Chapter 130
အကူအညီတောင်းခံရန် မိုင်ပေါင်းတစ်ထောင် ခရီးသွားခဲ့ခြင်း
ချန်ရုံ အိမ်ပြန်ရောက်လာသောအခါ အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့က ငိုယို၍ ချန်ရုံ့ကို လာတွဲလိုက်ကြသည်။
ချန်ရုံသည် အလွန်ပင် ပင်ပန်းနေသောကြောင့် အထိန်းတော်ဖျင်တို့ကို တွန်းဖယ်၍ ရေချိုးဖို့ပြင်ပေးရန်ပြောလိုက်သည်။
ရေထဲ၌အချိန်အတော်ကြာစိမ်ပြီးသောအခါမှ စိတ်အခြေအနေအနည်းငယ်ပြန်ကောင်းလာသောကြောင့် ချန်ရုံသည် ရေချိုးကန်ထဲမှ ထွက်နေသောရေနွေးငွေ့များကြား၌ အနားယူနေမိသည်။
ချန်ရုံသည် မျက်လုံးကိုပြူးကျယ်စွာဖွင့်၍ မျက်နှာကျက်အား မော့ကြည့်နေလိုက်သည်။
အတိတ်ဘဝတုန်းက ချန်ယွမ်၏မိသားစုတစ်ခုလုံးက ချန်ရုံ့ကိုမကြိုက်ကြသည့်အပြင် ချန်ယွမ်ကလည်း အမြဲဆိုသလို ချန်ရုံ့အား သူများကိုပေးပစ်ရန်ကြံရွယ်နေသူဖြစ်သည်။ သို့သော်လည်း ထိုစဉ်အခါကတော့ ချန်ရုံသည် ဒေါသသာထွက်ခဲ့၍ ယခုကဲ့သို့ ပြင်းပြသောအမုန်းတရားမျိုးကို မခံစားခဲ့ရပေ။
သို့သော် ယခုတွင်တော့ ငရဲပြည်သို့ရောက်သွားတော့မတတ်ခံစားခဲ့ရသောဖိတ်စာကို ရပြီးသောအခါ ချန်ရုံသည် ချန်ယွမ်၏မိသားစုကို လုံးဝဥဿုံစော်ကားလိုက်မိသည်မှာ အထင်အရှားဖြစ်၍ ရှေ့လျှောက်တွင်လည်း ထပ်၍ ညှိနှိုင်းစရာ မရှိတော့ချေ။
ချန်ရုံထင်ထားသည့်အတိုင်းဆိုလျှင် ထိုဖိတ်စာက ချန်ယွမ်၏အိမ်မှ တစ်စုံတစ်ယောက်က ပြုလုပ်ထားခြင်းဖြစ်ပေလိမ့်မည်။ ထိုသို့မှမဟုတ်လျှင် ချန်ရုံ အိမ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သခင်မရွမ်နှင့် သခင်မလီတို့က အဘယ်ကြောင့် လူများလွှတ်၍ ချန်ရုံဘယ်နေရာ၌ရှိနေသည်ကို စုံစမ်းပါမည်နည်း။ ထို့အပြင် ချန်ရုံ စော်ကားမိသည်ကလည်း ဤမိသားစုပဲရှိသည်မဟုတ်လား။
ထိုအကြောင်းကိုစဉ်းစားရင်းဖြင့် ချန်ရုံ၏မျက်လုံးများသည် မှေးစင်းသွား၍ ညှာတာမှုကင်းမဲ့သွားကြသည်။
ထို့နောက် ချန်ရုံသည် ချန်ယွမ်နှင့် ချန်စန်းလန်တို့၏ မူမမှန်သောအပြုအမူတို့ကို စဉ်းစားလိုက်မိပြန်သည်။
သို့သော် ထိုကိစ္စကတော့ သိပ်စိတ်ပူစရာမလိုပါ။ ချန်ယွမ်တို့ မည်သည့်ကိစ္စကိုပဲ ကြံစည်နေပါစေ၊ ရက်အနည်းငယ်ကြာလျှင် ချန်ရုံ့အား ထုတ်ပြောလာမည်ပင်ဖြစ်သည်။
ချန်ရုံ လူးလှိမ့်ရင်းနှင့်ပင် ညက ကုန်ဆုံးသွားသည်။
နောက်တစ်နေ့သည်လည်း နေသာ၍ တောက်ပနေပြန်သည်။ အပြင်မှကောင်းကင်ကို မော့ကြည့်လိုက်သောအခါ နန်ယန်လမ်းမပေါ်မှ လူများကဲ့သို့ပင် ချန်ရုံသည်လည်း ဟူလူမျိုးများကျူးကျော်တိုက်ခိုက်လာမည်ကို စိုးရိမ်လာမိသည်။
ချန်ရုံသည် အဖိုးစွင်းအား ဝမ်ဟုန်နှင့် သူ့အိမ်တော်၏အခြေအနေကို စုံစမ်းခိုင်းလိုက်သည်။ အထပ်ထပ်အခါခါစုံစမ်းပြီးသော်လည်း အဖိုးစွင်း၌ ပြောစရာသတင်းမရှိဖြစ်နေသည်။
နံနက်စာစားပြီး၍ တဖြည်းဖြည်းမြင့်တက်လာသောနေလုံးကို ကြည့်နေရင်းဖြင့် ညကလည်း အိပ်ရေးအနည်းငယ်ဝထားသော ချန်ရုံသည် စိတ်ပုံမှန်ပြန်ဖြစ်လာသောကြောင့် အထိန်းတော်ဖျင်ကိုခေါ်ကာ အပြင်ထွက်ဖို့ပြင်ဆင်ပေးရန်ပြောလိုက်သည်။
ထိုအချိန်မှာပင် ခြေသံများထွက်ပေါ်လာသည်။
"သခင်ကြီးက မမလေးအားရုံကို ခေါ်ခိုင်းလိုက်ပါတယ်..."
အစေခံတစ်ဦးကပြောလိုက်သည်။
ချန်ယွမ်ကလား...
ချန်ရုံသည် မတ်တပ်ရပ်၍ အေးစက်စွာပြုံးလိုက်ကာ တွေးလိုက်မိသည်။
ရှင့်ရဲ့အကြံအစည်တွေကို စောစောစီးစီးထုတ်ပြတော့မယ်ပေါ့လေ...
ချန်ရုံက အသံပြန်ပေးလိုက်ကာ အစေခံ၏နောက်မှ ချန်ယွမ်၏အိမ်တော်ဝန်းထဲသို့ လိုက်လာလိုက်သည်။
ခြံဝန်းထဲသို့ရောက်သောအခါ အစေခံများသာမက မိသားစုထဲမှလူများပင် စိုးရိမ်နေသောမျက်နှာများဖြင့် ခေါင်းများငုံ့ထားကြသည်ကို ချန်ရုံ မြင်လိုက်ရသည်။
ချန်ရုံ၏ရှေ့မှလျှောက်နေသော အစေခံမိန်းကလေးကို ချန်ရုံတစ်ခါမှမတွေ့ဖူးချေ။ ထိုအစေခံမိန်းကလေးသည်လည်း ခေါင်းကိုငုံ့၍ တိတ်ဆိတ်စွာပင် လမ်းလျှောက်နေသည်။
ချန်ယွမ်၏အိမ်တော်ဝန်းထဲသို့ ရောက်သွားသောအခါ အရပ်မြင့်၍ ချောမောလှပသောအစေခံမိန်းမပျိုတစ်ဦးက လှေကားထစ်များပေါ်၌ စောင့်နေသည်ကို တွေ့လိုက်ရသည်။ ချန်ရုံ့ကိုမြင်သောအခါ ထိုအိမ်စေက အရိုအသေပေး၍ပြောလိုက်သည်။
"သခင်ကြီး အထဲမှာရှိပါတယ်..."
ချန်ရုံက နားလည်ဟန်ပြ၍ အထဲသို့ ဝင်သွားလိုက်သည်။
ကျယ်ဝန်းသောခန်းမထဲ၌ လူနှစ်ယောက်သာ ထိုင်နေကြသည်။ ထိုလူများမှ ပြောစရာမလိုအောင်ပင် ချန်ယွမ်ဖြစ်၍ သူ့ထက်တစ်ဆင့်နိမ့်သည့်နေရာ၌ထိုင်နေသူမှာ ချန်စန်းလန်ဖြစ်သည်။
ချန်ရုံဝင်လာသည်ကို မြင်သောအခါ ချန်ယွမ်က လက်ထဲမှ ဝိုင်အရက်ခွက်ကိုချ၍ ချန်ရုံ့အား သေချာကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချကာ ပြုံးပြလိုက်သည်။
"ကောင်းကောင်းအနားယူပြီးလို့ စိတ်အခြေအနေ ပုံမှန်ပြန်ဖြစ်နေပြီထင်တယ် အားရုံ..."
ချန်ရုံက တာဝန်အရ သူမ၏ဦးလေးနားသို့သွား၍ အရိုအသေပေးကာ ပြန်ဖြေလိုက်သည်။
"ကျွန်မအတွက် ဒီလိုစိတ်ပူနေရလိမ့်မယ်လို့ ကျွန်မ မရည်ရွယ်မိပါဘူး ဦးလေး...မနေ့ညက အားရုံ ကောင်းကောင်းအနားယူခွင့်ရခဲ့ပါတယ်..."
ချန်ယွမ်က ခေါင်းငြှိမ့်၍ သူ၏ညာဘက်ရှိ ခုံကိုလက်ညှိုးထိုးပြကာ ကြင်နာသည့်အသံဖြင့်ပြောလိုက်သည်။
"ထိုင်ပါ အားရုံ..."
"ကျေးဇူးတင်ပါတယ် ဦးလေး..."
ချန်ရုံထိုင်ပြီးသောအခါ တိတ်ဆိတ်သွားပြန်သည်။ ချန်ယွမ်တို့ကမှ စကားမပြောလျှင် ချန်ရုံလည်း ဘာမှပြောစရာမလိုပေ။
အချိန်အတန်ကြာသောအခါမှ ချန်စန်းလန်၏အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ချန်စန်းလန်သည် ချန်ရုံ့အားကြည့်၍ စိတ်မကောင်းစွာပြောလိုက်သည်။
"ငါ အရောက်နောက်ကျသွားပြီး မင်းကို ရက်တွေအကြာကြီး ထိတ်လန့်စေမိခဲ့တဲ့အတွက် ငါတကယ်တောင်းပန်ပါတယ် အားရုံ..."
ချန်စန်းလန်က အပြစ်ရှိသူပမာ ချန်ရုံ့အား လှမ်းကြည့်လိုက်သည်။
"အားရုံ အဲဒီအတွက်ကြောင့် မင်း အစ်ကို့ကို မုန်းနေပြီလား..."
ချန်ရုံက ခေါင်းကို အမြန်ခါရမ်းလိုက်သည်။
"အားရုံ ဘယ်လိုများ စိတ်ဆိုးနိုင်မှာပါလဲ..."
ထို့နောက် ချန်ရုံသည် ဘာမှဆက်မပြောတော့ပဲ ခေါင်းကိုသာ ပြန်ငုံ့ထားလိုက်သည်။
ချန်ယွမ်က ချောင်းတစ်ချက်ဟန့်၍ သူ၏ရှည်လျားသောမုတ်ဆိတ်ကို သပ်ကာပြောလိုပ်သည်။
"မင်းရဲ့အဒေါ်တွေက မင်းကို ဒီလိုတွေဒုက္ခပေးရတာက ဟိုအောက်တန်းစားမရဲ့စကားတွေကို နားယောင်မိသွားကြလို့ပါ...အခုတော့ အဲဒီကိစ္စတွေကပြီးသွားပါပြီ...ဦးလေးတို့ကို အညှိုးအတေးလည်း မထားစေချင်ဘူး အားရုံ..."
ချန်ရုံက အမြန်ရပ်၍ လက်နှစ်ဖက်ကိုယှက်ကာပြောလိုက်သည်။
"ဟုတ်ကဲ့...အားရုံ ဘာစိတ်မှမထားပါဘူး ဦးလေး..."
ချန်ယွမ်က ခေါင်းငြှိမ့်၍ ချန်ရုံ့ကိုပြန်ထိုင်ရန် အချက်ပြလိုက်သည်။
ထို့နောက် ချန်ယွမ်က ချောင်းတစ်ချက်ဟန့်ပြန်၍ ချန်ရုံ့ကိုပြောပြန်သည်။
"အားရုံ တပ်မှူးရန်က မင်းကိုတော်တော်လေး အကောင်းမြင်တဲ့ပုံပေါက်တယ်မဟုတ်လား..."
ရန်မင်းကလား...
ချန်ရုံက မော့ကြည့်လိုက်သည်။
ချန်ယွမ်က မုတ်ဆိတ်ကိုပွတ်သပ်၍ သူ့စကားကိုသူ ပြန်စဉ်းစားနေပုံရသည်။
မကြာခင်မှာပင် ချန်ယွမ်သည် ခေါင်းဟန့်လိုက်ပြန်၍ ခေါင်းပြန်ငုံ့သွားသော ချန်ရုံ့ကိုကြည့်၍ ချန်စန်းလန်အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
ချန်စန်းလန်ကလည်း သဘောပေါက်သွား၍ ချန်ရုံ့ဘက်သို့လှည့်၍ စိတ်မကောင်းသည့်ပုံနှင့်ပြောလိုက်သည်။
"အားရုံ အခုအချိန်မှာ အိမ်တော်က ဒုက္ခရောက်နေတာ ညီမလေးသိလား...'
ချန်ရုံက ဝိုင်းစက်သောမျက်လုံးများဖြင့် ချန်စန်းလန်အားကြည့်ကာ စိတ်ပူစွာမေးလိုက်သည်။
"တစ်ခုခုဖြစ်ခဲ့လို့လား အစ်ကိုသုံး..."
ချန်ရုံက မျိုးနွယ်အတွက် စိတ်ပူပန်နေသည်ကိုမြင်သောအခါ ချန်စန်းလန်က ပြုံးလိုက်မိပြီးမှ အလျင်အမြန် မျက်မှောင်ပြန်ကျုံ့လိုက်သည်။
"ဟုတ်တယ်...တော်တော်ကိုဆိုးရွားတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တယ်..."
ချန်စန်းလန်က ဝမ်းနည်းပန်းနည်းပုံဖြင့်ပြောလိုက်သည်။
ထို့နောက် ချန်စန်းလန်သည် မတ်တပ်ထရပ်၍ အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းက ချန်ရုံ့ကိုပြောနေသည်။
"မင်းလို မိန်းမငယ်လေးတစ်ယောက်က ဒီကိစ္စတွေကို မသိနိုင်တာ အစ်ကိုနားလည်ပါတယ်...ဒါပေမယ့် ဒီနှစ်မှာ စားဝတ်နေရေးက အရမ်းကျပ်တည်းလာတာတော့ အမှန်ပဲ...နန်ယန်မြို့ကို အိမ်တော်ကလူတွေအများကြီးရောက်လာတဲ့အတွက် မြင်းတွေကိုကျွေးရတဲ့စရိတ်ကပဲ ဒုက္ခသည်ရာချီကိုကျွေးရသလောက်ဖြစ်နေပြီ...ဒါတောင် နေရေးထိုင်ရေးအတွက် အခန်းငှားရမ်းရတာတွေ မပါသေးဘူး..."
ထိုအခိုက်တွင် ချန်စန်းလန်က ချန်ရုံ၏ အံ့ဩထိတ်လန့်နေသောမျက်နှာလေးကိုကြည့်၍ ရယ်လိုက်သည်။
"အားရုံက ငယ်ရွယ်တဲ့မိန်းကလေးပဲရှိသေးတယ်ဆိုတာ အစ်ကိုမေ့သွားတယ်...မင်းက ပိုက်ဆံဆိုရင် လှပတဲ့အဝတ်အစားတွေနဲ့ စားကောင်းသောက်ဖွယ်တွေ ဝယ်ဖို့အတွက်လောက်ပဲသိမှာပေါ့...ဒါတွေကို အားရုံ ဘယ်သိနိုင်မလဲ..."
ချန်ရုံက အံ့ဩထိတ်လန့်နေသည့်မျက်နှာကို မပျက်အောင်ထိန်းထားလိုက်သော်လည်း စိတ်ထဲတွင်တော့ လှောင်နေမိသည်။
မသိရင် ရှင်တို့ကပဲ ကျွန်မကို ပိုက်ဆံတွေအများကြီး ထောက်ပံ့ထားရတာကျနေတာပဲ...ကျွန်မရဲ့အဆောင်တွင်းက စရိတ်တွေအကုန်လုံးအတွက် ကျွန်မရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ပဲ ပေးနေရတာလေ...ဒါတွေကို ကျွန်မ မသိပဲနေပါ့မလား...
"အားရုံ မကြာခင်မှာ ဟူလူမျိုးတွေက ဒီမြို့ကို သိမ်းပိုက်တော့မှာကို သိတယ်မဟုတ်လား..."
ချန်စန်းလန်က ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
"ငါတို့ ကံကောင်းရင်တော့ ခြောက်လလောက် တောင့်ခံပြီး ဟူတွေက ပြန်မောင်းထုတ်နိုင်မှာပေါ့...ဒါပေမယ့် ကံမကောင်းရင်တော့ တစ်နှစ် နှစ်နှစ် တောင့်ခံပြီးကာမှ နောက်ဆုံးမှ အရှုံးနဲ့ပဲ ရင်ဆိုင်လိုက်ရမှာ...ငါကတော့ မအံ့ဩတော့ပါဘူး..."
ချန်ရုံက သူမ နားထောင်နေကြောင်း သိစေရန် ထောက်ခံသည့်အသံ လုပ်ပြလိုက်သည်။
"အားရုံ..."
ချန်စန်းလန်က သက်ပြင်းချလိုက်ပြီးမှ တီးတိုးပြောလိုက်သည်။
"မင်းကတော့ သိမှာမဟုတ်ပေမယ့် သိပ်မကြာခင်က စားနပ်ရိက္ခာတွေရဖို့အတွက် အိမ်တော်က ငွေကြေးတော်တော်များများထုတ်သုံးလိုက်ရတယ်...နောက်တော့ ကံမကောင်းစွာပဲ ရှီမင်ကို ဖြတ်နေတဲ့အချိန်မှာ ငါတို့ရဲ့ ရိက္ခာလှည်းတန်းက ဟူလူမျိုးတွေရဲ့ ဓားပြတိုက်တာကို ခံလိုက်ရတယ်..."
ချန်ရုံက ထိုစကားများကိုကြားသောအခါ အံ့ဩသွားမိသည်။ ဟူလူမျိုးတွေက အိမ်တော်၏စားနပ်ရိက္ခာများကို ဓားပြတိုက်သွားသည်တဲ့လား။ သို့သော် ထိုအကြောင်းကို ချန်ရုံ့ကဲ့သို့ မိန်းမငယ်လေးအား အဘယ်ကြောင့် ပြောပြနေရပါသနည်း။
ချန်ရုံထိုသို့စဉ်းစားနေသည်ကို ချန်စန်းလန်ကလည်း သိပုံရသည်။ ချန်ယွမ့်ကို တစ်ချက်လှမ်းကြည့်ပြီးသောအခါ ချန်စန်းလန်က သူ၏ဇာတ်လမ်းကိုဆက်လိုက်သည်။
"အဲဒီအလုယူခံရတဲ့နေရာနဲ့အနီးအနားမှာ တပ်မှူးရန်ရှိနေတယ်လို့ ငါတို့လူတွေက စုံစမ်းသိထားကြတယ်...တပ်မှူးရဲ့ ရဲစွမ်းသတ္တိနဲ့ဆိုရင် အဲဒီရိက္ခာတွေကို ပြန်ယူဖို့ဆိုတာ ကလေးကစားစရာလောက်ပဲ ရှိမှာပါ..."
ချန်စန်းလန်က ခဏရပ်လိုက်ပြီးမှ နောက်ထပ်ပြောမည့်စကားများကို ခက်ခဲစွာ မနည်းပြောလိုက်သည်။
"ဒါပေမယ့် ငါတို့ တပ်မှုးရန်ကို လိုက်ရှာတော့ သူ့ရဲ့အရိပ်ကိုတောင် တွေ့ခွင့်မရခဲ့ဘူး...ငါတို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လည်း အချည်းနှီးပဲဖြစ်ခဲ့တယ်...အားရုံ တပ်မှူးရန်က မင်းအပေါ်မှာတော့ အရမ်းကိုကောင်းတယ်လို့ ငါတို့ ကြားထားရတယ်...အဲဒါကြောင့်မို့လို့ ဒီကိစ္စကို မင်းပဲ တာဝန်ယူပေးနိုင်မယ်လို့ အစ်ကိုတို့ ထင်မိတယ်..."
ထိုစကားများသည် တကယ်ပင်ပြောရခက်သော စကားများဖြစ်ပေသည်။ ချန်ရုံကဲ့သို့ လက်မထပ်ရသေးသည့် မိန်းမငယ်တစ်ဦးအား ယောင်္ကျားတစ်ယောက်ကိုတွေ့ရန် ဤမျှဝေးလံသောခရီးကို သွားခိုင်းနေရသည်မဟုတ်လား။
ချန်ရုံသည်အဖြစ်အပျက်တစ်ခုလုံးကိုသိပြီးသွားသောအခါ ကျိတ်၍ လှောင်လိုက်မိသည်။ ထို့နောက် ချန်စန်းလန်အား ဖြည်းညှင်းစွာမော့ကြည့်၍မေးလိုက်သည်။
"ဒါပေမယ့် အားဝေ့ကလည်း တပ်မှူးရန်နဲ့ ရင်းနှီးတယ်မဟုတ်ပါလား...အိမ်တော်က ဘာဖြစ်လို့ သူ့ကို မလွှတ်တာပါလဲ..."
ထို့နောက် ချန်ရုံက ခဏရပ်လိုက်ပြီးမှ တိုးတိုးလေး ဆက်ပြောလိုက်သည်။
"အဲဒါဆိုရင် သူတို့နှစ်ယောက်ကို နီးစပ်အောင်လုပ်ပေးပြီးသားလည်း ဖြစ်သွားမှာပေါ့..."
ချန်ရုံ၏စကားမဆုံးသေးခင်မှာပင် ချန်စန်းလန်က လွှတ်ခနဲပြောလိုက်သည်။
"အားဝေ့သာ အဲဒီလောက်အသုံးကျနေရင် မင်းကိုတောင် ငါတို့ လိုက်ရှာနေစရာမလိုဘူး..."
ချန်ယွမ်က ချန်စန်းလန်အား သတိပေးသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
သူ့စကားမှားသွားသည်ကို သတိထားလိုက်မိသော ချန်စန်းလန်ကလည်း လျင်မြန်စွာပင် မျက်နှာကိုပြင်၍ ပြန်ပြုံးလိုက်သည်။ သူသည် ချန်ရုံ့နားသို့သွား၍ သက်ပြင်းချကာပြောလိုက်သည်။
"အားရုံ မင်းကို ဒီလိုလုပ်ခိုင်းရတာက မင်းရဲ့ ဂုဏ်သတင်းကို ညစ်နွမ်းစေမှန်းလည်း အစ်ကိုတို့သိပါတယ်...ဒါပေမယ့် အခုအချိန်က သာမာန်အချိန်တွေလိုမဟုတ်ဘူးလေ...ငါတို့သတိမထားမိခင်မှာပဲ ဟူလူမျိုးတွေက နန်ယန်ကို ဝင်သိမ်းသွားနိုင်တယ်...ငါတို့မှာ ရိက္ခာတွေ ပြတ်လပ်နေမယ်ဆိုရင် ပထမဆုံးငတ်မှာက မင်းတို့မိန်းကလေးတွေပဲလေ..."
ချန်စန်းလန်က စကားကိုရပ်ထားပြီးမှ အရေးမကြီးသလို ဆက်ပြောလိုက်သည်။
"တချို့မြို့တွေမှာဆိုရင် အငတ်ဘေးကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်တာတောင်ရှိတယ်လို့ ငါကြားဖူးတယ်..."
ချန်စန်းလန်၏အသံက တိုးတိတ်၍ ဘာကိုမှရည်ရွယ်ပြီး မပြောသည့်ပုံပေါက်နေသော်လည်း တကယ်တော့ ချန်ရုံကြားနိုင်လောက်အောင် ပြောလိုက်ခြင်းဖြစ်သည်။
Xxx