Ch 9
Viewers 5k

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း


အပိုင်း ၉




နောက်တစ်နေ့ နံနက်စောစော‌၌



မနက်ငါးနာရီတွင် ကောင်းကင်သည် မလင်းသေးဘဲ အနည်းငယ် မှုန်မှိုင်းနေသေးသည်။



စုရှီကို အစ်ကိုဖြစ်သူက နှိုးလိုက်သဖြင့် သူမသည် ရွာပတ်လည်တွင် အတူတူပြေးလွှားရင်း အိပ်ချင်မူးတူးဖြင့် လိုက်ပါသွားခဲ့သည်။



"မနေ့က အိပ်ရေးမဝဘူးလား။ ဘာလို့ ဒီလောက်တောင် ပင်ပန်းနေတာလဲ။"



ရှီးယန်နန်က စုရှီ၏ ဘေးတွင် ပြေးလွှားရင်း စိုးရိမ်စွာဖြင့် မေးလိုက်သည်။



စုရှီသည် အနည်းငယ် မူးဝေနေဆဲဖြစ်ပြီး၊ သူမ၏ သေးသွယ်သော ခြေထောက်နှစ်ချောင်းကသာ အသိစိတ်မဲ့စွာ လှုပ်ရှားနေကာ သူမ၏ ပါးစပ်မှ အားနည်းစွာဖြင့် ပြန်ဖြေလိုက်သည်။



"မနေ့ညက ရှုပ်ရှုပ်ရှက်ရှက် အိပ်မက်တစ်ခုမက်လို့ အိပ်လို့မကောင်းခဲ့ဘူး။"



"ဘာအိပ်မက်မက်လို့လဲ။"



"..."



စုရှီ က သူမ၏ လက်ကိုမြှောက်ကာ မျက်နှာကို ပွတ်သပ်လိုက်ပြီး၊ သူမကိုယ်သူမ နိုးထလာစေရန် ပါးကို အသာအယာ အကြိမ်အနည်းငယ် ပုတ်လိုက်သည်။



အိပ်မက်၏ အကြောင်းအရာနှင့်ပတ်သက်၍ သူမ ဘယ်လိုပြောရမည်ကို လုံးဝမသိခဲ့ပေ။ သူမသည် ဘဝနောက်ပြန်ဆုတ်သွားပြီး မက်မွန်ပန်းနတ်မိစ္ဆာတစ်ပိုင်း ဖြစ်သွားသည်ဟု အိပ်မက်မက်ခဲ့ကြောင်း ပြောနိုင်ပါ့မလား။ သူမသည် မက်မွန်ပင်များ၊ မက်မွန်သီးများ သို့မဟုတ် မက်မွန်ပန်းများနှင့် အချိန်ကြာကြာနေလေလေ၊ ပိုလှပလာလေ ဖြစ်သည်။



သူမ၏ မျက်နှာသည် နီရဲလာပြီး ထိုအကြောင်းကို မပြောနိုင်ခဲ့ပေ။ မနေ့ညက အရသာရှိသော မက်မွန်သီးများကြောင့်သာ ထိုသို့သော အိပ်မက်များကို မက်ခဲ့ခြင်းဖြစ်သည်ဟု သူမ သေချာနေသည်။



ထိုမက်မွန်သီးများ၏ အရသာရှိပုံကို စဉ်းစားမိရင်း စုရှီ သည် တံတွေးမျိုချမိကာ ပြောလိုက်သည်။



"ဘာအိပ်မက်မက်လဲ မေ့သွားပြီ၊ အစ်ကို။ အဲ့ဒီမက်မွန်ပင်က ဘယ်မှာလဲ။ မနေ့က အစ်ကိုပေးတဲ့ မက်မွန်သီးတွေက အရမ်းအရသာရှိတာပဲ။ ညီမ အားတဲ့အခါ သွားခူးချင်တယ်။"



ကောင်မလေး တံတွေးမျိုချလိုက်သည့်ပုံစံကြောင့် ရှီးယန်နန် ရယ်မောမိသွားပြီး စုရှီ၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။



"အဲ့ဒါတော့ စဉ်းတောင်မစဉ်းစားနဲ့။ အဲ့ဒီအပင်က ရှာရလွယ်တာမဟုတ်ဘူး။ တနင်္ဂနွေနေ့ အစ်ကိုကျောင်းကပြန်လာတဲ့အထိစောင့်၊ တောင်ပေါ်မှာ အစ်ကိုခူးခဲ့ပေးမယ်။"



"ကိုယ့်ဘာသာကိုယ် ခိုးမသွားနဲ့နော်။"



"..."



"ကြားလားလို့။"



"...ကြားပါတယ်။"



စုရှီက အကြောင်းအရာ ပြောင်းလိုက်သည်။ "အစ်ကို့ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးနေပြီနော်။"



ရှီယန်နန် က ချွေးစက်များစီးကျနေသည်ကို သုတ်ရန် သူ့အင်္ကျီအနားစကို မတင်လိုက်ပြီးမှ ပြန်ဖြေသည်။



"အင်း၊ တစ်လတောင် မကျန်တော့ဘူး။"



"အတိအကျ ဘယ်တော့လဲ။"



"နောက်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ၊ ဘာလို့လဲ။"



စုရှီသည် လက်ရှိတက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် နောက်ပိုင်းမျိုးဆက်များထက် တစ်လနောက်ကျသည်ကို ယခုမှ သဘောပေါက်သွားသည်။



"ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းမေးကြည့်တာ။ အစ်ကို ဘယ်တက္ကသိုလ်ကို လျှောက်ဖို့ စဉ်းစားထားလဲ။"



သူလျှောက်ထားလိုသော တက္ကသိုလ်အကြောင်းရောက်လာသောအခါ ရှီးယန်နန်သည် လူငယ်တစ်ယောက်၏ စိတ်အားထက်သန်မှုကို အနည်းငယ်ပြသခဲ့သည်။ သူ၏ပန်းတိုင်မှာ ရှင်းလင်းနေသည်။



 "စစ်တက္ကသိုလ်။"



မူလစာအုပ်ထဲတွင်လည်း ရှီးယန်နန် စစ်တက္ကသိုလ်တက်ခဲ့သောကြောင့် စုရှီ အံ့ဩမနေခဲ့ပေ။ "အမျိုးသားကာကွယ်ရေး နည်းပညာတက္ကသိုလ်လား။"



ရှီယန်နန် အံ့အားသင့်သွားသည်။ "နင်က ဒီကျောင်းကိုလည်း သိတာလား။"



စုရှီက သူမ၏အစ်ကိုကို မျက်ဖြူလှန်ပြလိုက်သည်။ "သမီးလည်း နောက်နှစ်အနည်းငယ်ကြာရင် တက္ကသိုလ်တက်မှာလေ၊ ဒါကြောင့် ထိပ်တန်းတက္ကသိုလ်တွေကိုတော့ သေချာပေါက် အာရုံစိုက်ထားရမှာပေါ့။"



ရှီးယန်နန်က ရယ်မောလိုက်ပြီး သူ့လက်ကြီးဖြင့် စုရှီ၏ခေါင်းကို ပုတ်လိုက်သည်။ "ဒါဆိုရင်တော့ နင် ကြိုးစားရမှာပေါ့။ နင့်ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင်တော့ ထိပ်တန်းတက္ကသိုလ်ကို မဝင်နိုင်ဘူး။"



"သမီးကို အထင်မသေးနဲ့။"



"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အစ်ကို့အမှားပါ။ ငါတို့မိသားစုရဲ့ ရှီရှီ လေးက အတော်ဆုံးပဲ။"



"ကလေးကို ချော့နေတာမို့လို့လား။"



"ဟားဟား..."



……


 ရှီးယန်နန်သည် နံနက်စာစားပြီးနောက် တစ်ပတ်စာရိက္ခာများဖြင့် သူ၏စက်ဘီးပေါ်သို့ ခုန်တက်ကာ စုရှီကို ကျောင်းသို့ လိုက်ပို့ခဲ့သည်။



စုရှီ၏ကျောင်းသည် အိမ်နှင့်သိပ်မဝေးလှပေ၊ သို့မဟုတ်ပါက မူလကိုယ်သည် နေ့စဉ်ကျောင်းသို့ ခြေကျင် သွားလာနိုင်မည်မဟုတ်ပေ။



ကျောင်းသို့ရောက်သောအခါ စုရှီသည် သူမ၏အစ်ကိုကို နှုတ်ဆက်ကာ သူမ၏ ကျောင်းလွယ်အိတ်နှင့် နေ့လယ်စာကို သယ်ဆောင်ပြီး သူမ၏ မှတ်ဉာဏ်များအတိုင်း လိုက်ကာ စာသင်ခန်းကို ရှာဖွေခဲ့သည်။



အလယ်တန်း တတိယနှစ်တွင် စာသင်ခန်းတစ်ခန်းတည်းသာရှိပြီး ကျောင်းသားစုစုပေါင်း သုံးဆယ့်နှစ်ဦးရှိကာ မိန်းကလေး ခြောက်ဦးသာ ပါဝင်သည်။



သူမနှင့် တူတူထိုင်သော ဆံပင်တိုနှင့် ဝဝကစ်ကစ် ကောင်မလေးသည် ရောက်နှင့်နေပြီဖြစ်သည်။



"ရှီရှီ၊ နင်ရောက်လာပြီလား။ ဒီနေ့ ဘာလို့နောက်ကျနေတာလဲ။" ဝမ်ရှောက်သည် အတန်းပိုင်ဆရာနှင့် တရုတ်စာဆရာဖြစ်သော ဆရာမဟွမ်၏ သမီးဖြစ်ပြီး ကျောင်းဝန်ထမ်းအဆောင်တွင် နေထိုင်သောကြောင့် သူမသည် အမြဲတမ်းစောစောရောက်တတ်သည်။



စုရှီသည် ပထမဆုံးအချိန်အတွက် လိုအပ်သောစာအုပ်ကိုထုတ်ယူပြီးမှ သူမ၏ ကျောပိုးအိတ်ကို စားပွဲခုံထဲသို့ ထိုးထည့်ကာ ပြောလိုက်သည်။



"ဒီနေ့ အိပ်ရာထနောက်ကျသွားလို့။ ပထမတစ်ချိန်က သင်္ချာနော်။"



"ဟုတ်တယ်၊ သင်္ချာ။ ငါ့အမေက မနက်ကတည်းက အရင်ပေးထားတဲ့ အိမ်စာစစ်မယ်လို့ ပွစိပွစိပြောနေတယ်။ နင် အိမ်စာပြီးပြီလား။"



"ငါ ပြီးပြီ။" ကျောင်းပြန်တက်ရခြင်းက သူမကို အနည်းငယ် မသက်မသာ ဖြစ်စေသော်လည်း သူမသည် ကျောင်းသူတစ်ယောက်၏ တာဝန်များကို လိုက်နာနေဦးမည်ဖြစ်သည်။



စုရှီ စကားပြောပြီးနောက် ဝမ်ရှောက် သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူမ အနည်းငယ် နားမလည်ဖြစ်ကာ ပြောလိုက်သည်။ "ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ။"



ဝမ်ရှောက်က တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။ "ငါ့စိတ်ထင် နှစ်ရက်လေးအတွင်းမှာ နင်က ပိုပြီးတော့တောင် ဆွဲဆောင်မှုရှိလာသလိုပဲ။"



စုရှီက သူမနောက်နေသည်ဟုထင်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "နင့်ရဲ့ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။"



ဝမ်ရှောက်က ဆက်ပြောခဲ့သည်။ "ငါသတိထားမိတာ နင် အသား နည်းနည်းပိုဖြူလာသလားလို့။ အသားဖြူရင် အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်တယ်လို့ ပြောကြတာ မဆန်းပါဘူး။ နင်က အရင်ကတည်းက ရုပ်လှပြီးသား၊ အခု အသားအရေ ပိုဖြူလာတော့ ပိုတောင်လှလာတယ်။"



စုရှီသည် သူမ၏ စားပွဲဖော်ဘက်သို့ ခေါင်းလှည့်လိုက်ပြီး အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ နှစ်ရက်သာရှိသေးသည်၊ သူမ ဘယ်လိုသိသိသာသာ ဖြူလာနိုင်မည်နည်း။ ထို့အပြင် သူမသည် သူမ၏ အသားအရေကို တမင်တကာ ဖြူအောင်ကြိုးစားခဲ့ခြင်းမရှိပေ။



"နင့်မျက်ခမ်းထောင့်မှာ ပန်းရောင်အမှတ်အသားလေးက ဘာဖြစ်လို့လဲ။" စုရှီ ဘာမှမပြောရသေးခင်မှာ ဝမ်ရှောက်က သူမကို အနီးကပ်စစ်ဆေးကြည့်ရှုကာ အနားသို့ အနည်းငယ်တိုးလာသည်။



မသက်မသာခံစားရသဖြင့် စုရှီသည် နောက်သို့ဆုတ်ရန် ကြိုးစားသော်လည်း ဝမ်ရှောက်က သူမကို ဖမ်းဆွဲထားပြီး အနီးကပ်ကြည့်ရှုပြီးနောက် အံ့ဩတကြီးပြောလိုက်သည်။



"နင့်ရဲ့ညာဘက်မျက်လုံးထောင့်အောက်မှာ ပန်းရောင်အမှတ်အသားတစ်ခုရှိတယ်။ မှဲ့တစ်လုံးလိုပဲ၊ မက်မွန်ပန်းပုံစံမျိုးဖြစ်နိုင်တယ်… ဒါမှမဟုတ် ဇီးပန်းပုံစံလည်းဖြစ်နိုင်တယ်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ သိပ်မသိသာပေမယ့် ငါ့လို အလှတရားကို သတိထားမိတတ်တဲ့သူမျိုးမှပဲ မြင်နိုင်မှာ။"



စကားပြောပြီးနောက် စုရှီ မယုံမည်ကိုစိုးရိမ်သောကြောင့် သူမကျောပိုးအိတ်ထဲမှ မှန်ငယ်လေးတစ်ချပ်ကိုထုတ်ကာ စုရှီ လက်ထဲသို့ပေးပြီး ကိုယ်တိုင်ကြည့်ရန် အမူအရာဖြင့် ပြလိုက်သည်။



စုရှီက သံသယတစ်ဝက်ဖြင့် မှန်ကိုယူပြီးနောက် သူမ၏ ညာဘက်မျက်လုံးထောင့်တွင် ပဲစေ့အရွယ် ပန်းရောင်မှဲ့တစ်ခုကို အမှန်တကယ်တွေ့လိုက်ရသည်။ အရောင်သည် အလွန်ဖျော့ပြီး ဂရုတစိုက်မကြည့်ပါက မမြင်နိုင်ပေ။



ဒါဖြစ်နိုင်ပါ့မလား… မနေ့ညက အိပ်မက်က တကယ်ဖြစ်နေတာလား။



ဒါဘယ်လိုဖြစ်နိုင်မှာလဲ။



*မှန်ကွဲသံ*



"အိုး! ရှီရှီ၊ မြန်မြန်လွှတ်လိုက်။ မှန်ကွဲသွားပြီ။ နင် ဘာဖြစ်သွားသေးလဲ။ နင့်လက် မရှဘူးမလား။"



ဝမ်ရှောက်က စုရှီ၏လက်ကို ဖြဲကြည့်လိုက်ပြီး ဒဏ်ရာမရှိသည်ကိုတွေ့မှ စိတ်သက်သာရာရသွားသည်။ စိတ်အေးသွားပြီးနောက် သူမ ချက်ချင်းတောင်းပန်လိုက်သည်။



"ငါတောင်းပန်ပါတယ် ရှီရှီရယ်။ မှန်ကကွဲနေမှန်း ငါမသိခဲ့ဘူး။ ကံကောင်းလို့ နင့်လက် ဘာမှမဖြစ်တာ။"



စုရှီ ရှက်သွားသည်။ မှန်ကွဲနေခြင်းမဟုတ်ဘဲ၊ သူမ ခဏအကြာက လန့်သွားပြီး သူမ၏ ခွန်အားကို ထိန်းချုပ်ရန် မေ့သွားခဲ့ခြင်းဖြစ်သည်။



သို့သော် ဤအရာကို ရှင်းပြရန်မလွယ်ကူပေ။ သူမသည် ဟန်ကိုယ်ဖို့သာ ပြုံးပြနိုင်ပြီး ဘာပြောရမည်ကို မသိခဲ့ပေ။ နေ့လယ်စာစားချိန်တွင် ဝမ်ရှောက်အတွက် မှန်အသစ်တစ်ချပ်ဝယ်ပေးရန် သူမ စီစဉ်လိုက်သည်။



ကံကောင်းစွာဖြင့် ပထမအတန်းချိန်အတွက် ခေါင်းလောင်းထိုးလာသဖြင့် သူမ စိတ်ထဲ ရှုပ်ထွေးနေသော်လည်း စာသင်ကြားမှုကို အာရုံစိုက်နားထောင်ခဲ့သည်။



မနေ့က အိပ်မက်ထဲတွင် သူမသည် မူလဇာတ်ကောင် "စုရှီ" ဖြစ်ခဲ့သည်ကို သူမသတိရသည်။ သို့သော် ပြင်ပအင်အားစုများကြောင့် ငယ်ရွယ်သော စုရှီသည် အချိန်မတိုင်မီ သေဆုံးခဲ့ရသည်။



ယခု အချိန်နှင့်နေရာကို ကျော်ဖြတ်လာပြီးနောက် သူမသည် သူမ၏ အတိတ်က ကိုယ်ကို အစားထိုးကာ သူမ၏ သွေးမျိုးရိုးကို အသက်ဝင်စေပြီး သူမကို မက်မွန်ပန်းနတ်မိစ္ဆာတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။



ဒါဆို သူမရဲ့ ခွန်အားတွေ တိုးလာတာက သူမ လူသားမဟုတ်တော့လို့လား။



မဟုတ်ဘူး… အဲ့ဒါ မဖြစ်နိုင်ဘူးမလား။



…ဒါက တကယ်လား ဒါမှမဟုတ် သူမရဲ့စိတ်ကူးယဉ်မှုတစ်ခုသက်သက်လား။



သူမ အနည်းငယ် ထိတ်လန့်သွားသည်။



စုရှီသည် တစ်နေ့တာလုံး စိတ်ရှုပ်ထွေးမှုများနှင့်အတူ  ကျောင်းဆင်းခေါင်းလောင်းသံမြည်သည်အထိ ကြံ့ကြံ့ခံနိုင်ခဲ့သည်။



သူမသည် သူမ၏ စားပွဲဖော်ကို နှုတ်ဆက်ကာ ကျောပိုးအိတ်ကို ကောက်ယူပြီး ကျောင်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။



သူမသည် မက်မွန်ပန်းများနှင့် ပတ်သက်သည့်အရာတစ်ခုခုကို အာရုံခံနိုင်လားဆိုသည်ကို အတည်ပြုရန် လိုအပ်သည်၊ သူမ မက်မွန်ပန်းတို့နှင့် ဆက်စပ်သောအရာ တစ်ခုခုအနားသို့ ချဉ်းကပ်လိုက်ရုံပင်။



ကျေးလက်လမ်းများပေါ်တွင် တောမက်မွန်ပင်များ အတော်အတန်ရှိသည်။



စုရှီ မက်မွန်ပင်များအကြောင်း စဉ်းစားလိုက်တိုင်း ရှင်းပြမရသော လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုက သူမကို ဦးတည်ရာတစ်ခုသို့ ဆွဲခေါ်နေခဲ့သည်။



ဤလျှို့ဝှက်ဆန်းကြယ်သော ခံစားချက်နောက်သို့ လိုက်ရုံဖြင့် သူမ မက်မွန်ပင်ကို တိကျစွာ ရှာဖွေနိုင်ခဲ့သည်။



မက်မွန်ပင်တစ်ပင်သို့ ချဉ်းကပ်လိုက်တိုင်း သူမဘာမှမလုပ်လျှင်ပင်၊ အနီးတွင် ရပ်နေရုံမျှဖြင့် မနေ့က မက်မွန်သီးများစားခဲ့စဉ်ကကဲ့သို့ လန်းဆန်းမှုကို ခံစားရသည်။



ဒါ တကယ်ဖြစ်နိုင်ပါ့မလား။



အမယ်လေး ဘုရား ဘုရား … ဒါက မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းလိုက်တာ။



ဘဝကူးပြောင်းမှုတစ်ခုအပြီးတွင် သူမ တကယ်ကြီး မတူညီတဲ့ မျိုးစိတ်တစ်ခုအဖြစ် တန်းပြောင်းလဲသွားခဲ့သည်လား။



သူမသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသလား မသိသောကြောင့် စုရှီသည် သူမလက်ကို မြှောက်ကာ သေးငယ်သော အမွှေးပွမက်မွန်သီးတစ်လုံးကို ညှစ်ကြည့်လိုက်၏။ သူမသည် နတ်မိစ္ဆာတစ်ပိုင်းဖြစ်နေပြီဖြစ်သောကြောင့် ဤမက်မွန်သီးငယ်လေးသည် ချက်ချင်းရင့်မှည့်သွားပြီး အရွယ်ရောက်ပြီး မက်မွန်သီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်ဟု သူမ စိတ်ကူးကြည့်နိုင်မလားဟု တွေးလိုက်သည်။



ထို့နောက်၊ သူမ၏ အထိန်းအကွတ်မဲ့သော စိတ်ကူးယဉ်မှုအတွက် သူမကိုယ်တိုင် ညင်သာစွာရယ်မောခြင်းမပြုမီ၊ သူမ၏ လက်ထဲရှိ ငုံးဥအရွယ် အစိမ်းရောင်မက်မွန်သီးသည် မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် သိသိသာသာကြီးထွားလာပြီး မက်မွန်သီးတစ်ခုလုံးမှ မွှေးပျံ့သောမက်မွန်ရနံ့များ ထုတ်လွှတ်ကာ သူမလက်ထဲသို့ သဘာဝအတိုင်း ကျဆင်းလာခဲ့သည်။



...ဂလု!



တပ်မက်မှုကြောင့်ဖြစ်စေ အံ့အားသင့်မှုကြောင့်ဖြစ်စေ စုရှီ တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။



ထို့နောက်လောဘတကြီးနဲ့ နောက်ထပ် မက်မွန်သီးငယ်လေးတစ်လုံးကို ထိလိုက်၏။



သူမ ကျောပိုးအိတ်ထဲတွင် အနီရောင်မက်မွန်သီးကြီး ကိုးလုံးထည့်ပြီးနောက် စုရှီ အနည်းငယ် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ ဤနတ်မိစ္ဆာတစ်ပိုင်းစွမ်းအားဟုခေါ်သော အရာက အကန့်အသတ်မရှိခြင်း မဟုတ်သည်မှာ ထင်ရှားသည်။



သို့သော် သူမ ကျောပိုးအိတ်ထဲမှ မက်မွန်သီးများကိုကြည့်ရင်း စုရှီသည် ကျေနပ်သောခြေလှမ်းများဖြင့် အိမ်သို့ ပျော်ရွှင်စွာ လျှောက်သွားခဲ့သည်။



သို့သော် အိမ်နှင့်မနီးမဝေး၌ သူမဆီသို့ လာနေသော ချောမောသော လူတစ်ယောက်ကြောင့် သူမလန့်သွားသည်။



"အစ်ကိုကြီး၊ ဘာလို့ ပြန်ရောက်နေတာလဲ။"



ကျော့ရှင်း၍ လှပကာ လောကတွင် ပြိုင်ဘက်ကင်း၏။*

[ ဤအသုံးအနှုန်းကို လူတစ်ဦးတစ်ယောက်၏ ထူးကဲသော အလှတရား သို့မဟုတ် ကျက်သရေရှိမှုကို ချီးကျူးရန် မကြာခဏအသုံးပြုလေ့ရှိပြီး ထိုပုဂ္ဂိုလ်သည် လောကတွင် တုနှိုင်းဖွယ်ရာ ဒုတိယတစ်ယောက်မရှိအောင် ထူးချွန်ပြောင်မြောက်ကြောင်း ဖော်ညွှန်းသည်။ ]



အတိတ်ဘဝတွင် စုရှီသည် ဤစာကြောင်းကို သိပ်နားမလည်ခဲ့ပေ။ လောကကြီးထဲမှာ ရုပ်ရည်သွင်ပြင်တစ်ခုတည်းနှင့်ပင် အလွန်အမင်း ရင်သပ်ရှုမောဖွယ်ကောင်းသော လူတစ်ယောက် ဘယ်လိုများရှိနိုင်မည်နည်း။



သို့သော် ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသော စုတုန်က ညင်သာသော အပြုံးတစ်ခုဖြင့် လျှောက်လှမ်းလာနေသည်ကို မြင်ပြီးနောက်တွင်တော့ စုရှီသည် သူမက ဗဟုသုတနည်းပါးပြီး ကမ္ဘာကြီးကို မမြင်ဖူးသေးကြောင်း ဝန်ခံလိုက်ရသည်။



ထိုလူသည် အရပ် ၁.၈၅ မီတာခန့် မြင့်သည်။ သူ့ကိုယ်ဟန်အနေအထားမှာ မြင့်မား၍ ကျော့ရှင်းပြီး သူ၏မျက်နှာသွင်ပြင်များမှာ ထူးကဲစွာ လှပနေသည်။ သူ၏ မည်းနက်နေသော ဆံပင်တိုများက ဖြူဖျော့နေသော အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဖီးနစ်ငှက်၏ မျက်လုံးများကဲ့သို့သော မျက်ဝန်းများတွင် အပြုံးရိပ်များလွှမ်းခြုံလျက်ရှိပြီး ဖြောင့်စင်းသော နှာတံနှင့် မိသားစုဝင်များကို မြင်တွေ့ရ၍ ပျော်ရွှင်မှုကြောင့် အပေါ်သို့ကော့ညွှတ်နေသော နှုတ်ခမ်းပါးတစ်စုံကို ပိုင်ဆိုင်ထားသည်။



စုတုန်က လက်မြှောက်၍ သူ့ညီမလေး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး သူမ လွယ်အိတ်ကို ယူလိုက်သည်။ သူက ညင်သာသောအပြုံးဖြင့် နွေးထွေးစွာ ပြောလိုက်သည်။



"ဘာဖြစ်နေတာလဲ။ အစ်ကိုတို့တွေ မတွေ့တာ လအနည်းငယ်ကြာသွားတော့ မင်းအစ်ကိုကြီးကို မမှတ်မိတော့ဘူးလား။"



စုရှီ - "…"



သူမ သူ့ကို မမှတ်မိခြင်းမဟုတ်ဘဲ သူမ အစ်ကိုကြီးက အလွန်အမင်း ခန့်ညားလွန်းနေသောကြောင့် ဖြစ်သည်။ ထိုသို့ခန့်ညားလွန်းခြင်းက သူမအနေဖြင့် မတရားလိုက်တာဟု ခံစားရသည်အထိပင် ဖြစ်သည်။



ဤအရာသည် ဖန်ဆင်းရှင်မှ ချီးမြှင့်ပေးသနားသော အလှတရားဖြစ်ပြီး ထိုအလှတရား၏ အရှိန်အဝါမှာ အလွန်လွှမ်းမိုးနိုင်လွန်းသည်။ ထိုကဲ့သို့သော မျက်နှာမျိုးကို ခုခံနိုင်စွမ်းမရှိသေးသည့်အတွက် သူမကို ခွင့်လွှတ်စေလိုသည်။ "အစ်ကိုကြီး ဘာလို့ ဒီအချိန်ကြီး ပြန်လာတာလဲ။"



စုတုန့်၏ လွတ်နေသောလက်တစ်ဖက်က စုရှီ၏ ပုခုံးပေါ်သို့တင်လိုက်ပြီး သူ့ညီမကို အိမ်သို့လမ်းလျှောက်ပြန်ရန် ညင်သာစွာ တိုက်တွန်းလိုက်သည်။



"အစ်ကို့ကို ခရိုင်ဆေးရုံကို ပြောင်းရွှေ့လိုက်ပြီ။ နောက်ဆိုရင် ညီမလေးကို မကြာခဏ ပြန်လာတွေ့နိုင်တော့မှာ။"



အမှန်တကယ်တွင် သူ့မိဘများ သေဆုံးသွားသည့်သတင်းကို လက်ခံရရှိပြီးနောက် သူသည် သူ့ဇာတိမြို့သို့ ပြန်လာရန် စတင်ပြင်ဆင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အကြီးဆုံးသားဖြစ်ပြီး သူ့အဖွားနှင့် မောင်နှမနှစ်ယောက်စလုံးမှာ သူ့တာဝန်ပင်ဖြစ်သည်။



စုရှီ အံ့အားသင့်သွားခဲ့သည်။ "ပေကျင်းက ဆေးရုံမှာ အစ်ကို အဆင်ပြေနေတာ မဟုတ်ဘူးလား။ ခရိုင်ကို ပြောင်းလာတာက အစ်ကိုကြီးရဲ့ အလုပ်အကိုင် တိုးတက်မှုကို ကန့်သတ်ထားသလို ဖြစ်မသွားဘူးလား။ ဒါက ညီမတို့တွေကြောင့်လား…။"



စုတုန်က သူ၏ရှည်လျားပြီး ဖြူဖွေးသော လက်ချောင်းများကို မြှောက်ကာ သူ့ညီမလေး၏ နဖူးကို ခပ်ဖွဖွလေး ခေါက်လိုက်ပြီး သူ့ခံစားချက်များကို အပြုံးဖြင့် ဖော်ပြလိုက်သည်။



"ရှီရှီလေး အရွယ်ရောက်လာပြီပဲ။ အစ်ကိုပြန်လာတာ မင်းတို့ကြောင့်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အစ်ကိုက ဆရာဝန်တစ်ယောက်လေ မြို့ကြီးတွေမှာ ဆရာဝန်မရှားပါဘူး။ ဒါပေမယ့် ဒီမှာတော့ ဆေးကုသမှုစံနှုန်းတွေက အများကြီးနိမ့်တယ်။ မြို့တော်က အစ်ကို့ကို လွမ်းနေမှာမဟုတ်ပေမယ့် အစ်ကို့ဇာတိမြို့မှာတော့ အစ်ကို အကျိုးပြုနိုင်ဖို့ မျှော်လင့်တယ်။ ရှီရှီ နားလည်နိုင်ရဲ့လား။"



စုရှီ ခေါင်းညိတ်လိုက်သည်။ သူမဘယ်လိုလုပ် နားမလည်ဘဲ ရှိနိုင်မည်နည်း။ ဤသည်မှာ သူမအစ်ကိုကြီး၏ ခံစားချက်ပင်ဖြစ်သည်။



"အစ်ကိုကြီး ပြန်လာတာကို ဒုတိယ အစ်ကိုကော သိလား။"



ထိုစကားကိုကြားသောအခါ စုတုန်၏ မျက်လုံးများက တစ်ချက်လက်သွားပြီးနောက် သူက နွေးထွေးစွာ ပြောလိုက်သည်။



"မသိသေးဘူး။ အစ်ကို မနက်ဖြန်မှ ခရိုင်ဆေးရုံကို စာရွက်စာတမ်းကိစ္စတွေ သွားလုပ်ပြီး သူ့ကိုတွေ့ဖို့ ကျောင်းကို သွားလိုက်မယ်။"



"ဒုတိယ အစ်ကို အရမ်းပျော်သွားမှာပဲ။"



"ဟားဟား။ ဒါဆို ရှီရှီ ကကော ပျော်လား။"



"အစ်ကိုကြီး သမီး အခု ၁၅ နှစ်ရှိပြီ။ ကလေးတစ်ယောက်ကို စကားပြောသလိုမျိုး သမီးကို ပြောနေတာ ရပ်လို့ရမလား။"



"ကောင်းပြီ ဒါ အစ်ကို့အမှားပါ။ ရှီရှီလေးက အခု လူကြီးဖြစ်နေပြီပဲ။"



စုရှီ  - "….."