အပိုင်း၁၂၉
Viewers 18k

Chapter 129


ချန်ရုံနိုးလာသည့်အချိန်တွင် အရှေ့ဘက်မှ အလင်းရောင်များနှင့် တောက်ပနေပြီဖြစ်သည်။

အစေခံတစ်ဦးက ချန်ရုံ့အတွက် အစားအသောက် ယူလာပေးချိန်တွင် နေက ကျဲကျဲတောက် ပူနေပြီဖြစ်သည်။

မနေ့ကကဲ့သို့ပင် တံခါးပွင့်သွားသောအခါ လူလေးယောက်သည် သွားရည်များထွက်မကျစေရန် ပါးစပ်ကိုတင်းတင်းစေ့၍ ချန်ရုံ့အား ရွံရှာဖွယ်အကြည့်များဖြင့် ကြည့်နေကြပြန်သည်။

‌အစေခံသည် အစားအသောက်ကို ချပြီးသောအခါ တံခါးကိုသော့ခတ်၍ ပြန်သွားပြန်သည်။ ချန်ရုံကတော့ တစ်စက္ကန့်ထက်တစ်စက္ကန့် ပို၍ကြောက်လန့်နေမိတော့သည်။

ချန်ရုံသည် ဤရွာလေးကိုသိသည်။ ဤရွာသည် နန်ယန်၏ မြောက်ဘက်တံခါးနားရှိ လူဦးရေနည်းပါး၍ ခေါင်သောနေရာ၌ တည်ထားခြင်းဖြစ်သည်။ ထို့ကြောင့် များသောအားဖြင့် ရွာ၌ မည်သူမှမရှိဖြစ်နေတတ်သည်။ ရှေ့ရက်များကိုနားထောင်ခြင်းဖြင့် ဤရွာတစ်ခုလုံးတွင် သူမနှင့် အစောင့်လေးဦးသာရှိသည်ကို ချန်ရုံ သိထားသည်။

ယခုချန်ရုံလုပ်နိုင်သည်မှာ ဝမ်ဟုန်တစ်ယောက် အမြန်လွတ်မြောက်၍ ချန်ရုံ့ကိုမှတ်မိစေရန်သာဆုတောင်းနေနိုင်တော့သည်။ ထိုမှလွဲ၍လည်း ဘာလုပ်ရမည်ကို ချန်ရုံမသိတော့ပါ။

ချန်ရုံသည် ထိုအခြေအနေ၌ပင် နောက်ထပ်သုံးရက်ခန့်နေလိုက်ရသည်။

လေးရက်မြောက်နံနက်ခင်းတွင် အပြင်မှ ရထားလုံးဘီးလိမ့်သံကို ချန်ရုံကြားလိုက်ရတော့သည်။

တဖြည်းဖြည်းနီးကပ်လာသောထိုအသံကိုနားထောင်ရင်းဖြင့် ချန်ရုံသည် ထုံထုံထိုင်းထိုင်းဖြစ်နေရာမှ ပုံမှန်ပြန်ဖြစ်သွား၍ ကုတင်ပေါ်မှခုန်ဆင်းကာ တံခါးဆီသို့ပြေးသွားလိုက်သည်။

ထို့နောက် လက်ထဲမှ ဆံထိုးကိုကိုင်ကာ တံခါးဆီသို့ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလိုက်သည်။

မကြာမီမှာပင် ရထားလုံးက ခြံဝန်းထဲ၌ရပ်သွားသည်။ ထို့နောက် ချန်စန်းလန်၏အသံထွက်ပေါ်လာသည်။

"သူ ဒီမှာရှိလား..."

ချန်စန်းလန်၏အသံက ဒေါသထွက်နေဟန်ရှိသည်။

မေးစေ့ချွန်ချွန်နှင့် မှဲ့ရှိသောအစေခံက ကြောက်နေသည့်အသံဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့..."

ထိုစကားနှစ်ခွန်းသာ‌ပြောလိုက်ရ၍ အစေခံထံမှ ဝူးဝူးဝါးဝါးအသံများထွက်ပေါ်လာသည်။ နားထောင်ရခြင်းအားဖြင့် အစေခံသည် လည်ပင်းညှစ်ခံထားရသည်နှင့်တူနေသည်။

ချန်ရုံ၏မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာကြသည်။

ထို့နောက် ခြေသံအချို့ကြားပြီးသောအခါ နူးညံ့၍ နွေးထွေးသော ချန်စန်းလန်၏အသံကို တံခါးနား၌ ကြားလိုက်ရတော့သည်။

"အားရုံ အားရုံ...ညီမလေး မင်းအထဲမှာရှိလား...မင်းကို အိမ်ပြန်ခေါ်လာဖို့ အစ်ကိုရောက်လာပြီလေ..."

ချန်ရုံက အပြင်သို့ငေးကြည့်၍ ပျော်ရွှင်စွာပြောလိုက်သည်။

"အစ်ကိုသုံးလား...အခုပြောနေတာ တကယ်ပဲ အစ်ကိုလား...ကျွန်မကို ဒီကနေ ခေါ်ထုတ်ဖို့ရောက်လာတာလားဟင်..."

ချန်ရုံက ပြောရင်းဖြင့် တံခါးကို တဒုန်းဒုန်းထုလိုက်သည်။

ချန်စန်းလန်က အော်ပြောလိုက်သည်။

"မင်းတို့က ဘာတွေရပ်ကြည့်နေကြတာလဲ...တံခါးကိုဖွင့်လေ..."

"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ သခင်လေး..."

အထပ်ထပ်အခါခါပြောနေသော နာခံသံများကြားတွင် တံခါးကပွင့်သွားတော့သည်။

ရုတ်တရက်စူးရှလာသောနေရောင်ကြောင့် ချန်ရုံသည် မျက်နှာကို အင်္ကျီလက်ဖြင့် ကာလိုက်သည်။

ထိုအချိန်၌ ချန်စန်းလန်သည် ချန်ရုံ့နားသို့လျှောက်လာ၍ နာကျင်နေသောအသံဖြင့်ပြောလိုက်သည်။

"အားရုံ မင်းအရမ်းပိန်သွားတာပဲ...မေးစေ့လေးကိုကြည့်ပါဦး...ချွန်သွားလိုက်တာ...ဒီလိုမြင်နေရတာ အစ်ကိုရင်နာလိုက်တာ..."

ချန်စန်းလန်က ပြောရင်းဖြင့် ချန်ရုံ့ကို ကိုင်လိုက်သည်။ ချန်စန်းလန်နောက်၌ အစေခံအမျိုးသမီးများစွာနှင့် အရပ်မြင့်မားသည့်အစောင့်များရပ်နေကြသည်။ တမင်လုပ်သည်လား တိုက်ဆိုင်သည်လားမသိသော်လည်း အစောင့်များသည် ရွာကို ချန်ရုံမမြင်စေလိုသည့်အလား ပိတ်ရပ်ထားကြသည်။

ချန်စန်းလန်၏စိတ်ပူသောအသံကိုကြားလိုက်ရသောအခါ ချန်ရုံလည်း အလွန်ဝမ်းနည်းလာမိသောကြောင့် မျက်နှာကို အုပ်ကာ ငိုလိုက်မိသည်။

ချန်စန်းလန်သည်လည်း ချန်ရုံ့နားသို့ တိုးကပ်သွားသည်။ ချန်ရုံ၏သေးသွယ်သောခါးလေးနှင့် ရက်အတော်ကြာသည့်တိုင်အောင် ပိုးသားကဲ့သို့ နူးညံ့ဆဲရှိသောဆံနွယ်များကိုကြည့်၍ ချန်စန်းလန်သည် ချန်ရုံ့အား လှမ်းဖက်လိုက်သည်။

ထိုအခိုက်မှာပင် ချန်ရုံ၏ခြေထောက်များက ‌မရပ်နိုင်တော့ပဲ ရှေ့သို့ လဲကျသွားသည်။

ချန်စန်းလန်က ချန်ရုံ့ကို အမြန်ပြန်လွှတ်လိုက်၍ ချန်ရုံ၏မျက်နှာကိုကာထားသည့် အင်္ကျီလက်ကို ဆွဲဖယ်လိုက်သည်။ ချန်ရုံ၏ ပင်ပန်းနွမ်းနယ်နေသောမျက်နှာနှင့် ပိတ်ထားသောမျက်လုံးများကိုကြည့်၍ ချန်စန်းလန်သည် ချန်ရုံ၏အလှအပ၌ ယစ်မူးသွားမိသည်။

"သခင်မလေးက အပျော်လွန်ပြီး သတိမေ့မျောသွားပြီ..."

ချန်စန်းလန်လည်း ယခုမှ အသိပြန်ဝင်၍ အမြန်အော်ပြောလိုက်သည်။

"မြန်မြန်...အားရုံကို ငါ့ရဲ့ ရထားလုံးဆီခေါ်သွားကြစမ်း..."

အစေခံအမျိုးသမီးနှစ်ဦးက ချန်ရုံ့ကို တွဲထူလိုက်ကြသည်။ ယခုလည်း တမင်သက်သက်လုပ်သည်လားမသိသော်လည်း အစေခံများ၏ အင်္ကျီလက်များက ချန်ရုံ၏မျက်နှာကိုကာထား၍ ဘေးဘီသို့ မမြင်နိုင်အောင် လုပ်ထားကြပြန်သည်။

‌ခြေလှမ်းနှစ်လှမ်းမျှသာလျှောက်ပြီးချိန်တွင် ချန်ရုံက ပြန်သတိရလာ၍ အော်ငိုလိုက်ပြန်သည်။ ချန်ရုံသည် ကျယ်လောင်စွာငိုယိုနေသောကြောင့် စိတ်ညစ်စရာဖြစ်နေသည်။

အံ့ဩသွားသောချန်စန်းလန်ကလည်း မျက်နှာကိုရှုံ့၍ပြောလိုက်သည်။

"မငိုပါနဲ့ အားရုံရယ်..."

ချန်စန်းလန်၏စကားများကြောင့် ချန်ရုံက ပို၍ကျယ်လောင်စွာပင် အော်ငိုလိုက်ပြန်သည်။

ချန်ရုံ၏ငိုသံက စူးရှလွန်းသောကြောင့် ချန်စန်းလန်၏နားစည်များပင်ကွဲထွက်တော့မတတ်ဖြစ်နေသည်။ ချန်စန်းလန်က အော်ပြောနေသော်လည်း ချန်ရုံက ငိုသံများဖြင့် မကြားသော‌ကြောင့် ချန်စန်းလန်လည်း စိတ်တိုလာကာ အင်္ကျီလက်ကိုဝှေ့ယမ်း၍ အော်လိုက်သည်။

"သူ့ကို ရထားလုံးထဲခေါ်သွားလိုက်ကြ..."

အစေခံနှစ်ဦးက ချန်ရုံ့အား ချန်စန်းလန်၏ရထားလုံးထဲသို့ ထည့်လိုက်ချိန်တွင် ချန်စန်းလန်က ဒေါသတကြီးအော်ပြောလိုက်ပြန်သည်။

"မင်းတို့ရူးနေကြတာလား...သူ့ကို မင်းတို့နဲ့ တူတူထိုင်ခိုင်းလေ..."

"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ သခင်လေး..."

ထို့နောက် အစေခံများက ချန်ရုံ့အား သူတို့စီးနင်းမည့်ရထားလုံးအသေးထဲသို့ ခေါ်သွားလိုက်သည်။

ထိုအချိန်၌ ချန်စန်းလန် လည်ပင်းညှစ်လိုက်၍ ဘေးသို့တွန်းထားခြင်းခံရသော မှဲ့နှင့်အစေခံအား အစောင့်များက မ၍ နောက်ဆုံးရထားလုံးထဲသို့ ထည့်လိုက်သည်။

ရထားလုံးများက စတင်မောင်းနှင်သွားကြတော့သည်။ ရထားလုံးလှုပ်ခါသွားတိုင်း လိုက်ကာက မလှုပ်မယှက်ရှ်ိနေ၍ လေတိုက်သည့်အချိန်မှာပင် လိုက်ကာစက မလှုပ်ပေ။

တဖြည်းဖြည်းနှင့် ချန်ရုံ၏ငိုသံများက အသံတိုးလာ၍ နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် ရထားလုံးသည် ရွာမှထွက်ခွာ၍ လမ်းပေါ်သို့ရောက်နေပြီဖြစ်သည်။

ချန်ရုံ၏ငိုသံများတိတ်သွား၍ အနည်းငယ် ငြိမ်းချမ်းသွားသည့်အခါမှ ချန်စန်းလန်က အသက်ပြင်းပြင်းတစ်ချက်ရှူကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်၍ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။

"မိန်းမတစ်ယောက်ငိုတိုင်း ကောင်းကင်ပြိုသလိုပဲ...စိတ်ပျက်ဖို့ကောင်းလိုက်တာ..."

ထို့နောက် ချန်စန်းလန်သည် ယခုလက်ရှိကိစ္စကိုစဉ်းစားလိုက်သည်။ ထို့နောက် လိုက်ကာကိုမ၍ အခြားရထားလုံးရှိရာသို့ ကြင်နာစွာပြုံးပြလိုက်သည်။

"ညီမလေး အားရုံ...အဆင်ပြေရဲ့လား..."

အချိန်အနည်းငယ်ကြာမှ ချန်ရုံ၏အက်ကွဲနေသောအသံက တိုးတိတ်စွာပြန်ပြောလာသည်။

"ဟုတ်ကဲ့...အများကြီးနေသာလာပါပြီ...ကျေးဇူးတင်ပါတယ်..."

ချန်စန်းလန်က ရယ်လိုက်ပြီးမှ အလျင်အမြန် မျက်မှောင်ကျုံ့ကာပြောလိုက်သည်။

"ငါဒီကို ရောက်လာတာ နောက်ကျသွားပြီး မင်းကိုရက်တွေအကြာကြီး ပိတ်လှောင်ထားစေခဲ့မိတယ်..."

ထို့နောက် ဒေါသတကြီးဖြင့်ဆက်ပြောလိုက်သည်။

"အဲဒါ ဟိုမကောင်းတဲ့မိန်းမရဲ့လက်ချက်ပေါ့...သူ့ရဲ့ အရိုးမရှိတဲ့လျှာကို သုံးပြီး ငါ့အမေကို မဟုတ်မမှန်‌တာတွေ အယုံသွင်းနေတာ...ငါသူ့ကို လုံးဝ ခွင့်မလွှတ်ဘူး...အစ်ကိုတို့ ပြန်ရောက်ရင် အားရုံ သူ့ကို ရိုက်ချင်ရိုက် သတ်ချင်သတ် ကြိုက်တာလုပ်လို့ရတယ်..."

ချန်စန်းလန်၏အသံက တကယ်ပင်ရင်ထဲမှ လှိုက်လှဲစွာပြောနေသည့်အသံပေါက်နေသည်။

ချန်ရုံကတော့ လှောင်ရယ်ရယ်ချင်နေမိသည်။ မနေ့ညက အစောင့်များပြောနေကြသံကိုသာ မကြားမိခဲ့ပါက သခင်မရွမ်သည် ချန်ရုံ့အား ရက်အနည်းငယ်မျှ ချုပ်နှောင်ထားသည်လောက်သာလုပ်မည်ဟု ချန်ရုံ ထင်နေဦးမည်ဖြစ်သည်။

"ကျွန်မ သူ့ကို လွယ်လွယ်နဲ့ ခွင့်မလွှတ်နိုင်ဘူး..."

ချန်ရုံက အံကြိတ်၍ပြောလိုက်သည်။ ချန်ရုံ၏အသံက မာထန်၍ မုန်းတီးမှုအပြည့်ဖြစ်နေသည်။

"ဒါဆို ကျွန်မကို ဒီလိုထိခိုက်စော်ကားတာ အဲဒီမိန်းမပေါ့...အစ်ကိုသုံး ကျွန်မ သူ့ကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး..."

"အေး အေး ခွင့်မလွှတ်နဲ့..."

ချန်စန်းလန်က နှစ်ခါမျှရယ်၍ သူ၏ရထားလုံးကို ချန်ရုံ၏ရထားလုံးနားသို့ တိုးကပ်ရန် အမိန့်ပေးလိုက်သည်။

ထို့နောက် ချန်စန်းလန်က ခေါင်းကိုအပြင်သို့ထုတ်၍ ချန်ရုံ၏ရထားလုံးနားသို့တိုးကပ်ကာ စိတ်ပူစွာပြောလိုက်သည်။

"အားရုံ ဒီရက်တွေအတွင်းမှာ မင်း ဒုက္ခတွေအများကြီးခံစားခဲ့ရမှာပဲ...အိမ်ပြန်ပြီး ဒေါသတွေပေါက်ကွဲပစ်ပြီး ရက်နည်းနည်းလောက် အနားယူလိုက်ဦး...မင်း အာဟာရပြန်ပြည့်လာအောင် ငါ စားတော်ကဲကို ကြက်သားစွပ်ပြုတ်နဲ့ သိုးသားဟင်းတွေ လုပ်ခိုင်းထားတယ်..."

"ကျေးဇူးတင်ပါတယ် အစ်ကိုသုံး..."

ချန်စန်းလန်က ရယ်လိုက်သည်။

ထို့နောက် ရထားလုံးထဲသို့ ပြန်ဝင်၍ တစ်ဖက်ရထားလုံးထဲမှ ချန်ရုံ၏ ဝိုးတဝါးပုံရိပ်ကိုကြည့်ကာ တွေးလိုက်သည်။

အင်း ‌ဒီကိစ္စက အမြန်လုပ်လို့မဖြစ်ဘူး...အားရုံ တစ်ရက်လောက်တော့ အနားယူပြီးမှပဲ စကားစလိုက်တော့မယ်..."

မကြာမီမှာပင် ရထားလုံးက ချန်အိမ်တော်ဆီသို့ ဆိုက်ရောက်သွားတော့သည်။ သို့သော် ချန်ရုံ၏အဆောင်တော်ဆီသို့ တန်းမသွားပဲ ချန်ယွမ်၏အိမ်ရှိရာသို့မောင်းနှင်သွားသည်။ ထို့နောက် ရပ်တန့်သွားတော့သည်။

ချန်ရုံ ရထားလုံးပေါ်မှဆင်းလိုက်သောအခါ ငိုရှိုက်သံအချို့ကိုကြားလိုက်ရသည်။ ထို့နောက် မှဲ့နှင့်အစေခံသည် လက်ကို ကျောဘက်၌ ချည်နှောင်ခံထားရ၍ ပါးစပ်၌လည်း အဝတ်စဆို့ကာ ချန်ယွမ်၏ရှေ့၌ ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။

ချန်ယွမ်က ထိုင်နေ၍ သူ့နောက်၌လည်း သခင်မလီနှင့် သခင်မရွမ်တို့က ခေါင်းများကို ရှက်ရွံ့စွာငုံ့နေကြသည်။

ချန်စန်းလန်က ချန်ရုံ့အား ခေါ်ဆောင်လာချိန်တွင် ချန်ယွမ်က မတ်တပ်ထ၍ ချန်ရုံ့အားကြိုဆိုလိုက်၍ စိတ်ပူစွာကြည့်ကာ ပြောလိုက်သည်။

"အားရုံ ဦးလေးကို ခွင့်လွှတ်ပါ...'

ချန်ယွမ်၏အသံက ဒေါသထွက်နေသည့်အသံပေါက်နေသည်။ ချန်ယွမ်သည် အမှန်တကယ်ပင် ဒေါသထွက်နေခြင်းဖြစ်သည်။

ချန်ရုံက ချန်ယွမ့်အား အံ့ဩစွာကြည့်လိုက်သည်။ ချန်ယွမ်၏မျက်နှာက ညိုမှောင်နေ၍ မျက်လုံးများ၌လည်း မီးများတောက်လောင်နေသကဲ့သို့ဖြစ်နေသည်။ ချန်ယွမ်၏ဒေါသသည် တမင်ဟန်ဆောင်ထားခြင်းတော့ မဟုတ်တန်ရာ။

ထိုအချိန်၌ ချန်ရုံက ချန်ယွမ့်အား သေချာကြည့်နေသည်ကို ချန်ယွမ်သတိထားမိသွား၍ တစ်ခါထပ်ပြောလိုက်ပြန်သည်။

"အားရုံ ငါ့ကို ခွင့်လွှတ်ပါ..."

ချန်ယွမ်၏အသံထဲမှ တကယ်ရိုးသားမှုကို ချန်ရုံသတိထားလိုက်မိသည်။

ချန်ရုံက ခေါင်းကိုငုံ့၍ တုန်တုန်ယင်ယင်လေးပြောလိုက်သည်။

"အဲဒီလိုတွေမပြောပါနဲ့ ဦးလေး..."

"ဦးလေးတကယ်တောင်းပန်တာပါ..."

ချန်ယွမ်က အလွန်စိတ်ဆိုးနေပုံဖြင့် လမ်းကိုဟိုလျှောက်ဒီလျှောက်လုပ်၍ ပြောလိုက်သည်။

"ငါ အိမ်ကနေ ရက်နည်းနည်းလေးပဲထွက်သွားတာကို အိမ်ကို ဗြောင်းဆန်အောင်လုပ်ထားကြတယ်...ဒီရက်တွေမှာ..."

ချန်ရုံက အသက်ကို ပြင်းပြင်းရှူလိုက်၍ အစေခံဆီသို့ လျှောက်သွားကာ တစ်ချက်ဆောင့်ကန်လိုက်သည်။

ချန်ယွမ်က အားကုန်သုံး၍ ကန်လိုက်သောကြောင့် အစေခံသည် အော်၍ အနောက်သို့ လန်ကျသွားသည်။ ဘေး၌ရပ်နေသော သခင်မလီနှင့် သခင်မရွမ်တို့သည်လည်း တုန်လှုပ်သွား၍ ခေါင်းများပိုငုံ့သွားကြသည်။

ချန်ယွမ်အတွက်တော့ ထိုကန်လိုက်မှုကလည်း စိတ်ကိုပြေသွားစေဟန်မတူပေ။ လဲကျသွားသောအစေခံ၏ရင်ဘတ်ကို ဆောင့်ကန်လိုက်ပြန်သည်။ အစေခံသည် ဘေးသို့လဲသွား၍ သွေးများ အန်ထွက်လာသည်။ ပါးစပ်ထဲ၌ အဝတ်စဆို့ထားသောကြောင့် သွေးများက အဝတ်ဖြူထဲသို့ စိမ့်ဝင်၍ ရဲရဲနီသွားစေသည်။

ထိုကဲ့သို့တိုင်အောင် ချန်ယွမ်က ဒေါသတကြီးဖြင့် ကန်နေဆဲဖြစ်၍ အော်ဟစ်ပြောနေသည်။

"အကုန်လုံး အသိဉာဏ်မရှိတဲ့ စောက်ရူးတွေ...အားရုံက နင်တို့ထိလို့ရတဲ့လူလား အောက်တန်းစားမရဲ့..."

ချန်ယွမ်သည် ပညာရှိတစ်ဦးမဟုတ်သော်လည်း ပညာတတ်၍ ဟန်ဆောင်ကောင်းသူတစ်ယောက်ဖြစ်သည်။ သို့သော် ယခုတွင်တော့ ချန်ယွမ်သည် အလွန်ပင် ခက်ထန်နေ၍ သူ၏ဟန်ဆောင်မှုအောက်မှ ဒေါသများက စိမ့်ထွက်နေပုံပေါ်နေသည်။

ချန်ရုံက ကြောက်လန့်တကြားနှင့် ကျုံ့ဝင်နေကြသော သခင်မရွမ်နှင့် သခင်မလီကို လှမ်းကြည့်လိုက်ရင်းဖြင့် တွေးလိုက်မိသည်။

ချန်ယွမ်က ဒီကိစ္စကို တကယ်ပဲ သဘောမတူတာလား...

ချန်ယွမ်သည် အနည်းငယ်ဆက်၍ ကန်ပြီးမှ အသက်ရှူရန် ရပ်လိုက်သည်။ ခဏအကြာမှ ချန်စန်းလန်ရှိရာသို့ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

"အားရုံ ပင်ပန်းနေမှာပေါ့...သူ့ကို အိမ်ကိုပြန်ခေါ်သွားပြီး အနားယူခိုင်းလိုက်တော့..."

"ဟုတ်ကဲ့ပါ အဖေ..."

ချန်ရုံ တစ်ဖက်သို့ လှည့်လိုက်သည့်အချိန်မှာပဲ ချန်ယွမ်၏ ဒေါသကိုမနည်းချုပ်တည်းထားရသည့်အသံက ထွက်ပေါ်လာပြန်သည်။

"ပြီးတော့ မင်း...မင်း အိမ်ထဲမှာပဲနေ...ငါ့ခွင့်ပြုချက်မရပဲ အပြင်ထွက်ခွင့်မပေးတော့ဘူး..."

"ဟုတ်ကဲ့..."

သခင်မရွမ်က အချိန်အတော်ကြာမှ ပြန်ဖြေလိုက်သည်။

"မင်းတို့ စောက်လုံးတွေကန်းနေကြတာလား..."
ချန်ယွမ်က အော်လိုက်ပြန်သည်။

"ဒီမိန်းမကို ဆွဲခေါ်သွားပြီး အခန်းထဲမှာ သုံးရက်ထည့်ပိတ်ထားလိုက်...ဘယ်သူမှ သူ့ကို ဘာစားစရာမှမပေးနဲ့..."

သခင်မလီက အော်ဟစ်ငိုယိုလိုက်သည်။
"သခင်..."

သခင်မလီ၏အသံက လေသံတိုးတိုးလေးဖြစ်သွားသော်လည်း ထိုသို့မလုပ်ရန်တော့ မတောင်းပန်ချေ။

ထိုအသံများက ချန်ရုံနှင့် တဖြည်းဖြည်းဝေးကွာသွားချိန်တွင် ချန်ရုံသည် အလွန်သိချင်လာမိသည်။

တစ်ခုခုဖြစ်ခဲ့တာလား...ဘာဖြစ်လို့ ချန်ယွမ်က ငါ့ကို ကာကွယ်ပေးနေတာလဲ...ပြီးတော့ ဘာဖြစ်လို့ ဒေါသတွေအရမ်းထွက်နေရတာလဲ...



Xxxxx