🙇♂️Chapter 12
: အစီအစဉ်များ
ကျေးလက်ဒေသများတွင် နွားများသည်မရှိမဖြစ်တိရစ္ဆာန်များဖြစ်ကြသည် ။ နွားပိုင်သည့်မည်သူမဆို သူတို့၏နေထိုင်ရသည့်အခြေအနေသည် အလွန်ဆိုးရွားလိမ့်မည်မဟုတ်ချေ ။ မြင်းများကမူ အမှန်တကယ်ကြွယ်ဝချမ်းသာသည့်မိသားစုများကသာ ပိုင်ဆိုင်နိုင်၏ ။
ကျန့်ယန်ဖန်းနှင့် ကျန်းပိုင်နင်တို့ လက်ထပ်သည့်အချိန်က ကျန့်ယန်ဖန်း မြင်းစီးခဲ့ပါသော်လည်း ထိုမြင်းသည်ငှားရမ်းထားခြင်းသာဖြစ်သည် ။ ကျန့် မိသားစုသည် ဟွဖျင်ကျေးရွာတစ်ခုလုံးတွင် အချမ်းသာဆုံးသောမိသားစုဖြစ်ပါသော်လည်း ထိုကဲ့သို့သောမိသားစုမျိုး၌ပင် မြင်းမရှိချေ ။ မြင်းများမည်မျှဈေးကြီးကြောင်းကိုမှန်းဆကြည့်နိုင်၏ ။
သို့သော်လည်း ကျန့်မိသားစုသည် နွားပိုင်ဆိုင်သေး၏ ။
ထိုပေါက်လွှတ်ပဲစားကောင် ကျန်းပိုင်နင်၏ အကြောင်းကိုတွေးမိသည့်အချိန်တိုင်း လော့ဖေး အလွန်ဒေါသထွက်ရ၏ ။
နွားလေးတစ်ကောင် နှစ်ကောင်ပဲမလား …
သူလည်းနွားတစ်ကောင်လောက်ဝယ်ချင်တာပေါ့လို့ … ကျန့်မိသားစုကနွားထက်ပိုပြီးကောင်းတဲ့နွားကိုဝယ်ပြလိုက်ဦးမယ် … ငါကလူတိုင်းကိုလိုက်ပြိုင်နေတတ်တဲ့သူမျိုးမဟုတ်ပေမဲ့ ဒီရန်သူတစ်ယောက်ထက်တော့သာအောင်လုပ်ရမယ် … ကျန့်ယန်ဖန်းနှင့်ကျန်းပိုင်နင်တို့ကြောင့် သူလူပေါင်းများစွာ၏ သွားပုပ်လေလွင့်ပြောဆိုခြင်းကိုခံခဲ့ရသည် ။ အဲ့ဒီကောင်ဘာပြောပြော ပြန်ပြီးတိုက်ခိုက်မှကိုဖြစ်မယ် …
လော့ဖေး ရှီမိသားစု အိမ်တံခါးဝတွင်ရပ်နေ၏ “ ရှီယန်ချင်း … ခင်ဗျားအထဲမှာရှိလား ”
ရှီယန်ချင်းက ပြန်ထူးလာ၏။
“ ရှိတယ် … တံခါးကသော့မခတ်ထားဘူး ကိုယ့်ဘာသာဖွင့်ပြီးဝင်ခဲ့ … ”
လော့ဖေး တံခါးကိုတွန်းဖွင့်လိုက်သော်လည်း ရှီမိသားစုအိမ်တံခါးသည်အလွန်လေးလံသောကြောင့် ပထမတစ်ကြိမ်တွန်းသောအခါ တံခါးလုံးဝပွင့်သည်အထိမဖွင့်နိုင်ခဲ့ချေ ။
မှောင်ရီပျိုးနေပြီဖြစ်သဖြင့် ရှီယန်ချင်းက ရေနံဆီမီးအိမ်ကိုထွန်းထား၏ ။ လော့ဖေး အခန်းအတွင်းသို့ဝင်လိုက်သောအခါ သူကအလင်းရောင်အောက်တွင် အပ်တစ်ချောင်းကိုင်လျှက် အဝတ်များကိုစိတ်ရှုပ်ထွေးစွာဖြင့်စိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည် ။
“ မင်းတစ်ခုခုလိုလို့လား …” ရှီယန်ချင်းက ခေါင်းမော့၍မေးလိုက်သည် ။
“ ခင်ဗျားဘာလုပ်နေတာလဲ … ” လော့ဖေးကာ သက်တောင့်သက်သာရှိစွာထိုင်၍ မေးလိုက်သည်၊
“ အဝတ်တွေချုပ်နေတာလား … ”
“ အင်း … ဒီနေ့အလုပ်လုပ်နေတုန်း တစ်ခုခုငြိမိပြီးပြဲသွားတာထင်တယ် … မချုပ်ပဲအလုပ်ဆက်လုပ်ဖို့အဆင်မပြေဘူးထင်လို့ ပုံမှန်ဆိုရင်တော့အဆင်ပြေပါတယ်ဒါပေမဲ့
ဒူးနေရာမှပေါက်သွားတာမို့လို့ ထိုင်လိုက်ထလိုက်လုပ်ရင် အပေါက်ကပိုပိုပြီးကြီးလာလိမ့်မယ် ..
“
“ ဟေး … ကျွန်တော်ခင်ဗျားကိုမေးစရာရှိလို့ … နွားတစ်ကောင်ဝယ်ဖို့ပိုက်ဆံဘယ်လောက်လောက်ရှိမှဖြစ်မှာလဲ … ” လော့ဖေး စကားဆုံးသောအခါ ရှီယန်ချင်း အဝတ်များကိုရှုပ်ယှက်ခတ်အောင်လုပ်နေခြင်းလည်းပြီးဆုံးသွား၏ ။
“ လယ်ထွန်တဲ့နွားတစ်ကောင်ဆိုရင် ငွေငါးလျန်လောက်လိုတယ် … ”
“ ငါးလျန်လား …”
အရမ်းဈေးပေါ … မဟုတ်ဘူးဟ … အရမ်းအရမ်းကိုမှဈေးကြီးတာ … အကယ်၍ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပါက သူဒုက္ခခံခြစ်ကုပ်၍စုဆောင်းလျှင် ငွေသုံးလျန်မျှစုနိုင်သေး၏ ။ ငါးလျန်တောင် … မစားမသောက်ဘဲနှစ်နှစ်လောက်စုရမှာမဟုတ်ဘူးလား …
“ နို့စားနွားကပိုပြီးဈေးသက်သာမယ်ထင်တယ် အရည်အသွေးကောင်းကောင်းတစ်ကောင်ကိုလေးလျန်လောက်နဲ့ အရည်အသွေးသိပ်မကောင်းတာကို သုံးလျန်ပဲပေးရတယ် … နွားကအမဆိုရင်ပိုပြီးဈေးကြီးတယ် သားဖောက်တဲ့နွားတွေကဈေးအကြီးဆုံးပဲ … ဘာဖြစ်လို့မေးတာလဲ … ”
“ ကျွန်တော်နွားဝယ်ချင်လို့ ဟေး … ခင်ဗျားသိလား …ကျန်းပိုင်နင်လေ မူလခန္ဓာကိုယ်ရဲ့နေရာကိုလုသွားတဲ့တစ်ယောက်လေဟန်မိသားစုမှာ နွားလှည်းသွားငှားတော့သူ့ကိုတွေ့ခဲ့တယ်… သူအိမ်မှာနွားရှိတာကိုကြွားနေတာ မသိရင်လူတွေမသိမှာကျနေတာပဲ … ”
သူကခဏရပ်လိုက်ပြီးနောက် “ ဒါပေမဲ့ ငါးလျန်ကတော့တကယ်ကြီးဈေးကြီးတာ … ”
သူ့ကိုယ်သူရောင်စားလိုက်မည်ဆိုလျှင်ပင် ငွေငါးလျန်မရနိုင်လောက်ချေ ။ တကယ်ကိုအခြေအနေတော်တော်ဆိုးတာပဲ
…နွားကဈေးကြီးလွန်းလို့ အိမ်တိုင်းမပိုင်နိုင်တာကိုး …
“ မင်းမှာပိုက်ဆံလုံလောက်အောင်ရှိပြီဆိုရင်ဝယ်လို့ရတာပဲ ငါတို့ကငယ်ပါသေးတယ် ဖြည်းဖြည်းချင်းအစီအစဉ်ချလို့ရတယ် … ကိုယ်တို့မှာဒီဘက်ခေတ်ကလူတွေထက်ပိုပြီးသိနေတာတွေအများကြီးရှိတာပဲ ဒါ့ကြောင့်မို့လို့ကိုယ်တို့မှာတီထွင်နိုင်မဲ့အခွင့်အရေးတွေအများကြီးရှိတယ် … ”
“ ခင်ဗျားပြောတာမှန်တယ် … ဒါပေမဲ့ကျွန်တော်ဘယ်ကနေစရမှာလဲ … ”
ပိုက်ဆံရှာခြင်းသည်အလွန်အရေးကြီးကြောင်းသူသိပါ၏ ။ ဒါပေမဲ့ ပိုက်ဆံပိုရအောင်ဘယ်လိုရှာရပါ့မလဲ … ဒီလိုနေရာမျိုးမှာ ကြေငြာရိုက်ပြီးပိုက်ဆံရှာလို့လဲမရဘူး …
( လော့ဖေးက အရင်ကရုပ်ရှင်နဲ့ရိုက်ကူးရေးမေဂျာကမို့လို့ သူသိတဲ့ပိုက်ဆံရှာနည်းက သရုပ်ဆောင်တာတစ်ခုပဲရှိပါတယ် )
လော့ဖေး အချိန်အတော်ကြာတွေးကြည့်သော်လည်း အခြားပိုက်ဆံရှာနိုင်သည့်နည်းလမ်းသည် တောင်ပေါ်တွင် လယ်များများစိုက်၍ အိမ်အတွက်ကောက်ပဲသီးနှံများစွာသိုလှောင်ထား၍ရောင်းချရန်တစ်ခုသာဖြစ်သည် ။ သို့သော်လည်းသူ၏ ခြေလက်နူးနူးညံ့ညံ့လေးများကြောင့် ဤနှစ်မပြောနှင့် နောက်တစ်နှစ်အချိန်သို့ရောက်ရှိသည့်အခါတွင်ပင် မြေတစ်မူဖြစ်ထွန်း အောင်စိုက်နိုင်မည်မဟုတ်ချေ ။
ဘဝသည်အမှန်ပင်ခါးသီးလွန်းလှ၏ ။
တခြားသူတွေကူးပြောင်းသွားပြီဆိုရင် သူတို့ရဲ့အရည်အချင်းတွေနဲ့ လွယ်လွယ်ပိုက်ဆံရှာပြီးနေသွားကြတာမလား … သူ့ကျမှဘာလို့မရတာလဲ … ယုတ္တိမတန်လိုက်တာ …
ရှီယန်ချင်းက အတွေးလွန်နေသည့် လော့ဖေး ကိုကြည့်ကာပြုံးလိုက်သည်။
“ အဲ့လောက်တောင်နွားလိုချင်နေတာလား … ”
“ အာ ...” လော့ဖေးက ရှီယန်ချင်းကို မျက်မှောင်ကျုံ့၍ကြည့်လိုက်သည်၊
“ ခင်ဗျားရောမလိုချင်ဘူးလား … ကျွန်တော်တို့လယ်လုပ်တော့မယ်ဆိုရင် နွားတစ်ကောင်လောက်ရှိမှကောင်းမှာပေါ့ တကယ်လို့… နွားမရှိဘူးဆိုရင် နွားအလုပ်တွေကိုပါ ကျွန်တော်တို့လုပ်ရတော့မှာ … ”
တွေးကြည့်ရုံနဲ့တင် ကျောတွေစနာလာပြီလို့ …
သူသည်ကောတစ်ယောက်ဖြစ်ကာ ခန္ဓာကိုယ်သန်မာခြင်းမရှိသော်လည်း အလုပ်လုပ်ရန်လိုအပ်သည့်နေရာများတွင်ကူညီပေးရဦးမည်ဖြစ်သည် ။ ပိုင်မုန့်များကောင်းကင်ပေါ်မှကျလာရန် ထိုင်စောင့်နေ၍မရချေ ။ ( အခွင့်အရေးကိုပဲထိုင်စောင့်နေလို့မရဘူးလို့ဆိုလိုချင်တာပါ ) ဒါ့ကြောင့်မို့လို့နွားရှိမှကိုဖြစ်မယ် …
“ မင်းဟင်းချက်တတ်လား … ” ရှီယန်ချင်းက တွေးပြီးနောက်ပြောလိုက်သည် ။
“ မင်းဟင်းချက်နိုင်တယ်ဆိုရင် အနာဂတ်မှာလယ်အလုပ်တွေအကုန် ကိုယ်လုပ်နိုင်ပါတယ် … ”
“… ခေါက်ဆွဲပြုတ်တတ်တာကို ဟင်းချက်တဲ့ထဲထည့်တွက်လို့ရလား … ” လော့ဖေး မေးလိုက်သည် ။
“ ဒီလိုနေရာမျိုးမှာအသင့်စားခေါက်ဆွဲဝယ်လို့ရမယ်လို့ မင်းထင်နေတာလား … ”
ရှီယန်ချင်းက သက်ပြင်းရှည်ချ၍ “ ကြည့်ရတာတော့ အခုအချိန်မှာ အရသာရှိတာတွေစားနိုင်ဖို့ ကိုယ်တို့မျှော်လင့်လို့မရဘူးထင်တယ် …
”
“ ဟုတ်တယ် ဘာပဲဖြစ်ဖြစ်အရသာရှိတဲ့အစားအသောက်တွေလုပ်ဖို့လည်း ကျွန်တော်တို့မှာပါဝင်ပစ္စည်းတွေမှမရှိဘဲ … နေ့တိုင်းစားနေရတဲ့ ယာဂု ဒါမှမဟုတ် မုန့်ပေါင်း ပန်ကိတ်နဲ့ ပြောင်းယာဂု အဲ့တာတွေအကုန်လုံးကအရသာတစ်စက်မှမရှိဘူး ဘယ်အချိန်မှအသားလေးစားနိုင်မလဲမသိပါဘူး … ”
လော့ဖေးက နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပြီးသည့်နောက်တွင် ယခင်ကသူစားခဲ့သည့်အရသာရှိလှသောအစားအသောက်များအကြောင်းပြန်တွေးလိုက်မိသည် ။ သူ၏ပါးစပ်ထဲတွင်သွားရည်များဖြင့်ပြည့်နေသည်ကိုသာခံစားမိ၏ ။ နေ့တိုင်းကျောင်းတွင်သူစားမကုန်ခဲ့သည့်အစားအသောက်များရှိခဲ့သည်ကိုပြန်တွေးမိသောအခါ အမှန်ပင်အစားအသောက်ကိုဖြုန်းတီးခဲ့ခြင်းဖြစ်ကြောင်း တွေးမိသွားသည် ။
“ ဒီနှစ်ကပ်ဘေးကြုံခဲ့ရတာနဲ့ယှဉ်ရင် ကိုယ်တို့က ဒီတစ်ခါကံကောင်းသွားတယ်လို့ပြောလို့ရတယ် … လူတွေဘယ်လောက်တောင်ငတ်ပြီးသေကြမလဲမသိဘူး အနည်းဆုံးကိုယ်တို့က ဗိုက်ဆာရုံလောက်ပဲရှိတာပါ … ”
ရှီယန်ချင်းက ပြောရင်းဖြင့် ဘောင်းဘီကိုဆက်ချုပ်ခြင်းမရှိတော့ဘဲ မပျော်မရွှင်ဖြစ်စွာဖြင့် ဘေးသို့ပစ်ထုတ်လိုက်သည် ။ သူ၏မျက်လုံးများဝေဝါးသွားသည်အထိချုပ်နေခဲ့ပါသော်လည်း ပုံစံမကျသေးချေ ။
သူကအပေါက်ကိုဖာလိုက်ပြီးပြီလို့တွေးခဲ့ပေမဲ့ ရလဒ်က ခြေထောက်နှစ်ဖက်ကိုပူးချုပ်လိုက်မိတာဖြစ်နေတာပဲ … ခြေထောက်တောင်စွပ်လို့မရတော့ဘူး …
“ ကျစ်ကျစ်ကျစ် … စိုက်ပျိုးရေးတက္ကသိုလ်က အရည်အချင်းရှိကျောင်းသားက ဒါတောင်မလုပ်တတ်ဘူးလား … ကျောင်းဝင်ခွင့်ရပြီးတော့ စာအုပ်တွေဝယ်မဖတ်ခဲ့ဘူးလား … ”
လော့ဖေးက ခြေချိတ်ထိုင်လိုက်ပြီးနောက် ...
“ ဒီသခင်လေးက ခင်ဗျားကိုကူညီပေးရမလား … ”
“ မင်းအပ်ဘယ်လိုချုပ်ရမလဲဆိုတာသိလို့လား … ”
“ ကျွန်တော်သိတာပေါ့ ကျွန်တော်ရဲ့အဖွားကကျော်ကြားတဲ့ ရိုးရာချည်ပန်းထိုးပညာရှင်လေ အဖွားကအပ်ချုပ်တာကိုအမြဲတမ်းအမေ့ကိုလေ့လာစေချင်ခဲ့တာ ဒါပေမဲ့အမေကစိတ်မဝင်စားဘူးလေ အပ်ချုပ်နည်းအမျိုးမျိုးကိုကျွန်တော်ကသာငယ်ငယ်လေးကတည်းကအရမ်းဝါသနာပါတာ … အဖွားသင်ပေးလို့ချုပ်ပုံတွေတော်တော်များများကိုသိတယ် … ”
လော့ဖေးက ဘောင်းဘီကိုလှမ်းတောင်း လိုက်သည်။
“ ခင်ဗျားဘောင်းဘီကျွန်တော့်ကိုပေး … ”
ရှီယန်ချင်းက လိမ်နေပုံမပေါ်သည့် လော့ဖေး၏ စကားများကိုနားထောင်နေပြီးနောက် ဘောင်းဘီကိုလှမ်းပေးလိုက်သည် ။
လော့ဖေး ဘောင်းဘီကို ယူလိုက်ပြီးနောက် ရှီယန်ချင်း ချုပ်ထားသည့်ရှုပ်ယှက်ခတ်နေသည့်ချည်စများကိုကျွမ်းကျင်စွာ ရှင်းလိုက်သည် ။ ရှင်းပြီးသည့်နောက်တွင် ကျွမ်းကျင်စွာအပ်ချည်ထိုး၍ အပ်ချည်အဆုံးတွင်အထုံးထုံးလိုက်ပြီးနောက် လေးလေးနက်နက်ဖြင့်စချုပ်တော့သည် ။
သူချုပ်နေသည့်နည်းလမ်းသည်အလွန်မြန်ဆန်ရုံသည်သာမက အလွန်ကျွမ်းကျင်လှသည် ။ သူ၏သွယ်လျသောလက်များသည် အပ်ကိုကိုင်၍အပေါက်နေရာကိုချုပ်နေသည်မှာ အချိန်ခဏလေးနှင့် ဘောင်းဘီပေါက်ရာကိုဖာချုပ်ပြီးသွား၏ ။ ရှီယန်ချင်း၏ ရှုပ်ယှက်ခတ်နေသည့်လက်ရာနှင့်မတူညီဘဲ လော့ဖေး၏ လက်ရာသည် သေသပ်ခိုင်မာလှသည် ။ ချည်အစလေးများကိုအနည်းငယ်မြင်ရသော်လည်း အလွန်သိသာနေခြင်းမရှိချေ ။
“ ဝါး … အရမ်းမြန်တာပဲ …”
ရှီယန်ချင်းက ဘောင်းဘီကိုယူလိုက်ပြီးသည့်နောက်တွင်အံ့အားသင့်စွာဖြင့်ပြောလိုက်သည် ။
“ ဒါပေါ့ ကျွန်တော်ကဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့မြေးမို့လို့လဲ …ကျွန်တော် ကိုယ့်အရည်အချင်းကိုကိုယ်ထုတ်ကြွားပြတာတော့မဟုတ်ရပါဘူး … ကျောင်းတက်ရတဲ့အချိန်တုန်းက ကျွန်တော့်ရဲ့သူငယ်ချင်းတွေကပေါက်ပြဲနေတဲ့အဝတ်တွေနဲ့ဘောင်းဘီတွေကိုအမြဲယူလာပြီး ကျွန်တော့်ကိုချုပ်ခိုင်းတယ်လေ … အာ … ပြီးတော့ ကျွန်တော်ပန်းလဲထိုးနိုင်သေးတယ် ”
လော့ဖေး အလွန်စိတ်လှုပ်ရှားနေသည်မှာ နယ်မြေသစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားသကဲ့သို့ ရုတ်တရပ်ထရပ်လိုက်၏ ။ သူက ရှီယန်ချင်း၏ အနည်းငယ်သာစိတ်လှုပ်ရှားသောအမူအယာကိုမြင်သောအခါ မြေကြီးကိုပင်ထုရိုက်ချင်စိတ်ပေါက်သွား၏။
“ ကျွန်တော်ပိုက်ဆံအိတ်လေးတွေထိုးရောင်းလို့ရတာပဲ … ဒီအကြောင်းကိုဘာလို့မေ့နေမိတာပါလိမ့် … ”
“ ဒီလိုဆင်းရဲတဲ့နေရာမျိုးမှာ မင်းဘယ်သူ့ကိုသွားရောင်းမှာလဲ … ” ရှီယန်ချင်း မေးလိုက်သည် ။
“ ခင်ဗျား ဘာပြောလိုက်တာလဲ … ”
“ ဘာမှမဟုတ်ပါဘူး … အကြံကကောင်းသားပဲ …”
မင်းကိုနည်းနည်းလောက်ပျော်ခွင့်ပေးထားလိုက်ပါမယ်လေ …
“ ကျွန်တော်ခင်ဗျားနဲ့စကားထပ်မပြောဘူး … ကျွန်တော်တို့ နွားမြန်မြန်ဝယ်နိုင်ဖို့ ဘာတွေလုပ်ရောင်းရမလဲဆိုတာကျွန်တော် အိမ်ပြန်ပြီးသေသေချာချာစဉ်းစားလိုက်ဦးမယ် … ” လော့ဖေးက ပြောရင်းဖြင့် စကားမဆုံးသေးမှီမှာပင်ပြန်ရန်ပြင်ဆင်နေ၏ ။ အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူ၏မျက်နှာလေးသည်တောက်ပနေကာ ခန္ဓာကိုယ်သည်လည်းပေါ့ပါးနေ၏ ။
“ ကိုယ့်ကိုစောင့်ဦး … အရမ်းနောက်ကျနေပြီ … ကိုယ်မင်းကိုပြန်လိုက်ပို့ပေးမယ် … ”
ရှီယန်ချင်းက တံခါးပိတ်လိုက်ပြီးသည့်နောက် လော့ဖေး၏ နောက်သို့လိုက်လာခဲ့သည် ။ လော့ဖေးသည်လည်း ငြင်းဆန်ခြင်းမရှိပေ ။ အလွန်တိုက်ဆိုင်သည်မှာ သူအိမ်ပြန်ရောက်သည့်အချိန်တွင် မိခင်နှင့်ညီမဖြစ်သူတို့သည်ပန်းထိုးနေကြ၏
အတိအကျပြောရမည်ဆိုလျှင် လီယွဲ့ဟွားက လော့ရွေ့ကို သင်ပြပေးနေခြင်းဖြစ်သည် ။ သို့သော်လည်း လော့ရွေ့က အချိန်ခဏမျှသင်ပြီးသောအခါစိတ်ရှုပ်လာ၏ ။
“ အိုက်ယား … မား သမီးသေသေချာချာမချုပ်တတ်ဘူး … မချုပ်တတ်လို့မရဘူးလား … ”
“ မရဘူး … ”
လီယွဲ့ဟွားက အလျှော့ပေးခြင်းမရှိချေ။
“ မိသားစုထဲမှာမိန်းကလေးတွေကပဲအပ်ချုပ်တဲ့အလုပ်ကိုလုပ်ရတာနင်က မိသားစုရဲ့တစ်ဦးတည်းသောမိန်းကလေးလေ နင်ချုပ်တဲ့လက်ရာကနင့်အစ်ကိုလောက်တောင်မကောင်းတာ လူကြားကောင်းရဲ့လား … လေ့ကျင့် ပိုပြီးလေ့ကျင့် များများလေ့ကျင့်ရင်လုပ်နိုင်သွားလိမ့်မယ် ..
နောက်ပိုင်းနင်လက်ထပ်ရင်ဝတ်တဲ့အဝတ်အစားတွေက သူတောင်းစားအဝတ်တွေလိုဖြစ်နေချင်လို့လား … နင်မရှက်ဘူးလား … ”
“ သမီးမဖြစ်ချင်ပါဘူး ဒါပေမဲ့ သမီးမှမချူပ်တတ်တာ ဘယ်လိုလုပ်ရမလဲ … အမေ အာ့ကောကိုမွေးတဲ့အချိန်တုန်းက အပ်ချုပ်တဲ့အရည်အချင်းတွေအကုန်အမွေပေးလိုက်မိလို့နေမှာပေါ့ သမီးအလှည့်ကျဘာမှမကျန်ခဲ့ဘူး … ”
ဆူညံသံကိုကြားသောအခါ သူမကပါးစပ်ပိတ်လိုက်ပြီးနောက် လော့ဖေးကို မြင်သောအခါ အမြန်ပင်အလိုလိုက်ခံချင်သည့်ဟန်ဖြင့်ချွဲနွဲလိုက်သည်။
“ အာ့ကော … အချိန်ကိုက်ပြန်ရောက်လာတာပဲ ညီမကိုကူညီပါဦး … ”
“ ဒါပေါ့ ” လော့ဖေး ခံစားချက်ကောင်းနေသဖြင့် အနည်းငယ်ကူညီရမည်မဆိုနှင့် အင်္ကျီသစ်တစ်ထည်လုံးထပ်ချုပ်ရမည်ဆိုလျှင်ပင် သူကြောက်မည်မဟုတ်တော့ချေ ။
“ ဒါပေါ့ … ဘာဒါပေါ့လဲ နင့်မင်္ဂလာဝတ်စုံကိုနင်ကိုယ်တိုင်ချုပ်ရမှာ အာ့ပေါင် စန်းပေါင်ကိုမကူညီနဲ့ … ”
လီယွဲ့ဟွားက သူမ၏သမီးဖြစ်သူကိုဒေါသတကြီးစိုက်ကြည့်လိုက်သည် ။
“ ဒီည ဒီပိတ်စကိုချုပ်ပြီးတဲ့အချိန်က နင်အိပ်ရမဲ့အချိန်ပဲ နားလည်လား … ”
( TN / ဒီနေရာမှာ စန်းပေါင် ကိုလက်ထပ်ခိုင်းတာမဟုတ်ပါဘူး လက်ထပ်တဲ့အချိန်ကျရင် သူမရဲ့မင်္ဂလာဝတ်စုံကိုသူမဘာသာ ချုပ်ရမယ်လို့ပြောချင်တာပါ …)
“ သိပါပြီ မား …”
လော့ရူက သူမ၏နှုတ်ခမ်းပေါ်တွင် ငံပြာရယ်တစ်ဘူးစာတင်၍ရလောက်သည့်အနေအထားအထိ နှုတ်ခမ်းထော်၍ပြောလိုက်သည် ။ သူမက လော့ဖေးကို အလွန်အမင်းမတရားခံနေသည့်ဟန်ဖြင့်ကြည့်လိုက်သေး၏ ။
“ ဒီလိုဆိုရင်ရောဘယ်လိုလဲ စန်းပေါင် … ညီမလေးအဝတ်တွေချုပ်လို့ပြီးသွားရင် အလှဆုံးပုံစံပန်းလေးတွေထိုးပေးမယ်လို့ အာ့ကောကတိပေးတယ် … အင်္ကျီလှလှလေးလိုချင်ရင် အခုကတည်းကစချုပ်မှရမှာနော် … ”
“ တကယ်လား ကော … ဒါပေမဲ့ ကောအရင်ကပြောတော့ အချိန်မရှိဘူးဆို … ”
“ အရင်ကပြောတာအရင်ကလေ အခုမှမဟုတ်တာ … စိတ်ချထားလိုက်စမ်းပါ အာ့ကောကလုပ်ပေးမယ်လို့ပြောပြီးရင်သေချာပေါက်ကိုလုပ်ပေးမှာ … ”
“ သဘောတူတယ် … ဒါဆို ညီမလေးမြန်မြန်စချုပ်တော့မယ် ” လော့ရူက ခေါင်းငုံ့ပြီးနောက် တက်ကြွစွာဖြင့် မင်္ဂလာဝတ်စုံကိုဆက်ချုပ်တော့သည် ။
( TN / ဒီကမင်္ဂလာဝတ်စုံကကျ သူကိုယ်တိုင်ပန်းထိုးမယ်ဆို အချိန်မမှီတော့လို့ လော့ဖေး လက်ထပ်ရင်ဝတ်ဖို့ အမေနဲ့ညီမနဲ့ကကူချုပ်ပေးတာပါ )
လီယွဲ့ဟွားက အလွန်အလုပ်ကြိုးစားနေသည့်သမီးဖြစ်သူကိုတစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ရှီယန်ချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
“ ရှီယွိ … ဒီကိုလာဦး မင်းဦးလေးနဲ့အဒေါ်က ရက်ကောင်းတစ်ရက်ကိုရှာနေတယ် ဒီနေ့ ဒီသုံးလပတ်လည်အတွင်းလက်ထပ်ဖို့ရက်ကောင်းရက်မြတ်ကိုသွားမေးထားတယ် … မင်းလာပြီးဘယ်ရက်ကအဆင်ပြေလဲရွေးပေးဦး … ”
လော့ဖေး မိခင်ဖြစ်သူ၏စကားကိုကြားသောအခါ ရှီယန်ချင်းကို ချက်ချင်းစူးစူးဝါးဝါးစိုက်ကြည့်လိုက်သည် ။ အရမ်းနီးတဲ့ရက်ကိုရွေးရဲရွေးကြည့်စမ်း …
ရှီယန်ချင်းက လော့ဖေး၏ အကြည့်များကိုတွေ့သောအခါ လီယွဲ့ဟွားကိုပြောလိုက်သည်။
“ အဒေါ် ကျွန်တော့်သဘောအရဆိုရင် ရာသီဥတုပူနွေးတဲ့အချိန်ပဲလုပ်ချင်တယ် … အာ့ပေါင်ရဲ့ မင်္ဂလာဝတ်စုံကအရမ်းမထူဘူးလို့ပြောတယ် ဒါကြောင့် အခုအချိန်လက်ထပ်ရင် သူအရမ်းအေးနေလိမ့်မယ် … သူဒုက္ခခံရမှာကိုကျွန်တော်မမြင်ချင်ဘူး … ဒါကြောင့်မို့လို့ အဒေါ်မြင်တဲ့အတိုင်းပဲ …”
လော့ဖေး စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည် ။ ဒီတစ်ခေါက်တော့ ရှီယန်ချင်းရဲ့ ဦးနှောက်လေးက မြန်မြန်အလုပ်လုပ်သားပဲ …
သူက ယုံကြည်ချက်ရှိစွာဖြင့်သူ၏အခန်းသို့ပြန်သွား၍ အပ်ချည်ဘူးကိုယူကာ သေးငယ်သည့်တစ်ခုခုစလုပ်ရန်ပြင်လိုက်သည် ။
သို့သော်လည်း သူထင်မထားခဲ့မိသည်မှာ သူအခန်းအတွင်းသို့ ဝင်သွားလိုက်သည်နှင့်တစ်ပြိုင်နက် ရှီယန်ချင်းက အချိန်အတော်ကြာ သက်ပြင်းချ၍အသံတိုးတိုးဖြင့် ကူကယ်ရာမဲ့စွာဖြင့် ပြောမည်ကိုပင်။
“ ဦးလေး အန်တီ ကျွန်တော် အနီးဆုံးရက်ကိုရွေးချယ်တယ် … အဒေါ်တို့လည်းသိတာပဲ ကျွန်တော်က နှစ်ပေါင်းများစွာအပြင်မှာတစ်ယောက်တည်းနေခဲ့ပေမဲ့ အမြဲတမ်းအာ့ပေါင်အကြောင်းကိုပဲတွေးနေခဲ့တာ … ဒါပေမဲ့ သူကအရင်ကသဘောမတူခဲ့တဲ့အပြင် အခုလည်းအချိန်ဆွဲချင်နေသေးတယ်လေ သူလုပ်နေတဲ့ပုံစံကိုဦးလေးတို့လည်းသတိထားမိတာပဲမဟုတ်လား … ကျွန်တော့်ကိုနည်းလမ်းတစ်ခုခုလောက်ကူပြီးစဉ်းစားပေးကြပါဦး …”
“ နည်းလမ်းစဥ်းစားပေးရမှာလား … ”
လီယွဲ့ဟွားကအလွန်ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“ အန်တီတို့ကိုသာအပ်ထားလိုက် …”
“ ဘာမှမဟုတ်တဲ့ကိစ္စလေးကိုစိတ်ပူမနေစမ်းပါနဲ့ ဦးလေး သူ့ကိုခပ်နာနာလေးနောက်တစ်ခေါက်လောက်ထပ်ရိုက်လိုက်မယ် … ”
လော့ထျန်းကဆက်ပြော၏ ။
“ ဆိုးသွမ်းတဲ့ဟာလေး ကံကောင်းကောင်းနဲ့နေရမှာကို ကံကောင်းတာကိုမသိဘဲ တုတ်နဲ့အရိုက်ခံရမဲ့ဟာတွေပဲလျှောက်လုပ်နေတယ် … ”
“ မလုပ်ပါနဲ့ ဦးလေးသူ့ကိုထပ်ရိုက်ရင် တကယ်ပဲ ကျွန်တော်ရင်ကွဲပြီးသေလိမ့်မယ် … ပြောရမယ်ဆိုရင် ကျွန်တော်မြို့မှာပစ္စည်းနည်းနည်းလောက်ဝယ်ချင်လို့ ကျီကောအဖော်လိုက်ပေးလို့ရမလားမေးချင်လို့ပါ … သူပြန်လာရင်သူပစ္စည်းလိုက်ရွေးပေးလို့ရမလားမေးပေးပါလား … ”
“ သူအိမ်မှာရှိတယ် … ဒါပေမဲ့ သားဘာဝယ်မလို့လဲ … တကယ်လို့လူမလောက်ဘူးဆိုရင် မင်းရဲ့ဦးလေးကိုခေါ်သွားလေ … ” လီယွဲ့ဟွားကပြောလိုက်သည် ။
“ ရပါတယ် ကျီကောလိုက်ပေးရုံနဲ့အဆင်ပြေပါတယ် … အဓိကက မြို့ကဆိုင်မှာ ပရိဘောဂပစ္စည်းတွေလိုက်ကြည့်ချင်တာ ပြန်ရောက်ရင် အာ့ပေါင်အတွက်ကြည့်ကောင်းတာလေးတွေလုပ်ပေးမလို့ … ”
“ ဒီကလေးကတော့လေ … မင်းတကယ်ချစ်တတ်တာပဲ … ” လီယွဲ့ဟွားကအလွန်ပျော်ရွှင်နေကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ စိတ်မပူနဲ့ အဒေါ်အနီးဆုံးရက်ကိုပဲရွေးလိုက်မယ် … ”
ရှီယန်ချင်းက လီယွဲ့ဟွားကို ဦးညွတ်ကာနှုတ်ဆက်ပြီးသည့်နောက်တွင် အခန်းငယ်လေး၏ခန်းစီးကိုဟ၍ အတွင်း၌ လော့ဖေး မည်သည်ကိုလုပ်နေကြောင်းကြည့်လိုက်သည် ။
လော့ဖေး အပ်ချည်ဘူးကိုယူလိုက်သည် ။ အပ်ချည်အရောင်အနည်းငယ်နှင့် ပိတ်စသုံးစသာရှိကြောင်း သူတွေ့သောအခါ အလွန်စိတ်မကောင်းဖြစ်သွား၏ ။
ဒါက … ဘယ်ဟာနဲ့ဘယ်လိုချုပ်ရမှာလဲဟ …
ရှီယန်ချင်း ခပ်ဖွဖွချောင်းဆိုးလိုက်သည် ။
“ အာ့ပေါင် … ကိုယ်အရင်ပြန်ဦးမယ် … ”
လော့ဖေးက ခေါင်းပင်မမော့ချေ ။
“ သွား … ပြန်လေ …” ခဏမျှကြာသောအခါ လော့ဖေး ခေါင်းမော့၍သူ၏ဂုတ်ကိုပွတ်၍နှိပ်နယ်လိုက်သောအခါ ရှီယန်ချင်း မပြန်သေးကြောင်းတွေ့လိုက်ရသည်။
“ ခင်ဗျားဘာလုပ်နေတာလဲ … တစ်ခုခုဖြစ်လို့လား … ”
ရှီယန်ချင်းက ပေါ့ပေါ့ပါးပါးမေးလိုက်သည် “ မင်း နို့စားနွားနဲ့အဖြူအမဲအကွက်တွေကကြည့်လို့ကောင်းတယ်လို့ထင်လား ဒါမှမဟုတ် အဝါရောင်ခိုင်းနွားကပိုပြီးကြည့်လို့ကောင်းတယ်လို့ထင်လား …”
လော့ဖေးက ခဏမျှတွေးနေပြီးနောက်ပြောလိုက်သည်။
“ အဝါရောင်ခိုင်းနွားကပိုကောင်းတယ် … ”
ရှီယန်ချင်းက ခေါင်းညိမ့်ပြီးနောက်ပြောလိုက်သည် “ အင်း … ကိုယ်လဲအဲ့လိုပဲထင်တယ် … ”
ထိုသို့ပြောပြီးနောက် ခန်းစီးစကိုချကာထွက်သွားလေတော့သည် ။
🙇♂️🙇♂️