Chapter 134
အဆင်ပြေနေကြခြင်း
အတိတ်ဘဝ၌ ချန်ရုံသည် ရန်မင်းနှင့်လက်ထပ်ပြီးသောအခါ နန်ယန်မြို့မှထွက်ခွာ၍ ရန်မင်းနောက်သို့ လိုက်ခဲ့သည်။ ချန်ရုံက ရန်မင်းထံမှ အချစ်နှင့်ကြင်နာမှုကို မရသည်ကို မသိသောကြောင့် ဟူလူမျိုးများ၏ဓားပြတိုက်ခြင်းကိုခံလိုက်ရသောအခါ သခင်မရွမ်သည် ချန်ရုံ့အား လိုက်ရှာ၍ ထိုလမ်းကြောင်းအားကာကွယ်ရန် စစ်သည်အချို့လွှတ်ပေးဖို့ ရန်မင်းအား ပြောပေးရန် ချန်ရုံ့အား တောင်းဆိုခဲ့သည်။ ထို့ကြောင့် ချန်ရုံသည် ထိုလျှို့ဝှက်လမ်းကြောင်းအား သိနေခြင်းဖြစ်သည်။
ချန်ရုံ၏စကားများကိုကြားသောအခါ ရန်မင်း၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။
ရန်မင်းသည် ချန်ရုံ့အား စူးရဲစွာစိုက်ကြည့်နေသည်။
ည၏ကောင်းကင်ကဲ့သို့ နက်မှောင်၍ မီးကဲ့သို့ပြင်းထန်သော ထိုမျက်လုံးများ၏အကြည့်အောက်တွင် မည်သူမဆို ကြောက်ဒူးတုန်၍ ချွေးစေးများပြန်ကုန်ကြမည်ဖြစ်သည်။
သို့သော် ချန်ရုံတော့ မပါပါ။ အတိတ်ဘဝ၌ ရန်မင်း၏ ဤကဲ့သို့သောပုံစံကို ချန်ရုံ အခါပေါင်းများစွာ မြင်ဖူးခဲ့ပြီးဖြစ်သည်။ ထို့အပြင် ချန်ရုံသည် ဤစကားများကို ပြောရန် ပြင်ဆင်ပြီးပြီဖြစ်သောကြောင့် ဖြစ်လာနိုင်ချေရှိသည်များကိုလည်း ကြိုတင်စဉ်းစားထပြီးဖြစ်သည်။
ချန်ရုံ၏မျက်လုံးများသည် ပုံမှန်ကဲ့သို့ပင် တည်ငြိမ်နေကြလေသည်။
"အဲဒီလမ်းကြောင်းက လျှို့ဝှက်လမ်းကြောင်းဆိုတော့..."
ရန်မင်းကပြောလိုက်သည်။
"ဟူလူမျိုးတွေ အချိန်မရွေးတိုက်ခိုက်လာနိုင်တဲ့ ဒီလိုအချိန်မှာ သခင်မရွမ်နဲ့ ချန်ယွမ်တို့က သူတို့ရဲ့ ပစ္စည်းသယ်ပို့မှုကို တိုးထားကြမှာပဲ...မိန်းကလေး...မင်းရဲ့စကားတွေက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ မင်းသိရဲ့လား..."
ချန်ရုံက ရန်မင်းအား ကြည့်လိုက်သည်။
ချန်ရုံ၏မျက်လုံးများသည် ရှက်ရွံ့မှု၊ ကြောက်လန့်မှု တစ်စုံတစ်ရာမရှိပဲ တောက်ပ၍ တည်ငြိမ်နေဆဲပင်ဖြစ်သည်။
ချန်ရုံက ခေါင်းငြှိမ့်၍ တင်းတင်းစေ့ထားသောနှုတ်ခမ်းများဖြင့် အေးစက်စွာပြုံးလိုက်သည်။
"ကျွန်မ သူ့ကို အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရစေချင်လို့ပါ..."
ရန်မင်းက အနောက်သို့မှီထိုင်လိုက်၍ ချန်ရုံ့အား တိတ်ဆိတ်စွာကြည့်ကာမေးလိုက်သည်။
"ဟူလူမျိုးတွေက မြို့ကိုသိမ်းပိုက်တဲ့အခါ ရိက္ခာပြတ်လပ်မှုကြောင့် မင်းရဲ့မျိုးနွယ်တစ်ခုလုံး ပျက်စီးသွားမှာကို မင်းမစိုးရိမ်ဘူးလား..."
"ဟင့်အင်း..."
ချန်ရုံက ပြတ်သားစွာ ပြန်ပြောလိုက်သည်။
"ချန်ယွမ်က အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ပါ...သူ့မှာပိုင်ဆိုင်ထားသမျှကိုလည်း ရွမ်မိသားစုကိုပဲပေးရင်ပေး ဒါမှမဟုတ် မျက်နှာကောင်းရဖို့အတွက် နန်ယန်မင်းသားကိုပဲ ပေးမှာ...ဒါပေမယ့် ဘာကိစ္စတွေပဲဖြစ်ဖြစ် သူပိုင်ဆိုင်သမျှတွေကို ကျွန်မတို့မျိုးနွယ်ကိုတော့ လုံးဝကိုပေးမှာမဟုတ်ဘူး..."
ရန်မင်း မည်သည်ကိုတွေးနေသည်ကို ချန်ရုံရိပ်မိ၍ နွမ်းနယ်စွာပြုံးကာ မျက်လွှာချ၍ မျက်ရည်များမကျစေရန် မျက်တောင်ကို ပုတ်ခပ်ပုတ်ခပ်လုပ်ပြီးမှ တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မသာ ချောင်မပိတ်နေမိဘူးဆိုရင် ကျွန်မလို့ ကြီးမြတ်တဲ့မျိုးရိုးကဆင်းသက်လာတဲ့ မိန်းကလေးတစ်ဦးက ဘာဖြစ်လို့များ သူ့ရဲ့မျိုးနွယ်အကြီးအကဲကို မကောင်းကြံစည်ပါ့မလဲ..."
ချန်ရုံ၏နှုတ်ခမ်းများက တဆတ်ဆတ်တုန်လာသည်။
"ချန်ယွမ်နဲ့ သူ့ရဲ့မိန်းမတွေရဲ့ မျက်လုံးထဲမှာ ကျွန်မက လွယ်လွယ်နဲ့နင်းချေလို့ရပြီး သူတို့စော်ကားချင်တိုင်းစော်ကားလို့ရနေတဲ့ လူတစ်ယောက်ပဲ..."
ချန်ရုံသည် အခန်းငယ်ထဲ၌ လှောင်ပိတ်ခံထားရသောညများနှင့် အစောင့်များ၏ စကားများကို ပြန်သတိရလာမိသည်။ စဉ်းစားရင်းဖြင့် ခန္ဓာကိုယ်က မထိန်းနိုင်ပဲ တဆတ်ဆတ်တုန်ယင်လာတော့သည်။ ခံစားနေရသော နာကျင်မှု၊ အမုန်းတရားများနှင့် ကူကယ်ရာမဲ့မှုများကြောင့် ချန်ရုံ၏လှပသောမျက်နှာလေးသည် ထိုအခိုက်အတန့်တွင်တော့ ပုံပျက်ပန်းပျက်ဖြစ်နေလေသည်။
ထိုအချိန်မှာပင် ရန်မင်း၏ အောင်မြင်ခန့်ညား၍ အင်အားကြီးသော အသံထွက်ပေါ်လာသည်။
"ကောင်းပြီလေ..."
ချန်ရုံက ခေါင်းကို ဆတ်ခနဲမော့၍ ရန်မင်းအား လှမ်းကြည့်လိုက်သည်။
ရန်မင်းက ချန်ရုံ့အား စိုက်ကြည့်နေဆဲဖြစ်သည်။ သူ၏အကြည့်များထဲ၌ ရွံရှာမှုဟူ၍ မရှိပဲ ကြင်နာမှုနှင့် သဘောကျမှုများသာ ပျော်ဝင်နေသည်။ ရန်မင်းသည် ခေါင်းကိုငြှိမ့်၍ ရယ်ကာ ပြောလိုက်သည်။
"မင်းပြောတာလည်း မှန်ပါတယ် အားရုံ...အခု ငါ ရိက္ခာတွေ တော်တော်လိုနေတယ်..."
ချန်ရုံက ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်၍ ရန်မင်းအား အရိုအသေပေးလိုက်သည်။
"ကျွန်မ ကျေးဇူးတင်ပါတယ် တပ်မှူး..."
ရန်မင်းသည် ဤကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို မငြင်းဆန်နိုင်မှန်း ချန်ရုံသိထားသော်လည်း ချန်ရုံသည် သူမ၏ မိုးရေများကြောင့်ညှိုးနွမ်းနေရသည့်ပန်းကဲ့သို့ သနားစဖွယ်ပုံလေးကို ဆက်လက်ထိန်းသိမ်းထား၍ သနားကြင်နာဖွယ်အသံလေးဖြင့် ရန်မင်းအား ကျေးဇူးတင်လိုက်သည်။
ချန်ရုံသည် အရိုအသေပေးနေသည်ကို မဖျက်သေး၍ မျက်လွှာချထားကာ ခဏအကြာမှ ဆက်ပြောလိုက်သည်။
"ကျွန်မမှာ တောင်းဆိုစရာနောက်တစ်ခု ရှိပါသေးတယ်..."
"ဘာများလဲ..."
"တပ်မှုး ချန်ယွမ့်ဆီကနေ သိမ်းယူထားလိုက်တဲ့ ရိက္ခာတွေထဲမှာ နန်ယန်မင်းသားရဲ့ ဝေစုတွေလည်း ပါနေပါတယ်..."
ချန်ရုံက ပျော့ပျောင်းစွာပြောလိုက်သည်။
ချန်ရုံ၏စကားများကြောင့် သက်တောင့်သက်သာထိုင်နေသော ရန်မင်းက ချန်ရုံ့အား သေချာလှမ်းကြည့်လိုက်၍ မေးလိုက်သည်။
"မင်းက ဘယ်လိုသိတာလဲ..."
ချန်ရုံ၏ ဖျော့တော့သောမျက်နှာ၌ အပြုံးလေးတစ်ခုပေါ်လာသည်။
"ကျွန်မ မတော်တဆ ကြားခဲ့ရတာပေါ့..."
ရန်မင်းက ချန်ရုံပြောသည်ကို ယုံသည့်ပုံပေါက်သောကြောင့် ချန်ရုံက ဆက်ပြောလိုက်သည်။
"အဲဒီလျှို့ဝှက်ရိက္ခာလမ်းကြောင်းကို နန်ယန်မင်းသားရဲ့အိမ်တော်က လီမူဆိုတဲ့ အကူနဲ့ ရှုချမ်ဆိုတဲ့ အကူတွေက ဖော်ထုတ်လိုက်တယ်လို့ တပ်မှူးက ကြေငြာပေးစေချင်တယ်..."
ချန်ရုံက ခဏရပ်ပြီးမှ ရန်မင်းအား စိတ်အားထက်သန်စွာ ဆက်၍ ရှင်းပြလိုက်သည်။
"လီမူက ချန်ယွမ်ရဲ့ အိပ်ရာဖော် သခင်မလီရဲ့ အစ်ကိုလေ...သခင်မလီက သူ့ကို အရမ်းအားကိုးတာ...ရှုချမ်ဆိုတဲ့လူကတော့ သူ့ရဲ့ မုန်းစရာအသွင်အပြင်နဲ့ ဆိုးရွားတဲ့ အပြုအမူတွေကြောင့် သေဖို့ပဲထိုက်တန်တယ်..."
ချန်ရုံက ပြောပြီးသွားသောအခါ ခေါင်းကိုဆက်ငုံ့ထား၍ အရိုအသေဆက်ပေးနေလိုက်သည်။ ချန်ရုံသည် ခေါင်းလည်းမမော့ရဲသလို ရန်မင်းအားလည်း မော့မကြည့်ရဲဖြစ်နေသည်။
အရာရာကတိတ်ဆိတ်နေသည်။
အချိန်အတော်ကြာသည်အထိ ရန်မင်းက ဘာမှမပြောသေးချေ။
ရန်မင်း၏စကားကိုစောင့်နေရင်းဖြင့် ချန်ရုံစကျက်သရေရှိသောပုံစံသည် မနေနိုင်တော့ပဲ တုန်ယင်လာသည်။ မျက်ရည်စက်နှစ်စက်က ချန်ရုံ၏ရှည်လျားသောမျက်တောင်များ၌ တွဲလွဲခိုနေကြသည်။
အချိန်အတော်ကြာသည်အထိ ရန်မင်းကလည်း ဘာမှမပြောသေးသလို ချန်ရုံကလည်း မော့ကြည့်ရန် သတ္တိမရှိဖြစ်နေသည်။
အချိန်ကြာမြင့်သည်နှင့်အမျှ ချန်ရုံ၏မျက်နှာက ဖြူဖျော့လာပြီး ခါးသီးစွာပြုံးလိုက်သည်။ ချန်ရုံပြောလိုက်သည့်စကားများသည် သနားညှာတာမှုကင်းမဲ့၍ ရက်စက်နေကြသည်။
"ကျွန်မတောင်းပန်ပါတယ် တပ်မှူး...အဲဒီလူတွေက တကယ်ကို သနားညှာတာစိတ်မရှိတဲ့လူတွေမို့လို့ လက်စားချေလို့တဲ့ကျွန်မကိုလည်း အပြစ်တင်လို့မရပါဘူး...ကျွန်မက သဘောထားကြီးမြတ်တဲ့ မိန်းကလေးမဟုတ်ပဲ လက်စားချေလိုစိတ်ပြင်းပြတဲ့မိန်းကလေးဆိုတာ ကျွန်မ ဝန်ခံပါတယ်...ကျွန်မကိုနင်းချေချင်တဲ့လူတွေကလည်း သူ့ရဲ့ခြေနှစ်ချောင်းပေါ်ကို ကောင်းကောင်းရပ်နိုင်ဖို့တောင် ကျွန်မကို အမြဲမပြတ်ကြောက်လန့်နေစေရမယ်..."
ချန်ရုံ၏တစ်ကိုယ်လုံးက တုန်ယင်နေသော်လည်း အသံကတော့ ချန်ရုံ၏မျက်လုံးများကဲ့သို့ပင် တည်ငြိမ်နေကြသည်။
ချန်ရုံသည် တာဝန်ရှိစွာဖြင့် ခါးညွှတ်၍ အရိုအသေပေးနေဆဲဖြစ်သည်။ ဤကဲ့သို့သောအခြေအနေ၌ ချန်ရုံ၏နှလုံးသားက မာကျောသွားသည်။
သူသာ သဘောမတူရင် ငါ့အသက်ကိုတောင်စွန့်ပြီး မြို့ကနေထွက်ပြီး ကြီးကြီးမားမားဆုံးရှုံးမှုတွေမဖြစ်ရအောင် သူ့ကို အတွင်းရန်သူတွေအကြောင်းသတိပေးခဲ့တာကို ငါပြန်ပြောလိုက်မယ်...ဟုတ်တယ်...ငါ သူ့ကို ရိက္ခာ လှည်း ဆယ်စီးလည်း ပေးထားခဲ့ဖူးတာပဲမဟုတ်လား...
သို့သော် အချိန်က အလွန်ပင်ကြာမြင့်နေသောကြောင့် ချန်ရုံ၏ယုံကြည်ချက်များပင်ပျောက်ဆုံးလာကာ စကားပင်ပြောမထွက်ဖြစ်နေတော့သည်။ ချန်ရုံသည် သူမ၏ကျေးဇူးတရားများကို ပြန်ပြောမည်အလုပ်မှာပင် အရူးကဲ့သို့ ရယ်မောလိုက်သံက ရုတ်တရက်ထွက်ပေါ်လာတော့သည်။
ရန်မင်းက ညာဘက်လက်ကို ပုတ်ကာ အော်ဟစ်ရယ်မောလိုက်သည်။ ရယ်လွန်း၍ မျက်ရည်များပင်ထွက်မတတ်ဖြစ်နေတော့သည်။ ထို့နောက် ခေါင်းကိုစောင်း၍ ဆံပင်များမျက်နှာပေါ်ကျသည်ကိုပင် ဂရုမစိုက်ပဲ ရယ်နေပြန်လေသည်။
ထို့နောက်တွင်မှ ချန်ရုံ့အား ပြုံးကြည့်ကာ ပြောလိုက်သည်။
"မိန်းကလေး မင်းက တကယ်ကို သတ္တိခဲပဲ..."
ထို့နောက် ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
"ပြီးတော့ တော်တော်လေးလည်း ရက်စက်တဲ့ နှလုံးသားပိုင်ရှင်ပဲ..."
ချန်ရုံက ဘာမှပြန်မပြောပဲ ခေါင်းကိုသာငုံ့ထား၍ နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ မျက်ရည်များသာ သွင်သွင်စီးကျနေလေသည်။
ရန်မင်းက ချန်ရုံ၏ပုံစံကိုမြင်သောအခါ ရယ်လိုက်ပြန်သည်။
"ဟား မင်းက တခြားလူတွေအပေါ်မှာတော့ ရက်ရက်စက်စက်မကောင်းကြံပြီး မင်းကိုယ်မင်းကျတော့ သနားစရာပုံစံလေးလုပ်ထားပါလား...မင်းအပေါ်တောင် ငါ အမြင်တွေပြောင်းကုန်ပြီ အားရုံ..."
ချန်ရုံ၏မျက်နှာက တဖြည်းဖြည်း ပို၍ဖြူဖျော့လာသော်လည်း ခေါင်းကိုတော့ မမော့သေးချေ။
ရန်မင်းက ဝိုင်အရက်ခွက်ကိုမ၍ ခေါင်းကိုမော့ကာ သောက်ချလိုက်သည်။ ထို့နောက် ခွက်ကိုပြန်ချလိုက်ပြီးသောအခါမှ ပြောလိုက်သည်။
"ငါ သဘောတူပါတယ်...'
ထိုအခါမှသာလျှင် ချန်ရုံက ရန်မင်းအား မော့ကြည့်လိုက်သည်။ ချန်ရုံ၏မျက်လုံးများတွင် ရန်မင်းက သူမအား ရက်စက်သည်ဟုပြောခြင်းကို စိတ်တိုနေသည့်အလား စွပ်စွဲမှုနှင့် စိတ်မကောင်းမှုများ ပေါ်လွင်နေသည်။
ချန်ရုံသည် ခေါင်းကိုတစ်ခါပြန်ငုံ့၍ ရန်မင်းအား အရိုအသေထပ်ပေးလိုက်ပြီးမှ သူမ၏ထိုင်ခုံနေရာသို့ပြန်လျှောက်ကာ ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
ရန်မင်းက လက်များကိုယှက်၍ အော်လိုက်သည်။
"အပြင်က တစ်ယောက်ယောက်လာခဲ့စမ်း..."
"ဟုတ်ကဲ့..."
အကြံပေးတစ်ဦးက အထဲသို့ ဝင်လာသည်။
ရန်မင်းက ချန်ရုံ့အား လှမ်းကြည့်၍ အမိန့်ပေးလိုက်သည်။
"လမ်းကြောင်းက ဘယ်နေရာမှာရှိလဲဆိုတာ ပြောပြလိုက်..."
"ဟုတ်ကဲ့..."
ချန်ရုံက မတ်တပ်ရပ်၍ အရိုအသေပေးလိုက်ပြန်ကာ ပေရွက်ကိုဖြန့်ခင်းနေသော အကြံပေးအား လမ်းကြောင်းအကြောင်းကို အသေးစိတ်ပြောပြလိုက်သည်။
ထိုလမ်းကြောင်းသည် ချန်ရုံ၏အတိတ်ဘဝမှ သိခဲ့သည့်လမ်းကြောင်းဖြစ်သော်လည်း ဤသို့လာသည့်လမ်းတစ်လျှောက်လုံး၌ ချန်ရုံသည် တစ်ချိန်လုံးသေချာစဉ်းစားလာကာ မှတ်မိနိုင်သမျှ မှတ်မိအောင် အထပ်ထပ်အခါခါ တွေးတောလာခဲ့သည်။ ထို့ကြောင့် ချန်ရုံ၏ပြောဆိုချက်များသည် အလွန်တိကျမှန်ကန်၍ ရှင်းလင်းနေပေသည်။
ခဏအကြာတွင် အကြံပေးက ပိုးသားပေရွက်လိပ်ကို သိမ်းကာ ရန်မင်းအားပြောလိုက်သည်။
"ကျွန်ုပ်ရေးသားပြီးပါပြီ..."
ရန်မင်းက ခေါင်းငြှိမ့်၍ အကြံပေးအား ပြန်ထွက်ခိုင်းလိုက်တော့သည်။
ထိုအချိန်၌ အပြင်မှ ခြေသံများထွက်ပေါ်လာသည်။
"တပ်မှူး အချိန်ရောက်ပါပြီ..."
စစ်သည်တစ်ဦးက အော်ပြောလိုက်သည်။
ချန်ရုံသည်လည်း အရိုအသေပေး၍ ပြန်ထွက်လာလိုက်သည်။
ချန်ရုံထွက်သွားပြီးမှ အကြံပေးတစ်ဦးက ဝင်လာ၍ ရန်မင်းအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။
"ဒီအခွင့်အရေးကိုလက်လွတ်မခံပဲ မိန်းကလေးကို ကြင်နာပြလိုက်ရမှာ တပ်မှူး..."
ရန်မင်းက မတ်တပ်ရပ်လိုက်၍ စစ်သည်များက ချပ်ဝတ်တန်ဆာများဝတ်ပေးနေသည်ကို ခံနေလိုက်သည်။ သူ၏မျက်နှာသည် အေးစက်နေ၍ တစ်ခုခုကို မျိုသိပ်ထားရဟန်တူသည်။
"ဒီတစ်ခေါက်မှာ သူ ငါ့အနားမှာ အရမ်းကို ပုံမှန်ဖြစ်နေတယ်..."
ရန်မင်း၏စကားကြောင့် တဲထဲမှလူများက ရယ်မောကုန်ကြသည်။ ရန်မင်းက ဝင်၍မရယ်ပဲ တစ်စုံတစ်ခုကိုတွေးတောနေဟန်ဖြင့် ချန်ရုံထွက်သွားသည့်ဘက်သို့ လှမ်းကြည့်ကာပြောလိုက်သည်။
"သူ့ရဲ့စိတ်က ငါ့လိုပဲ..."
အကြံပေးက ရယ်လိုက်သည်။
"တပ်မှူးလိုပဲတဲ့လား...ကျွန်ုပ်ကတော့ မယုံကြည်နိုင်ပါဘူး..."
ဤခေတ်အခါ၌ပညာရှိများ၏ အတွေးအခေါ်က တစ်ယူသန်ဆန်ကြသောကြောင့် ရန်မင်းကဲ့သို့ ကြမ်းတမ်းခက်ထန်သောလူတစ်ယောက်က အထက်တန်းလွှာအမျိုးသမီးသည် သူနှင့်တူသည်ဟု ပြောခြင်းမှာ ရယ်ချင်စရာဖြစ်နေသည်။
ချန်ရုံ တဲထဲမှထွက်လာသောအခါ အထိန်းတော်ဖျင်က အပြင်၌စောင့်နေလေသည်။ အထိန်းတော်ဖျင်သည် ချန်ရုံ့နား၌ ရှိနေခဲ့သော်လည်း ချန်ရုံနှင့် ရန်မင်းတို့ စတင်စကားပြောချိန်တွင် ရန်မင်းက လက်ဝှေ့ယမ်း၍ အထိန်းတော်ဖျင်အား ထွက်သွားခိုင်းခဲ့သည်။ ချန်ရုံကလည်း သူမ၏ မျိုးနွယ်အကြီးအကဲများအပေါ် အကွက်ရွှေ့နေသည်ကို မသိစေလိုသောကြောင့် အထိန်းတော်ဖျင်ထွက်သွားသည်ကို မတားလိုက်ချေ။
အထိန်းတော်ဖျင်က ထရပ်လိုက်၍ သူမ၏သခင်မလေးကို နှုတ်ဆက်ကာ ချန်ရုံ့အား သေသေချာချာကြည့်ပြီးမှ မနေနိုင်ပဲမေးလိုက်သည်။
"မမလေး...အခြေအနေတွေဘယ်လိုပါလဲ..."
သူမ၏မျက်လုံးများ၌ မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
ချန်ရုံက ပြုံးပြလိုက်သည်။
"အရမ်းကိုကောင်းတယ်..."
အလွန်ပျော်ရွှင်သွားသောအထိန်းတော်ဖျင်က အသံကို နှိမ့်၍မေးလိုက်သည်။
"ဒါဆိုရင် လက်ထပ်မယ့်ကိစ္စအကြောင်းရောပြောသေးလား..."
လက်ထပ်မယ့်ကိစ္စ?
ချန်ရုံက ခေါင်းကိုခါ၍ အရှေ့မှ တဲများကို လှမ်း၍ကြည့်လိုက်သည်။ မကြာသေးမီကပင် ချန်ရုံသည် သူမ မည်မျှတစ်ကိုယ်ကောင်းဆန်၍ ရက်စက်သည်ကို သိသွားသောကြောင့် ရန်မင်းက သူမအား စိတ်ဝင်စားတော့မည်မဟုတ်ဟု ထင်ခဲ့မိသည်။ ထိုသို့ဖြစ်ခဲ့လျှင်လည်း ချန်ရုံသည် ဂရုစိုက်မနေပဲ သူမ၏ လက်စားချေမှုကိုသာ ပြီးမြောက်အောင်လုပ်ရမည်ဟုတွေးထားခဲ့သည်။
သို့သော် မမျှော်လင့်စွာပင် ရန်မင်းက ချန်ရုံ၏တောင်းဆိုမှုကို လက်ခံကာ ရယ်ပင်ရယ်နေလိုက်သေးသည်။ အတိတ်ဘဝတွင် ချန်ရုံသည် သူမ တတ်နိုင်သမျှ အကောင်းဆုံးပြုလုပ်ခဲ့သော်လည်း ဘေးဖယ်ထားခြင်းကိုသာခံခဲ့ရသည်။ ယခု ချန်ရုံ၏ အတွင်းသဏ္ဍာန်အစစ်ကို ထုတ်ဖော်ပြသပြီး မလိုအပ်တော့သည့်အချိန်မှပင် အဘယ်ကြောင့် ရန်မင်း၏ သဘောကျနှစ်သက်မှုကို ခံနေရပါသနည်း။
Xxxxx