Chapter 127
ကူကယ်ရာမဲ့သော ယုန်ငယ်လေးအား စောင့်နေကြခြင်း
ထိုဆူညံသံများကြားမှ သခင်မလီ၏ အသံစူးစူးက ထွက်ပေါ်လာသည်။
"အားရုံ အိမ်မှာရှိလား..."
ချန်ရုံက ဘာမှမဖြစ်သော်လည်း အထိန်းတော်ဖျင်ကတော့ မျက်နှာက သွေးဆုတ်ဖြူလျော်သွားကာ ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်မ သိတယ်...ကျွန်မ သိနေတယ်...မနေ့ညကလည်း သူတို့တွေ ဒီကိုနှစ်ခါတောင်လာပြီး မမလေးကိုမေးနေတာ...ဒီနေ့မနက် အရုဏ်တက်တုန်းကလည်း ရောက်လာပြီး မမလေးရဲ့အဒေါ်က အခေါ်လွှတ်လိုက်တယ်လို့ပြောတယ်...အခုလည်း မမလေး အိမ်တောင်ပြန်ရောက်မယ်မကြံဘူး သူတို့ရောက်လာကြပြန်ပြီ...သူတို့တွေ ဒီကိစ္စကို ဒီတိုင်းလွှတ်မထားဘူးဆိုတာ ကျွန် သိနေတယ်..."
ထိုအကြောင်းကိုကြားသောအခါ ချန်ရုံစိတ်ညစ်သွားမိသည်။ ချန်ရုံ့အား ဒုက္ခရောက်စေခဲ့သော ဖိတ်စာကို ချန်ရုံ ပြန်စဉ်းစားလိုက်မိသည်။
"မမလေး အိမ်မှာရှိပါတယ် သခင်မ..."
အစေခံတစ်ယောက်က ပြန်ဖြေလိုက်သံကို ချန်ရုံကြားလိုက်သည်။
"အိုး အိမ်ကိုပြန်ရောက်နေပြီလား..."
သခင်မလီက ရယ်လိုက်သည်။ ထို့နောက် အစေခံ လေးဦးခြံရံ၍ အိမ်ထဲသို့ဝင်လာကာ အထဲရောက်သည်နှင့်တစ်ပြိုင်နက် ချန်ရုံ့အား စူးစူးစိုက်စိုက်ကြည့်နေလေသည်။
ချန်ရုံ၏တွန့်ကြေနေသော ဝတ်စုံနှင့် ရှုပ်ပွနေသောဆံပင်များကိုကြည့်၍ သခင်မလီက ရယ်မောလိုက်ကာ မျက်လုံးများကိုမှေးစင်း၍ စူးရှစွာပြောလိုက်သည်။
"အင်း ဒါက ချစ်သူနဲ့အတူသေဖို့ မောယန်ကိုသွားခဲ့တဲ့ သတ္တိခဲလေး အားရုံမှဟုတ်ရဲ့လား..."
ထို့နောက် သခင်မလီက ချန်ရုံ့နားသို့လျှောက်လာ၍ ချန်ရုံ့ကို လှည့်ပတ်ကြည့်ကာ လျှာဖြင့်စုတ်သပ်လိုက်သည်။
"မင်းက တော်တော်လေးလည်း သတ္တိရှိတာပဲနော်...အရင်တစ်ခေါက်ကကျတော့ ရက်တွေအကြာကြီးပျောက်သွားပြီး ပြန်ရောက်လာတော့ အလိမ်အညာတွေနဲ့ လူကြီးတွေကို အရူးလုပ်ခဲ့တယ်...ဒီတစ်ခေါက်ကျတော့လည်း အခုလိုမနက်အစောကြီးမှာ အဝတ်အစားတွေလည်း မလဲရသေးပဲ ဆံပင်ကိုလည်း မဖြီးသင်ရသေးဘူး...ကျွတ် ကျွတ် ကျွတ် မင်းရဲ့ခန္ဓာကိုယ်ဆီကလည်း ယောင်္ကျားသားတစ်ယောက်ရဲ့ ကိုယ်နံ့တွေရနေတယ်..."
သခင်မလီက ပိုပိုသာသာပင် နှာခေါင်းကိုရှုံ့၍ အနံ့ရှူသည့်ပုံလုပ်လိုက်သည်။
"အခု ယောင်္ကျားတွေနဲ့တူတူနေရတဲ့အရသာကိုသိသွားပြီဆိုတော့ ဒီကလေးမက ယောင်္ကျားမရှိပဲ ရက်နည်းနည်းတောင်မနေနိုင်တော့ဘူးထင်ပါရဲ့..."
ထိုစကားများသည် ကြမ်းတမ်း၍ ချန်ရုံ့အားအရှက်ရစေသောစကားများဖြစ်သည်။
ချန်ရုံသည် ဒေါသကို မနည်းချိုးနှိမ်၍ စကားပြန်ပြောမည်လုပ်စဉ်မှာပဲ သခင်မလီက အစေခံလေးယောက်အား လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်တော့သည်။
"သူ့ကိုဖမ်းစမ်း..."
အစေခံအမျိုးသမီးလေးဦးက ချက်ချင်းပင် ရှေ့သို့ ခြေနှစ်လှမ်းတိုး၍ ချန်ရုံ့အား ဝိုင်းလိုက်ကာ လက်များကိုဆန့်တန်း၍ ချန်ရုံ့အား ဖမ်းချုပ်ရန် လုပ်လိုက်ကြသည်။
ချန်ရုံက သခင်မလီအား လှမ်းကြည့်၍ လက်မောင်းများကိုလွှဲကာ အစေခံများအား တွန်းဖယ်ပစ်လိုက်သည်။
"သခင်မ...အခုအချိန်မှာ ကျွန်မရဲ့လှုပ်ရှားမှုတိုင်းကို လူတွေက စောင့်ကြည့်နေကြတာပါ...သူတို့တွေကို ဖယ်ခိုင်းလိုက်ပါ...ကျွန်မဘာသာလမ်းလျှောက်နိုင်ပါတယ်..."
ချန်ရုံ၏စကားမဆုံးသေးခင်မှာပဲ သခင်မလီက အော်ကြီးဟစ်ကျယ် ရယ်လိုက်ပြန်သည်။ သူမ၏ရယ်သံက စူးရှ၍ မာနကြီးဝင့်ကြွားနေသည့်အသံဖြစ်နေသည်။
သခင်မလီက အားရအောင်ရယ်ပြီးမှ ချန်ရုံ့ကိုလှမ်းကြည့်ကာ လှောင်ပြောင်သကဲ့သို့ပြောလိုက်သည်။
"မင်းက ဝမ်အိမ်တော်ရဲ့ ကာကွယ်ပေးမှုအောက်မှာရှိနေသေးတယ်လို့ ထင်နေတာလား...ကျွတ် ကျွတ် ကျွတ်...အားရုံ မင်းရဲ့ ဝမ်ချီလန်က အခု လူရိုင်းတွေဆီကရော နန်ယန်မင်းသားဆီကပါ သစ္စာဖောက်ခံနေရတာကို မင်းမသိဘူးထင်တယ်...မနက်က သူ့ရဲ့ကိုယ်ပိုင်စစ်သည်တွေနဲ့ ထွက်ပြေးဖို့ပြင်ခဲ့တဲ့ ဝမ်ရိတောင်အခု မင်းသားရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီလေ...ဝမ်ရိက အထိန်းချုပ်မခံနေရဘူးဆိုရင်လည်း သူ့ရဲ့ ကမ်းလှမ်းမှုကို မင်းက လူတွေအများကြီးရှေ့မှာ ငြင်းပယ်ခဲ့ပြီးပြီမဟုတ်လား...မင်းကိုယ်မင်း ဘယ်လောက်တောင် အရေးကြီး အဖိုးတန်တယ်လို့ထင်နေသေးတာလဲ..."
လူယုတ်မာတစ်ဦး၏ ငေါ့တော့တော့အကြည့်မျိုးဖြင့် သခင်မလီသည် ကျယ်လောင်စွာအော်ရယ်၍ ချန်ရုံ့အား ဆက်၍ ပြောဆိုနေသည်။
"အရမ်းကို ဂုဏ်ရှိန်ကြီးမားတဲ့ လန်ယာရဲ့ဝမ်အိမ်တော်မှာ လူကြောက်တွေနဲ့ပဲပြည့်နေတာ...ကျစ် သူတို့က ငါတို့ရဲ့ ရင်ချွမ်က ချန်အိမ်တော်နဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး..."
ချန်ရုံကနားထောင်နေရင်းဖြင့် အလွန်စိတ်ဓာတ်ကျသွားမိသည်။ သခင်မလီ၏ လေသံကို နားထောင်ခြင်းဖြင့် သခင်မလီသည် နန်ယန်မင်းသားအား ရိုသေလေးစား၍ ဝမ်အိမ်တော်အား မထီမဲ့မြင်ဖြစ်နေသည်ကို သိနိုင်သည်။ အိမ်တော်၌ တစ်စုံတစ်ခုဖြစ်ခဲ့သည်လား။ ချန်ယွမ်သည် နန်ယန်မင်းသားနှင့် လုံးလုံးလျားလျား ပူးပေါင်းလိုက်လေပြီလား။
စိတ်ရွှင်နေသော သခင်မလီက ချန်ရုံ့အားလှောင်ပြောင်နေသည်ကိုရပ်၍ လက်များကို ထပ်ဝှေ့ယမ်းလိုက်ပြန်သည်။
"သူ့ကိုဖမ်းကြစမ်း..."
အစေခံများက ချန်ရုံ၏လက်များကို ဖမ်းချုပ်၍ မလှုပ်နိုင်အောင် ပခုံးများကို ဖိကိုင်ထားလိုက်ကြသည်။
ချန်ရုံသည် အလျင်အမြန်ပင် ဘာလုပ်ရမည်ကို စဉ်းစားလိုက်သည်။
မနေ့ကဖိတ်စာသည် ချန်ရုံ့အားသတ်ရန် ဖြားယောင်းခြင်းဆိုသည်မှာ အလွန်ပင်ထင်ရှားနေပြီဖြစ်သည်။ ချန်ရုံ့အား မည်သူက သတ်ရန်ကြံစည်သည်မသိသော်လည်း ချန်ရုံသည် ဤမိသားစုကိုသာ မကျေမနပ်ဖြစ်စေရန် အပြစ်လုပ်ခဲ့မိသည်မဟုတ်ပါလား။
သခင်မလီ၏ပုံစံကလည်း အလွန်ပင် ပျော်ရွှင်နေ၍ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေပုံရသည်။ တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဖြစ်သည်။
ချန်ရုံသည် အမြန်ဆုံးဖြတ်ချက်ချလိုက်၍ ပခုံးများကို လှုပ်ခါ၍ အစေခံနှစ်ယောက်ကို တွန်းပစ်ကာ အနောက်သို့ဆုတ်လိုက်သည်။
ချန်ရုံ၏အာခံမှုကြောင့် သခင်မလီက အော်ဟစ်လိုက်ပြန်သည်။
"ရိုင်းစိုင်းလိုက်တာ ရိုင်းစိုင်းလိုက်တာ..."
ထို့နောက် သခင်မလီက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"မင်းတို့...သူ့ကိုဖမ်းစမ်း..."
သခင်မလီက ခြံဝန်းထဲသို့ ဖြတ်သွားသော အစောင့်နှစ်ဦးကို လက်ညှိုးထိုး၍ ပြောလိုက်ခြင်းဖြစ်သည်။
ထိုအစောင့်များကို ချန်ရုံသိသည်။ ထိုအစောင့်များသည် သခင်မရွမ်၏ကိုယ်ရံတော်များဖြစ်၍ ထိုလူများ၏ ကြိုးစားအားထုတ်မှုဖြင့်သာ သခင်မရွမ်သည် တောင်ပိုင်းသို့ ဘေးကင်းစွာ ရောက်ရှိလာနိုင်ခြင်းဖြစ်သည်။
ချန်ရုံသည် ထိုကြီးမားသောအစောင့်နှစ်ယောက်ကိုမြင်သောအခါ တွန်းလှန်နေခြင်းများကိုရပ်လိုက်သည်။ ချန်ရုံ၏အထိန်းတော်ကြီးနှင့် အစေခံများကလည်း ခြံထောင့်၌ ပုဝင်ကာ အော်ဟစ်ငိုယိုနေကြသည်။
ချန်ရုံသည် ဒေါသတကြီး ရုန်းကန်နေမှုများကို ရပ်လိုက်တော့သည်။
ချန်ရုံ ထွက်ပြေးရန်မကြိုးစားတော့သည်ကိုမြင်သောအခါ အစောင့်နှစ်ဦးသည်လည်း ရှေ့ဆက်တိုးမလာတော့ပဲ ရပ်သွားကြသည်။ ထိုအချိန်၌ အစေခံလေးဦးက ရောက်လာပြန်၍ ချန်ရုံ၏လက်များကို စည်းနှောင်လိုက်သည်။ ထို့နောက် ချန်ရုံ့အား ရှေ့သို့တွန်း၍ အော်ပြောလိုက်သည်။
"သွားမယ်..."
ထို့နောက်တွင် သခင်မလီက ပါးစပ်မှ ချန်ရုံ့အား ဆူဆဲပြောဆို၍ ရှေ့ဆုံးမှဦးဆောင်ကာ ချန်ရုံ့အား သခင်မရွမ်၏အဆောင်တော်ရှိရာသို့ ခေါ်ဆောင်သွားတော့သည်။
မကြာခင်မှာပင် သခင်မရွမ်၏ အဆောင်တော်ဆီသို့ ရောက်လာကြတော့သည်။ ပင်မခန်းမဆောင်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အစေခံတစ်ဦးက ချန်ရုံ့အားတွန်းလိုက်သောကြောင့် ချန်ရုံသည် ရှေ့သို့ ငိုက်ကျသွားသည်။
"ဒူးထောက်စမ်း..."
လေသံမာမာနှင့် အသံတစ်ခုက ပြောလိုက်သည်။
ချန်ရုံက ဒူးမထောက်ပေ။
ချန်ရုံသည် ခေါင်းကိုမော့၍ အဓိပ္ပာယ်ဖော်ရခက်သော မျက်လုံးများဖြင့် သခင်မရွမ်အား ကြည့်လိုက်သည်။
"သခင်မ...လန်ယာဝမ်အိမ်တော်က ကျွန်မကို စွန့်ပစ်သွားပြီဆိုရင်တောင် တပ်မှူးရန်ကတော့ ကျွန်မကို သေချာပေါက် သတိရမှာပါ...ကျွန်မကို ဒီလိုမျိုး လူတွေအများကြီးနဲ့ ဖမ်းချုပ်ရလောက်အောင် ကျွန်မတို့ကြားမှာ ကြီးမားတဲ့ အမုန်းတရားမရှိဘူး လို့ကျွန်မထင်ပါတယ်..."
ချန်ရုံပြောပြီးသည်နှင့်တစ်ပြိုင်နက် သခင်မလီက စူးစူးရှရှရယ်လိုက်ပြန်သည်။
"မင်းရဲ့ ဂုဏ်သိက္ခာကို မင်းက ကာကွယ်နေချင်သေးတာလား...ဟားဟားဟား...တစ်ညလုံးလုံး အပြင်မှာနေပြီး ဘယ်ယောင်္ကျားနဲ့ ဘယ်လိုအိပ်ခဲ့မှန်းတောင်မသိနိုင်ပဲနဲ့များ ငါတို့က နင့်ကို ဒီလိုဖမ်းလို့ဆိုပြီး ငါတို့ကို အပြစ်တင်ရဲသေးတယ်နော်..."
ချန်ရုံသည် ဒေါသထွက်လာမိလွန်း၍ မျက်နှာပင် ခရမ်းရောင်သမ်းလာကာ သခင်မလီအား ဆတ်ခနဲလှည့်၍ စူးစူးဝါးဝါးစိုက်ကြည့်နေလိုက်သည်။
"နင့်ပါးစပ်ကိုပိတ်ထားစမ်း..."
သခင်မရွမ်က နူးညံ့သည့်လေသံဖြင့်ပင် သတိပေးလိုက်သည်။
သခင်မလီက ပါးစပ်ကိုအမြန်ပိတ်လိုက်ပြီးကာမှ မျက်နှာက နီရဲသွားသည်။ သူမသည် လက်ကိုဖြည်းညှင်းစွာမြှောက်၍ သူမ၏မျက်နှာကို သူမကိုယ်တိုင် ရိုက်ချလိုက်ပြီးသောအခါမှ ပြောလိုက်သည်။
"သခင်မ..."
သခင်မရွမ်ကတော့ သခင်မလီအား လှည့်၍ပင်မကြည့်ချေ။ သခင်မရွမ်သည် ရေနွေးကို ဖြည်းညှင်းစွာ တစ်ငုံချင်းသောက်၍ အေးအေးဆေးဆေးပြောလိုက်သည်။
"ငါတို့ချန်မိသားစုက မျိုးရိုးစဉ်ဆက် ငါတို့ရဲ့ မြင့်မြတ်တဲ့ ရည်မွန်ခြင်း၊ ယဉ်ကျေးခြင်းတွေကိုတန်ဖိုးထားကြတယ်...ဒီလိုရိုင်းစိုင်းတဲ့စကားတွေကို ဆင်းရဲသားတွေက ပြောနိုင်ပေမယ့် မင်းကတော့ ပြောခွင့်မရှိဘူး..."
သခင်မလီက ခေါင်းကိုအလျင်အမြန်ငုံ့၍ ပြောလိုက်သည်။
"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ..."
ထိုသို့ပြောရင်းဖြင့် သူမဘာသာ အချက်အနည်းငယ် ထပ်ရိုက်လိုက်ပြန်သည်။
သခင်မရွမ်က ချန်ရုံ့အား လှည့်ကြည့်လိုက်သည်။
သခင်မရွမ်သည် ရှေ့မှ မိန်းကလေးကို ကြည့်နေရင်းဖြင့် သူမ၏ ဝိုင်းစက်၍ အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသောမျက်နှာ၌ ပြုံးရိပ်သမ်းလာလေသည်။
သခင်မရွမ်က ပြုံး၍ ချန်ရုံ့ကိုလက်ညှိုးထိုးကာ သောက်လက်စရေနွေးကို တစ်ငုံထပ်သောက်လိုက်၍ တိုးတိတ်စွာပြောလိုက်သည်။
"မင်းပြောတာမှန်တယ်...မင်းက လန်ယာဝမ်ချီ...တပ်မှူးရန် နဲ့ နန်ယန်မင်းသားတို့အားလုံးကို အရူးအမူးဖြစ်အောင် ဖမ်းစားထားနိုင်တဲ့ သွေးဆောင်ကောင်းတဲ့မိန်းမပဲ..."
သခင်မရွမ် ဘာတွေးနေသည်မသိသော်လည်း ရွံရှာသည့်အပြုံးဖြင့် ဆက်ပြောလိုက်သည်။
"အဲဒါကြောင့်မို့လို့ မင်းသေသွားရင် နှမျောစရာဖြစ်လိမ့်မယ်..."
ထို့နောက် သခင်မရွမ်သည် ညာဘက်လက်ကို ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
"သူ့ကိုခေါ်သွားကြ...မျက်ခြေမပြတ်စောင့်ကြည့်ကြဖို့လည်းမမေ့နဲ့...သူ့ရဲ့လူတွေကိုလည်း သေချာစောင့်ကြည့်ကြ..."
"ဟုတ်ကဲ့..."
သခင်မလီက ချန်ရုံ့နောက်သို့လျှောက်လာ၍ ချန်ရုံ့ကိုတွန်းကာ အော်လိုက်သည်။
"သွားလေ..."
ချန်ရုံက အနောက်သို့လှည့်၍ သခင်မလီအား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ ချန်ရုံ၏မျက်လုံးထဲမှ ပြင်းရှသောအမုန်းများကြောင့် သခင်မလီပင် အနောက်သို့ ဆုတ်သွားမိသည်။ ထိုအခါမှသာ ချန်ရုံသည် အရှေ့သို့ပြန်လှည့်၍ အပြင်သို့ ထွက်လာလိုက်တော့သည်။
တံခါးကိုဖြတ်နေဆဲတွင် ချန်ရုံက ရုတ်တရက် ရပ်တန့်လိုက်၍ မေးလိုက်သည်။
"ကျွန်မတို့ မောယန်မှာရှိနေတုန်းက ဝမ်အိမ်တော်က လူတွေက ကျွန်မ ဘာကိုကြောက်လဲ လို့မေးခဲ့ကြတယ်...ကျွန်မ ဘယ်လိုဖြေခဲ့လဲဆိုတာ အဒေါ်သိလား..."
သခင်မရွမ်က မျက်မှောင်ကျုံ့၍ ရေနွေးခွက်ကို စိတ်မရှည်သကဲ့သို့ စားပွဲပေါ်သို့တင်လိုက်သည်။ ထို့နောက် အစေခံများအား ချန်ရုံ့ကိုဆွဲထုတ်သွားရန် အမိန့်ပေးလုဆဲဆဲမှာပင် ချန်ရုံက အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
"ကျွန်မအကြောက်ဆုံးက သေခြင်းတရားမဟုတ်ပဲ ကျွန်မရဲ့ဦးလေးချန်ယွမ်နဲ့ သူ့ရဲ့ဇနီးတို့ စိတ်မပျော်ရွှင်အောင်လုပ်မိမှာကိုပဲ အကြောက်ဆုံးပါလို့ ကျွန်မ ဝမ်အိမ်တော်ကလူတွေကို ပြောခဲ့ပါတယ်..."
ထို့နောက် ချန်ရုံသည် သခင်မလီနှင့် သခင်မရွမ်တို့အားပြုံးပြ၍ တစ်ဖက်သို့ပြန်လှည့်ကာ ထွက်သွားတော့သည်။
Xxxxx