံးက တဖြည်းဖြည်းအေးစက်လာခဲ့သည်။

 

"ဥက္ကဌဖေး...ခင်ဗျား ကျွန်တော့်ကိုနောက်နေတာလား..."


ယို့မြန့်က သူ့ရှေ့ရှိ ကားစတီယာတိုင်ပေါ် လက်တင်ကာ ခေါင်းလေးကိုအနည်းငယ် စောင်းပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

 

သူတို့မောင်းလာသည်မှာ စံအိမ်နှင့်သိပ်မကွာဝေးသေးသဖြင့် ရှိုးမှစီစဉ်ထားသည့် အနက်ရောင်စီးပွားရေးသုံးကားက သူတို့နောက်လိုက်လာခဲ့သည်။

 

ဝန်ထမ်းတစ်ယောက်က နောက်ကား၏ပြတင်းပေါက်မှ ခေါင်းထိုးထွက်လာပြီး ခရာတစ်ခုကဲ့သို့ သူ့ပါးစပ်ကိုလက်ဖြင့်အုပ်ကာ အော်လိုက်သည်ကို ယို့မြန့်သတိထားမိလိုက်သည်။


"စောင့်ကြည့်ခန်းထဲက ဧည့်သည်တွေက မင်းတို့ကားထဲက ကင်မရာကအမှောင်ကျသွားတယ်လို့ ပြောတယ်...ယို့မြန့်...ဘာတွေဖြစ်နေတာလဲ..."

 

မကြာမီ နောက်ကျောဘက်ရှိကားကလည်း လမ်းနံဘေးကို ထိုးရပ်လိုက်သည်။

 

ဝန်ထမ်းတစ်ယောက်က GoPro ကင်မရာအသစ်နှင့် ပြေးထွက်လာပြီး ဒရိုင်ဘာရှိရာပြတင်းပေါက်ကို သူ့လက်ချောင်းဖြင့် ခေါက်လိုက်သည်။

 

ယို့မြန့်က ကားပြတင်းပေါက်ကို ဖြေးဖြေးချင်း ချပေးလိုက်၏။ ပယင်းရောင်မျက်ဝန်းတစ်စုံက ညနေဆည်းဆာရောင်အား ရောင်ပြန်ဟပ်နေခဲ့လေသည်။

 

ယို့မြန့်က သူ၏အေးစက်နေသည့် မျက်နှာအမူအရာကို ပြင်လိုက်ပြီး နူးညံ့သည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။


"တောင်းပန်ပါတယ်...ဥက္ကဌဖေးက သတိမထားမိဘဲ ကင်မရာကို မတော်တဆပိတ်မိသွားတာပါ...ခင်ဗျားကို ဒုက္ခပေးမိသွားပြီ..."

 

ဖေးဟွိုက်ကျီးကြောင့်ဟု ကြားလိုက်သည့်အခိုက်တွင် ဝန်ထမ်းက ဒါရိုက်တာဟုန်ရှန်း၏ နတ်ဘုရားကဲ့သို့ အံ့ဩဖွယ်ကောင်းလှသည့် ကြိုတင်ခန့်မှန်းချက်ကို မလေးစားဘဲ မနေနိုင်တော့ချေ။

 

ကားထဲရှိ ဝန်ထမ်းက ယို့မြန့်တို့နှစ်ဦးထံ မလာမီ ဟုန်ရှန်းက အထူးညွှန်ကြားချက်များပေးရန် သူ၏ဖုန်းကိုထုတ်လိုက်သည်။

 

"ဖေးဟွိုက်ကျီးက အမှားထပ်လုပ်မိတာပဲဖြစ်ရမယ်...မင်းကင်မရာအသစ်နဲ့လိုက်သွားလိုက်...သူက အကျိုးသင့်အကြောင်းသင့် မရှိတဲ့လူမျိုးမဟုတ်ဘူး...မင်းပြောတာကို ကောင်းကောင်းနားထောင်လိမ့်မယ်..."

 

ဝန်ထမ်းက ထိုအခိုက် သူ့ကိုယ်သူတွေးလိုက်သည်။

 

'ဥက္ကဌဖေးက အကျိုးသင့်အကြောင်းသင့် ရှိတဲ့လူတဲ့လား...'

 

အကယ်၍ ဥကဌဖေးက အကျိုးအကြောင်းညီညွှတ်သည့်သူ ဖြစ်လျှင်ပင် သူ့တွင် ထိုပုဂ္ဂိုလ်အား ကင်မရာဖွင့်ဟုပြောရန်အတွက် သတ္တိများများစားစား မရှိပါချေ။

 

စိတ်ပိုင်းဆိုင်ရာ အများကြီးပြင်ဆင်ပြီးနောက် ကားထဲမှ ပြေးထွက်လာချိန်တွင် သူ့ဘက်မှ စတင်ပြီး ဆွဲဆောင်မဖြောင်းဖျရသေးမီ ယို့မြန့်က ယင်းကို စကားတစ်ခွန်းတည်းဖြင့် ဖြေရှင်းသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။

 

ဝန်ထမ်းလေးက သူ့နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး လက်ကိုထပ်ခါထပ်ခါ ခါပြလိုက်သည်။


"အဆင်ပြေပါတယ်...မင်းတို့က ခုမှထွက်လာရုံပဲရှိသေးတာ...ရိုက်ကွက်အခန်းအများကြီးမရှိသေးဘူး..."

 

ယို့မြန့်က ခေါင်းညိတ်လိုက်သည်။ သူက လှည့်ပြီး ဖေးဟွိုက်ကျီးပိတ်ခဲ့သည့် ကားထဲရှိGoProကင်မရာကို ဖွင့်ရန် လက်မြှောက်လိုက်သည်။

 

ကင်မရာက အနီရောင်အစက်တစ်ခုနှင့်အတူ တမဟုတ်ချင်း ပြန်လင်းသွားခဲ့သည်။

 

ဝန်ထမ်းလေးက ပြုံးလိုက်သည်။

"ရသွားပြီ...ပြဿနာမရှိတော့ဘူး..."

 

ပြန်ထွက်မသွားမီ ဝန်ထမ်းလေးက ခေါင်းလှည့်ပြီး ယို့မြန့်ကို အသံနိမ့်နိမ့်ဖြင့် အကြံပေးလိုက်သည်။ 


"ကားထဲကထွက်ပြီး ပါဝင်ပစ္စည်းတွေကို ဝယ်ဖို့စူပါမားကတ်ထဲသွားတဲ့အချိန်ကျ ဒီGoProကင်မရာကို မင်းနဲ့အတူယူသွားလိုက်...ဥက္ကဌဖေးကို ကင်မရာထပ်ပိတ်ခွင့်မပေးရင် အကောင်းဆုံးပဲ..."

 

ယို့မြန့်၏မျက်ဝန်းများက ကွေးညွှတ်သွားပြီး ဖြေလိုက်သည်။

"ကျွန်တော်သိပြီ...ခက်ခဲတဲ့တာဝန်ပဲနော်..."

 

ယင်းကိုမြင်ပြီး ဝန်ထမ်းလေး၏နားရွက်များက တမဟုတ်ချင်း နီရဲတွတ်သွားကာ မှုန်မှိုင်းမှိုင်းဖြင့် ပြုံးလိုက်သည်။


"အရမ်းမခက်ခဲပါဘူး..."

 

ပြတင်းပေါက်က ပြန်ပိတ်သွားခဲ့သည်။ ဖေးဟွိုက်ကျီးက နောက်ကြည့်မှန်မှတစ်ဆင့် စီးပွားရေးသုံးကားက ပြန်လှည့်ပြီး စံအိမ်ထံ ဦးတည်မောင်းသွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူမေးလိုက်၏။


"အစောပိုင်းလေးတုန်းက မင်း ကိုယ့်ကို မပြုံးပြချင်ခဲ့ဘူး...ကိုယ်မင်းကို စိတ်ဆိုးအောင်လုပ်မိလိုက်လို့လား..."

 

ယို့မြန့်က တိတ်ဆိတ်စွာပင် လက်မြှောက်ပြီး ဂီယာပြောင်းကာ လီဗာကို နင်းလိုက်သည်။

 

"ဥက္ကဌဖေး...စကားပြောစရာလူမရှိလို့ ပျင်းနေတယ်လို့ခံစားရရင် ကျွန်တော့်ကို မြေပုံကူကြည့်ပေးပါလား..."

 

စောင့်ကြည့်ခန်းထဲရှိ ဧည့်သည်များက စခရင်က ပြန်လင်းလာသည်ကို မြင်လိုက်ကြသည်။ သူတို့ပျော်ရွှင်ရန် အချိန်မရသေးမီမှာပင် ယို့မြန့်နှင့်ဖေးဟွိုက်ကျီးကြားက စကားဝိုင်းကို ကြားလိုက်ရသည်။

 

စခရင်ပိတ်သွားတဲ့အချိန်လေးအတွင်းမှာကို ဘာတွေဖြစ်သွားကြတာတုန်း...

 

သူတို့နှစ်ယောက်ကြားက လေထုက ဘာလို့...အေးခဲမှတ်ထိကျသွားရတာလဲ...

 

ဖေးဟွိုက်ကျီးက ယို့မြန့်နံဘေးတွင်ထားထားသည့် မြေပုံကိုကောက်ကိုင်ကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှက်ရွံ့ခြင်းအလျင်းမရှိ ဝန်ခံလိုက်လေ၏။


"ကိုယ်က နေရာတွေ ဦးတည်ချက်တွေကို မှတ်တဲ့နေရာမှာ မတော်ဘူး...မင်းကိုယ့်ကို တာဝန်အမှားကြီး ပေးမိသွားပြီထင်တယ်..."

 

"မဟုတ်ဘူး..."


ယို့မြန့်က မြေပုံကိုမကြည့်ဘဲ ညာဘက်လမ်းတစ်လျှောက် တိုက်ရိုက်မောင်းချသွားလိုက်သည်။ ထို့ပြင် ပြောလိုက်ရန်လည်း မမေ့ခဲ့ပေ။


"ရှိုးမှာကျွန်တော်လုပ်မိတဲ့ ပထမဆုံးအမှားက ခင်ဗျားနဲ့အုပ်စုတူတူဖွဲ့မိသွားတာပဲ..."

 

ဖေးဟွိုက်ကျီးက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သူက ယို့မြန့်ပြောသည်ကို မည်သည့်ထင်မြင်ချက်မှ မပေးဘဲ မြေပုံကိုသာ ဖွင့်လိုက်ကာ ကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့ရှိလမ်းကြောင်းကို ကြည့်လိုက်ပြန်သည်။


"မင်း လမ်းကို ဟိုးအရင်ကတည်းက ထင်ထင်ရှားရှား မှတ်မိတယ်မလား..."

ဖေးဟွိုက်ကျီးက ထောက်ပြလိုက်သည်။

 

ယို့မြန့်က ကားစတီယာတိုင်ကို ကိုင်ကာ ပြုံးလိုက်သော်ငြား အပြုံးက မျက်ဝန်းထိရောက်ခဲ့ပေ။


"ခင်ဗျားရဲ့လေ့လာရှာဖွေနိုင်စွမ်းအားက အံ့ဩစရာပါပဲ...ဒါဆို ဥက္ကဌဖေး...ကျွန်တော် အခုစကားမပြောချင်ဘူးဆိုတာကို မြင်သင့်တယ်နော်..."

 

ဖေးဟွိုက်ကျီးက သူ့လက်ထဲရှိမြေပုံစာစောင်ကို စနစ်တကျဖြင့် နံဘေးနား ချထားလိုက်သည်။

 

အမျိုးသားက လက်မြှောက်ကာ သူ့နှာတံမြင့်မြင့်ကို ဖိလိုက်သည်။ သူ့ခေါင်းကို စောင်းပြီး မျက်လုံးများကျဉ်းမြောင်းလိုက်ချိန်တွင်ပင် သူ၏စိုးမိုးခြယ်လှယ်သည့်တည်ရှိမှုက လွှမ်းမိုးမှုရှိနေဆဲပင်။

 

"အခု ကိုယ်သေချာသွားပြီ...ကိုယ်မင်းကို ဒေါသထွက်အောင် လုပ်မိသွားတာပဲ..."


ဖေးဟွိုက်ကျီးက သူ့လက်များကို ယှက်ကာ ဒူးပေါ်တင်လိုက်သည်။ သူ့ပုံစံမှာ အလွန်တင်စီးနေပုံပေါ်ပြီး သူ၏စူးရှသည့်မျက်ဝန်းများက လူများ၏နှလုံးသားထဲအား ထွင်းဖောက်ကြည့်နိုင်သကဲ့သို့ပင်။

 

"ကိုယ်က အမြဲတမ်း ကိုယ့်​ကြောင့် သူတစ်ပါးအဆင်မပြေဖြစ်သွားလား၊ မသွားလားကို ခန့်မှန်းတာမျိုး သိပ်မကောင်းဘူး...ကိုယ်အခုတောင်းပန်ချင်တာကို မင်းလက်ခံချင်ပါ့မလားလည်း ကိုယ်မသိဘူး..."

 

ဖေးဟွိုက်ကျီးက အလွန်စစ်မှန်သည့် စိတ်ရင်းဖြင့်ပြောလိုက်သည်။ သူ့လေသံက နက်ရှိုင်းပြီး အထက်စီးဆန်နေသေးသော်ငြား အနည်းဆုံးတော့ သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းမဟုတ်သည်ကို ယို့မြန့်ကို သိခွင့်ပေးခဲ့သည်။

 

အကယ်၍ အခြားသူတစ်ဦးတစ်ယောက်ကသာ ယို့မြန့်နှင့်ပိုင်လင်းကြားရှိ အတိတ်အကြောင်းကို မေးခဲ့ပါမူ ယို့မြန့်က ကျိန်းသေပေါက်ပင် ထိုလူအား သူ့အဆက်အသွယ် ဆက်ဆံရေးစာရင်းထဲမှ လုံးဝဖယ်ရှားရန် ရွေးလိုက်မည်ပင်။

 

"ကောင်းပါပြီ..."


ယို့မြန့်၏နူးညံ့သည့်စိတ်သဘောထားက လူများအလွယ်တကူ သတိမထားမိနိုင်သည်အထိ အမြဲလိုလို မသိသာလှပေ။ သူက ပြောလိုက်သည်။


"ကျွန်တော် အဲ့မြေပုံကို ဟိုးအချိန်ကတည်းက ချရေးထားတာ..."

 

စတော့ရင်းနှီးမြှုပ်နှံမှုထဲရှိ ဖေးဟွိုက်ကျီး၏တ​စ္ဆေကဲ့သို့ ကြောက်စရာကောင်းလှသည့် လေ့လာမှုစွမ်းရည်နှင့် အကဲဖြတ်မှုကို ကျေးဇူးတင်ရပေမည်။ သူ့တောင်းပန်မှုကို လက်ခံရန်ဆန္ဒရှိသည့် ယို့မြန့်၏အချက်ပြမှုကို အမျိုးသားက ချက်ချင်းပင် သဘောပေါက်လိုက်သည်။

 

ဖေးဟွိုက်ကျီးက ယို့မြန့်ကို တုပပြီး ယခုလေးပင်ပြောလိုက်သည့် ယို့မြန့်၏လေသံအနေအထားကို သင်ယူလိုက်သည်။


"မင်းမှတ်ဉာဏ်က အရမ်းကောင်းတာပဲ..."

 

ယို့မြန့် : "...."

 

***


GoProကင်မရာ၏စခရင်သေးသေးလေးက ကားထဲမှ ထုတ်ခံလိုက်ရသည့်အလား အနည်းငယ် လှုပ်ခါသွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ယို့မြန့်၏ရှည်လျားပြီး သွယ်လျသည့် နောက်ကျောက ပေါ်လာခဲ့သည်။

 

ဖေးဟွိုက်ကျီးက ယို့မြန့်နောက်မှလိုက်လာကာ ကင်မရာမန်းကဲ့သို့ သရုပ်ဆောင်လိုက်သည်။ အမျိုးသား၏မျက်နှာပေါ်ရှိ တည်ငြိမ်အေးဆေးနေသည့်အမူအရာမှတစ်ဆင့် သူက ဤအလုပ်အသစ်နှင့် ကောင်းကောင်းလိုက်လျောညီထွေ ဖြစ်သွားမှန်း မြင်နိုင်ပေသည်။

 

ယို့မြန့်က စူပါးမားကတ်အတွင်းသို့ဝင်ပြီး စျေးဝယ်ရန် ပစ္စည်းထည့်သည့် တွန်းလှည်းကို တွန်းကာ အသီးအရွက်ရောင်းသည့် ဧရိယာထဲသို့ တည့်တည့်သွားလိုက်သည်။

 

"ရန်ထင်းရွှမ် ခင်ဗျားကိုပေးလိုက်တဲ့မှတ်စုထဲမှာ ဘာရေးထားတာလဲ..."


ယို့မြန့်က နောက်လှည့်မကြည့်ဘဲ မေးလိုက်သည်။

 

ဖေးဟွိုက်ကျီးက သာမာန်ကာလျှံကာ ဖြေလိုက်သည်။


"ရှိုးကပေးတဲ့ဘတ်ဂျက်ငွေက 500 ပဲရှိတယ်...သူရေးတာတွေကို ကိုးကားချက်အနေနဲ့ သုံးလို့မရဘူး..."

 

ဖေးဟွိုက်ကျီး၏ချောမောပြီး အမှုမထားဟန်သွင်ပြင်နှင့် သူ၏ရှည်လျားပြီး တည်ငြိမ်ခိုင်မာသည့် မော်ဒယ်တစ်ယောက်ကဲ့သို့ လမ်းလျှောက်ဟန်က စူပါးမားကတ်အတွင်းတွင်ရှိသည့် အခြားသူများကို မကြာခဏဆိုသလို ရပ်တန့်သွားစေခဲ့သည်။

 

ရှည်လျားသည့်အနက်ရောင်ဂျက်ကတ်အကျီက နှစ်ထပ်suitဝတ်စုံနှင့် ရင်ဘတ်တွင်တပ်ထားသည့် ဝိုင်နီရောင်နက်ကတိုင်ကို ဖုံးကွယ်ထားခဲ့သည်။ ကော်ဇောနီပေါ်တွင် catwalk လျှောက်နေသကဲ့သို့ အမျိုးသားက သူ၏သားရည်ရှုးဖိနပ်ကို ကြွကာ မေးကိုယောင်ယောင်လေး မော့ထားလေသည်။

 

တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ ကင်မရာက အရှေ့တွင်ရှိနေသည့် ယို့မြန့်ကို စူးစိုက်ရိုက်နေပြီး ဤမြင်ကွင်းကို ဖမ်းယူနေခဲ့သည်။

 

အချို့သော ဖြတ်သွားဖြတ်လာများက ကင်မရာချိန်ထားသည့် ဦးတည်ချက်ကို ကြည့်လိုက်ကြသည်။ ယို့မြန့်ကိုမြင်လိုက်ချိန် သူတို့နှလုံးသားထဲတွင် ခန့်မှန်းချက်ပေါ်လာခဲ့ကြသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ယို့မြန့်အား ရှိုးရိုက်ကူးနေသည့် သရုပ်ဆောင်တစ်ယောက်ကဲ့သို့ ထင်မှတ်သွားပြီး ထို့နောက် သူတို့၏ဖုန်းများကို ဖယ်လိုက်ပြီး နောင်တရနေသည့်အမူအရာများဖြင့် ထွက်ခွာသွားကြလေသည်။

 

အချို့ဖြတ်သွားဖြတ်လာများကမူ ဖေးဟွိုက်ကျီး၏ရေခဲတောင်ကဲ့သို့အေးစက်ပြီး လစ်လျူရှုတတ်သည့်မျက်နှာကို မြင်ပြီး မချည်းကပ်ရဲကြချေ။ သူတို့က အကွာအဝေးတစ်ခု၌ရပ်ပြီး ကုန်ပစ္စည်းများရွေးနေချိန် လေးစားအားကျမှုများဖြင့် ရံဖန်ရံခါလှမ်းကြည့်နိုင်ရုံသာ တတ်နိုင်လေသည်။


ယို့မြန့်က စျေးဝယ်တွန်းလှည်းကို လွှတ်လိုက်ပြီး အသီးအရွက်များထားရှိသည့် ဧရိယာမှ ပါဝင်ပစ္စည်းများကို ရွေးချယ်ရန် ဘေးကိုလှည့်လိုက်သည်။

 

ဖေးဟွိုက်ကျီးက သွားနေရာမှ ရပ်တန့်ပြီး မတ်တတ်ရပ်က သူ့လက်ထဲရှိGoProကင်မရာကို ဝတ္တရားကျေပွန်စွာ ကိုင်ထားလိုက်သည်။

 

ဖေးဟွိုက်ကျီးက ပထမတွင် လိမ်လိမ်မာမာ၊ပါးပါးနပ်နပ်ဖြင့် တိတ်တိတ်လေးနေရန် ရွေးချယ်ခဲ့သည်။ ယင်းက ယို့မြန့် ပါဝင်ပစ္စည်းများကို မြန်သထက်မြန်စွာ ရွေးချယ်ပြီး ကြည့်ပင်မကြည့်ဘဲ သူ့နောက်ရှိတွန်းလှည်းထဲသို့ ပစ်ထည့်သည့်အချိန်ထိပါပင်။

 

ဖေးဟွိုက်ကျီးက အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ နက်ရှိုင်းလှသည့်အသံဖြင့် ပြောလိုက်သည်။


"ယို့မြန့်...စံအိမ်ထဲမှာရှိတဲ့Guestအကုန်လုံးက အသီးအရွက်သမားတွေချည်းဖြစ်မယ်လို့ ကိုယ်တော့မထင်ဘူး..."

 

အသီးအရွက်ပမာဏက လိုအပ်သည်ထက်ပိုများလာချိန်တွင် ဖေးဟွိုက်ကျီးက ယို့မြန့်ကို သတိပေးလိုက်သည်။

 

ယို့မြန့်က နောက်ထပ်ပန်းဂေါ်ဖီတစ်ထုပ်ကို တွန်းလှည်းထဲသို့ ထည့်လိုက်သည်။ သူမော့ကြည့်လိုက်ချိန် သူ၏ဆံနွယ်ကောက်ကောက်လေးများက လှုပ်ရမ်းသွားကြသည်။ မျက်လုံးများကမူ နူးညံ့ကာ အရောင်များတောက်ပနေကြလေ၏။

 

"အဲ့လိုလား...ဒါဆိုလည်း ကျွန်တော်ပြန်သွားပြီး ရှိုးကဝန်ထမ်းကို ကျွန်တော့်ပိုက်ဆံအိတ်ပြန်ပေးဖို့ အသနားခံနေတဲ့အချိန်အတွင်း ဥက္ကဌဖေးကို ပိုက်ဆံရှင်းတဲ့နေရာမှာပဲ ပစ္စည်းတွေနဲ့ခဏစောင့်ဖို့ တောင်းပန်ရုံပဲပေါ့..."

 

ဖေးဟွိုက်ကျီးမှာ ရှားရှားပါးပါး အသက်မရှုနိုင်လောက်အောင် မွန်းကျပ်သွားသော်ငြား ယခင်က တစ်ခါမှမဖြစ်ခဲ့ဖူးသည့် လှိုက်လှိုက်လှုဲလှုဲ ရယ်ချင်စိတ်က သူ့နှလုံးသားထဲတွင် ရုတ်တရက် ထိုးတက်လာခဲ့သည်။

 

ကားထဲရှိ ယို့မြန့်၏ဒေါသထွက်နေသည့်ပုံစံနှင့် ယှဉ်ပါက ယို့မြန့်၏စိတ်ပေါ့ပါးပြီး လွတ်လွတ်လပ်လပ်ပြောဆိုနေသည့်ပုံသဏ္ဍာန်က ဖေးဟွိုက်ကျီးကို ပိုမိုစိတ်သက်တောင့်သက်သာ ဖြစ်စေလေသည်။

 

ယို့မြန့်က အေးခဲထားသည့်အသားငါးဧရိယာထဲသို့ ထိုကဲ့သို့ ပေါ့ပေါ့ပါးပါးအမူအရာဖြင့်ပင် ဆက်သွားလိုက်သည်။

 

ဖေးဟွိုက်ကျီးက သူ့ကိုတစ်ကြိမ်သတိပေးပြီးနောက် မည်သည်မှ မပြောခဲ့ချေ။ ယင်းက အဘယ့်ကြောင့်ဆိုသော် ယို့မြန့်၏စိတ်ပေါ့ပါးနေသည့် အမူအရာကို သူသတိထားမိလိုက်၍ပင်။ မည်မျှပင်ပိုက်ဆံမလုံလောက်၍ အခြေအနေဆိုးဝါးနေပါစေ ယို့မြန့်က သူ့ကို စူပါမားကတ်၌ အမှန်တကယ်ချန်ထားခဲ့ရန် ကြံစည်လို့မရနိုင်ပေ။

 

စံအိမ်ဝန်းကျင်က ရိုက်ကူးရေးခန်းထဲတွင် ထိုင်နေသည့် ဟုန်ရှန်းက ရုတ်တရက်ဆိုသလို ကျောရိုးတစ်လျှောက် ရှင်းပြ၍မရသည့် ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။

 

ယင်းကိုမြင်ပြီး ဝန်ထမ်းက ဇဝေဇဝါဖြစ်ကာ ပြောလိုက်၏။


"ပြတင်းပေါက်တော့ မဖွင့်ထားပါဘူး..."

 

ဟုန်ရှန်းက လည်ပင်းနောက်ကို ထိလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်များတွန့်သွားကာ ပြုံးလိုက်၏။


"အအေးမိတာနေမယ်..."

 

----------

 

နောက်ဆုံးတွင် စျေးဝယ်သည့်အုပ်စုမှ လူနှစ်ယောက်က ဝိုင်စင်များရှိရာကို လျှောက်လာပြီး မတ်တတ်ရပ်လိုက်ကြသည်။

 

ဖေးဟွိုက်ကျီးက ဝိုင်နီကို ကျွမ်းကျွမ်းကျင်ကျင် ရွေးချယ်နေသည့် ယို့မြန့်ကိုစူးစိုက်ကြည့်နေပြီး သူ့မျက်လုံးများက နက်မှောင်သွားလေသည်။




🌚🌚