Ch 10
Viewers 4k

🙇‍♂️Chapter 10



လော့ဖေး ရှီယန်ချင်းကို သံသယအပြည့်ဖြင့်ကြည့်လိုက်သည် ။ သူ‌ထင်ယောင်ထင်မှားတွေများဖြစ်နေတာလား … ဒီကိုကူးပြောင်းလာပြီးတဲ့နောက်မှာ သူ့အပေါ် ရှီယန်ချင်းရဲ့ အပြုအမူတွေကတော်တော်လေးပြောင်းလဲသွားတယ်လို့ ဘာလို့ထင်နေမိတာလဲ …


သူတို့သည် ယခင်က မကြာခဏ တွေ့လေ့မရှိသော်လည်း ရံဖန်ရံခါ လမ်းတွင်တွေ့ခြင်း သို့မဟုတ် ကျောင်းလှုပ်ရှားမှုများတွင် တွေ့ခြင်း ၊ ရှီယန်ချင်း လျန်ပေါ်ယွမ် ကိုတွေ့ရန်ကြိုးစားသည့်အခါမျိုးတွင်သာတွေ့တတ်ကြ၏ ။ ထိုအချိန်က ရှီယန်ချင်းအပေါ်  သူ၏ သဘောထားအမြင်ကိုပြောရမည်ဆိုလျှင် … 


အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ် …

သူရဲ့နတ်ဘုရားဘေးမှာအမြဲတမ်းရှိနေတာ … အရမ်းမျက်စိနောက်ဖို့ကောင်းတယ် … ပြီးတော့ မျက်စိစူးစရာအကောင်က သူ့ဘေးနားမှာအမြဲတမ်းရှိနေတော့ သူ့မှာအခွင့်အရေးလေးတောင်မရှိခဲ့ဖူးလေ …


ယခုမူ ရှီယန်ချင်းသည် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ သူ့အပေါ်အလွန်ကောင်းလှသည်။ 


သူတို့သည် ယခင်ကပြိုင်ဘက်များဖြစ်ခဲ့ဖူးသော်လည်းဤနေရာသို့ ကူးပြောင်းလာပြီးသည့်နောက်‌တွင် တစ်လှေတည်းစီးသည့်သူများဖြစ်သွားကြသည်မှာ ကောင်းသည်လောဆိုးသည်လောမသိတော့ချေ ။ 

 

လော့ဖေး သက်ပြင်းချလိုက်မိသည် ။ အိမ်အတွင်းသို့ဝင်လိုက်ပြီးသည့်နောက်တွင် ရေချိုးခန်းငယ်လေးကိုမကြည့်ဘဲမနေနိုင်ခဲ့ပါချေ ။ 


တစ်ဖက်ရှိ လော့ထျန်းကမူ လော့ဖေး‌ ၏စိတ်သည်ပြောင်းလဲသွားခြင်းမရှိဟု တွေးကာဒေါသထွက်နေဆဲဖြစ်သည် ။ တခြားတစ်ဖက်တွင်လည်း သူလုပ်လိုက်သောအရာသည် မှားယွင်းသွားသည်ဟုတွေးကာ မိမိဘာသာဝေခွဲမရဖြစ်နေ၏ ။ သို့သော်လည်း ရှီယန်ချင်း ရောက်လာသည်ကိုမြင်သောအခါ ဒေါသထွက်နေသည်များပျောက်ကွယ်သွား၏ ။

 

“ ရှီယွိ … ဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလဲ …” 


ရှီယန်ချင်း၏ ယခင်ငယ်နာမည်ဖြစ်သော ရှီယွိကို အချိန်အနည်းအတွင်းပြောင်းခေါ်ရန် လူကြီးများအဆင်သင့်မဖြစ်သေးချေ ။ 


“ ဦးလေး ကျွန်တော့ အာ့ပေါင်ကိုတွေ့ဖို့လာခဲ့တာပါ့ … ပြီးတော့ရေပေါ်လွှလေးလည်းငှားချင်လို့  ”


 ရှီယန်ချင်းက အခန်းငယ်လေးကိုဝှေ့ကြည့်၍ပြောလိုက်သည်။


 “ အာ့ပေါင် သူ…”


“ သူကတစ်ခုခုအမှားလုပ်ထားပြီး‌တော့ သူ့အမှားကိုဝန်မခံချင်ဘူးလေ … သူနည်းနည်းစိတ်ကောက်နေတုန်းပါပဲ အရမ်းစိတ်မပူနဲ့ … ”  လော့ထျန်းကဆက်ပြော၏ ။


 “ ဒီမှာထိုင် ဦးမှာနှစ်ခုရှိတယ် အကြီးနဲ့အသေးနဲ့ မင်းဘာလုပ်မှာမို့လို့လဲ … ”


“ ကျွန်တော် ဗီဒိုရိုက်မလို့ပါ …  ” 


ရှီယန်ချင်း အိမ်သို့ပြန်သွားပြီးသည့်နောက်တွင် သူ၏အိမ်အတွင်း၌ နေရာချစရာနှင့်စီစဉ်စရာများအလွန်များပြားကြောင်းတွေ့လိုက်ရသည် ။ သုံးလေးရက်ကြာသည်အထိရှင်းလင်းပြီးနိုင်မည့်ပုံမပေါ်သောကြောင့် လွယ်ကူသည့် အိမ်တွင်းသန့်ရှင်းခြင်း ၊ ဟင်းသီးဟင်းရွက်ခင်းနှင့် လယ်ကွင်းကိုသန့်ရှင်းရန်သာလုပ်နိုင်လေသည် ။ သိုလှောင်ခန်းကိုရှင်းလင်းပြီးသည့်နောက်တွင် ဟင်းရွက်ခင်းရှိမြက်ပင်များကိုလည်းနုတ်ပြီးဖြစ်ကာ အိမ်၏ထောင့်တိုင်းကိုပင်ဆေးကြောတိုက်ချွတ်ပြီးဖြစ်သည် ။ ပြင်ဆင်အစားထိုးသင့်သည့်အရာများကို ပြင်ဆင်အစားထိုးပြီးဖြစ်၏ ။ လုပ်စရာများစွာကျန်သေးသည့်အပြင် အိမ်တွင်ထည့်သွင်းရန်လိုအပ်သည့်အရာများစွာကိုလည်း ဖြည်းဖြည်းချင်းသာထည့်သွင်းသွားရမည်ဖြစ်သည် ။ 


“ ဗီဒိုရိုက်မယ်ဆိုမှတော့ ပြန်ရင်နှစ်ခုစလုံးကိုသာယူသွား …”  


လော့ထျန်းက ခဏမျှတွေးနေပြီးသည့်နောက်  “ ထားလိုက်ပါတော့ အဆင်ပြေတဲ့နေ့ကျရင် တောင်ပေါ်သွားပြီး သစ်ကောင်းကောင်းလေး‌သွားခုတ်ကြရအောင် နေလှန်းထားပြီးနောက်မှဆက်လုပ်လဲရတယ် ဘာပဲဖြစ်ဖြစ်အိမ်မှာလည်းစားပွဲအသစ်လုပ်ဖို့လိုနေတာ … ”  


လော့ထျန်းက မကြာသေးမီအချိန်က သူ့လက်ချက်ဖြင့်ပျက်စီးသွားသည့် စားပွဲကိုညွှန်ပြလိုက်သည် ။ 


“ ရှင့်ကို အားအများကြီးသုံးဖို့ ဘယ်သူကပြောလို့လဲ …”  


လီယွဲ့ဟွား ပျက်စီးသွားသည့်စားပွဲကိုကြည့်၍ နှလုံးသားထဲတွင်မနာကျင်ဘဲမနေနိုင်ပါချေ ။ ဤစားပွဲသည် သူမနှင့်လော့ထျန်း တို့လက်ထပ်ခဲ့စဉ်လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်ကပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ ဟောင်းနွမ်းနေပြီဖြစ်သော်လည်း အရေးကြီးသည့်အမှတ်တရများစွာကိုသယ်ဆောင်ထားဆဲဖြစ်၏ ။ 


 “ ဖျက်ပစ်မယ်ဆိုရင်လည်း ခွေးခြေခုံလေးတွေရအောင်ပြန်လုပ်ပေး ဒီတိုင်းလွှင့်မပစ်လိုက်နဲ့ … ”


“ ကိုယ်သိပါတယ် … သိပါတယ် … ကိုယ်က အဲ့လိုအရာတွေအထိလိုက်သတိပေးနေရမဲ့လူမျိုးမိို့လို့လား …” 


ဇနီးဖြစ်သူသည် စားပွဲခုံပျက်ဆီးသွားသည်နှင့်ပတ်သက်၍ ဒေါသထွက်နေရသည့်အကြောင်းအရင်းကိုသူနားလည်ပါ၏ ။ သူကအပြင်ဘက်တွင်ပြန်ခံပြောလိုက်ပါသော်လည်း စိတ်ထဲ၌မူကြိတ်၍ကြည်နူးနေမိသည် ။ ပြောရမည်ဆိုလျှင် ထိုစားပွဲသည် သူ့ဘက်မှဇနီးဖြစ်သူကိုတင်တောင်းသည့် တင်တောင်းပစ္စည်းထဲတွင်ပါဝင်၏ ။


 လက်မထပ်ရသေးတဲ့အချိန်တုန်းက သူတို့ခဏခဏမတွေ့နိုင်ခဲ့ကြဘူး ...ဒါပမေဲ့ လက်ထပ်ပြီးတော့ရော သူတို့အတူတူနေတာအဆင်ပြေနေတာပဲမဟုတ်လား …


ထို့ကြောင့် ရှီယန်ချင်းနှင့် လော့ဖေးတို့ လက်ထပ်မည်ဆိုလျှင် ဤကဲ့သို့သာဖြစ်လိမ့်မည်ဟုတွေးထားခြင်းပင် ။ 


လော့ထျန်း ခေါင်းလှည့်ပြီးသည့်နောက်တွင် လော့ဖေးက လက်ထပ်ရန်သဘောတူလိုက်ပြီဖြစ်ကြောင်းကို ရှီယန်ချင်းအား စကားကောင်းကောင်းပြောပြရမည်ဟုတွေးလိုက်သည် ။ သူမျှော်လင့်မထားသည်မှာ ရှီယန်ချင်းက အမှန်ပင်အခန်းငယ်လေးကိုစူးစိုက်၍ကြည့်ရှုနေ၏  ။ 


“ ရှီယွိ ဘာတွေစဉ်းစားနေတာလဲ …”  လော့ထျန်းက မေးလိုက်သည် ။ 


“ ဘာမှမဟုတ်ပါဘူးဗျာ … ”  ရှီယန်ချင်းကပြုံး၍ဖြေလိုက်သည်။


  “ အာ့ပေါင်ဖြစ်နေတဲ့ပုံစံကိုကြည့်ရတာ ဦးလေးလည်းရင်နာပါတယ်ကွာ …  ”


“ ဖူး … ”  ရေသောက်နေသည့် လော့ဖေးသည် သောက်နေသည့်ရေများကိုပင် လော့ယိ၏မျက်နှာထက်သို့ ပန်းထုတ်မိလုနီးနီးဖြစ်သွား၏


  “ အဟွတ် အဟွတ် အဟွတ်  …”


“ စိတ်မပူပါနဲ့ အာ့ကော စိတ်မတိုသရွေ့ ကျွန်တော့်မျက်နှာပေါ်ရေထွေးထုတ်မယ်ဆိုရင်တောင်အဆင်ပြေပါတယ် …  ”  


လော့ယိက အလွန်နောင်တရနေသောအမူအရာဖြင့် လော့ဖေး၏ ဘေးတွင်ထိုင်လိုက်သည် ။


 “ ကောအတွက်ရေနောက်တစ်ခွက်လောက်ခပ်ပေးရမလား … ”


“ အဆင်ပြေပါတယ် မင်းကိုကြည့်ရုံနဲ့တင်ဒေါသထွက်လွန်းလို့ မျက်စိရှေ့ကနေမြန်မြန်ထွက်သွားစမ်းပါ မနက်ဖြန်မနက်မရောက်ခင်အထိငါ့အရှေ့မှာပေါ်မလာနဲ့ … ”  လော့ဖေးက ခါပြ၍ထွက်သွားခိုင်းလိုက်သည် ။ 


“ အိုး…”  လော့ယိက သူ့ရှေ့ရှိဗီဒိုလေးပေါ်တွင်တင်ထားသည့်အဝတ်ကိုတွေ့သွားသောအခါ စပ်စုစွာဖြင့်အမြန်ယူကြည့်လိုက်သည်။


   “ အာ့ကော ဒီထဲမှာဘာတွေရှိတာလဲ … ”


 ပြောသည့်စကားမဆုံးသေးသော်လည်း အိတ်ကိုဖွင့်ကြည့်ပြီးဖြစ်သည် ။ ဒါအရင်က မျိုးစေ့တွေထည့်ပေးလိုက်တဲ့အိတ်မဟုတ်ဘူးလား … ဘာလို့အထဲမှာတခြားတစ်ခုခုရှိနေတာလဲ …


“ မထိနဲ့ …”  လော့ယိက အိတ်အတွင်းမှကြွေတုတ်တံလေးကိုထုတ်ယူရန်ပြင်လိုက်သောအခါ ချက်ချင်းအော်လိုက်သည်။


 “ လျှောက်မဆော့စမ်းနဲ့ … ”


“ စိတ်မပူပါနဲ့ သားမချိုးပစ်ပါဘူး … သားကြည့်ရုံပဲကြည့်မှာပါ …” 


 လော့ယိက တုတ်တံလေးကိုကြည့်ရှုစစ်ဆေးလိုက်ပြီးသည့်နောက်တွင်နှာခေါင်းဖြင့် အနံ့လည်းခံကြည့်လိုက်သေး၏။


  “ အာ့ကော … ဒါကဘာလဲ … ” 


 သူက မျက်နှာကိုနှစ်ကြိမ်မျှပွတ်သပ်လိုက်ပြီးသည့်နောက်  “ ချောမွတ်ပြီးတော့ အရမ်းလည်းလှတယ် …”


“ ဒါက …”  လော့ဖေး မထိန်းချုပ်နိုင်စွာဖြင့်မျက်နှာယားလာ၏ ။ အဲ့တာက သူ့ရဲ့အီးကျုံးတဲ့အခါမှာအသုံးပြုတဲ့ဟာလို့ သူ့ညီလေးကိုဘယ်လိုပြောပြရပါ့မလဲ …  


“ ရှီကော … ဒါဘာလဲကောသိလား … ” လော့ယိ လှမ်းမေးလိုက်သည် ။ ရှီယန်ချင်း မည်သည့်အချိန်က ရောက်လာသည်ကိုသူမသိလိုက်ပေ ။ 


“ အဲ့ဒါက … အာ …” . သူကလော့ဖေးကို ပြုံး၍ကြည့်လိုက်ပြီးနောက်ပို၍ပင်တောက်ပစွာပြုံးလိုက်သေး၏။


  “ အဲ့ဒါက မင်းရဲ့အာ့ကောကိုပေးတဲ့ ရှီကောရဲ့ခံစားချက်တွေကိုဖော်ပြတဲ့တင်တောင်းပစ္စည်းတွေထဲကတစ်ခုလေ ”


“ တင်တောင်းပစ္စည်းလား ဒါဆို ကျွန်တော်ထိလို့မရဘူးပဲ … ” လော့ယိက ချက်ချင်းအဝတ်အိတ်အတွင်းသို့ပြန်ထိုးထည့်ပြီးသည့်နောက် လော့ဖေးထံသို့ကမ်းပေးလိုက်သည် ။


 “ အာ့ကော ကိုပြန်ပေးတယ်နော် … သားအရင်သွားတော့မယ် မနက်ဖြန်မှတွေ့မယ်နော် … ”


“ ဘယ်သူ့ရဲ့ခံစားချက်ကိုဖော်ပြတဲ့တင်တောင်းပစ္စည်းလဲ ခင်ဗျားအရမ်းစိတ်ကူးယဉ်ဆန်တာပဲနော် … ” လော့ဖေး ရှီယန်ချင်းကို စိုက်ကြည့်လိုက်သည် ။  


“ ကိုယ်ပြောနေတာက တင်ပါးအကြောင်းကိုပြောနေတာ  ‘腚’ လဆိုတဲ့စကားလုံးပါတယ်လေ  (月). မင်းရဲ့အ‌တွေးတွေကဘယ်ကိုရောက်နေတာလဲ … ”


(TN /  腚 စာလုံးကတင်ပါးကိုရည်ညွှန်းတာပါ ဒါပေမဲ့ ရှီယန်ချင်း ပြောတဲ့စကားအဓိပ္ပာယ်က မိဘတွေစီစဉ်တဲ့လက်ထပ်ပွဲဆိုတဲ့စကားကိုသုံးသွားတာပါ ) 


ရှီယန်ချင်းက ပြုံး၍သူ့ဘေးတွင်ဝင်ထိုင်လိုက်သည် ။  “ အခုထိနာနေသေးလား … ”


“ ခင်ဗျား မုန်းဖို့ကောင်းလိုက်တာ ကျွန်တော့်ကိုသနားချင်ယောင်လာမဆောင်နဲ့ … ” လော့ဖေးက တံခါးကိုဆောင့်ပိတ်လိုက်ပြီးသည့်နောက်တွင် အလွန်ဒေါသထွက်နေသည့်အသံဖြင့်ပြောလိုက်သည် ။


 “ ကျွန်တော်ခင်ဗျားကိုပြောမယ် ခင်ဗျားတို့လက်ထက်ဖို့ရက်ရွေးတဲ့အခါကျရင် ရက်အရမ်းနီးတာကိုမရွေးနဲ့ ကြားရဲ့လား …  ”


“ ဘာဖြစ်လို့လဲ …”


“ တုံးလိုက်တာ … ဒီအိမ်မှာ ကျွန်တော်တစ်ရက်နေရင် ခင်ဗျားအိမ်ပေါ်မှာတင်ကျွေးထားရမှာတစ်ရက်သက်သာတာပေါ့ … ကျွန်တော် အနာဂတ်မှာခင်ဗျားအိမ်ကိုပြောင်းလာရင် ခင်ဗျားရှာကျွေးရမှာ ဒါပေါ့ အစားအသောက်များများကျန်လေကောင်းလေပဲမဟုတ်ဘူးလား … ”  လော့ဖေးက မေးခွန်းထုတ်လိုသောမျက်နှာထားဖြင့်ကြည့်လိုက်သည်။


 “ ခင်ဗျားဘာလို့ဒီလောက်တောင်တုံးရတာလဲ … ”  ဘယ်လောက်တောင်အတွေးမြင့်မြင့်တွေးနေလို့လဲ …


“ ကိုယ်နားလည်ပါတယ် … ” 

 ရှီယန်ချင်းက ပြုံး၍  “ ဝက်ဝံလေး ကိုယ်ကဘယ်လိုလုပ်ပြီးမင်းကို အငတ်ထားရက်မှာလဲကွာ … ”


“ မထားဘူးပေါ့ … ဒါ ခင်ဗျားပြောတာနော် ကျွန်တော့်ကိုဗိုက်ဆာအောင်ထားတာနဲ့ ချက်ချင်းအိမ်ကိုပြန်ပြေးမှာ … ”


“ ရင့်ကျက်စမ်းပါကွာ …”


“ ကျွန်တော်က ရင့်ကျက်ပြီးသားပါနော် … ခင်ဗျားမှာသတ္တိရှိရင် လက်ထပ်ပွဲကိုရုတ်သိမ်းလိုက်လေ …  ”


“ မင်းအိပ်မက်ထဲမှာပဲရမယ် … သွားအိပ်တော့ …  ” 


ရှီယန်ချင်းက ထရပ်လိုက်ပြီးသည့်နောက် လော့ဖေး၏ နဖူးကိုလက်ညိုးဖြင့်ထိုး၍ အိပ်ရာဘက်သို့တွန်းထုတ်လိုက်သည် ။ 


လော့ဖေး နာကျင်သောကြောင့် အော်ဟစ်လိုက်သည်  “ အား …” ပြီးနောက်အိပ်ရာပေါ်သို့လဲကျသွား၏ ။ သူ ရှီယန်ချင်းကို ပြန်ရိုက်ချင်ပါသော်လည်း ရှီယန်ချင်းက ထွက်ပြေးသွားပြီဖြစ်သည်။  


“ သေစမ်း … သနားစိတ်မရှိတဲ့အကောင် ဒီရှောက်ရယ် ကမင်းကိုပြန်ပြီးပညာပြမှာကိုစောင့်နေလိုက်  … ဒီရှောက်ရယ်က မင်းကိုသေတဲ့အထိပြန်ပြီးနှိပ်စက်ပစ်မှာကွ … ကျစ် … ”

 

( TN / ရှောက်ရယ် - သခင်လေး ) 


 လော့ဖေး စိတ်ကုန်သွားသောကြောင့်လော သူ့ထံတွင်  “ ငါနစ်နာသွားစရာဘာအကြောင်းမှမရှိဘူး ” ဟူသည့်သဘောထားကြောင့်လောမသိနိုင်သော်လည်း လော့ဖေးပြောင်းလဲသွား၏ ။


 အရိုက်ခံရပြီးသည့်နောက်တွင် လော့ဖေး၏ ပုန်ကန်တတ်သောစိတ်သည်ယခင်ကထက်ပို၍ ကောင်းမွန်လာသည် ။  သူ၏ လိမ်မာနေသည့်ပုံစံကိုလော့မိသားစုမှလူများတွေ့သောအခါ သူ၏နှလုံးသားထဲရှိတခြားသူကိုလက်လွတ်လိုက်ပြီဟု ထင်သောကြောင့် မိသားစုတစ်ခုလုံး ပုံမှန်အခြေအနေသို့ပြန်လည်ပြောင်းလဲသွားလေသည် ။ 


တစ်ခုတည်းသော ချို့ယွင်းချက်မှုမူ လော့ဖေးသည် ရှီယန်ချင်း၏ အကြောင်းကိုတစ်နေကုန်တစ်နေကမ်းတွေးမိနေခြင်းပင် ။ သူအီးကုန်းရန်အသုံးပြုသည့် ကြွေတုတ်တံလေးကို ရှီယန်ချင်း ပေးထားခြင်းဖြစ်သောကြောင့် ရေအိမ်အသုံးပြုသည့်အချိန်တိုင်းတွင် ရှီယန်ချင်းကိုတွေးနေမိတတ်၏ ။ 


 ပထမတွင် အသုံးပြုပြီးသောအခါ ဒုတိယအဆင့်အနေဖြင့်  သတိရနေမိတတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အကျင့်တစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ ရေအိမ်ကိုတွေ့သည့်အချိန်တိုင်း ရှီယန်ချင်း ကိုသာသတိရနေတတ်သည် ။ အလွန်ပင် ကြောက်စရာကောင်းလှ၏ ။ 


တစ်နေ့လျှင်ထမင်းသုံးနပ်စားလေ့ရှိသောကြောင့် တစ်နေ့လျှင် သူရေအိမ်သွားသည့်အရေအတွက်သည် သုံးကြိမ်ထပ်မနည်းပေ ။ ပြောရမည်ဆိုပါက ရှီယန်ချင်း၏ အကြောင်းကိုသူတွေးနေမိသည့် အရေအတွက်သည် တစ်နေ့လျှင်အနည်းဆုံးသုံးကြိမ်မကရှိ၏ ။ 


လော့ဖေး သံသယရှိမိသည်မှာ ရှီယန်ချင်းသည်ရည်ရွယ်ချက်ရှိရှိဖြင့် နေ့တိုင်းသူအသုံးပြုနေရသည့်အရာကို အခွင့်ကောင်းယူခဲ့သည်ဟု တွေးမိနေသည် ။ 


အသေအချာကြီးကို နေရခက်လိုက်တာ … အရမ်းကိုအန္ဒရာယ်များလွန်းတာသေချာတယ် … 


ယနေ့ည ညစာစားပြီးသောအခါတွင် လော့ဖေးရေအိမ်သွားပြီး ထွက်လာသောအခါ ရှီယန်ချင်းကို စိတ်ထဲနှလုံးသားထဲမှ ကျိန်ဆဲနေသည့်အချိန်၌ လော့ထျန်း သူ့ကိုခေါ်နေသံကိုကြားလိုက်ရသည် ။ 


 လော့ထျန်းက မီးခိုးရောင်ဖြစ်နေသည့် ကောင်းကင်ကြီးကိုကြည့်၍ လော့ဖေး ကိုပြောလိုက်သည်  


“  အာ့ပေါင် မင်းရဲ့ ဦးလေးဟန် အိမ်ကိုသွားချည် ဒီနေ့ရာသီဥတုကောင်းတာမင်းမြင်တယ်မလား မနက်ကျရင်လည်းကြည်လင်နေမှာပဲ ဦးလေးဟန် ရဲ့အိမ်ကိုသွားပြီး မနက်ဖြန်သူတို့နွားလှည်းသုံးဖို့ရှိမရှိမေးလာခဲ့ တကယ်လို့မသုံးဘူးဆိုရင် မနက်ဖြန်သုံးချင်လို့ တစ်ရက်စာလောက်သွားငှားလာခဲ့ ငါနဲ့မင်းရဲ့အစ်ကိုကြီးတို့ တောင်ပေါ်မှာထင်းသွားခုတ်မလို့ ပြီးရင်နေလှန်းထားပြီး အသုံးအဆောင်တချို့လည်းလုပ်ရမယ် …  ”


ဦးလေးဟန် ဟု လော့ထျန်း ပြောသည့်သူသည် ဟန်ရိ ဟုခေါ်ဆိုပြီး လော့ထျန်း၏ သွေးသောက်ညီအစ်ကိုဖြစ်သည် ။  ဟန်ရိ၏ မိသားစုအတွင်း၌လည်းကောတစ်ယောက်ရှိပြီး ဟန်ရှု ဟုခေါ်ဆိုကာ လော့ဖေးနှင့် ကလေးဘဝမှယခုတိုင်ကစားဖော်ကစားဖက်တစ်ဦးဖြစ်သည့်အပြင် လော့ဖေးသည်လည်း ဟန်အိမ်သို့မကြာခဏသွားလည်လေ့ရှိသည် ။ 


ဟန်ရှုက အဘွားဖြစ်သူ၏အိမ်တွင်သွားရောက်နေထိုင်နေသောကြောင့် လော့ဖေး ဟန်အိမ်ကိုသွားရောက်လည်ပတ်ခြင်းမရှိတော့ချေ ။ သို့သော်လည်း နေ့လည်က ဟန်ရှုပြန်ရောက်လာပြီဖြစ်ကြောင်းကြားမိသည် ။ 


လော့ထျန်းက ကလေးများတွင်ပြောစရာစကားများစွာရှိလိမ့်မည်ဖြစ်ကြောင်းတွေးမိကာ မှာလိုက်သည့်ကိစ္စကိုမမေ့ရန်လည်းပြောလိုက်သည် ။ လော့ဖေးက ခဏမျှတွေးနေပြီးနောက် ပြောလိုက်၏။


  “ ရတယ်အဖေ … ကျွန်တော်အခုသွားလိုက်မယ် ”


လော့ထျန်း : “  စန်းပေါင်နဲ့အတူတူသွားလိုက်  ( လော့ယိ )  ညမှောင်နေပြီတစ်ယောက်တည်းမသွားနဲ့ …  ”


ဟန်မိသားစုအိမ်နှင့်သူတို့၏အိမ်သည် မီတာသုံးရာမျှသာကွာဝေးသောကြောင့် ထိုသည်က မလိုအပ်ဟုလော့ဖေး ထင်မိသည် ။ သို့သော်လည်း သူ၏လက်ရှိအခြေအနေကိုတွေးမိသောအခါ လော့ထျန်း၏ပြောစကားကိုနားထောင်လိုက်သည် ။သူ အိမ်အတွင်းသို့ဝင်ကာ လော့ယိကို ခေါ်လိုက်ပြီးသည့်နောက်တွင် ဟန်မိသားစုအိမ်သို့သွားချက်ချင်းသွားလိုက်သည် ။ 


ဟန်မိသားစုတွင် မိသားစုဝင်ခြောက်ဦးရှီသည် ။ ဟန်ရိနှင့် ဟန်ရိ၏ ဇနီးအပြင် ဟန်ရှု နှင့် ဟန်ရှု၏အစ်ကိုဖြစ်သူ ဟန်ယန်တို့ရှိသည် ။ ဟန်ယန်သည်လက်ထပ်ပြီးဖြစ်သည့်အပြင်သူ၏ကလေးများသည် အသက်နှစ်နှစ်ကျော်ရှိပြီဖြစ်သည် ။ 


 လော့ဖေး ဟန်မိသားစုအိမ်သို့ရောက်သောအခါ အိမ်တံခါးဝမှလှမ်းခေါ်အော်လိုက်သောအခါ အတွင်းမှ ဟန်မိသားစုဝင် တစ်ဦးအမြန်ပြေးထွက်လာ၏ ။ သို့သော်လည်း ထိုသူက ဟန်ရှုမဟုတ်ပါဘဲ ဟန်ရိ၏ဇနီးဖြစ်သူ ဟန်လျှိုရှစ် ဖြစ်သည် ။ ဟန်လျှိုရှစ်က လော့ဖေးနှင့်လော့ရိတို့ကို အိမ်အတွင်းသို့ဖိတ်ခေါ်ပြီးသည့်နောက်ပြုံး၍ပြောလိုက်သည် ။  


“ ရှောင်ရှုက မင်းကိုတွေ့ချင်တယ်လို့ပြောရုံရှိသေးတယ်  ( ဟန်ရှု )  မင်းရောက်လာတာပဲ … ”


( TN / ဟန်လျှိုရှစ် ဆိုတာကနာမည်အရင်းမဟုတ်ပါဘူး ဟန်က လက်ထပ်ထားတဲ့အမျိုးသားမိသားစုရဲ့နာမည်ဖြစ်ပြီး လျှိူကမှ အမျိုးသမီးဖြစ်သူရဲ့မျိုးရိုးနာမည်.. ရှစ် ဆိုတာကသူမကလက်ထပ်ပြီးသားအမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် လေးစားသမှုနဲ့ခေါ်တာပါ 


နာမည်အရှေ့မှာ ရှောင် ဆိုတဲ့စကားထည့်ခေါ်တာကကျတော့ အငယ်တွေကိုရင်းရင်းနှီးနှီးပြောဆိုတဲ့အခါမှာသုံးတာပါ  ) 



🙇‍♂️🙇‍♂️