Chapter 128
လှည့်ကွက်များနှင့် မြှုပ်ကွက်များ
ချန်ရုံ၏နောက်ကျောပြင်ကိုကြည့်၍ သခင်မလီသည် စားပွဲကိုရိုက်၍ ဒေါသဖြင့်နီရဲနေသောမျက်နှာနှင့် အော်ပြောလိုက်သည်။
"သူ ငါ့ကို ခြိမ်းခြောက်သွားတာလား...သူက ဘာဖြစ်လို့များ ငါ့ကိုဒီလိုခြိမ်းခြောက်ရဲရတာလဲ..."
ခဏအကြာမှ သခင်မရွမ်သည် နေရာ၌ပြန်ထိုင်၍ ရေနွေးကိုပြန်သောက်ကာ ပြောလိုက်သည်။
"ငါ့ကို လန်ယာဝမ်အိမ်တော်နဲ့အသုံးချပြီး ခြိမ်းခြောက်သွားတာပေါ့...အားရုံလေး အခုအချိန်မှာ မင်းရဲ့ဝမ်ဟုန်က သူ့အသက်ရှင်သန်ဖို့တောင် အာမမခံနိုင်ဖြစ်နေတာ...တကယ်လို့ အသက်ရှင်ခဲ့ရင်လည်း မင်းကို သူ့ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော် လုပ်ပေးတော့မှာမဟုတ်ဘူး...မင်းမှာ ဘာတန်ဖိုးမှ မရှိတော့ပါဘူး...ဟွန့် မင်းရဲ့ ဘာအာဏာမှမရှိတော့တဲ့ ချစ်သူကို မအားကိုးခင်မှာ မင်းရဲ့အခြေအနေကိုလည်း မင်းသေချာပြန်ကြည့်လိုက်ပါဦး..."
ချန်ရုံသည် ယခင်တစ်ခေါက်တုန်းကဝင်ခဲ့ဖူးသော အခန်းငယ်ထဲသို့ ပြန်ရောက်လာရပြန်တော့သည်။
အခန်းတံခါးကိုပိတ်ပြီးသောအခါ သခင်မလီဘေး၌ရပ်နေသော မေးစေ့ချွန်ချွန်နှင့် နှာခေါင်းနား၌မှဲ့ရှိသော အစေခံက စူးဝါးသည့်အသံဖြင့်ရယ်ကာ ပြောလိုက်သည်။
"ချန်အိမ်တော်ရဲ့အားရုံ...ဓားမြှောင်က ဆော့လို့ကောင်းတယ်မဟုတ်လား...ဘာဖြစ်လို့ ဒီနေ့ မဆော့နေတာလဲ..."
ထိုသို့လှောင်ပြောင်ပြီးသောအခါ အစေခံက သခင်မလီအား ဖားယားသည့်ပုံဖြင့် လှမ်းကြည့်လိုက်သည်။
သခင်မလီက မေးစေ့ကို မော့၍ ချန်ရုံ့အားကြည့်နေသည်။
ချန်ရုံကတော့ ထိုအမျိုးသမီးများကို ကြည့်ပင်မကြည့်ပဲ တစ်ဖက်သို့ လှည့်နေလိုက်သည်။
ထိုအရာကိုမြင်သောအခါ အစေခံကပြုံး၍ပြောလိုက်သည်။
"နင် ငါတို့ကို ဘယ်အချိန်အထိလျစ်လျူရှုနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
ထိုအချိန်၌ သခင်မလီက စူးရှစွာပြောလိုက်သည်။
"သူ့ကို အချိန်ပြည့်စောင့်ကြည့်နေ...တံခါးကိုလည်း သော့ခတ်ထားလိုက်..."
"ဟုတ်ကဲ့ပါ သခင်မ..."
တံခါးကို အပြင်မှ သော့ခတ်လိုက်ပြီးသောအခါ သခင်မလီ၏ အပြင်မှ အော်ဟစ်နေသံကို ကြားနေရသေးသည်။
"သူ့ကို သေချာကြည့်ထားကြနော်..."
"ဟုတ်ကဲ့..."
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားသည်။
ချန်ရုံသည် ကုတင်ပေါ်၌ထိုင်၍ ဒူးခေါင်းများကို ထွေးပိုက်ထားကာ မျက်နှာကျက်မှ ပြတင်းပေါက်ကိုမော့ကြည့်နေမိသည်။
ချန်ရုံသည် တကယ်တော့ အလွန်ဉာဏ်ထက်မြက်သူတစ်ယောက်မဟုတ်ပါ။ သူမသာ ဉာဏ်ထက်မြက်ခဲ့ပါက ယခင်ဘဝ၌ ထိုကဲ့သို့သောအဖြစ်ဆိုးမျိုးနှင့် ဇာတ်သိမ်းခဲ့ရမည်မဟုတ်ချေ။
ချန်ရုံသည် ဦးနှောက်ကိုဖျစ်ညှစ်၍ ထွက်ပြေးရန်နည်းလမ်းအမျိုးမျိုးကိုစဉ်းစားနေသော်လည်း တစ်ခုမှထွက်မလာချေ။ ထိုဖိတ်စာသည် သခင်မရွမ်နှင့် သခင်မလီတို့ ပေးပို့ခြင်းမဟုတ်ရန်သာ ချန်ရုံ ဆုတောင်းနေနိုင်တော့သည်။ ထိုဖိတ်စာကို သူတို့သာ ပို့လိုက်ခြင်းဖြစ်ပါက ချန်ရုံ၏ဘဝသည် ဆုံးခန်းတိုင်တော့မည်ဖြစ်သည်။
ချန်ရုံသည် မျက်နှာကို ဒူးခေါင်းပေါ်သို့တင်လိုက်သောအခါ ဝမ်ဟုန့်ကိုမြင်ယောင်လာမိသည်။ ယမန်နေ့ညမှ အဖြစ်ဆိုးများကိုလည်း စိတ်ထဲ၌ ထပ်ခါထပ်ခါ ပြန်တွေးနေမိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ထု ကျရောက်လာတော့သည်။
အခန်းငယ်က မှောင်လွန်း၍ ချန်ရုံသည် သူမ၏လက်ချောင်းများကိုပင် ပြန်မမြင်ရတော့ပေ။ အပြင်မှ စကားသံများနှင့် ရယ်သံများကိုသာ မကြားနေရလျှင် ချန်ရုံသည် သူမ၏နှလုံးခုန်သံကို ပြန်နားထောင်နေရင်းနှင့်ပင် ရူးသွပ်သွားတော့မည်ဖြစ်သည်။
အချိန်မည်မျှကုန်ဆုံးသွားသည်မသိနိုင်၍ တဖြည်းဖြည်းနှင့် မျက်နှာကျက်ပြတင်းပေါက်ဆီမှ ကြယ်ရောင်များဖြာကျလာ၍ အပြင်မှ စကားသံများကလည်း တဖြည်းဖြည်း တိုးတိတ်သွားကြသည်။
ထိုအချိန်၌ပင် အနားသို့နီးကပ်လာသော ခြေသံများကို ချန်ရုံကြားလိုက်ရသည်။
ချန်ရုံသည် တံခါးနားသို့သွား၍ ကူကယ်ရာမဲ့စွာဖြင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် ထိုခြေသံပိုင်ရှင်များသည် ချန်ရုံ့ဆီသို့ လာနေကြခြင်းဖြစ်သည်။
ဒုတ် ဒုတ်...
ချန်ရုံ၏နှလုံးသားက လျင်မြန်စွာခုန်နေတော့သည်။
မကြာမီမှာပင် ခြေသံများက တံခါးနားဆီသို့ ရောက်လာတော့သည်။ ထို့နောက် တံခါးသော့ဖွင့်လိုက်သံကို ကြားလိုက်ရသည်။
ချန်ရုံသည် ကုတင်ဆီသို့ပြန်လျှောက်သွား၍ ထိုင်နေလိုက်သည်။
တံခါးက ကျွိခနဲ ပွင့်သွား၍ ကြယ်ရောင်များက အခန်းထဲသို့ တိုးဝင်လာကြသည်။
အစေခံမိန်းကလေးနှစ်ဦးနှင့် အရပ်မြင့်မြင့်အစောင့်နှစ်ဦးတို့က အခန်းထဲသို့ဝင်လာကြသည်။ အစေခံမိန်းကလေးများက ချန်ရုံ့အားတစ်ချက်လှမ်းကြည့်၍ အစောင့်များဆီသို့လှည့်ကာ တီးတိုးပြောလိုက်သည်။
"မြန်မြန်လုပ်ပါ..."
မြန်မြန်လုပ်ပါတဲ့လား...
ချန်ရုံ ကြောက်လန့်တကြား တုန်လှုပ်မိသွားသည်။
ချန်ရုံသည် အလျင်အမြန်ထရပ်လိုက်သော်လည်း ဘာမှမလုပ်လိုက်နိုင်ခင်မှာပင် ထိုလူလေးယောက်သည် ချန်ရုံ့နားသို့တိုးကပ်လာ၍ အဖြူရောင်အဝတ်စဖြင့် ချန်ရုံ၏ပါးစပ်ကိုဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်ရုံ၏လက်များကို တုပ်နှောင်လိုက်သောကြောင့် ချန်ရုံသည် ဟန်ချက်ပျက်ကာ ရှေ့သို့ လဲကျတော့မတတ်ဖြစ်သွားသည်။
တံခါးနား၌ ရထားလုံးတစ်စီးရပ်ထားသည်။
အစောင့်များက ချန်ရုံ့အား ရထားလုံးပေါ်သို့ အမြန်ပစ်တင်လိုက်ကြသည်။ ထိုလူများ၏လက်ထဲမှလွတ်သည်နှင့် ချန်ရုံသည် ရုန်းကန်ကာ ရထားလုံးပေါ်မှ ခုန်ဆင်းရန်ပြင်လိုက်သည်။ သို့သော် မမျှော်လင့်စွာပင် အစေခံများက ကိုယ်ခံပညာတက်ကျွမ်းကြသောကြောင့် ချန်ရုံ၏တစ်ဖက်တစ်ချက်သို့ အမြန်ရောက်လာကြ၍ ပခုံးများကို ဖိနှိပ်ထားကြကာ ချန်ရုံ့ကို နည်းနည်းလေးမျှပင် မလှုပ်နိုင်အောင် ချုပ်ထားလိုက်ကြသည်။ ပါးစပ်ထဲမှ ထွက်ကျလုနီးပါးဖြစ်နေသော အဝတ်စကိုလည်း ပါးစပ်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။
ရထားလုံးက စတင်ရွေ့လျားစပြုသည့်အချိန်မှာပဲ အစေခံမိန်းကလေးများသည် ကြိုးတစ်ချောင်းကိုထုတ်၍ ချန်ရုံ့အား ချည်နှောင်လိုက်ကြသည်။
ချန်ရုံ့တစ်ကိုယ်လုံး တင်းကျပ်စွာချည်နှောင်ပြီး၍ ခြေလက်များကို အနည်းငယ်မျှပင် မလှုပ်နိုင်တော့သည့်အခါမှပင် အစေခံများသည် ချန်ရုံ့ကိုဆွဲ၍ ထိုင်ခိုင်းလိုက်ကြသည်။
ထိုအချိန်၌ ရထားလုံးသည် အိမ်တော်ခြံဝန်းထဲမှ ထွက်ခွာလာပြီဖြစ်သည်။
ချန်ရုံသည် လုံးဝမလှုပ်ရှားနိုင်တော့သောကြောင့် ရုန်းကန်ဖို့လည်း မကြိုးစားတော့ချေ။ ရထားလုံး၏ကြမ်းပြင်၌သာလှဲလျောင်းနေ၍ ပြူးကျယ်သောမျက်လုံးများဖြင့် စဉ်းစားနေမိသည်။
သူတို့က ငါ့ကို ချန်အိမ်တော်ဝန်းထဲကနေ ဖယ်ထုတ်ဖို့ကြံစည်နေကြတာ...ငါ့ကိုသတ်ချင်လို့လား...ဒါမှမဟုတ် တခြားတစ်နေရာမှာ ထပ်ဖမ်းချုပ်ထားဖို့လား...
ထူးဆန်းစွာပင် ချန်ရုံသည် သေရမည့်အရေးကို မကြောက်မိပေ။ ပထမအကြိမ် သေဆုံးထားပြီးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို ဤလမ်းကိုမည်ကဲ့သို့ ဆက်လျှောက်ရတော့မည်ကို ချန်ရုံမသိတော့သောကြောင့်လည်း ဖြစ်နိုင်ပေသည်။
ရထားလုံးသည် ချန်အိမ်တော်ထဲမှထွက်၍ မြို့ထဲဆီသို့ ဦးတည်၍ မောင်းနှင်နေသည်။
အချိန်သည်နောက်ကျနေပြီဖြစ်၍ မြို့ကို တိတ်ဆိတ်မှုက လွှမ်းခြုံထားသည်။ လမ်းများနှင့်ဝေးရာ၌ရှိသော အလုံအခြုံဆောက်လုပ်ထားသည့် အိမ်ကြီးအိမ်ကောင်းများဆီမှသာ သီချင်းသီဆိုသံများနှင့် ရယ်မောသံများကြားနေရသည်။ ထိုအရာသည်လည်း ပုံမှန်ပင်ဖြစ်သည်။ ဟူလူမျိုးများက နန်ယန်မြို့ကို မနက်ဖြန်၌သိမ်းပိုက်တော့မည်ဆိုလျှင်တောင်မှပင် အထက်တန်းလွှာများသည် သူတို့၏ဂီတ၌ယစ်မူးမှုကို ရပ်တန့်မည်မဟုတ်ချေ။
ချန်ရုံ အတွေးထဲ၌ နစ်မျောနေချိန်တွင် ရထားလုံးက တစ်ဖက်သို့ကွေ့လိုက်သည်။
လေအေးတစ်ချက်တိုက်ခတ်လိုက်သောကြောင့် လိုက်ကာစ လွင့်သွားသောအခါ အပြင်မှ ရွာတစ်ရွာကို ကာကွယ်ထားသော မြင့်မားသည့်တံတိုင်းကြီးတစ်ခုကို ချန်ရုံတွေ့လိုက်သည်။
ချန်ရုံ၏အတိတ်ဘဝမှ မှတ်ဉာဏ်အရ ထိုရွာသည် နန်ယန်မြို့တွင်း၌ သခင်မရွမ် တည်ထောင်ထားသောရွာဖြစ်မှန်း ချန်ရုံသိလိုက်သည်။
ကြည့်နေဆဲမှာပင် လိုက်ကာက ပြန်ကျသွားသည်။
ချန်ရုံသည် မျက်လုံးကိုမှိတ်၍ ရထားလုံးဘီးလိမ့်သံကိုနားထောင်ကာ အကွာအဝေးကို မှန်းဆနေမိသည်။
နာရီဝက်ခန့်အကြာတွင် ရထားလုံးသည် ရုတ်တရက် ရပ်တန့်သွားတော့သည်။
အစေခံမိန်းမများက ချန်ရုံ့ကိုသယ်၍ အခန်းတစ်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
စည်းနှောင်ထားသော ကြိုးများကို ဖြည်ပေးပြီးသောအခါ အစေခံများသည် တံခါးကိုသော့ခတ်၍ ထွက်သွားကြတော့သည်။
ချန်ရုံသည် ထုံကျဉ်နေသောခြေထောက်ကို ရွှေ့၍ ခပ်ဖြည်းဖြည်းမတ်တပ်ရပ်လိုက်သည်။
အခန်းက ရိုးရှင်းသော်လည်း အထဲ၌ ကုတင်ညောင်စောင်းတစ်ခုနှင့်စားပွဲတစ်လုံးတို့ရှိကာ တံခါးနှင့်ပြတင်းပေါက်များလည်းရှိကြသည်။ သို့သော် ပြတင်းပေါက်များကို နွားသားရေများဖြင့် ကာထားသောကြောင့် ချန်ရုံ အပြင်သို့မမြင်ရပေ။ ကုတင်၏အနောက်၌ အိမ်သာဆီသို့သွားရန် တံခါးငယ်တစ်ခုရှိသည်။
ကြားနေရသောခြေသံများကိုမှန်းဆ၍ အပြင်၌ အစောင့် အနည်းဆုံး လေးဦးခန့်ရှိမည်ဟု ချန်ရုံ ခန့်မှန်းလိုက်သည်။
ယခုလောလောဆယ်တွင်တော့ အသက်အန္တရာယ်အတွက် မစိုးရိမ်ရတော့ပြီဖြစ်သောကြောင့် ချန်ရုံသည် သက်ပြင်းချ၍ ခဏမျှအိပ်စက်ရန် ကုတင်ဆီသို့လျှောက်သွားလိုက်သည်။
သို့သော် မျှော်လင့်ထားသည့်အတိုင်းပင် အိပ်ပျော်ခြင်းက ချန်ရုံ့ဆီသို့ရောက်မလာပေ။ ချန်ရုံသည် ကုတင်ပေါ်၌လှဲ၍ ပြူးကျယ်သောမျက်လုံးများဖြင့် အပြင်မှခြေသံများနှင့် ဖားအော်သံများကိုသာ နားထောင်နေမိသည်။
အချိန်အတော်ကြာသည့်အခါမှ တီးတိုးပြောသံများထွက်ပေါ်လာသည်။ လူများ၏စကားပြောသံများကိုကြားလိုက်သောအခါ ချန်ရုံသည် အမြန်ထ၍ နားထောင်ရန် တံခါးဆီသို့ အသံမထွက်စေပဲလျှောက်သွားလိုက်သည်။
"သူအိပ်ပျော်နေလောက်ပြီမလား...'
"အခု မနက်တောင်ရောက်တော့မှာပဲ...သူ့လို ကောင်မလေးက ဒီလိုတစ်ညလုံး ဒုက္ခခံထားရတော့ အိပ်ပျော်နေမှာပဲလေ..."
"မင်းပြောနေတဲ့ပုံက သူနဲ့သိနေသလိုပါလား..."
ပထမအသံက အံ့ဩသည့်ပုံနှင့် ပြောလိုက်သည်။
ဒုတိယအသံက အနည်းငယ်အက်ကွဲနေသည့်အသံဖြင့် ရယ်လိုက်သည်။
"သိတာပေါ့ကွာ...နန်ယန်မြို့မှာ မိန်းကလေးတွေအများကြီးရှိပေမယ့် ဘယ်သူမှ သူ့ကိုမယှဉ်နိုင်ကြဘူး...ကျစ် ကျစ် အဲဒီဖင်တွေ ရင်တွေကကွာ...ကြည့်ရုံနဲ့တင်ကို အားပျော့တယ်...အဲဒီကောင်မလေးနဲ့သာတစ်ညလောက်အိပ်ရရင် ငါသေရမှာကိုတောင် မကြောက်တော့ပါဘူးကွာ..."
ထိုလူကပြောရင်းဖြင့် ရိုင်းပျစွာရယ်လိုက်သည်။
ထိုအချိန်၌ တတိယအသံတစ်သံထွက်ပေါ်လာသည်။
"တော်ကြတော့...သခင်မက ငါတို့ရဲ့စကားအပြောအဆိုတွေကို သတိထားဖို့ပြောထားတယ်မဟုတ်လား..."
ပထမလူက ရယ်၍ အသံကိုနှိမ့်ကာပြောလိုက်သည်။
"သူက ထွက်ပြေးနိုင်မှာမှမဟုတ်ပဲ...ဒီလောက်လေးပြောတာ ဘာများဖြစ်မှာမို့လို့လဲ..."
ထို့နောက် ခဏရပ်သွားသည်။
"ပြီးတော့ သူက အခု အိပ်ပျော်နေမှာပဲလေ..."
ထိုလူက ခပ်တိုးတိုးဆက်ပြောလိုက်သည်။
တတိယလူက ဘာမှပြန်မပြောတော့သည်ကိုတွေ့သောအခါ ဒုတိယလူကလည်း အသံပြာပြာဖြင့် တစ်စခန်းထလာပြန်သည်။
"ဟုတ်တယ် ဟုတ်တယ် ဘာများဖြစ်မှာမို့လို့လဲ...ပြီးတော့ အစ်မဟုန်ပြောတဲ့အတိုင်းဆိုရင် သခင်မက သူ့ကို ရက်နည်းနည်းစောင့်ကြည့်ပြီး ဘာမှမဖြစ်လာရင် အဝတ်ဖြူပေးဖို့ မှာထားတယ်မဟုတ်လား..."
ထိုလူ၏စကားကိုကြားသောအခါ ချန်ရုံ ကြက်သီးထသွားမိသည်။ သခင်မရွမ်က ချန်ရုံ့အား တကယ်ပင်သတ်ချင်နေသည်လား။ ထို့အပြင် ချန်ရုံ့အား သတ်ရန်စီစဉ်ထားသည်သာမက ချန်ရုံ့ဘာသာချန်ရုံ သတ်သေသွားသည့်ပုံဖြစ်အောင်လည်း လုပ်ရန်ကြံရွယ်ထားသေးသည်။
အပြင်မှအသံများက ဆက်ပြောနေကြသည်။ ထိုအချိန်၌ အသံခပ်လေးလေးနှင့်လူကလည်း စိတ်ဝင်စားလာသည့်ပုံဖြင့် အနည်းငယ်တက်ကြွစွာ ဝင်ပြောလိုက်သည်။
"မင်းပြောတာမှန်တယ်..."
ထိုလူက အသံကို တိုးလိုက်သည်။
"မင်းတို့ကတော့ သိမှာမဟုတ်ဘူး...ဒါပေမယ့် အဲဒီအချိန်ရောက်လာရင် အဲဒီကောင်မလေးကို ငါတို့စိတ်ကြိုက်လုပ်လို့ရတယ်...ငါတို့လုပ်ရင်းနဲ့သေသွားရင်လည်း ကိစ္စမရှိဘူးလို့ အစ်မဟုန်က ပြောထားတယ်ကွ..."
ထိုလူ၏စကားကြောင့် အခြားလူများဆီမှ အံ့ဩသွားသည့်အသံများထွက်လာကြသည်။
"တိုးတိုးနေကြစမ်းပါကွ..."
ထိုလူက ပြောလိုက်သည်။
ခဏကြာတိတ်ဆိတ်သွားပြီးသောအခါမှ ထိုလူက ရယ်၍ တီးတိုးပြောလိုက်ပြန်သည်။
"သူ့ဘာသာသူသတ်သေသွားအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့...အဲဒီမိန်းကလေးက လက်လည်းမထပ်ရသေးပဲနဲ့ အပြင်မှာ တစ်ညလုံးနေခဲ့ပြီး ဘာတွေဖြစ်ခဲ့မှန်းကို ဘယ်သူကမှလည်း မသိကြဘူး လို့အစ်မဟုန်ပြောနေတာ ငါကြားခဲ့တယ်...သူ အိမ်ပြန်ရောက်လာပြီးတဲ့အခါမှာ အရမ်းကိုစိတ်ထိခိုက်ခံစားခဲ့ရလို့ သူ့ဘာသာသူ သေကြောင်းကြံသွားတယ်လို့ပြောရင် လူတိုင်းက ယုံကြမှာပဲ..."
ရွံရှာဖွယ်ကောင်းသောရယ်သံ လေးသံ ပေါ်ထွက်လာပြန်သည်။
ချန်ရုံက မတ်တပ်ရပ်လိုက်၍ ညအမှောင်ထဲ၌ အေးစက်စွာပြုံးလိုက်သည်။
မကြာခင်မှာပင် အရှေ့ဘက်ဆီမှ အလင်းရောင်ထွက်ပေါ်လာ၍ ဆူညံလှုပ်ရှားသံများလည်း ထွက်ပေါ်စပြုလာသည်။
ထို့နောက် နေသည် အနောက်ဘက်သို့ လျင်မြန်စွာ ပြန်ဝင်၍ တစ်နေ့တာကုန်ဆုံးသွားပြန်သော်လည်း မည်သူကမှ ချန်ရုံ့အား စားစရာလာမပေးချေ။
နောက်ဆုံးတွင်တော့ အခန်းတွင်းမှ အလင်းရောင်တဖြည်းဖြည်းပျောက်ကွယ်နေချိန်တွင် တံခါးက ကျွိခနဲ ပွင့်သွားသည်။
တံခါးဝ၌ အစေခံအမျိုးသမီးတစ်ဦးက ခြင်းတောင်းတစ်လုံးကိုဆွဲ၍ရပ်နေသည်။ ထိုအစေခံသည် ကုတင်ပေါ်၌ထိုင်၍ သူမ အားစိုက်ကြည့်နေသော ချန်ရုံ့ကိုတစ်ချက်လှမ်းကြည့်၍ ခြင်းတောင်းကို စားပွဲပေါ်သို့တင်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှမပြောပဲ ထွက်သွား၍ တံခါးကိုပြန်ပိတ်သွားတော့သည်။
တံခါးမပိတ်ခင်တွင် အပြင်မှ သက်လတ်ပိုင်းအရွယ် လူလေးယောက်ကို ချန်ရုံမြင်လိုက်ရသည်။ ထိုလူများသည် တံခါးမပိတ်သွားခင်အထိ ချန်ရုံ့အား ပြီတီတီပြုံးပြနေကြသည်။
ညသည် တစ်ဖန်ပြန်ကျရောက်လာပြန်သည်။
ဖားများကထွက်လာ၍ တအုံအုံ တအင်အင်အော်မြည်နေကြသည်။ အဝေးတစ်နေရာဆီမှာ ကျူရိုးပုလွေမှုတ်သံကိုကြားနေရသည်။
ချန်ရုံသည် လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်သည်အထိ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ကုတင်ပေါ်၌ မလှုပ်မယှက်ထိုင်နေသည်။ ဤတစ်ကြိမ်လွတ်မြောက်ခဲ့ပါက ချန်ရုံ၏ အဆင့်အတန်းနိမ့်ကျမှုကို ဖော်ပြသလိုဖြစ်မည်ကို ဂရုမစိုက်တော့ပဲ ဝမ်ဟုန်နှင့် စွင်းယန်ကို အကူအညီတောင်း၍ သခင်မရွမ်နှင့် သခင်မလီတို့ကို အပြတ်ရှင်းပစ်တော့မည်ဟု ချန်ရုံ စဉ်းစားနေမိသည်။
အချိန်က မရပ်တန့်နေချေ။
ချန်ရုံသည် သတိမထားလိုက်မိခင်မှာပဲ အိပ်ပျော်သွားတော့သည်။
ချန်ရုံ ချွေးစေးများပျံ၍ နိုးထလာသောအချိန်တွင် အခန်းကမှောင်မည်းနေဆဲဖြစ်သော်လည်း အပြင်မှခြေသံများကတော့ တိတ်ဆိတ်သွားပြီဖြစ်သည်။
ချန်ရုံသည် အပြင်၌တကယ်ပင်တိတ်ဆိတ်နေသည်ကို သေချာစေရန် နားကို အသေစွင့်ပြီးမှ ခြေဗလာဖြင့်တံခါးဆီသို့ပြေးကာ အားကုန်တွန်းလိုက်သည်။
တံခါးက သော့ကိုအသေအချာခတ်ထားသည်။
ချန်ရုံပြတင်းပေါက်ဆီသို့ပြေးသွားသည်။
ပြတင်းပေါက်ကိုတွန်းမည်ကြံစဉ်မှာပင် အပြင်မှ ခြေသံများကို ကြားလိုက်ရတော့သည်။
ခြေသံများသည် တစ်နာရီခန့်ကြာအောင် မပျောက်တော့သောကြောင့် ချန်ရုံလည်း ကုတင်ဆီသို့ပြန်ကာ ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်ပျော်သွားရပြန်သည်။
Xxxxxx