Ch 8
Viewers 4k

🙇‍♂️Chapter 8

အမှန်တရား 



ရှီယန်ချင်းက အပြင်တွင်ဆယ့်ငါးမိနစ်ကျော်ဆက်စောင့်၍ လော့ဖေးအား လုံလောက်သည့်အချိန်ပေးခဲ့သည် ။ ‌


လော့ဖေး ဘောင်းဘီပြန်ဝတ်၍အပြင်သို့ထွက်လာသောအခါ ရှီယန်ချင်းအား လေးနက်စွာဖြင့်ကျေးဇူးတင်လိုက်သည်။


 “ ခင်ဗျား ကျွန်တော့်ကိုပေးတာတွေအတွက်ကျေးဇူးတင်ပါတယ် ပြီးတော့အခုအချိန်မှာ ခင်ဗျားကိုလုပ်အားနဲ့ပြန်ပြီးကျေးဇူးမဆပ်နိုင်သေးဘူး … ခင်ဗျားကိုဒုက္ခပေးမိပြီ … အဟွတ် …” 


သူပြောလေ သူ၏အသံသည်ပို၍တိုးဝင်လာလေဖြစ်လာသည်မှာ ခြင်အော်သံအသံမျှသာရှိသည်အထိတိုးလျလာ၏ ။ 


ရှီယန်ချင်း လော့ဖေးပြောသည့်စကားအသံကိုကြားရရန်အာရုံစိုက်၍ နားထောင်ပါသော်လည်း သူမကြားရချေ ။ 


လော့ဖေး စိတ်ရင်းနှင့်ကျေးဇူးတင်နေခြင်းဖြစ်သည် ။ ထိုသူအားသူအလွန်မုန်းတီးခဲ့ပါသော်လည်း ကူးပြောင်းလာပြီးသည့်နောက်တွင် ရှီယန်ချင်းကသာ သူ့အားများစွာအကူအညီပေးနေသူဖြစ်သည် ။ အချက်အလက်ကျကျ ပြောရမည်ဆိုလျှင် သူသည်လည်းရှီယန်ချင်း၏ အကူအညီကိုမယူချင်ပါသော်ငြား ဂန္ဓမာပန်းလေးသည်အလွန်နာကျင်နေ၏ ။ 


ဟုတ်တယ် … ငါလည်းဂုဏ်သိက္ခာလေးတော့ထိန်းထားချင်သေးတယ်လို့ … ဒါပေမဲ့ ဂန္ဓမာပန်းလေးက သဘောမတူဘူးကွ … ထို့ကြောင့်သူ့အတွက်မဟုတ်ဘဲ သူ၏ဂန္ဓမာပန်းလေးအတွက်သာအရှက်မဲ့ခြင်းဖြစ်သည်  … ဒါ့ကြောင့်လက်ခံလိုက်ရတာပဲ …


ရှီယန်ချင်းက အင်္ကျီလက်ကိုပင့်တင်၍ပြောလိုက်သည် ။


 “ တကယ်လို့ မင်းအလျင်မလိုဘူးဆိုရင် ကုတင်ပေါ်မှာလှဲပြီးဆေးအနာထဲစိမ့်ဝင်သွားတာကိုစောင့်ပါဦးလား … ဒီနေ့ထင်းတွေပိုထိုးထားတော့ အခန်းကပိုနွေးနေမှာ …” 


လော့ဖေး ခေါင်းညိမ့်လိုက်ကာ ဆက်လက်ငြင်းဆန်နေမည်ဆိုလျှင် ပို၍နေရခက်‌လိမ့်မည်ဟုတွေးမိသဖြင့် ကုတင်ပေါ်သာတက်လှဲနေလိုက်သည် ။ သူအခုအသုံးပြုလိုက်သည့် ဆေးသည်အလွန်အကျိုးသက်ရောက်မှုရှိ၏ ။ ဆေးအစွမ်းပြနေပြီဖြစ်သဖြင့် နာကျင်မှုသက်သာကာအေးအေးဖြင့်နေ၍ကောင်းလှ၏ ။ ယခင်ကဲ့သို့နာကျင်မှုမရှိတော့ချေ ။ 


ရှီယန်ချင်းက လော့ဖေးအသုံးပြုခဲ့သည့် တဘတ်ကိုလှန်းလိုက်ပြီးသည့်နောက်တွင် လော့ဖေး သောက်ရန်အတွက်ရေနွေးတစ်ခွက်ခပ်ပေးလိုက်သည် ။ ရေပုံးအတွင်းမှရေအတွက်ကမူ‌ လော့ဖေးရေချိုးပြီးခါစဖြစ်သဖြင့် မသွန်ဖြစ်သေးချေ ။ 


အခန်းအတွင်းရှိလေထုအခြေအနေသည်အလွန်တိတ်ဆိတ်နေသောကြောင့် တစ်ယောက်၏အသံရှုကိုတစ်ယောက်ကြားနေရသည် ။ လော့ဖေးက ဤကဲ့သို့သောအခြေအနေမျိုးကို မကြိုက်သောကြောင့်အရင်စပြောလိုက်သည်။


 “ ခင်‌ဗျား ရေတွေကိုမသွန်ပစ်ဘူးလား …”


ရှီယန်ချင်းက ပြောလိုက်သည်။


 “ အဲ့ဒီရေတွေရဖို့ဘယ်လောက်တောင်ခက်ခဲလဲမင်းသိရဲ့လား … ဒါပေါ့ ကိုယ်မသွန်ပစ်ဘူးမင်းပြန်သွားတဲ့အထိစောင့်ပြီးတော့မှဆေးကြောမှာ … “


လော့ဖေးဆွံ့အသွားရသည် “ မဖြစ်နိုင်တာ …”


ရေတွင်းမှရေခပ်၍ ရေနွေးကျိုပြီးသည့်နောက်တွင် ရေပုံးအတွင်းသို့ခပ်ထည့်ရသည်မှာ မလွယ်ကူသည်မှန်သော်‌လည်း ဤရေများက သူချိုးပြီးသားဖြစ်သည် ။ ပြီးတော့ သူ့ရဲ့ဂန္ဓမာပန်းလေးကိုဆေးကြောထားတာလေ … အား …


ရှက်စရာကောင်းလိုက်တာ … ရှက်စရာကောင်းလိုက်တာ … 


ရှီယန်ချင်းက ရုတ်တရက်ပြုံးလိုက်၏။


“ ကိုယ်နောက်တာပါ … အခုတော့သွန်ပစ်လို့မရဘူး ညကျမှသွန်လိုက်မယ် … “


“ ဘာဖြစ်လို့လဲ …”


“ မင်းရဲ့ဆံပင်ကိုရေမစိုအောင်ရေချိုးခိုင်းတာနဲ့အတူတူပဲ …”


 ရှီယန်ချင်းက ဆက်ပြောသည်။


 “ လူတွေအများကြီးက မင်းဒီအိမ်ထဲဝင်လာတာကိုစောင့်ကြည့်နေခဲ့ကြတာ ဒီလိုအခြေအနေမှာ ရေနွေးတွေသွန်တာမြင်ရင် ကိုယ်တို့ဘာတွေလုပ်ခဲ့တာလဲဆိုတာ သူတို့ကိုသိသွားစေချင်လို့လား … မင်းအခုဘယ်အခြေအနေရောက်နေတာလဲဆိုတာလည်းကိုယ့်ကိုယ်ကိုသတိရဦး ကောတွေရဲ့ဂုဏ်သတင်းကမိန်းကလေးတွေလောက်မဟုတ်ဘူးဆိုရင်တောင်မှ တန်းတူအရေးကြီးတာပဲ သတင်းသာပြန့်သွားမယ်ဆိုရင် မင်းလက်မထပ်ချင်ဘူးဆိုရင်တောင် ကိုယ့်ကိုလက်ထပ်ရတော့မှာ …” 


“ အိုး …” လော့ဖေး အကြည့်လွှဲလိုက်သည်။


 “ ကျေးဇူးပဲ … ခင်ဗျားလည်း ကျွန်တော့်ကိုလက်မထပ်ချင်ဘူးမလား … ဘာလို့ကျွန်‌တော့် ကိုကူညီတာလဲ…”


“ ကိုယ်မင်းကိုလက်ထပ်ချင်တယ်ဆိုပေမဲ့ မင်းရဲ့ဂုဏ်သိက္ခာကိုညိစွန်းစေလို့လည်းမဖြစ်ဘူးလေ … မတူညီတဲ့ကိစ္စနှစ်ခုပဲ … ကိုယ်ကမင်းငါ့ကိုချစ်လာတာကိုလိုချင်တာ … အတင်းလုပ်ယူတဲ့ဖရဲသီးကမချိုမြိန်ဘူးလေ …” 


“ ဂုဏ်သိက္ခာလား … ကျွန်တော့်မှာ ကောင်းသတင်းတွေရှိနေသေးဦးမယ်လို့မင်းထင်တာလား … ကျွန်‌တော် ကနူးညံ့ကြင်နာတဲ့သူမဟုတ်ဘူးဆိုတာ ခင်ဗျားသိသွားပြီဆိုရင် ဘာလို့စေ့စပ်ထားတာကိုမရုတ်သိမ်းတာလဲ …”


 လော့ဖေးပြောလိုက်သည် ။ 


“ တကယ်လို့ဖျက်သိမ်းလိုက်မယ်ဆိုရင်ကိုယ်နဲ့လာရာလမ်းတူတဲ့သူကိုဘယ်နားမှာသွားရှာရမှာလဲ … တကယ်လို့ ကိုယ်တစ်နေ့မှာကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကိုပြောပြလာချင်တဲ့အချိန်ကျ နားထောင်ပေးမဲ့သူမရှိဘူးဆိုရင် ပျော်စရာမကောင်းတော့ဘူးလေ … “


 ရှီယန်ချင်းက လော့ဖေးနှင့် တစ်မီတာမျှသာခြား၍ ကုတင်ပေါ်တွင်ထိုင်လိုက်သည် ။


“ မင်း တကယ်မစဉ်းစားကြည့်တော့ဘူးလား …” 


“ ဘာကိုစဉ်းစားရမှာလဲ …” 


လော့ဖေးက နံရံဘက်သို့မျက်နှာမူ၍ ပြောနေခြင်းပင်။


 “ တစ်ခါတစ်လေမှာငါပြန်သွားနိုင်လိမ့်မယ်လို့တွေးမိတယ် …ခင်ဗျား ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီးနေနိုင်ရတာလဲ … ဒီနေရာမှာတစ်သက်လုံးနေသွားရမှာကိုတွေးမိတိုင်းခေါင်းကိုက်တယ် … “


“ ခင်ဗျားသိရဲ့လား … လော့အိမ်မှာစကားပြောတဲ့အချိန်တိုင်း လော့ဖေးပုံစံပေါက်အောင် ကျွန်တော့် ကိုကျွန်တော်အတင်းလုပ်ယူနေရတာ … ကျွန်တော်ကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဝင်နေရပေမဲ့လည်း  ကျွန်တော်စကားမှားသွားရင်သူတို့အရမ်းအံ့ဩသွားကြလိမ့်မယ် … ဒီမနက်ဆိုရင် ဘယ်နှနာရီရှိပြီလဲဆိုတာသူတို့ကိုမေးမိတော့မလို့ … မနေ့ကလည်း တစ်ရေးနိုးတော့ ညဘက်ကြီးနံရံကိုစမ်းပြီးမီးခလုတ်လိုက်ရှာနေမိတာကွ …” 


“ မီးခလုတ်လိုက်ရှာနေတာလား …” 


“ ဟုတ်တယ် …” တစ်ချိန်တည်းမှာပင် လော့ဖေး မိမိကိုယ်ကိုအလွန်တုံးသည်ဟုတွေးမိသွား၏ ။ မည်သို့ပင်ဖြစ်စေ အိပ်ရာနိုးသောအခါ အချိန်ခဏမျှအလွန်စိမ်းသက်နေသည်ဟုခံစားနေရဆဲပင် ။ 


“ တကယ်လို့ လူတစ်ယောက်က ပတ်ဝန်းကျင်ကောင်းကနေ ခက်ခဲတဲ့နေရာကိုရောက်သွားမယ် … မလွတ်မြောက်နိုင်ဘူးဆိုတာသိရင် လက်ရှိဘဝကိုတတ်နိုင်သမျှမြန်မြန်နေသားကျအောင်ကြိုးစားတာက သူ့အတွက်အကျိုးအမြတ်အရှိဆုံးပဲ …မင်းကကိုယ်နဲ့မတူဘူး ကိုယ်ကတစ်ကိုယ်တည်းကြီးပြင်းခဲ့ရတာဆိုပေမဲ့ မင်းမှာကမိသားစုတွေရှိသေးတယ်မလား … ဒါကြောင့်မို့လို့ မင်းအိမ်ကိုအရမ်းလွမ်းနေမှာပဲ …”


“ ခင်ဗျားမှာ လျန်ပေါ်ယွမ် ရှိတယ်မဟုတ်ဘူးလား …” လော့ဖေး ခါးသီးစွာပြုံးလိုက်သည်။


 “ ချစ်ရသူရဲ့နှလုံးသားကအလုံခြုံဆုံးသုခဘုံပဲဆိုတာမသိဘူးလား … ကျွန်တော်သူ့လက်ကိုတောင်မကိုင်ရသေးဘူး ခင်ဗျားကသူ့ကိုဖက်တောင်ဖက်ပြီးသွားပြီလေ …”


“ အင်း … မင်းပြောတာလဲဟုတ်တာပါပဲ … သူကကိုယ့်ရဲ့ဝမ်းကွဲဆိုပေမဲ့လည်းလို့ပေါ့ …”


“ ဝမ်းကွဲလား …” လော့ဖေးက ရုတ်တရက်ခေါင်းပြန်လှည့်လာ၏။


 “ ခင်ဗျားနဲ့ လျန်ပေါ်ယွမ်နဲ့က ဝမ်းကွဲတွေလား …” 


“ အင်း …”


“ … ခင်ဗျား ကျွန်တော့်ကိုညာနေတာတော့မဟုတ်ဘူးမလား …” 


“ ဒီအခြေအနေပဲရောက်နေပြီ ကိုယ်ကမင်းကိုလိမ်နေရဦးမှာလား …” 


“ သေစမ်း … ခင်ဗျား …” လော့ဖေးက ဒေါသတကြီးဖြင့် “ခင်ဗျားကျွန်တော့် ကိုလိမ်ထားတာပဲ … ခင်ဗျားကြောင့်မို့လို့ ကျွန်တော် သူ့ကိုဆက်မလိုက်ရဲတာကွ …” 


“ သူ့ကိုလိုက်နေလို့လည်းအကျိုးမရှိဘူး သူ့မှာသဘောကျနေတဲ့သူရှိပြီးသား …” 


“ အဲ့လိုဆိုရင်တောင် … မကြိုးစားလိုက်ရတာထက်စာရင်တော်သေးတာပေါ့ကွ …” 


လော့ဖေး နင်သွားပြီးသည့်နောက် ရှီယန်ချင်းကိုထုရန် ခွက်အလွတ်တစ်ခွက်ကိုကိုင်လိုက်သည် ။ ရှီယန်ချင်းက ရှောင်တိမ်းလိုက်သောကြောင့် မထိမိသွားသော်လည်း သူကမူလှုပ်ရှားလိုက်သဖြင့်ဂန္ဓမာပန်းလေးနာကျင်သွားရသည်။


 “ ဖာ့ခ် … ဖာ့ခ် …ဖာ့ခ်…” 


“ စိတ်လျော့လိုက်တော့ … မင်းကိုယ့်ကိုယ်ကိုနာအောင်လုပ်နေတာပဲ …”


ရှီယန်ချင်းက ပန်းကန်ကိုကောက်၍ မေးလိုက်သည်။


 “ မင်းရေထပ်သောက်ချင်သေးလား …”


“ မသောက်ဘူး …” လော့ဖေး ဆက်လက်ကျိန်ဆဲချင်သေးပါသော်လည်း နောက်ကျောမှအလွန်နာကျင်လာ၏


 “ ကျွန်တော် ပြန်တော့မယ် … ကျွန်တော် ဒီကိုရောက်နေတာကြာပြီ သူများတွေအတင်းပြောချင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကြိုက်တာသာပြော … ကျွန်တော် တကယ်ကိုနားမလည်ချင်ဘူး …”


“ ကျွန်တော် ဘာကိုမှမကြောက်ဘူး … ကျွန်တော့်ရဲ့မိဘအသစ်တွေကခင်ဗျားနဲ့အတင်းပေးစားမှာကိုပဲစိတ်ပူတာ … သူတို့ကရူးနေကြတာဗျ …”


“ အာ … မင်းငါ့ကိုလက်ထပ်ပြီးနေ့တိုင်းအဖော်ပြုပေးနေမယ်ဆိုရင် သူတို့လည်းရူးတာနည်းနည်းလျော့သွားမှာပေါ့ …”


“ သေလိုက်လေ … ခင်ဗျားနဲ့နေ့တိုင်းမျက်နှာချင်းဆိုင်နေရတာထက်စာရင် လော့အိမ်မှာပဲတစ်သက်လုံးနေလိုက်မယ် …” 


လော့ဖေးက အဝတ်အိတ်ကိုကိုင်၍ ပြောလိုက်သည်။


“ ကျွန်တော်ပြန်တော့မယ် …”


“ အနာဂတ်မှာ ကိုယ်တို့နှစ်ယောက်သူငယ်ချင်းတွေဖြစ်လာနိုင်လား …”


 ရှီယန်ချင်းကဆက်ပြော၏။


 “ ကိုယ်နဲ့မင်းနဲ့  ပြိုင်ဘက်ဖြစ်လာတာနှစ်နှစ်ကျော်ပြီ … အရမ်းမထူးဆန်းဘူးလား …”


“ အဲ့တော့ရောဘာဖြစ်လဲ … ခင်ဗျားနဲ့ထိုက်တန်တာပဲဟာ … ခင်ဗျားက ကျွန်‌တော့်ရဲ့နတ်ဘုရားကိုလိုက်လို့မရအောင်တားခဲ့တာလေ အမှောင်ထုထဲမှာတစ်နှစ်လောက်နေရလောက်တဲ့အထိထိုက်တန်တယ်ဗျ …” လော့ဖေးက ဆက်ပြောသည် “ တစ်နှစ်ကြာပြီးရင် ကျွန်တော် လွတ်မြောက်ပြီ …” 


“ ဖြည်းဖြည်းလုပ်ပါ …”


“ ကျွန်တော် သိတယ် … ခင်ဗျားကျွန်တော့် ကိုပြောစရာမလိုဘူး …” 


လော့ဖေးက လက်ခါပြပြီးနောက်ထွက်သွားလိုက်သည် ။ ဆေးအာနိသင်က အလွန်ကောင်းမွန်သည်သဖြင့် အိမ်အတွင်းသို့ဝင်လာစဉ်ကလောက်မနာကျင်တော့ချေ ။ လမ်းလျှောက်လျှင်ပင် အနည်းငယ်မသက်မသာခံစားရရုံသာရှိ၏ ။ အနည်းငယ်နာကျင်နေသော်လည်း အလွန်ဆိုးရွားနေခြင်းမဟုတ်သရွေ့သည်းခံနိုင်၏ ။ ဤသည်ကသူ့ကိုနေရထိုင်ကသက်တောင့်သက်သာရှိစေကာ ရှီယန်ချင်း၏ ရှေ့တွင်မျက်နှာပျက်ရခြင်းကိုလက်ခံရန်မခက်ခဲတော့ချေ ။ 


အမှန်ပင် ထိုကဲ့သို့အရှက်တကွဲဖြစ်ရသည့်အချိန်တွင် ရှီယန်ချင်းနှင့် နောက်တစ်ကြိမ်ထပ်မဆုံချင်တော့ချေ ။ လျန်ပေါ်ယွမ်သည် ကိစ္စတစ်ခုသပ်သပ်ဖြစ်ကာ အိမ်သာသုံးစက္ကူနှင့် ဂန္ဓမာပန်းလေးအနာတရဖြစ်သဖြင့် အနာကိုလိမ်းသည့်ဆေးတို့သည်အခြားကိစ္စတစ်ရပ်ဖြစ်သည် ။ 


ဤသည်ကသူ့အားပြောစရာစကားပျောက်ရှသွားစေ၏ ။ 


အိမ်အတွင်းသို့ဝင်လာသည့်ပုံစံကိုအချိန်အတော်ကြာ ကြည့်ခဲ့ရသောကြောင့် လော့ဖေး၏ လမ်းလျှောက်ပုံအရ သက်သာနေပြီဖြစ်ကြောင်းမြင်နိုင်သဖြင့် ရှီယန်ချင်း အကူအညီပေးရန်အလျင်မလိုတော့ချေ ။ သူကပြုံး၍ ရေရွတ်လိုက်သည် ။ 


“ လော့ဖေး … အာ … လော့ဖေး မင်းအပြင်လူတွေကိုဂရုစိုက်သင့်တာမဟုတ်ဘူး ဒါပေမဲ့ လော့ယိကတော့ …”


လော့ယိက ဘာလို့အလောတကြီးထွက်သွားရတယ်လို့ထင်လဲ …


ဘယ်လိုတောင် အူတူတူအတတလေးပါလိမ့် …


သူအိမ်သို့ပြန်သည့်အချိန်တွင် လော့ယိနှင့်လော့ရူတို့သာ အိမ်တွင်ရှိလိမ့်မည်ဟု လော့ဖေးတွေးလိုက်မသည် ။ မနက်စာစားပြီးရင် တောင်ပေါ်မှာလယ်သွားလုပ်မယ်လို့ အမေနဲ့အဖေပြောခဲ့တာမဟုတ်ဘူးလား … အစ်ကိုအကြီးဆုံးဖြစ်သည့် လော့ကျီးသည်လည်းအလုပ်သွားလုပ်မည်ဖြစ်သဖြင့် သူ၏ခန့်မှန်းချက်အရဆိုလျှင် ဤအချိန်တွင်အိမ်သို့ပြန်ရောက်သေးမည်မဟုတ်ချေ ။ သူရဲ့ ဝက်ဝံလိုအဖေကလည်းလိုက်မမှီတော့ လက်လျော့ပြီးတောင်ပေါ်ကိုသွားလောက်ပြီမလား …


သို့သော်လည်း အိမ်အတွင်းသို့ဝင်လိုက်သည်နှင့် ထောက်ချောက်မိသွားပြီဖြစ်ကြောင်းတွေ့လိုက်ရသည် ။ အရမ်းကိုပညာသားပါတဲ့ထောင်ချောက်ပဲ …


လီယွဲ့ဟွားက လက်ထဲတွင်ဇာမဏီငှက်ပုံပန်းထိုးထားသည့် အနီရောင်ဝတ်ရုံကိုကိုင်ထားသည်မှာ ကြည့်လိုက်ရုံဖြင့်ပင် မင်္ဂလာဝတ်ရုံဖြစ်ကြောင်းသိသာလှ၏ ။ ဇာမဏီသည် နတ်ငှက်မျိုးနွယ်ဖြစ်သောကြောင့် မင်းမျိူးမင်းနွယ်များသာဝတ်ဆင်ခွင့်ရှိသော်လည်း သာမန်ပြည်သူများဝတ်ဆင်ခွင့်ရှိသည့်နေ့ရက်တစ်ရက်ရှိသည် ။ ထိုသည်ကား လက်ထပ်မင်္ဂလာပြုသည့်နေ့ပင် ။ 


မင်္ဂလာဝတ်ရုံကိုမြင်လိုက်ရသော်လည်း လော့ဖေး မိဘများအားအပြစ်မတင်ချေ ။ သူကူးပြောင်းမလာမှီအချိန်က မူလကိုယ်သည်လည်း လူယုတ်မာကောင် ကျန့်ယန်ဖန်းနှင့် တစ်နေ့တွင်လက်ထပ်နိုင်လိမ့်မည်ဟုစိတ်ကူးယဉ်ကာ အကြိမ်ပေါင်းများစွာခိုးဝတ်ခဲ့ဖူးသည် ။ 


လီယွဲ့ဟွားက ဘာသဘောနဲ့ဒါကြီးကို ဒီအချိန်မှာမှယူထုတ်လာရတာလဲ …


လော့ဖေး ခံစားချက်မကောင်းတော့ချေ ။ သူက လီယွဲ့ဟွားကို ဂရုတစိုက်ကြည့်လိုက်ပြီးသည့်နောက်တွင် အပ်ချည်ထိုးနေသည့်ညီမဖြစ်သူနားသို့ ကပ်သွားကာအသံတိုးတိုးဖြင့်မေးလိုက်သည်။


 “ ညီမလေး … အမေဘာလုပ်နေတာလဲ …”


လော့ရူ ကအဝတ်ပေါ်ရှိချည်စများလျော့နေသည်ကိုကျွမ်းကျင်စွာဖြုတ်နေသည် ။ သူမကချည်များကိုဟိုဟိုဒီဒီထိုးနေပြီးနောက် မော့မကြည့်ဘဲ ပြန်ဖြေလေသည်။


 “ စတုတ္ထမောင်လေးက အစ်ကိုရှီမိသားစုအိမ်မှာရေချိုးနေတယ်လို့ပြောတာပဲ … အမေက အဖေပြန်လာရင်ဆွေးနွေးမယ်လို့လည်းပြောနေဿးတယ် နောက်ဆုံးတော့အစ်ကိုတို့နှစ်ယောက်ကိုလက်ထပ်ပေးရမဲ့နေ့ရောက်လာပြီတဲ့ … အမေက အစ်ကို့အတွက် ခန်းဝင်ပစ္စည်းတွေပြင်ပေးနေတာမဟုတ်ဘူးလား …”


လော့ဖေး မျက်မှောင်ကျုံ့လိုက်မိသည် ။ လော့ယိ ဒီကောင်လေးဘယ်ရောက်နေတာလဲ … သူအိမ်ပြန်ရောက်တာနဲ့ အစ်ကိုတစ်ယောက်လုံးကိုရောင်းစားလိမ့်မယ်လို့ အစောကတည်းကတွေးမိခဲ့သင့်တာ … အခုငါ့ကိုတွေ့တောင်မတွေ့ရဲတော့ဘူးပေါ့ …


သို့သော်လည်း အဖြစ်မှန်မှာမူ လော့ဖေးထင်သည်ထက်ပို၍ဆိုးရွားသေး၏ ။ လော့ယိက သူ့အားမတွေ့ရဲသောကြောင့်မဟုတ်ပါဘဲ ထို့အစားလော့ယိကတောင်ပေါ်သို့သွားနေခြင်းဖြစ်သည် ။ အဖေဖြစ်သူနှင့်အစ်ကိုကြီးတို့မည်သည့်နေရာတွင် အလုပ်လုပ်နေကြောင်းတိတိကျကျသိသဖြင့် အချိန်ခဏဖြင့် တောင်ပေါ်ရှိလယ်ကွက်ရှိရာသို့ရောက်သွားပြီးနောက် လော့ဖေး ရှီယန်ချင်း၏ အိမ်တွင်ရေချိုးခဲ့ကြောင်းပြောပြလိုက်သည် ။ 


လော့ထျန်းက အလုပ်လုပ်နေသည်ကိုချက်ချင်းရပ်လိုက်ပြီးသည့်နောက်တွင် သားအကြီးဆုံးကိုခေါ်လိုက်သည် ။


“ သွားမယ် … အိမ်ပြန်ကြမယ် လက်မထပ်ရဖို့အတွက် ငါတို့ရဲ့ချစ်သားလေးဘယ်လိုအကြောင်းပြချက်မျိုးပေးဦးမလဲဆိုတာကြည့်ကြရအောင် …”


လော့ကျီးက ပေါက်တူးကိုမြှောက်၍ ပြောလာသည်။


 “ အဖေ … ဒုတိယလေးကလက်မထပ်ချင်ဘူးဆိုရင်လည်း သူ့ကိုအရမ်းတွန်းအားမပေးပါနဲ့ … လူနှစ်ယောက်ကတစ်သက်လုံးအတူတူနေသွားကြရမှာ အပြန်အလှန်ဆန္ဒရှိမှဖြစ်မှာပေါ့ …”


လော့ထျန်း မျက်မှောင်ကျုံ့လိုက်သည်မှာ အရေတွန့်ရာအကြောင်းထဲတွင် ယင်ကောင်ပင်ညှပ်၍ဖမ်းနိုင်သည်အထိဖြစ်သည် ။


“ ဒါပေါ့ ငါသိတာပေါ့ … ဒါပေမဲ့ သူလိုချင်တဲ့ ပျော်ရွှင်တဲ့မိသားစုပုံစံကပဲသူ့ကိုစိတ်ဆင်းရဲအောင် လုပ်နေတာမဟုတ်ဘူးလား  … မင်းညီရဲ့လက်ရှိအခြေအနေကိုမပြောနဲ့ဦး ဘယ်သူကများလာပြီးလက်‌ထပ်ခွင့်တောင်းရဲမှာလဲ … သူ့ကိုအိမ်မှာတစ်သက်လုံးဖွက်‌ထားပေးလို့ရမယ်လို့ထင်လို့လား …”


လော့ကျီးကခေါင်းညိမ့်၍ “ ဒါလည်းဟုတ်တာပဲ …”


“ အင်း …” လော့ထျန်းကဆက်ပြော၏ “ တော်သေးတာပေါ့ လူငယ်လေးရှီက နှစ်တွေအကြာကြီးပျောက်သွားပေမဲ့ ငါတို့လော့ဖေးအပေါ်စိတ်ရှိသေးလို့ … ဒါပေမဲ့လည်း ငါတို့အိမ်ကကလေးက ရှီအိမ်မှာရေချိုးသွားချိုးတာ ထူးဆန်းမနေဘူးလား …”


လော့ယိကပြော၏ “ ဘာလို့လဲဆိုတာသားသိတယ် … ဘာလို့လဲဆိုတော့ ရှီကောရဲ့အိမ်မှာရေချိုးပုံးအကြီးကြီးရှိတယ် ပြီးတော့ရေနွေးလည်းကျိုထည့်ထားသေးတယ် … ဒုတိယအစ်ကိုမပြောနဲ့ မြင်ရုံနဲ့သားတောင်ရေဝင်ချိုးချင်သွားတာ … အထဲမှာအရမ်းသက်တောင့်သက်သာရှိမှာပဲ …”


လော့ယိက ထိုအချိန်ကအခြေအနေကိုချဲ့ကားပြောဆိုနေကြောင်း လော့ဖေးမသိသေးချေ ။ သူကတစ်ခုခုကိုတွေးမိသွားပြီးနောက် လီယွဲ့ဟွားကိုပြောလိုက်သည် ။ 


“ အမေ ကျွန်တော်တောင်းဆိုပါတယ် … အဖေ့ကိုဒီအကြောင်းမပြောပြပါနဲ့လား …”


လီယွဲ့ဟွားက စကားတစ်ခွန်းမှမပြောသော်လည်း လော့ရူကမူမနေနိုင်တော့ချေ ။


“ အမလေး … ဒုတိယအစ်ကို စတုတ္ထမောင်လေးဘယ်သွားတာလဲဆိုတာအခုထိမသိသေးဘူးလား … အမေနဲ့ညီမကိုပြောပြပြီးတာနဲ့ အဖေနဲ့အစ်ကိုကြီးကိုရှာဖို့သွားပြီလေ … အခုလောက်ဆိုအဖေသိနေလောက်ပြီ … ညီမ အစ်ကို့ကိုအတည်ပြောတာ အစ်ကို လက်ထပ်ဖို့ကိုပဲထိုင်စောင့်နေရတော့မယ်ထင်တယ် …”


လော့ဖေး ပါးစပ်အဟောင်းသားဖြစ်သွားရေလတော့သည်။


 “ မဖြစ်နိုင်တာ …”



🙇‍♂️🙇‍♂️