🙇♂️Chapter 11
: နွားလှည်းငှားခြင်း
ဟန်ရှုသည် သူ၏ကိုယ်ပိုင်အခန်းအတွင်း၌ရှိနေခြင်းဖြစ်သောကြောင့် အသံကြားသောအခါ အော်ပြောလိုက်သည်။
“ လော့အာ့ပေါင် ငါ့အခန်းထဲလာခဲ့လေ …”
လော့ဖေး အခန်းအတွင်းသို့ဝင်သွားသောအခါကုတင်ပေါ်တွင်ထိုင်နေသည့် လူဆိုးလေးကိုတွေ့လိုက်ရသည် ။ သူ၏ခြေထောက်တစ်ခုလုံးကို ပိတ်စပတ်တီးဖြင့်ပတ်ထားသည်မှာ မုန့်ပေါင်းတစ်ခုနှင့်တူနေ၏ ။
“ မင်းရဲ့ခြေထောက်ကဘာဖြစ်တာလဲ …”
လော့ဖေးက မူလကိုယ်၏မှတ်ဉာဏ်အတွင်းမှ ဟန်ရှု နှင့်ပက်သက်သည့်အကြောင်းအရာများကိုပြန်လည်တွေးတောလိုက်ပြီးသည့်နောက် ဟန်ရှုကို အလွန်စိတ်ပူသည့်အကြည့်များဖြင့်ကြည့်လိုက်သည် ။
“ မပြောချင်တော့ပါဘူးကွာ … ချော်လဲပြီးတော့ ဝက်ခေါင်းလိုပဲဖူးယောင်နေတာလေ မင်းသာလာမတွေ့ဘူးဆိုရင် ငါမင်းဆီကိုလာနိုင်ဦးမှာမဟုတ်ဘူး … ”
ဟန်ရှုက လော့ယိကို အခန်းအပြင်သို့လွှတ်၍ သူပြန်ယူလာသည့်အရသာရှိလှသော မုန့်များကိုသွားယူခိုင်းလိုက်သည် ။ လော့ယိ အပြင်ထွက်သွားသည်ကိုတွေ့သောအခါ ဟန်ရှု ပထမဆုံးပြုလုပ်သည့်အရာမှာ လော့ဖေး၏ ရင်ဘက်ကိုလှမ်းထုလိုက်ခြင်းဖြစ်၏ ။
“ လော့အာ့ပေါင် … မင်းတကယ်အသက်ရှင်နေသေးတာပဲကွ … မင်းကိုယ်မင်းတော်တော်အသက်ကြီးနေပြီထင်လို့ မြစ်ထဲတောင်ခုန်ချရဲတာလား … မင်းငါ့ကိုသေအောင်ခြောက်နေတာပဲကွ … ”
“ အိုက်ယား … အဲ့ကိစ္စကိုထပ်မပြောဘဲနေကြရအောင် … ငါအခုနေလို့သိပ်မကောင်းလို့ … ”
“ မင်းအခုသက်သာနေပြီဆိုပေမဲ့ ငါလန့်နေတုန်းပဲကွ … ငါရွာကိုပြန်လာတဲ့အချိန် သူများတွေပြောနေတာကြားတာ မင်းတကယ် … မင်းတကယ်မကောင်းတဲ့အကောင် … ကျန့်မိသားစုနဲ့ပတ်သက်ပြီး ငါကောင်းတဲ့အရာတစ်ခုကိုမှမမြင်မိဘူး … ဒါပေမဲ့ အခုတော့အဆင်ပြေသွားတဲ့ပုံပါပဲ … ”
“ ရှုး … မင်းဆက်ပြောနေဦးမယ်ဆိုရင် ငါပြန်သွားတော့မှာနော် … ”
ငါဒီကိုမင်းနဲ့တကယ်သူငယ်ချင်းဖြစ်ချင်လို့လာတာနော်ဟုတ်ပြီလား … လော့ဖေးစိတ်အတွင်းမှပြောနေမိ၏ ။ ပြီးတော့ ဒီမှာ ရှီယန်ချင်းက လွဲရင်သူ့အတွက်တခြားသူငယ်ချင်းမရှိဘူးလို့ … မင်းကျန့်မျိုးရိုးကောင်အကြောင်းကိုဆက်ပြောနေဦးမယ်ဆိုရင်တော့ဒေါသထွက်လွန်းလို့ သူငယ်ချင်းလုပ်ဖို့ ငါပြန်စဉ်းစားဖို့လိုနေပြီ …
“ ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပါပြီ ငါတို့သူ့အကြောင်းမပြောတော့ဘူး ဒါပေမဲ့ ရှီယန်ချင်း အကြောင်းဆွေးနွေးကြမယ်လေ ဘယ်လိုလဲ … ”
ဟန်ရှု လူယုတ်မာဆန်ဆန်ပြုံးလိုက်သောအခါ သူ၏ဇာမဏီမျက်ဝန်းကဲ့သို့သော မျက်လုံးအတွင်းတွင် ပါးနပ်သည့်အရိပ်အယောင်များ ပေါ်ထွက်လာ၏ ။
“ ငါ့အစ်ကိုကြီးပြောတာကြားတာတော့ သူကမင်းတို့အိမ်ကိုပဲအမြဲတမ်းပြေးလာနေတာဆို … မင်းတို့နှစ်ယောက်မှာသတင်းကောင်းရှိနေတာလား … ”
“ အာ … ရှိတယ်လို့ထင်တာပဲ …”
လော့ဖေးက အသည်းနှလုံးမရှိသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ငါ့အမေက ရှီယန်ချင်းနဲ့ရက်ရွေးနေတာလေ ” ထို့နေ့က မှတ်လောက်သားလောက်သည်အထိ ရိုက်နှက်ဆုံးမခံရပြီးသည့်နောက်တွင် မိသားစုတစ်ခုလုံးသည် ထိုကိစ္စနှင့်ပက်သက်၍အလွန်ဂရုစိုက်ကြနေကြသည် ။ သူတို့သည်ကျေးလက်ဘက်တွင်နေထိုင်သည်ဖြစ်သောကြောင့် အနည်းသာအာရုံစိုက်၍လည်းရသည် ။ ထို့အပြင်သူနှင့်ရှီယန်ချင်းတို့သည် အမျိုးသားများဖြစ်ကြသောကြောင့် လက်ထပ်မင်္ဂလာဓလေ့ထုံးတမ်းခြောက်ခုအနက်မှ “ နချိုင် ” နှင့် “ ဝမ်မင်” တို့အပြင် “ နကျီ ” နှင့်အခြားသောအဆင့်သုံးဆင့်ကိုကျော်သွား၍ရသော်လည်း သူနှင့်ရှီယန်ချင်းတို့၏ မင်္ဂလာပွဲသည့် “ နကျန့် ” အဆင့်မှစတင်မည်ဖြစ်သည် ။
( TN : မင်္ဂလာဓလေ့ထုံးတမ်းခြောက်သွယ်က ရှေးဟန်ခေတ်က ဓလေ့ထုံးတမ်းတွေဖြစ်တာမို့လို့ ဒီဘက်ခေတ်တရုတ်ရိုးရာနဲ့တော့ကွာခြားတာမျိုးရှိပါလိမ့်မယ်
“ ဟန်ခေတ် မင်္ဂလာထပ်ပွဲမှာဓလေ့ခြောက်သွယ် ပါဝင်ပြီး ဓလေ့တွေကိုခေါ်တာက ၊ လက်ထပ်ဖို့ကြောင်းလမ်းတာ ( နချိုင် ),
လိုအပ်တဲ့ဇာတာတွေနဲ့ သတို့သမီးဖြစ်သူရဲ့နောက်ခံမှတ်တမ်း ( ဝမ်မင် ) ဇာတာကိုက်တာ ( နကျီ ). တင်တောင်းပစ္စည်းကိုလက်ခံတာ ( နကျန့်) ပြီးတော့တင်တောင်းပစ္စည်းလက်ခံတာ ( ချင်းချီ ) နောက်ဆုံးမှာလက်ထပ်ပွဲ ( ချင်ယင်း ) ဂလူးဂလူးခေါက်ထားတာဖြစ်ပါတယ် … အမှားပါရင်လည်း တောင်းပန်ပါတယ်နော် …)
လော့ဖေးသည် ရှီယန်ချင်း၏မူလကိုယ်ဖြစ်သူ ( ရှီယွိ ) သည်ပြီးခဲ့သည့်နှစ်များအတွင်းမည်သည့် အလုပ်အကိုင်များလုပ်၍ မည်သည့်ကိစ္စများတွင်ပါဝင်ပတ်သက်ခဲ့သည်ကိုမသိသော်လည်း သူ၏ကိုယ်ပိုင်ဆဌမအာရုံအရဆိုလျှင် ကောင်းသည့်အရာများနှင့်ပတ်သက်ခဲ့ခြင်းမရှိသောကြောင့် ကျေးလက်သို့ပြန်လာခဲ့ရခြင်းဖြစ်မည်ဟုတွေးမိ၏ ။ ထို့ကြောင့် ရှီယန်ချင်း တွင်ပိုက်ဆံများများမရှိနိုင်ချေ ။
ပြီးတော့ သူ့မှာပိုက်ဆံရှိတယ်ဆိုရင်တောင်မှ လော့မိသားစုကိုတင်တောင်းပစ္စည်းများများမပေးနိုင်လောက်ဘူး … သူ့ကိုယ်သူအတွက် ကာကွယ်နေနေရတာတောင်အနိုင်နိုင် မူလလော့ဖေး အတွက်ဘာလုပ်ပေးနိုင်မှာလဲ …
အနည်းဆုံး မူလလော့ဖေးသည် လော့မိသားစု၏နှစ်ပေါင်းများစွာကျွေးမွေးပြုစုခြင်းကိုခံခဲ့ရသေးသည် ။ သူ့အတွက်မူ အပြန်အလှန်ခံစားရှိရန်မဆိုထားနှင့် ဗိုက်ပြည့်သည်အထိစားသောက်ရရန်ကသာအဓိကဦးစားပေးဖြစ်သည် ။ မည်သို့ပင်ဖြစ်စေ သူက ရှီယန်ချင်းအား သတို့သမီးတင်တောင်းကြေး မည်ရွေ့မည်မျှပေးပါဟု ပြောဆိုခဲ့ခြင်းမရှိသော်လည်း အရမ်းမများစေနှင့်ဟုသာ ပြောခဲ့သည် ။
ထိုအချိန်တွင် ရှီယန်ချင်းက နောက်ပြောင်သည့်လေသံဖြင့် လော့ဖေးက အတွင်းလူရောအပြင်လူပါ မည်သူ့ကိုမဆို ဂရုမစိုက်ကြောင်းစနောက်ပြောဆိုခဲ့သေး၏ ။
“ ငါထင်တာတော့ မြန်မြန်လက်ထပ်လေကောင်းလေပဲ … ” ဟန်ရှုက ဆက်ပြော၏
“ မင်းမြန်မြန်လက်ထပ်ပြီးတော့ ရှီကောနဲ့ မြန်မြန်ကလေးမွေးရင်ကောင်းမယ် … အဲ့တာဆိုငါတို့ ကျန့်ယန်ဖန်း သေလောက်အောင်လန့်သွားမှာကိုစောင့်ကြည့်လို့ရပြီ … ”
“ အဲ့ခွေးကောင်အကြောင်းမပြောနဲ့လို့ ပြောထားတယ်လေ … ”
လော့ဖေး အလွန်စိတ်ကုန်နေချေပြီဖြစ်၏ ။ ဝဝတုတ်တုတ်ကလေးလေးလို့ ပြောလိုက်တာလား … ဟန်ရှု နဲ့ငါ့အဖေက မျက်နှာချင်းဆိုင်မတွေ့ရတာတောင် ဘယ်လိုဖြစ်ပြီး ဝဝကစ်ကစ်ကလေးလေးမွေးရမယ်လို့ တစ်ပုံစံတည်းပြောနေကြတာလဲ ….
“ ဘယ်လိုပဲဖြစ်ဖြစ် မင်းတစ်ခုခုလုပ်မှဖြစ်မယ် ကျန့်မိသားစုကမင်းကိုအနိုင်ကျင့်တာကိုငြိမ်ခံနေတော့မလို့လား … ပြီးတော့
ကျန့်ယန်ဖန်း နဲ့ ကျန်းပိုင်နင် တို့ကလူကောင်းတွေမှမဟုတ်တာ
… အထူးသဖြင့် ကျန်းပိုင်နင်ပဲ အဲ့ဒီအရှက်မရှိတဲ့အကောင် အားတိုင်းလေလုံးထွားနေတာ … ငါနဲ့တွေ့တဲ့အချိန်တိုင်း ကြွားဝါပြနေတာလေ … ပညာတတ်တစ်ယောက်ကိုလက်ထပ်လိုက်လို့ ဘယ်လိုတောင်အကျိုးရှိပါတယ်ဆိုတဲ့အကြောင်းကို ဂုဏ်ယူပြနေတာလေ …”
“ ငါနားလည်တယ် … အဲ့ဒီကိစ္စကိုသာပြောရင်တစ်နေကုန်တောင်ပြီးမှာမဟုတ်ဘူး … ဒါနဲ့ ဦးလေးဟန်ရော ငါသူ့ကိုမေးစရာရှိလို့ … ” ထိုသွေးတက်စရာနာမည်များကို လော့ဖေး မကြားချင်တော့ချေ ။
“ ငါ့အစ်ကိုကြီးကိုသွားရှာတယ် ဘာဖြစ်လို့လဲ … ”
“ ငါ့အဖေက မနက်ဖြန်ရာသီကောင်းတယ်ပြောလို့ အဲ့တာတောင်ပေါ်တက်ပြီးသစ်ခုတ်ကြမလို့တဲ့ … မင်းတို့အိမ်ကနွားလှည်းကိုမနက်ဖြန်သုံးမှာလားမေးခိုင်းလိုက်လို့ မင်းတို့မသုံးရင် မနက်ဖြန်တစ်ရက်လောက်ငှားလို့ရမလား … ”
“ ငါလည်းမသိဘူး ဒါပေမဲ့ မင်းနဲ့အတူလိုက်မေးပေးမယ်လေ … ”
“ ဒီလိုပုံစံကြီးနဲ့အိပ်ရာထဲကထွက်လို့ဖြစ်ပါ့မလား …”
“ အိုက်ယား … ငါအပိုပြောတာမဟုတ်ဘူး မင်းကူတွဲပေးမယ်ဆိုရင်လျှောက်လို့ရတယ် ငါ့အမေကငါ့ကိုအရမ်းစိုးရိမ်လွန်ပြီးအပြင်မထွက်ခိုင်းလို့သာ … ”
ဟန်ရှုက မိဘသဘောမတူသည့်အရာတစ်ခုကိုခိုးလုပ်နေရသည့်သူခိုးလေးတစ်ယောက်ကဲ့သို့ ခိုးကြောင်ခိုးဝှက်ဖြင့် လော့ဖေး၏ခါးကိုကိုင်ကာအားပြု၍ထလိုက်ပြီးသည့်နောက်တွင် ခြေထောက်တစ်ချောင်းထောက်ရန်ကြိုးစားလိုက်သည် ။
မူကကတည်းက အားမရှိသည့်လော့ဖေးသည် ဟန်ရှုကို ခက်ခက်ခဲတွဲ၍ အခန်းထဲမှထွက်လာခဲ့သည် ။
ဟန်ယန်၏မိသားစုအိမ်သည် ဟန်ရှုတို့၏အိမ်နှင့်ဆန့်ကျင်ဘက်အရပ်တွင်တည်ရှိသည် ။ ဟန်မိသားစု၏သားကြီးဖြစ်သည့် ဟန်ယန်သည် လက်ထပ်ပြီးနောက် အိမ်ခွဲ၍ အဘိုးဟန် နှင့်အတူတူနေ၏ ။
“ အဖေ အထဲမှာရှိလား … ” ဟန်ရှု အပြင်မှအော်ခေါ်လိုက်သည် ။
“ ငါဒီမှာ ” ဟန်ရိက ပြန်ထူးပြီးနောက်အချိန်ခဏကြာသောအခါမှထွက်လာ၏ ။
“ ဟေး … အာ့ပေါင်ပါလား လာအထဲဝင်လေ ရှောင်ရှု သူ့အဖွားအိမ်ကပြန်လာတော့အဲ့ဒီကဒေသထွက်အစားအစာတွေအများကြီးပါလာတယ် သားအိမ်ပြန်ရင်စားဖို့ယူသွားချည် … ”
“ အိုက်ယိုး … အဖေကလည်း သားသူ့အတွက်ထုတ်ပေးပြီးချန်ထားပြီးပါပြီ အခုအဲ့ကိစ္စပြောရမှာမဟုတ်ဘူး အာ့ပေါင်က နွားလှည်း ငှားလို့ရမရလာမေးတာ မနက်ဖြန် ဦးလေးတို့ တောင်ပေါ်သွားပြီး သစ်ခုတ်ကြမလို့တဲ့ … ”
“ မနက်ဖြန်မအားဘူး မင်းတို့ရဲ့အစ်ကိုကြီးက သူ့မိန်းမအတွက်သဲသွားသယ်မလို့ အရင်ကတည်းကပြောထားတာ … မသယ်နိုင်ရင်ပြဿနာဖြစ်သွားနိုင်လို့ ” ဟန်ရိကဆက်ပြော၏
“ ဒီလိုဆိုရင်ရော … မင်းရဲ့အဖေကိုဖိန်းနွဲခါမှတောင်ပေါ်သွားပြီးထင်းခုတ်ရင်သုံးလို့အဆင်ပြေလားလို့မေးကြည့်လိုက်ပါလား … အဲ့အချိန်ကျရင်တော့နွားလှည်းအားပြီ …”
“ ဟုတ်ကဲ့ ဟန်ရှု ကျွန်တော်အိမ်ပြန်ပြီးမေးကြည့်လိုက်မယ် ဘယ်နေ့သွားသွားအတူတူပဲဆိုတော့ သူတို့လည်းအရမ်းအလျင်မလိုဘူးလို့ထင်ပါတယ် … ”
“ ဟုတ်ပြီ ဒါဆိုရင်ဖိန်းနွဲခါကျ မင်းအဖေနဲ့အစ်ကိုကြီးကိုမနက်စောစောလာယူခိုင်းလိုက်ချည် … ဦးလေးနွားတွေကိုဂရုစိုက်ပြီးလှည်းအသင့်ပြင်ထားလိုက်မယ် … ”
“ ကျေးဇူးတင်ပါတယ်နော် ဦးလေးဟန် ဒါဆိုကျွန်တော်အရင်ပြန်လိုက်ဦးမယ် … ”
“ ဟေး … နေဦးလေ မင်းအိမ်မှာမုန့်တွေမယူရသေးဘူးလေ … ” ဟန်ရှုကမူ လော့ဖေး မပြန်မှီ ဟန်မိသားစုအိမ်သို့ပြန်သွား၍ လက်ဆောင်များကိုယူသွားစေချင်သေး၏ ။
လောဖေးလည်း ရှားရှားပါးပါးအစားကောင်းအသောက်ကောင်း အလကားစားသောက်ရမည့်အခွင့်အရေးကို လက်လွှတ်မခံသင့်ကြောင်းတွေးလိုက်မိသည် ။
ဟန်ရှုက ပဲနီလေးကိတ်နှင့် ဖရုံယို ၊ မြေပဲသကြားလုံးတို့ပါဝင်သည့်အိတ်ကလေးတစ်အိတ်ကိုယူထုတ်လာ၏ ။ ဤအရာများသည်ခေတ်သစ်တွင် မပြောပလောက်သောအရာများဖြစ်ပါသော်လည်း ဤခေတ်တွင်မူရှားပါး၏ ။ သူတို့သည် အလွန်ရင်းနှီးသည့် အချစ်ဆုံးသူငယ်ချင်းများဖြစ်သောကြောင့်သာ အိတ်တစ်အိတ်စာရရှိခြင်းဖြစ်သည် ။
တခြားသူတွေသာဆို မြေပဲသကြားလုံးတစ်လုံးတောင်စားရမှာမဟုတ်ဘူးကွ …
မူလကိုယ်သည် အိမ်ထောင်ဖက်ရှာရာတွင်မျက်လုံးမကောင်းသော်လည်း သူငယ်ချင်းရှာရာတွင်မူ အတော်လေးစိတ်ချရသည်ဟု လော့ဖေး တွေးလိုက်မိသည် ။
ဟန်ရှုသည် အမှန်တကယ် သူငယ်ချင်းကောင်းတစ်ဦးဖြစ်၏ ။
လော့ဖေး မြေပဲသကြားလုံးကိုပါးစပ်ထဲထည့်ပြီးနောက် အောက်သို့ငုံ့ကြည့်လိုက်ရာ တလက်လက်တောက်ပနေသော လော့ယိ၏ မျက်လုံးများကိုမြင်လိုက်ရသဖြင့် လော့ယိကို တတိယမြောက်သကြားလုံးပေးလိုက်ပြီးသည့်နောက် ကျန်သည်ကိုအိတ်အတွင်းသို့ပြန်ထည့်သိမ်းလိုက်သည်။
“ စန်းပေါင်အတွက်လည်းချန်ထားရဦးမယ် … မင်းတစ်ယောက်တည်းအကုန်စားလို့မဖြစ်ဘူး … ”
“ သားသိပါတယ် အာ့ကောရဲ့ … သားအများကြီးမစားချင်ပါဘူး … ”
လော့ယိက သကြားလုံးကိုပါးစပ်ထဲထည့်လိုက်ပြီးသည့်နောက် မျက်လုံးလေးများလခြမ်းကွေးဖြစ်သည်အထိ ပြုံးရယ်နေတော့သည် ။
“ အရမ်းချိုတယ် … ”
သို့သော်လည်း သူတို့ထင်မှတ်မထားမိသည်မှာ သိပ်မဝေးသောနေရာမှ စကားသံထွက်ပေါ်လာမည်ကိုပင် ။
“ အရမ်းချိုတာပေါ့ … သူများဆီက အလကားစားရတာကိုး … ”
ထိုအသံကိုကြားသည်နှင့် လော့ဖေး စိတ်ထဲတွင်ဆဲဆိုလိုက်မိသည် ။ လမ်းသည်အမှန်ပင်ကျဉ်းမြောင်းလှ၏ ။ ကျန်းပိုင်နင် နဲ့လာတွေ့နေရတယ်လို့ …
“ ဘာမှမလုပ်ဘဲထိုင်စားရတယ်ဆိုမှ အဲ့တာကလည်းကံကောင်းမှုတစ်မျိုးပဲနော် … သူများဆီက စားပဲစားပြီးပြန်ပေးဖို့မလိုဘူးဆိုတာအရမ်းကောင်းတာပဲမဟုတ်ဘူးလား … ဘယ်သူကငါဒီလိုကံကောင်းတာကို ချဉ်စူးပြီးမနာလိုနေတာလည်းမသိဘူးနော် … ”
လော့ဖေးက နောက်လှည့်ကြည့်လိုက်သော်လည်း သူ၏မျက်လုံးအတွင်း၌ ထေ့ငေါ့လှောင်ပြောင်မှုအပြည့်ပင်။
“ ကျန်းပိုင်နင် မင်းမှာသူများပြောတာကိုခိုးနားထောင်တတ်တဲ့အကျင့်ရှိတယ်ဆိုတာ ဘယ်လိုဖြစ်ပြီးငါမေ့သွားရတာလဲမသိဘူးနော် … ချောင်ထဲကနေလက်သီးပုန်းထောင်ပြနေဖို့ပဲမင်းတတ်နိုင်တာမဟုတ်လား … ဟမ် … ”
“ မင်းဘယ်လိုလုပ်ပြီးဒီလိုပြောနိုင်ရတာလဲ … ” ကျန်းပိုင်နင် စိတ်ဆိုးလာသောအခါ အပြောအဆိုများကမယဉ်ကျေးတော့ချေ ။
“ ငါဒီတိုင်းလမ်းလျှောက်နေရင်းနဲ့ကြားလိုက်တာ လမ်းကမင်းပိုင်တာမှမဟုတ်တာ … လမ်းပေါ်မှာတောင်လမ်းလျှောက်လို့မရဘူးလား … ”
“ လမ်းကမင်းပိုင်တာမဟုတ်ဘူးလေ … ဒါပေမဲ့ ဘာပြောလိုက်တယ်ဆိုတာသိနေတာကတော့ နားစွန်နားဖျားကြားရုံပဲမဟုတ်ဘူးလေ … မင်းက ကျန်းပိုင်နင် မင်းရဲ့တရုတ်ရိုးရာမွေးနှစ်က သူခိုးနှစ်လားဟမ် … ခိုးကြောင်ခိုးဝှက်နဲ့ လမ်းကိုနှေးနှေးလေးလျှောက်နေတာ … ဟန်မိသားစုအိမ်နားမှာပဲပတ်လျှောက်နေတာလား … ”
“ မင်းကမှသူခိုးနှစ်မှာမွေးတဲ့ကောင် … ” ကျန်းပိုင်နင်က လော့ဖေးကိုနိုင်အောင်မပြောနိုင်သောကြောင့် ဒေါသများကိုမြိုသိပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ မင်းရဲ့ပါးစပ်က အရမ်းဆိုးတာပဲလို့ မင်းအမေမင်းကိုမပြောဘူးလား … ”
“ ပြောတယ်လေ … ဒါပေမဲ့ လူကောင်းတွေအပေါ်ပဲယဉ်ကျေးပြီးတော့ မကောင်းတဲ့ကောင်တွေအပေါ် ယဉ်ကျေးစရာမလိုဘူးလို့ အမေသင်ထားတယ် … ”
လော့ဖေးက ကျန်းပိုင်နင်၏ ခန္ဓာကိုယ်ကိုအပေါ်အောက်အစုန်အဆန်ကြည့်လိုက်ပြီးနောက် ခေါင်းခါ၍ပြောလိုက်သည် ။
“ ထားလိုက်ပါတော့ … ငါပဲသည်းခံလိုက်ပါမယ်လေ …”
“ မင်း … လော့ဖေး မင်းအရမ်းလူပါးမဝနဲ့နော် … ”
ကျန်းပိုင်နင်က အံကြိတ်၍ဆက်ပြော၏ ။
“ ငါကမင်းကိုငါ့နွားငှားပေးလို့ရတယ်လို့ပြောမလို့ မင်းကငါ့စေတနာကိုစော်ကားလိုက်တာပဲ … မင်းရဲ့ပါးစပ်နဲ့မင်းရဲ့ပြုမူပုံကအရမ်းရှက်စရာကောင်းတယ် … မင်းကိုနွားငှားမိတဲ့သူကတော့ကံဆိုးတာပဲ … ”
“ ဖီ … မင်းအိမ်ကနွားကိုငှားမိတဲ့သူကမှကံဆိုးတာကွ … ဒီလိုသခင်ပုံစံမျိုးနဲ့ ဘယ်လိုတိရစ္ဆာန်မျိုးကိုလေ့ကျင့်ပေးနိုင်မှာမို့လို့လဲ မင်းရဲ့နွားကလမ်းတစ်ဝက်မှာအမြုပ်ထွက်ပြီးသေသွားရင်တော့ ငါနဲ့မဆိုင်ဘူးနော် … ငါကတော့မင်းဆီကဘာကိုမှမငှားချင်ဘူး …”
“ ငါလည်းမင်းကိုမငှားပါဘူး … မွဲတေနေတဲ့သူတောင်းစားရဲ့ …”
“ မင်းဘာပြောလိုက်တာလဲ … ”
“ မင်းကိုမွဲတေနေတဲ့ကောင်လို့ပြောလိုက်တာလေ အိမ်မှာနွားတစ်ကောင်တောင်မရှိဘဲနဲ့ တစ်ခုခုလုပ်စရာရှိရင်တောင်သူများဆီက လိုက်ချေးငှားနေရပြီးတော့ … မင်းရဲ့အသားအရည်ကိုလည်းပြန်ကြည့်စမ်းပါဦး သစ်ခေါက်ထက်တောင်ထူသေးတယ် … ”
“ အသိတွေဆီကငှားလို့ရတယ်ဆိုတာ ငါကသူတို့နဲ့ဆက်ဆံရေးအရမ်းကောင်းတယ်ဆိုတဲ့သဘောပဲ …မင်းမှာအရည်အချင်းရှိတယ်ဆိုရင်တစ်ကောင်လောက်ငှားကြည့်လိုက်လေ ဒါပေမဲ့ ငါကြည့်ရသလောက်တော့ သူများပစ္စည်းကိုဖျက်ဆီးချင်တဲ့မင်းလိုလူမျိုးကို ရေတောင်ငှားတိုက်ချင်ကြမှာမဟုတ်ဘူး … ဘယ်သူသိမှာလဲ မင်းကပြန်မပေးဘဲ ခိုးတောင်ခိုးထားနိုင်တယ်လေ … ကျစ်… ”
လော့ဖေးက နှာမှုတ်ပြီးနောက်ပြန်လှည့်လိုက်သည်။
“ စန်းပေါင် သူခိုးကောင်နဲ့စကားမပြောနဲ့တံတွေးကုန်တယ် … ”
“ ဟုတ်ကဲ့ … အာ့ကော …” လော့ယိက စကားပြောပြီးသည့်နောက် “ ဟမ့် “ ဟုလှောင်ရယ်လိုက်ပြီးသည့်နောက် နှာချေးညှစ်၍ ပစ်ထည့်လိုက်ရာ ကျန်းပိုင်နင်၏ မျက်နှာထက်တွင် “ ဘက်ခနဲ “ ကပ်သွား၏ ။
ဟမ့် ဟူသောအသံအပြီးတွင် သူ၏မျက်နှာထက်တွင် အေးစက်စက်ချွဲကျိကျိအရာတစ်ခုကပ်နေကြောင်းသတိထားမိသွားလေသည် ။ သူကထိုအရာကိုထိကြည့်လိုက်ပြီးသည့်နောက် မည်သည့်အရာဖြစ်ကြောင်းသိသွားသဖြင့် ရွှံရှာစွာမအော်ဟစ်ဘဲမနေနိုင်ပါချေ ။
“ လော့ဖေး နဲ့လော့ယိ ခွေးသားနှစ်ကောင် … မင်းတို့ကငါ့ကိုရွံစရာကောင်းပြီးအန်အောင်လုပ်နေကြတာပဲ … ”
လော့ဖေးနှင့်လော့ယိတို့သည် သူ့ကိုလျှစ်လျှူရှုထားပါသော်လည်း နားထဲတွင်ပဲ့တင်ထပ်နေသည့်အရာမှာ မွဲတေတာနှင့် နွားတောင်မရှိဘူးဟူသည့်စကားများပင် ။
လော့ဖေးက မူလကအိမ်ပြန်ရန်ဆုံးဖြတ်ထားသည်ကိုပြောင်းလဲလိုက်၏ “ စန်းပေါင် မင်းအရင်အိမ်ပြန်လိုက် … ငါမင်းရဲ့ ရှီကောအိမ်မှာဆွေးနွေးစရာရှိတာဆွေးနွေးပြီးတာနဲ့ ပြန်လာခဲ့မယ် … ”
လော့ယိ : “ ကျွန်တော်လည်းကောနဲ့လိုက်ခဲ့မယ်ဆိုရင်ရောဘယ်လိုလဲ … ကောအိမ်ကိုတစ်ယောက်တည်းပြန်လာရဲမယ်ထင်လို့လား … ”
လော့ဖေး ပြောစရာစကားပျောက်ရှသွား၏ “ ငါကဘာလို့တစ်ယောက်တည်းပြန်မလာရဲရမှာလဲ … မင်းသွားစရာရှိတာကိုသာသွားစမ်းပါ … ”
သူ ရှီယန်ချင်းနဲ့စကားပြောမှဖြစ်မယ် … ငါတို့နွားမြန်မြန်ဝယ်နိုင်အောင်ဆွေးနွေးရမယ် …
🙇♂️🙇♂️