Ch 12
Viewers 6k

🌚Chapter 12




"ကွမ်းချင်ကော....ဘာဖြစ်လို့လဲ အရမ်းပင်ပန်းနေတာလား..."

 

ယွင်ကွမ်းချင်က သူ့ရှေ့ရှိ ကောင်ငယ်လေးကို ငုံ့ကြည့်လိုက်သည်။

 

ပိုင်လင်းက နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသည့် ကုတ်အင်္ကျီကို ဝတ်ထားခဲ့သည်။ သူ့အနက်ရောင်ဆံပင်များက နူဖူးရှေ့တွင် နာနာခံခံဝေ့ဝဲကျနေပြီး သူ့မျက်လုံးကြီးကြီးများကို တဖြတ်ဖြတ်ခတ်နေခဲ့သည်။ သူ့ပုံစံက နေရာတိုင်းကို 'ငါကအရမ်းအားနည်းတယ်...ငါကသနားစရာကောင်းပါတယ်...ငါ့ကိုကယ်ကြပါ' ဟု အော်ဟစ်နေသကဲ့သို့ပင်။

 

ထိုအခိုက်တွင် ယွင်ကွမ်းချင်၏နှလုံးသားထဲတွင် အတိတ်က ပိုင်လင်းနောက်လိုက်ရန် တိုက်တွန်းနှိုးဆော်နေခဲ့သည့် ကာကွယ်လိုသည့်စိတ်ဆန္ဒများက ရုတ်တရက်ကြီး ပျောက်ရှသွားခဲ့သည်။

 

သိသိသာသာပင် ပိုင်လင်းထက် ပိုစိတ်ဝင်စားဖွယ်ကောင်းသော လူတစ်ယောက် ဤနေရာတွင် ရှိ​နေပေ၏။ 


သိသိသာသာပင် သခင်လေးအတုနှင့်ပတ်သက်သည့် အရာရာတိုင်းက ပိုမိုစွဲမက်၊စိတ်ဝင်စားစရာကောင်းလှသည်။

 

သူ့အတွေးများက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားသော်ငြား ယွင်ကွမ်းချင်က ပိုင်လင်းကလွဲပြီး မည်သူ့မှမပြခဲ့ဖူးသည့် ထူးခြားရှားပါးသည့် အလိုလိုက်ဟန်အမူအရာကို ထိန်းသိမ်းထားဆဲပင်။

 

ယွင်ကွမ်းချင်က လက်မြှောက်ကာ ပိုင်လင်း၏အနက်ရောင်ဆံပင်များကို ဖွလိုက်သည်။

 

"အင်း..."


ယွင်ကွမ်းချင်က ထင်းကိုကောက်ကိုင်လိုက်ပြီး သူ့ပခုံးထက် လွယ်လွယ်ကူကူပင် နေရာချလိုက်သည်။ လမ်းလျှောက်လျှက်ဖြင့်ပင် ပျင်းရိလေးလံစွာ သူပြောလိုက်၏။


"ကိုယ်ပင်ပန်းနေပြီ..."

 

ယွင်ကွမ်းချင်၏မပြောင်းလဲသော ယခင်အတိုင်း သဘောထားက ပိုင်လင်းကို ပိုမိုစိတ်သက်သာရာရသွားစေခဲ့သည်။

 

သူက ကမန်းကတန်းပင် ဤလူနောက်လိုက်သွားပြီး ခင်မင်ရင်းနှီးစွာ ဟာသလုပ်လိုက်သည်။


"အဲ့ဒါက လေးလားဟင်...ကျွန်တော်နည်းနည်း ကူသယ်ပေးမယ်လေ..."

 

ဤအမျိုးသားများက သူ့အားတစ်ခါမျှ လေးလံပင်ပန်းသည့်အလုပ်များ လုပ်ခွင့်မပြုခဲ့ကြပေ။ ထို့ကြောင့် ပိုင်လင်း၏စကားက သူ့နှစ်သက်မှုကို တိုးစေရန် သာမာန်ကာလျှံကာပြောလိုက်သည့် အကြံဉာဏ်တစ်ခုမျှသာ ဖြစ်သည်။

 

ယွင်ကွမ်းချင်က ရန်ထင်းရွှမ်နှင့် ဟို့ရန်ကျီးကဲ့သို့ သူ့စကားများကို ရယ်မောပြီး သူ့အကူအညီကို မလိုအပ်ပါဘူးဟု ပြောလိမ့်မည်ဟု ပိုင်လင်းတွေးလိုက်ချိန်တွင် သူ့နံဘေးရှိ ယွင်ကွမ်းချင်က လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်သွားခဲ့သည်။

 

ပိုင်လင်းက အံ့ဩသွားသည့်အမူအရာဖြင့် သူ့ကိုအတုခိုးကာ နေရာမှာရပ်တန့်လိုက်သည်။

 

တိမ်ပြာပြာများက ယွင်ကွမ်းချင်၏မျက်လုံးများထဲ ကျဆင်းလာပြီး အေးစက်မှုတစ်စွန်းတစ်စကို သယ်ဆောင်လာခဲ့သည်။

 

"ကောင်းပြီလေ...ကူညီပေး..."

ယွင်ကွမ်းချင်က အပြုံးလေးတစ်ပွင့်ဖြင့် ပြောလိုက်လေတော့သည်။


----------

 

ရှိုး၏ရိုက်ကူးရေးဝန်ထမ်းက ရိုက်ကူးရေးလုပ်မည့်ကမ်းခြေတွင် စက်ပစ္စည်းများ တပ်ဆင်လိုက်သည်။

 

ရန်ထင်းရွှမ်နှင့်ကွမ်ထုံက နံဘေးတွင်ရပ်နေပြီး ဝန်ထမ်းများအား သူတို့လဲလှယ်ဝတ်ဆင်ထားသည့် အင်္ကျီရင်ဘတ်တွင် မိုက်ခရိုဖုန်းများကို အမြန်တပ်ဆင်ခွင့်ပြုလိုက်၏။

 

လမ်း၏နံဘေးမှာရပ်ပြီး ကမ်းခြေအားကြည့်ပါက ရှိုးကပြင်ဆင်ထားသော ကျယ်ပြန့်ပြီးရှည်လျားသည့် စားပွဲကိုမြင်နိုင်ပေသည်။ အခင်းထက်တွင် ထိုင်ခုံရှစ်လုံးကို မျက်နှာချင်းဆိုင် နေရာချထားပြီး စားပွဲအား လီလီပန်းများနှင့်အလှဆင်ထားလေသည်။

 

ကွမ်ထုံက ခေါင်းကိုလှည့်ကာ ရန်ထင်းရွှမ်အား ပြုံးပြလိုက်သည်။ 


"ကြည့်ရတာ ရန်ကောရဲ့ပြင်သစ်စာကို စားလို့ရနိုင်တုန်းပဲထင်တယ်...ဝန်ထမ်းတွေက အရမ်းကြီး မလှည့်စားကြပါဘူး..."

 

ရန်ထင်းရွှမ်က သူ၏ဂျက်ကတ်အင်္ကျီကို ချွတ်ထားပြီး ရှပ်တစ်ထည်တည်းကိုသာ ဝတ်ထားလေသည်။ သူ့တွင် ခန့်ညားသည့်မျက်ခုံးများနှင့် သေသေသပ်သပ် ညှပ်ထားသော ဆံပင်များရှိလေ၏။ ပင်လယ်လေပြေက တိုက်ခိုက်သွားခဲ့လျှင်ပင် လုံးဝကပိုကရိုဖြစ်သွားလိမ့်မည် မဟုတ်ပေ။

 

ရန်ထင်းရွှမ်က ကွမ်ထုံ၏စကားဝိုင်းကို ချောချောမွေ့မွေ့ဖြင့် ဆက်ပြောလိုက်သည်။

 

"ပေါ့ပေါ့လေး မတွက်လိုက်နဲ့ဦး..."


ရန်ထင်းရွှမ်က ခေါင်းငုံ့ပြီး သူ့အင်္ကျီကြယ်သီးများကို မြန်မြန်ဆန်ဆန် တပ်လိုက်သည်။ နောက်တစ်ဖန်မော့ကြည့်ချိန်တွင် သူ့အသွင်အပြင်ကြောင့် အနည်းငယ်romanceဆန်သည့် အငွေ့အသက်များပါဝင်နေခဲ့သည်။ သူက ပြောလိုက်၏။


"ပြင်သစ်စာလို့ပဲပြောလို့ရတာ...တကယ်က စျေးဝယ်တဲ့အသင်းက အဆုံးကျဘာဝယ်ခဲ့လဲပေါ်မှာ မူတည်နေတာလေ..."

 

ကွမ်ထုံ၏နှလုံးသားက ခုန်လှုပ်သွားခဲ့သည်။

 

ရန်ထင်းရွှမ်နှင့်ဟို့ရန်ကျီးက လုံးဝဆန့်ကျင်ဘက်အသွင်အပြင်နှင့် လူနှစ်ယောက်ဟု မူလက ကွမ်ထုံထင်ထားခဲ့သည်။ တစ်ယောက်က တည်ငြိမ်အေးဆေးကာ တစ်ယောက်က စိတ်အားထက်သန်တက်ကြွပေ၏။

 

ထို့နောက် ဤနေ့လည်ခင်းတစ်လျှောက်လုံး အတူကုန်ဆုံးလာခဲ့ပြီးနောက် သူ့ရှေ့ရှိ တမူထူးကဲခံ့ညားလှသည့် အမျိုးသားက အပြင်ပန်းတွင် မြင်​နေရသကဲ့သို့ တည်ငြိမ်ခိုင်မာနေခြင်း မဟုတ်ကြောင်း ကွမ်ထုံ နားလည်သဘောပေါက်လိုက်သည်။

 

တစ်ဖက်တွင်မူ သူက စကားပြောကောင်းပေသည်။ သူက လူတိုင်းနှင့်အတူရှိချိန်တွင် သင့်လျော်စွာ ရှေ့တိုးနောက်ဆုတ် လုပ်တတ်သည်။ သူက playboyတစ်ယောက်နှင့် ပိုတူပေ၏။

 

ကွမ်ထုံ သူနှင့်ပတ်သက်ပြီး ဒွိဟဖြစ်စေသည့် မရေမရာအတွေးများ မတွေးဘဲမနေနိုင်တော့ဘဲ ရန်ထင်းရွှမ်၏စကားများကို ဂရုတစိုက်နားထောင်ပြီးနောက် ခွန်းတုံ့ပြန်ပြောလိုက်သည်။


"ဒါပေမဲ့ ရန်ကော...ခင်ဗျား ချရေးခဲ့တာ ဖေးအတွက်..."

 

ကွမ်ထုံ တစ်ခဏမျှ တစ်ဆို့သွားပြီး လူများကို ဖိနှိပ်ခံရသကဲ့သို့ ခံစားရအောင် လုပ်တတ်သော ထိုလူကို မည်သို့ခေါ်ရမည်မှန်းမသိ ဖြစ်သွားသည်။ နောက်ဆုံးတွင် စက္ကန့်အနည်းငယ်မျှ တန့်နေပြီးနောက် သူပြောလိုက်သည်။


"ရန်ကော...ခင်ဗျား မစ္စတာဖေးအတွက် မှတ်စုရေးခဲ့တယ်​လေ..."

 

ကွမ်ထုံ ဖေးဟွိုက်ကျီးနှင့်ပတ်သက်ပြီး မသိသော်ငြား ယို့မြန့်ကိုတော့ အကြီးကြီး ယုံကြည်မှုရှိပေသည်။ သူက ရန်ထင်းရွှမ်ကို နှစ်သိမ့်ပေးကာ ပြောလိုက်သည်။


"အနည်းဆုံးတော့ ယို့မြန့်က ​ကောလိုချင်တာတွေအကုန် သေချာပေါက်ဝယ်လာလိမ့်မှာရယ်...ကျွန်တော်တော့ ​ကောချက်ကျွေးတဲ့ညစာကြီးကို စောင့်နေတုန်းပါပဲနော်..."

 

ရန်ထင်းရွှမ်က ဘာဘီကျူးအကင်စက်ကို စနစ်တကျပြင်ဆင်နေစဉ်မှာပဲ ရှင်းပြမရနိုင်စွာ ပြုံးလိုက်သည်။


"ဘယ်သူသိမှာလဲ..."

 

ကွမ်ထုံ ထပ်ပြောလာမည်ကို မစောင့်ဘဲ ရန်ထင်းရွှမ်က ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။


"ကိုယ်တို့အချက်အပြုတ်အသင်းကတောင် ဘာဘီကျူးအကင်စက်ကို ကိုယ်တိုင်စီစဉ်နေရသေးတာ...စျေးဝယ်တဲ့အဖွဲ့က သူတို့လိုချင်တာတွေကို ချောချောမွေ့မွေ့ ဝယ်နိုင်လိမ့်မယ်လို့ မင်းထင်လို့လား..."

 

ကွမ်ထုံ : "...."


ဖာ့ခ်...ငါ ဒီလှည့်ကွက်ကို မေ့သွားတယ်...

 

"ရှိုးကဝန်ထမ်းတွေက အစပိုင်းမှာကတည်းက ဒီလောက်ရက်စက်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး..."


ရန်ထင်းရွှမ်က ကင်မရာနောက်ရှိဟုန်ရှန်းကို တစ်ချက်ကြည့်ကာ အပြုံးလေးတစ်ခုဖြင့် ခန့်မှန်းလိုက်သည်။


"စျေးဝယ်ထွက်တဲ့အသင်းအတွက် ငွေက ရှိုးကဝန်ထမ်းတွေ ပြင်ထားတာဖြစ်နိုင်တယ်..."

 

ဟုန်ရှန်း : "...."

 

ကွမ်ထုံက အဆက်မပြတ် အော်ငိုလိုက်သည်။ သူက လက်နှစ်ဖက်ကို လက်အုပ်သဏ္ဍာပြုလုပ်ပြီး ကောင်းကင်ကို ဆုတောင်းရန်သာ တတ်နိုင်တော့လေသည်။


"ချစ်ရပါသော ယို့ကောရေ...ကျွန်တော့်မျှော်လင့်ချက်တွေအားလုံးက ကောပေါ်မှာ မူတည်နေတယ်နော်...ကျေးဇူးပြုပြီး အနည်းဆုံးတော့ ကင်ပြီးစားလို့ရမယ့်တစ်ခုခုကို ဝယ်လာခဲ့ပေးပါ..."

 

ထို့နောက် ကွမ်ထုံနှင့်ရန်ထင်းရွှမ်က မည်သည့်တက်ကြွမှုမှ မရှိတော့ချေ။ ဤအုပ်စု၏မြင်ကွင်းက အခြားသူများကို ရွှင်မြူးသွားစေပြီး ဝန်ထမ်းများပင် မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

 

ကွမ်ထုံ၏စကားများထွက်ကျလာသည့်အခိုက် စံအိမ်ရှိရာအရပ်မှ လူလေးယောက်က လမ်းလျှောက်လာသည်ကို ကင်မရာထဲမှ သူ ရုတ်တရက်မြင်လိုက်ရသည်။

 

အဝေးတွင်ရှိသည့် လိ​​မ္မော်ရောင်ကောင်းကင်ကြီးက တဖြည်းဖြည်း အရောင်လျော့လာပြီး သူတို့၏ခြေထောက်အောက်တွင် အပူဖျော့ဖျော့သာ ချန်ထားခဲ့တော့သည်။

 

အထူးတလည်ပြောပြရန် တစ်စုံတစ်ယောက်ကို မလိုအပ်ချေ။ ကင်မရာအားလုံးက တမဟုတ်ချင်း လှည့်သွားကြသည်။

 

ဝန်ထမ်းက အံအားတကြီး တီးတိုးပြောလိုက်သည်။

 

မော်ဒယ်လ်များကဲ့သို့ ခံ့ညားချောမောသည့် အမျိုးသားများက မတူညီသည့်စတိုင်လ်များဖြင့် တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်လာခဲ့ကြသည်။ ပင်လယ်လေပြေညှင်းလေးက လူလေးယောက်၏အဝတ်အစားများကို ညင်ညင်သာသာ တိုက်ခတ်သွားခဲ့သည်။

 

ရေအေးအေးချိုးထားကြသည့် ယွင်ကွမ်းချင်နှင့်ဟို့ရန်ကျီးက သူတို့လက်များကို အိတ်ကတ်ထဲသို့ ထည့်ထားပြီး ခေတ်ဆန်ကြော့မော့နေသည့် အမူအရာဖြင့် လျှောက်လာခဲ့ကြသည်။ သူတို့နှစ်ယောက်ရှေ့တွင်မူ ပြုံးနေသည့် ပိုင်လင်းနှင့်ရှန်းနန်ရှောင်ပင်။ သူတို့နှစ်ယောက်က ပထမဆုံးညစာစားပွဲအတွက် သူတို့၏အဝတ်အစားများကိုလည်း အထူးတလည် လဲခဲ့ကြသည်။

 

ရှန်းနန်‌ရှောင်က အပြာဖျော့ဖျော့ကို ဝတ်ဆင်ထားပြီး ညင်သာနူးညံ့ပုံ ပေါ်နေခဲ့သည်။

 

ပိုင်လင်းကမူ ရှင်းသန့်နေသည့် အဖြူရောင်ရှပ်အင်္ကျီနှင့် အပြာရောင်စတိုင်လ်ဘောင်းဘီကို ဝတ်ဆင်ထားဆဲပင်။ သူက လေးယောက်ထဲတွင် အပုဆုံးဖြစ်လေ၏။ သူက မျက်နှာပေါ်တွင် ချစ်စဖွယ်အပြုံးတစ်ခုရှိနေပြီး သူ၏အနက်ရောင်ဆံပင်များက လေထဲတွင် ပွနေခဲ့သည်။

 

ယင်းက သူ့လက်မောင်းထက်တွင် လေးလံသည့်အရာဝတ္ထုကြောင့် အမှတ်တစ်ခုဖြစ်နေသကဲ့သို့ နီနီရဲရဲအမှတ်တစ်ခုရှိနေရုံသာဖြစ်သည်။

 

ပိုင်လင်းက အမှတ်ကိုဖုံးကွယ်ရန် သူ့ညာလက်ကိုမြှောက်လိုက်ရာ သူ့အား အားနည်းပြီးသနားစဖွယ်ဟန်ပေါ်သွားစေခဲ့သည်။

 

ကွမ်ထုံက အကောင်းမြင်ဝါဒီဖြင့် သူ့လက်ကိုမြှောက်ပြီး အဝေးမှလက်ယမ်းပြလိုက်သည်။ သူ့မျက်နှာထက်တွင် ပျော်ရွှင်နေသည့်အကြည့်တစ်ခု ရှိနေခဲ့လေသည်။

 

ရှန်းနန်ရှောင်က ဦးဆုံးချဉ်းကပ်လာသည့်သူပင်။ သူက ကွမ်ထုံကိုတစ်ချက်ကြည့်ပြီးနောက် ရန်ထင်းရွှမ်ကို ကြည့်လိုက်သည်။


"ပြင်ဆင်တာတွေက ပြီးခါနီးနေပြီ...အခု ကျွန်တော်တို့ စျေးဝယ်တဲ့အဖွဲ့ပြန်လာမှာကို စောင့်ရုံပဲ..."

 

ရန်ထင်းရွှမ်က ခေါင်းညိတ်ပြီး သူ့အကြည့်ကို ရှန်းနန်ရှောင်၏နောက်ရှိ မတ်တတ်ရပ်နေသည့်လူသုံးယောက်ထံ ရွှေ့လိုက်သည်။

 

"မင်းတို့ထင်းခွဲပြီး ရေခပ်ခဲ့ရတယ်လို့ငါကြားတယ်..."


ရန်ထင်းရွှမ်က မျက်ခုံးတစ်ဖက်ကို အသာပင့်ကာ အနည်းငယ်သိချင်စိတ်ဖြင့် မေးလိုက်သည်။

 

ကွမ်ထုံ၏မျက်လုံးများက ပြူးကျယ်သွားပြီး အရှေ့ကို အနည်းငယ်ကိုင်းလိုက်သည်။ သူလည်း ပဟေဠိဖြစ်နေခဲ့သည်။


"ခင်ဗျားတို့တကယ်ကြီး ထင်းခွဲပြီးရေခပ်ခဲ့ရတာလား...နန်ရှောင်ပြောတုန်းက ကျွန်တော်မယုံခဲ့ဘူး..."

 

ဟို့ရန်ကျီး၏ခန္ဓာကိုယ်က ရေငွေ့များ ပျံ့ထွက်နေခဲ့သည်။ သူ့ကြည့်ရသည်မှာ ယခုလေးတင် ရေအေးနှင့်ချိုးလာခဲ့ပုံပင်။

 

"အာ...ရှိုးကဝန်ထမ်းက အရမ်းကောက်ကျစ်လွန်းတယ်လေ..."


ဟို့ရန်ကျီးက သက်ပြင်းမှုတ်ထုတ်ကာ သူ့ခေါင်းကို ကုတ်ခြစ်လိုက်သည်။


"ငါ တောင်းပန်ပါတယ်...ငါတို့သုံးယောက်က ရေမြန်မြန်ချိုးချင်နေခဲ့လို့ ငါတို့အခန်းကို ရွေးလိုက်ကြတယ်..."

 

ရှိုးက စီစဉ်ထားသည့်အခန်းများက တူညီသည့်အရွယ်အစား၊စတိုလ်နှင့် တူညီသည့် အသုံးအဆောင်ပရိဘောဂများ ရှိလေသည်။ တစ်ခုတည်းသောခြားနားချက်က အပေါ်ထပ်နှင့်အောက်ထပ်ကွာရုံသာ ဖြစ်ပေသည်။

 

ထို့ကြောင့် ဟို့ရန်ကျီးပြောလိုက်ချိန် အခြားသူများက သူတို့နားလည်ကြောင်းဖော်ပြလိုက်ကြသည်။

 

ယွင်ကွမ်းချင်က သူ၏တစ်ဝက်ခြောက်နေသည့် ဆံပင်ကို ချည်ပြီး ခေါင်းနောက်တွင် ဆံထုံးသေးသေးလေး ထုံးထားခဲ့သည်။ သူ၏ကျက်သရေရှိလှသည့် မျက်နှာအင်္ဂါရပ်များက ရုတ်တရက်ဆိုသလို အပြည့်အဝပေါ်လွင်လာခဲ့သည်။ သူ၏လှပမှုနှင့် တင်စီးမှုက ယခင်နှင့်နှိုင်းယှဉ်ပါက နောက်ထပ်လယ်ဗယ်တစ်ခုကို တမဟုတ်ချင်း မြင့်တက်သွားခဲ့သည်။

 

သူတို့လေးယောက် လမ်းလျှောက်လာသည့်အခိုက်အတန့်၌ ကွမ်ထုံက ယွင်ကွမ်းချင်ကို မကြည့်ရဲခဲ့ချေ။

 

ယွင်ကွမ်းချင်က ခုံတစ်လုံးကို ဆွဲထုတ်ကာ ထိုင်ချလိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။


"ယို့မြန့်တို့အုပ်စုက ပြန်မလာကြသေးဘူးလား..."

 

ရန်ထင်းရွှမ် ခေါင်းယမ်းလိုက်သည့်အခိုက် ပိုင်လင်းက လက်မောင်းကိုကာပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။


"ပြောရရင် စျေးဝယ်တဲ့အဖွဲ့က ဝယ်စရာတွေအများကြီးရှိတယ်လေ...ကားမောင်းရတာ အရမ်းပင်ပန်းမှာပဲ..."

 

ယွင်ကွမ်းချင်က ဖွဖွလေးရယ်လိုက်ပြီး ပိုင်လင်းကို ရှုပ်ထွေးနက်နဲသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။

 

ပိုင်လင်းက မျက်တောင်ခတ်ပြီး တစ်ခဏမျှ တန့်သွားခဲ့သည်။

"ကွမ်းချင်ကော...ကျွန်တော့်ကို ဘာလို့အဲ့လိုမျိုး ကြည့်နေတာလဲ..."

 

ပိုင်လင်းက ယွင်ကွမ်းချင် အမှန်တကယ်ကြီးပင် လက်တစ်ပွေ့စာထင်းများကို သူ့ထံပေးခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ဟို့ရန်ကျီးက တစ်ဝက်မျှယူသွားသော်ငြား သူ့လက်မောင်းထက်တွင် ရုပ်ဆိုးသည့်အမှတ်ရာကြီး ကျန်နေခဲ့ဆဲပါပင်။


ရှိုးစတင်ရိုက်ကူးသည်မှာ မကြာသေးသော်ငြား သူ ယွင်ကွမ်းချင်၏အတွေးများကို နားမလည်နိုင်တော့သကဲ့သို့ ပိုင်လင်း ရုတ်တရက် ခံစားလိုက်ရသည်။

 

ပိုင်လင်းစိုးရိမ်ပူပန်နေစဉ်တွင် ယွင်ကွမ်းချင်က သူ့အား ပြုံးပြလိုက်သည်။ သူ၏ကျက်သရေရှိလှသည့် မျက်ခုံးနှင့်မျက်လုံးများက ယခင်အတိုင်း နှစ်သက်နေမှုကို ပြသနေဆဲပင်။

 

ထိုသို့ဆိုလျှင်ပင် ပိုင်လင်းက ယွင်ကွမ်းချင်ရှေ့မှောက်တွင် ယခင်ကကဲ့သို့ ကလူ၏မြှူ၏ပုံစံမျိုး မပြုမူနိုင်တော့ပါချေ။

 

သူ့ရှေ့ရှိအမျိုးသားက နောက်တစ်က္ကန့်အတွင်းမှာပင် သူ့မျက်နှာကိုပြောင်းလဲလိုက်ပြီး သူ့အားမီးတောက်နေပြီး စက်ဆုပ်ရွံရှာနေသည့် အကြည့်မျိုးဖြင့် ဆက်လက် စူးစိုက်ကြည့်နေလိမ့်မည်ဟု သူအမြဲခံစားနေရသည်။

 

ကွမ်ထုံက ပိုင်လင်းအားကြည့်ပြီး သံသယဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူအမြင်များမှားသွားသလားဟု အံ့အားသင့်သွားခဲ့သည်။

 

ပိုင်လင်းက....လက်ဖက်စိမ်းဆန်တယ်လို့ သူဘာလို့ခံစားနေရတာပါလိမ့်...

 

ပြင်ဆင်သည့်အဖွဲ့နှင့် ချက်ပြုတ်ရေးအဖွဲ့က အကင်စက်ရွှေ့ရခြင်း၊ ထင်းခွဲရခြင်းနှင့် ရေသယ်ရခြင်းတို့ကြောင့် အလွန်ပင်ပန်းနွမ်းနယ်နေခဲ့ကြသည်။

 

ယခုပိုင်လင်းက ထွက်လာပြီး ကားမောင်းရခြင်းက အလွန်ပင်ပန်းကြောင်းပြောလိုက်ရာ ယင်းက သူက ယို့မြန့်အား လူမုန်းခံရစေချင်သည့်အလားပင်။

 

ကွမ်ထုံက ဤသည်ကိုတွေးပြီး ချက်ချင်း ကျေရာကျေကြောင်း ပြောလိုက်သည်။


"မင်းအဲ့လိုပြောလို့တော့မရဘူးလေ...လူတိုင်းက အရမ်းပင်ပန်းနေကြတာပဲ...အုပ်စုဖွဲ့မိသွားတာကလည်း မတော်တဆပဲ...အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့အထူးတာဝန်က ဘာလဲဆိုတာ ဘယ်သူမှမှ မသိကြတာ...အဲ့ဒါအပြင် ယို့မြန့်တို့အဖွဲ့ကလည်း ပြန်မလာသေးဘူးလေ..."

 

ယွင်ကွမ်းချင်က မျက်လွှာချထားပြီး ဆက်လက်တိတ်ဆိတ်နေမြဲပင်။

 

ပိုင်လင်းက ကွမ်ထုံကို လှည့်ကြည့်ပြီး အပြစ်ကင်းစင်သည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။


"ဟုတ်တယ်...လူတိုင်းအရမ်းပင်ပန်းနေကြတာရယ်..."

 

ကွမ်ထုံက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်စဉ်မှာပဲ ပိုင်လင်းကဆက်ပြောလိုက်သည်။


"အခု ကျွန်တော်တော့ သူတို့အုပ်စုက ထင်းရွှမ်ကော လိုအပ်တဲ့ပါဝင်ပစ္စည်းတွေ ဝယ်လာနိုင်ဖို့ပဲ မျှော်လင့်မိတယ်...မဟုတ်ရင် ကျွန်တော်တို့မှာ တစ်နေ့လုံး အဲ့လောက်ပင်ပန်းခဲ့ကြရတာကို...ညစာတောင်မစားနိုင်ဘူးဖြစ်သွားမှာ..."

 

ကွမ်ထုံ၏လက်သီးဆုပ်က တင်းကြပ်လာခဲ့သည်။ 

 

ဒီလှတပတရုပ်နဲ့ကောင်လေးက ဘာဖြစ်ချင်နေတာလဲ...

 

ရိုက်ကူးပြီးနောက် တမင်တကာ မတည်းဖြတ်ထားသည့် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်လျှင် လူတိုင်းက ကမ်းခြေတွင်ရပ်နေကြသည့် Guestများ၏အလှများကိုသာလျှင် လက်ဖျားခါချီးကျူးနေကြလိမ့်မည်ပင်။ သူတို့က အမူအရာတိုင်းနှင့်လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေလိမ့်မည်မဟုတ်ချေ။

 

ထို့ကြောင့် ကွမ်ထုံနှင့်ပိုင်လင်းကြားက စကားဝိုင်းအကြမ်းဖျင်းကို စောင့်ကြည့်ရေးအခန်းတွင်း တိုက်ရိုက်ထုတ်လွှင့်ပြသချိန်တွင် ချွီ့ရှောက်က အသက်တစ်ချက်ရှုရှိုက်ပြီး အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။


"ကြည့်ရတာ စျေးဝယ်တဲ့အဖွဲ့က စံအိမ်ထဲမှာနေတဲ့guestတွေရဲ့မျှော်လင့်ချက်တွေကို ထမ်းထားရပုံပဲ...ယို့မြန့်တို့ဘက်မှာ အခုအခြေအနေက ဘာတွေဖြစ်နေလဲ ငါတကယ်မသိတော့ဘူး..."

 

ကောစုက အချက်ကလေးများနှင့် ပြည့်နေသည့်စာရွက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။


"ယို့မြန့် စံအိမ်ထဲကထွက်လာတဲ့အချိန်တုန်းက ကားရဲ့လေကာမှန်မှာ မြေပုံတစ်ခုမြင်လိုက်ရတာကို ငါမှတ်မိတယ်...ဒါဆို ယွမ်၅၀၀ ပါတဲ့စာအိတ်နီကို ဖေး..ဖေးဟွိုက်ကျီးက ရသွားတာပဲ..."

 

ရှီရွေ့က ခေါင်းလေးစောင်းလိုက်ပြီး သူမ၏ဆွဲဆောင်မှုရှိသည့် အမူအရာက စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။

 

"ရန်ထင်းရွှမ်ရေးပေးလိုက်တဲ့ မှတ်စုစာရွက်က အေးခဲထားတဲ့ပါဝင်ပစ္စည်းတွေနဲ့ စျေးကြီးတဲ့ပါဝင်ပစ္စည်းတွေနဲ့ ပြည့်လုနီးနီးဖြစ်နေတာကို ကျွန်မသတိရသွားပြီ...ဒီအုပ်စုကိုပေးထားတဲ့ ယွမ်၅၀၀ထဲနဲ့ ဝယ်ဖို့ဆိုတာ ခက်ခဲလွန်းအားကြီးသွားပြီ..."


ရှီရွေ့က မခံမရပ်နိုင်ဖြစ်နေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

 

ချွီ့ရှောက်က ရှီရွေ့၏ခံစားချက်များကို တည်တည်ငြိမ်ငြိမ်ဖြင့် ဖိနှိပ်လိုက်ပြီး ကင်မရာထံ ယုတ္တိ 

ရှိရှိ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။


"ရှိုးဝန်ထမ်းပေးတဲ့ ယွမ်၅၀၀က ညစာအတွက် လုံကိုလုံလောက်ရမယ်...ပထမဆုံး အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်မပူနဲ့တော့..."

 

စောင့်ကြည့်ရေးအခန်းက အနည်းငယ်တိတ်ဆိတ်သွားခဲ့သည်။

 

ချွီ့ရှောက်ပြောသည်မှာ မှန်သော်ငြား လုံးဝကြီးတော့ မမှန်ပါချေ။

 

ဝန်ထမ်းပေးသည့်ယွမ်၅၀၀က ညစာအတွက် ကျိန်းသေပေါက် လုံလောက်ပေသည်။ ပြဿနာမှာ အခြားအုပ်စုနှစ်စုက Guestများက တာဝန်များအများကြီးလုပ်ထားရ၍ ပင်ပန်းနွမ်းနယ်နေကြလေသည်။ သူတို့က အစောပိုင်းကသဘောတူထားခဲ့ကြသော အစားအသောက်ပွဲကြီးကို စားချင်နေကြမည်ပင်။

 

အကယ်၍ ယို့မြန့်တို့အဖွဲ့က အချို့သောပါဝင်ပစ္စည်းများ ဝယ်လာခဲ့ကြလျှင်ပင် ရိုးရှင်းသည့်ပါစတာ သို့မဟုတ် အခြားအရာရာ တစ်ခုသာဆိုပါက ယင်းက လူများ၏မျှော်လင့်ချက်ကို သေချာပေါက် ရိုက်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့မည်ပင်။



🌚🌚