အပိုင်း ၁၃၂
Viewers 18k

Chapter 132




အထိန်းတော်ဖျင်က စိတ်မရှည်ဖြစ်လာ၍ တစ်စုံတစ်ခုပြောမည်အလုပ်မှာပင် ချန်ရုံ၏အက်ကွဲနေသောအသံကိုကြားလိုက်ရသည်။

"ကျွန်မ သူ့အကြောင်းကိုစဉ်းစားတဲ့အခါတိုင်း မုန်းတာရော နာကျည်းတာရော ဘာမှမခံစားရ‌တော့ဘူး...တစ်ခါတစ်လေ သူ့ကိုတွေးလိုက်ရင်တောင် သူ့မျက်နှာက ဝိုးတဝါးဖြစ်နေတယ်...အဲဒါလည်းကောင်းပါတယ်...ကျွန်မ အဲဒီကိစ္စတွေကို မေ့ပစ်သင့်ပြီမဟုတ်လား...ဒါပေမယ့် သူက...သူက အရမ်းကို မြင့်မြတ်ပြီး ထူးခြားလွန်းလို့ တော်ဝင်မင်းသမီးဆိုရင်တောင် သူနဲ့ထိုက်တန်မှာမဟုတ်ဘူး...ကျွန်မအလှည့်က ဘယ်တော့မှရောက်မှာလဲ...ကျွန်မကိုယ်ကျွန်မသိတယ်...ကျွန်မရဲ့ ခံစားချက်တွေကို ကျွန်မအသိအမှတ်ပြုလိုက်ပြီဆိုတာနဲ့ မြူမှုန်သေးသေးလေးကိုတောင် ကျွန်မသည်းခံနိုင်မှာမဟုတ်ဘူး...သူ့ရဲ့ ရိုးရိုးကိုယ်လုပ် တော် မပြောနဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော်ဘဝကိုတောင် ကျွန်မ သည်းခံနိုင်မှာမဟုတ်ဘူး...သူ့ကို သူ့ရဲ့တရားဝင်ဇနီးမယားနဲ့သာ တွဲမြင်လိုက်ရရင် မနာလိုဖြစ်ရလွန်းလို့ ကျွန်မ ရူးသွားမှာ...အထိန်းတော် ကျွန်မ သူ့အပေါ် မုန်းတဲ့ အမုန်းတွေကို မမှတ်မိတော့ဘူးဆိုတော့ ကျွန်မ သူ့ကို လက်ထပ်နိုင်တဲ့ အဓိပ္ပာယ်လားဟင်...ဒီဇာတ်သိမ်းမလှတဲ့ ဇာတ်လမ်းကိုကမှပဲ ကျွန်မလိုချင်တဲ့ ငြိမ်းချမ်းမှုကို ရနိုင်တော့မှာလား..."

ထိုနေရာ၌ ချန်ရုံသည် ဖြည်းညှင်းစွာလှည့်၍ အထိန်းတော်ဖျင်အား ကြည့်လိုက်သည်။

အထိန်းတော်ဖျင်ကတော့ နားမလည်စွာနှင့် သူမ၏မျက်လုံးသေးသေးလေးကို တဖျပ်ဖျပ်ခတ်နေသည်။

"မမလေး ဘာတွေပြောနေတာလဲ...မမလေး 'သူ' 'သူ' ဆိုပြီး ပြောနေတာ ဘယ်သူ့ကို ပြောနေမှန်း ကျွန်မတော့ မသိတော့ပါဘူး..."

ထို့နောက် အထိန်းတော်ဖျင်သည် ချန်ရုံ့အားလှမ်းကြည့်၍ ချော့မော့သကဲ့သို့ပြောလိုက်သည်။

"ကျွန်မကို နောက်တစ်ခါလောက် ပြန်ပြောပါလား...'

"အထိန်းတော်နားမလည်ဘူးဆိုရင်လည်း တော်ပါပြီ..."
ချန်ရုံက စိတ်ပျက်စွာပြောလိုက်သည်။

ထို့နောက် တစ်ဖက်သို့ပြန်လှည့်၍ မြေပြင်ပေါ်သို့ဖြာကျနေသော လရောင်ကို ပြန်၍ငေးကြည့်နေတော့သည်။

အထိန်းတော်ဖျင်သည် အတွေးများထဲ၌ နစ်မြုပ်နေသော ချန်ရုံ့ကိုကြည့်၍ ချန်ရုံသည် အလွန်ပင် အထီးကျန်နေသည်ဟု ခံစားရလိုက်မိသည်။ ထိုအထီးကျန်မှုသည် တစ်သက်လုံး စွဲကျန်ရစ်နေကာ ထာဝရအထိ ကပ်ပါသွားမည့် အထီးကျန်မှုမျိုးဖြစ်သည်။ ဝမ်းနည်းစရာဖြစ်စေ ပျော်ရွှင်စရာဖြစ်စေ မိမိကိုယ်ကိုယ်မှလွဲ၍ အခြားလူသို့ ရင်ဖွင့်စရာမရှိသော အထီးကျန်မှုမျိုးဖြစ်သည်။

အထိန်းတော်ဖျင်သည် ချန်ရုံ့အတွက် အလွန်နာကျင်ဝမ်းနည်းမိသွားသည်။ ထို့ကြောင့် မျက်နှာကို မနည်းပြုံး၍ စကားပြောမည်အကြံတွင် အပြင်မှ မြင်းခွာသံများထွက်ပေါ်လာလေသည်။

ထိုမြင်းခွာသံများနှင့်အတူ ကြောက်မက်ဖွယ်တုန်လှုပ်မှုတစ်ခုပါ ပါလာသကဲ့သို့ ခံစားလိုက်ရသည်။

နီးကပ်လာသောမြင်းခွာသံများနှင့်အတူ ရယ်မောသံများလည်း ရပ်တန့်သွားသည်။ ထို့နောက် လီချန်၏အော်သံကိုကြားလိုက်ရသည်။

"လက်နက်တွေယူပြီး မြင်းတွေပေါ်တက်ကြ..."

"ဟုတ်ကဲ့..."

ကြောက်စိတ်များဖြင့် ပြန်ဖြေလိုက်သံများနှင့်အတူ မြင်းဟီသံများထွက်ပေါ်လာသည်။

ချန်ရုံက မတ်တပ်ထ၍ အပြင်သို့ထွက်ကြည့်လိုက်ရာ အစောင့်စစ်သည်များအားလုံးသည် ပစ္စည်းများကို သိမ်းဆည်း‌ပြီး၍ မြင်းကိုပေါ်သို့ ရောက်နေကြသည်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ချန်ရုံတို့ရှိသည့်နေရာနှင့် ခြေလှမ်း နှစ်ရာခန့်အကွာတွင် စစ်သည်တစ်ဒါဇင်ခန့်သည် အမှောင်များထဲ၌ပုန်းကွယ်၍ တိုးကပ်လာနေသည်ကိုလည်း မြင်လိုက်ရတော့သည်။


ခေါင်းဆောင်းများဖြင့် မျက်နှာများကိုဖုံးကွယ်ထားကြသော စစ်သည်များကိုကြည့်၍ လီချန်သည် မြင်းကိုအရှေ့သို့မောင်းနှင်ကာ ချိတ်ဆက်ထားသောလက်များကိုမြှောက်ပြ၍ ပြောလိုက်သည်။

သို့သော် လီချန် ဘာမှမပြောနိုင်ခင်မှာပဲ စစ်သည်တစ်ဦးက ကျင်းလူမျိုးတို့၏လေသံဖြင့် ပြောလိုက်သည်။

"မင်းတို့က နန်ယန်က ချန်အိမ်တော်ကလား..."

ထိုလူများသည် ချန်ရုံတို့ မည်သူများဖြစ်သည်ကို သိနေကြသည်။

လီချန်နှင့် အခြားစစ်သည်များသည် ရုတ်တရက် ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။ ဟန်လူမျိုးများသည်သာ ဤရှုပ်ထွေးလှသည့် မိသားစုတံဆိပ်များကို မှတ်မိနိုင်မည်မဟုတ်လား။

"ဟုတ်ပါတယ်..."

လီချန်က အမြန်ပြန်ဖြေလိုက်သည်။ ထို့နောက် လက်များကို ယှက်ကာ ရိုသေစွာပြန်မေးလိုက်သည်။

"လူကြီးမင်းတို့ကရော ဘယ်သူ..."

"ငါတို့က တပ်မှူးရန်ရဲ့ လက်အောက်က လူတွေပဲ..."

သံချပ်ကာဝတ်ဆင်ထားသော စစ်သည်ကဖြေ၍ အခြားလူများကိုလည်း ခေါင်းဆောင်းများကိုချွတ်၍ မျက်နှာကိုပြရန် အချက်ပြလိုက်သည်။

လီချန်နှင့် သူ၏လူများသည် ထိုစစ်သည်၏အဖြေကို ကြားသောအခါ အရူးများကဲ့သို့ပင် ရယ်မောနေကြတော့သည်။ အချို့ဆိုလျှင် မြင်းများကို စက်ဝိုင်းပုံသဏ္ဍာန်ပင် ပတ်စီး၍ ရယ်မောနေလေသည်။

လီချန်ကလည်း ပါးစပ်ကို နားရွက်တက်ချိတ်အောင်ပြုံး၍ ပြောလိုက်သည်။

"ခွင့်လွှတ်ပါ အရှင်တို့...ကျွန်ုပ်ရဲ့လူတွေက အရှင်တို့က တပ်မှူးရန်ရဲ့လူတွေဆိုတာကို သိရလို့ အရမ်းပျော်သွားကြတာပါ..."

တစ်ဖက်မှ စစ်သည် တစ်ဒါဇင်ခန့်သည် လီချန်၏လူများရယ်မောနေကြသည်ကို မျက်လုံးပင်လှန်မကြည့်ကြချေ။ လီချန်ပြောပြီးသောအခါ ကျင်းလေသံနှင့် စစ်သည်က ထပ်ပြောလိုက်သည်။

"အချိန်က နောက်ကျနေပြီ...မင်းတို့ရဲ့ သခင်မကို တပ်မှူးရန်နဲ့ လာတွေ့ခိုင်းလိုက်ပါ..."

သခင်မလေးအားရုံက သူတို့နှင့်ရှိနေသည်ကို ထိုစစ်သည်များမည်ကဲ့သို့သိလဲဆိုသည်ကို လီချန်မမေးလိုက်တော့ချေ။ သူသည် ပျော်ရွှင်စွာပင် ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့..."

ထို့နောက် ညာဘက်လက်ကိုဝှေ့ယမ်း၍အော်လိုက်သည်။

"အပျော်လွန်နေတာတွေရပ်ပြီး အဆင်သင့်ပြင်ကြစမ်း...ငါတို့ တပ်မှူးရန်ကို ဒီညပဲသွားတွေ့ကြမယ်..."

"ဟုတ်ကဲ့..."
အစောင့်များက ပြန်ဖြေ၍ သိမ်းဆည်းခြင်းဖြင့် အလုပ်ရှုပ်ကုန်ကြတော့သည်။

မကြာခင်မှာပင် အကုန်သိမ်းဆည်းပြီးသွား၍ စစ်သည်များ၏နောက်သို့ လိုက်လာကြသည်။

ချန်ရုံသည် လိုက်ကာကို တိတ်ဆိတ်စွာမ၍ အပြင်သို့ ကြည့်နေရင်းက လီချန့်အား အနားသို့ခေါ်လိုက်သည်။

လီချန်က မြင်းကို ချန်ရုံ့နားသို့စီးလာ၍ ရယ်ကာပြောလိုက်သည်။

"သခင်မလေး...ကျွန်တော်ဘာလုပ်ပေးရပါမလဲ..."

လီချန်၏ကျယ်လောင်လှသောအသံကြောင့် စစ်သည်များက ‌အနောက်သို့လှည့်ကြည့်လိုက်ကြသည်။

ချန်ရုံက ရှက်ရွံ့သွား၍ စစ်သည်များစိတ်မရှည်စွာ အရှေ့သို့ပြန်လှည့်သွားကြသည်အထိ ခေါင်းကိုငုံ့ထားလိုက်သည်။ ပြီးမှ လီချန့်အား အနားသို့ပြန်ခေါ်လိုက်သည်။

"လီချန်...ဒီလူတွေက တကယ်ပဲ တပ်မှူးရန်ရဲ့လက်အောက်ကလူတွေလား..."
ချန်ရုံက တိုးတိုးလေးမေးလိုက်သည်။

လီချန်က ရယ်လိုက်သော်လည်း ချန်ရုံ၏ မကျေမနပ်ဖြစ်နေသောမျက်နှာကိုမြင်သောအခါ မျက်နှာကို အမြန်ပြင်၍ အသံကိုနှိမ့်ကာပြောလိုက်သည်။

"စိတ်မပူပါနဲ့ သခင်မလေး...သူတို့တွေက တကယ်ပဲ တပ်မှူးရန်ရဲ့ အနီးကပ်ကိုယ်ရံတော်တွေပါ...သူတို့တွေကို ကျွန်တော်တို့ တွေ့ဖူးပါတယ်..."

ထိုအခါမှသာ ချန်ရုံလည်း သက်ပြင်းချနိုင်တော့သည်။

လီချန်က ရယ်လိုက်ပြန်၍ စစ်သည်များနားသို့ ပြန်တိုးကပ်သွားသည်။

တစ်နာရီခန့်ကြာသောအခါ မီးတိုင်များထိန်ထိန်ညီးအောင် ထွန်းထားသော လှည်းယာဉ်တန်းသည် ရွက်ဖျင်တဲများစီတန်းထိုး‌ထားသော တောင်ကြားတစ်နေရာသို့ရောက်သွားသည်။

ချန်ရုံက အပြင်သို့ ခေါင်းပြူကြည့်လိုက်ရာ အဝေးမှ "မင်း" ဟူသောစာလုံးများရေးသားထားသည့် အလံများတလူလူလွင့်နေသည်ကို မြင်လိုက်ရသည်။

ထိုစခန်းချရာနေရာသည် ယာယီတဲများဖြင့်ပြည့်နေသော်လည်း အလံများလှုပ်ခတ်သံမှလွဲ၍ အရာအားလုံးက တိတ်ဆိတ်နေကြသည်။

ထိုကဲ့သို့သော တည်ငြိမ်လှသည့် နေရာသို့ရောက်လာသောကြောင့် လီချန်နှင့် သူ၏လူများလည်း အသံများကိုတိတ်၍ သံချပ်ကာဝတ်ထားသည့် စစ်သည်များနောက်မှလိုက်၍ အတွင်းပိုင်းအကျဆုံးသော ယာယီတဲဆီသို့ ရောက်လာကြသည်။

ချန်ရုံ၏ရထားလုံးက အပြင်၌ရပ်သွား၍ လီချန်နှင့် အခြားအစောင့်များကတော့ စစ်သည်များနောက်မှ အထဲသို့လိုက်သွားသည်။

အထိန်းတော်ဖျင်က စစ်သည်များကိုကြည့်၍ ချန်ရုံ့အား တီးတိုးကပ်ပြောလိုက်သည်။

"အချိန်က အရမ်းကိုနောက်ကျနေပြီ...ဒီအချိန်ကြီးမှာတော့ တပ်မှူးရန်က မမလေးကို မခေါ်လောက်ဘူးမလား..."
အထိန်းတော်ဖျင်၏အသံထဲမှ စိတ်မသက်မသာဖြစ်မှုများ ပါနေသည်။

မကြာမီမှာပင် အပြင်မှ ခြေသံများကိုကြားလိုက်ရသည်။

ချန်ရုံက မော့ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရတော့သည်။

ယာယီတဲ၏အဝ၌ ချောမောခန့်ညားသော်လည်း ရက်စက်ဟန်ရှိသည့် အမည်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးရပ်နေသည်။ ထိုအမျိုးသားသည် ယခုမှ ရေချိုးပြီးကာစဖြစ်ပုံပေါ်၍ သူ၏မည်းနက်သောဆံပင်များဆီမှ ရေများက စီးကျနေသည်။ ရေစက်အချို့သည် ကျောက်ဆစ်ပန်းပုရုပ်ကဲ့သို့ အချိုးကျလှသော မျက်နှာမှတစ်ဆင့် အမည်းရောင်ဝတ်ရုံလွှမ်းထားသော သန်မာလှသည့်

ရင်အုပ်ဆီသို့စီးဆင်းသွားသည်။

ထိုအမျိုးသားသည် ရန်မင်းမှလွဲ၍ မည်သူဖြစ်နိုင်ပါဦးမည်နည်း။

ရန်မင်း ပေါ်လာသောအခါ အစောင့်များနှင့် စစ်သည်များသည် ခေါင်းများကို ဦးညွှတ်အရိုအသေပေးလိုက်ကြ၍ အသက်ပင် ပြင်းပြင်းမရှူရဲဖြစ်နေကြသည်။

ချန်ရုံသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ရန်မင်း၏ မင်ကဲ့သို့ နက်မှောင်သောမျက်လုံးများက ချန်ရုံ့ပေါ်သို့ ကျရောက်လာချိန်မှစ၍ ချန်ရုံသည် ခေါင်းကိုငုံ့ထားလိုက်မိသည်။

ရန်မင်းက ရထားလုံးနားသို့ လျှောက်လာ၍ အနား၌ရပ်လိုက်သည်။

ရန်မင်းသည် ချန်ရုံ့အား ငေးကြည့်နေပြီးမှ ရုတ်တရက် ရှတသောအသံဖြင့် ရယ်လိုက်သည်။
"မိန်းကလေး...ကျုပ်တို့ ထပ်တွေ့ကြရပြန်ပြီနော်..."

ရထားလုံးထဲမှ ချန်ရုံက ဦးညွှတ်၍ ရိုသေစွာ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့...မင်္ဂလာပါ တပ်မှူး..."

ချန်ရုံ၏အသံက တည်ငြိမ်၍ အေးမြနေသည်။

"ခေါင်းမော့စမ်း..."

ရန်မင်းက ရုတ်တရက် အမိန့်ပေးလိုက်သည်။

ချန်ရုံက တစ်ကိုယ်လုံးတောင့်တင်းသွားသော်လည်း ရိုသေစွာပင် ခေါင်းကိုမော့၍ကြည့်လိုက်သည်။

သူတို့နှစ်ဦးသည် လရောင်အောက်၌ အကြည့်ချင်းဆုံမိသွားသည်။

ရန်မင်းက ချန်ရုံ့အား သေချာအကဲခတ်ကြည့်နေရင်းဖြင့် မျက်ခုံးများက အနည်းငယ်တွန့်ကွေး‌သွားကြသည်။

စက္ကန့်အနည်းငယ်အကြာတွင် ရန်မင်းသည် သူ၏နှုတ်ခမ်းပါးများကို လှုပ်၍ လက်ကိုဝှေ့ယမ်းကာ အော်ပြောလိုက်သည်။

"ချန်မိန်းကလေးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးလိုက်ကြ..."

"ဟုတ်ကဲ့..."

စစ်သည်အချို့က ရှေ့သို့ထွက်လာ၍ ချန်ရုံ၏ရထားလုံးကိုဝိုင်းရံကာ အခြား‌တစ်နေရာသို့ မောင်းနှင်သွားလိုက်ကြသည်။

ထိုအခါမှသာ အထိန်းတော်ဖျင်သည်လည်း သက်ပြင်းချ၍ မျှော်လင့်တကြီးလေသံဖြင့်ပြောလိုက်သည်။

"မမလေး...တပ်မှူးလို အဆင့်အတန်းမြင့်မားတဲ့လူကိုယ်တိုင်က မမလေးကို လာတွေ့တာနော်...တပ်မှုးရန်က မမလေးကို တကယ်လေးစားတဲ့ပုံပဲ..."

ချန်ရုံက ပါးစပ်မဖွင့်ပဲ ပြန်ဖြေလိုက်သည်။ ရန်မင်းသည် အထက်တန်းလွှာများ၏ ဓလေ့ထုံးတမ်းအရပြုလုပ်ရသည်များကို မုန်း၍ ချန်ရုံ့ကိုတွေ့ရန်သာ တမင်ထွက်လာကြောင်းကို ချန်ရုံသိသည်။ သို့သော် ချန်ရုံ့အား သူ၏ယာယီတဲထဲသို့ ခေါ်ရန် အလွန်နောက်ကျနေပြီကိုလည်း သတိပြုမိသောကြောင့် ချန်ရုံ့ကိုမခေါ်ပဲ သူကိုယ်တိုင် ထွက်လာသည်ကတော့ ရန်မင်း၏ လုပ်ရိုးလုပ်စဉ်မဟုတ်ချေ။

စစ်သည်များက ချန်ရုံနှင့် အထိန်းတော်ဖျင်တို့အတွက် ‌အနောက်ဘက်ရှိ ယာယီတဲတစ်လုံးကို ရှင်းလင်းပေးလိုက်ကြသည်။

အထိန်းတော်ဖျင်၏အကူအညီဖြင့် တဲထဲသို့ ဝင်နေစဉ်တွင် ချန်ရုံသည် ရုတ်တရက် ရပ်လိုက်၍ စစ်သည်တစ်ယောက်ကိုမေးလိုက်သည်။

"ချန်မိသားစုရဲ့ ကိုယ်ရံတော်အစောင့်တွေကရော..."

စစ်သည်က ဦးညွှတ်၍ ကျယ်လောင်စွာပြောလိုက်သည်။

"ကျွန်တော်မသိပါဘူး သခင်မလေး..."

ချန်ရုံသည် နှုတ်ခမ်းများကို တင်းတင်းစေ့၍ ခါးကုန်းကာ တဲထဲသို့ ဝင်လိုက်သည်။

တစ်ဖက်၌ လီချန်နှင့် အခြားအစောင့်များကိုလည်း စစ်သည်များက ဦးဆောင်ခေါ်သွားသည်။

လီချန်နှင့် အစောင့်များထွက်ခွာသွားသည်ကိုကြည့်၍ အသက်ကြီးကြီး ပညာရှိတစ်ဦးက ရန်မင်း၏အနောက်သို့ရောက်လာကာ ပြုံး၍ပြောလိုက်သည်။

"အဲဒီ လူဆိုးလူညစ်ချန်ယွမ်က အခုထိ အသိတရားမရှိသေးဘူးပဲ...ဒီကို လူတွေ လွှတ်နေတုန်းပဲ..."

ရန်မင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ရန်မင်း၏အပြုံးသည် ထိုကိစ္စကို စိတ်မဝင်စားသည့်ပုံပေါက်နေသလို လှောင်သည့်ပုံလည်းပေါက်နေသည်။

"ဒါပေမယ့်..."

ပညာရှိက ထပ်ပြောလိုက်သည်။

"အဲဒီရိက္ခာတွေက တော်တော်ကိုပဲ ပမာဏများတာကိုတော့ ကျွန်ုပ်ဝန်ခံရလိမ့်မယ်...ချန်ယွမ်မပြောနဲ့ ချန်ကုန်းရန်းတောင်မှ အဲဒီလောက် ရိက္ခာတွေကို ဆုံးရှုံးရရင် ငြိမ်နေနိုင်မှာမဟုတ်ဘူး..."

ရန်မင်းက မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"အဲဒီ ရိက္ခာလှည်းတွေကို သယ်ဆောင်ဖို့ နန်ယန်မင်းသားက ချန်ယွမ်ကို တာဝန်လွှဲထားတာလေ..."

ထိုအချိန်တွင် အရပ်မြင့်၍ ပိန်ပါးသော ပညာရှိနောက်တစ်ဦးကလည်း ရန်မင်းတို့နောက်သို့ ရောက်လာ၍ ရယ်ကာပြောလိုက်သည်။

"ရန်မင်း...မင်းက လူရိုင်းယောင်ဆောင်ပြီး သူ့ရဲ့ ရိက္ခာတွေကို ဓားပြတိုက်ခဲ့တယ်...အဲဒါကို ချန်ယွမ်က အခုထိ မင်းဆီက အကူအညီကိုမျှော်လင့်နေတာကတော့ ရယ်စရာပါပဲ...ချန်ယွမ်က ဒီကို မိန်းမချောလေးနှစ်ယောက်ကိုတောင် တစ်ယောက်ပြီးတစ်ယောက် ပို့လွှတ်လိုက်သေးတယ်..."

လူငါးယောက် ခြောက်ယောက်လောက်က ဝင်၍ ရယ်လိုက်ကြသည်။

ရန်မင်းကတော့ ဝင်မရယ်ချေ။ သူသည် ချန်ရုံထွက်သွားသည့်နေရာသို့လှမ်းကြည့်၍ စကားကို တစ်လုံးချင်းပြောလိုက်သည်။

"ဒါပေမယ့် ကျုပ်က ဒီမိန်းကလေးကို လာစေချင်‌တာလေ..."

ထို့နောက် ရန်မင်းက ပြုံး၍ သူ၏တဲဆီသို့ ပြန်သွားလေသည်။ ကျန်ခဲ့သောအကြံပေးပညာရှိများကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ကျန်ခဲ့ကြလေတော့သည်။


Xxxxxx