Chapter 126
ကူကယ်ရာမဲ့သော ယုန်ငယ်လေးအား စောင့်နေကြခြင်း
ပညာရှိ၏အသံက ဒေါသထွက်နေသည့်အသံပေါက်၍ စကားအဆုံးတွင် အသံက အော်ဟစ်ပြောဆိုနေသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
လန်ယာ၏ဝမ်အိမ်တော်မှ တစ်စုံတစ်ယောက်က မြို့ပြင်သို့ ထွက်ချင်နေသည်လား။
ချန်ရုံက ခေါင်းကိုလှည့်၍ ဝမ်ဟုန့်အားကြည့်လိုက်သည်။ သို့သော် ဝမ်ဟုန်၏ အေးဆေးစွာထိုင်နေသောနောက်ကျောဘက်ကိုသာ ချန်ရုံမြင်လိုက်ရသည်။
ပညာရှိ၏စကားဆုံးသွားသောအခါ တပ်မှူးတစ်ယောက်က လှောင်ရယ်ရယ်၍ပြောလိုက်သည်။
"လန်ယာရဲ့ ဝမ်အိမ်တော်က အဆင့်အတန်းမြင့်တဲ့အိမ်တော်တစ်ခုဆိုတာ ဟုတ်ပါတယ်...ဒါပေမယ့် အခု လန်ယာဝမ်ချီက မူရုံခယ်ကို သွားဆွလိုက်ပြီးတဲ့နောက်မှာ ဖြစ်လာမယ့် ဒုက္ခတွေအားလုံးကို နန်ယန်မြို့ပေါ်ပုံချပြီး မင်းတို့ပဲ တိတ်တိတ်လေး ဒီကနေ ထွက်သွားလို့မရဘူးလေ..."
ထို့နောက် တပ်မှုးသည် နောက်သို့တစ်လှမ်းဆုတ်၍ ညာဘက်လက်ကိုဝှေ့ယမ်းကာအော်လိုက်သည်။
"သူတို့ကိုတားစမ်း...တစ်ယောက်ကိုမှ ဖြတ်သန်းခွင့်မပေးနဲ့..."
ငယ်ရွယ်သောပညာရှိက မခံမရပ်နိုင်စွာဖြင့် ရယ်ကာ ပြန်အော်ပြောလိုက်သည်။
"ခင်ဗျားရဲ့ ခွေးမျက်လုံးတွေကို သေချာဖွင့်ပြီး လန်ယာဝမ်ချီက ဒီမှာ ရှိလား မရှိလားဆိုတာကို သေချာကြည့်ပါဦး..."
သို့သော်လည်း ပြောစရာမလိုအောင်ပင် ဤလူအုပ်ထဲ၌ ဝမ်ဟုန်မရှိသည်ကို တပ်မှူးက သိပြီးသားဖြစ်ပါသည်။ သို့သော် ဂရုမစိုက်ပါ။ တပ်မှူးသည် ခေါင်းကိုမော့၍ လက်ထဲမှ တံဆိပ်ပြားကိုမြှောက်ပြကာ အမိန့်ပေးလိုက်သည်။
"ငါ့ဆီမှာ အရှင်မင်းသားရဲ့အမိန့်တော်ရှိပြီးသား...ဝမ်ချီ ဒီမှာရှိရှိ မရှိရှိ ငါဂရုမစိုက်ဘူး...လန်ယာရဲ့ ဝမ်အိမ်တော်က ရထားလုံးမှန်သမျှ ဒီကနေ မထွက်ရဘူး..."
ထိုစကားများကိုကြားသောအခါ ဝမ်ဟုန်သည် နားမလည်နိုင်ဖြစ်သွား၍ အစေခံငယ်လေးတစ်ဦးကို လက်ကိုဝှေ့ယမ်း၍ ခေါ်လိုက်သည်။
အစေခံလေးသည် ဒုက္ခသည်များကြား၌ရပ်နေသည်ဖြစ်၍ သူ၏အဝတ်အစားများက အသစ်လွင်အသပ်ရပ်ဆုံးဖြစ်နေသည်။ ထိုကောင်လေးသည် အထက်တန်းလွှာများနှင့် စစ်သည်များ၏ရန်ပွဲကိုပျော်ရွှင်စွာကြည့်နေရင်းမှ ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ လက်ကိုဝှေ့ယမ်းနေသော ဝမ်ဟုန့်အားမြင်သွားသည်။ အစေခံလေးသည် ဝမ်ဟုန့်အား ရုတ်တရက်မမှတ်မိပဲ စပ်စုစိတ်၊ ချစ်ခင်လေးစားစိတ်များနှင့် ငေးကြည့်နေပြီးမှ ဝမ်ဟုန်ရှိရာသို့ ပြေးလာလေသည်။
ဝမ်ဟုန်က သူတို့ရှိရာနေရာနှင့် ခြေလှမ်းသုံးရာခန့်ကွာသော လူအုပ်ကိုလက်ညှိုးထိုးပြ၍ ပြုံးကာမေးလိုက်သည်။
"ကောင်လေး...ဘာတွေဖြစ်နေကြလဲဆိုတာ မင်းသိလား..."
"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်သိပါတယ်..."
အစေခံလေးက ကျယ်လောင်ပြတ်သားသောအသံဖြင့်ပြောလိုက်သည်။
"မနေ့ညက လူရိုင်းစစ်သည် နှစ်ရာလောက် ရွှေရောင်ခေါင်းတလားကိုမပြီး မြို့ပြင်ကိုရောက်လာခဲ့ပါတယ်...ပြီးတော့ သူတို့ရဲ့ခေါင်းဆောင်က လန်ယာဝမ်ချီရဲ့ အရည်အချင်းတွေကိုအားကျပြီး သူနဲ့မိတ်ဆွေဖြစ်ချင်တယ်လို့ မြို့ထဲကိုအော်ပြောကြပါတယ်...ဝမ်ချီလန်က မောယန်ကနေ နှုတ်ဆက်စကားမပြောပဲထွက်သွားလို့ အရမ်းလည်းစိတ်မကောင်းဖြစ်နေတယ်လို့ပြောပါတယ်...အခု ဝမ်ချီလန်က နန်ယန်မြို့မှာ ရောက်နေတယ်လို့သတင်းကြားတဲ့အတွက် သူတို့ရဲ့တပ်မှူးက ဒီရွှေရောင်ခေါင်းတလားကို လက်ဆောင်ပေးပြီး ဝမ်ချီလန်နဲ့ ထပ်တွေ့ခွင့်ရချင်တယ်လို့ပြောပါတယ်..."
အစေခံကောင်လေးက စကားကိုကြည်လင်သောအသံဖြင့် ပြတ်သားစွာပြောကာ မှတ်ဉာဏ်လည်းကောင်းပုံရသည်။ အစေခံလေးသည် ယခုအထိကို အသက်မရှူပဲ တစ်ခါတည်းပြောနေသောကြောင့် အသက်ကိုမနည်းရှူပြီးမှ ဆက်ပြောလိုက်သည်။
"တပ်မှူးမူရုံက ဝမ်ချီလန်အတွက် မြေမြှုပ်သင်္ဂြိုလ်ဖို့ အဝတ်အစားတွေလည်း ပြင်ထားပြီးပြီလို့ လူရိုင်းတွေကပြောပါတယ်...အဲဒါကြောင့် ဝမ်ချီလန်က သူတို့ရဲ့ လက်ဆောင်ပစ္စည်းတွေကို မငြင်းပယ်ဖို့မျှော်လင့်ပါတယ်တဲ့...အဲဒီလိုပြောပြီးတာနဲ့ လူရိုင်းတွေက ရွှေခေါင်းတလားကိုချပြီး အမြန်ပြန်ထွက်သွားကြတော့တာပါပဲ..."
ထိုအချိန်တွင်တော့ ချန်ရုံရော ဝမ်ဟုန်ပါအဖြစ်အပျက်များကို နားလည်သဘောပေါက်သွားပြီဖြစ်သည်။
ဝမ်ဟုန်ကပြုံးလိုက်သည်။
ဝမ်ဟုန်၏ တောက်ပလွန်းသော အပြုံးကြောင့် အစေခံလေးသည် ဘာမှမပြောနိုင်တော့ပဲ မှင်သက်စွာသာ ငေးကြည့်နေတော့သည်။
ဝမ်ဟုန်က ခပ်ဖျော့ဖျော့ရယ်၍ပြောလိုက်သည်။
"အဲဒီတော့ အခုမနက် နန်ယန်မင်းသားနိုးလာတဲ့အချိန်မှာ လန်ယာရဲ့ဝမ်အိမ်တော်ကလူတွေက မြို့ကနေထွက်ဖို့လုပ်နေတာကို သိသွားတယ်ပေါ့..."
"ဟုတ်ပါတယ် ဟုတ်ပါတယ်..."
အစေခံလေး၏ငယ်ရွယ်သောမျက်နှာ၌ စိတ်ပျက်သွားမှုက ပေါ်လာသည်။ သို့သော် ချက်ချင်းပင် မျက်လုံးများက ပြန်တောက်ပလာ၍ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"လန်ယာရဲ့ဝမ်အိမ်တော်က ဒီလိုတိုက်ပွဲမျိုးကနေ ဘယ်တော့မှ ရှောင်ပြေးမှာမဟုတ်ဘူးလို့ လူတွေက ပြောနေကြပါတယ်...ဒီမြို့ကနေထွက်သွားတဲ့လူတွေကလည်း ကျန့်ခန်းကနေ စစ်ကူသွားတောင်းတာပါတဲ့...ဝမ်ချီလန်အတွက်ကတော့ ဝမ်မိသားစုရဲ့ အင်အားစုအများအပြားက ဒီနန်ယန်မှာပဲနေခဲ့ကြမှာပါ...တချို့ကလည်း မူရုံခယ်က ချီလန့်ကိုပဲ လိုချင်တာမို့လို့ ချီလန်သာ နန်ယန်မြို့ကနေ ထွက်သွားရင် မူရုံခယ်ကလည်း ဒီမြို့ကို စိတ်ဝင်စားတော့မှာမဟုတ်ဘူး လို့ပြောနေကြပါတယ်...နန်ယန်မင်းသားက ဒီလို ဝမ်အိမ်တော်က လူတွေကို မြို့ထဲကထွက်ခွင့်မပြုတာက ရေရှည်ကိုမကြည့်တာပဲလို့ ပြောကြပါတယ်..."
ဝမ်ဟုန်က ပြုံး၍ အစေခံလေးအား ကျေးဇူးတင်စကားပြောလိုက်သည်။ ကောင်လေးအား ပြန်လွှတ်ပြီးသောအခါ ဝမ်ဟုန်သည် ခေါင်းကိုမော့၍ လူအုပ်အား အေးဆေးစွာလှမ်းကြည့်လိုက်သည်။
ထို့နောက် ဝမ်ဟုန်က အနောက်သို့မှီ၍ ချန်ရုံ့အားခေါ်လိုက်သည်။
"အားရုံ..."
"ဟုတ်ကဲ့..."
"မင်း နန်ယန်ကနေ ထွက်ချင်တယ်ဆိုရင် နောက်နှစ်ရက်အတွင်းထွက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်...ငါ အကုန်လုံးကိုစီစဉ်ပေးမယ်..."
ဝမ်ဟုန် ထိုကဲ့သို့ပြောလာလိမ့်မည်ဟု ချန်ရုံ မမျှော်လင့်ထားမိချေ။ ဤသတင်းများကိုကြားပြီးသည့်အခါ ဝမ်ဟုန်၏ပထမဆုံးအတွေးက ချန်ရုံ့အား နန်ယန်နှင့်အဝေး ဘေးကင်းရာသို့ ပို့ဆောင်းပေးရန်တဲ့လား။
ချန်ရုံသည် ကျေးဇူးတင်စိတ်၊ ချစ်ခင်ကြင်နာစိတ်များဖြင့် ဝမ်ဟုန့်အား လှမ်းကြည့်လိုက်သည်။
"အရှင်ကရော...အရှင်ရော ဘယ်ကိုသွားနေမှာပါလဲ..."
ချန်ရုံက မေးလိုက်သည်။
ဝမ်ဟုန်က ပြုံးလိုက်သည်။
"ငါလား...နန်ယန်မှာပဲနေမှာပေါ့...လန်ယာဝမ်ချီက လူရိုင်းကိုမြင်ရုံနဲ့ ထွက်ပြေးသွားတယ်ဆိုရင် လူရယ်စရာဟာသကြီးဖြစ်နေတော့မှာပေါ့..."
ချန်ရုံက ခဏမျှစဉ်းစားလိုက်ပြီးမှ အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မလည်း နန်ယန်မှာပဲ နေခဲ့ပါ့မယ်..."
ဝမ်ဟုန်က ချန်ရုံ့ကိုလှည့်မကြည့်ပဲ မူလအတိုင်း ပုံမပျက်ထိုင်နေရင်းက မေးလိုက်သည်။
"မင်းသေရမှာကို မကြောက်ဘူးလား အချစ်လေး..."
သေရမှာ...?
ချန်ရုံ သေရမည်ကို သေချာပေါက်ကြောက်ပါသည်။ သို့သော်...
"အရှင်က သေဖို့မကြောက်ဘူးဆိုရင် အားရုံလည်း မကြောက်ပါဘူး..."
အချိန်အတော်ကြာသည်အထိ ဝမ်ဟုန့်ဆီမှ ပြန်ဖြေသံမကြားသောအခါ ချန်ရုံက လှည့်ကြည့်လိုက်သည်။
နှစ်ဦးသားမျက်နှာချင်းဆိုင်ရပ်နေကြချိန်တွင် ဝမ်ဟုန်၏မျက်လုံးများထဲ၌ အချစ် ဟုထင်ရသောခံစားချက်တစ်ခုကို ချန်ရုံ မြင်လိုက်ရသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ဟုန်၏မျက်လုံးများက ပုံမှန်ကဲ့သို့ပင် ပြုံးရိပ်သမ်းသောမျက်လုံးများ ပြန်ဖြစ်သွားကြသည်။
ထိုအချိန်၌ ချန်ရုံတို့နောက်မှ မီးခိုးလုံးများထွက်ပေါ်လာ၍ လမ်းဘေးမှ ဒုက္ခသည်များသည် မြို့တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် ချက်ချင်းပင် အနောက်သို့ ဆုတ်ပြေးသွားသည်။ အစေခံကောင်လေးသည်ပင် အနောက်သို့ဆုတ်ခွာထွက်ပြေးသွား၍ ထိုနေရာမှသာ စပ်စုစွာ လှမ်းကြည့်နေသည်။
သံချပ်ကာများဝတ်ဆင်ထားသော လူအယောက်နှစ်ရာက ချန်ရုံ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ ထိုလူများသည် အရပ်မြင့်မား၍ ကြီးမားသောခန္ဓာကိုယ်များရှိကြကာ မျက်နှာများက အကြောက်အရွံ့ကင်းမဲ့နေကြသည်။ ထိုလူများသည် မြောက်ပိုင်းမှလာသူများနှင့်တူ၍ ထိုလူတစ်ယောက်၏ခန္ဓာကိုယ်သည် ဒုက္ခသည်သုံးယောက်၏ခန္ဓာကိုယ်နှင့် ညီမျှနေသည်။
ထိုလူများသည် ရှေ့သို့တိုးလာ၍ ဝမ်ဟုန်၏ရထားလုံးကို ဝိုင်းရံလိုက်ကြသည်။
ချန်ရုံက ဝမ်ဟုန့်ကို လှည့်ကြည့်လိုက်သောအခါ ဝမ်ဟုန့်ပုံစံက အေးအေးဆေးဆေးပင်ရှိနေသောကြောင့် ချန်ရုံလည်း စိတ်အေးသွားရသည်။
ထိုလူအုပ်ထဲမှ လူတစ်ယောက်က ရှေ့သို့တိုးလာ၍ လက်များကို ချိတ်ဆက်ကာ ပြောလိုက်သည်။
"အရှင်..."
ထိုလူများသည် ဝမ်ဟုန်၏ သက်တော်စောင့်စစ်တပ်များ ဖြစ်နေပါလား။ ထိုစစ်သည်များသည် ဤတစ်ချိန်လုံး ချန်ရုံတို့၏နောက်၌ လိုက်ပါလာကြသည်ပေါ့။ ချန်ရုံက တွေးရင်းဖြင့် ယခုမှသာ ဝမ်ဟုန်သည် မနေ့ညက ချန်ရုံ့အား မည်ကဲ့သို့လိုက်ရှာခဲ့သည်ကို မမေးလိုက်မိမှန်းသတိရသွားသည်။ တကယ်ဆိုလျှင် ဝမ်ဟုန်၏အစောင့်များသည် ဝမ်ဟုန့်အနားမှ တစ်ဖဝါးမျှ ခွာမည့်သူများ မဟုတ်ပေ။
ဝမ်ဟုန်က ရထားလုံးပေါ်မှဆင်းလိုက်၍ ချန်ရုံ့ကို တစ်ချက်လှမ်းကြည့်ကာ အမိန့်ပေးလိုက်သည်။
"ဝမ်ရှန့်...ချန်မိန်းကလေးကို မြို့တော်ထဲကို ပြန်လိုက်ပို့ပေးလိုက်..."
"ဟုတ်ကဲ့..."
အသက်နှစ်ဆယ်နှောင်းပိုင်းခန့်အရွယ်ရှိသည့် လေးထောင့်ကျကျမျက်နှာနှင့် စစ်သည်တစ်ဦးက ရှေ့သို့ထွက်လာသည်။ ထိုစစ်သည်သည် ချန်ရုံ့အား ဦးညွှတ်လိုက်၍ မြင်းပေါ်မှဆင်းကာ ရထားလုံးမောင်းသူနေရာသို့ ဝင်ထိုင်လိုက်သည်။
ရထားလုံးက ရှေ့သို့ ဆက်သွားတော့သည်။
ခြေလှမ်းအနည်းငယ်မျှသွားပြီးသောအခါ ချန်ရုံသည် ဝမ်ဟုန့်အား ပြန်လှည့်ကြည့်၍ တစ်စုံတစ်ခုပြောရန်ပါးစပ်ကိုဟလိုက်သည်။ သို့သော် စစ်သည်များကြား၌ ပြုံးနေသော်လည်း စည်းကမ်းတင်းကျပ်သည့်ပုံပေါက်နေသော ဝမ်ဟုန့်ကိုမြင်သောအခါ ချန်ရုံသည် ပါးစပ်ကိုသာ ပြန်ပိတ်လိုက်တော့သည်။
ရထားလုံးသည် ရှေ့သို့ဆက်မောင်းသွား၍ မကြာမီမှာပင် မြို့တံခါးဆီသို့ ရောက်သွားတော့သည်။
မင်းသား၏ကိုယ်ပိုင်စစ်သည်များက တံခါးကို ပိတ်ဆို့ထားကြသည်။ သို့သော်ထိုစစ်သည်များသည် အထက်တန်းလွှာများကိုသာ မြို့ထဲမှ မထွက်နိုင်အောင် တားဆီးနေသည်ဖြစ်၍ မြို့ထဲသို့ ဝင်လာသူများကို အရေးမစိုက်ကြချေ။
ချန်ရုံသည် နန်ယန်မြို့ထဲသို့ အနှောင့်အယှက်မရှိပြန်ဝင်လာနိုင်၍ သူမ၏ အိမ်တော်ဆီသို့ ပြန်သွားလိုက်သည်။
ရထားလုံးပေါ်မှ ဆင်းပြီးသောအခါ ချန်ရုံသည် အလျင်အမြန်ပြန်ရန်လုပ်နေသော စစ်သည်ကို နှုတ်ဆက်၍ သူမ၏ ခြံဝန်းထဲသို့ ပြေးဝင်ကာ အော်လိုက်သည်။
"အဖိုးစွင်း...အဖိုးစွင်း..."
ချန်ရုံ နှစ်ခါမျှ အော်ခေါ်လိုက်သော်လည်း မည်သူကမျှ မဖြေသောအခါ ချန်ရုံ၏အသံက တုန်လှုပ်စပြုလာသည်။
ထိုအချိန်၌ပင် အထိန်းတော်ဖျင်က အလွန်ပျော်ရွှင်သွားသောအသံက အိမ်ထဲမှထွက်ပေါ်လာသည်။
"မမလေး ပြန်ရောက်လာတာလား...ပြန်ရောက်လာတာပါလား..."
အထိန်းတော်ဖျင်သည် ချန်ရုံ့နားသို့ပြေးလာ၍ လက်နှစ်ဖက်လုံးဖြင့် ချန်ရုံ၏ပခုံးကိုကိုင်ကာ သေချာကြည့်လိုက်သည်။
ချန်ရုံက အထိန်းတော်ဖျင်၏လက်များကို ဖယ်ချ၍ မေးလိုက်သည်။
"အဖိုးစွင်း ဘယ်မှာလဲ..."
"အိပ်ယာထဲမှာ လှဲနေပါတယ် မမလေး..."
ထိုအခါမှပင် ချန်ရုံလည်း သက်ပြင်းချနိုင်တော့သည်။ ချန်ရုံက ပြုံး၍ ပြောလိုက်သည်။
"အဖိုးစွင်း အိမ်ပြန်ရောက်နေလို့ တော်သေးတာပေါ့...ဘယ်အချိန်တုန်းက ပြန်ရောက်လာတာလဲ..."
"ဒီမနက်စောစောကပဲ..."
အထိန်းတော်ဖျင်ကပြောလိုက်သည်။ ထို့နောက် အပြင်သို့တစ်ချက်လှမ်းကြည့်၍ ချန်ရုံ၏နားနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
"အရုဏ်တက်မှာ မြို့တံခါးဖွင့်တာနဲ့ အဖိုးစွင်းက တောင်ဘက်လမ်းက ဆိုင်ရှေ့မှာရောက်နေတာ..."
အထိန်းတော်ဖျင်၏အသံက ပြောရင်းဖြင့် တုန်လှုပ်လာပုံရသည်။
"လမ်းပေါ်ကို လူတစ်ယောက်ထွက်လာတာနဲ့ အဖိုးစွင်းက မေ့လဲသွားတော့တာ...သူပြန်သတိရလာတော့လည်း မမလေးကိုပဲ အော်ခေါ်နေတယ်..."
ချန်ရုံက နှုတ်ခမ်းကိုတင်းတင်းစေ့၍ ခပ်တိုးတိုးပြန်ပြောလိုက်သည်။
"အဖိုးစွင်းက တောင်ဘက်လမ်းက ဆိုင်တစ်ဆိုင်ထဲမှာ နေနေတာလား..."
"ဟုတ်ကဲ့..."
အထိန်းတော်ဖျင်က ချန်ရုံ့အားကြည့်၍ အချိန်အတော်ကြာ ပြောသင့် မပြောသင့် လွန်ဆွဲနေပြီးမှ မေးလိုက်သည်။
"မမလေး...မနေ့ညက မမလေး..."
အထိန်းတော်ဖျင်၏အသံထဲမှ စိုးရိမ်ပူပန်မှုကို ချန်ရုံ သတိထားလိုက်မိသည်။ ချန်ရုံသည် ချက်ချင်းပင် အထိန်းတော်ဖျင်အား မျက်စောင်းထိုး၍ပြောလိုက်သည်။
"ကျွန်မ အပျိုစင်ဖြစ်နေတုန်းပါပဲ..."
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ မမလေးက အပျိုစင် ဖြစ်နေတုန်းပါပဲ..."
အထိန်းတော်ဖျင်က ကပျာကယာပြောလိုက်သော်လည်း သူ၏လေသံထဲတွင်တော့ စိုးရိမ်မှုက ရှိနေဆဲပင်။
ထိုအချိန်တွင် အပြင်ဘက်၌ ဆူညံသံများထွက်လာသည်။
Xxxxx