အပိုင်း ၁၃၁
Viewers 18k

Chapter 131




ထိုအချိန်မှာပင် ချန်ယွမ်က စိတ်မရှည်တော့သည့်ပုံဖြင့် ချန်စန်းလန်အားပြောလိုက်သည်။

"တော်တော့..."

ထို့နောက် ချန်ရုံ့ဘက်သို့လှည့်၍ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

"အားရုံ အခုသွားပြင်ဆင်တော့...ဒီညနေ ထွက်တာ ကောင်းလိမ့်မယ်..."

ချန်ယွမ်၏အသံက အလွန်ပင်ပြတ်သားနေသောကြောင့် ချန်ရုံသည် ငြင်းခွင့်ပင်မသာတော့ချေ။

သခင်မလီနှင့် သခင်မရွမ်တို့အပေါ် ချန်ယွမ် မည်မျှ ဒေါသထွက်နေသည်ကိုကြည့်ခြင်းအားဖြင့် ဤကိစ္စသည် ချန်ယွမ့်အတွက် အလွန်အရေးပါသည်ကို ချန်ရုံသိလိုက်သည်။

ထို့ကြောင့် ချန်ရုံ့အား ငြင်းဆန်ခွင့်ပေးမည်မဟုတ်သည်ကိုလည်း ချန်ရုံသိလိုက်သည်။

ထို့အကြောင်းကြောင့်ပင် ချန်ရုံသည် ဘာမှထပ်မပြောတော့ပဲ မတ်တပ်ရပ်၍ အရိုအသေပေးကာ အပြင်သို့ ထွက်လာလိုက်တော့သည်။

"မင်းက ဘာတွေကြောင်ကြည့်နေတာလဲ...အားရုံကို လိုက်ပို့ဖို့ လူတွေ သွားစီစဉ်တော့လေ..."

ချန်ယွမ်က ထွက်ခွာသွားသောချန်ရုံ့ကို ငေးကြည့်နေသော ချန်စန်းလန်အား ငေါက်လိုက်သည်။

"ဟုတ်ကဲ့ပါ အဖေ..."

ချန်ရုံသည် အိမ်သို့ပြန်၍ အစေခံများအား ဘာဖြစ်ခဲ့သည်ကိုပြောပြီးသောအခါ အခန်းထဲသို့ ဝင်လာလိုက်သည်။

ချန်ရုံ၏နောက်မှ အထိန်းတော်ဖျင်က ပျော်ရွှင်နေသည့်ပုံကို ထိန်းမရဖြစ်နေသည်။

"ဒါဆိုရင် အိမ်တော်က မမလေးကို သနားညှာတာလာပြီပေါ့...မမလေးကို တပ်မှူးရန်လက်ထဲထည့်ဖို့ သူတို့ ဆုံးဖြတ်လိုက်ပြီထင်တယ်...အဲဒါမကောင်းဘူးလား မမလေး...အို ဝမ်းသာစရာကောင်းလိုက်တာ..."

ထိုသို့အောင်ပွဲခံနေသည်မှာ အထိန်းတော်ဖျင်တစ်ဦးတည်းမဟုတ်ပေ။ အဖိုးစွင်းနှင့် အခြားအစေခံများကလည်း သူတို့၏သခင်မလေးအတွက် ပျော်ရွှင်နေကြသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ချန်ရုံသည် မြို့ပြင်၌ တစ်ညကုန်လွန်ခဲ့၍ မနက်ဝေလီဝေလင်းမှပင် လန်ယာဝမ်အိမ်တော်မှ အစောင့်တစ်ယောက်နှင့် အတူပြန်ရောက်လာခဲ့သည်။ ဝမ်အိမ်တော်မှ လူများသည် ချန်ရုံနှင့် မည်ကဲ့သို့တွေ့လာသည်ကို မပြောသကဲ့သို့ ချန်အိမ်တော်မှအားရုံသည် အပျိုစစ်စစ်ဖြစ်နေသေးသည် ဆိုသည်ကိုလည်း မပြောကြချေ။

သူတို့က ဘာမှဖြေရှင်းချက်မပေးသောကြောင့် လူများသည် အတွေးများကုန်ကြသည်။ အိမ်တော်တစ်ဝန်းလုံး၌လည်း တီးတိုးစကားသံများဖြင့် ပြည့်ကုန်သည်။ အချို့က ချန်ရုံသည် ဒုက္ခသည်များနှင့်‌ဆုံတွေ့ခဲ့ရ၍ မတရားမုဒိမ်းကျင့်ခံခဲ့ရကာ ဝမ်အိမ်တော်မှလူများနှင့် မတော်တဆတွေ့၍ အကူအညီရခဲ့သည်ဟု ဆိုကြသည်။ အချို့ကလည်း ချန်ရုံသည် သူမ၏ချစ်သူနှင့်သွားတွေ့ခြင်းဖြစ်၍ ထိုလူ၏ရင်သွေးကိုပါ လွယ်ထားရပြီဟု ပြောကြသည်။

ဇာတ်လမ်းများကတော့ ပြောမကုန်နိုင်ဖွယ်ပင်ဖြစ်သည်။

ထိုဇာတ်လမ်းများကိုကြားရသောအခါ ချန်ရုံ၏အစေခံများသည် သူတို့၏သခင်မလေးအား ဝမ်ချီလန်၏ဂုဏ်သရေရှိကိုယ်လုပ်တော်ဘဝကို လက်ခံလိုက်စေလိုကြသည်။ ချန်အိမ်တော်က သနားညှာတာ၍ တပ်မှူးရန်က ချန်ရုံ့အား လက်ထပ်ခွင့်တောင်းလာနိုင်သည်ကိုတော့ သူတို့ တစ်ခါမျှပင် မစဉ်းစားမိဖူးကြချေ။ ယခု‌တွင်တော့ ထိုကောလဟလများက ရန်မင်း၏နားထဲမရောက်မီမှာပင် ချန်ရုံ လက်ထပ်နိုင်ရန်ကိုသာ အစေခံများ ဆုတောင်းနိုင်ကြတော့သည်။

အဝတ်အစားများ ထုပ်ပိုးနေရင်းဖြင့် ဘေးမှ အထိန်းတော်ဖျင်တစ်ယောက် အလွန်ပျော်ရွှင်နေသည်ကို ချန်ရုံကြည့်နေမိသည်။ ထို့နောက် တစ်စုံတစ်ခုကို သေချာစဉ်းစားနေဟန်ဖြင့် မျက်လွှာချလိုက်သည်။

ချန်စန်းလန်ရောက်လာချိန်တွင် ချန်ရုံသည် ထုပ်ပိုးပြီးကာစပင်ရှိသေးသည်။

ချန်စန်းလန်သည် ချန်ရုံ့အား ကိုယ်ရံတော် ငါးဆယ် ခြောက်ဆယ်ခန့်နှင့် ရထားလုံးများ များစွာရပ်ထားသော ရင်ပြင်ဆီသို့ ခေါ်ဆောင်လာသည်။ ချန်စန်းလန်သည် အရပ်အမြင့်ဆုံး ကိုယ်ရံတော်ကို လှမ်းခေါ်၍ ချန်ရုံ့အား လက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်သည်။

"လီချန် မင်းသေချာနားထောင်...ဘာကိစ္စပဲဖြစ်စေ ဖြစ်စေ မင်းရဲ့သခင်မလေးကိုပဲ ပထမဦးစားပေး ကာကွယ်ရမယ် ဟုတ်ပြီလား...အားရုံ ဘာမှမထိခိုက်ဘူးဆိုရင် ပြန်လာလို့ရတယ်...ဒါပေမယ့် အားရုံ တစ်ခုခုဖြစ်ခဲ့ပြီဆိုရင်တော့ မင်းလည်း နန်ယန်ကို လုံးဝပြန်လာစရာမလိုတော့ဘူး..."

"ဟုတ်ကဲ့..."

လီချန်အမည်ရှိ ကိုယ်ရံတော်စစ်သည်က အလေးအနက်ပုံဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက် လီချန်သည် အဖွဲ့ဘက်သို့လှည့်၍ အော်ပြောလိုက်သည်။

"ညီအစ်ကိုတို့...သခင်လေးပြောတာကို ကြားကြတယ်မဟုတ်လား..."

"ဟုတ်ကဲ့..."

ချန်စန်းလန်က ခေါင်းငြှိမ့်လိုက်သည်။

ထို့နောက် တစ်ဖက်သို့လှည့်၍ ချန်ရုံ့အားကြည့်လိုက်သည်။

"အားရုံ ဒီလူတွေက မင်းနဲ့ လက်တစ်ကမ်းမှာပဲ အမြဲရှိနေလိမ့်မယ်...သူတို့တွေက အရမ်းစွမ်းရည်ထက်မြက်ကြတာမို့လို့ တပ်မှူးရန်ဆီကို မှဲ့တစ်ပေါက်မစွန်းစေရပဲ ခေါ်သွားပေးကြမှာပါ..."

ချန်ရုံက တာဝန်အရ အရိုအသေပေး၍ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အစ်ကိုသုံး..."

ချန်စန်းလန်က သက်ပြင်းချ၍ ပြောလိုက်သည်။
"အားရုံကို အစ်ကိုကိုယ်တိုင် လိုက်ပို့ပေးချင်ပေမယ့် အလုပ်တွေက အရမ်းများနေလို့ အားလပ်ချိန်တောင်မရှိ ဖြစ်နေရတယ်..."

ရှင်ပြော‌ချင်တာက ဒီခရီးက အန္တရာယ်များလွန်းလို့ ဒုက္ခတွေနဲ့ မကြုံချင်ဘူးဆိုတဲ့ အဓိပ္ပာယ်မလား...

ချန်ရုံက တိုးတိတ်စွာ မဲ့ပြုံးပြုံးလိုက်ပြီးမှ‌ ပြောလိုက်သည်။

"ရပါတယ် အစ်ကိုသုံး...အဲဒီအတွက်နဲ့ စိတ်မကောင်းမဖြစ်ပါနဲ့..."

ချန်စန်းလန်က စကားအနည်းငယ်ထပ်ပြောပြီးသောအခါ ချန်ရုံအားကြည့်၍ ခဏတွေးတောလိုက်ပြီးမှ အနားသို့ကပ်ကာပြောလိုက်သည်။

"အားရုံ...တကယ်လို့ တပ်မှူးရန်က မင်းကို လိုချင်တယ်ဆိုရင် မင်းလက်ခံလိုက်ပါ...အိမ်တော်ကို ငါရှင်းပြလိုက်မယ်..."

ချန်ရုံက ချန်စန်းလန်အား အံ့ဩစွာမော့ကြည့်လိုက်သည်။

"အားဝေ့ကရော..."

ချန်စန်းလန်က မျက်မှောင်ကိုကြုတ်၍ အရေးမကြီးသလိုလက်ကို ဝှေ့ယမ်းကာပြောလိုက်သည်။

"အားဝေ့က မိန်းမတစ်ယောက်ဖြစ်သလို မင်းကလည်း မိန်းမပဲလေ...လက်ထပ်မှုနဲ့ပတ်သတ်လာရင် မင်း သူ့ကို အလျှော့ပေးနေစရာမလိုပါဘူး..."

ထိုသို့ပြောလိုက်သော်လည်း ချန်စန်းလန်က ချန်ရုံ့အားကြည့်သောအခါ မျက်လုံးထဲမှ နှိမ့်ချလိုမှုက ဖုံးဖိမရဖြစ်နေသည်။ တပ်မှူးရန်က သူမအား တကယ်လက်ထပ်လိမ့်မည်ဟု အားရုံက ထင်နေတာလား။ တပ်မှူးရန်သည် ချန်ရုံ့အား အလွန်ဆုံးအနေဖြင့် အိပ်ရာဖော်(*)အဖြစ်လောက်သာ သိမ်းပိုင်မည်မဟုတ်လား။

[*房中人 - အိပ်ရာဖော်သည် ကိုယ်လုပ်တော်အဆင့်မဟုတ်ပဲ အစေခံသာဖြစ်၍ သူမ၏တာဝန်များထဲ၌ သခင်နှင့် အိပ်ပေးရခြင်းလည်း ပါဝင်သည်။]

ချန်စန်းလန်က စကားတစ်ခွန်း နှစ်ခွန်းထပ်ပြောပြီးသောအခါ ညာဘက်လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"သွားတော့...ခရီးလမ်းဖြောင့်ဖြူးပြီး အမြန်ဆုံးပြန်လာနိုင်ပါစေ..."

"ဟုတ်ကဲ့..."

လှည်းတန်းသည် စတင်ထွက်ခွာတော့သည်။

ချန်ရုံသည် အထိန်းတော်ဖျင်အား သူမနှင့်အတူထိုင်ခိုင်းထားသည်။ လိုက်ကာကိုမကြည့်လိုက်သောအခါ ချန်ဝေ့သည် မိုးမခပင်အောက်၌ရပ်နေ၍ ချန်ရုံ့အား စိုက်ကြည့်နေသည်ကို ချန်ရုံမြင်လိုက်ရသည်။ ချန်ဝေ့၏မျက်နှာသည် အရိုးနှင့်အရေသာရှိတော့၌ မျက်လုံးထဲ၌လည်း မျက်ရည်များပြည့်နေသည်။

ချန်ရုံ၏မျက်လုံးများနှင့် ဆုံမိသွားသောအခါ ချန်ဝေ့သည် နှုတ်ခမ်းကိုကိုက်၍ သူမ၏မုန်းတီးမှုကို ပေါ်ပေါ်ထင်ထင်ပင် ထုတ်ပြလိုက်လေသည်။

ချန်ရုံက အကြည့်လွှဲ၍ လိုက်ကာကို ပြန်ချလိုက်သည်။

နန်ယန်မြို့တစ်မြို့လုံးသည်လည်း ကြောက်လန့်မှုများနှင့် လွှမ်းခြုံခံထားရဆဲဖြစ်သည်။ လန်ယာဝမ်အိမ်တော်နှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကြောင့် ယခု ခရီးသွားများသည် မြို့ထဲသို့သာ လာခွင့်ရှိ၍ မြို့ပြင်သို့ထွက်၍မရတော့ချေ။

သို့သော်လည်း ချန်ရုံတို့လှည်းတန်းက မြို့ထဲမှထွက်ခွာသောအခါ လီချန်က တစ်စုံတစ်ခုကိုမြှောက်ပြ၍ ပြောလိုက်သည်ကို ချန်ရုံမြင်လိုက်ရသည်။

"ကျွန်ုပ်တို့က အရှင်မင်းသားရဲ့ တရားဝင်အကြောင်းကိစ္စနဲ့ မြို့ထဲကထွက်ရမှာပါ..."
တံခါးစောင့်များက ဖယ်ပေး၍ လှည်းတန်းကို ထွက်သွားခွင့်ပေးလိုက်သည်။

ချန်ရုံက အကြည့်ရပ်၍ စိတ်ထဲမှ ကျိတ်ရယ်လိုက်သည်။

ချန်ယွမ် ဒီလောက်တောင် အသည်းအသန်ဖြစ်နေတာလည်း မထူးဆန်းတော့ပါဘူး...ရိက္ခာတွေထဲမှာ မင်းသားရဲ့ ဝေစုလည်း ပါနေတာကိုး...

ချန်ရုံ၏ရထားလုံးသည် မြို့ပြင်သို့ရောက်လာသည်။

ချန်ရုံ လှည့်ပတ်ကြည့်နေသည်ကို မြင်သောအခါ လီချန်က အနားသို့ ရောက်လာ၍ ရိုသေစွာပြောလိုက်သည်။

"စိတ်မပူပါနဲ့ သခင်မလေး...ဒီတစ်ခေါက် ကျွန်တော်တို့က လမ်းကျဉ်းကနေသွားမှာမို့လို့ ဒုက္ခသည်တွေနဲ့ မကြုံရပါဘူး...ကျွန်တော်တို့ ဂရုတစိုက်သွားရင် လူရိုင်းတွေနဲ့တောင် တွေ့ချင်မှတွေ့မှာပါ..."

ချန်ရုံက ခေါင်းငြှိမ့်၍ ထိုင်နေရာမှ ဦးညွှတ်ကာ နူးညံ့စွာပြောလိုက်သည်။

"ကျွန်မတို့ရဲ့လုံခြုံမှုက တပ်မှူးပေါ်မှာပဲ မူတည်ပါတယ်...သေချာဆင်ခြင်တွေးခေါ်ပြီး ဆောင်ရွက်ပေးပါ..."

လီချန်က ထိုစကားကိုကြားသောအခါ ခေါင်းကိုကုတ်၍ လူငယ်လေးတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ သခင်မလေး...ကျွန်တော် သေချာသတိထားမှာပါ..."

ထို့နောက် လီချန်သည် တစ်ဖက်သို့လှည့်ကာ အော်ပြောလိုက်သည်။

"မြန်မြန်သွားကြ..."

လီချန်ပြောသကဲ့သို့ပင် နန်ယန်မြို့နှင့် မိုင်သုံးဆယ်ခန့်အကွာသို့ရောက်သောအခါ လှည်းယာဉ်တန်းသည် ကျဉ်းမြောင်းသောလမ်းတစ်ခုဆီသို့ကွေ့သွားသည်။ လမ်းသည် အဖုအထစ်များ များလွန်း၍ သတိထားမောင်းနှင်နေရကာ လူသွားလူလာလည်း ပြတ်လွန်းလှသည်။ ရထားလုံးဘီးလိမ့်သံများနှင့် အစောင့်စစ်သည်များ၏ရယ်သံများဖြင့်သာ တစ်နေကုန်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်လွန်သွားသည်။

ထိုတစ်ချိန်လုံးတွင် ချန်ရုံတို့သည် နေ့ပိုင်း၌ ခရီးသွား၍ ညပိုင်း၌ စခန်းချကာ အနားယူကြသည်။ ဆောင်းရာသီဖြစ်သောကြောင့် အနီးအနား၌ တောရိုင်းတိရစ္ဆာန်များလည်း နည်းပါးကာ ခရီးလမ်းသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ချောမွေ့နေလေသည်။

လေးရက်မြောက်နေ့ နေ့လယ်သို့ရောက်သောအခါ လှည်းတန်းသည် ခင်းထားသောလမ်းမပေါ်သို့ ပြန်ရောက်လာတော့သည်။

လီချန်က မြင်းကို ချန်ရုံ့နားသို့ စီးလာ၍ အရှေ့သို့ လှမ်းမျှော်ကြည့်ကာပြောလိုက်သည်။

"ကျွန်တော်က နောက်ထပ် ငါးရက်လောက်ကြာမယ်ထင်ထားတာ...ဒါပေမယ့် ကြည့်ရသလောက်တော့ မနက်ဖြန်မနက်ဆိုရင် ကျွန်တော်တို့ ရှီမင်ကို ရောက်တော့မယ်ထင်တယ်..."

ချန်ရုံက လိုက်ကာကိုမ၍ ရှေ့တူရူမှ ကွင်းပြင်များကို လှမ်းကြည့်လိုက်သည်။

"တပ်မှူးရန်က ရှီမင်မှာရှိနေတာလား...ဒါဆို သူနဲ့လည်း နီးနေပြီပေါ့..."

လီချန်က ဟုတ်ကြောင်း ပြန်ဖြေလိုက်သည်။

ထို့နောက် လီချန်သည် လိုက်ကာနောက်မှ ချန်ရုံ၏ပုံရိပ်ကိုကြည့်ကာ ချီးမွမ်းစကားဆိုလိုက်သည်။

"သခင်မလေးက လူတိုင်းအတုယူသင့်တဲ့ စံနမူနာပါပဲ...ဒီလမ်းခရီးက သခင်မလေးအတွက် ခက်ခဲနေမှာပေမယ့် တစ်ခွန်းမှ မညည်းညူဘူးနော်..."
လီချန်က ခဏရပ်ပြီးမှ ခပ်တိုးတိုးဆက်ပြောလိုက်သည်။

"တခြား သခင်တွေ သခင်မတွေဆိုရင် အစားအသောက်မကောင်းတာကအစ ညည်းညူနေကြတာ...အဲဒီလိုဆိုတော့ ကျန်တဲ့လူတွေအားလုံးလည်း ပိုပင်ပန်းရပြီး အချိန်လည်းပိုကုန်တာပေါ့..."

ချန်ရုံက ဘာမှပြန်မပြောပဲ ပြုံးသာပြုံးနေလိုက်သည်။

ရှီမင်မြို့က ရှေ့၌ရှိနေပြီဆိုသောအသိဖြင့် လှည်းယာဉ်တန်းသည် အရှိန်အပြည့်နှင့် မောင်းနှင်နေတော့သည်။ လမ်းပေါ်၌ တစ်ခါတစ်ရံ ဒုက္ခသည်များနှင့် ဟူလူမျိုးအချို့ကိုတွေ့သည့်အခါတွင်လည်း အရှိန်ကိုပိုမြှင့်၍ သွားကြသည်။

ညနေခင်းတွင် ချန်ရုံအပါအဝင် လူတိုင်းသည် အစာခြောက်အနည်းငယ်ကိုသာစား၍ ဆက်၍ ရှေ့ဆက်ကြသည်။

ယနေ့ည၌ ကောင်းကင်ကကြည်လင်နေ၍ လပြည့်ဝန်းကလည်း တောက်ပစွာ သာနေသည်။

ချန်ရုံနှင့်တိုင်ပင်ပြီးသောအခါ လီချန်သည် တစ်ညလုံးခရီးဆက်၍ ရှီမင်သို့ရောက်မှသာ စခန်းချရန် ဆုံးဖြတ်ချက်ချလိုက်သည်။ လီချန်က အမိန့်ပေးလိုက်သောအခါ အစောင့်စစ်သည်များသည် မီးတိုင်များကိုထွန်းညှိ၍ မြင်းများကို ရှေ့သို့ဆက်မောင်းလိုက်ကြသည်။

လီချန်သည် စစ်မှုရေးရာ၌လည်း ကျွမ်းကျင်ပုံရသည်။ သူသည် စစ်သည်တစ်ယောက်ချင်းစီကို မီးတိုင်နှစ်တိုင်စီကိုင်စေ၍ ရထားလုံးတစ်ခုချင်းစီ၌လည်း မီးတိုင်ဆယ်တိုင် ချည်ထားစေသည်။ ထို့ကြောင့် လူဆယ်ဂဏန်းမှသည် ရာဂဏန်းရှိသည်ဟု အထင်ရောက်သွားစေသည်။ အဖွဲ့သည် မြင်းခွာသံများကို သတိထားနေစရာမလိုတော့ပဲ အရှိန်အဟုန်ဖြင့် ရှေ့ဆက်သွားနေကြတော့သည်။

နှစ်နာရီခန့်အကြာ ညသန်းခေါင်အချိန်တွင် ရှီမင်မြို့၏ မြင့်မားသောတံတိုင်းကြီးများသည် ချန်ရုံတို့ရှေ့၌ ပေါ်လာတော့သည်။

စစ်သည်များသည် ပျော်ရွှင်စွာဟစ်ကြွေးလိုက်ကြ၍ သူတို့၏အသံများက လေ၏သယ်ဆောင်မှုဖြင့် အ‌ဝေးနေရာများဆီသို့ပါ ပျံ့သွားသည်။

လီချန်ကလည်း မြို့ကိုမြင်သောအခါ ပြုံးလိုက်၍ လက်ကိုဝှေ့ယမ်းကာ အော်ပြောလိုက်သည်။

"စခန်းချကြမယ်..."

"ဟုတ်ကဲ့..."

စစ်သည်များသည် ဘဝတစ်လျှောက်လုံး တောထဲတောင်ထဲမှာသာ အနေများသောကြောင့် စခန်းချခြင်းကို အလွန်ကျွမ်းကျင်နေကြပြီဖြစ်သည်။ ထို့ကြောင့် ဆယ့်ငါးမိနစ်ခန့်အတွင်းမှာပင် အရာရာက အဆင်သင့်ဖြစ်သွားတော့သည်။ ချန်ရုံနှင့် အထိန်းတော်ဖျင်တို့၏ရွက်ဖျင်တဲက အလယ်ဗဟိုနေရာ၌ ထိုးပေးထားသည်။

ရွက်ဖျင်တဲထိုးပြီးသွားသောအခါ ချန်ရုံက ငုံ့၍အထဲသို့ ဝင်လိုက်သည်။ အထိန်းတော်ဖျင်တစ်ယောက် နံ့သာဖယောင်းတိုင်များကိုမီးညှိ၍ ချန်ရုံအတွက်အိပ်ယာပြင်ပေးနေသည်ကို ကြည့်နေရင်းဖြင့် ရွက်ဖျင်တဲအဝမှတစ်ဆင့် ဝင်ရောက်နေသော လရောင်ကို မြင်သောအခါ ချန်ရုံက တိုးတိုးလေးခေါ်လိုက်သည်။

"အထိန်းတော်..."

"ဟုတ်ကဲ့ မမလေး..."

ချန်ရုံပြန်ဖြေသည်ကို မကြားသောအခါ အထိန်းတော်ဖျင်က လှည့်ကြည့်လိုက်သည်။

"မမလေး ဘာဖြစ်လို့လဲ..."

အတွေးထံ၌နစ်မျောနေဟန်ရှိသည့် ချန်ရုံ့ကိုမြင်သောအခါ အထိန်းတော်ဖျင်က ခေါ်လိုက်ပြန်သည်။

"အထိန်းတော်...တပ်မှူးရန်က ကျွန်မကို အခုထိ လက်ထပ်ချင်သေးတုန်းဆိုရင် ကျွန်မ လက်ခံလိုက်သင့်လား..."

အထိန်းတော်ဖျင်အား ချန်ရုံ့ဘက်မှ ထိုအကြောင်းစပြောခြင်းမှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

အလွန်ပျော်ရွှင်သွားသော အထိန်းတော်ဖျင်က လုပ်လက်စအလုပ်များကိုဘေးဖယ်၍ ချန်ရုံ့နားသို့ရောက်လာကာ ပြုံး၍ပြောလိုက်သည်။

"လက်ခံသင့်တာပေါ့ မမလေးရဲ့...လက်ခံသင့်တာပေါ့..."

"တကယ်လား..."

"ဟုတ်တယ်လေ...ဒီလောက်တောင် ကောင်းတဲ့အရာကို ဆက်ပြီးငြင်းပယ်နေမယ်ဆိုရင် ကောင်းကင်ဘုံက မမလေးကို မုန်းတီးတော့မှာ..."

ချန်ရုံသည် ဘော်ငွေလရောင်ဖြင့် လင်းလက်နေသော ရွက်ဖျင်တဲတံခါးဝသို့ ဖြည်းညှင်းစွာလှည့်၍ကြည့်လိုက်သည်။ ချန်ရုံသည် အချိန်အတော်ကြာသည့်တိုင်အောင် မလှုပ်မယှက်ထိုင်နေသည်။ အထိန်းတော်ဖျင်က စိတ်မရှည်ဖြစ်လာ၍ တစ်စုံတစ်ခုပြောမည်အလုပ်မှာပင် ချန်ရုံ၏အက်ကွဲနေသောအသံကိုကြားလိုက်ရသည်။


Xxxxx