Ch 11
Viewers 6k

🌚Chapter 11




နောက်ဆုံးတွင် စျေးဝယ်သည့်အုပ်စုမှ လူနှစ်ယောက်က ဝိုင်စင်များရှိရာကို လျှောက်လာပြီး မတ်တတ်ရပ်လိုက်ကြသည်။

 

ဖေးဟွိုက်ကျီးက ဝိုင်နီကို ကျွမ်းကျွမ်းကျင်ကျင် ရွေးချယ်နေသည့် ယို့မြန့်ကိုစူးစိုက်ကြည့်နေပြီး သူ့မျက်လုံးများက နက်မှောင်သွားလေသည်။


ဖေးဟွိုက်ကျီးက အယ်လ်ကိုဟောမသောက်သုံးသလို ဆေးလိပ်လဲမသောက်ပါချေ။ သူ့အနားရှိ လူများက ရေမွှေးများဆွတ်သည်ကိုလည်း သူ မကြိုက်ချေ။ ထို့ကြောင့် သူ့လက်ထောက်များထဲမှ တစ်ဦးတည်းရှိသည့် အမျိုးသမီးက လုပ်ငန်းခွင်ထဲ၌ မည်သည့်အခါမှ ရေမွှေးမဆွတ်ချေ။

 

ယင်းက စံအိမ်ထဲတွင် အုပ်စုခွဲချိန်က အဘယ့်ကြောင့် ဖေးဟွိုက်ကျီးက ယို့မြန့်နှင့် အုပ်စုဖွဲ့ရန်ရွေးချယ်လိုက်ရလဲဟူသည့် အကြောင်းပြချက်၏တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပေသည်။

 

အဘယ့်ကြောင့်ဆိုသော် ယို့မြန့်၏ခန္ဓာကိုယ်ပေါ်၌ နေရောင်ခြည်၏နွေးထွေးမှုအငွေ့အသက်နှင့် ပင်လယ်လေအနံ့သာ ရှိပြီး အခြားဓာတုပစ္စည်းပါဝင်သည့် မည်သည့်ရေမွှေးနံ့မှ မရှိသောကြောင့်ပင်။

 

ဖေးဟွိုက်ကျီး၏နေထိုင်မှုဘဝက ပြီးပြည့်စုံစွာ ရေးဆွဲတွက်ချက်ထားသည့် ပရိုဂရမ်တစ်ခုကဲ့သို့ပင်။ မလိုအပ်သည့် ထောင့်များနှင့်အစွန်းထွက်များအားလုံးကို ဖယ်ရှားပြီး ပြီးပြည့်စုံသော၊ထူးချွန်ပြောင်မြောက်လွန်းသော၊အောင်မြင်သောဟူသည့် ဧရိယာများသာ လူ့အသိုင်းအဝိုင်းတွင် ချန်ထားခဲ့သည်။

 

သူ၏လစ်လျူရှုပြီး ပြုံးလေ့မရှိသော အပြုအမူကို ကုမ္ပဏီရှိလက်အောက်ငယ်သားအုပ်စုက သံမဏိခေါင်းဆောင်တစ်ယောက်အဖြစ် ချီးမွမ်းထောပနာပြုကြလေသည်။

 

ဖေးဟွိုက်ကျီးက သူ့ကိုယ်သူအပေါ်၌ပင် တင်းကျပ်သည့် စည်းမျဉ်း၊စည်းကမ်းများကို ချမှတ်ထားသည့်လူမျိုးပင်။ မလိုအပ်သည့် မည်သည့်စိတ်ခံစားချက်၊အမှားအယွင်းတစ်ခုကိုမှ အဖြစ်မခံဘဲ ပိရမစ်၏ထိပ်ဆုံးတွင် တစ်ချိန်လုံး ထိုင်နိုင်ရမည်ဟူသော ပန်းတိုင်တစ်ခုတည်းဖြင့်သာ တစ်လျှောက်လုံး ကြိုးစားနေထိုင်ခဲ့လေ၏။

 

ထိုကဲ့သို့သော အနေအထားတစ်ခုထိရောက်ရန် သွေးများ၊မျက်ရည်များ၊ချွေးများဖြင့် ကြိုးစားတည်ဆောက်ခဲ့ရပြီး မရေမတွက်နိုင်သော ရန်သူများ၏အရိုးများကို သူ့ခြေထောက်အောက်တွင် ဖြတ်ကျော်နင်းခြေခဲ့ရသည်။

 

ယင်းက အတိတ်ကဖြစ်ရပ်ပင်ဖြစ်ပြီး လက်ရှိတွင်လည်း ထိုသို့ပင်ဖြစ်ကာ အနာဂတ်တွင်လည်း ထိုနည်းလည်း​ကောင်း ဖြစ်နေဦးမည်ပင်။

 

ထို့ကြောင့် ယို့မြန့်က ပျော်ပျော်ရွှင်ရွှင်ဖြင့် ဝိုင်စင်ပေါ်မှ အနီရောင်ဝိုင်သုံးပုလင်းကို ယူလိုက်ချိန်တွင် အတိတ်က အခြားသူများအပေါ် မရေမတွက်နိုင်အောင် ပြုမူခဲ့သကဲ့သို့ပင် ဖေးဟွိုက်ကျီးက အမှုမဲ့အမှတ်မဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။

 

ယို့မြန့်က ဖေးဟွိုက်ကျီး၏စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်များကို လုံးဝမသိခဲ့ဘဲ သူက တွန်းလှည်းလေးအား ပိုက်ဆံရှင်းသည့်နေရာသို့ တွန်းသွားလိုက်၏။

 

ကောင်တာရှိ ငွေကိုင်က ပစ္စည်းများတစ်ခုပြီးတစ်ခု scanဖတ်လိုက်သည်။

 

ဖေးဟွိုက်ကျီးက scanဖတ်ပြီးသည့် ပစ္စည်းများကို စူးစိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ဟွားကျန်းမြို့ရှိ အသက်အငယ်ဆုံးနှင့် အချမ်းသာဆုံးအမျိုးသားက ထိုအခိုက်တွင် လိုအပ်သည်ထက် ပိုလျှံနေသည့် ပစ္စည်းများကိုကြည့်ပြီး အမှန်တကယ်ကြီး ငွေရေးကြေးရေးကို စိုးရိမ်ပူပန်နေခဲ့ရလေသည်။

 

ထိုအခိုက် ဤအရာအားလုံးကိုလုပ်ပြီး လက်ရှိရလဒ်ကို ဖြစ်ပေါ်စေခဲ့သည့် ယို့မြန့်ကမူ မျက်နှာပေါ်တွင် အေးအေးဆေးဆေး စိမ်ပြေနပြေအမူအရာဖြင့် ငွေကိုင်မိန်းကလေး၏ ရှက်ရွံ့စွာ ချီးကျူးမှုကို လက်ခံလိုက်လေသည်။

 

"အစ်ကို့ရဲ့ဆံပင်အရောင်က အရမ်းလှတာပဲ...ဘယ်လိုများ ရွေးလိုက်တာလဲဟင်..."

အမျိုးသမီးငွေကိုင်က မေးလိုက်သည်။

 

ဖေးဟွိုက်ကျီး၏မျက်လုံးများက ကောင်တာကို ကော်ဖြင့်ကပ်ထားသကဲ့သို့ စူးစိုက်ကြည့်နေပြီး ယို့မြန့်နှင့်ကောင်မလေးကြားထဲက စကားဝိုင်းကို မကြားလိုက်ချေ။

 

ငွေကိုင်က နောက်ဆုံးပစ္စည်းကို scanဖတ်လိုက်သည့်အချိန်မှသာ ယို့မြန့်က သူ့နံဘေးရှိ စင်ပေါ်မှ စိတ်ကြည်လင်စေသည့် ပူရှိန်းအရသာ သကြားလုံးဘူးတစ်ဘူးကို ယူလိုက်သည်ကို သူမြင်လိုက်လေသည်။

 

ဖေးဟွိုက်ကျီး : "..."

 

"498..."


ငွေကိုင်၏အသံထွက်လာသည့်အခိုက်တွင် သူမက ယို့မြန့်၏ဘူးယူလိုက်သည့်လုပ်ရပ်ကို မြင်လိုက်ရသည်။ ထို့နောက် သူမက ပူရှိန်းသကြားလုံးဘူးကို ကွန်ပြူတာထဲသို့ scanဖတ်ကာ ပြုံးလိုက်သည်။


"လူကြီးမင်း...ယွမ်500 ကျပါတယ်..."

 

ဖေးဟွိုက်ကျီး၏သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။

 

ယို့မြန့်က သကြားလုံးဘူးခလုတ်ကို လက်ချောင်းဖြင့်နှိပ်ကာ ဖွင့်လိုက်ပြီး ပူရှိန်းရနံ့က ပေါက်ကွဲထွက်လာခဲ့လေ၏။

 

ယို့မြန့်က မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးလိုက်သည်။ သူ့အသွင်အပြင်ကမှု အလွန်ချောမောပြီး အားအင်တက်ကြွနေသည့် လူငယ်လေးတစ်ယောက်နှင့် တူနေခဲ့သည်။ ထို့နောက် သူက ကြွားဝါလိုသည့်အမူအရာဖြင့် မေးလိုက်သည်။


"ခင်ဗျားက ဒီတစ်လမ်းလုံး စိုးရိမ်ကြောင့်ကြနေခဲ့တာလေ...စားချင်သေးလား...."

 

--------


ယို့မြန့်နှင့်ဖေးဟွိုက်ကျီး ကားထဲမှထွက်လိုက်သည့်အခိုက် စောင့်ကြည့်ရေးအခန်းထဲရှိ ဧည့်သည်များမှာ စျေးဝယ်သည့်အဖွဲ့၏မည်သည့်မြင်ကွင်းမှ မမြင်နိုင်တော့ချေ။

 

ယင်းနှင့်ပတ်သက်၍ တိုက်ရိုက်ထုတ်လွှင့်မှုကို GoProကင်မရာတစ်ခုတည်းဖြင့် တင်ဆက်၍မရနိုင်ဟု ဒါရိုက်တာဟုန်ရှန်းက အထူးတလည် ရှင်းပြခဲ့သည်။

 

ကြားရသည်မှာ စျေးဝယ်အုပ်စုထဲရှိ လူနှစ်ယောက်မှာ လူများနောက်ကမလိုက်နိုင်၊မကြားနိုင်သည့် အဝေးတစ်နေရာသို့ ရောက်သွားသကဲ့သို့ ဒါရိုက်တာက အကြောင်းပြချက် ပေးလိုက်လေသည်။

 

တင်ဆက်သူချွီ့ရှောက်က သူ့မျက်မှန်ကိုပင့်တင်ကာ လူကြီးလူကောင်းဟန်အမူအရာဖြင့် ခေါင်းစဉ်ကို လွှဲပြောင်းလိုက်လေသည်။


"ဒါဆိုရင်လည်း အခြားအုပ်စုနှစ်စုရဲ့ အခြေအနေကို အရင်ကြည့်ကြစို့...သေချာပေါက် စိတ်လှုပ်ရှားစရာကောင်းမှာပဲ..."

 

ကောစုက စားပွဲပေါ် တံတောင်ထောက်ကာ တက်တက်ကြွကြွဖြင့် ပြောလိုက်သည်။


"လက်ဝှေ့ချန်ပီယံဆုရှင်ရဲ့ပရိသတ်တစ်ယောက်နေနဲ့ ကျွန်တော်တော့ ဟို့ရန်ကျီးရဲ့အုပ်စုကို ကြည့်ချင်မိတယ်ဗျာ..."

 

ယင်းကိုမြင်ပြီး အခြားတက်သစ်စအိုင်ဒေါလ်ဧည့်သည်များကလည်း ခေါင်းစဉ်ကို တက်တက်ကြွကြွ ပါဝင်လာကြသည်။ သူတို့က ဟာသများပင်လုပ်ပြီး သူတို့၏အမြင်များကို အလေးအနက် ပြောပြနေကြသည်။

 

ယခုလေးပင်ပြခဲ့သည့် ဖေးဟွိုက်ကျီးပါသော စျေးဝယ်သည့်အုပ်စုနှင့် ယှဉ်ပါက သူတို့အနေဖြင့် အခြားအုပ်စုများကို ကြည့်ချင်စိတ်ပိုများပေသည်။

 

ပြောရမည်ဆိုပါက ဖေးဟွိုက်ကျီး၏ဖိအားက လူတိုင်းတောင့်ခံနိုင်သည့် အရာမဟုတ်ပါချေ။ ထို့အပြင် ဖေးဟွိုက်ကျီးက ရှိုးတွင် သူ့ကိုအာရုံစိုက်ထားပြီး ကြည့်မနေသင့်ဟု အထူးသတိပေးထားသေးသည်။

 

သူမအနားမှ တက်ကြွသက်ဝင်နေသည့် စကားသံများကို ကြားပြီးနောက် ဆွဲဆောင်မှုရှိသည့်သရုပ်ဆောင်မင်းသမီး ရှီရွေ့က တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။

 

ယို့မြန့်က သူမ၏အကြိုက်ဆုံး အတွေ့အကြုံနုသေးသည့် Guestပင်။ သို့သော်ငြား ဖေးဟွိုက်ကျီးနှင့်တစ်အုပ်စုဖြစ်သွားခဲ့၍ ယို့မြန့်မှာ ရိုက်ချက်အများကြီးဆုံးရှုံးလိုက်ရသည်။

 

ဟုန်ရှန်းက PD အား သူတို့နောက်မှလိုက်၍ စူပါမားကတ်ထဲသို့ဝင်ရန် ခိုင်းနိုင်ပေသည်။ သို့သော် ဖေးဟွိုက်ကျီး၏တည်ရှိမှုကြောင့် ထိုသို့မလုပ်ရန်သာ ရွေးချယ်ခဲ့သည်။

 

ရှီရွေ့က ယင်းနှင့်ပတ်သက်ပြီး အလွန်နှမြောတသဖြစ်သွားသော်ငြား သူမက လက်ရှိတွင် ရှိုးအားရိုက်ကူးနေဆဲဖြစ်သည်။ ထို့ကြောင့် ရွှင်လန်းတက်ကြွနေသည့်အပြုအမူအား ဖော်ပြရုံသာ တတ်နိုင်ပြီး အခြားအုပ်စုနှစ်စု၏မြင်ကွင်းများပေါ် သူမ၏အကြည့်ကို ပြောင်းလိုက်ရသည်။

 

အချက်အပြုတ်အုပ်စုက လူသုံးယောက်က လက်ရှိတွင် နူးညံ့၊ဖြူဖွေးသောသဲများရှိသည့် ကမ်းခြေသို့ လမ်းလျှောက်နေကြလေသည်။

 

စခရင်ထက်တွင် ကွမ်ထုံက အနီဖျော့ဖျော့ရှပ်အကျီကို ပြောင်းလဲထားပြီး ကြိုးသိုင်းဖိနပ်အား စီးထားလေသည်။ သူ၏ပန်းရောင်ဆံပင်က လိမ္မော်ဝါရောင်သာ ကျန်ရှိတော့သည့် နေဝင်ချိန်အောက်တွင် ဝင့်ဝင့်ကြွားကြွားဖြစ်နေပြီး ထူးထူးခြားခြား ဖြစ်နေခဲ့သည်။

 

သူ၏အသေးစိတ် ပြင်ဆင်ထားသည့် အဝတ်အစားနှင့်မတူဘဲ ကွမ်ထုံက ထိုအခိုက်တွင် အသားကင်စက်အားရွှေ့ရင်း ဟောဟဲလိုက်နေခဲ့သည်။

 

"ဒါကromance ရှိုးလား...ရှင်သန်ရေးရှိုးလား..."


ကွမ်ထုံက သူတစ်လျှောက်လုံးသယ်လာခဲ့သည့် အကင်စက်ကို ရန်ထင်းရွှမ်ခင်းလိုက်သည့် ဝါညိုနုရောင်အခင်းထက် နေရာချထားလျှက်ဖြင့် အော်ဟစ်လိုက်သည်။

 

ရန်ထင်းရွှမ်က သူ့အင်္ကျီလက်ကိုခေါက်တင်ကာ အိတ်ကို ဖွင့်လိုက်သည်။ သူက မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်သည့်အပြုံးကို တပ်ဆင်ထားဆဲဖြစ်ကာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။


"ငါတို့အုပ်စုက အရမ်းခက်ခဲနေမှတော့ စျေးဝယ်တဲ့အုပ်စုက ငါရေးလိုက်တဲ့မှတ်စုထဲကပစ္စည်းတွေကို သေချာပေါက် ဝယ်လို့ရနိုင်မှာမဟုတ်ဘူး..."

 

ကွမ်ထုံက ကူရှင်ပေါ် ထိုင်ချလိုက်သည်။ ဘယ်ဘက်ဒူးကိုထောင်ပြီး ဒူးပေါ်လက်နှစ်ဖက်ယှက်တင်ကာ အသက်ကို ဖြည်းဖြည်းချင်းရှူလိုက်သည်။ ရန်ထင်းရွှမ်ပြောသည်ကိုကြားပြီးနောက် အံ့ဩသွားခဲ့သည်။


"မဟုတ်ဘူးမလား...ဒါဆို ဝန်ထမ်းတွေပြောတဲ့ ကမ်းခြေညစာ လုပ်မယ်ဆိုတာက ဖြစ်နိုင်ပါဦးမလား..."

 

ရန်ထင်းရွှမ်က ပခုံးတွန့်လိုက်သည်။

 

ကွမ်ထုံက သူ့ကိုရိုက်ကူးနေသည့် ကင်မရာကို လက်ညှိုးထိုးကာ ဟာသပြောသလိုလိုဖြင့် မကျေမနပ်ပြောလိုက်သည်။


"အဲ့လိုကိစ္စကြီးဖြစ်လာမှာ မဟုတ်ပါဘူးနော်...ဒါက ဒါရိုက်တာအစီစဉ်ဆွဲထားတာပဲ ဖြစ်ရမယ်..."

 

ကင်မရာကိုင်ထားသည့် ဝန်ထမ်းလေးက ပြုံးပြလိုက်သည်။

 

ရှန်းနန်ရှောင်က စံအိမ်ထဲမှ ထိုင်ခုံများထုတ်လာပြီး ကွမ်ထုံနံဘေး နေရာချလိုက်သည်။

 

"ဖြစ်နိုင်တာက ငါတို့အဆိုးဆုံး မဟုတ်လောက်ဘူး..."

ရှန်းနန်ရှောင်က အနောက်ရှိစံအိမ်ကို ညွှန်ပြကာ ပြောလိုက်သည်။


"ပိုင်လင်းတို့အုပ်စု ထင်းခွဲနေတာကို ငါခုနကပဲမြင်ခဲ့တယ်..."

 

ရန်ထင်းရွှမ်က အကင်စက်ကို စနစ်တကျစီစဉ်နေရာက တန့်သွားပြီး မော့ကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။


"ထင်းခွဲတာလား..."

 

ယင်းကိုကြားပြီး ကွမ်ထုံလည်း စိတ်လှုပ်ရှားလာခဲ့သည်။


"ဘာဖြစ်ကြတာလဲ..."

 

စခရင်က ပြင်ဆင်နေသည့်အုပ်စုထံ ပြောင်းသွားခဲ့သည်။ စောင့်ကြည့်ရေးအခန်းထဲရှိ ဧည့်သည်များက တညီတညွတ်တည်း အာမေဍိတ်သံပြုလိုက်ကြသည်။

 

ရှီရွေ့၏မျက်ဝန်းများက ပြူးကျယ်သွားသည်။

"ဒါရိုက်တာက ရက်စက်လွန်းတယ်...ဒါကromanceရှိုး မဟုတ်ဘူးလား...ဘာလို့ Guestတွေကို ထင်းခွဲ၊ရေသယ်တွေ လုပ်ခိုင်းရတာတုန်း..."

 

ကောစုကမူ မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးလိုက်သည်။


"မင်းက အပေါ်ယံပဲမြင်တာ...ထပ်ကြည့်ကြည့်လိုက်...အထူးသဖြင့် ဟို့ရန်ကျီးကို..."

 

၎င်းကိုကြားချိန် လူတိုင်း ဟို့ရန်ကျီးကို စိုက်ကြည့်လိုက်ကြသည်။

 

နေဝင်ဆည်းဆာက သူ၏ပခုံးနှင့်လက်မောင်းများပေါ် ဖြာကျနေသည်ကို သူတို့မြင်လိုက်ကြရသည်။ သူ၏တောင့်တင်းနေသည့်ကြွက်သားများက သန်မာအားပြင်းသည့် ပေါက်ကွဲနိုင်စွမ်းကို ပြသနေပေ၏။

 

အမျိုးသားက သစ်သားရှေ့တွင် ခြေတံရှည်တစ်စုံနှင့် မတ်တတ်ရပ်နေခဲ့သည်။ သူ၏လွှမ်းမိုးနိုင်စွမ်းရှိသောအရပ်အမောင်းက အရိုင်းဆန်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးက ယောက်ျားဆန်သည့် ဆွဲဆောင်မှုများ ပြည့်နှက်နေလေ၏။

 

ငိုသံဖျော့ဖျော့က စောင့်ကြည့်ရေးခန်းထဲ ပျံ့လွင့်လာခဲ့သည်။

 

ကောစုက ပြုံးလိုက်သည်။

"လူတစ်ယောက်ကို ဘယ်လိုရိုက်ချက်နဲ့ ရိုက်ရမလဲဆိုတာ ဟုန်ရှန်းထက် ဘယ်သူကမှ ပိုသိမှာမဟုတ်ဘူး..."

 

စံအိမ်ထဲရှိ Guest များ၌ မတူညီသည့် သွင်ပြင်များရှိကြပြီး စိတ်ရှည်သည်းခံနိုင်စွမ်းကလည်း ခြားနားကြသည်။ ကင်မရာထဲတွင် ဟို့ရန်ကျီး၏နှစ်လိုဖွယ် ဆွဲဆောင်မှုက ဤအခိုက်တန့်တွင် တဖြည်းဖြည်း ပေါက်ကွဲထွက်လာခဲ့သည်။ သို့သော်ငြား ကျက်သရေရှိသည့် အသွင်အပြင်နှင့် ယွင်ကွမ်းချင်ကလည်း သူ့ထက်မနိမ့်ကျပေ။

 

ကင်မရာထဲတွင် ယွင်ကွမ်းချင်က အဖြူရောင်လက်အိတ်တစ်စုံ ဝတ်ထားသည်ကို သူတို့မြင်လိုက်ကြရသည်။ သူ့လက်မောင်းများကို မြှောက်ကာခေါင်းနောက်တွင် အသာပင့်လိုက်ပြီး ပခုံးနီးပါးရှည်သည့်ဆံပင်များကို ချည်လိုက်သည်။

 

သူ့ဆံနွယ်ရှည်များ ဖုံးအုပ်နေသည်ကို ဖယ်ရှားလိုက်ပြီးနောက် စခရင်ထက်တွင် ပေါ်လာသည့် အလွန်အကျူး ကျက်သရေရှိလှသည့် မျက်နှာသွင်ပြင်က ပို၍ပင် တောက်ပလာခဲ့သည်။

 

ယွင်ကွမ်းချင်၏မျက်လုံးများက သူ့လက်မောင်းအောက်ရှိ နေရာလွတ်မှတစ်ဆင့် ကင်မရာကို ကြည့်လိုက်သည်။

 

နှစ်ပေါင်းများစွာ ကင်မရာအတွေ့အကြုံများမှတစ်ဆင့် ယွင်ကွမ်းချင်က ကင်မရာမန်းထံ ချက်ချင်း ရက်စက်သော်ငြား လှပသည့်အမူအရာဖြင့် ချက်ချင်း မျက်ခုံးတစ်ဖက်ပင့်ပြလိုက်လေသည်။

 

"ထင်းခွဲတာလား..."

ယွင်ကွမ်းချင်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။


"ဟုန်ရှန်းက လက်တွေ့ကျတာပဲ..."

 

ကင်မရာမန်း၏လက်များက မထိန်းနိုင်စွာ တုန်လှုပ်သွားလေသည်။

 

အိုင်းရစ်Guestကို ဂရုစိုက်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထင်းကိုကြိုးစားပန်းစား ခွဲနေကြသည့် ဟို့ရန်ကျီးနှင့် ယွင်ကွမ်းချင်မှလွဲ ပိုင်လင်းက ဘေးနားရှိ သစ်သားပုံတွင် ထိုင်ရုံထိုင်နေခဲ့သည်။ ရံဖန်ရံခါ သူတို့၏ချွေးများကို သုတ်ပေးပြီး ရေပေးလိမ့်မည်ပင်။

 

ဟို့ရန်ကျီးနှင့် နှိုင်းယှဉ်ပါက သူနှင့်ယွင်ကွမ်းချင်၏ဆက်ဆံရေးက တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပိုမိုထိန်းသိမ်းရန် လိုအပ်နေသေးကြောင်း ပိုင်လင်းက ထင်ထင်ရှားရှား သိပေသည်။  ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်း သူတို့၏ချွေးများကို သုတ်ပေးခဲ့လျှင်ပင် ယွင်ကွမ်းချင်ကို ပိုမိုအာရုံစိုက်ထားပေ၏။

 

စောင့်ကြည့်ရေးခန်းတွင်းတွင် ကောစုက ယင်းအပြုအမူကို မြင်ပြီး သူတို့ကို ကူညီပြီးခွဲခြမ်းစိတ်ဖြာမပြဘဲ မနေနိုင်တော့ပေ။


"ပိုင်လင်းက အိုင်းရစ်ဖက်ကGuestတစ်ယောက်ပဲ...ကြည့်ရတာ သူက ယွင်ကွမ်းချင်ကို ပိုသဘောကျပုံပေါ်တယ်..."

 

တင်ဆက်သူချွီ့ရှောက်က သူ့လက်ထဲရှိကတ်ကိုကြည့်ကာ သဘာဝဆန်သည့်အမြင်ကို ပြောလိုက်သည်။


"အဲ့လိုအတိအကျကြီးတော့ မဟုတ်သေးဘူး...ခန္ဓာကိုယ်အရဆို ဟို့ရန်ကျီးက ပိုသန်မာပြီးတော့ အခုအချိန်မှာ ယွင်ကွမ်းချင်က ပိုပြီးဂရုစိုက်ဖို့လိုတာ သိသာတယ်..."

 

ရှီရွေ့က ယွင်ကွမ်းချင်နှင့် ရုပ်ရှင်တစ်ကား ရိုက်ဖူးလေသည်။ ချွီ့ရှောက်၏စကားများထွက်လာသည်နှင့် သူမက ဟာသမလုပ်ဘဲ မနေနိုင်တော့ပေ။


"ရှောက်ကော...ရှင် အကောင်းဆုံးသရုပ်ဆောင်ဆုရတစ်ယောက်ကို အားနည်းတယ်လို့ ပြောတဲ့အကြောင်း ကျွန်မပြန်သွားပြောချင်လာပြီနော်..."

 

၎င်းကိုကြားပြီး ချွီ့ရှောက် ကပျာကယာ သူ့ပါးစပ်ကိုလက်ဖြင့် အုပ်လိုက်သည်။

 

ရှီရွေ့က ဟာသပြောပြီးသည်နှင့် သူမထင်မြင်ချက်ကို အလေးအနက်ထားကာ ထပ်ပေါင်းပြောကြားလိုက်သည်။


"ကောစုရဲ့စကားက သိပ်တော့မခိုင်မာဘူး...ပြောရရင် ဒါကromanceရှိုးလေ...ဒါရိုက်တာက သူ့စိတ်ထဲမှာ အကြံတစ်ခုရှိရမယ်...သူက ရုပ်ပိုင်းဆိုင်ရာအလွန်အကျုးသုံးရတဲ့ တာဝန်တွေ ပေးမှာမဟုတ်ဘူးရယ်...ဆိုလိုတာက ပိုင်လင်းရဲ့ရွေးချယ်မှုက ဒီကိစ္စမှာ ပိုအရေးပါတယ်ဆိုတာပဲ..."

 

"ဟို့ရန်ကျီးလည်း ပိုင်လင်းက ဘက်လိုက်တယ်လို့ ခံစားရလောက်တယ်..."


ရှီရွေ့က သာမာန်ကာလျှံကာ ပြောလိုက်သည်။

"ဒါပေမဲ့ အရေးအကြီးဆုံးအချက်က သူတို့က ပိုင်လင်းရွေးလိုက်တဲ့အုပ်စုကို ရွေးလိုက်ကြတာပဲ...အဆုံးကျတော့ ပိုင်လင်းက ထင်းမခွဲဘဲ ဘေးမှာထိုင်ရုံထိုင်နေချိန်မှာ သူတို့ကကျ ပိုပင်ပန်းရတဲ့အုပ်စုဖြစ်လာတာပဲ..."

 

"လီလီဘက်ကGuestနှစ်ယောက်ရဲ့စိတ်ထဲ အခုချိန်ဘာတွေဖြစ်နေမလဲ ကျွန်မတော့မသိဘူး..."

 

--------

 

ဟို့ရန်ကျီးက ပုဆိန်ကို ဆုပ်ကိုင်ပြီး ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။ သူ၏တင်းမာနေသည့် ကြွက်သားများက သံသယဝင်စရာမလိုအောင် ပေါ်လွင်နေပြီး သူ၏ဟော်မုန်းများက တမဟုတ်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

 

"ဒါက နောက်ဆုံးတစ်ခုပဲ..."


ဟို့ရန်ကျီးက ပြောပြီးနောက် အနားမယူတော့ဘဲ တိုက်ရိုက် သူ၏ပုဆိန်ကို ခုတ်ချလိုက်လေသည်။

 

ဝန်ထမ်းများ ပေးထားသည့် သစ်သားအပိုင်းအစက ထက်ခြမ်းကွဲသွားပြီး မြေပြင်ပေါ်ကျသွားခဲ့သည်။

 

ပိုင်လင်းက ရေခွက်ကိုကိုင်ကာ အံ့ဩတကြီးဖြင့် ပြောလိုက်သည်။

"ဟို့ကောက အရမ်းမိုက်တာပဲ..."

 

ဟို့ရန်ကျီးက သူ့ဘယ်ဘက်လက်က အနက်ရောင်လက်အိတ်ကို ချွတ်လိုက်သည်။ လက်အိတ်မချွတ်ရသေးသည့်ညာဘက်လက်က လက်နှစ်ချောင်းကို မျက်လုံးဖြင့်စစ်ဆေးကြည့်ပြီး ကင်မရာဘက် ဆန့်ပြလိုက်သည်။

 

"ဒီလိုတာဝန်နဲ့ဘယ်သူက လုပ်နိုင်မှာလဲ ဟက်..."

ဟို့ရန်ကျီးက ပုဆိန်ကို ပစ်ချပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်တော့သည်။


"မင်းတို့က တကယ်ကြီး ငါတို့ဟာသလုပ်မိမှာကို တမင်စောင့်ကြည့်နေကြတာပဲ..."

 

စောင့်ကြည့်ရေးခန်းထဲရှိ ဧည့်သည်များက ဟို့ရန်ကျီး၏စကားများကြားချိန် ရယ်မောလိုက်ကြသည်။

 

ဆောင်းဦးလေပြေညှင်းလေးက ညင်သာစွာ တိုက်ခတ်သွားပြီး ပင်လယ်ပြာကြီးနှင့် လိ​မ္မော်ရောင်ကောင်းကင်ကြီးထံ လွင့်မျောသွားကြသည်။

 

ယွင်ကွမ်းချင်၏ဆံပင်ရှည်များက ချွေးများနှင့် ရွှဲစိုနေပြီး သူ၏နဖူးထက်တွင် ကပ်နေခဲ့သည်။ သူ၏စူးရှသည့်မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး သစ်သားပုံကြီးကို မှီနေစဉ်မှာပဲ စက်ဆုပ်စွာ စုပ်သက်လိုက်သည်။

 

အလွယ်ကူဆုံးအုပ်စုကို ရွေးခဲ့သည်ဟု သူထင်မိခဲ့ခြင်းပင်။ ဤကဲ့သို့ ‌ဖြစ်လာမည်ဟု သူ မထင်ထားခဲ့မိချေ။

 

ယွင်ကွမ်းချင် သူ့လက်အိတ်ကို ချွတ်လိုက်ပြီး နဖူးကို လက်ဖြင့်ကာလိုက်သည်။ သိပ်မဝေးသည့်နေရာက ဟို့ရန်ကျီးနှင့် ပိုင်လင်း၏စကားဝိုင်းက သူ့နားထဲသို့ မကြာမကြာ ဝင်ရောက်လာခဲ့သည်။

 

သူ ပိုင်လင်းနှင့်ပထမဆုံး ဆုံမိချိန်က စိတ်ဝင်စားစရာကောင်းသည်ဟု ယွင်ကွမ်းချင် ထင်ခဲ့သည်။ ပိုင်လင်း၏ဘဝက စိတ်ဝင်စားစရာကောင်းပြီး သူ့သွေးကိုစုပ်နေသည့် မွေးစားအစ်ကိုကလည်း စိတ်ဝင်စားဖွယ်ကောင်းပေသည်။

 

အပြစ်ကင်းစင်သည့် မျက်နှာဖြင့် ကြီးပြင်းလာခဲ့သော သနားစရာကောင်းသည့် ပိုင်လင်းလေးက မည်သို့သော လူတစ်ယောက်ဖြစ်လိမ့်မလဲဟု ယွင်ကွမ်းချင်သိချင်ခဲ့သည်။

 

မြင်နေရတဲ့ သူ့အသွင်အပြင်လို နတ်သားလေးလား...ဒါမှမဟုတ် ပုတ်သိုးနေတဲ့ နှလုံးသားနဲ့ မိစ္ဆာကောင်လား...

 

ထို့နောက် စံအိမ်ထဲတွင် ယို့မြန့်ကို ပထမဆုံးအကြိမ်မြင်လိုက်ရပြီးနောက် ပိုင်လင်းနှင့်ပတ်သက်သည့်အရာအားလုံးက သူ့စိတ်ဝင်စားမှုကို ပျောက်ဆုံးသွားစေသကဲ့သို့ သူ ရုတ်တရက် ခံစားလိုက်ရသည်။

 

သိသိသာသာပင် ယို့မြန့်က မှုန်မှုန်မှိုင်းမှိုင်းနှင့် စိတ်ဝင်စားစရာမကောင်းသော မွေးစားသခင်လေးတစ်ယောက်ပင်။

 

ဒါဆို ဘာလို့ သူ့အကြည့်တွေက ပူပြင်းနေပြီးတော့ ယွင်ကွမ်းချင်ကို ရန်လိုရဲရတာလဲ...

 

ပိုင်လင်း၏ပါးစပ်ကပြောသည့် ယို့မြန်က တစ်ကိုယ်ကောင်းဆန်၊ဒေါသကြီးပြီး တုံးအသည့် ငကြောက်တစ်ယောက်ပင်။

 

သူ့တွင် ကြည့်ကောင်းသည့်ရုပ်ရည်တစ်ခုသာ ရှိပေသည်။

 

ယွင်ကွမ်းချင် သူ့နံဖူးကိုကိုင်ပြီး မျက်လုံးများက အနည်းငယ် နစ်မြှုပ်သွားသည်။ 

 

ကြည့်ကောင်းတဲ့ရုပ်ရည်လေးတစ်ခုပဲ ရှိတဲ့လူတစ်ယောက်မှာ အဲ့လိုပြတ်သားပြီး မီးတောက်နေတဲ့ မျက်လုံးမျိုးရှိပါ့မလား...

 

"ကွမ်းချင်ကော..."


သိပ်မဝေးသည့်နေရာတွင် ဟို့ရန်ကျီးနှင့် စကားပြောနေသည့်ပိုင်လင်းက ယွင်ကွမ်းချင် တစ်လျှောက်လုံး တစ်ယောက်တည်းနေကာ တိတ်ဆိတ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူ သံသယဝင်မလာဘဲ မနေနိုင်တော့ပေ။

 

ပိုင်လင်းက သိပ်မဝေးသည့်နေရာက စံအိမ်ကို လက်ညှိုးထိုးပြကာ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သည့် မျက်နှာမျိုးဖြင့် ပြောလိုက်သည်။


"ထင်းရွှမ်ကောအတွက် ထင်းတွေကို ပုံထားလိုက်ကြရအောင်လေ...ဒါက ညလုပ်မယ့် မီးပုံပွဲအတွက် အသုံးဝင်လောက်တယ်..."

 

ယွင်ကွမ်းချင်က တိတ်ဆိတ်စွာပင် မတ်တတ်ထရပ်လိုက်သည်။

 

တစ်ဖက်တွင် ဟို့ရန်ကျီးကမူ သူ့ပခုံးပေါ်တွင် ထင်းအနည်းငယ်ပင် သယ်ပြီးနေပြီဖြစ်သည်။

 

"ပိုင်လင်း...သွားကြစို့..."


ဟို့ရန်ကျီးက သိသိသာသာပင် ယွင်ကွမ်းချင်အား အချစ်ပြိုင်ဘက်တစ်ယောက်ကဲ့သို့ သတ်မှတ်ထားသည်ပင်။

 

ပိုင်လင်း နောက်တစ်ဖန် နူးနူးညံ့ညံ့ ထပ်မပြောမီအထိ ယွင်ကွမ်းချင်က ဤလူနှစ်ယောက်ကို လုံးဝ အာရုံထဲမထားခဲ့ချေ။




🌚🌚