အဖိုးယိုဖန်မှ အသေးစိတ်အချက်များအား မေးလာသဖြင့် အင်စလေ ဝမ်းသာစွာ ပြန်ဖြေသည်။
“ဟမ်.. ညက်ရုံး.. ချိမ်းရောင်ရင့်ရင့်.. ချဘင်.. နက်လား.. နက်ရောင်ချဘင်ချည်.. အာ.. ချွေရောင်လည်း ညဲညဲပါတယ် (မျက်လုံးက အစိမ်းရင့်ရောင်.. ဆံပင်က အနက်လား.. အနက်ရောင်ဆံပင်ရှည်.. အာ.. ရွှေရောင်လည်း နည်းနည်းပါတယ်..)”
အင်စလေ ဂေါ့ဖားသား၏ အသွင်ပြင်အား တိတိကျကျ ဖော်ပြလိုက်သည်။
ရှေးဟောင်းတရုတ်လူမျိုးများကဲ့သို့ အနက်ရောင်ဆံပင်ရှည်၊ စူးရှပြီး သားရဲနှင့်တူသည့် အစိမ်းရင့်ရောင် မျက်လုံးများနှင့် အနက်ရောင်ဆံပင်များအကြား၌ ရွှေရောင်ဆံပင်အနည်းငယ် ရှိသည်။
ဂေါ့ဖားသားမှာ အသက်ကြီးနေသည့်တိုင်အောင် ခံ့ညားကာ ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပင်။
“တားရေလား.. နိုရောင်.. အနို (အသားအရည်လား.. အညိုရောင်.. အညို..)”
အသားအရည်မှာ အညိုရောင်ဟုဆိုသည်။ အသားညိုပြီး အယ်လီယာနာ၏ ထူးခြားသော အသားရေထက် အနည်းငယ် ပိုလတ်နိုင်သည်။
သူမ အိပ်မက်ထဲရှိ ဖိုးဖိုး၏ သွင်ပြင်အား ပြည့်ပြည့်စုံစုံ ဖော်ပြပြီးနောက် အဖိုးယိုဖန်မှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်မှု ရရှိစေရန် ကြိုးစားသော်ငြား မတည်ငြိမ်နိုင်ဘဲ ရှိလေသည်။
ဂေါ့ဖားသားနှင့် ပတ်သက်သည့် ရုပ်ပုံ၊ စာအုပ်များကိုပင် မမြင်တွေ့ဖူးပါသော ၃ နှစ်အရွယ် ကလေးလေးမှာ အိပ်မက်ထဲ၌ ထိုလူအား မြင်တွေ့မိပါသည်ဟု ရုတ်တရက် ဆိုလာသည်။
ဤနေရာမှာ ကမ္ဘာမြေဖြစ်လျှင် မည်သူမဆို လျစ်လျူရှုပြီး တိုက်ဆိုင်မှုဟုသာ မှတ်ယူကြလိမ့်မည်။ သို့သော် သူမ ရောက်ရှိနေသည့် ကမ္ဘာမှာ နိမိတ်ပြအိပ်မက်များအား ယုံကြည်သူများ ဖြစ်သဖြင့် ဒီအတိုင်း ကျော်သွားကြမည် မဟုတ်ချေ။
အင်စလေသည် ဂေါ့ဖားသား၏ ရုပ်ပုံအား ယခင်က မြင်ဖူးမည်ဆိုလျှင်ပင် သူမ၏ အိပ်မက်ထဲ ရောက်လာရန်မှာမူ အတော်လေး ပုံမှန်မဟုတ်ချေ။ အတော်လေး ထူးဆန်းလှသည်။
ထိုကြောင့် နိမိတ်ပြအိပ်မက် ဟုတ်၊ မဟုတ် အတည်ပြုရန်အတွက် ယိုဖန် ဂရုတစိုက် မေးလိုက်သည်။
“အဲဒီ ဖိုးဖိုးက အင့် ကို ဘာတွေ ပြောသလဲ.. တစ်ခုခု လုပ်သေးလား.. ဒီလို.. မျိုး..”
အဖိုးယိုဖန် ပထမဆုံးအကြိမ်အဖြစ် စကားထစ်နေခြင်းဖြစ်ပြီး ချွေးအေးများပင် ထွက်လာသည်။
အင်စလေထံ၌ နိမိတ်ပြအိပ်မက်စွမ်းရည်သာ ရှိနေမည်ဆိုလျှင် စလိုအန်မိသားစုမှာ အချိန်မဆိုင်း ပြန်လည်ရှင်သန်လာနိုင်တော့မည်ပင်။
“အမ်.. ဖိုးဖိုးက ချကားတွေ များရီးပေါတယ်.. အင့်ကို တဘောကျတယ်တဲ့.. (ဖိုးဖိုးက စကားတွေအများကြီးပြောတယ်.. အင့်ကို သဘောကျတယ်တဲ့..)”
အင်စလေ သူမ၏ အိပ်မက်ထဲရှိ အကြောင်းအရာများအား အသေးစိတ် ပြန်လည်ပြောပြသည်။
ထိုသို့ပြန်လည်ရှင်းပြနေစဉ် တစ်ခါတစ်ရံ အိပ်မက်အကြောင်း ပြန်လည်စဉ်းစားဟန်ဖြင့် ရပ်လိုက်သေးသည်။ ကလေးသည် သူမ ကြုံတွေခဲ့သည်များအား ပြန်လည်ပြောနေရင်း ယင်းမှာ မည်သည်ကိုဆိုလိုမှန်း တစ်ခုတစ်လေမျှပင် သိမထားချေ။
အပြစ်ကင်းပုံရသောကြောင့် ဇာတ်ကြောင်းတစ်ခုလုံးမှာ လုပ်ဇာတ်ဖြစ်ကြောင်း မည်သူမျှ သံသယမရှိချေ။ ဂေါ့ဖားသားဝိညာဉ် ရှိနေမည်ဆိုလျှင်ပင် အင်စလေ၏ အိပ်မက်ထဲသို့ အမှန်တကယ် သွားရောက်ခဲ့မိသည်ဟု ယုံကြည်သွားနိုင်သည်။
၁၀ မိနစ် ကြာပြီးနောက်..။
“အိုး.. ဘုရား...”
အဖိုးယိုဖန် ပါးစပ်အား လက်ဖြင့်အုပ်ကာ သက်ပြင်းချလိုက်သည်။ ရှုံ့တွနေသည့် နှဖူးကြောများမှာ ယခင်ထက်ပင် ပိုမိုကာ အရေတွန့်လာပုံရပြီး တစ်ခဏတွင်းမှာပင် အိုမင်းရင့်ရော်သွားပုံရသည်။
နှစ် ၁၀၀ ခန့် အိုစာသွားသလိုပင်။
“အင်.. သမီး..”
အဖိုးယိုဖန် နဖူးအား လက်ဖြင့်ထောက်ကာ အင်စလေအား ကြည့်ပြီး မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။ အဖိုးအိုသည် မည်သည့်စကားမျှ မပြောဘဲ အင်စလေအား စိုက်ကြည့်နေမိတော့သည်။
“ဟု..”
အင်စလေ အပြစ်ကင်းစွာဖြင့် ခေါင်းကလေးအား ငဲ့စောင်းလိုက်ပြီး ဘာမှနားမလည်ဟန် ပြုမူလေသည်။
အားလုံးကို သိနေတယ် နော်..
စိတ်ထဲ၌မူ အဖိုးယိုဖန်အား အလွန်လွယ်ကူစွာ အယုံသွင်းလိုက်နိုင်သောကြောင့် အူလှိုက်သည်းလှိုက် ရယ်မောကာ အောင်ပွဲခံနေသည်။
‘ငါ့အသက်ကိုပဲ ကျေးဇူးတင်ရမယ်.. ဒီလိုမျိုး အကြီးကြီး လိမ်ဖို့ဆိုတာ အတော်ခက်တာ.. ငါ့ရဲ့ အိပ်မက်ဆိုတာကလည်း ကလေးတစ်ယောက်အနေနဲ့ လိမ်ညာဖို့ မဖြစ်နိုင်လောက်အောင် အရမ်းပဲ အသေးစိတ်ကျနေတယ်..’
ဟီးဟီးဟီး.. ကလေးဖြစ်ရတာလည်း အဲလောက်ကြီး မဆိုးပါဘူး.. ဟုတ်တယ် ဟုတ်..
“အာ့ဘာရဲ ဖိုးဖိုး..”
အဖိုးအို မည်သည့်စကားမျှ မဆိုခင်မှာပင် အင်စလေ အဖိုးယိုဖန်၏လက်အား ဆွဲကိုင်ကာ လှုပ်ယမ်းလိုက်သည်။
အဖိုးယိုဖန် အတွေးနက်နေရာမှ လှုပ်နှိုးခံလိုက်ရပြီး အင်စလေအား ခပ်ယဲ့ယဲ့ ပြုံးကာ ကြည့်လိုက်သည်။
“အင်.. သမီး အိပ်မက်ထဲက အဖိုးက.. သူ့နာမည် ပြောသွားသေးလား..”
အဖိုးယိုဖန်သည် အင်စလေ၌ နိမိတ်ပြအိပ်မက်စွမ်းရည် ရှိသည်ဟု ၉၀ ရာခိုင်နှုန်းခန့် ယုံကြည်နေပြီဖြစ်သည်။
နောက်တစ်ကွက် ရွေ့ပြီးလျှင် ထောင်ချောက်အတွင်း ကျသွားတော့မည် ဖြစ်သည်။
“နာမီရား (နာမည်လား)”
အင်စလေသည် သူမအိပ်မက်ထဲရှိ အဖိုးအမည်အား စက္ကန့်ပိုင်းမျှ မေ့လျော့ဟန်ဆောင်လိုက်သည်။ သူမ၏ အိပ်မက်နှင့် ပတ်သက်၍ အသေးစိတ် မှတ်မိနေသည်ဟု ထင်မြင်မသွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လိုက်ခြင်းပင်။
ကလေးသည် အချိန်တစ်ခုကြာအောင် နာမည်အား မှတ်မိရန် ရုန်းကန်နေရဟန် ဆောင်လိုက်ပြီး ရုတ်တရက် အမှတ်ရသွားပုံရှိသည်။
“အာ.. နာမီ.. ဒေ့မေရူး (အာ.. နာမည်.. ဒေ့ဗ်မေးလူးရ်)”
အင်စလေ နားရွက်ချိတ်လုတမျှ ပြုံးနေသည်။
အင်စလေ၏ အသံထွက်မှာ အနည်းငယ် ရှုပ်ထွေးနေသော်ငြား သူမ မသိနားမလည်ဘဲ ပြောလိုက်သည့် အမည်မှာ မာဖီးယားတိုင်း မသိသူမရှိပေ။
ဒေ့ဗ်မေးလူးရ်..။ ဒဏ္ဍာရီလာမာဖီးယားတစ်ဦးဖြစ်သော ဂေါ့ဖားသား၏ နာမည်အစစ်ပင်။
“ဒ.. ဒေ့ဗ်မေးလူးရ် လား..”
အဖိုးယိုဖန် မေ့လဲသွားမတတ်ပင်။ မျက်စိတစ်မှိတ်အတွင်း မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ နှလုံးဖောက်တော့မလို ဖြစ်လာသည်။
ဒေ့ဗ်မေးလူးရ်.. ဂေါ့ဖားသား.. အင်စလေရဲ့ အိပ်မက်ထဲက ဖိုးဖိုးဆိုတာက မာဖီးယားတွေရဲ့ ဘိုးဘေးပဲ.. ဒါဆို.. ဒါဆို.. သူ့ရဲ့ ဝိညာဉ်က အင်စလေရဲ့ အိပ်မက်ထဲ ရောက်လာတာလား..
ထိုသို့ဖြစ်နိုင်သည်။ ဤကမ္ဘာရှိလူများသည် ဂေါ့ဖားသားကဲ့သို့သော် သမိုင်းဝင် နာမည်ကျော်ပုဂ္ဂိုလ်များ၏ ဝိညာဉ်များအား ယုံကြည်ကြသည်။
နိမိတ်ပြအိပ်မက်ဆိုသည်မှာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဝိညာဉ်သည် စွမ်းအင်အသုံးပြုသူ တစ်ဦး၏ အိပ်မက်ထဲသို့ လာရောက်ကာ အနာဂတ်အား မြင်နိုင်စွမ်း ပေးအပ်ခြင်းပင်။
အချိန်နတ်သမီးသည်လည်း ထိုသို့စွမ်းအားမျိုး ပေးစွမ်းနိုင်သော်ငြား ဝိညာဉ်များမှ ပေးအပ်လာသော စွမ်းအားသည် အချိန်နတ်သမီးနှင့် နှိုင်းယှဉ်ပါက မကြာခဏဖြစ်ပေါ်သည်ဟု ဆိုရမည်။ သို့တိုင်အောင် နိမိတ်ပြစွမ်းရည် ရရှိနိုင်မည့် အခွင့်အရေးမှာမူ..
၁၀၀၀ ပုံ ၁ ပုံသာ ရှိသည်။
နိမိတ်ပြစွမ်းရည် ရရှိရန်မှာ လွန်စွာရှားပါးလွန်းသောကြောင့် ထိုစွမ်းရည် အသုံးပြုသူအား ရရှိရန် နိုင်ငံနှင့်ချီသည့် စစ်ပွဲများပင် ဖြစ်လာနိုင်သည်။
သူတို့၏ ခန္ဓာကိုယ်အား ဝိညာဉ်များထံ ငှားရမ်းနိုင်ပြီး အဆိုပါ ဝိညာဉ်၏ စွမ်းအားတစ်ခုအား အချိန်အကန့်အသတ်နှင့် အသုံးပြုနိုင်သည့် စွမ်းရည်အသုံးပြုသူများမှာ ပို၍ပင် ရှားပါးသေးသည်။
ထို့ကြောင့် အင်စလေထံ၌ နိမိတ်ပြအိပ်မက်ဟူသည့် စွမ်းရည် ရရှိခြင်းမှာ ထိတ်လန့်ဖွယ်ရာပင်။
နိမိတ်ပြအိပ်မက်မှာ ရှေ့ဖြစ်ဟောခြင်းနှင့် ဆက်စပ်သည့် စွမ်းရည်များထဲ၌ အားအနည်းဆုံးစွမ်းရည်ဖြစ်သည့်တိုင်အောင် ကလေးတစ်ဦးအတွက်မူ ကြီးမားသော ကိစ္စတစ်ခုဟု မှတ်ယူနိုင်သည်။
သူမ၏ အိပ်မက်ထဲသို့ လာရောက်သော ဝိညာဉ်သည်သာ သူမအား စွမ်းရည်ပေးနိုင်မည်ဖြစ်သည်။ သူမ၏ စွမ်းရည်ပမာဏမှာလည်း ထိုဝိညာဉ်ပေါ်၌သာ မူတည်လေသည်။
ကလေး၏ ပြောစကားအရ သူမ၏ အိပ်မက်ထဲသို့ လာရောက်သူမှာ ဒဏ္ဍာရီလာ ဂေါ့ဖားသား ဖြစ်လေသည်။
ဤသတင်းသည် ဝေါ်လ်တာမိသားစုသည် သူတို့၏ အမွေဆက်ခံသူအား အင်စလေနှင့် လက်ထပ်ရန် ပေးပို့လိုက်ခြင်းကဲ့သို့ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။