အပိုင်း ၁၃၃
Viewers 18k

Chapter 133
ချန်ရုံ၏တောင်းဆိုမှု


ဤစစ်စခန်းသည် မြင်းဟီသံများ၊ ပြင်းထန်သောအသက်ရှူသံများနှင့် ပိုးမွှားများအော်မြည်သံများနှင့် ပြည့်နေသည်။ တိုက်နေသည့်လေသည်ပင် ထိုင်းမှိုင်းကာ မကြည်မလင်ဖြစ်နေသည်။ အထိန်းတော်ဖျင်သည် တစ်ညလုံး ဟိုလူးဒီလှိမ့်ဖြစ်နေသည်။ သူမသည် ချန်ရုံ့ကိုစကားပြောလိုသောကြောင့် ချန်ရုံ၏ကုတင်ဘက်သို့ အခေါက်ခေါက်အခါခါ လှမ်းကြည့်မိသည်။ သို့သော် မည်မျှပင် ကြည့်စေကာမူ ချန်ရုံတစ်ယောက်နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကိုသာ မြင်နေရလေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် မျက်တွင်းဟောက်ပက်နှင့် အထိန်းတော်ဖျင်သည် သမ်းဝေရင်းဖြင့် ချန်ရုံ၏ဆံပင်အား ဖြီးပေးနေကာ ပြောလိုက်သည်။

"မမလေး ညက အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာပဲ...ကျွန်မက အရမ်းကြောက်နေတာ မမလေးကတော့ တစ်ချက်လေးတောင် မလှုပ်ဘူး..."

ချန်ရုံ၏နှုတ်ခမ်းက တွန့်သွားသော်လည်း ဘာမှတော့ မပြောလိုက်ချေ။

ထိုအချိန်၌ ကျယ်လောင်သောအသံတစ်ခုက အပြင်မှထွက်လာသည်။

"သခင်မလေး အဆင်သင့်ဖြစ်ပါပြီလား...တပ်မှူးက တွေ့ချင်နေပါတယ်..."

အထိန်းတော်ဖျင်က ထိုအသံကြောင့် လန့်ဖြန့်သွားသောကြောင့် လက်ကတုန်သွားကာ ဘီးများအားလုံး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျတော့သည်။ အထိန်းတော်ဖျင်သည် အမြန်ပြန်ကောက်ကာ အပြင်သို့ အော်ပြောလိုက်သည်။

"ပြီးခါနီးပါပြီ...ခဏလောက်စောင့်ပါ..."

မကြာမီမှာပင် အထိန်းတော်ဖျင်သည် ချန်ရုံ့အား အဝတ်အစားဆင်ယင်ပြီးသွား၍ ခေါင်းကို ငဲ့စောင်း၍ သေချာကြည့်ပြီးမှ ကျေနပ်သွားဟန်ဖြင့် ခေါင်းငြှိမ့်ကာ ပြောလိုက်သည်။

"သွားကြမယ်လေ မမလေး..."

ချန်ရုံက ပြန်ဖြေ၍ တဲထဲမှ ထွက်လိုက်သည်။

အထိန်းတော်ဖျင်က အနောက်မှလိုက်လာသည်။ ခြေလှမ်းအနည်းငယ်သွားပြီးသောအခါ အထိန်းတော်ဖျင်သည် စိုးရိမ်လာမိ၍ ချန်ရုံ့နားသို့ တိုးကပ်ကာပြောလိုက်သည်။

"မမလေး တပ်မှူးရန်နဲ့တွေ့တဲ့အခါ အထင်အမြင်ကောင်းအောင်နေပါနော်...သူက မမလေးကို လက်ထပ်ချင်တယ်လို့ပြောလာရင်လည်း မငြင်းလိုက်ပါနဲ့..."

ထို့နောက် အထိန်းတော်ဖျင်သည် ချန်ရုံ့အားသေချာကြည့်၍လေးနက်စွာပြောလိုက်သည်။

"ကျေးဇူးပြုပြီး သဘောတူလိုက်ပါနော် မမလေး...အဲဒီကိုရောက်မှ စိတ်မပြောင်းလိုက်ပါနဲ့..."

ချန်ရုံကတော့ အထိန်းတော်ဖျင်အား ဂရုမစိုက်ပဲ ခေါင်းကိုငုံ့၍ ဝမ်းဗိုက်ရှေ့၌ လက်များကိုယှက်ကာ ရှေ့သို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်သည်။

ထိုအချိန်၌ စစ်သည်များသည် သူတို့၏တဲများထဲ၌မရှိကြတော့ချေ။ ခြေလှမ်းအနည်းငယ်ဆက်သွားပြီးသောအခါ တောင်ကြား၏တစ်ဖက်မှ ခြေသံများနှင့်အတူ မြင်းခွာသံများကြားရ၍ အလိပ်လိုက်ထွက်လာသော မီးခိုးလုံးများကို မြင်လိုက်ရသည်။

အတွင်းပိုင်းအကျဆုံး ယာယီတဲဆီသို့ ချန်ရုံရောက်သွားချိန်တွင် လှံများကိုင်ဆောင်ထားသောစစ်သည်များသည် စီတန်း၍ ချန်ရုံ့အား မျက်လုံးသေများနှင့် စိုက်ကြည့်နေကြသည်။

ထိုစစ်သည်များကိုမြင်သောအခါ အထိန်းတော်ဖျင်သည် ‌ကြောက်လွန်း၍ ခွေလဲကျမတတ်ပင်ဖြစ်သွားသည်။

ချန်ရုံက အမြန် ဖမ်းထိန်းထားလိုက်ရသည်။ ချန်ရုံသည် ခေါင်းကို ဆက်လက်ငုံ့ထား၍ ထိုစစ်သည်များကိုဖြတ်ကာ တဲဆီသို့ ရောက်သွားတော့သည်။

အထဲ၌ ရန်မင်းသည် ညောင်စောင်းပေါ်၌ထိုင်နေ၍ အနီရောင်အဝတ်စဖြင့် သူ၏လှံတံကို ပွတ်တိုက်နေသည်။ အထဲသို့ဝင်လာသည့်ခြေသံများကိုကြားသောအခါ ရန်မင်းက ခေါင်းကို ဖြည်းညှင်းစွာမော့၍ ကြည့်လိုက်သည်။

ရန်မင်း၏ မင်ကဲ့သို့နက်မှောင်သောမျက်လုံးများသည် ချန်ရုံ့အား အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးမှ အထိန်းတော်ဖျင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် အကြည့်များက ချန်ရုံ့ဆီသို့ ပြန်ရောက်လာချိန်တွင် ရန်မင်း၏နှုတ်ခမ်းပါးများသည် ပြုံးရယ်နေကြလေသည်။

"ထိုင်..."

ရန်မင်းက လက်ဖြင့် အမူအယာပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ချန်ရုံက အထိန်းတော်ဖျင်ကို လွှတ်လိုက်၍ ရန်မင်းညွှန်ပြနေသော ခုံဆီသို့သွားကာထိုင်လိုက်သည်။

ရန်မင်းက ဝိုင်တစ်ခွက်ကိုငှဲ့ထည့်ပေးလိုက်၍ လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။

"သောက်လိုက်..."

ချန်ရုံက ရန်မင်းဆီမှ ခွက်ကိုလှမ်းယူ၍ ခေါင်းကိုမော့ကာ သောက်ချပစ်လိုက်သည်။

"စကားနားထောင်လှချည်လား..."
ရန်မင်းက ရယ်လိုက်သည်။

ထို့နောက် ရန်မင်းက ဝိုင်အရက်ပုလင်းကိုချ၍ ချန်ရုံ့ဆီသို့လှည့်ကာ ငေးကြည့်နေသည်။

ခဏအကြာမှ သူ၏ပါးလွှာသောနှုတ်ခမ်းများက တွန့်ကွေး၍ ပြုံးသွားကြသည်။

"ဒီတစ်ခေါက်တော့ မင်းက တည်ငြိမ်နေပါလား..."

ချန်ရုံက ရှက်ရွံ့သောအမူအယာလေးဖြင့် ပြန်ပြုံးပြလိုက်သည်။

"တပ်မှူးက ကျွန်မကို ကိုက်စားမှာမှမဟုတ်ပဲ..."

ရန်မင်းက မျက်ခုံးများကို ခပ်ဖြည်းဖြည်း ကျုံ့လိုက်သည်။

ရန်မင်းသည် ချန်ရုံ့နားသို့ တိုးကပ်လိုက်၍ ရန်မင်း၏ထွက်သက်က ချန်ရုံ၏မျက်နှာကို ဖြတ်သွားသောအခါ ချန်ရုံ့တစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။

ထို့နောက် ရန်မင်းသည် လက်ကိုဆန့်၍ ချန်ရုံ၏မေးစေ့ကို မလိုက်သည်။

ချန်ရုံ့အားသေချာကြည့်၍ ရန်မင်းသည် မျက်ခုံးတစ်ဖက်ကို မြှင့်ကာ နားမလည်သလိုမေးလိုက်သည်။

"မင်း ဘာဖြစ်လို့ ငါနဲ့တွေ့ရင် ကြောက်မနေတော့တာလဲ..."

ချန်ရုံကလည်း ရန်မင်း၏စကားကိုကြားသောအခါ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

"ကျွန်မကို အရှင်က ကြောက်စေချင်တာပါလား..."

ရန်မင်းက ဘာမှပြန်မဖြေပဲ ချန်ရုံ၏မေးစေ့ကိုသာ ကိုင်ထား၍ ဆက်၍ ငေးကြည့်နေသည်။ ရန်မင်း၏ မီးလျှံများတောက်လောင်နေသကဲ့သို့ဖြစ်နေသော မျက်လုံးများထဲ၌ တစ်စုံတစ်ခုကိုဆုံးရှုံးသွားရသလိုမျိုးဖြစ်နေသည်။ ရန်မင်း၏မျက်လုံးထဲမှ ထိုခံစားချက်ကို မြင်နိုင်ရန်အလွန်ခက်ခဲ၍ တမုဟုချင်းမှာပင် ပြန်ပျောက်သွားတော့သည်။ ချန်ရုံသည်လည်း ရန်မင်းကို သေချာရင်းရင်းနှီးနှီးသိမနေပါက သတိထားလိုက်မိမည်မဟုတ်ချေ။

ထိုအချိန်မှာပင် အပြင်မှ ခြေသံများထွက်ပေါ်လာသည်။

ခြေသံများက တဲနှင့်တဖြည်းဖြည်းနီးကပ်လာသော်လည်း ရန်မင်းက ချန်ရုံ၏မေးစေ့ကို မလွှတ်သေးချေ။

ရန်မင်းမလွှတ်သောအခါ ချန်ရုံကလည်း ကြောက်လန့်မနေချေ။ တည်ငြိမ်သောမျက်လုံးများဖြင့်သာ ရန်မင်းကို ပြန်စိုက်ကြည့်နေလိုက်သည်။

ထင်သည့်အတိုင်းပင် ခြေသံများက တဲပေါက်ဝနားသို့ရောက်လာသောအခါ ရန်မင်းသည် ချန်ရုံ့အား ဖြည်းညှင်းစွာ လွှတ်ပေးလိုက်တော့သည်။

ပညာရှိအကြံပေးများက တဲထဲသို့ဝင်လာကြသည်။ သူတို့သည် ချန်ရုံ့အား တစ်ချက်လှမ်းကြည့်၍ မထူးဆန်းသကဲ့သို့ပင် ရန်မင်းဘက်သို့ ပြန်လှည့်လိုက်ကြသည်။

ချန်ရုံကလည်း သတိပေးခံရမည်ကို စောင့်မနေတော့ချေ။ သူမသည် ညောင်စောင်းပေါ်မှ တိတ်ဆိတ်စွာထ၍ ရန်မင်း၏အနောက်ရှိအခန်းထောင့်တစ်နေရာသို့သွားကာ ခုံတန်းတစ်ခုပေါ်၌ ထိုင်နေလိုက်သည်။

ရန်မင်းက ချန်ရုံ၏အပြုအမူကိုကြည့်၍ ရယ်ချင်နေသော်လည်း တစ်စုံတစ်ခုကိုတွေးလိုက်မိပုံရ၍ ရယ်သံထွက်မလာခင်မှာပင် စိတ်ကိုပြန်ထိန်းလိုက်သည်။

အကြံပေးများစွာက ရန်မင်းရှေ့၌ ရပ်နေကြသည်။ ထိုထဲမှ တစ်ယောက်က ရှေ့သို့တိုး၍ လက်များကို ချိတ်ဆက်ကာ ပြောလိုက်သည်။

"တပ်မှူး ရှန်းပေအထောက်တော်တွေက မောယန်တစ်ဝိုက်မှာခြေရှုပ်နေတယ်လို့ သတင်းရပါတယ်..."

ထိုလူပြောပြီးသောအခါ အခြားအကြံပေးတစ်ယောက်ကလည်း ရှေ့သို့ထွက်လာ၍ လက်များကိုမြှောက်ပြကာ ပြောလိုက်သည်။

"တပ်မှူး ဘုရင်မင်းမြတ်က ဘဏ္ဍာဝန်ရဲ့မိသားစုကို မီးဖိုထဲထည့်ပြုတ်လိုက်ပါတယ်...ပြီးတော့ မှုးမတ်တစ်ယောက်ချင်းစီကို အသားတစ်ဖတ်စီပေးပြီး အတင်းစားခိုင်းခဲ့ပါတယ်တဲ့..."

အကြံပေးများက သတင်းများတင်ပြပြီးသောအခါ တဲထဲမှ ပြန်ထွက်သွားကြတော့သည်။

ချန်ရုံက ခုံတန်းမှ တိတ်ဆိတ်စွာပြန်ထ၍ ခုနကထိုင်ခဲ့သော ညောင်စောင်းပေါ်သို့ ပြန်ထိုင်လိုက်သည်။

ရန်မင်းက ဖြည်းဖြည်းချင်းလှည့်၍ ချန်ရုံ့အား အကဲခတ်နေသည်။

ရန်မင်း၏မျက်လုံးများထဲမှ ချန်ရုံ့အား တန်ဖိုးထားအသိအမှတ်ပြုမှုကို မြင်လိုက်ရသောအခါ ချန်ရုံသည် အနည်းငယ်တွေဝေသွားသည်။ အတိတ်ဘဝ၌ ရန်မင်းသည် ထိုကဲ့သို့အကြည့်မျိုးဖြင့် အခြားလူများကိုကြည့်တိုင်း ချန်ရုံသည် တစ်စုံတစ်ခုကိုဆုံးရှူံးရလိုက်သကဲ့သို့ ခံစားခဲ့ရသည်ကို ခပ်ရေးရေးမှတ်မိနေသည်။ ထိုအကြည့်မျိုးနှင့်အကြည့်ခံရရေးအတွက်လည်း ဘဝကြီးတစ်ခုလုံးနှင့် လဲပစ်ဖို့လည်း ဝန်မလေးခဲ့ပေ။ ထိုအချိန်များတုန်းက ချန်ရုံသည် ရန်မင်းနှင့်ပတ်သက်သမျှသော ပစ္စည်းတိုင်းကို စုဆောင်းထားခဲ့သည်။ ရန်မင်းကို ပို၍ သိချင်၊ ရင်းနှီးချင်ခဲ့မိသည်။ ရန်မင်းထံမှ ထိုအကြည့်မျိုးနှင့် အကြည့်ခံရရန် တစ်စက္ကန့်လေးပင်ဖြစ်စေ ရန်မင်းနှင့် နှစ်ဦးတည်းတူတူ နေချင်ခဲ့မိသည်။ သို့သော် ထိုကဲ့သို့ ရိုးရှင်းသောဆုတောင်းတစ်ခုကိုပင် ချန်ရုံ မရနိုင်ခဲ့ပါ။

ရယ်စရာအကောင်းဆုံးမှာ ယခု ချန်ရုံလိုချင်ခဲ့သည်ကို ရနေချိန်တွင်တော့ ချန်ရုံသည် မည်သည့်ခံစားချက်ကိုမှ မခံစားရတော့ချေ။

"တပ်မှူးက ကျွန်မကို ရင်ခုန်အောင်လုပ်နေတာပါပဲ..."

ချန်ရုံက နူးညံ့စွာပြောလိုက်သည်။

ရန်မင်းက မျက်မှောင်ကျုံ့၍ ချန်ရုံ့အားပြန်ကြည့်ကာ ရုတ်တရက်မေးလိုက်သည်။

"မိန်းကလေး...မင်းလိုမျိုး လက်မထပ်ရသေးတဲ့ မိန်းကလေးက ဘာဖြစ်လို့ ငါ့ကိုတွေ့ဖို့ ဒီလောက် အဝေးကြီးလာခဲ့တာလဲ..."

ရန်မင်းက ထိုအကြောင်းရင်းကိုမသိသကဲ့သို့မေးလိုက်၍အသံကလည်း ရယ်ချင်နေသည့်ပုံ‌ပေါက်နေသည်။

ချန်ရုံက ရန်မင်းအားမော့ကြည့်လိုက်သည်။ ချန်ရုံ၏မျက်လုံးများသည် အလွန်ပင် ထူးခြားစွာ တောက်ပနေသောကြောင့် ရန်မင်းသည် ‌စိတ်ဝင်တစားဖြင့် နောက်သို့ မှီလိုက်သည်။

ချန်ရုံက မျက်လွှာကိုချလိုက်၍ စကားလုံးများကို သေချာရွေးချယ်ပြီးမှ တိုးတိတ်စွာပြောလိုက်သည်။

"ဟူလူမျိုးတွေဆီကနေ ကျွန်မတို့ရဲ့ ရိက္ခာတွေကို ပြန်ယူပေးဖို့ အရှင့်ဆီကနေ အကူအညီတောင်းခံဖို့အတွက် ချန်ယွမ်က တောင်းဆိုလို့ ကျွန်မလာခဲ့တာပါ..."

ရန်မင်း ပြန်ပြောမည်ကိုမစောင့်ပဲ ချန်ရုံသည် သတ္တိကိုစုစည်းကာ ရန်မင်းကိုမော့ကြည့်၍ပြောလိုက်သည်။

"ဒါပေမယ့် သူ့ရဲ့အမိန့်ကို ရတဲ့အချိန်မှာပဲ ချန်ယွမ်က အရူးတစ်ယောက်ဆိုတာ ကျွန်မသိခဲ့ပါတယ်..."

ရန်မင်းက မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်၍ ချန်ရုံ့နားသို့ တိုးကပ်လိုက်သည်။

"ဪ...ဘာဖြစ်လို့လဲပြောပါဦး..."

ချန်ရုံက ရန်မင်းအားကြည့်၍ ပေါ့ပါးစွာပြောလိုပ်သည်။

"တပ်မှူးက ဒီမှာရှိနေတဲ့အတွက်ကြောင့် လူဆိုးတွေက ဓားပြတိုက်ဖို့ကိုအရမ်းကြောက်နေကြမှာဖြစ်ပြီး အဲဒီလိုကိစ္စကြီးတစ်ခုကိုလုပ်ပြီး တပ်မှူးကို စော်ကားသလိုဖြစ်သွားမှာကိုလည်း သူတို့အရမ်းစိုးရိမ်နေကြမှာပါ...အဲဒါကြောင့် ရိက္ခာတွေကို တပ်မှူးကပဲ သိမ်းယူထားလိုက်တယ်လို့ ကျွန်မထင်မိပါတယ်..."

ချန်ရုံအသုံးပြုလိုက်သည့် "သိမ်းယူသည်" ဟူသောစကားသည် အလွန်ပင်လှပသောစကားလုံးဖြစ်ပေသည်။

ရန်မင်းက တဟားဟားအော်ရယ်လိုက်တော့သည်။

ရန်မင်းသည် တစ်ကိုယ်လုံးလှုပ်နေအောင် ဟက်ဟက်ပက်ပက်ရယ်၍ စားပွဲကိုလည်း လက်ဖြင့်ရိုက်နေသောကြောင့် အနီးအနားမှ လူအချို့သည်ပင် လှည့်ကြည့်ကုန်ကြသည်။

ထို့နောက် ရန်မင်းသည် အသက်ကြီးကြီးပညာရှိတစ်ဦးထံ လက်ဝှေ့ယမ်း၍ ရယ်နေရင်းဖြင့်ပြောလိုက်သည်။

"အရှင်ကျန်း...ဒီမိန်းကလေး အခုပဲ ဘာပြောလိုက်တယ်ဆိုတာ ခင်ဗျားသိလား...သူက ကျွန်ုပ်ဒီမှာရှိနေလို့ လူဆိုးတွေက အနားလာဖို့ကိုတောင် ကြောက်နေကြမှာတဲ့...ပြီးတော့ ရိက္ခာတွေကိုလည်း ကျွန်ုပ်က သိမ်းယူထားတာတဲ့လေ..."

ရန်မင်း၏စကားကိုကြားသောအခါ အကြံပေးများသည် ပြူးကျယ်သောမျက်လုံးများဖြင့် ချန်ရုံ့အား အံ့ဩစွာ လှည့်ကြည့်လိုက်ကြသည်။ အသက်ကြီးကြီးပညာရှိက အနားသို့လျှောက်လာ၍ ထပ်ခါတလဲလဲ ပြောနေလေသည်။

"ချီးကျူးဖွယ်ကောင်းပါပေတယ် မိန်းကလေး...ကျွန်ုပ်က ကျွန်ုပ်ကိုယ်ကျွန်ုပ် ထက်မြက်လှပြီထင်နေတာ...တကယ်တော့ ကျွန်ုပ်က ဒီမိန်းကလေးလောက်တောင်ထက်မြက်မှုမရှိဘူးပဲ..."

ရန်မင်းကတော့ ကျယ်လောင်စွာ အော်ရယ်နေဆဲဖြစ်သည်။

ရန်မင်းသည် အသက်ရှူရန် အရယ်ရပ်လိုက်ပြီးမှ သူ့လူများကို လက်ဝှေ့ယမ်း၍ မောင်းထုတ်လိုက်သည်။

"သွားကြတော့...ကျုပ် ဒီမိန်းကလေးနဲ့ စကားပြောချင်သေးတယ်..."

အကြံပေးများက ရယ်သွမ်းသွေး၍ ထွက်ခွာသွားကြတော့သည်။

ရန်မင်းသည် ချန်ရုံ့အား လှမ်းကြည့်လိုက်၍ မျက်ခုံးတစ်ဖက်ကိုပင့်ကာ ရယ်လိုက်ပြန်သည်။

"ချန်ယွမ်က အရူးဆိုတာကို မင်းသိရင်လည်း ဘာဖြစ်လို့ သူ့ရဲ့အမိန့်အတိုင်း ဒီကိုလာသေးတာလဲ...'
ထို့နောက် ရန်မင်းသည် ချန်ရုံ့နားသို့တိုးကပ်လိုက်၍ သူ၏ သံလိုက်ကဲ့သို့ ဆွဲဆောင်မှုအားကောင်းသော ဩရှသည့်အသံဖြင့် တိုးတိုးလေးပြောလိုက်သည်။

"ဒါမှမဟုတ် ငါ့ကို အရမ်းလွမ်းလွန်းလို့ ဒီအခွင့်အရေးကိုယူပြီး ငါ့ကိုလာတွေ့တာလား အားရုံ..."

ချန်ရုံက ရန်မင်းအား ပြန်ကြည့်လိုက်၍ လေးနက်စွာပင် ခေါင်းကိုခါလိုက်သည်။

နေရောင်အောက်၌ ရန်မင်း၏ချောမောသောသွင်ပြင်သည် ကျောက်ဆစ်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။ ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ရန်မင်းကိုကြည့်နေရင်းဖြင့်ပင် ချန်ရုံ၏အသံသည် တည်ငြိမ်၍ အေးစက်နေသည်။

"မဟုတ်ပါဘူး...ကျွန်မ တပ်မှူးကို အကူအညီတောင်းစရာရှိလို့ လာခဲ့တာပါ..."

ရန်မင်း၏စိတ်ဝင်စားမှုက မြင့်တက်သွားသည်။ ရန်မင်းသည် လက်ကိုပိုက်လိုက်၍ ရယ်လိုက်သည်။

"အကူအညီ ဟုတ်လား...ပြောစမ်းပါဦး..."

ချန်ရုံက နှုတ်ခမ်းကိုတင်းတင်းစေ့၍ မျက်လွှာကိုချလိုက်သည်။ ခဏအကြာမှ စိတ်ဆုံးဖြတ်ချက်ချလိုက်သည့်ပုံဖြင့် ရန်မင်းအားမော့ကြည့်ကာ ပြောလိုက်သည်။

"တပ်မှူး...တပ်မှူးက စစ်မြေပြင်မှာ တစ်နှစ်ပတ်လုံးရှိနေတဲ့အတွက်ကြောင့် ရိက္ခာအထောက်အပံ့တွေက တပ်မှူးရဲ့အသက်သွေးကြောဆိုတာ ကျွန်မ သိပါတယ်..."

ချန်ရုံ၏ကျယ်ပြန့်သော အင်္ကျီလက်အောက်တွင် လက်များကို ဆုပ်နယ်နေမိသည်။ ရန်မင်းအား လှမ်းကြည့်လိုက်သော ချန်ရုံ၏မျက်လုံးများထဲ၌ ညှင်သာသော ရက်စက်မှုတစ်ခုရှိနေသည်။

"ကံတရားကြောင့်ပဲဆိုရမလား...သခင်မရွမ်နဲ့ ချန်ယွမ်တို့ စားနပ်ရိက္ခာတွေနဲ့ ငွေကြေးတွေကို သယ်ယူနေတဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို ကျွန်မသိထားတယ်..."


Xxxxx