Ch 12
Viewers 4k

🙇‍♂️Chapter 12

 :  အစီအစဉ်များ 




ကျေးလက်ဒေသများတွင် နွားများသည်မရှိမဖြစ်တိရစ္ဆာန်များဖြစ်ကြသည် ။  နွားပိုင်သည့်မည်သူမဆို သူတို့၏နေထိုင်ရသည့်အခြေအနေသည် အလွန်ဆိုးရွားလိမ့်မည်မဟုတ်ချေ ။ မြင်းများကမူ အမှန်တကယ်ကြွယ်ဝချမ်းသာသည့်မိသားစုများကသာ ပိုင်ဆိုင်‌နိုင်၏ ။ 


ကျန့်ယန်ဖန်းနှင့် ကျန်းပိုင်နင်တို့ လက်ထပ်သည့်အချိန်က ကျန့်ယန်ဖန်း မြင်းစီးခဲ့ပါသော်လည်း ထိုမြင်းသည်ငှားရမ်းထားခြင်းသာဖြစ်သည် ။ ကျန့် မိသားစုသည် ဟွဖျင်ကျေးရွာတစ်ခုလုံးတွင် အချမ်းသာဆုံးသောမိသားစုဖြစ်ပါသော်လည်း ထိုကဲ့သို့သောမိသားစုမျိုး၌ပင် မြင်းမရှိချေ ။ မြင်းများမည်မျှဈေးကြီးကြောင်းကိုမှန်းဆကြည့်နိုင်၏ ။ 


သို့သော်လည်း ကျန့်မိသားစုသည် နွားပိုင်ဆိုင်သေး၏ ။ 


ထိုပေါက်လွှတ်ပဲစားကောင် ကျန်းပိုင်နင်၏ အကြောင်းကိုတွေးမိသည့်အချိန်တိုင်း လော့ဖေး အလွန်ဒေါသထွက်ရ၏ ။ 


နွားလေးတစ်ကောင် နှစ်ကောင်ပဲမလား … 


သူလည်းနွားတစ်ကောင်လောက်ဝယ်ချင်တာပေါ့လို့ … ကျန့်မိသားစုကနွားထက်ပိုပြီးကောင်းတဲ့နွားကိုဝယ်ပြလိုက်ဦးမယ် … ငါကလူတိုင်းကိုလိုက်ပြိုင်နေတတ်တဲ့သူမျိုးမဟုတ်ပေမဲ့ ဒီရန်သူတစ်ယောက်ထက်တော့သာအောင်လုပ်ရမယ် … ကျန့်ယန်ဖန်းနှင့်ကျန်းပိုင်နင်တို့ကြောင့် သူလူပေါင်းများစွာ၏ သွားပုပ်လေလွင့်ပြောဆိုခြင်းကိုခံခဲ့ရသည် ။ အဲ့ဒီကောင်ဘာပြောပြော ပြန်ပြီးတိုက်ခိုက်မှကိုဖြစ်မယ် …


 လော့ဖေး ရှီမိသားစု အိမ်တံခါးဝတွင်ရပ်နေ၏   “ ရှီယန်ချင်း … ခင်ဗျားအထဲမှာရှိလား  ”


ရှီယန်ချင်းက ပြန်ထူးလာ၏။


  “ ရှိတယ် … တံခါးကသော့မခတ်ထားဘူး ကိုယ့်ဘာသာဖွင့်ပြီးဝင်ခဲ့ … ”


လော့ဖေး တံခါးကိုတွန်းဖွင့်လိုက်သော်လည်း ရှီမိသားစုအိမ်တံခါးသည်အလွန်လေးလံသောကြောင့် ပထမတစ်ကြိမ်တွန်းသောအခါ တံခါးလုံးဝပွင့်သည်အထိမဖွင့်နိုင်ခဲ့ချေ ။ 


မှောင်ရီပျိုးနေပြီဖြစ်သဖြင့် ရှီယန်ချင်းက ရေနံဆီမီးအိမ်ကိုထွန်းထား၏ ။ လော့ဖေး အခန်းအတွင်းသို့ဝင်လိုက်သောအခါ သူကအလင်းရောင်အောက်တွင် အပ်တစ်ချောင်းကိုင်လျှက် အဝတ်များကိုစိတ်ရှုပ်ထွေးစွာဖြင့်စိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည် ။


“ မင်းတစ်ခုခုလိုလို့လား …”  ရှီယန်ချင်းက ခေါင်းမော့၍မေးလိုက်သည် ။ 


“ ခင်ဗျားဘာလုပ်နေတာလဲ … ” လော့ဖေးကာ သက်တောင့်သက်သာရှိစွာထိုင်၍ မေးလိုက်သည်၊


“ အဝတ်တွေချုပ်နေတာလား … ”


“ အင်း … ဒီနေ့အလုပ်လုပ်နေတုန်း တစ်ခုခုငြိမိပြီးပြဲသွားတာထင်တယ် … မချုပ်ပဲအလုပ်ဆက်လုပ်ဖို့အဆင်မပြေဘူးထင်လို့ ပုံမှန်ဆိုရင်တော့အဆင်ပြေပါတယ်ဒါပေမဲ့ 

ဒူးနေရာမှပေါက်သွားတာမို့လို့ ထိုင်လိုက်ထလိုက်လုပ်ရင် အပေါက်ကပိုပိုပြီးကြီးလာလိမ့်မယ် ..

“ 


“ ဟေး … ကျွန်တော်ခင်ဗျားကိုမေးစရာရှိလို့ … နွားတစ်ကောင်ဝယ်ဖို့ပိုက်ဆံဘယ်လောက်လောက်ရှိမှဖြစ်မှာလဲ …  ”  လော့ဖေး စကားဆုံးသောအခါ ရှီယန်ချင်း အဝတ်များကိုရှုပ်ယှက်ခတ်အောင်လုပ်နေခြင်းလည်းပြီးဆုံးသွား၏ ။ 


“ လယ်ထွန်တဲ့နွားတစ်ကောင်ဆိုရင် ငွေငါးလျန်လောက်လိုတယ် …  ”


“ ငါးလျန်လား …” 


အရမ်းဈေးပေါ … မဟုတ်ဘူးဟ … အရမ်းအရမ်းကိုမှဈေးကြီးတာ … အကယ်၍ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပါက သူဒုက္ခခံခြစ်ကုပ်၍စုဆောင်းလျှင် ငွေသုံးလျန်မျှစုနိုင်သေး၏ ။ ငါးလျန်တောင် … မစားမသောက်ဘဲနှစ်နှစ်လောက်စုရမှာမဟုတ်ဘူးလား …


“ နို့စားနွားကပိုပြီးဈေးသက်သာမယ်ထင်တယ် အရည်အသွေးကောင်းကောင်းတစ်ကောင်ကိုလေးလျန်လောက်နဲ့ အရည်အသွေးသိပ်မကောင်းတာကို သုံးလျန်ပဲပေးရတယ် … နွားကအမဆိုရင်ပိုပြီးဈေးကြီးတယ် သားဖောက်တဲ့နွားတွေကဈေးအကြီးဆုံးပဲ … ဘာဖြစ်လို့မေးတာလဲ … ”


“ ကျွန်တော်နွားဝယ်ချင်လို့ ဟေး … ခင်ဗျားသိလား …ကျန်းပိုင်နင်လေ မူလခန္ဓာကိုယ်ရဲ့နေရာကိုလုသွားတဲ့တစ်ယောက်လေဟန်မိသားစုမှာ နွားလှည်းသွားငှားတော့သူ့ကိုတွေ့ခဲ့တယ်… သူအိမ်မှာနွားရှိတာကိုကြွားနေတာ မသိရင်လူတွေမသိမှာကျနေတာပဲ … ” 


 သူကခဏရပ်လိုက်ပြီးနောက် “ ဒါပေမဲ့ ငါးလျန်ကတော့တကယ်ကြီးဈေးကြီးတာ …  ” 


သူ့ကိုယ်သူရောင်စားလိုက်မည်ဆိုလျှင်ပင် ငွေငါးလျန်မရနိုင်လောက်ချေ ။ တကယ်ကိုအခြေအနေတော်တော်ဆိုးတာပဲ 


…နွားကဈေးကြီးလွန်းလို့ အိမ်တိုင်းမပိုင်နိုင်တာကိုး …


“ မင်းမှာပိုက်ဆံလုံလောက်အောင်ရှိပြီဆိုရင်ဝယ်လို့ရတာပဲ ငါတို့ကငယ်ပါသေးတယ် ဖြည်းဖြည်းချင်းအစီအစဉ်ချလို့ရတယ် … ကိုယ်တို့မှာဒီဘက်ခေတ်ကလူတွေထက်ပိုပြီးသိနေတာတွေအများကြီးရှိတာပဲ ဒါ့ကြောင့်မို့လို့ကိုယ်တို့မှာတီထွင်နိုင်မဲ့အခွင့်အရေးတွေအများကြီးရှိတယ် … ”


“ ခင်ဗျားပြောတာမှန်တယ် … ဒါပေမဲ့ကျွန်တော်ဘယ်ကနေစရမှာလဲ … ” 


ပိုက်ဆံရှာခြင်းသည်အလွန်အရေးကြီးကြောင်းသူသိပါ၏ ။ ဒါပေမဲ့ ပိုက်ဆံပိုရအောင်ဘယ်လိုရှာရပါ့မလဲ … ဒီလိုနေရာမျိုးမှာ ကြေငြာရိုက်ပြီးပိုက်ဆံရှာလို့လဲမရဘူး …


( လော့ဖေးက အရင်ကရုပ်ရှင်နဲ့ရိုက်ကူးရေးမေဂျာကမို့လို့ သူသိတဲ့ပိုက်ဆံရှာနည်းက သရုပ်ဆောင်တာတစ်ခုပဲရှိပါတယ် ) 


လော့ဖေး အချိန်အတော်ကြာတွေးကြည့်သော်လည်း အခြားပိုက်ဆံရှာနိုင်သည့်နည်းလမ်းသည် တောင်ပေါ်တွင် လယ်များများစိုက်၍ အိမ်အတွက်ကောက်ပဲသီးနှံများစွာသိုလှောင်ထား၍ရောင်းချရန်တစ်ခုသာဖြစ်သည် ။ သို့သော်လည်းသူ၏ ခြေလက်နူးနူးညံ့ညံ့လေးများကြောင့် ဤနှစ်မပြောနှင့် နောက်တစ်နှစ်အချိန်သို့ရောက်ရှိသည့်အခါတွင်ပင် မြေတစ်မူဖြစ်ထွန်း အောင်စိုက်နိုင်မည်မဟုတ်ချေ ။


ဘဝသည်အမှန်ပင်ခါးသီးလွန်းလှ၏ ။  


တခြားသူတွေကူးပြောင်းသွားပြီဆိုရင် သူတို့ရဲ့အရည်အချင်းတွေနဲ့ လွယ်လွယ်ပိုက်ဆံရှာပြီးနေသွားကြတာမလား … သူ့ကျမှဘာလို့မရတာလဲ … ယုတ္တိမတန်လိုက်တာ …


ရှီယန်ချင်းက အတွေးလွန်နေသည့်‌ လော့ဖေး ကိုကြည့်ကာပြုံးလိုက်သည်။


  “ အဲ့လောက်တောင်နွားလိုချင်နေတာလား …  ”


“ အာ ...”  လော့ဖေးက ရှီယန်ချင်းကို မျက်မှောင်ကျုံ့၍ကြည့်လိုက်သည်၊


  “ ခင်ဗျားရောမလိုချင်ဘူးလား … ကျွန်တော်တို့လယ်လုပ်တော့မယ်ဆိုရင် နွားတစ်ကောင်လောက်ရှိမှကောင်းမှာပေါ့  တကယ်လို့… နွားမရှိဘူးဆိုရင် နွားအလုပ်တွေကိုပါ ကျွန်တော်တို့လုပ်ရတော့မှာ … ” 


တွေးကြည့်ရုံနဲ့တင် ကျောတွေစနာလာပြီလို့ …


 သူသည်ကောတစ်ယောက်ဖြစ်ကာ ခန္ဓာကိုယ်သန်မာခြင်းမရှိသော်လည်း အလုပ်လုပ်ရန်လိုအပ်သည့်နေရာများတွင်ကူညီပေးရဦးမည်ဖြစ်သည် ။ ပိုင်မုန့်များကောင်းကင်ပေါ်မှကျလာရန် ထိုင်စောင့်နေ၍မရချေ ။ ( အခွင့်အရေးကိုပဲထိုင်စောင့်နေလို့မရဘူးလို့ဆိုလိုချင်တာပါ ) ဒါ့ကြောင့်မို့လို့နွားရှိမှကိုဖြစ်မယ် … 


“ မင်းဟင်းချက်တတ်လား … ” ရှီယန်ချင်းက တွေးပြီးနောက်ပြောလိုက်သည် ။


 “ မင်းဟင်းချက်နိုင်တယ်ဆိုရင် အနာဂတ်မှာလယ်အလုပ်တွေအကုန် ကိုယ်လုပ်နိုင်ပါတယ် …  ”


“…  ခေါက်ဆွဲပြုတ်တတ်တာကို ဟင်းချက်တဲ့ထဲထည့်တွက်လို့ရလား … ”  လော့ဖေး မေးလိုက်သည် ။ 


“ ဒီလိုနေရာမျိုးမှာအသင့်စားခေါက်ဆွဲဝယ်လို့ရမယ်လို့ မင်းထင်နေတာလား …  ” 


 ရှီယန်ချင်းက သက်ပြင်းရှည်ချ၍ “ ကြည့်ရတာတော့ အခုအချိန်မှာ အရသာရှိတာတွေစားနိုင်ဖို့ ကိုယ်တို့မျှော်လင့်လို့မရဘူးထင်တယ် …

  ”


“ ဟုတ်တယ် ဘာပဲဖြစ်ဖြစ်အရသာရှိတဲ့အစားအသောက်တွေလုပ်ဖို့လည်း ကျွန်တော်တို့မှာပါဝင်ပစ္စည်းတွေမှမရှိဘဲ …   နေ့တိုင်းစားနေရတဲ့ ယာဂု ဒါမှမဟုတ် မုန့်ပေါင်း ပန်ကိတ်နဲ့ ပြောင်းယာဂု အဲ့တာတွေအကုန်လုံးကအရသာတစ်စက်မှမရှိဘူး ဘယ်အချိန်မှအသားလေးစားနိုင်မလဲမသိပါဘူး …   ” 


လော့ဖေးက နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပြီးသည့်နောက်တွင် ယခင်ကသူစားခဲ့သည့်အရသာရှိလှသောအစားအသောက်များအကြောင်းပြန်တွေးလိုက်မိသည် ။ သူ၏ပါးစပ်ထဲတွင်သွားရည်များဖြင့်ပြည့်နေသည်ကိုသာခံစားမိ၏ ။ နေ့တိုင်းကျောင်းတွင်သူစားမကုန်ခဲ့သည့်အစားအသောက်များရှိခဲ့သည်ကိုပြန်တွေးမိသောအခါ အမှန်ပင်အစားအသောက်ကိုဖြုန်းတီးခဲ့ခြင်းဖြစ်ကြောင်း တွေးမိသွားသည် ။ 


“ ဒီနှစ်ကပ်ဘေးကြုံခဲ့ရတာနဲ့ယှဉ်ရင် ကိုယ်တို့က ဒီတစ်ခါကံကောင်းသွားတယ်လို့ပြောလို့ရတယ် … လူတွေဘယ်လောက်တောင်ငတ်ပြီးသေကြမလဲမသိဘူး အနည်းဆုံးကိုယ်တို့က ဗိုက်ဆာရုံလောက်ပဲရှိတာပါ … ” 


ရှီယန်ချင်းက ပြောရင်းဖြင့် ဘောင်းဘီကိုဆက်ချုပ်ခြင်းမရှိတော့ဘဲ မပျော်မရွှင်ဖြစ်စွာဖြင့် ဘေးသို့ပစ်ထုတ်လိုက်သည် ။ သူ၏မျက်လုံးများဝေဝါးသွားသည်အထိချုပ်နေခဲ့ပါသော်လည်း ပုံစံမကျသေးချေ ။ 


သူကအပေါက်ကိုဖာလိုက်ပြီးပြီလို့တွေးခဲ့ပေမဲ့ ရလဒ်က ခြေထောက်နှစ်ဖက်ကိုပူးချုပ်လိုက်မိတာဖြစ်နေတာပဲ … ခြေထောက်တောင်စွပ်လို့မရတော့ဘူး  …


“ ကျစ်ကျစ်ကျစ် … စိုက်ပျိုးရေးတက္ကသိုလ်က အရည်အချင်းရှိကျောင်းသားက ဒါတောင်မလုပ်တတ်ဘူးလား … ကျောင်းဝင်ခွင့်ရပြီးတော့ စာအုပ်တွေဝယ်မဖတ်ခဲ့ဘူးလား … ”  


လော့ဖေးက ခြေချိတ်ထိုင်လိုက်ပြီးနောက် ...

“ ဒီသခင်လေးက ခင်ဗျားကိုကူညီပေးရမလား …  ”


“ မင်းအပ်ဘယ်လိုချုပ်ရမလဲဆိုတာသိလို့လား … ”


“ ကျွန်တော်သိတာပေါ့ ကျွန်တော်ရဲ့အဖွားကကျော်ကြားတဲ့ ရိုးရာချည်ပန်းထိုးပညာရှင်လေ အဖွားကအပ်ချုပ်တာကိုအမြဲတမ်းအမေ့ကိုလေ့လာစေချင်ခဲ့တာ ဒါပေမဲ့အမေကစိတ်မဝင်စားဘူးလေ အပ်ချုပ်နည်းအမျိုးမျိုးကိုကျွန်တော်ကသာငယ်ငယ်လေးကတည်းကအရမ်းဝါသနာပါတာ … အဖွားသင်ပေးလို့ချုပ်ပုံတွေတော်တော်များများကိုသိတယ် …  ”


 လော့ဖေးက ဘောင်းဘီကိုလှမ်းတောင်း လိုက်သည်။


   “ ခင်ဗျား‌ဘောင်းဘီကျွန်တော့်ကိုပေး … ”


 ရှီယန်ချင်းက လိမ်နေ‌ပုံမပေါ်သည့် လော့ဖေး၏ စကားများကိုနားထောင်နေပြီးနောက် ဘောင်းဘီကိုလှမ်းပေးလိုက်သည် ။


 လော့ဖေး ဘောင်းဘီကို ယူလိုက်ပြီးနောက် ရှီယန်ချင်း ချုပ်ထားသည့်ရှုပ်ယှက်ခတ်နေသည့်ချည်စများကိုကျွမ်းကျင်စွာ ရှင်းလိုက်သည် ။ ရှင်းပြီးသည့်နောက်တွင် ကျွမ်းကျင်စွာအပ်ချည်ထိုး၍ အပ်ချည်အဆုံးတွင်အထုံးထုံးလိုက်ပြီးနောက် လေးလေးနက်နက်ဖြင့်စချုပ်တော့သည် ။ 


သူချုပ်နေသည့်နည်းလမ်းသည်အလွန်မြန်ဆန်ရုံသည်သာမက အလွန်ကျွမ်းကျင်လှသည် ။ သူ၏သွယ်လျသောလက်များသည် အပ်ကိုကိုင်၍အပေါက်နေရာကိုချုပ်နေသည်မှာ အချိန်ခဏလေးနှင့် ဘောင်းဘီပေါက်ရာကိုဖာချုပ်ပြီးသွား၏ ။ ရှီယန်ချင်း၏ ရှုပ်ယှက်ခတ်နေသည့်လက်ရာနှင့်မတူညီဘဲ လော့ဖေး၏ လက်ရာသည် သေသပ်ခိုင်မာလှသည် ။ ချည်အစလေးများကိုအနည်းငယ်မြင်ရသော်လည်း အလွန်သိသာနေခြင်းမရှိချေ ။ 


“ ဝါး … အရမ်းမြန်တာပဲ …”  


ရှီယန်ချင်းက ဘောင်းဘီကိုယူလိုက်ပြီးသည့်နောက်တွင်အံ့အားသင့်စွာဖြင့်ပြောလိုက်သည် ။ 


“ ဒါပေါ့ ကျွန်တော်ကဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့မြေးမို့လို့လဲ …ကျွန်တော် ကိုယ့်အရည်အချင်းကိုကိုယ်ထုတ်ကြွားပြတာတော့မဟုတ်ရပါဘူး … ကျောင်းတက်ရတဲ့အချိန်တုန်းက ကျွန်တော့်ရဲ့သူငယ်ချင်းတွေကပေါက်ပြဲနေတဲ့အဝတ်တွေနဲ့ဘောင်းဘီတွေကိုအမြဲယူလာပြီး ကျွန်တော့်ကိုချုပ်ခိုင်းတယ်လေ  … အာ … ပြီးတော့ ကျွန်တော်ပန်းလဲထိုးနိုင်သေးတယ်  ”


 လော့ဖေး အလွန်စိတ်လှုပ်ရှားနေသည်မှာ နယ်မြေသစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားသကဲ့သို့ ရုတ်တရပ်ထရပ်လိုက်၏ ။ သူက ရှီယန်ချင်း၏ အနည်းငယ်သာစိတ်လှုပ်ရှားသောအမူအယာကိုမြင်သောအခါ မြေကြီးကိုပင်ထုရိုက်ချင်စိတ်ပေါက်သွား၏။


 “ ကျွန်တော်ပိုက်ဆံအိတ်လေးတွေထိုးရောင်းလို့ရတာပဲ … ဒီအကြောင်းကိုဘာလို့မေ့နေမိတာပါလိမ့် … ”


“ ဒီလိုဆင်းရဲတဲ့နေရာမျိုးမှာ မင်းဘယ်သူ့ကိုသွားရောင်းမှာလဲ … ” ရှီယန်ချင်း မေးလိုက်သည် ။ 


“ ခင်ဗျား ဘာပြောလိုက်တာလဲ … ”


“ ဘာမှမဟုတ်ပါဘူး … အကြံကကောင်းသားပဲ …”   


မင်းကိုနည်းနည်းလောက်ပျော်ခွင့်ပေးထားလိုက်ပါမယ်လေ … 


“ ကျွန်တော်ခင်ဗျားနဲ့စကားထပ်မပြောဘူး … ကျွန်တော်တို့ နွားမြန်မြန်ဝယ်နိုင်ဖို့ ဘာတွေလုပ်ရောင်းရမလဲဆိုတာကျွန်တော် အိမ်ပြန်ပြီးသေသေချာချာစဉ်းစားလိုက်ဦးမယ် … ” လော့ဖေးက ပြောရင်းဖြင့် စကားမဆုံးသေးမှီမှာပင်ပြန်ရန်ပြင်ဆင်နေ၏ ။ အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူ၏မျက်နှာလေးသည်တောက်ပနေကာ ခန္ဓာကိုယ်သည်လည်းပေါ့ပါးနေ၏ ။ 


“ ကိုယ့်ကိုစောင့်ဦး … အရမ်းနောက်ကျနေပြီ … ကိုယ်မင်းကိုပြန်လိုက်ပို့ပေးမယ် …  ”


ရှီယန်ချင်းက တံခါးပိတ်လိုက်ပြီးသည့်နောက် လော့ဖေး၏ နောက်သို့‌လိုက်လာခဲ့သည် ။ လော့ဖေးသည်လည်း ငြင်းဆန်ခြင်းမရှိပေ ။ အလွန်တိုက်ဆိုင်သည်မှာ သူအိမ်ပြန်ရောက်သည့်အချိန်တွင် မိခင်နှင့်ညီမဖြစ်သူတို့သည်ပန်းထိုးနေကြ၏ 

 အတိအကျပြောရမည်ဆိုလျှင် လီယွဲ့ဟွားက လော့ရွေ့ကို သင်ပြပေးနေခြင်းဖြစ်သည် ။ သို့သော်လည်း လော့ရွေ့က အချိန်ခဏမျှသင်ပြီးသောအခါစိတ်ရှုပ်လာ၏ ။ 


“ အိုက်ယား … မား သမီးသေသေချာချာမချုပ်တတ်ဘူး … မချုပ်တတ်လို့မရဘူးလား  … ”


“ မရဘူး … ” 


 လီယွဲ့ဟွားက အလျှော့ပေးခြင်းမရှိချေ။


  “ မိသားစုထဲမှာမိန်းကလေးတွေကပဲအပ်ချုပ်တဲ့အလုပ်ကိုလုပ်ရတာနင်က မိသားစုရဲ့တစ်ဦးတည်းသောမိန်းကလေးလေ နင်ချုပ်တဲ့လက်ရာကနင့်အစ်ကိုလောက်တောင်မကောင်းတာ လူကြားကောင်းရဲ့လား … လေ့ကျင့် ပိုပြီးလေ့ကျင့် များများလေ့ကျင့်ရင်လုပ်နိုင်သွားလိမ့်မယ် ..

 နောက်ပိုင်းနင်လက်ထပ်ရင်ဝတ်တဲ့အဝတ်အစားတွေက သူတောင်းစားအဝတ်တွေလိုဖြစ်နေချင်လို့လား … နင်မရှက်ဘူးလား …  ”


“ သမီးမဖြစ်ချင်ပါဘူး ဒါပေမဲ့ သမီးမှမချူပ်တတ်တာ ဘယ်လိုလုပ်ရမလဲ … အမေ အာ့ကောကိုမွေးတဲ့အချိန်တုန်းက အပ်ချုပ်တဲ့အရည်အချင်းတွေအကုန်အမွေပေးလိုက်မိလို့နေမှာပေါ့ သမီးအလှည့်ကျဘာမှမကျန်ခဲ့ဘူး … ” 


ဆူညံသံကိုကြားသောအခါ သူမကပါးစပ်ပိတ်လိုက်ပြီးနောက် လော့ဖေးကို မြင်သောအခါ အမြန်ပင်အလိုလိုက်ခံချင်သည့်ဟန်ဖြင့်ချွဲနွဲလိုက်သည်။


  “ အာ့ကော … အချိန်ကိုက်ပြန်ရောက်လာတာပဲ ညီမကိုကူညီပါဦး …   ”


“ ဒါပေါ့  ”  လော့ဖေး ခံစားချက်ကောင်းနေသဖြင့် အနည်းငယ်ကူညီရမည်မဆိုနှင့် အင်္ကျီသစ်တစ်ထည်လုံးထပ်ချုပ်ရမည်ဆိုလျှင်ပင် သူကြောက်မည်မဟုတ်တော့ချေ ။ 


“ ‌ဒါပေါ့ … ဘာဒါပေါ့လဲ နင့်မင်္ဂလာဝတ်စုံကိုနင်ကိုယ်တိုင်ချုပ်ရမှာ အာ့ပေါင် စန်းပေါင်ကိုမကူညီနဲ့ …  ”


 လီယွဲ့ဟွားက သူမ၏သမီးဖြစ်သူကိုဒေါသတကြီးစိုက်ကြည့်လိုက်သည် ။


  “ ဒီည ဒီပိတ်စကိုချုပ်ပြီးတဲ့အချိန်က နင်အိပ်ရမဲ့အချိန်ပဲ နားလည်လား … ”


( TN / ဒီနေရာမှာ စန်းပေါင် ကိုလက်ထပ်ခိုင်းတာမဟုတ်ပါဘူး လက်ထပ်တဲ့အချိန်ကျရင် သူမရဲ့မင်္ဂလာဝတ်စုံကိုသူမဘာသာ ချုပ်ရမယ်လို့ပြောချင်တာပါ …) 


“ သိပါပြီ မား …”  


လော့ရူက သူမ၏နှုတ်ခမ်းပေါ်တွင် ငံပြာရယ်တစ်ဘူးစာတင်၍ရလောက်သည့်အနေအထားအထိ နှုတ်ခမ်းထော်၍ပြောလိုက်သည် ။ သူမက လော့ဖေးကို အလွန်အမင်းမတရားခံနေသည့်ဟန်ဖြင့်ကြည့်လိုက်သေး၏ ။ 


“ ဒီလိုဆိုရင်ရောဘယ်လိုလဲ စန်းပေါင် … ညီမလေးအဝတ်တွေချုပ်လို့ပြီးသွားရင် အလှဆုံးပုံစံပန်းလေးတွေထိုးပေးမယ်လို့ အာ့ကောကတိပေးတယ် … အင်္ကျီလှလှလေးလိုချင်ရင် အခုကတည်းကစချုပ်မှရမှာနော် …  ”


“ တကယ်လား ကော … ဒါပေမဲ့ ကောအရင်ကပြောတော့ အချိန်မရှိဘူးဆို …  ”


“ အရင်ကပြောတာအရင်ကလေ အခုမှမဟုတ်တာ … စိတ်ချထားလိုက်စမ်းပါ အာ့ကောကလုပ်ပေးမယ်လို့ပြောပြီးရင်သေချာပေါက်ကိုလုပ်ပေးမှာ …  ”


“ သဘောတူတယ် … ဒါဆို ညီမလေးမြန်မြန်စချုပ်တော့မယ်  ” လော့ရူက ခေါင်းငုံ့ပြီးနောက် တက်ကြွစွာဖြင့် မင်္ဂလာဝတ်စုံကိုဆက်ချုပ်တော့သည် ။ 


( TN / ဒီကမင်္ဂလာဝတ်စုံကကျ သူကိုယ်တိုင်ပန်းထိုးမယ်ဆို အချိန်မမှီတော့လို့ လော့ဖေး လက်ထပ်ရင်ဝတ်ဖို့ အမေနဲ့ညီမနဲ့ကကူချုပ်ပေးတာပါ ) 


 လီယွဲ့ဟွားက အလွန်အလုပ်ကြိုးစားနေသည့်သမီးဖြစ်သူကိုတစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ရှီယန်ချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။


  “ ရှီယွိ … ဒီကိုလာဦး မင်းဦးလေးနဲ့အဒေါ်က ရက်ကောင်းတစ်ရက်ကိုရှာနေတယ် ဒီနေ့ ဒီသုံးလပတ်လည်အတွင်းလက်ထပ်ဖို့ရက်ကောင်းရက်မြတ်ကိုသွားမေးထားတယ် … မင်းလာပြီးဘယ်ရက်ကအဆင်ပြေလဲရွေးပေးဦး … ”


လော့ဖေး မိခင်ဖြစ်သူ၏စကားကိုကြားသောအခါ ရှီယန်ချင်းကို ချက်ချင်းစူးစူးဝါးဝါးစိုက်ကြည့်လိုက်သည် ။ အရမ်းနီးတဲ့ရက်ကိုရွေးရဲရွေးကြည့်စမ်း …


ရှီယန်ချင်းက လော့ဖေး၏ အကြည့်များကို‌တွေ့သောအခါ လီယွဲ့ဟွားကိုပြောလိုက်သည်။


 “ အဒေါ် ကျွန်တော့်သဘောအရဆိုရင် ရာသီဥတုပူနွေးတဲ့အချိန်ပဲလုပ်ချင်တယ် … အာ့ပေါင်ရဲ့ မင်္ဂလာဝတ်စုံကအရမ်းမထူဘူးလို့ပြောတယ် ဒါကြောင့် အခုအချိန်လက်ထပ်ရင် သူအရမ်းအေးနေလိမ့်မယ် … သူဒုက္ခခံရမှာကိုကျွန်တော်မမြင်ချင်ဘူး … ဒါကြောင့်မို့လို့ အဒေါ်မြင်တဲ့အတိုင်းပဲ …”


လော့ဖေး စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည် ။ ဒီတစ်ခေါက်တော့ ရှီယန်ချင်းရဲ့ ဦးနှောက်လေးက မြန်မြန်အလုပ်လုပ်သားပဲ …


သူက ယုံကြည်ချက်ရှိစွာဖြင့်သူ၏အခန်းသို့ပြန်သွား၍ အပ်ချည်ဘူးကိုယူကာ သေးငယ်သည့်တစ်ခုခုစလုပ်ရန်ပြင်လိုက်သည် ။ 


 သို့သော်လည်း သူထင်မထားခဲ့မိသည်မှာ သူအခန်းအတွင်းသို့ ဝင်သွားလိုက်သည်နှင့်တစ်ပြိုင်နက် ရှီယန်ချင်းက အချိန်အတော်ကြာ သက်ပြင်းချ၍အသံတိုးတိုးဖြင့် ကူကယ်ရာမဲ့စွာဖြင့် ပြောမည်ကိုပင်။


  “ ဦးလေး အန်တီ ကျွန်တော် အနီးဆုံးရက်ကိုရွေးချယ်တယ် … အဒေါ်တို့လည်းသိတာပဲ ကျွန်တော်က နှစ်ပေါင်းများစွာအပြင်မှာတစ်ယောက်တည်းနေခဲ့ပေမဲ့ အမြဲတမ်းအာ့ပေါင်အကြောင်းကိုပဲတွေးနေခဲ့တာ … ဒါပေမဲ့ သူကအရင်ကသဘောမတူခဲ့တဲ့အပြင် အခုလည်းအချိန်ဆွဲချင်နေသေးတယ်လေ သူလုပ်နေတဲ့ပုံစံကိုဦးလေးတို့လည်းသတိထားမိတာပဲမဟုတ်လား … ကျွန်တော့်ကိုနည်းလမ်းတစ်ခုခုလောက်ကူပြီးစဉ်းစားပေးကြပါဦး   …”


“ နည်းလမ်းစဥ်းစား‌ပေးရမှာလား … ”  


လီယွဲ့ဟွားကအလွန်ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။


  “ အန်တီတို့ကိုသာအပ်ထားလိုက် …”


“ ဘာမှမဟုတ်တဲ့ကိစ္စလေးကိုစိတ်ပူမနေစမ်းပါနဲ့ ဦးလေး သူ့ကိုခပ်နာနာလေးနောက်တစ်ခေါက်လောက်ထပ်ရိုက်လိုက်မယ် … ” 


လော့ထျန်းကဆက်ပြော၏ ။


  “ ဆိုးသွမ်းတဲ့ဟာလေး ကံကောင်းကောင်းနဲ့နေရမှာကို ကံကောင်းတာကိုမသိဘဲ တုတ်နဲ့အရိုက်ခံရမဲ့ဟာတွေပဲလျှောက်လုပ်နေတယ် … ”


“  မလုပ်ပါနဲ့ ဦးလေးသူ့ကိုထပ်ရိုက်ရင် တကယ်ပဲ ကျွန်တော်ရင်ကွဲပြီးသေလိမ့်မယ် … ပြောရမယ်ဆိုရင် ကျွန်တော်မြို့မှာပစ္စည်းနည်းနည်းလောက်ဝယ်ချင်လို့ ကျီကောအဖော်လိုက်ပေးလို့ရမလားမေးချင်လို့ပါ … သူပြန်လာရင်သူပစ္စည်းလိုက်ရွေးပေးလို့ရမလားမေးပေးပါလား … ”


“ သူအိမ်မှာရှိတယ် … ဒါပေမဲ့ သားဘာဝယ်မလို့လဲ … တကယ်လို့လူမလောက်ဘူးဆိုရင် မင်းရဲ့ဦးလေးကိုခေါ်သွားလေ … ”  လီယွဲ့ဟွားကပြောလိုက်သည် ။ 


“ ရပါတယ် ကျီကောလိုက်ပေးရုံနဲ့အဆင်ပြေပါတယ် … အဓိကက မြို့ကဆိုင်မှာ ပရိဘောဂပစ္စည်းတွေလိုက်ကြည့်ချင်တာ ပြန်ရောက်ရင် အာ့ပေါင်အတွက်ကြည့်ကောင်းတာလေးတွေလုပ်ပေးမလို့ …  ”


“ ဒီကလေးကတော့လေ … မင်းတကယ်ချစ်တတ်တာပဲ …  ”  လီယွဲ့ဟွားကအလွန်ပျော်ရွှင်နေကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


 “ စိတ်မပူနဲ့ ‌အဒေါ်အနီး‌ဆုံးရက်ကိုပဲရွေးလိုက်မယ် … ”


ရှီယန်ချင်းက လီယွဲ့ဟွားကို ဦးညွတ်ကာနှုတ်ဆက်ပြီးသည့်နောက်တွင် အခန်းငယ်လေး၏ခန်းစီးကိုဟ၍ အတွင်း၌ လော့ဖေး မည်သည်ကိုလုပ်နေကြောင်းကြည့်လိုက်သည် ။ 


လော့ဖေး အပ်ချည်ဘူးကိုယူလိုက်သည် ။ အပ်ချည်အရောင်အနည်းငယ်နှင့် ပိတ်စသုံးစသာရှိကြောင်း သူတွေ့သောအခါ အလွန်စိတ်မကောင်းဖြစ်သွား၏ ။


 ဒါက … ဘယ်ဟာနဲ့ဘယ်လိုချုပ်ရမှာလဲဟ …


ရှီယန်ချင်း ခပ်ဖွဖွချောင်းဆိုးလိုက်သည် ။


 “ အာ့ပေါင် … ကိုယ်အရင်ပြန်ဦးမယ် … ”


 လော့ဖေးက ခေါင်းပင်မမော့ချေ ။ 


 “ သွား … ပြန်လေ …”  ခဏမျှကြာသောအခါ လော့ဖေး ခေါင်းမော့၍သူ၏ဂုတ်ကိုပွတ်၍နှိပ်နယ်လိုက်သောအခါ ရှီယန်ချင်း မပြန်သေးကြောင်းတွေ့လိုက်ရသည်။


  “ ခင်ဗျားဘာလုပ်နေတာလဲ … တစ်ခုခုဖြစ်လို့လား … ”


 ရှီယန်ချင်းက ပေါ့ပေါ့ပါးပါးမေးလိုက်သည် “ မင်း နို့စားနွားနဲ့အဖြူအမဲအကွက်တွေကကြည့်လို့ကောင်းတယ်လို့ထင်လား ဒါမှမဟုတ် အဝါရောင်ခိုင်းနွားကပိုပြီးကြည့်လို့ကောင်းတယ်လို့ထင်လား …”


 လော့ဖေးက ခဏမျှတွေးနေပြီးနောက်ပြောလိုက်သည်။


  “ အဝါရောင်ခိုင်းနွားကပိုကောင်းတယ် … ”


 ရှီယန်ချင်းက ခေါင်းညိမ့်ပြီးနောက်ပြောလိုက်သည် “ အင်း … ကိုယ်လဲအဲ့လိုပဲထင်တယ် … ”


ထိုသို့ပြောပြီးနောက် ခန်းစီးစကိုချကာထွက်သွားလေတော့သည် ။ 



🙇‍♂️🙇‍♂️