Chapter 125
မည်သူက ရွှေရောင်ခေါင်းတလားကိုပို့လိုက်ပါသနည်း
မကြာခင်မှာဘဲ ချန်ရုံထွက်ပေါက်သို့ရောက်လာ၏။ သူမက အပြင်ဘက်ကိုကြည့်ကာ မေးလိုက်သည်။
“ ချီလန် ရှင့်လူတွေကဘယ်မှာလဲ၊ ဘာလို့ သူတို့ကရှင့်ကိုရှာဖို့ရောက်မလာတာလဲ”
ဝမ်ချီလန်က ရထားလုံးပေါ်မှ ခုန်ဆင်းကာ သူမနောက်သို့လျှောက်လာလိုက်သည်။ သူလည်းဘဲ အပြင်ကိုကြည့်လိုက်ပြီးနောက် ပြုံးကာပြောလာ၏။
“ကိုယ်မောင်းမှာ၊ အထဲဝင်တော့။ နန်ယန်ကိုကိုယ့်နည်းနဲ့ကိုယ် ပြန်သွားကြမယ်”
သူက ချန်ရုံကို အစေခံများအကြောင်းမရှင်းပြလိုက်ပေ။
ချန်ရုံကလည်း အများကြီးတွေးမနေတော့ပေ။ သူရထားမောင်းမည်ကို ကြားလိုက်ရပြီး ထပ်ပေါင်းပြောရလျှင် သူမအတွက်ဆိုသည်ကို သိလိုက်ရသောအခါ ရုတ်ချည်းလိုပင် သူမမျက်လုံးများဝိုင်းစက်လာလေသည်။
သူမက ဆတ်ခနဲလှည့်ကြည့်ကာ စိတ်ဓာတ်ပြန်တက်ကြွလာသလိုပင် အော်ပြောလိုက်မိသည်။
“ဟမ် ချီလန်က ကျွန်မကိုရထားလုံးမောင်းပေးမယ်တဲ့လား၊ ဝမ်ချီလန်က ကျွန်မရဲရထားလုံးမောင်းသမားဖြစ်တော့မယ်တဲ့”
သူမအသံက လတ်ဆတ်စွာ မြည်ဟည်းလာကာ အလွန်ပျော်ရွှင်နေပုံပေါ်၏။
ဝမ်ဟုန်က သူမ၏ဝမ်းသာအားရဖြစ်နေသော အံ့အားသင့်မှုကို ကြားလိုက်ရသောအခါ သူကရှုံ့မဲ့မဲ့ပြုံးလိုက်ကာ ရထားလုံးဆီသို့ ဦးတည်လိုက်သည်။
သူ၏ကြာပွတ်သံတစ်ချက်တွင် မြင်းကခွာကိုဆောင့်ကာ ခပ်ရွရွထွက်လာလေသည်။
ရထားလုံးက တောင်အက်ကြောင်းထဲမှထွက်လာကာ လမ်းကျယ်ကြီးဆီသို့ မောင်းထွက်လာ၏။
ဝမ်ဟုန်က ချန်ရုံ၏အသံကိုမကြားရသောအခါ လှည့်ကြည့်လိုက်သည်။
ဒီအချိန်တွင် သူမ၏စိတ်ရှုပ်ထွေးနေသောမျက်လုံးများက ဝမ်းမြောက်ခြင်း၊ သိချင်စိတ်တို့ဖြင့် ရစ်နွယ်နေ၏။
သူမက သူ့ကိုမိန်းမောစွာကြည့်လာပြီးနောက် တတွတ်တွတ်ပြောလာပြန်လေသည်။
“ လန်ယာရဲ့ ဝမ်ချီလန်က ကျွန်မအတွက် ရထားလုံးမောင်းပေးတယ်တဲ့လား”
သူမက မယုံကြည်နိုင်မှုများကြား တတွတ်တွတ်ရွတ်နေဆဲဖြစ်သည်။
အကယ်၍ လူများက သူမပြောသည်ကိုကြားလိုက်ရလျှင်လည်း ဘယ်သူမှယုံကြမည်မဟုတ်ပေ။ အခုခေတ်ကာလမျိုးတွင် မင်းမျိုးမင်းနွယ်များသည် သူတို့၏မျက်နှာကို အသက်ထက်ပိုပြီး ဂရုစိုက်တတ်ကြပေသည်။ ဆိုရိုးစကားတောင်ရှိနေသေး၏။
*“ရာထူးမြင့်တွေမှာ ဆင်းရဲသည့်ကျောင်းတော်သားမရှိသလို၊မင်းမျိုးမင်းနွယ်တွေကလည်း ရာထူးနိမ့်တွေမှာ မရှိဘူး”*
အထက်တန်းစားနှင့် အခြေခံလူတန်းစားများအကြား ကွာဟချက်က အာကာသကြီးလိုပင်ဖြစ်ကာ နှစ်ထောင်ချီတိုင်အောင် ဘယ်သူကမှ မကျော်ဖြတ်နိုင်သေးပေ။
လန်ယာ၊ဝမ်အိမ်တော်၏ ရွှေစင်ကဲ့သို့သားတော်က ကိုယ်တိုင်ကိုယ်ကျ စိတ်လိုလက်ရဖြင့် အဆင့်နိမ့်ကိုယ်လုပ်တော်သမီး၏ ရထားလုံးကိုမောင်းပေးရန်ကိုမူ ပြောစရာတောင်မလိုတော့ချေ။ အကယ်၍ဤအခြေအနေက လိုအပ်၍ဆိုလျှင်တောင်မှ ပြောရလျှင် ထိတ်လန့်စရာဖြစ်နေဆဲဖြစ်သည်။
(Tn: *..*ဤဆိုရိုးက မိသားစုအဆင့်အတန်းများကိုအခြေခံကာ အရာရှိများကို ရွေးချယ်သတ်မှတ်သည့် ရာထူးကိုးခုစနစ်မှဆင်းသက်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဤစနစ်ကိုအင်ပါယာစာမေးပွဲဖြင့် အစားထိုးခဲ့၏။ ချန်ရုံ၏ဖခင်နှင့် အကိုသည် အဆင့်ရှစ်အရာရှိဟု မှတ်ယူ၍ရဆဲဖြစ်သော်ငြား ရာထူးကိုးဆင့်စနစ်တွင် အနိမ့်ပိုင်းတွင်ဖြစ်သည်)
ရထားလုံးက တဖြည်းဖြည်းနှင့် အပြင်သို့ရောက်လာသည်။
ချန်ရုံသည်ဘာကြောင့်မှန်းမသိပဲ ဝမ်ဟုန်က ရထားလုံးကို အလွန်ဖြည်းညှင်းစွာမောင်းနေသည်ဟု ထင်နေမိသည်။ ချန်ရုံတွေးနေသည်များကို ဝမ်ဟုန်ရိပ်မိ၍ ဤအချိန် အခိုက်အတန့်လေးကို ပို၍ရှည်ကြာစေရန် ကြိုးစားနေသည်လားတော့မသိချေ။
ထိုသို့တွေးရင်းဖြင့် ချန်ရုံသည် ကျေနပ်ပြုံးလေးပြုံးကာ လိုက်ကာကိုဆွဲချလိုက်သည်။
ထို့နောက် ချက်ချင်းပင် သူမထိုသို့လုပ်လိုက်မိသည်ကို နောင်တရသွား၍ ဝမ်ဟုန်၏နောက်ကျောကိုမြင်နေရစေရန် လိုက်ကာတစ်စကို ပြန်မတင်ထားလိုက်သည်။
တဖြည်းဖြည်းနှင့် ရထားလုံးက ပင်မလမ်းမကြီးဆီပေါ်သို့ရောက်လာသည်။
လမ်းတစ်လျှောက်တွင် အဝါရောင်ဖုန်မှုန့်များက ကောင်းကင်သို့ လွင့်ပျံတက်နေကြသည်။ ခဏကြာသောအခါ ဝမ်ဟုန်သည် ထိုလမ်းမပေါ်၌ နာရီဝက်ခန့်သာမောင်း၍ တောင်ပေါ်သို့ကွေ့တက်သွားသည်ကို ချန်ရုံသတိထားလိုက်မိသည်။
တောင်ပေါ်လမ်းတစ်လျှောက်၌ တသွင်သွင်စီးနေသော စမ်းချောင်းများနှင့် ဝါးရုံများစီတန်းနေကြသည်။ ဆောင်းရာသီဖြစ်သောကြောင့် လူ၏ခါးလောက်မြင့်သည့် ခြောက်သွေ့နေသော အပင်ရိုင်းများက နွယ်ပင်များနှင့် ရစ်ပတ်ကာ အပင်များဆီသို့ တွယ်တက်နေကြသည်။
တောင်၏လမ်းများမှာ လူအသွားအလာနည်း၍ချုံနွယ်များ အလွန်ထူထပ်နေကြသည်။
ချန်ရုံက ရထားလုံးထဲမှ အပြင်သို့ ခေါင်းထွက်ကြည့်၍ အံ့ဩစွာမေးလိုက်သည်။
"ချီလန်...ကျွန်မတို့ ဘယ်ရောက်နေတာလဲဟင်..."
ရထားလုံးမောင်းသူနေရာ၌ လေးတွဲ့စွာထိုင်နေသော ဝမ်ဟုန်က လှည့်မကြည့်ပေ။ လှုပ်ရှားနေသောရထားလုံးကြောင့် ချီလန်၏ဝတ်ရုံသည် ဖုန်မှုန့်များ၊ရွှံ့များဖြင့် အဝါရောင်ပြောင်းသွားသော်လည်း သူ့ကိုကြည့်ရသည်မှာ ဝမ်အိမ်တော်မှပြုလုပ်သော ဧည့်ခံပွဲသို့တက်ရောက်မည့်အလား ချောမောသပ်ရပ်နေဆဲပင်ဖြစ်သည်။
ဝမ်ဟုန်က ပြုံး၍ ကြာပွတ်ကို လွှဲကာပြောလိုက်သည်။
"ဒီလမ်းက တော်တော်ကျဉ်းတော့ လူသွားလူလာလည်း မရှိဘူး...စိုက်ခင်းတွေ
လည်းမရှိဘူး...ဒုက္ခသည်တွေကလည်း ဒီနေရာကိုမကြိုက်ကြဘူး..."
ဝမ်ဟုန်သည် ဤနေရာကလုံခြုံပါသည်ဟုပြောနေခြင်းဖြစ်သည်ကို ချန်ရုံနားလည်လိုက်သည်။
"ဒီနားက လမ်းတွေအကုန်လုံးကို ငါရင်းနှီးပါတယ်..."
ချန်ရုံက ဝမ်ဟုန့်အားမေးခွန်းနောက်တစ်ခု ထပ်မေးမည်အလုပ်မှာပဲ ဝမ်ဟုန်ကပြောလိုက်သည်။ ဝမ်ဟုန်သည် ချန်ရုံ ဘာမေးမည်ကိုသိနေသည့်အလား ပြောနေသည်။
ချန်ရုံကတော့ သိပ်မယုံချင်သော်လည်း ဘာမှမပြောပဲ ဝမ်ဟုန်၏နောက်ကျောကိုသာ ငေးကြည့်နေလိုက်သည်။ ရန်မင်းနှင့် ဝမ်ဟုန်ကဲ့သို့သော ဂုဏ်မြင့်မားသည့်အမျိုးသားများသည် သူတို့၏စကားများအား မေးခွန်းပြန်မေးခံရခြင်းကိုမကြိုက်ကြသည့်အပြင် သူတို့၏စကားမှန်ကြောင်း သက်သေပြရသည်ကိုလည်း မကြိုက်ကြချေ။ သူတို့၏စိတ်ထဲတွင် သူတို့ပြောလိုက်သည့်စကားများသည် နောက်ဆုံးနှင့် အမှန်သာဖြစ်သည်။
လေပြေက ညှင်းသွဲ့စွာတိုက်ခတ်နေသောကြောင့် ဝမ်ဟုန်၏ဆံပင်များနှင့် ရထားလုံးလိုက်ကာကို လှုပ်ခတ်နေစေသည်။
နာရီဝက်ခန့်ကြာသောအခါ ဝမ်ဟုန်၏ အားနေသောလက်က ရထားလုံး၏သစ်သားကိုယ်ထည်ကို တို့ထိကာ သီချင်းတစ်ပုဒ်ကို စတင်ဆိုလိုက်သည်။
"လောယန်ကိုကြည့်လိုက်တဲ့အခါတိုင်း ငါ့ရဲ့နှလုံးသားက လေးလံလာတယ်...လောယန်ကိုကြည့်လိုက်တဲ့အခါတိုင်း အနောက်ဘက်တောင်တန်းတွေနောက်ဆီကို ဝင်ရောက်သွားတဲ့ နေမင်းနဲ့ မရှိတော့တဲ့ ငါ့ရဲ့ ဘုရင်မင်းမြတ်ကို အမှတ်ရတမ်းတမိတယ်...ဘုရင်မင်းမြတ်နေရာမှာ ကျီးပြိုသံတွေကြားထဲက အစွန့်ပစ်ခံအုတ်ဂူတစ်လုံးသာကျန်ရစ်တော့တယ်..."
ဝမ်ဟုန်၏အသံက အလွန်ပင်နာကျင်ဝမ်းနည်းနေပုံရသည်။
ထို့နောက် ရုတ်တရက် ဝမ်ဟုန်သည် ကောင်းကင်သို့မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
ချန်ရုံတစ်ခါမှ မမြင်ဖူးမိသော ဤဝမ်ဟုန်၏ပုံစံကို ကြည့်နေမိချိန်တွင် ဝမ်ဟုန်၏ ရှည်လျားသောအော်ဟစ်သံများက ငိုရှိုက်သံများအဖြစ်သို့ပြောင်းလဲသွားသည်။
ဝမ်ဟုန်၏ငိုရှိုက်သံများနှင့် ချန်ရုံ၏အံ့ဩနေမှုကြားတွင် အဝေးတစ်နေရာရှိတောင်များကြားမှ ကျယ်လောင်သောသီချင်းဆိုသံတစ်ခုထွက်ပေါ်လာသည်။ အက်ကွဲ၍ အိုမင်းနေဟန်ရှိသော ထိုအသံက သီချင်းကို ကြေကွဲစွာဆိုနေသည်။
"တစ်ချိန်က သူရဲကောင်းဟာ အခုတော့ မြေပုံတစ်ခုအဖြစ်သာ ကျန်ခဲ့ပြီ...တစ်ချိန်က ချပ်ဝတ်တန်ဆာတွေနဲ့ ပြည့်ခဲ့တဲ့ခန္ဓာကိုယ်ဟာ အခုတော့ အုတ်ဂူတောင်မရှိတဲ့ အရိုးပုံတစ်ခုဖြစ်ခဲ့ရပြီ..."
ထိုနေရာသို့ရောက်သောအခါ သီချင်းဆိုနေသည့်အသံသည်လည်း ရပ်သွား၍ ဆွဲဆွဲငင်ငင်အော်ငိုနေတော့သည်။
ချန်ရုံက အနောက်သို့လှည့်ကြည့်လိုက်သောအခါ လက်များကိုခါး၌ထောက်လျက် ကောင်းကင်ဆီသို့မော့ကာ အော်ငိုနေသော မုတ်ဆိတ်မွှေးများဖြင့် အသက်လေးဆယ်ခန့်ရှိသည့် သစ်ခုတ်သမားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသစ်ခုတ်သမားသည် ချန်ရုံတို့နှင့် ခြေလှမ်းတစ်ရာခန့်ကွာသော သစ်ခြောက်ပင်များဖြင့်ပြည့်နေသည့်တောင်၏ဘေး၌ ရပ်နေသည်။
ထိုလူ၏ကြေကွဲဖွယ် အော်ဟစ်ငိုရှိုက်သံက တောင်ကြားတစ်လျှောက် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
ချန်ရုံသည် ကြည့်နေရင်းဖြင့် ထိုလူသည် လူများနှင့်ဝေးရာ၌ တစ်ဦးတည်းလာနေနေသော ပညာရှိတစ်ဦးဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
ချန်ရုံက ထိုအကြောင်းကိုစဉ်းစားနေဆဲမှာပင် သစ်ခုတ်သမားက ကုန်း၍ ပုဆိန်ကို ကောက်ယူကာ သူ့ရှေ့၌ရှိသော သစ်ပင်ငယ်လေးတစ်ပင်ကို ခုတ်ရင်းဖြင့် အော်ဟစ်နေသည်။
"ဒီတောင်ခြေမှာ ဘယ်သူက သီချင်းလာဆိုနေတာလဲကွ...မင်းသီချင်းမဆိုခင်အထိ အရာအားလုံးက အဆင်ပြေနေတာကို...အခုတော့ ငါ ဝမ်းနည်းနေရပြီ..."
ထိုသစ်ခုတ်သမားသည် ဂီတနှင့် အကျွမ်းဝင်ပုံရသည်။ သူ၏ စည်းချက်ကျကျသစ်ခုတ်သံနှင့် အော်ဟစ်သံက အံဝင်ခွင်ကျ ကိုက်ညီ၍ တစ်မျိုးပင်နားထောင်ကောင်းနေတော့သည်။
ဝမ်ဟုန်က ကြာပွတ်ကို ဝှေ့ယမ်း၍ ခေါင်းမော့မကြည့်ပဲ ဖြေလိုက်သည်။
"သီချင်းဆိုနေတာ လန်ယာဝမ်ချီပါ..."
"ဟားဟားဟား လန်ယာဝမ်ချီ ဟုတ်လား...ဘယ်လိုတောင် ပြောင်မြောက်လိုက်တဲ့ နာမည်လဲ..."
ထို့နောက် သစ်ခုတ်သမားက ရထားလုံးဆီသို့လှမ်းကြည့်၍ အံ့ဩစွာအော်လိုက်သည်။
"အမလေး...လန်ယာရဲ့ဝမ်ဟုန် မောင်းနေတဲ့ရထားလုံးကို အနောက်ကနေ ထိုင်ပြီး လိုက်စီးနေရအောင် အထဲကလူက ဘယ်သူများပါလဲ..."
ဝမ်ဟုန်က ပြုံး၍ ချန်ရုံ့အားပြောလိုက်သည်။
"မင်းကို ဒီကလူကြီးမင်းမြင်ရအောင် လိုက်ကာကို မပြလိုက်ပါ..."
ချန်ရုံက နားထောင်၍ လိုက်ကာကို မလိုက်သည်။
သို့သော်လည်း ချန်ရုံသည် ရှက်နေမိသောကြောင့် ခေါင်းကိုတော့ ငုံ့ထားလိုက်သည်။
သစ်ခုတ်သမားက ခဏမျှ အသံတိတ်သွားပြီးမှ အော်ရယ်လိုက်သည်။ စိတ်ကောင်းဝင်နေသည့်ပုံပေါက်နေသော သစ်ခုတ်သမားကြီးသည် ပုဆိန်အား ဘေးသို့ လွှင့်ပစ်လိုက်၍ ခါးထောက်ကာ ပျော်ရွှင်စွာ ရယ်နေတော့သည်။
တောင်ကြားတစ်လျှောက် ပဲ့တင်သံထပ်အောင်အော်ရယ်ပြီးကာမှ ထိုသစ်ခုတ်သမားကြီးက ပြောလိုက်သည်။
"ကောင်းပါပေ့ ကောင်းပါပေ့...ဒီလိုမိန်းကလေးတစ်ယောက်ကို တင်ပြီး မောင်းနှင်ပေးချင်စိတ်ရှိတဲ့ လန်ယာက ဝမ်အိမ်တော်ရဲ့ သားအတွက် ကျွန်ုပ် ဝမ်းသာမိပါတယ်..."
ထို့နောက် ထိုလူက ဝမ်ဟုန့်ဘက်သို့လှည့်၍မေးလိုက်သည်။
"မင်းရဲ့ ခုနကသီဆိုနေတဲ့သီချင်းက သံစဉ်တွေက အမျိုးမျိုးကွဲပြားနေတယ်...အဲဒါက အခု သီချင်းရေးစပ်မှုပုံစံအသစ်လား..."
ဝမ်ဟုန်က ပြုံး၍ ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး...ကျွန်ုပ်လည်း ဒီက ကျွန်ုပ်ရဲ့အမျိုးသမီးလေး သီဆိုတာကို ကြားဖူးခဲ့ပြီး ဒီလို မတူညီတဲ့သံစဉ်တွေက သီချင်းကို ပိုပြီး ပေါ့ပါးသွက်လက်စေတယ်လို့ထင်လို့ ဆိုလိုက်တာပါ..."
သစ်ခုတ်သမားကြီးက ရယ်လိုက်ပြန်သည်။
ထို့နောက်တွင်မှ ပုဆိန်ကိုပြန်ကောက်ယူ၍ နက်ရှိုင်းသော တောင်များကြားဆီသို့ ပြန်ဝင်သွားတော့သည်။ တဖြည်းဖြည်းနှင့် သူ၏ရယ်သံများသည် ငိုရှိုက်သံများအဖြစ်ပြောင်းသွား၍ တိုက်ခတ်နေသော လေထဲ၌ ကောင်းကင်ဘုံ၏ငိုကြွေးမြည်တမ်းသံကဲ့သို့ ဖြစ်သွားတော့သည်။
ရထားလုံးက ရှေ့သို့ဆက်မောင်းသွားသည်။
ဝမ်ဟုန်ရွေးချယ်မောင်းနှင်သောလမ်းသည် လူရှင်းရုံသာမက ဖြတ်လမ်းလည်းဖြစ်နေသည်။ နှစ်နာရီအတွင်းတွင် နန်ယန်၏မြို့ရိုးများသည် ချန်ရုံ၏မျက်စိရှေ့၌ ပေါ်လာကြတော့သည်။
ချန်ရုံသည် မြင့်မားသောမြို့ရိုးတံတိုင်းများနှင့် မြို့ပြင်၌ စုဝေးနေကြသော လူအုပ်ကြီး၏ ဝိုးတဝါးပုံရိပ်များကို လှမ်းကြည့်လိုက်သည်။ ဒုက္ခသည်များက မြို့ကို အနှောင့်အယှက်ပေးရန် စုဝေးနေကြသည်လား။
ထိုသို့တွေးလိုက်မိသောကြောင့် ချန်ရုံသည် ဝမ်ဟုန့်အားလှမ်းကြည့်လိုက်သည်။
ဝမ်ဟုန်ကတော့ ကြာပွတ်ကို အေးဆေးစွာ လွှဲယမ်းနေဆဲဖြစ်သည်။ သူ၏ ဖုန်များပေနေသော ဝတ်ရုံနှင့် ဆံပင်များက လေထဲ၌ လွင့်ခါနေကြသည်။ ထိုကဲ့သို့အခြေအနေမှာပင် ချန်ရုံထိုင်နေသည့်နေရာမှ မြင်နေရသည့် ဝမ်ဟုန်၏ အနောက်ဘက်မှ ပုံရိပ်သည် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်ပင် ချောမောနေဆဲဖြစ်သည်။
မကြာခင်မှာပင် ရထားလုံးသည် မြို့ပြင်သို့ ဆိုက်ရောက်လာတော့သည်။
မြို့ပြင်၌ လူများစွာ စုဝေးနေကြသည်။ ထိုလူအုပ်ကြီး၏အလယ်၌ရှိနေသည်မှာ အချေအတင်ဖြစ်နေကြသော အထက်တန်းလွှာများဖြစ်၍ လက်နက်များကိုင်ဆောင်ထားသော စစ်သည်များက ဘေးမှဝိုင်းနေကြသည်။
ထိုစစ်သည်များသည် တောက်ပသော ကြေးဝါချပ်ဝတ်တန်ဆာများကိုဝတ်ဆင်ထား၍ လက်ထဲ၌ ရှည်လျားသောလှံများကိုကိုင်ဆောင်ထားကြသည်။ ထိုကဲ့သို့သော စစ်သည် အနည်းဆုံး အယောက် ငါးထောင်ခန့်သည် အထက်တန်းလွှာများအား ဝိုင်းရံထားကြသည်။
ထိုစစ်သည်များသည် မင်းသား၏ ကိုယ်စောင့်တပ်ဖြစ်သည်။
"ဘာတွေဖြစ်နေကြတာလဲ..."
ချန်ရုံက မနေနိုင်ပဲ အော်မေးလိုက်မိသည်။
သို့သော် လူအုပ်ကြီးက သူတို့ကိစ္စနှင့်သူတို့ရှုပ်နေကြသဖြင့် မည်သူကမျှ ပြန်မဖြေကြချေ။
ထိုအချိန်၌ အထက်တန်းလွှာများကြားမှ ငယ်ရွယ်သောပညာရှိတစ်ဦးက အသံကိုမြှင့်၍ပြောလိုက်သည်။
"နန်ယန်မင်းသားက အခုလိုလုပ်တာ ဘာသဘောပါလဲ...အရင်တစ်ခါကလည်း မင်းသားက ကျွန်ုပ်တို့ မြို့ထဲက ထွက်မှာကို တားမြစ်ခဲ့တယ်...အခုလည်း လန်ယာရဲ့ဝမ်အိမ်တော်ကို တားမြစ်နေပြန်ပြီ...သူ့လို မြို့လေးတစ်မြို့ကိုပဲအစိုးရတဲ့မင်းသားတစ်ယောက်ကို ဘယ်သူကမှ အာမခံရဲဘူးလို့ထင်နေတာလား..."
Xxxx