အပိုင်း ၁၃၆
Viewers 18k

Chapter 136


နောက်‌တစ်နေ့နံနက်စောစောတွင် ဆူညံသံများကြောင့် ချန်ရုံနိုးလာရသည်။

ချန်ရုံသည် ကုတင်ပေါ်မှ ဆင်း၍ အဆက်မပြတ်ထွက်နေသော မြင်းဟီသံများ၊ လူသံများအပါအဝင် ပစ္စည်းများရွှေ့နေသံတို့ကို နားထောင်နေမိသည်။ အမျိုး‌မျိုးသောအသံများက စခန်းတစ်ခုလုံးကို ဖုံးလွှမ်းနေကြသည်။

"ဘာတွေဖြစ်နေကြတာလဲ..."
အထိန်းတော်ဖျင်က အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။

ချန်ရုံက ဘာမှပြန်မပြောပဲ အပြင်မှလူများကို မျက်နှာချင်းဆိုင်ကာ မေးလိုက်သည်။

"ဘာဖြစ်နေကြတာလဲ..."

စစ်သည်တစ်ဦးက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ စခန်းရွှေ့မလို့ပါ..."

ဟင်...စခန်းရွှေ့မလို့တဲ့လား...

ချန်ရုံက တဲထဲမှနေ၍ အပြင်သို့ ထွက်လိုက်သည်။ ထို့နောက်တွင်မှ မျက်နှာမသစ်ရသေးသည်ကို သတိရသွားသောကြောင့် အထိန်းတော်ဖျင်အား လှမ်းပြောလိုက်သည်။

"မြန်မြန်...ကျွန်မကို မျက်နှာသစ်ဖို့ကူပေးဦး..."

"ဟုတ်ကဲ့ ဟုတ်ကဲ့..."

အထိန်းတော်ဖျင်ကလည်း အူယားဖားယားပြေးလာလေသည်။

ကတိုက်ကရိုက်ဖြင့် မျက်နှာသစ်ခြင်းကိစ္စပြီးသွားသည့်အခါ ချန်ရုံသည် မျက်နှာကာဇာပါသည့်ဦးထုပ်ကိုဆောင်း၍ ရန်မင်း၏တဲဆီသို့ လျှောက်သွားလိုက်သည်။

တဲဆီသို့ ချန်ရုံရောက်သွားသောအခါ တဲအပြင်၌ စစ်သည်ခေါင်းဆောင် အယောက် ၃၀ ၄၀ တို့သည် တန်း ၂တန်းစီတန်း၍ ရန်မင်း၏ အမိန့်များကို နာခံနေကြသည်။

ထို့ကြောင့် ချန်ရုံလည်း ဘာမှမတတ်နိုင်ပဲ ရပ်၍သာစောင့်နေရလေသည်။

အချိန်အတော်ကြာသောအခါမှ စစ်သည်ခေါင်းဆောင်များလည်း မြင်းများပေါ်သို့တက်၍ ထွက်ခွာသွားကြတော့သည်။

ရန်မင်းက တဲထဲသို့ ပြန်ဝင်မည်အလုပ်တွင် ချန်ရုံက အနောက်သို့ပြေးလိုက်သွားလိုက်သည်။

ရန်မင်းဆီသို့ ချန်ရုံရောက်သွားသောအခါ ရန်မင်းသည် တပည့်များ၏အကူအညီဖြင့် သံချပ်ကာဝတ်စုံကို ဝတ်ဆင်နေပြီဖြစ်သည်။ လေးလံသော အမည်းရောင်သံပြားများ တစ်စပြီးတစ်စ ရန်မင်းပေါ်သို့ တပ်ဆင်နေကာ သံပြားများ တစ်ခုနှင့်တစ်ခု ထိခိုက််သည့်အသံက ကြောက်မက်ဖွယ်ကောင်းစွာ အေးစက်နေကြသည်။

ချန်ရုံသည် လျှောက်သွား၍ ရန်မင်း၏ရှေ့၌ ရပ်လိုက်သည်။ ရန်မင်းအားတစ်ချက်ကြည့်လိုက်ပြီးမှ ခါးညွှတ်၍ အရိုအသေပေးလိုက်သည်။ ရန်မင်းသည် ပုံမှန်ကပင် ဟိတ်ဟန်ကြီးမားလွန်း၍ တုန်လှုပ်ဖွယ်ဖြစ်နေရကာ ယခုကဲ့သို့ သံချပ်ကာနှင့် ခေါင်းဆောင်းဝတ်ဆင်ထားသည့်အခါ သူ၏သွေးဆာမှုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

ချန်ရုံသည် နှုတ်ခမ်းကိုကိုက်၍ ခေါင်းကိုမော့ကာ ဒေါသတကြီးပြောလိုက်သည်။

"တပ်မှူးရန် ဒါက ဘာသဘောပါလဲ...အရှင့်ရဲ့ စစ်တပ်က ပြောင်းရွှေ့တော့မယ်ဆိုတာကို ဘာဖြစ်လို့ ကျွန်မကို မပြောရတာပါလဲ...'
ချန်ရုံသည် သူမ မည်မျှဒေါသထွက်နေသည်ကို ရန်မင်းမြင်စေရန် ဦးထုပ်ကိုပင် ချွတ်ပြလိုက်သည်။

ရန်မင်းက သူ၏ခေါင်းဆောင်းကို စစ်သည်တစ်ဦးက ချည်ပေးရန် ခေါင်းကိုမော့ပေးလိုက်သည်။ ချန်ရုံ၏စွပ်စွဲမှုကိုကြားသောအခါ ချန်ရုံ့အား တစ်ချက်လှမ်းကြည့်၍ ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်သည်။

"ငါက ဘာဖြစ်လို့ မင်းကိုပြောရမှာလဲ..."

ချန်ရုံ၏ ရန်မင်းစအရှိန်အဝါကို ကြောက်လန့်နေမိသော်လည်း ရန်မင်းပြောလိုက်သည့်စကားကြောင့် ဒေါသမီးများက အသစ်တစ်ဖန် တောက်လောင်သွားကြသည်။ ချန်ရုံသည် အံကိုကြိတ်၍ အသက်ပြင်းပြင်းရှူကာ ဒေါနဲ့မောနှင့် ပြောလိုက်သည်။

"တပ်မှူး...ရှင့်ရဲ့စစ်သည်တွေအပြင် မိန်းကလေးတစ်ယောက်ကိုလည်း ရှင့်ရဲ့ ဧည့်သည်အဖြစ်လက်ခံထားတယ်ဆိုတာ မမေ့ပါနဲ့..."

ချန်ရုံကထိုသို့ပြောလိုက်သောအခါ ရန်မင်းသည် သူ၏နှုတ်ခမ်းပါးများကို တွန့်ကွေး၍ အော်ရယ်လိုက်သည်။

ထို့နောက် ဘာမှပြန်မပြောပဲ ချန်ရုံ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ချန်ရုံ၏မျက်နှာက တဖြည်းဖြည်းနီရဲလာ၍ မျက်လုံးများထဲ၌ ဒေါသများလျှံထွက်လာသည့်အခါမှပင် ရန်မင်းသည် မျက်နှာကို ပြန်တည်ကာ ပြောလိုက်သည်။

"အခုအချိန်မှာ နန်ယန်က အရမ်းအန္တရာယ်များတဲ့နေရာဖြစ်နေတာ...ပြီးတော့ မင်းကလည်း မင်းရဲ့အိမ်တော်ကို စော်ကားမိထားတယ်မဟုတ်လား...ဘာဖြစ်လို့ အဲဒီကို ပြန်ဦးမှာလဲ..."

ရန်မင်း၏စကားမဆုံးသေးခင်မှာပင် ချန်ရုံက အော်ပြောလိုက်သည်။

"အဲဒါက ကျွန်မရဲ့ ကိစ္စပါ..."

ရန်မင်းက ရယ်လိုက်ပြန်သည်။ ထို့နောက် ရန်မင်းသည် တစ်ဖက်သို့လှည့်၍ စစ်သည်များက နောက်ကျောအကာနှင့် ဝတ်ရုံကို ဝတ်ဆင်ပေးနိုင်ရန် လက်များကို ဆန့်တန်းပေးလိုက်သည်။

အချိန်အတော်ကြာသည်အထိ ရန်မင်းက ဘာစကားမှ ပြောမလာချေ။

ထို့ကြောင့် ချန်ရုံလည်း တစ်ဖက်သို့သွား၍ ရန်မင်းရှေ့၌ ရပ်လိုက်ပြန်သည်။

"တပ်မှူး...ရှင် ကျွန်မမေးတာကို မဖြေရသေးဘူး..."
ချန်ရုံက မျက်စောင်းထိုးကာပြောလိုက်သည်။

ရန်မင်းက ပျင်းရိပျင်းတွဲပုံဖြင့် ချန်ရုံ့အားလှမ်းကြည့်လိုက်၍ ချန်ရုံက သူ့အား ဒေါသတကြီးကြည့်နေသည်ကို မြင်သောအခါ ရယ်ချင်သွားပြန်သည်။

အဝတ်အစားများအပြည့်အစုံဝတ်ပြီးသောအခါ ရန်မင်းသည် တစ်ဖက်သို့လှည့်၍ တဲအပြင်သို့ထွက်လိုက်သည်။

ထိုအချိန်ထိလည်း ဘာစကားမှမပြောသေးချေ။

အစောင့်တစ်ယောက်က ရန်မင်း၏မြင်းကိုခေါ်လာသည်ကိုမြင်သောအခါ ရန်မင်းက ထိုအနားသို့လျှောက်သွားသောကြောင့် ချန်ရုံက အနောက်မှလိုက်၍ အော်ဟစ်လိုက်သည်။

"ရန်မင်း!..."
ရုတ်တရက်ဆိုသလိုပင် ရန်မင်းသည် ချန်ရုံ့အား ခါးမှပွေ့ချီလိုက်၍ မြင်းပေါ်သို့တင်လိုက်သည်။

လန့်ဖြန့်သွား၍ တောင့်တင်းသွားသောချန်ရုံ့ကို သူ၏ရှေ့၌ ထိုင်စေပြီးသောအခါ ဘယ်ဘက်လက်ဖြင့် ချန်ရုံ၏ခါးကို ထိန်းကိုင်ထားလိုက်သည်။

ထို့နောက် ရန်မင်းက ပြုံး၍ပြောလိုက်သည်။

"လောကကြီးတစ်ခုလုံးတားမြစ်နေတာတွေကို လျစ်လျူရှုပြီးတော့တောင် မင်း ငါ့ဆီလာခဲ့တယ်မဟုတ်လား...အဲဒါဆိုရင် ဘာဖြစ်လို့ နန်ယန်ကို ပြန်သွားနေဦးတော့မှာလဲ...'

ထိုသို့ပြောလိုက်၍ ရန်မင်းသည် မြင်းကိုကန်ကာ ကဆုန်ဆိုင်းစီးသွားလိုက်လေသည်။

မြင်း၏လှုပ်ရှားမှုကြောင့် ရန်မင်း၏ မာကျောသော သံချပ်ကာများက ချန်ရုံ၏နူးညံ့သောအသားလေးများကို ပွတ်တိုက်နေကြသည်။

ရန်မင်း၏ ဘယ်ဘက်လက်သည် မရည်ရွယ်ပဲ သူ့ရှေ့၌ထိုင်နေသော မိန်းကလေး၏ခါးကို တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။ ရန်မင်းသည် ခေါင်းကိုငုံ့၍ ချန်ရုံ၏နားနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။

"မင်းရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သတ်လို့တော့ စိတ်မပူပါနဲ့...အချိန်ကျလာရင် ငါမင်းကို တရားဝင် လက်ထပ်ယူမှာ...ဟားဟား ကျိုးဝမ်ကျွင်းနဲ့ စစ်မားရှန်းရူတို့ရဲ့ ခိုးပြေးမှုက တကယ်ကို ရာဇဝင်တွင်ခဲ့တာပဲ...သူတို့ရဲ့ဇာတ်လမ်းအတိုင်းပဲ မင်းလည်း ‌'ကျေးဇူးတရား'အတွက်နဲ့ ငါ့နောက်ကို လိုက်ခဲ့ပါတော့လား အားရုံ...အခုကိုလည်း ငါတို့နှစ်ယောက် ခိုးပြေးနေတယ်လို့ သဘောထားလိုက်လေ..."

ထိုသို့ပြော၍ ချန်ရုံ၏တစ်ကိုယ်လုံးတောင့်တင်းသွားသည်ကို မြင်သောအခါ ရန်မင်းက ရယ်မောလိုက်ပြန်သည်။ ရန်မင်းသည် မြင်းကိုကန်၍ ပို၍ အရှိန်မြန်မြန်သွားစေလိုက်သည်။ ဘေးတစ်ဖက်တစ်ချက်မှ လေတဝှီးဝှီးတိုက်သံကြောင့် ချန်ရုံ၏ နားစည်များပင် နာလာရသည်။

ရန်မင်း၏သံချပ်ကာကလည်း ချန်ရုံ၏နောက်ကျောကို ပွတ်တိုက်နေ၍ တစ်ခါထိလိုက်တိုင်း နာကျင်သွားရသည်။

သို့သော်လည်း ချန်ရုံသည် ဘာမှမပြောပဲ ခေါင်းကိုသာ ငုံ့၍ မျက်လုံးကို တင်းကျပ်စွာမှိတ်ထားလိုက်သည်။

"တပ်မှူးရန်..."

အချိန်အတော်ကြာမှ ချန်ရုံက တီးတိုးလေးခေါ်လိုက်သည်။

"ကျွန်မရဲ့ အုပ်ထိန်းသူတွေက ဒီမှာမရှိပေမယ့် ကျွန်မက မြင့်မြတ်တဲ့မျိုးရိုးကဆင်းသက်လာတဲ့ အမျိုးသမီးတစ်ယောက်ပါ...အဲဒါကြောင့် ကျွန်မဘာသာ ရထားလုံးနဲ့ လိုက်ပါလာလို့ရအောင် အောက်ကိုချပေးပါ..."

ချန်ရုံပြောလိုက်သည့် "လိုက်ပါလာမည်" ဆိုသောစကားသည် အဓိပ္ပာယ်နှစ်မျိုးသက်ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။

ရန်မင်းက ရုတ်တရက် ကြောင်သွားသည်။

ထို့နောက်တွင်မှ အသံတိုးတိုးဖြင့် ရယ်လိုက်သည်။
"မိန်းကလေး...မင်းကို ငါလက်ထပ်ခွင့်တောင်းတာကို မင်းလက်ခံလိုက်တာလား...'

"ဪ ဟုတ်သားပဲ..."

ထို့နောက် ရန်မင်းက သူ့ဘာသာသူ ပြောလိုက်သည်။

"မင်းက ငါ့ကိုပဲ လက်ထပ်လို့ရတော့မှာပဲ...ဂုဏ်တွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ပြည့်နေတဲ့ အထက်တန်းလွှာတွေက မင်းကို လက်မထပ်ချင်ကြတော့ဘူးမဟုတ်လား..."

ရန်မင်း၏စကားများကြောင့် ချန်ရုံက ခပ်တောင့်တောင့်လေးပြုံးလိုက်သည်။

"အရင်ထဲကလည်း..."
ချန်ရုံက အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ဘယ်အထက်တန်းလွှာကမှ ကျွန်မကို လက်မထပ်ချင်ခဲ့ပါဘူး...အရမ်းကို မြင့်မြတ်တဲ့ ဝမ်ချီလန်ကလည်း ကျွန်မကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူးလေ..."

ထို့နောက် ချန်ရုံသည် မျက်ရည်များကိုစီးမကျလာစေရန် မျက်လုံးကို အတင်းမှိတ်ထားလိုက်သည်။ ပြီးမှ နှုတ်ခမ်းကိုဖိကိုက်၍ လေူနက်စွာပြောလိုက်သည်။

"တပ်မှူးရန် ကျွန်မကို အောက်ချပေးပါ...ကျွန်မ ရထားလုံးထဲမှာ ထိုင်ပါရစေ..."

ချန်ရုံက ခေါင်းမာစွာပြောလိုက်သည်။

ချန်ရုံ၏ပုံမှန်မဟုတ်သည့်လေသံကိုနားထောင်၍ ရန်မင်းက အော်ရယ်ကာ မြင်း၏အရှိန်ကိုလျှော့လိုက်သည်။ ထို့နောက်တွင်မှ ချန်ရုံ့အား အောက်သို့ချပေးလိုက်လေသည်။

ချန်ရုံ့အား အောက်သို့ချပေးပြီးသောအခါ ရန်မင်းသည် မြင်းပေါ်မှ ခန့်ငြားသည့်ပုံစံဖြင့် ချန်ရုံ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"အားရုံ...မင်း အဲဒီ ဝမ်ချီလန်ဆိုတဲ့လူကို တကယ်ပဲ ချစ်နေတာလား..."

ချန်ရုံက ရန်မင်းအား မော့ကြည့်လိုက်သည်။ သူမ၏ တောက်ပ၍ ပြူးကျယ်သောမျက်လုံးများထဲ၌ ဆိုင်းတွခြင်းနှင့် စိတ်လွန်ဆွဲခြင်းများ ပေါ်နေသည်။

အချိန်အတော်ကြာသည့်အခါမှ ချန်ရုံသည် ရန်မင်းအားမျက်နှာချင်းဆိုင်၍ တည်ငြိမ်စွာဖြေလိုက်သည်။

"ဟုတ်ကဲ့..."

ချန်ရုံ ထိုစကားကိုပြောလိုက်သည့်အချိန်တွင် ရန်မင်းကိုကြည့်နေရာမှ အကြည့်တစ်ချက်မလွှဲပဲ မျက်နှာကိုလည်း ပျက်မသွားအောင် ထိန်းထားလိုက်သည်။

ရန်မင်း၏ချောမောသည့်မျက်နှာပေါ်မှ အပြုံးက အေးစက်သွားသည်။

ရန်မင်းသည် မြင်းကို ဇတ်သတ်ကာ ရပ်ခိုင်းလိုက်သည်။ ထို့နောက် မြင်းပေါ်မှဆင်း၍ ခေါင်းငုံ့ကာ ချန်ရုံ့အား ကြည့်နေရင်းဖြင့် ရုတ်တရက် ချန်ရုံ၏မေးစေ့ကိုဆွဲမလိုက်သည်။ သူ၏ နက်မှောင်သောမျက်လုံးများ၌ ဒေါသမီးများတောက်နေလေသည်။

ရန်မင်း၏နှုတ်ခမ်းများက တင်းတင်းစေ့သွားကာ အေးစက်၍ ကြောက်မက်ဖွယ်ကောင်းသောအသံဖြင့်မေးလိုက်သည်။

"ဘယ်အချိန်တည်းကလဲ..."

ချောမောသောမျက်နှာ၌ လူသတ်ချင်စိတ်များ ဖုံးလွှမ်းလာသည်။

"ငါ့ကိုပြောစမ်း...ဘယ်အချိန်တည်းကလဲ..."

အစကတော့ ချန်ရုံသည် ထိုစကားများကိုပြောလိုက်မိသည့်အတွက် နောင်တရသွားမိသည်။ ထိုမျှ တုံးအရသည့်အတွက်လည်း ကိုယ့်ကိုယ်ကိုယ် မုန်းတီးသွားမိသည်။ ဘာကြောင့်များ ထိုကဲ့သို့သောအဖြေကို ရန်မင်းအား ပေးလိုက်မိပါလိမ့်။ သူမ၏အနာဂတ်ကို သူမကိုယ်တိုင် ဖျက်ဆီးလိုက်မိသည့်အတွက်လည်း သူမကိုယ်သူမသာ ရိုက်ပုတ်လိုက်ချင်တော့သည်။ ချန်ရုံသည် ရန်မင်းအားလက်ထပ်ရန် စိတ်ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည့်အတွက် သူမ ဆံပင်များဖြူဖွေး၍ အိုမင်းသွားချိန်အထိ၊ မြေပြင်အောက် ခြေက်ပေအကွာ၌ မြှုပ်နှံခံရမည့်အချိန်အထိ ဝမ်ဟုန်နှင့်ပတ်သတ်သမျှ အရာအားလုံးကို ဖုံးဖိထားလိုက်သင့်ပြီဖြစ်သည်။

သို့သော်လည်း ချန်ရုံ၏စိတ်ထဲမှ အမြဲတစေ ရိုက်ခတ်နေသော အတိတ်ဘဝမှ ချန်ရုံ၏အမုန်းတရားက ကြီးမားလွန်းနေသည်။ ထို့ကြောင့် အရာအားလုံးကို သူချုပ်ကိုင်နိုင်သည်ဟု ထင်နေ၍ အလွန်ကိုပင် ပြုံးပျော်ရွှင်နေသော ရန်မင်း၏မျက်နှာကို မြင်လိုက်သောအခါ ချန်ရုံသည် အရာအားလုံးကို တစ်စစီဖြစ်စေရန် လုပ်ချင်စိတ်က အလွန်ကြီးထွားလာမိသည်။ ချန်ရုံ၏ဘဝတစ်ခုလုံးကိုပင် ဖျက်ဆီးရစေကာမူ၊ ချန်ရုံ ထိုစကားကိုပြောလိုက်သည့်အချိန်၌ ဖြစ်သွားမည့်ရန်မင်း၏မျက်နှာကို ချန်ရုံ ကြည့်ချင်နေမိလေသည်။

ယခုတော့ ချန်ရုံ မြင်ရလေပြီ။

ချန်ရုံသည် ခေါင်းကိုမော့၍ ရန်မင်းအား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ထိုအချိန်၌ ခံစားလိုက်ရသော ပျော်ရွှင်မှုနှင့် နာကျင်မှုတို့ကြောင့် ချန်ရုံ၏မျက်လုံးထဲ၌ မျက်ရည်များဝဲလာတော့သည်။

ဒေါသထွက်နေသောရန်မင်းက သူ၏မေးခွန်းကြောင့် ချန်ရုံ မျက်ရည်ကျလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ရန်မင်းသည် ချန်ရုံ၏မေး‌စေ့ကိုကိုင်ထားသောလက်ကိုဖြေလျှော့လိုက်၍ မျက်လုံးများထဲမှလည်း ဒေါသများလျော့သွားကာ နားမလည်သလိုမေးလိုက်သည်။

"မင်းက ဘာဖြစ်လို့ ငိုနေရတာလဲ..."

ချန်ရုံက အကြည့်ကိုအောက်ချလိုက်၍ မျက်တောင်တစ်ချက်ခတ်ကာ အက်ကွဲသည့်အသံဖြင့်ရယ်လိုက်သည်။

"အရှင် ဒီလောက်ဒေါသထွက်သွားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားမိလို့ပါ..."

ချန်ရုံက ဘေးသို့ အကြည့်လွှဲလိုက်သည်။
"တပ်မှူးဘာဖြစ်လို့ အဲဒီလောက်တောင်ဒေါသထွက်သွားရတာလဲ ကျွန်မ သိခွင့်ရှိမလား..."

ချန်ရုံ၏မျက်လုံးများက မျက်ရည်များဝဲနေသော်လည်း ထိုမျက်လုံးများထဲမှ ဆွဲဆောင်မှုက ရန်မင်းအား ညှို့ငင်ထားသကဲ့သို့ဖြစ်နေသည်။

ရုတ်တရက်ကြောင်သွားသော ရန်မင်းလည်း သတိမထားလိုက်မိခင်မှာပင် ချန်ရုံ၏မေးစေ့ဆီမှ လက်ကိုလွှတ်၍ နှင်းဆီဖူးကဲ့သို့သော နှုတ်ခမ်းလေးများကို လက်မဖြင့် ပွတ်သပ်နေမိသည်။

"ငါမေးတာကိုဖြေလေ...မင်း ဘာဖြစ်လို့ ငိုနေရတာလဲ..."

ရန်မင်း၏လေသံက ပျော့ပျောင်းနေသော်လည်း အမိန့်ပေးနေသကဲ့သို့ မာထန်မှုကပါနေသည်။

ချန်ရုံသည် မျက်ရည်များစိုနေသော မျက်တောင်ရှည်များကို တစ်ချက်ခတ်လိုက်၍အောက်သို့ ဖြည်းဖြည်းချင်း ငုံလိုက်သော်လည်း ရန်မင်း၏မေးခွန်းကို ပြန်မဖြေလိုက်ချေ။

ချန်ရုံ၏မသိစိတ်က ရန်မင်း၏ဒေါသကိုပို၍ ဆွချင်နေသော်လည်း သူမ၏ ကျိုးကြောင်းဆင်ခြင်နိုင်စိတ်ကတော့ ဆက်မလုပ်ရန် အသိပေးနေသည်။ ထို့ကြောင့် ချန်ရုံသည် တိတ်တိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ရန်မင်း၏နှုတ်ခမ်းများက ပို၍ တင်းစေ့သွား၍ မျက်ခုံးများကလည်း တွန့်သွားကြသည်။

ထိုအချိန်မှာပင် အသံတစ်ခုက အော်ပြောလိုက်သည်။

"တပ်မှူး...ဘာဖြစ်လို့ ဆက်မသွားသေးတာလဲ..."

ရန်မင်းက အနောက်သို့ ဆတ်ခနဲလှည့်၍ ကြမ်းတမ်းစွာ အော်လိုက်သည်။
"တိတ်စမ်း...မင်းတို့ဘာသာ အရင်သွားနှင့်ကြ..."

ရန်မင်းက အလွန်ဒေါသထွက်နေသောကြောင့် စစ်သည်များအားလုံးလည်း ကြောက်လန့်သွားကြသည်။

"ဟုတ်ကဲ့ပါ တပ်မှူး..."

အော်လိုက်သည့်လူက ပြန်ဖြေ၍ မြင်းကို ဒုန်းစိုင်းစီးသွားတော့သည်။

ရန်မင်းက ချန်ရုံ့ဘက်သို့ ပြန်လှည့်လိုက်သည်။

ထို့နောက် အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"အားရုံ...ငါက စိတ်ရှည်တတ်တဲ့လူမဟုတ်ဘူးဆိုတာ မင်းလည်း သိမှာပါ..."

ချန်ရုံက နှုတ်ခမ်းများကိုတင်းတင်းစေ့လိုက်သည်။ ထို့နောက် ရန်မင်းအားကြည့်၍ ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။

"ဟုတ်တယ်...ကျွန်မအခုချစ်နေတဲ့လူက ဝန်ချီလန်ပဲ...ဒါပေမယ့် အရင်တုန်းက ကျွန်မချစ်ခဲ့တဲ့လူက ရှင်ပါ...ကျွန်မ ရှင့်ကို အရမ်းပဲ ချစ်ခဲ့ပါတယ်..."

စကားများကို တစ်ခွန်းစီပြောပြီးသောအခါ ရွဲ့သည့်အပြုံးလည်းဖြစ်၊ ပြောချင်သည်များကိုပြောလိုက်၍ လွတ်မြောက်သွားရသည့် အပြုံးလည်းဖြစ်သော အပြုံးကို ဖြည်းညှင်းစွာပြုံးလိုက်သည်။

"အခုအချိန်မှာ ရှင့်အပေါ်ကို လုံးလုံးလျားလျားကြီး ခံစားချက်မရှိတော့‌တာတော့ မဟုတ်ပေမယ့် ကျွန်မ အချစ်ဆုံးလူကတော့ ဝမ်ချီလန်ပါပဲ..."


Xxxxx