အခန်း ၄၂ စာရင်းကိုင်ချုပ်
Viewers 3k

အခန်း ၄၂ စာရင်းကိုင်ချုပ်

 

အဖိုးယိုဖန်၏ ပျာယာခတ်နေမှုမှာ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။ အင်စလေ၏ စွမ်းရည်အား အခြားသူများ သိရှိသွားလျှင် ဖြစ်လာနိုင်မည့် အန္တရာယ်များအကြောင်း တွေးကာ ချွေးဒီးဒီးကျလျက်ရှိသည်။

 

အထူးသဖြင့် ယခုအချိန်၌ အင်စလေမှာ အင်အားမဲ့နေသဖြင့် လူ့မိစ္ဆာများနှင့် မှောင်ခိုအဖွဲ့အစည်းများ၏ ပြန်ပေးဆွဲကာ အသုံးချခံရနိုင်သည်။

 

အဲလိုမဖြစ်အောင် ဒီအကြောင်းကို ဖုံးထားရမယ်.. အနည်းဆုံး အင်စလေ အသက် ၇ နှစ် မတိုင်ခင် သူမရဲ့ စွမ်းရည်ကို တခြားသူတွေရှေ့ ထုတ်ဖော်ခွင့် မပြုဘူး..

 

အဖိုးယိုဖို ထိုသို့ ဆုံးဖြတ်ရခြင်းမှာ အင်စလေ စွမ်းရည်နိုးထနေပြီဖြစ်ကြောင်း သိရှိထားသူများ ရှိနေသောကြောင့်ပင်။

 

ငါနဲ့ ကလေး စကားပြောနေတာကတောင် တခြားသူတွေက သံသယဝင်နေလောက်ပြီ.. ငါနဲ့ ဆက်ဆံမိတဲ့ ကလေးတိုင်းက သေဆုံးသွားကြတာချည်းပဲ.. အင်စလေ အဆင်ပြေပြေ ရှိနေတာကကို ထူးဆန်းတယ်..

 

‘တခြားသူတွေရဲ့ သံသယတွေ ရပ်တန့်သွားအောင် ကောလဟာလတွေ ဖြန့်ရမယ်.. ဒီလိုမှ ကလေးဘေးနားမှာ ရှိနေပြီး ကူညီထောက်ပံ့လို့ရမှာ..’

 

အဖိုးယိုဖန်သည် အင်စလေနှင့် ဆက်သွယ်ပြောဆိုရန် အထူးမျက်ကပ်မှန်ဝတ်ဆင်ထားသည်ဟု ပြောမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် ယင်းမှာ လတ်တလော ကိစ္စရပ်နှင့် သက်ဆိုင်မှု မရှိပေ။

 

လက်ရှိအချိန်၌ အင်စလေ၏ ဇာတ်လမ်းအား တုံ့ပြန်ရန် လိုအပ်သည်။

 

“အင်း.. အင်.. သမီးပြောတာက အိပ်မက်ထဲက ဖိုးဖိုးက အကြံဉာဏ်ပေးတယ်ဆို..”

 

အဖိုးယိုဖန် အလွယ်တကူပင် ယုံကြည်လိုက်သည်။ ကလေးငယ်၌ လိမ်ပြောရမည့်အကြောင်း မရှိချေ။

 

“ဟု..”

 

အင်စလေ တက်တက်ကြွကြွ ခေါင်းညိတ်လိုက်သည်။

 

ဟုတ်တယ်.. ကလေးတစ်ယောက်က ဘယ်တော့မှ လိမ်မှာ မဟုတ်ဘူး.. ဒါပေမဲ့ လူကြီးတစ်ယောက်ရဲ့ ဝိညာဉ်ရှိနေတဲ့ ကလေးကတော့ မုသားပြောလိမ့်မယ်..

 

“အိပ်မက်ထဲက ဖိုးဖိုးက သမီးကို သဘောကျလို့ အကြံပေးတာပေါ့ ဟုတ်လား..”

 

ယိုဖန် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ ဒဏ္ဍာရီလာမာဖီးယားတစ်ဦး၏ နှစ်သက်သဘောကျ ခံရသည့် အဓိပ္ပါယ်မှာ ထိုလူပုဂ္ဂိုလ်ထံ၌ အကန့်အသတ်မဲ့ အလားအလာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

 

ဂေါ့ဖားသား ဒေ့ဗ်မေးလူးရ်သည် မည်သည်ကြောင့် ဝေါ်လ်တာမိသားစု၏ နာမည်ကျော်ဉာဏ်ကြီးရှင်အစား အင်စလေအား မျက်နှာသာပေးရသလဲဟူသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

 

“ဟု.. အာ့ဖိုးဖိုးက အင့်ကို တဘောကျရယ်”

 

အင်စလေ သူမ၏ ရင်ဘတ်လေးအားပုတ်ကာ ခပ်ကြွားကြွားဆိုသည်။ အလွန်အမင်း ယုံကြည်ချက် ပြည့်ဝနေပုံကြောင့် အဖိုးယိုဖန် ရယ်မောမိတော့သည်။

 

အင်း.. ဒါကြောင့်ပဲ ဂေါ့ဖားသားက ဝေါ်လ်တာမိသားစုရဲ့ အမွေဆက်ခံသူအစား အင်စလေကို ရွေးလိုက်တာ ဖြစ်မယ်.. အင်စလေက... ထူးခြားတယ်..

 

“ကောင်းပါပြီဗျာ.. ဒီတော့ သူပေးတဲ့ အကြံဉာဏ်က စာရင်းကိုင်အဖွဲ့ကို ခေါ်ဖို့ပေါ့..”

 

အဖိုးယိုဖန်သည် ကလေးထံမှ အချက်အလက်များ ပိုမိုသိရရန် ဂရုတစိုက် မေးလေသည်။

 

အင်စလေထံ၌ နိမိတ်ပြစွမ်းရည်ရှိသည်ဟု ယုံကြည်ထားပြီးဖြစ်သော်လည်း မည်သည်ကြောင့် စာရင်းကိုင်အဖွဲ့နှင့် အစည်းအဝေးလုပ်ရမည်နည်း။

 

ဒီလူတွေနဲ့ ပတ်သက်နေစရာ မရှိဘူးလေ.. ဟုတ်တယ်မလား..

 

ဒါမှမဟုတ် သူထင်နေသလိုများလား..

 

အကြီးအကဲ ၇ ဖော်ထဲမှ တစ်ဦးဖြစ်သည့် ယိုဖန်မှာ နာမည်နှင့် ရာထူးကြီးကြီးမားမား ရှိရုံမျှသာဖြစ်သည်။ လက်တွေ့၌မူ မိသားစုအတွင်းရှိ အဖြစ်အပျက်များနှင့် အကျင့်ပျက်ခြစားမှုများအား အနည်းငယ်မျှပင် သိရှိထားခြင်း မရှိချေ။

 

ဖင်းလီသာရှိလျှင် အကြီးအကဲ ၇ ဖော် ဆိုသည်မှာ စလိုအန်မိသားစု၏ ဂုဏ်ယူဖွယ်ရာ ဆုတံဆိပ်တစ်ခုသာဖြစ်ကြောင်း ပြောလိမ့်မည်။ အကြီးအကဲများမှာ အမှန်တကယ် သန်မာအားကောင်းကြသော်ငြား မိသားစုအား စီမံအုပ်ချုပ်သည့်စွမ်းရည် အနည်းငယ်မျှပင် မရှိချေ။

 

အကြီးအကဲများ အိုမင်းလာကြပြီ ဖြစ်သောကြောင့် မျက်စိမှောက်သွားသည့် အရာများစွာ ရှိလာပြီး အကျိုးဆက်အနေဖြင့် စလိုအန်မိသားစု ကျဆင်းလာတော့သည်။

 

ထို့ကြောင့် ဂေါ့ဖားသား ဒေ့ဗ်မေးလူးရ်သည် မည်သည်ကြောင့် အင်စလေအား စာရင်းကိုင်အဖွဲ့နှင့် တွေ့ဆုံရန် အကြံပေးကြောင်း ယိုဖန် နားမလည်နိုင်ခြင်း ဖြစ်သည်။ သို့သော် ထိုသို့အကြံပေးလာသူမှာ ဂေါ့ဖားသားဖြစ်သောကြောင့် မိသားစုအတွက် အကျိုးအမြတ်တစ်ခုခု ရှိနိုင်သည်။

 

ထိုကြောင့် ယိုဖန်သည် ဂေါ့ဖားသား၏ အကြံဉာဏ်အား နောက်တစ်ကြိမ် အတည်ပြုရခြင်း ဖြစ်သည်။

 

“အွင်း.. ဖိုးဖိုး ဒေ့ အာ့ရိုကျောတာ (ဖိုးဖိုးဒေ့ဗ်က အဲလိုပြောတာ)”

 

အင်စလေ ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်ပြီး စာရင်းကိုင်အဖွဲ့နှင့် တွေ့ဆုံရန် စိတ်အားထက်သန်နေပုံပေါ်သည်။

 

ဤညတွင် သူမ ပြဿနာရှာမည် ဖြစ်သည်။

 

“သူတို့ကို အခုပဲ ခေါ်လိုက်ကြမလား..”

 

ယိုဖန်သည် သူ့ထက် အဆပေါင်းများစွာ ငယ်ရွယ်သည့် ကလေးတစ်ဦးနှင့် ပြောနေသည့်တိုင်အောင် မသိစိတ်မှ အလိုအလျောက် ယဉ်ကျေးစွာ ပြောမိလိုက်သည်။

 

အင်စလေ၏ အိပ်မက်ထဲ လာရောက်သည့် ဒေ့ဗ်မေးလူးရ်ကြောင့်ဖြစ်ကြောင်း သိသာသည်။

 

အင်စလေ ဂေါ့ဖားသားအား ရွေးချယ်ရန် ဆုံးဖြတ်လိုက်မှာ အကောင်းဆုံးဖြစ်သည်။

 

“အွင်း.. ထုဘဲ (ခုပဲ)”

 

အင်စလေ နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြန်သည်။ အကြိမ်အနည်းငယ်ခန့် ခေါင်းညိတ်ပြီးနောက် အစာကောက်နေသည့် ကြက်တစ်ကောင်အလား ခံစားရသည်။

 

အင်စလေ၏ အလေးအနက် ရှိပုံကိုကြည့်ပြီး ယိုဖန် သက်ပြင်းရှည် ချမိသည်။

 

ဒီလိုဆိုတော့လည်း စာရင်းကိုင်အဖွဲ့ကို ခေါ်ရတော့မှာပေါ့..

 

“ကောင်းပါပြီ.. ဖိုးဖိုး စာရင်းကိုင်အဖွဲ့ကို ခေါ်လိုက်ပါမယ်..”

 

အဖိုးယိုဖန် လက်ယမ်းလိုက်ပြီးနောက် ချက်ချင်းဆိုသလို လေထုထဲမှ သူ၏ ကိုယ်ပိုင်အိမ်ထိန်းများထဲမှတစ်ဦး ထွက်ပေါ်လာသည်။

 

ထိုသူ၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အင်စလေအား ကြောင်အသွားပြီး စွပ်ပြုတ်များ သီးလုမတတ် ဖြစ်စေသည်။

 

ဘာ.. ဒီလူက ဘယ်သူလဲ.. သူက အိမ်ထိန်းလား လုပ်ကြံသတ်ဖြတ်သူလား..

 

အင်စလေသည် အိမ်ထိန်းတစ်ဦးကဲ့သို့ စနစ်တကျ ဝတ်ဆင်ထားသည့်လူအား ချောင်းကြည့်လိုက်သည်။ ထိုလူမှာ အသက် ၅၀ ဝန်းကျင် ရှိပုံရသော်ငြား ခံ့ညားနေဆဲ ဖြစ်သည်။

 

အနက်ရောင်ဆံပင်တို၊ စူးရှသည့် မျက်ဆံနက်များ၊ နဖူးနှင့် မျက်လုံးအောက်ခြေ မြင်သာသော အရေးအကြောင်း အနည်းငယ်..

 

ကြောက်မက်ဖွယ်ရာပင်။

 

အင်စလေ အိမ်ထိန်းအား ထပ်မကြည့်တော့ဘဲနှင့် အဖိုးယိုဖန်ကိုသာ အမိန့်ပေးစေသည်။ ယိုဖန်မှာ မိသားစု၏ ဂုဏ်ယူစရာ ဆုတံဆိပ်တစ်ခုဖြစ်သော်ငြား သူ၏ ရာထူးကြောင့် ဩဇာအာဏာ ရှိနေဆဲဖြစ်သည်။

 

ထို့ကြောင့် အကြီးအကဲမှ စာရင်းကိုင်အဖွဲ့အား စလိုအန်မိသားစု၏ ပင်မစံအိမ်တော် ထမင်းစားခန်း၌ စုဝေးရန် အမိန့်ပေးသည့်အခါ မည်သူမျှ ငြင်းဆန်ခြင်း မပြုကြချေ။

 

မိသားစုအတွင်းရှိ လူများအား ဖယ်ရှားခြင်းသို့မဟုတ် လူသစ်ခေါ်ယူခြင်း ပြုမည်ဆိုလျှင်ပင် မည်သူမျှ မဆန့်ကျင်ရဲချေ။ မိသားစု၏ ခေါင်းဆောင်ပိုင်း (အကြီးပိုင်း) မှ လူများပင်လျှင် အကြီးအကဲ ၇ ဖော်ထဲ၌ အင်အားအကြီးဆုံးသော အကြီးအကဲအား ဆန့်ကျင်မည်ဆိုလျှင် နှစ်ခါပြန် စဉ်းစားရန် လိုအပ်သည်။

 

၁၀ မိနစ်အတွင်းမှာပင် အဖွဲ့သား ၁၅ဦးနှင့် စာရင်းကိုင်ချုပ် တစ်ဦးတို့ ထမင်းစားခန်းအတွင်း စုဝေးရောက်ရှိလာသည်။ ထိုသူအားလုံးမှာ အခြားသော မာဖီးယားများနှင့် မတူဘဲ တွန့်ကြေနေသော အဖြူရောင် ရှပ်အင်္ကျီအား ဝတ်ဆင်ထားကြသည်။

 

ဤစာရင်းကိုင်များမှာ တိုက်ခိုက်စွမ်းရည် မရှိသော်ငြား သူတို့၏ တိုက်ခိုက်နိုင်စွမ်းကင်းမဲ့သည့် စွမ်းရည်များမှာ ရာထူးနှင့် ကိုက်ညီကြသည်။

 

“နှုတ်ဆက်ပါတယ် မဟာအကြီးအကဲ..”

 

အဖွဲ့တစ်ခုလုံးအား ကိုယ်စားပြုအနေနှင့် လူတစ်ဦး ရှေ့တက်ကာ နှုတ်ဆက်သည်။

 

အပြာရင့်ရောင်ဆံပင်နှင့်လူသည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ ထိုသူမှာ အပြုအမူကောင်းများရှိပြီး ကြင်နာတတ်ပုံ ရသော်ငြား အင်စလေ၏ မျက်လုံးထဲ၌မူ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။

 

အင်စလေ သည်းမခံနိုင်စွာဖြင့် လျှာတောက်လိုက်သည်။

 

ဘာလို့လဲ.. ထိုစာရင်းကိုင်ချုပ်မှာ မိသားစုခေါင်းဆောင်ဖြစ်သည့် သူမအား နှုတ်ဆက်ခြင်း မပြုချေ။

 

အဖိုးယိုဖန်ပင်လျှင် ထိုအရာအား သတိပြုမိသည်။

 

“မင်းက ဘာဖြစ်လို့ မိသားစုခေါင်းဆောင်ကို နှုတ်မဆက်တာလဲ.. မျက်စိမပါဘူးလား..”

 

အဖိုးယိုဖန် စာရင်းကိုင်ချုပ်အား ရုတ်တရက် မျက်မှောင်ကြုတ်ပြလိုက်ပြီး ရေခဲတမျှ အေးစက်နေသည့် ရေကန်ထဲသို့ လေအေးအေးများ ဖြတ်တိုက်စေသည်။

 

အကြီးအကဲ၏ အခြေအနေမကောင်းသော တုံ့ပြန်ပုံကြောင့် စာရင်းကိုင်ချုပ်၏ အညိုရောင်မျက်လုံးများ တစ်စက္ကန့်မျှ တုန်ယင်သွားသည်။

 

ရုတ်တရက် မကောင်းသည့် ခံစားချက် ရလိုက်၏။