အပိုင်း ၁၃၅
Viewers 18k

Chapter 135



ချန်ရုံသည် ထိုမေးခွန်း၏အဖြေကို မရှာနိုင်သလို ရှာချင်စိတ်လည်း မရှိတော့ပါ။ ချန်ရုံသည် ခေါင်းကိုခါ၍ အရှေ့သို့‌သာလျှောက်လာလိုက်သည်။

အထိန်းတော်ဖျင်က အနောက်မှလိုက်လာသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ အထိန်းတော်ဖျင်က မေးလိုက်ပြန်သည်။

"မမလေး တပ်မှူးက တခြားဘာပြောသေးလဲဟင်...မမလေးရဲ့ဦးလေးအကြောင်းရော ပြောသေးလား...ပြီးတော့ မျိုးနွယ်က မမလေး တပ်မှူးကို လက်ထပ်မှာကို မကန့်ကွက်တော့ဘူးဆိုတာကိုရော ပြောခဲ့သေးလား..."

ချန်ရုံကတော့ လှည့်၍ပင်မကြည့်ပင် အေးအေးဆေးဆေးသာ ပြန်ပြောလိုက်သည်။

"ရန်မင်းလိုလူက မျိုးနွယ်က ဘယ်လိုသဘောထားတယ်ဆိုတာကို ဂရုစိုက်မယ်ထင်နေတာလား..."

အထိန်းတော်ဖျင်လည်း ထိုအခါမှပင် ပါးစပ်ပိတ်သွားတော့သည်။

ချန်ရုံက သူမ၏တဲဆီသို့ရောက်လာသောကြောင့် ခေါင်းငုံ့ကာဝင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေးရက်တာကုန်ဆုံးသွားသည်။

တစ်နေ့ နေ့လယ်ခင်းတွင် တဲထဲမှ ချန်ရုံထွက်လာသည်ကိုမြင်သောအခါ အထိန်းတော်ဖျင် အူယားဖားယားပြေးလာသည်။

"မမလေး..."
အထိန်းတော်ဖျင်က တဲဆီသို့ လှမ်းကြည့်၍ တိုးတိုးလေးမေးလိုက်သည်။
"တပ်မှူးရန်က ဘာပြောလိုက်လဲ..."

ယခုပင် ရန်မင်းက ချန်ရုံ့အား သူ၏တဲဆီသို့ခေါ်၍ အထိန်းတော်အား ထွက်သွားခိုင်းထားခြင်းဖြစ်သည်။

ဤတစ်ခေါက်၌လည်း ချန်ရုံက ခေါင်းကိုခါ၍ နူးညံ့စွာပြောလိုက်သည်။

"သူ ကျွန်မကို စကားမပြောဘူး..."

"ဟင်...ဘာဖြစ်လို့ပါလဲ..."

ချန်ရုံက မျက်နှာသေဖြင့် ပြုံးလိုက်သည်။
"သူ အရမ်းအလုပ်များနေလို့လေ..."

အထိန်းတော်ဖျင်လည်း ထိုအရာကိုတော့သိပါသည်။

"ဒါဆိုလည်း မမလေးကို ဘာဖြစ်လို့ ခေါ်နေသေးတာလဲ..."

ချန်ရုံက ခေါင်းကိုသာ ခါပြလိုက်သည်။

ချန်ရုံသည် ရန်မင်းနား၌ထိုင်၍ ရန်မင်းက သူ၏တပည့်များကို အမိန့်များပေးနေသည်ကိုသာ ထိုင်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အစမှအဆုံးအထိ ရန်မင်းသည် ချန်ရုံ့အတွက် အချိန်ဖဲ့မပေးနိုင်ခဲ့ချေ။

ထူးဆန်းပေသည်။ ရန်မင်းက ချန်ရုံတစ်ယောက် သူအလုပ်လုပ်နေသည်ကို ကြည့်ရန်အတွက်သာ သူ၏တဲဆီသို့ ချန်ရုံ့အား ခေါ်ခဲ့သည်လား။

စိတ်ရှုပ်နေဆဲမှာပင် ညနေပိုင်း၌ ရန်မင်း၏တဲဆီသို့ ချန်ရုံ အခေါ်ခံလိုက်ရပြန်သည်။

တဲ၏အခန်းထောင့်၌ ငြိမ်သက်စွာထိုင်နေရင်းက အရှေ့မှ တဖျပ်ဖျပ်လွင့်နေသော လိုက်ကာစများကိုကြည့်၍ နေ့လယ်က ထိုလိုက်ကာများမရှိသည်ကို ချန်ရုံသတိရသွားငည်။

ချန်ရုံသည် ထိုလိုက်ကာများကို ငေးကြည့်နေရင်းက နောက်ဆုံးအကြံပေးက တဲထဲမှထွက်သွား၍ ရန်မင်းသာ ကျန်ခဲ့တော့သည်ကို မြင်လိုက်ရသည်။
"တပ်မှူး..."

ရန်မင်းက သူ့ရှေ့မှ ပိုးပေလွှာများကို လှန်လှောကြည့်နေ၍ ခေါင်းပင်မော့မကြည့်ပဲ ပြောလိုက်သည်။
"ပြောချင်တာကို တိုတိုနဲ့လိုရင်းပြော..."

ချန်ရုံသည် ရန်မင်း၏စိတ်ကိုသိနေသောကြောင့် အလျင်အမြန်ပင်ပြောလိုက်သည်။

"ကျွန်မကို ဘာဖြစ်လို့ ဒီကို ခဏခဏခေါ်နေပြီး ကျွန်မရှေ့မှာ ကန့်လန့်ကာကိုပါ ဘာဖြစ်လို့ ကာပေးထားနေမှန်း ကျွန်မ မသိဘူး..."

ရန်မင်းက မော့မကြည့်ပဲ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

"ငါ့တဲထဲကို လူတွေက ခဏခဏဝင်ထွက်နေကြတာ...ကန့်လန့်ကာ ကာပေးထားတော့ သူတို့တွေ အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့..."

ချန်ရုံက နှုတ်ခမ်းကိုကိုက်၍ အချိန်အတော်ကြာ စဉ်းစားနေလိုက်သည်။

"ဒါဆိုရင်လည်း ဘာဖြစ်လို့...ကျွန်မကို ခေါ်ထားတာပါလဲ တပ်မှူး..."

ရန်မင်းက လက်ထဲမှစုတ်တံကိုချကာ အနောက်သို့ မှီ၍ နားထင်ကို ဖိကာ ပင်ပန်းနွမ်းနယ်နေသည့်အသံဖြင့် ပြောလိုက်သည်။

"မင်းကို အကြောင်းပြချက်မရှိပဲ ခေါ်လို့မရဘူးလား..."

ဘယ်လို?

ချန်ရုံသည် ပါးစပ်အဟောင်းသားပွင့်၍ အံ့ဩစွာ တွေးလိုက်မိသည်။

ရှင့်မှာ အကြောင်းပြချက်မရှိရင် ကျွန်မကို လုံးဝကို မခေါ်သင့်တာလေ...

သို့သော် ယခုကဲ့သို့ ပင်ပန်းနေချိန်တွင် ရန်မင်း စိတ်ဆတ်နေမည်ကိုသိသောကြောင့် ချန်ရုံ ဘာမှဆက်မမေးတော့ချေ။

ထိုအချိန်မှာပင် စစ်သည်နှစ်ဦးက ပိန်ပါး၍ အသက် ၃၀ နှင့် ၄၀ ကြား ပညာရှိတစ်ဦးကို တဲထဲသို့ ဝင်ခွင့်ပေးလိုက်သည်။

ထိုပညာရှိသည် ချွေးများအလွန်ထွက်နေ၍ မျက်နှာ၌လည်း ဖုန်မှုန့်များပေကျံနေကာ နှုတ်ခမ်းများကလည်း ခြောက်သွေ့၍ အရေခွံများလန်နေသည်။

ပညာရှိသည် ထိုင်လိုက်၍ ဝတ္တရားနှင့်အညီ လက်များကို ရှေ့သို့မြှောက်၍ ရန်မင်း စကားပြောမည်ကို စောင့်နေလိုက်သည်။

ရန်မင်းက ခေါင်းမော့ကြည့်လိုက်သည်။

ရန်မင်းသည် ပညာရှိ၏ရှေ့မှ ဝိုင်အရက်ကိုငဲ့ကြည့်၍ အောက်သို့ပြန်ငုံ့ကာ ပိုးပေစာထဲ၌ တစ်စုံတစ်ခုကို ဆက်၍ရေးနေလေသည်။

ရန်မင်းဘာမှမပြောသည်ကိုမြင်သောအခါ ပညာရှိလည်း ကြောက်လန့်ကာ ပို၍ချွေးပျံလာသည်။ ပညာရှိသည် သူ၏ခြောက်သွေ့နေသောနှုတ်ခမ်းများကို လျှာနှင့်လျက်၍ ခန္ဓာကိုယ်အား အနည်းငယ်မျှပင် မလှုပ်ဝံ့ဖြစ်နေသည်။

စားပွဲ၌ကုန်း၍ အမြန်ရေးနေသော ရန်မင်းသည် မကြာမီ၌ စာပိုဒ်တစ်ပိုဒ်ရေးပြီးသွားသည်။ ထို့နောက်တွင်မှ စုတ်တံကိုချကာ မော့ကြည့်လိုက်ချိန်တွင် ရန်မင်း၏မျက်ခုံးများက တွန့်ရှုံ့နေကြသည်။

ပညာရှိက ချွေးစေးများပြန်လာပြန်၍ အနောက်သို့ဆုတ်ကာ ဒူးထောက်မိတော့မတတ်ပင်ဖြစ်သွားသည်။

ထိုအချိန်၌ ချန်ရုံ၏အသံထွက်ပေါ်လာသည်။
"အရှင် ပါးစပ်တွေခြောက်နေရင် ဝိုင်အရက်တစ်ခွက်လောက်သောက်လိုက်ပါလား...ချွေးတွေပျံနေရင်လည်း မျက်နှာကိုသုတ်လိုက်လေ..."

ပညာရှိလည်း ယခုမှပင် အသိဝင်သွား၍ သူ၏ဤပုံစံကြောင့် ရန်မင်း မကျေမနပ်ဖြစ်နေသည်ကို သတိထားမိသွားသည်။ ထိုအခါမှသာ ပညာရှိသည် ဝိုင်အရက်ခွက်ကိုမော့သောက်လိုက်၍ ချွေးများကိုသုတ်ကာ ပြန်ထိုင်လိုက်သည်။

ချန်ရုံက ခေါင်းကိုခါ၍ ထပ်ပြောလိုက်သည်။
"တစ်ခုခုသတင်းပို့စရာရှိရင် အခုပဲပြောလိုက်ပါ အရှင်...တပ်မှူးရန်က အရမ်းအလုပ်များတဲ့လူဖြစ်တဲ့အတွက် သူက အမြဲတမ်း အရင်စပြီး မေးမနေနိုင်ဘူးလေ..."

"ဟုတ်ကဲ့...ဟုတ်ကဲ့ ဟုတ်ကဲ့..."

ထိုအခါမှသာ ပညာရှိသည် သူဝင်လာသည့်အခါတိုင်း အဘယ်ကြောင့် တပ်မှူးက ဒေါသထွက်နေရသည်ကို သိသွားတော့သည်။

ပညာရှိသည် မတ်တပ်ရပ်လိုက်၍ လက်များကို မြှောက်ပြကာ ရန်မင်းအား ပြောလိုက်သည်။
"တပ်မှူး ကျွန်ုပ်တို့ နန်ယန်မင်းသားဆီကနေ ရိက္ခာလှည်းအစီး နှစ်ဆယ်နဲ့ ပိုးထည် အစီးတစ်ရာတို့ကို ယူထားပြီးပါပြီ...ဒီမှာ မှတ်တမ်းတွေပါ..."
ပညာရှိက ဝတ်ရုံထဲမှ ပေလွှာတစ်ခုကိုထုတ်လိုက်သည်။

ရန်မင်းက လှမ်းမယူပဲ အနောက်သို့ လက်ပြလိုက်သည်။
"သူ့ကိုပေးလိုက်..."

ပညာရှိက ပြောသည့်အတိုင်းပင် ချန်ရုံ့နားသို့လျှောက်လာ၍ ပေလွှာကို ကမ်းပေးလိုက်သည်။

ချန်ရုံက စကားပင်မပြောနိုင်ပဲ အလွန်အံ့ဩနေမိသည်။ သို့သော် ခဏအကြာတွင်မှ နွမ်းနယ်စွာပြုံး၍ ပညာရှိ၏လက်ထဲမှ ပေလွှာကို လှမ်းယူကာ အထဲမှ အချက်အလက်များကို ဖတ်နေလိုက်သည်။

ထို့နောက် ရန်မင်းက လက်ကိုဝှေ့ယမ်း၍ ပညာရှိအား ထွက်သွားခိုင်းလိုက်သည်။

ချန်ရုံသတိမထားလိုက်မိခင်မှာပင် ရန်မင်းနှင့် ချန်ရုံတို့သာ တဲထဲ၌ ကျန်ခဲ့တော့သည်။

စုတ်တံကို အဆက်မပြတ်လှုပ်ရှားနေဆဲတွင် ရန်မင်းက ရုတ်တရက်မေးလိုက်သည်။
"မိန်းကလေး မင်းကို ငါဘာဖြစ်လို့ဒီကိုခေါ်ထားရလဲဆိုတာ သိပြီလား..."

ချန်ရုံက ရန်မင်းအား လှမ်းကြည့်လိုက်သည်။

"ဟုတ်ကဲ့..."
ခဏအကြာမှ ချန်ရုံက ပြန်ဖြေလိုက်သည်။

ရန်မင်းသည် အလွန်ပင် စိတ်ကြည်နေပုံရသည်။ သူသည် ရယ်လိုက်၍ ဖော်ရွေစွာပြောလိုက်သည်။

"ငါတွေ့ဖူးသမျှလူတွေထဲမှာ ငါ့အကြောင်းကိုမင်းလောက်သိတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး..."

ထိုစကားကိုကြားသောအခါ ချန်ရုံ၏နှလုံးသားက တဒိတ်ဒိတ်ခုန်လာတော့သည်။ ကိုယ့်ကိုယ်ကိုယ်ထိန်းထားမိသော်လည်း အင်္ကျီလက်အောက်၌ လက်များကို ဆုပ်နယ်နေမိသည်။ ရန်မင်း လက်ထပ်မည့်ကိစ္စကို ပြောဆိုဦးမည်လား။ ထိုသို့ပြောလာလျှင်ရော ချန်ရုံ လက်ခံလိုက်ရမည်လား။

ချန်ရုံက အလွန်ပင်စိတ်ရှုပ်ထွေးသွားသော်လည်း ရန်မင်းက‌ ဘာမှဆက်မပြောတော့ချေ။

ရန်မင်းသည် စားပွဲ၌ စုတ်တံဖြင့် စာများဆက်ရေးနေဆဲသာဖြစ်သည်။

အချိန်အတော်ကြာမှ မော့မကြည့်ပဲ ပြောလိုက်သည်။

"မင်းမှာ လုပ်စရာမရှိရင် ပိုးပေလွှာတွေနဲ့ စစ်တပ်အမိန့်တွေကို စီပေးပါလား..."

"ရှင်..."
ချန်ရုံက အလန့်တကြားအော်လိုက်မိသည်။

ချန်ရုံသည် ဖျော့တော့သည့်အပြုံးလေးဖြင့် ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်သည်။ တဲထဲ၌ ချန်ရုံသို့နှစ်ယောက်သာရှိသောကြောင့် ရန်မင်းက ချန်ရုံ့ကိုမပြောပဲ မည်သူ့ကို ပြောနေရမည်နည်း။

ရပါသည်။ ယခုလည်း ချန်ရုံ၏ဘဝတစ်သက်လုံးကို ရန်မင်းနှင့် ကုန်ဆုံးရတော့မည့်အခြေအနေရောက်နေမှတော့ ယခုတည်းကစ၍ ရန်မင်းစိတ်ကျေနပ်အောင် လုပ်ပေးလိုက်ရလျှင်လည်း ဘာမှမထူးပါတော့ချေ။

ထိုအတွေးဖြင့် ချန်ရုံသည် မတ်တပ်ထရပ်လိုက်၍ ရန်မင်းနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ပိုးပေလွှာများနှင့် စစ်တပ်အမိန့်များကို ကောက်ယူကာ သူမ၏စားပွဲပေါ်သို့ ပြောင်းရွှေ့လိုက်၍ စာရေးကိရိယာများကိုထုတ်ကာ စတင်၍ ရေးသားနေတော့သည်။

မကြာမီတွင် အကြံပေးတစ်ဦးက ရောက်လာ၍ ဝတ်ရုံထဲမှ စာအုပ်တစ်အုပ်ကိုထုတ်ကာပြောလိုက်သည်။

"တပ်မှူး ကိစ္စတွေကတော့ အရမ်းကိုအဆင်ပြေနေပြီ...ရိက္ခာတွေ နန်ယန်ကို မရောက်အောင် ကျွန်ုပ်တို့ တားဆီးလိုက်နိုင်ပြီ..."

ထို့နောက် ပညာရှိက လျှာကိုစုတ်သပ်ကာ ရွှင်မြူးစွာပြောလိုက်သည်။

"ရိက္ခာတွေကလည်း တကယ်ကိုအများကြီးပဲ လှည်း ၄၀ လောက်ရှိတယ်...ကျွန်ုပ်တို့ စစ်ဆေးကြည့်တော့ အဲဒီအဖွဲ့က တကယ်ပဲ ချန်ယွမ်နဲ့ နန်ယန်က ရွမ်မိသားစုတို့ ရိက္ခာသယ်ဆောင်ဖို့သုံးတဲ့ အဖွဲ့ဖြစ်နေတယ်...ဟားဟား အဲဒီလမ်းကလည်း သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို ပို့ဆောင်ဖို့သုံးတဲ့ ပင်မလမ်းဖြစ်နေတယ်လေ...အခုတော့ ကျွန်ုပ်တို့က အကုန်လုံးကို ဖမ်းမိသွားပြီ...နန်ယန်ကလူတွေကတော့ သူတို့ရဲ့ ရိက္ခာတွေဆုံးရှူံးကုန်တာ နောက်ဆယ်ရက်လောက်အထိ သိသေးမှာမဟုတ်ဘူး...ကျွန်ုပ်တို့ရဲ့စီစဉ်မှုကြောင့် သူတို့ရဲ့ရိက္ခာတွေပျောက်ဆုံးတာကလည်း မောယန်က လူ‌ရိုင်းတွေရဲ့ လက်ချက်ကြောင့်လို့ပဲထင်မှာ...အဲဒီလျှို့ဝှက်လမ်းကို လူတွေသိသွားပြီလို့လည်း မထင်ပဲ နောက်ကျရင်လည်း အဲဒီလမ်းကိုပဲ ပစ္စည်းတွေသယ်ပို့ဖို့ ဆက်သုံးနေဦးမှာပဲ..."

ထို့နောက် ပညာရှိက ရယ်၍ ပြောလိုက်သည်။
"တပ်မှူး ကျွန်ုပ်တို့တော့ ရွှေတွင်းတူးမိတာပဲ..."

ရန်မင်းကလည်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထို့နောက် ချန်ရုံ စိတ်လှုပ်ရှားနေသည်ကိုမြင်သောကြောင့် လက်ကိုဝှေ့ယမ်း၍ အလွန်အပျော်လွန်နေသော အကြံပေးအား ထွက်သွားခိုင်းလိုက်တော့သည်။

ထိုအကြောင်းများ‌ကြောင့် ရန်မင်း၏တဲထဲမှ ချန်ရုံထွက်လာချိန်တွင် လသည် ခေါင်းပေါ်တည့်တည့်၌ သာနေပြီဖြစ်သည်။

အထိန်းတော်ဖျင်က ချန်ရုံ့နားသို့လျှောက်လာသည်။ ချန်ရုံက သူမ၏လက်မောင်းကို နှိပ်နယ်နေ၍ ပင်ပန်းနေပုံပေါက်နေသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်လည်း မနေနိုင်ပဲ မေးလိုက်မိသည်။

"မမလေး...အဆင်ပြေရဲ့လား..."

ချန်ရုံက အထိန်းတော်ဖျင်အားလှမ်းကြည့်၍ နွမ်းနယ်စွာပြောလိုက်သည်။

"သူ့မှာ ဒီလောက်အလုပ်တွေများမှန်း ကျွန်မမသိခဲ့ဘူး...အဲဒီအလုပ်တွေရဲ့ အပုံသေးသေးလေး ပြီးဖို့တောင် ကျွန်မ တစ်နာရီလောက်အချိန်ယူခဲ့ရတယ်..."

အထိန်းတော်ဖျင်က အံ့ဩစွာမေးလိုက်သည်။
"မမလေး ဘာတွေပြောနေတာလဲ..."

ချန်ရုံက စိတ်မရှည်စွာပြန်ပြောလိုက်သည်။

"ဘာမှမဟုတ်ဘူး...ကျွန်မ တပ်မှူးရန်ကိုကူပြီး သူ့ရဲ့စာရွက်စာတမ်းတွေကို လုပ်ပေးနေတာ...သူ့ရဲ့တပည့်တွေ ဝင်လာတိုင်းလည်း ရန်မင်းရဲ့ဒေါသကိုမဆွမိအောင်လို့ ကိစ္စကိုအမြန်ပြောဖို့ ကျွန်မက ပြောပေးနေရတယ်..."

ဟင်?
အထိန်းတော်ဖျင်ကတော့ လုံးဝကိုပင် အံ့ဩဆွံ့အသွားသည်။

အထိန်းတော်ဖျင်သည် မလှုပ်မရှားနှင့်ရပ်နေမိပြီး ခဏအကြာမှ အသိပြန်ဝင်လာသည်။ ချန်ရုံက အနားမှ ထွက်သွားသည်ကိုမြင်သောအခါ ချန်ရုံ့နောက်သို့ အမောတကောလိုက်ကာ မေးလိုပ်သည်။

"မမလေး ရိက္ခာတွေအကြောင်းရော တပ်မှူးရန်ကို မေးလိုက်သေးလား...မမလေးရဲ့ဦးလေးက သူ့‌အဖြေကိုစောင့်နေတာလေ..."

အထိန်းတော်ဖျင်၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ချန်ရုံက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။

ထိုအခါ အထိန်းတော်ဖျင်သည် ကြောက်လန့်လွန်း၍ ငိုချမတတ်ပင် ဖြစ်သွားတော့သည်။ အထိန်းတော်ကြီးသည် တဆတ်ဆတ်တုန်ယင်၍ ပြောလိုက်သည်။

"ဒါဆို ကျွန်မတို့ ဘာလုပ်ကြပါမလဲ...ဒီလိုမျိုး နောက်တစ်ရက် နောက်တစ်ရက်နဲ့ အချိန်တွေဆွဲနေရင် မမလေးရဲ့ ဂုဏ်သတင်းလည်း ရစရာရှိတော့မှာမဟုတ်ဘူး..."

ချန်ရုံက လှည့်မကြည့်ပဲ ရှေ့သို့သာ ဆက်လျှောက်သွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရုံ့၌ ဂုဏ်သတင်းဟူ၍လည်း ရှိတော့သည်မဟုတ်ချေ။ ထို့အပြင် နန်ယန်သို့‌ပြန်ရောက်၍ ရိက္ခာများကိုမတွေ့ရလျှင် ချန်ယွမ်နှင့် သခင်မရွမ်တို့က သူမ အား သတ်ပစ်လိုက်ကြမည်ကို ချန်ရုံစိုးရိမ်နေမိသည်။ မသတ်လျှင်လည်း အခြားအမျိုးသားတစ်ယောက်၏လက်ထဲသို့ ချန်ရုံ့အား ထည့်လိုက်နိုင်သည်။

ချန်ရုံသည် ရှေ့အနာဂတ်အတွက် လမ်းမမြင်တော့၍ မည်သို့ ရှေ့ဆက်ရမည်ကိုလည်း မသိတော့ချေ။ နောက်ထပ်အချိန်အနည်းငယ်၊ ရက်အနည်းငယ်လောက် ထပ်စောင့်လိုက်လျှင်တော့ ကောင်းသည့်အရာ တစ်ခုခုများ ဖြစ်လာမည်လား.....


Xxxx