အပိုင်း ၁၃၇
Viewers 16k

Chapter 137
: ပွင့်လင်းခြင်း


ချန်ရုံသည် ရန်မင်းအားတိတ်ဆိတ်စွာ ကြည့်နေကာ ရန်မင်း၏အနောက်မှ ကျယ်ပြန့်သောတောင်တန်းများကိုလည်း လှမ်းကြည့်ရင်းက ခပ်တိုးတိုးပြောလိုက်သည်။

"လူ့ဘဝဆိုတာ မြက်တစ်ပင်နဲ့ ဘာမှမခြားပါဘူး...လေက ကျွန်မတို့ အသက်ရှင်သန်ဖို့လုံးဝမဖြစ်နိုင်တဲ့ ရေပွက်တစ်ခုစီကို ဘယ်အချိန်သယ်ဆောင်သွားမလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး...ဒါပေမယ့် ရှင်သိလား...ကျွန်မ ရှင့်ကို ကျွန်မထင်ထားခဲ့သလောက် ချစ်မနေဘူးလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်မ တော်တော်ပျော်သွားမိတယ်...အခုအချိန်မှာကိုပဲ ဒီလိုစကားတွေပြောနေရတာ ကျွန်မ ပျော်နေမိတယ်..."

ထိုပျော်ရွှင်မှုသည် တစ်ခဏသာ သာယာမှုပေး၍ ဆိုးကျိုးကိုသာပေးသော ညမှပေါက်သည့် အဆိပ်ပန်းကဲ့သို့ ယခုအချိန်မှစ၍ ထိုပျော်ရွှင်မှုကြောင့် ဖြစ်လာရမည့် နောက်ဆက်တွဲဆိုးကျိုးများကိုခံစားရတော့မည်ဖြစ်သော်လည်း ချန်ရုံကတော့ ပျော်နေမိသည်။ ဤပျော်ရွှင်မှုသည် ချန်ရုံ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသည့် ပျော်ရွှင်မှုမဟုတ်လား။

ရန်မင်းကတော့ မျက်တောင်ပင်မခတ်ပဲ ချန်ရုံ့အား စိုက်ကြည့်နေလေသည်။

"ငါမင်းကို ဘယ်လိုများ မကောင်းမြင်အောင်လုပ်မိခဲ့လို့လဲ..."

ရန်မင်းက ရုတ်တရက်မေးလိုက်သည်။
"မင်း ဘယ်အချိန်တုန်းက ငါ့ကို ချစ်မိသွားတာလဲ..."
ခဏရပ်ပြီးမှ ရန်မင်းက ထပ်မေးလိုက်သည်။

ချန်ရုံက ခေါင်းခါ၍ အကြည့်လွှဲလိုက်ကာ သစ်သားရုပ်ကဲ့သို့ အသက်မပါပဲပြုံးလိုက်၍ မရေရာသောအဖြေကိုပေးလိုက်သည်။

"ကျွန်မ ပြောလို့မရဘူး..."

ရန်မင်းက အသက်မပါသောအသံဖြင့် ရယ်လိုက်သည်။

နှစ်ခါမျှ ရယ်ပြီးသောအခါမှ ရန်မင်းသည် တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။

ရန်မင်းထွက်သွားသည့်အခါ သူ၏မြင်းကလည်း အနောက်မှ အလိုအလျောက်လိုက်သွားသည်။

ချန်ရုံသည်လည်း ရန်မင်းနောက်မှ အပြေးအလွှားလိုက်သွားသည်။

"မင်းက အရမ်းကို စိတ်ဓာတ်တွေ ခိုင်မာနေမှတော့ ဘာဖြစ်လို့ ငါနဲ့ လိုက်ချင်နေသေးတာလဲ..."
ရန်မင်းက ပြောလိုက်သည်။

ရွှေရောင်သံချပ်ကာဝတ်စုံနှင့် အရပ်မြင့်မား၍ ခန့်ညားလှသော ရန်မင်း၏ပုံရိပ်သည် ချက်ချင်းပင် ကြီးမြတ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသွားသည်။

ချန်ရုံက ရန်မင်းကိုကြည့်၍ ပျော့ပျောင်းစွာဖြေလိုက်သည်။

"ရှင့်နောက်ကို လိုက်တာကလွဲရင် ကျွန်မမှာ ဘယ်ကိုမှ သွားစရာနေရာမရှိလို့ပါ..."

ရန်မင်းက ထိုအဖြေကြောင့် ပို၍ ဒေါသထွက်သွားပုံပေါက်သွားသည်။ ချက်ချင်းဆိုသလိုပင် ရန်မင်းသည် လည်ချောင်းမှ အာလုတ်သံတစ်ခုကိုပြုလုပ်လိုက်သည်။

ထိုအသံသည် မိုးကြိုးကဲ့သို့၊ ဗုံသံများကဲ့သို့၊ ကျားဟိန်းသံကဲ့သို့ ကမ္ဘာလောကကြီးတစ်ခုလုံးကို ကြောက်လန့်ခြင်းဖြင့် တုန်လှုပ်သွားစေသည်။

အသံကိုရပ်လိုက်ပြီးသောအခါ ရန်မင်းသည် မြင်းပေါ်သို့ ခုန်တက်၍ မောင်းထွက်သွားတော့သည်။

ရန်မင်း၏မြင်းသည် မည်မျှပင်ကောင်းမွန်သောမြင်းဖြစ်ပါသနည်း။ ရန်မင်းသည် မြင်းစီးခြင်းအရာ၌ မည်မျှပင် ထက်မြက်တတ်ကျွမ်းပါသနည်း။ မျက်စိဝစ်မှိတ်အတွင်းမှာပင် ထိုဆောင့်ကြွားကြွားနိုင်လှသော ရွှေရောင်ပုံရိပ်သည် လေထုထဲ၌ ဖုန်လုံးများကိုသာချန်ထား၍ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ချန်ရုံခေါင်းငိုက်စိုက်ကျသွားတော့သည်။

ချန်ရုံ ခြေထောက်များကိုအားတင်း၍ ရှေ့ဆက်သွားလိုက်သည်။ အဆက်မပြတ်သော စစ်သည်များက မီးခိုးလုံးများကို ကောင်းကင်‌သို့လွှင့်တင်၍ ချန်ရုံ့ဘေးမှ တစ်ယောက်ပြီး တစ်ယောက် ဖြတ်သွားကြသည်။ ချန်ရုံ၏မြင်ကွင်းထဲမှ ပျောက်သွားကြသည့်တိုင်အောင် မြင်းခွာသံများက နားထဲ၌ မြည်ဟည်းနေကြဆဲဖြစ်နေသည်။

အချိန်အနည်းငယ်ကြာသွားသောအခါ ချန်ရုံ့နား၌ မည်သူမျှမရှိတော့သည်ကို သတိထားလိုက်မိသည်။

လူများ၊ မြင်းများ၊ ဖုန်မှုန့်များ၊ အသံများ။ ဘာဆိုဘာမှ မရှိတော့ချေ။

ကျယ်ပြန့်သောလွင်တီးခေါင်၌ ချန်ရုံတစ်ယောက်သာ လမ်းလျှောက်နေသူရှိတော့သည်။

ချန်ရုံသည် တဖြည်းဖြည်းနှင့် လမ်းလျှောက်သည်ကို ရပ်လိုက်သည်။

ထို့နောက် ခေါင်းကိုစောင်း၍ နေဝင်နေသည့် အနောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်မိသည်။ အနောက်ဘက်၌ စစ်သည်များ၏ ပုံရိပ်များကို ခပ်ရေးရေးမြင်နေရပေသည်။ သူတို့သည် တကယ်ပင် ချန်ရုံ့အား ထားသွားခဲ့ချေပြီ။

ချန်ရုံသည် စွန့်ပစ်ထားခဲ့သော အိုးများ၊ပန်းကန်များဖြင့်ပြည့်နေသည့် တောင်ကြားထဲသို့ ပြန်လှည့်လိုက်သည်။ သိပ်မကြာသေးခင်ကပင် ဤနေရာသည် စစ်သည်များနှင့် သူတို့၏မြင်းများဖြင့် ဆူညံလှုပ်ရှားသက်ဝင်နေခဲ့‌သည်။

ချန်ရုံသည် ဤနေရာ၌ အထိန်းတော်ဖျင်တစ်ယောက် မည်သည့်နေရာရောက်သွားသည်ကိုပင် မသိတော့ချေ။

ချန်ရုံ ဘေးဘီသို့ကြည့်၍ လက်များကို ရင်ခွင်၌ ထွေးပိုက်ကာ စစ်သည်များသွားသည့်လမ်းကြောင်းဖြစ်သော နေဝင်နေသည့် အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။

တဖြည်းဖြည်းနှင့် နေ ဝင်သွားလေပြီ။

နောက်ဆုံးလက်ကျန်နေရောင်ခြည်သည် ကောင်းကင်နှင့်မြေကြီးတို့ထိစပ်သော မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားချေပြီ။

ထို့နောက် ကောင်းကင်၌ ကြယ်များပြည့်လာကာ လခြမ်းကွေးလေးလည်း ထွက်ပေါ်လာတော့သည်။

ကမ္ဘာမြေကြီးက ကျယ်ပြန့်၍ ကောင်းကင်သည်လည်း အဆုံးအစမရှိဖြစ်နေသည်။

ချန်ရုံ ရှေ့သို့ ဆက်သွားနေမိသည်။

အချိန်က မရပ်တန့်နေချေ။

တဖြည်းဖြည်းနှင့် ချန်ရုံ၏ပတ်ဝန်းကျင်၌ ကြယ်များနှင့် လသာကျန်တော့သည်။

‌အဝေးတစ်နေရာဆီမှ မြင်းဟီသံများနှင့် လူသံများကိုကြားရသော်လည်း အသံများကဝေးကွာနေလွန်းသောကြောင့် တကယ်ကြားနေရသည်လား ကြား‌ယောင်နေသည်လားကို ချန်ရုံ မခွဲခြားနိုင်တော့ချေ။

ထိုအချိန်၌ ဖိနပ်များအောက်မှ စူးဝါးသောနာကျင်မှုကို ခံစားလိုက်ရသည်။ ချန်ရုံသည် ဒူးထောက်၍ ဖိနပ်များကိုချွတ်လိုက်သည်။ အရေကြည်ဖုများထနေသောသူမ၏ခြေထောက်ကိုကြည့်၍ ချန်ရုံသည် ဖိနပ်ကို ပြန်စီး၍ ဖျော့တော့စွာပြုံးလိုက်သည်။ ချန်ရုံ့ဘာသာ မသိလိုက်ခင်မှာပင် တစ်နေကုန် လမ်းလျှောက်ရလိုက်ပြီဖြစ်သည်။

ညဉ့်လေပြေက တိုက်ခတ်၍ မနက်က နေပူထားသော်လည်း လေကတော့ အရိုးစိမ့်မတတ် ချမ်းအေးလွန်းလှသည်။

ချန်ရုံ လက်များကို ပို၍တင်းကျပ်စွာ ပိုက်ထွေး၍ လည်ပင်းအား ဝတ်ရုံကြားသို့ ပို၍ ကျုံ့ဝင်လိုက်သည်။

သူမ အပေါ်သို့ မော့ကြည့်သည်မှတစ်ပါး အခြားလှုပ်ရှားမှုကို မလုပ်တော့ချေ။

ချန်ရုံ၏မြင်ကွင်းထဲတွင် လမ်းအဆုံး၌ မြင့်မားလှသည့် မြင်းတစ်ကောင်က လူတစ်ယောက်ကို သယ်ဆောင်၍ ချန်ရုံရှိရာနေရာသို့ လာနေသည်ကို ချန်ရုံမြင်လိုက်ရသည်။

မှိန်ဖျော့သော ကြယ်ရောင်အောက်တွင် မြင်းစီးသူနှင်ပဘမြင်းတို့သည် ကမ္ဘာမြေကြီး၏တစ်ဖက်စွန်း၊ အခြားအချိန်တစ်ခုမှ လာသူများကဲ့သို့ အိပ်မက်ဆန်နေလေသည်။

ချန်ရုံက သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။

မြင်းနှင့်လူက ချန်ရုံ့နားသို့ ရောက်လာလေသည်။

ရန်မင်း၏ တလက်လက်တောက်ပနေသော မျက်လုံးများသည် ကြယ်ရောင်အောက်၌ ချန်ရုံ့အား ကြည့်နေကြသည်။ နောက်ဆုံးတွင်တော့ ရန်မင်းသည် ဒူးထောက်၍ လက်ကိုကမ်းပေးကာ အမိန့်ပေးလိုက်သည်။

"ထလေ..."

ချန်ရုံက မျက်လုံးများကိုပွတ်သပ်နေဆဲဖြစ်၍ လှပသောမျက်နှာလေးကလည်း ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် ပေကျံနေသည်ကို မြင်သောအခါ ရန်မင်း၏လေသံက ပျော့သွားသည်။
"ငါ နောက်တစ်ခေါက်ထပ်ပြောရဦးမှာလား...ထလေ..."

ချန်ရုံသည် ယခုမှပင်အသိပြန်ဝင်လာ၍ ရန်မင်း၏လက်ကို ဆွဲယူလိုက်သည်။

ရန်မင်းက ချန်ရုံ့အား ဆွဲမ၍ မြင်းပေါ်သို့ တင်လိုက်သည်။

ထို့နောက် ညာဘက်လက်ဖြင့် ချန်ရုံ၏ခါးကိုဖက်ကာ မြင်းကိုကန်၍ အရှေ့သို့မောင်းလိုက်တော့သည်။

မြင်းခွာသံများကြားတွင် ရန်မင်း၏မာကျောသောသံချပ်ကာ၏လှုပ်ခတ်သံ၊ ချန်ရုံ၏ဝတ်ရုံစက လေထဲ၌ တဖျတ်ဖျတ်လွင့်နေသံတို့အပြင် ချန်ရုံ၏နောက်မှအမျိုးသား၏အသက်ပြင်းပြင်းရှူသံများအားလုံးက ချန်ရုံ၏နားထဲ၌ ဆူညံနေကြသည်။

ထို့နောက် ရုတ်တရက် ချန်ရုံသည် မျက်ရည်များ ကျလာတော့သည်။

မျက်ရည်များက ရေကာတာကျိုးသလို အရှိန်ဖြင့် ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။ ချန်ရုံလည်း သတိထားလိုက်မိလျှင်မိချင်း သုတ်ဖို့ကြိုးစားသော်လည်း မျက်ရည်များက အတော်မသတ်နိုင်ပဲ ပို၍ပင် အရှိန်ပြင်းပြင်းဖြင့် ကျလာလေသည်။

ထို့ကြောင့် ချန်ရုံသည် အင်္ကျီဝတ်ရုံလက်ကိုကာ၍ ငိုနေရုံသာ တတ်နိုင်တော့သည်။

ချန်ရုံ၏ငိုရှိုက်သံများက မြင်းခွာသံများ၊ လေတိုးသံများနှင့် ရောယှက်သွားကာ တဖြည်းဖြည်းနှင့်......

"‌တော်တော့..."

ရန်မင်းက စိတ်မရှည်သည့်လေသံဖြင့် အော်လိုက်သည်။ သူ့အသံကြောင့် ချန်ရုံလည်း လန့်သွားကာအငိုရပ်သွားသည်။

အနောက်မှနေ၍ ရန်မင်းက ခက်ထန်စွာပြောလိုက်သည်။

"မင်း ဝမ်ချီလန်ကို အဲဒီလောက်သတိရနေရင်လည်း သူ့ရဲ့ ကိုယ်လုပ်တော်သွားလုပ်ပြီး သူ့ဆီပဲ သွားနေနေပါလား..."

ချန်ရုံက ဤမျှ သည်းထန်စွာ ငိုကြွေးနေရသည်မှာ ဝမ်ဟုန့်အားလွမ်းသောကြောင့်ဟု ရန်မင်းက ထင်နေပုံရသည်။

ချန်ရုံက နှုတ်ခမ်းများကိုကိုက်လိုက်၍ အနောက်သို့ မလှည့်ပဲ ငိုရှိုက်ကာ ပြောလိုက်သည်။

"ကျွန်မက မိန်းမငယ်အရွယ်ပဲရှိပါသေးတယ်...ရှင်က ကျွန်မကို တစ်နေကုန် တစ်ယောက်တည်းထားခဲ့ပြီး အခုမှလည်းပြန်လာသေးတယ်...ကျွန်မကိုလည်း အရမ်းကို နာကျင်အောင်ဆက်ဆံပြီးတော့ အခု ကျွန်မကို ငိုခွင့်တောင်မပေးတော့ဘူးလား..."

ရန်မင်းသည် ချန်ရုံ့အား ဤကဲ့သို့သောအကြောင်းကြောင့် မတိတ်နိုင်အောင်ငိုကြွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့‌ချေ။ ထို့ကြောင့် ရန်မင်းသည် မြင်းကိုရပ်၍ အော်ရယ်လိုက်ချင်စိတ်ပေါက်သွားသည်။

သူမ၏စိတ်မကောင်းဖြစ်မှုများကိုပြောပြီးသောအခါ ချန်ရုံသည် မီးတောက်များကြား၌ သေဆုံးခဲ့ရသော သူမ၏အတိတ်ဘဝကို ပြန်စဉ်းစားလိုက်မိသည်။ ဤလူသည် ထိုအချိန်က တစ်ခဏမျှပင် တုံ့ဆိုင်းခြင်းမရှိပဲ ချန်ရုံ့နားမှ ထွက်သွားခဲ့သည်။ ထို့ကြောင့် ယခု၌ ချန်ရုံ့အား နေ့တစ်ဝက်ခန့်ထားခဲ့သည်ကို အဘယ်ကြောင့် သူမ ဝမ်းနည်းနေမိပါသနည်း။ ဤနှလုံးသားမရှိသူ၏ရက်စက်မှုအတွက် အဘယ်ကြောင့်များ ချန်ရုံ ငိုနေမိပါသနည်း။

ထိုအတွေးဖြင့် ချန်ရုံ၏နှလုံးသားသည် စူးခနဲအောင့်သွားမိသည်။ ထိုအတွေးသည် ချန်ရုံ၏ရင်ဘတ်ထဲ၌ အမြစ်တွယ်၍ ထိုးဆွလျက်ရှိသည်။ သူမ မျက်နှာကို အင်္ကျီဝတ်ရုံလက်ဖြင့် အမြန်အုပ်၍ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။

သူမ‌၏နောက်မှ ရန်မင်းက အနည်းငယ်ဒေါသထွက်သည့်အသံဖြင့်ပြောလိုက်သည်။

"မင်းက တစ်ခါတစ်လေ တော်တော်နုံတာပဲ မိန်းကလေး....မင်းပြောခဲ့တဲ့ စကားတွေအရဆိုရင် ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဲဒီနေရာမှာပဲ ပြီးဆုံးသွားသင့်ပြီမဟုတ်ဘူးလား..."

ရန်မင်း မည်သည့်အတွေးများတွေးနေသည်မသိသော်လည်း သက်ပြင်းချလိုက်၍ ချန်ရုံ့အား ပို၍တင်းကျပ်စွာ ဖက်လိုက်လေသည်။



ကြယ်ရောင်အောက်၌ အရာရာသည် တိတ်ဆိတ်နေသည်။

အချိန်မည်မျှကုန်ဆုံးသွားသည်ကို ချန်ရုံမသိတော့ချေ။ အတော်ကြာသွားသည့်အခါမှ ရန်မင်းက တိုးတိုးလေးပြောလိုက်သည်။
"အားရုံ..."

"ဟုတ်ကဲ့..."

"ဝမ်ချီလန်ကိုမေ့လိုက်တော့..."

ထိုစကားများကြောင့် ချန်ရုံကြောင်အသွားမိသည်။

ဝမ်ချီလန်ကို မေ့လိုက်တဲ့လား။ ရန်မင်းသည် ချန်ရုံ့အား တကယ်ပင် ဝမ်ချီလန်ကို မေ့ခိုင်းနေသည်လား။

ချန်ရုံက ရန်မင်းကို မချစ်မနှစ်သက်တော့ပါ ဟု ပြောပြီးသည့်တိုင်အောင် ရန်မင်းက သူမကို လိုချင်နေသေးသည်လား။


Xxxx